(၃)
သတိပဋ္ဌာန် ပရိကံများ
==============
ဥဒ္ဒေသဝါရ
----------------------
သတိပဋ္ဌာန်ရဲ့ ပလ္လင်စကားတွေကိုတော့ ရေးခဲ့ပါပြီ။ ရှေ့ဆက်ရန် ရှိလာတာက သတိပဋ္ဌာန်တရားများအကြောင်း ဆွေးနွေးဖို့အလှည့် ကြိမ်လာပြီပေါ့။ ဒါ့ကြောင့် သတိပဋ္ဌာန်မိတ်ဆက်ဖြစ်တဲ့ ဥဒ္ဒေသဝါရကထာကို ရေးပါတော့မယ်။
သတိပဋ္ဌာန်တရား ၄ ပါးရှိတယ်။
၁။ ကာယာနုပဿနာ သတိပဋ္ဌာန်
၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန်
၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန်
၎။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် တို့ ဖြစ်ကြပါတယ်။
ကိလေသာအစေး စိတ်အညစ်အကြေးကို ပူနွေးသွေ့ခြောက် ကင်းပျောက်စေနိုင်တဲ့ သမ္မပ္ပဓာန် လုံ့လနဲ့ မှတ်မှတ်သားသားပြုပြီး သိစရာတွေကို ကွဲကွဲပြားပြား မှန်ကန်စွာ ပိုင်းခြားနိုင်တဲ့ အသိနဲ့ မမြဲဆင်းရဲ အစိုးလဲမရ မလှပ မတင့်တယ်တဲ့ ရုပ်အပေါင်းကိုယ်ကို မမြဲဆင်းရဲ အစိုးလဲမရ မလှပ မတင့်တယ်တဲ့ ရုပ်အပေါင်းမျှသာပါလို့ ရှုမြင်ကာ ရှုစရာ ရုပ်တွေမှာ မရှုမိရင် ဖြစ်နိုင်တဲ့ လောဘနဲ့ ဒေါသကို ဖြစ်ခွင့်မရအောင် ခဏတာဖြစ်ဖြစ် ကြာရှည်စွာဖြစ်ဖြစ် ဖယ်ရှားဖျောက်ဖျက်ပြီး နေတယ်။
ဒိအတူ ခံစားမှုတွေဟာ ခံစားမှုမျှသာ၊ စိတ်ဆိုတဲ့ ကြံသိမှုတွေဟာ ကြံသိမှုမျှသာ၊ သဘောတရားတွေဟာလည်း သဘောတရားမျှသာ စသဖြင့် ရှုမြင်အပ်တာတွေအပေါ် မရှုမိရင် ဖြစ်ပေါ်လာမဲ့ အဘိဇ္ဈာနဲ့ ဒေါမနဿတွေ ဖြစ်ပေါ်မလာအောင် တဒင်္ဂ၊ ဝိက္ခမ္ဘနပဟာန်အားဖြင့် ပယ်ဖျောက်နေတယ်။ ဆိုခဲ့တာတွေဟာ သတိပဋ္ဌာန်တရား ၄ ပါးကို အကျဉ်းချုပ် တင်ပြခြင်းပါ။
အဲ့ဒါတွေကို ဖတ်ကြည့်ပြီး သတိပဋ္ဌာန်ဆိုတာ ရှုစရာ မှတ်စရာ ကောင်းပါတယ်လို့ ထင်မြင်လာဖွယ်ရာ မရှိကြပါ။ အကြောင်းက ရုပ်စတာတွေကို မမြဲဆင်းရဲ အစိုးမရ မလှပ မတင့်တယ်လို့ ရှုမြင်နိုင်ရန် ခဲယဉ်းလို့ပင်။
သာမန်ရုပ်ကို သာမန်မျက်စိနဲ့ မမြဲဆင်းရဲစသည် မြင်လာနိုင်ဖို့ ခဲယဉ်းတာ အမှန်ပါ။ ဒါပေမဲ့ မှန်ဘီလူးနဲ့ ကြည့်လိုက်ရင် ချစ်ခင်စရာ တွယ်တာမက်မောစရာ ရုပ်တွေဟာ ဖောက်လွဲဖောက်ပြန် ဖြစ်နေတာကို တွေ့ကြရမယ်။ ဒါဆိုရင် သာမန်အသိကို ဝီရိယ သတိ သမာဓိ ဉာဏ်တို့ ဝန်းရံထားပေးပါတဲ့ ရှုမှတ်စိတ်ဟာလည်း မမြဲဆင်းရဲစသည် ထင်မြင်လာစရာ ရှိကြောင်းအဆိုကို ငြင်းပယ်နိုင်မှာ မဟုတ်တော့ပေ။
ဟုတ်ပါတယ် သတိပဋ္ဌာန်ကို စနစ်တကျ ရှုမှတ်နေသူဟာ ရှုမှတ်စရာ အာရုံတွေအပေါ် ရှုမှတ်ရင်း ရှုမှတ်စိတ်တွေက အာရုံပေါ် စိုက်ကနဲ စိုက်ကနဲ ထိုးစိုက်နေသလို ဖြစ်လာပါမယ်။ ရှုမှတ်စိတ်နဲ့ အာရုံဟာ ရှုမှတ်လိုက်တာနဲ့ ကပ်ကနဲ ကပ်ကနဲ ဖြစ်သွားပါမယ်။ အဲ့ဒါ ဝိပဿနာ ခဏိကသမာဓိ ဖြစ်ပေါ်လာခြင်းပါ။
ဒိနောက်မှာ ရုပ်တို့ရဲ့ မမြဲဆင်းရဲစတာတွေကို သိ သိလာပါမယ်။ စိတ်ကို ရှုမှတ်တဲ့အခါလည်း နည်းတူပင်။ ရှုမှတ်ရင်း မိမိတို့ရဲ့ နှစ်သက်စရာမရှိတဲ့ စိတ်ပုပ် စိတ်ယုတ်တွေကို သိလာရခြင်း၊ မမြဲဆင်းရဲစသည်ကို တွေ့လာရခြင်းတွေပါ။
ဒါ့အပြင် သွားလာလှုပ်ရှားနေစဉ် နာရမှန်း ကျင်ရမှန်း မရှိဘူးထင်ရတာကနေ ထိုင်တာ ရပ်တာတွေ ကြာလာတော့ နာကျင်လာတာတွေ တွေ့မြင်လာကြရမယ်။ မရှုမမှတ်ချင်တဲ့ အာရုံတွေကို ကြိတ်မှိတ်ရှုမှတ်ရတာရှိသလို ရှုမှတ်လို့ ကောင်းပါပြီဆိုကာမှ ဖျတ်ခနဲ ပျောက်ပျက်သွားတာမျိုးလည်း ကြုံတွေ့လာကြမယ်ပေါ့။
အဋ္ဌကထာဆရာတော်ရဲ့ အထူးမှာကြားချက်က ကာယကို အသုဘ၊ ဝေဒနာကို ဒုက္ခ၊ စိတ္တကို အနိစ္စ၊ ဓမ္မကို အနတ္တ စသည်အသီးသီး ရှုမြင်ရန်ဖြစ်သည်။ မဟာစည်ဆရာတော်ကတော့ ကာယ ဝေဒနာ စိတ္တ ဓမ္မ အားလုံးတို့မှာ အနိစ္စ ဒုက္ခ အနတ္တ အသုဘ ဟုရှုမြင်ရန် လိုအပ်သည်ချည်းဖြစ်သည်လို့ သာမန်အတွက် မှတ်ချက်ထုတ်တော်မူပါတယ်။
ဆိုခဲ့ပါ အတွေ့အကြုံတွေဟာ မမြဲဆင်းရဲဆိုတာတွေကို သိမြင်လာကြခြင်းပါ။ သမ္ပဇညခေါ် အနုပဿနာဉာဏ် ဖြစ်ပေါ်လာခြင်းပင်။ ဒီဉာဏ်ဟာ သာမန်အားဖြင့် မလိုလားအပ်တာတွေကို တင်္ဂပဟာန်ဖြင့် ပယ်နိုင်စွမ်းတယ်။ ဉာဏ်ရင့်လာလေ ပယ်နိုင်စွမ်းကလည်း မြင့်လာလေဖြစ်ပြီး ဝိက္ခမ္ဘနပဟာန်နဲ့ သမုစ္ဆေဒပဟာန်ဆိုတဲ့ တာဝန်တွေကိုပါ ထမ်းဆောင်သွားမှာဖြစ်ပါတယ်။
အဲ့ဒီနေရာကနေ ရှေ့ဆက်သွားရင်တော့ မြဲတဲ့ ချမ်းသာက စောင့်ကြိုနေပါသတဲ့လေ။
နိဒ္ဒေသဝါရကထာ
-----------------------
သတိပဋ္ဌာန်ကို အကျဉ်းအားဖြင့် ပြပြီးရာနောက် အကျယ်ဝေဖန်ပြဖို့ အလှည့်ရောက်ချေပြီ။ သို့ကြောင့် အခုအခါမှစပြီး မဟာသတိပဋ္ဌာနသုတ်လာ မူရင်းအဓိပ္ပါယ်များနဲ့ ယှဉ်တွဲပြီး နာလည်ယူရမဲ့ ထပ်ဆင့်ဖွင့်ဆိုချက်များကို အစီအစဉ်တကျ စုစည်းတင်ပြသွားပါမယ်။
အထူးအားဖြင့် မဟာစည်ရှုမှတ်နည်းများနဲ့ မဟာသတိပဋ္ဌာနသုတ်တော်ရဲ့ ဆက်နွယ်နေမှုများကို တင်ပြသွားရန် ရည်ရွယ်ရင်းရှိသမို့ မဟာစည်ယောဂီမဟုတ်တဲ့ သတိပဋ္ဌာန်သီးသန့် လေ့လာသူများအား တောင်းပန်စကားဆိုပါတယ်။ အဲ့ဒီလို ပုဂ္ဂိုလ်များအနေနဲ့လည်း ဖတ်မှတ်မှုအချည်းနှီး မဖြစ်ရအောင် သုတ်တော်ရဲ့ မူရင်းအချက်အလက်များနဲ့ အဋ္ဌကထာဆရာတော်ရဲ့ မှတ်ချက်များကို အလျဉ်းသင့်သလို ထည့်သွင်းတင်ပြသွားပါမယ်။
သတိပဋ္ဌာန်တရား ရှုမှတ်ပွားများမှုမစခင် ကြိုတင်ပြင်ဆင်ထားရမှာတွေကို ပရိကံလို့ ခေါ်ပါတယ်။ ဒီပရိကံမှာ နေရာရွေးခြယ်ခြင်း၊ ဆရာနည်း ပရိကံများနဲ့ ကျမ်းရင်းလာ ပရိကံတွေဆိုပြီး သုံးမျိုးရှိပါတယ်။ ပြုသင့်တဲ့ အစီအစဉ်တိုင်း တင်ပြပါမယ်။
နေရာရွေးခြယ်ပုံ
----------------------
တရားအားထုတ်မဲ့ ယောဂီဟာ တရားအားထုတ်မဲ့ နေရာကို သေချာဂရုစိုက်ပြီး ရွေးခြယ်ရပါတယ်။ သို့မဟုတ်ရင် မိမိအတွက်လည်း အဆင်မပြေဘူး။ သူတစ်ပါးတို့ရဲ့ လွတ်လပ်မှုတွေကိုလည်း ချုပ်ချယ်သလို ဖြစ်သွားနိုင်ပါတယ်။
ရွေးခြယ်ရမဲ့နေရာ ၃ မျိုးရှိပါတယ်။
၁။ တောတောင်
၂။ သစ်ပင် ဝါးပင်ရင်း
၃။ ဆိတ်ငြိမ်ရာအရပ် တို့ဖြစ်ကြပါတယ်။
အထက်က သုံးမျိုးထဲမှာ ဆိတ်ငြိမ်ရာအရပ်က လိုရင်းဖြစ်ပါတယ်။ အဓိကကျပါတယ်။ အဲ့ဒါက လူရှိရှိ မရှိရှိ ဆူဆူညံညံ မရှိတာမျိုးဖြစ်ပါတယ်။
ဥပမာ = ရိပ်သာနဲ့ တရားစခန်းတွေပေါ့။
ဆိတ်ငြိမ်ရာအရပ်နဲ့ ပတ်သက်ပြီး သတိထားစရာ အချို့ကို တင်ပြဆွေးနွေး လိုပါတယ်။ လူအများ စုဝေးပြီး တရားအားထုတ်နေကြတဲ့ အခါမျိုးမှာ သူတစ်ပါး အနှောင့်အယှက်ဖြစ်စေဖို့ ရည်ရွယ်ချက် ရှိရှိနဲ့ ဆူဆူညံညံ အသံပြုလိုက်လို့ အခြားသူများ အနှောင့်အယှက် တကယ်ဖြစ်သွားခဲ့ရင် ဓမ္မန္တရာယ် ထိုက်ပါတယ်။
အဲ့ဒါက မိမိရဲ့ တရားအားထုတ်ခြင်း လုပ်ငန်းစဉ်တွေမှာ အခက်အခဲ အနှောင့်အယှက်တွေ ကြုံတွေ့စေတတ်တယ်။ ရသင့်ရထိုက်တဲ့ တရားထူး တရားမြတ်တွေ့ရဖို့ အခွင့်အလမ်းတွေ ဆုံးရှုံးရတတ်တယ်။ တကယ်ဆိုရင် လုပ်မိတာနဲ့ ခံရတာဟာ မတန်မရာမို့ သတိထားပြီး ရှောင်ရှားသင့်ကြပါပေတယ်။
ဆရာနည်းပရိကံများ
---------------------------
ဒီခေါင်းစဉ်အောက်မှာ အပိုင်းသုံးခုရှိတယ်။
၁။ ဝန်ချတောင်းပန်ခြင်း
၂။ စတုရာရက္ခကမ္မဋ္ဌာန်း ပွားများခြင်း
၃။ ခန္ဓာကိုယ်ကို အပ်နှံလှူဒါန်းခြင်း
တို့ဖြစ်ကြပါတယ်။ အစဉ်အတိုင်း တင်ပြသွားပါမယ်။
၁။ ဝန်ချတောင်းပန်ခြင်း။
-------------------------------
(စိမ်ရေချ ဝဋ်ကျွေးချေခြင်း)။
ခင်ပွန်းကြီး ၁၀ ပါးစတဲ့ မပြစ်မှားထိုက်သူများကို ကံသုံးပါးတွင် တစ်ပါးပါးဖြင့် ပြစ်မှားကျူးလွန်မိပါက တရားသား အတက်နှေးတတ်တယ်။ ခက်ခက်ခဲခဲ ကျင့်ကြံကြရတတ်တယ်။ ဒါ့ထက်မက တရားထူး တရားမြတ်တွေ့ရဖို့ အခွင့်အလမ်းပင် ဆုံးရှုံးသွားနိုင်ပါတယ်။
ဆင်းရဲပင်ပန်းမှုတွေ ကုန်ခန်းနိုင်ဖွယ် မမြင်လို့ ထင်ရလောက်အောင် ဝဋ်နာကံနာတွေ နှိပ်စက်ခံရတတ်တယ်။ လူတော မတိုးနိုင်လောက်တဲ့ အနာကြီးတွေ စွဲကပ်တတ်တယ်။ ဥပစ္ဆေဒကကံဆိုတဲ့ အက်စ်ဆီးဒင့်နဲ့ သေလွန်တတ်ကြရတယ်။
ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်တာတွေ၊ လုပ်သလိုမဖြစ်လို့ ဖြစ်သလို လုပ်နေရတာတွေ၊ လုပ်သလောက် အကျိုးမခံစားရတာတွေ စသဖြင့် အပြင်လောကမှာလည်း ဆိုးကျိုးတွေ ရှိနေကြပါတယ်။
သို့ဖြစ်လို့ အဲ့ဒီလို ကံမျိုးကို စိမ်ရေသင့်၊ ဝဋ်နာ ကံနာစသဖြင့် ခေါ်စမှတ် ပြုခဲ့ကြတယ်။ တရားအားထုတ်မဲ့ ယောဂီဟာ အဲ့ဒါတွေကို ကြိုတင် ကုသထားရပါတယ်။ စိမ်ရေချရမယ်။ ဝဋ်ချေရမယ်ပေါ့။ အပြင်လောကသားများဟာလည်း ယောဂီပုဂ္ဂိုလ်များလို ပြုလုပ်သင့်ကြတာပါပဲ။
(ဘဝသံသရာ အဆက်ဆက်မှ စ၍ ယခုချိန်ကျအောင် ပြစ်မှားမိသော ပုဂ္ဂိုလ်များရှိခဲ့ပါက ထိုအပြစ်တို့မှ ကျေပျောက်ပါစေခြင်း အကျိုးငှါ ဝန်ချတောင်းပန် ကန်တော့ပါ၏ဘုရား။)
တရားမထိုင်ခင် ဝန်ချတောင်းပန်ပုံဖြစ်ပါတယ်။
မဟာစည်ဆရာတော် ဘုရားကြီးကတော့ (မဟာစည် ဩကာသကန်တော့ချိုး)ဖြင့် တရားမထိုင်ခင် ကန်တော့ရင် ပြည့်စုံလုံလောက်ကြောင်း မိန့်ကြားချက်ကို ဆရာတော်ဘုရားကြီးရဲ့ တပည့်ကြီးများထံမှတဆင့် မှတ်သားရဖူးပါတယ်။ မဟာစည် ယောဂီများအတွက် သီးသန့်  မှတ်သားဖွယ်ပါ။
ဝန်ချတောင်းပန်ခြင်းကို မနက်အစောဆုံး တရားစတင် အားထုတ်ချိန်မှာ သီလယူရင်း ပြုလုပ်သင့်ကြပါတယ်။ တတ်နိုင်ရင် အချိန်ကြာကြာ ရှုမှတ်တော့မယ်လို့ ရည်ရွယ်ပြီး ပြင်ဆင်တိုင်း ပြုလုပ်နိုင်ရင် ပိုကောင်းပါတယ်။
မနောဒွါရေအာပတ္တိနာမ နတ္ထိ_ ဆိုပြီး ဝိနည်းအရာမှာ မနောကံအပြစ်ကို ကင်းလွတ်ခွင့် ရထားကြပေမဲ့ အဘိဓမ္မာဘက်ကတော့ အတန်အသင့် အာနိသင်ရှိနေကြောင်း ပြဆိုထားခြင်း၊ တခဏအတွင်းမှာ စိတ်ဆိုတာ များစွာ ဖြစ်ပျက် နေကြခြင်းတို့ကြောင့်ပါ။
ဝတ္ထုသာဓကများ
---------------------
ဝန်ချတောင်းပန်ခြင်းဟာ တရားအားထုတ်မဲ့ ယောဂီများအတွက် အရေးတကြီး လိုအပ်ကြောင်းကို ဝတ္ထုသာဓကတွေနဲ့ ဆက်လက် ဆွေးနွေးပါဦးမယ်။
ရှေးစဉ်အခါက သီဟိုဠ်ကျွန်းမှာ လေနာရောဂါ စွဲကပ်နေတဲ့ အဘိညာဉ်ရ ရဟန္တာအရှင်မြတ်တစ်ပါး ရှိခဲ့တယ်။ တစ်နေ့မှာ ရဟန်းငယ်တစ်ပါးနဲ့ နံနက်ဆွမ်းခံသွားရင်း ပထမဦးဆုံးအိမ်မှာပင် ယာဂုဆွမ်း ပူပူနွေးနွေး အလှူခံ ရရှိတယ်။ လေနာရောဂါ ထမလာခင် ယာဂုဆွမ်းကို လမ်းဘေးရှိ သစ်တုံးပေါ် ထိုင်ပြီး ဘုဉ်ပေးတယ်။ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ပါ။
အရှင်မြတ်ရဲ့ လမ်းဘေး သစ်တုံးပေါ် ယာဂုဆွမ်း ဘုဉ်းပေးနေဟန်ကို အတူပါလာတဲ့ ရဟန်းငယ်က တွေ့မြင်ရတော့ စိတ်ထဲကနေ ကဲ့ရဲ့စကား ဆိုမိလိုက်တယ်။ အဲ့ဒီ ရဟန်းငယ်ရဲ့ စိတ်အစဉ်ကို ယာဂုဆွမ်း ဘုဉ်းပေးနေတဲ့ အရှင်မြတ်က အဘိညာဉ်အစွမ်းနဲ့ သိမြင်လိုက်တယ်။ ပြီးတော့ ရဟန်းငယ်ရဲ့ မနောကံ အပြစ်ကြောင့် တရားတက်မဲ့အရေး ပိတ်ပင်တားဆီး ခံလိုက်ရပြီ ဆိုတာကိုပါ ဆင်ခြင်မိလိုက်ပါတယ်။
သို့ကြောင့် အရှင်မြတ်ဟာ ဆွမ်းခံဆက်ထွက်လာရင်း ရဟန်းငယ်ကို တရားအားထုတ်တာ ဘယ်အဆင့်ရောက်ပြီလဲလို့ မေးမြန်းပါတယ်။ ရဟန်းငယ်ရဲ့ သောတာပန်ပါဆိုတဲ့ အဖြေကို ကြားရပြီးနောက် တရားဆက်အားမထုတ်တော့ဖို့ မိန့်တော်မူပါတယ်။
ရဟန်းငယ်ကလည်း သူဟာ အရိယူပဝါဒကကံ = အရိယာပုဂ္ဂိုလ်ကို ပြစ်မှားမိလိုက်ပြီဆိုတာ သတိထားမိလိုက်တယ်။ ဒါ့ကြောင့် အဲ့ဒီနေရာမှာပင် ထိုင်ချလိုက်ပြီး ပြစ်မှားမိတဲ့ အဖြစ်ကို ခွင့်လွှတ်ကြေအေး ပေးတော်မူပါမည့်အကြောင်း ဝန်ချတောင်းပန်လိုက်ပါတယ်။ အပြစ်ဖြစ်မှန်း သိသိချင်း ပြန်လည်ဆေးကြောလိုက်တယ်ပေါ့။
(ဝိါ၊ ဋ္ဌ၊ ၁၊ ပ၊ ၁၃၄/၅)
ဒီဝတ္ထုမှာ အပြစ်မှားခံလိုက်ရတဲ့ အရှင်မြတ်က သတိပေးစကား ပြန်ပြောကြားပေးလို့ ရဟန်းငယ်ဟာ ချက်ချင်း အပြစ်ကို ဆေးကြောနိုင်ခဲ့ကြောင်း တွေ့ရှိရပါမယ်။ တကယ်လို့သာ သတိပေးစကား မပြောကြားခဲ့ပါက ရဟန်းငယ်ဟာ အပြစ်ဖြစ်လို့ ဖြစ်မှန်းပင် မသိလိုက်ရဘဲ ကိုယ်ကျိုးနည်းရကိန်း ကြုံပြီပေါ့။
ရဟန္တာစတဲ့ အရိယာ သူတော်စင်များဟာ ကြွားဝါလိုမှု ကင်းခြင်းကြောင့် အနေအထိုင် အလွန်သိုသိပ်ကြတယ်။ ဒါ့ကြောင့် အရိယာဖြစ်ကြောင်း သိနိုင်ဖို့ မလွယ်ကူပါ။ အရိယာဖြစ် မဖြစ်ကို သိနိုင်သူကား မြတ်စွာဗုဒ္ဓရှင်တော်ရဲ့ သီးသန့်အခန်းကဏ္ဍပင်။
ရှေးတုန်းက ရွာတစ်ရွာမှာ ရဟန္တာ မဟုတ်ရင် မကိုးကွယ်နိုင်ဘူးဆိုတဲ့ ဒကာတစ်ယောက် ရှိခဲ့တယ်။ တစ်နေ့တော့ ခရီးတစ်ခု သွားရင်း လမ်းမှာ ရဟန်းအိုတစ်ပါးနဲ့ ခရီးတူ လျှောက်မိကြတယ်။ ရဟန်းအိုကြီးကို ကရုဏာသက်မိတာနဲ့ သပိတ်ကို ယူပြီး ထမ်းပေးတယ်။
လမ်းသွားရင်း သူ့ရဲ့ ရဟန္တာ မဟုတ်ရင် မကိုးကွယ်နိုင်ဘူးဆိုတဲ့ ဝါဒကို ရဟန်းအိုကြီးကို ပြောပြနေမိတယ်။ ရဟန်းအိုကြီးကလည်း ရဟန္တာဆိုတာ သူ့သပိတ်ကို ကိုယ်ကထမ်းပေးပြီး နောက်က လိုက်နေရရင်တောင် သိနိုင်ဖို့ ခဲယဉ်းတာမို့ အဲ့ဒီလို အစွဲမကြီးဖို့နဲ့ သံဃာကို ရည်မှန်းကိုးကွယ်ရင် ရဟန္တာကို လက်တွေ့ကိုးကွယ်နေရတာထက်ပင် အကျိုးများကြောင်း ပြန်မိန့်ပါတယ်။
ခရီးအတန်ငယ် ဝေးတဲ့အထိ အဲ့ဒီအကြောင်းတွေကိုသာ ပြောဆိုလာကြရင်း တစ်နေရာ အရောက်မှာ ရဟန်းအိုကြီးက သူ့သပိတ်ကို လှမ်းယူပြီး သူ့ဟာသူ ခရီးဆက်သွားပါတယ်။ မလှမ်းမကမ်းရောက်တော့ ဒကာရဲ့ မျက်မှောက်မှာတင် ကောင်းကင်ပေါ် ပျံတက်သွားပါတယ်။ ဒီတော့မှ ဒကာက ရဟန္တာဆိုတာ သပိတ်ကို ထမ်းပေးရင်း နောက်က လိုက်နေရင်တောင် မသိနိုင်ဘူးဆိုတာ ဒါကို ပြောတာကိုးဆိုပြီး ကုန်းကန်တော့လေသတဲ့။
အဲ့ဒီလို နက်နဲဆန်းကြယ်တဲ့ သဘောတရားတွေ ရှိကြလို့ ထင်ပါရဲ့။ ရှေးရှေးက သူတော်ကောင်းကြီးတို့ဟာ တစ်ရက် တစ်မနက်မျှ တရားအားထုတ်ဖူးသူကို မပြစ်မိကြစေနဲ့လို့ မိန့်တော်မူခဲ့ကြတာဖြစ်မယ်။
သံသရာက အရှည်ကြီးလေ။ မသိ နားမလည်လို့ ပြစ်မှားမိခဲ့တဲ့ အပြစ်တွေဆိုတာ လူတိုင်းမှာ မနည်းမနော ရှိနေကြမှာမလွဲ။ ဒီတော့ ဝန်ချတောင်းပန်ခြင်းဆိုတာ လူတိုင်းအတွက် မလုပ်မဖြစ် လိုအပ်ချက်တွေပေါ့။ အထူးသဖြင့်ကား သံသရာလွတ်လမ်း ကြွမြန်းလိုသူတွေပါ။
တရားအားထုတ်သူများဟာ အားမထုတ်ရသေးခင် ကတည်းက တရားကို တွေ့ချင်နေကြတယ်။ အားထုတ်နေစဉ် ကာလတွင်လည်း တွေ့ချင်ဆန္ဒက ပြင်းပြနေကြစမြဲ။
တရားတွေ့သူတွေကလည်း အထက်ဉာဏ်များ ဆထက်တိုးပွားဖို့ ငံ့လင့်နေကြပြန်တယ်။ သို့ပေမင့် လိုချင်တိုင်း ရသူက ခပ်ရှားရှားရယ်။ ပသို့ကြောင့် အဲ့ဒီလို ဖြစ်နေကြရတာလဲ။
ဆိုခဲ့ပါ အကြောင်းရင်းတွေထဲမှာ ပရိကံတွေ အားနည်းလို့ ဖြစ်နေကြရတာလည်း အချို့ အချို့တွေ ပါဝင်နေနိုင်ပါတယ်။ အဲ့ဒီလို အခါမျိုးတွေမှာ ပရိကံတွေကို ပြန်လည်စစ်ဆေးဖို့ ဆရာများက မိန့်ကြားလေ့ရှိပါတယ်။ ဒါ့ကြောင့် ဆရာနည်း ပရိကံတွေကို ဆက်လက်တင်ပြပါမယ်။
၂။ စတုရာရက္ခကမ္မဋ္ဌာန်း ပွားများခြင်း။
-----------------------------------------------
(က) ဗုဒ္ဓါနုဿတိ
(ခ) မေတ္တာဘာဝနာ
(ဂ) အသုဘဘာဝနာ
(ဃ) မရဏဿတိ
အထက်က ကမ္မဋ္ဌာန်း လေးပါးကို ယောဂီသက်စောင့်တရား လေးပါး = စတုရာရက္ခကမ္မဋ္ဌာန်းအဖြစ် ကမ္မဋ္ဌာန်းဆရာစဉ်ဆက်တို့က သတ်မှတ်ခဲ့ကြပါတယ်။
ကမ္မဋ္ဌာန်း ပွားများနေစဉ်တွင် အမှောင့်အနှောင့်တွေ ကင်းရှင်းစေရန်နဲ့ လိုအပ်တဲ့ သဒ္ဓါ ဝီရိယ သတိ သမာဓိတွေ ဖြစ်ထွန်းလာစေရန် ပွားများကြရကြောင်း မှတ်သားခဲ့ရပါတယ်။ ပွားများပုံတွေကား ကိုယ့်စိတ်ကြိုက် ရွေးချယ်ပြီး ပွားများနိုင်ကြပါတယ်။ ဒီနေရာမှာတော့ အရှင့်စိတ်ကြိုက် ပွားများပုံတွေကို တင်ပြသွားပါမယ်။
(က) ဗုဒ္ဓါနုဿတိ
အရဟံ = လူ နတ် ဗြဟ္မာ ကောင်းစွာဦးတိုက် ပူဇော်ထိုက်သော မြတ်စွာဘုရား။
အရ- ဟံ = ကိလေသာရန် တော်လှန်ချေမှုန်းတော်မူနိုင်စွမ်းသော မြတ်စွာဘုရား။
အ- ရဟံ = မကောင်းမှုပြုဖွယ် ဆိတ်ကွယ်ရာ ရှိတော်မမူသော မြတ်စွာဘုရား။
(ခ) မေတ္တာဘာဝနာ
အရပ်ဆယ်မျက်နှာနေ အားလုံးသတ္တဝါတွေ ဘေးရန် ကင်းကြပါစေ။ စိတ်ဆင်းရဲ ကင်းကြပါစေ။ ကိုယ်ဆင်းရဲ ကင်းကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနှင့် မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။
(ဂ) အသုဘဘာဝနာ
ငါ၏ကိုယ်မှာ၊ ရှိနေတာ၊ ရွံရှာဖွယ်ချည်းပါတကား။
(ဃ) မရဏဿတိ
ငါသည်မုချ၊ တစ်နေ့ကျ၊ သေရမှာပါတကား။
၃။ ခန္ဓာကိုယ်ကို အပ်နှံလှူဒါန်းခြင်း
-------------------------------------------
ဆေးဆရာများ ဆေးကုသခါနီးမှာ လူနာရှင်များထံမှ ဆေးကုသခြင်းကိစ္စအတွက် သဘောတူညီချက် တောင်းခြင်း၊ ပေးခြင်းလိုဖြစ်တယ်။ တခါတရံမှာ ယောဂီက ဂုဏ်များစွာ ပိုင်ဆိုင်ထားသူဖြစ်နေရင် တရားပြဆရာရဲ့ စကားကို မလေးစား မလိုက်နာတာမျိုးနဲ့ ကြုံရတတ်တယ်။ ဒီအခါ ဆရာလည်း ပင်ပန်း ယောဂီလည်း အကျိုးမရှိ။ ဒါ့ကြောင့် ဒီပရိကံဟာလည်း အရေးကြီးတယ်လေ။
အပ်နှံလှူဒါန်းပုံ
------------------
ရုပ်နာမ်နှစ်ဖြာ ငါဟုသမုတ် အကျွန်ုပ်၏ခန္ဓာကိုယ်ကို ဘုရား တရား သံဃာ တရားပြဆရာတို့အား တရားအားထုတ်ချိန် ကာလအတွင်း၌ အပ်နှံလှူဒါန်းပါ၏ဘုရား။
ကျမ်းရင်းလာ ပရိကံများ
------------------------------
ကျမ်းရင်းလာ ပရိကံများ ၃ ပါးရှိတယ်။
၁။ ပလ္လင်္ကံအာဘုဇိတ = တင်ပျဉ်ခွေထိုင်ခြင်း
၂။ ဥဇုံ ကာယံ ပဏိဓ = အထက်ပိုင်းကိုယ်ကို ဖြောင့်စွာ တောင့်ထားခြင်း
၃။ ပရိမုခံ သတိံ ဥပဋ္ဌပိတ = အမှတ်သတိကို ရှုမှတ်မည့် အာရုံဆီသို့ ရှေးရှုဖြစ်စေခြင်း တို့ဖြစ်ကြပါတယ်။
တရားစတင် အားထုတ်ပါပြီဆိုတဲ့အခါ အထိုင်ဣရိယာပုထ်အတွက် ပြင်ဆင်ပုံဖြစ်ပါတယ်။ ကျန်ဣရိယာပုထ်တွေအတွက်လည်း ဆိုခဲ့ပါ ပရိကံများအတိုင်းပင် နည်းမှီယူရန်ဖြစ်ပါတယ်။ ပုံသဏ္ဍာန်တွေ ကွဲပြားနေကြပေမဲ့ သဘောတရားအားဖြင့် အတူတူပင်ဖြစ်တယ်လို့ ဆိုလိုပါတယ်။
၁။ တင်ပျဉ်ခွေထိုင်ခြင်း
------------------------------
တရားစတင် အားထုတ်မဲ့သူအတွက် တင်ပျဉ်ခွေထိုင်ခြင်းဟာ အသင့်လျော်ဆုံးဖြစ်ပါတယ်။ ကြာကြာထိုင်နိုင်မှ သမာဓိ အရမြန်မှာဖြစ်လို့ပါ။ တကယ်လို့ သမာဓိကို လိုအပ်တဲ့ အတိုင်းအတာ တစ်ခုအထိ ရောက်ရှိနေပါက အခြားထိုင်ပုံတွေ ပြောင်းလဲထိုင်နိုင်ပါတယ်။
တင်ပျဉ်ခွေထိုင်တဲ့အခါ ခြေထောက်ကို ထပ်မထားဘဲ ရှေ့နောက် ယှဉ်ထားပါက ပိုပြီး ကြာကြာထိုင်နိုင်ပါတယ်။ အဝတ်အစားများကိုလည်း ကြပ်ကြပ်တည်းတည်း မဖြစ်စေဘဲ အသက်ကောင်းကောင်းရှူနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။ သက်သက်သာသာ ထိုင်နေတဲ့ ပုံစံမျိုးဖြစ်ဖို့ လိုရင်းဖြစ်ပါတယ်။
အားထုတ်စ ယောဂီများအတွက် သမာဓိဟာ မြန်မြန်ဆန်ဆန်ရဖို့ အရေးတကြီး လိုအပ်ပါတယ်။ သမာဓိမရရင် တရားခွင်မှာ ကြာရှည် မပျော်နိုင်ကြပါ။ တရားသား တက်သူများအတွက်လည်း သမထမှာ နိမိတ်ထင်ဖို့နဲ့ ဝိပဿနာမှာ ဉာဏ်စဉ်တက်ဖို့ရာတွေမှာ ကြာကြာထိုင်နိုင်မှုဟာ အလွန်အရေးပါတယ်။
ဉာဏ်စဉ်တွေ မြင့်တက်လာပြီး ဗောဇ္ဈင်တရားများ ဖြစ်ပွားလာလို့ ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်ဖို့ရာမှာ ဝီရိယနဲ့ သမာဓိဟာ အချိုးညီရတယ်။ လုံးဝတိမ်းယိမ်းလို့မရပါ။ ဒီဗောဇ္ဈင် မဖြစ်ခဲ့ပါက ဝဋ်နွယ်ကို အကျွတ်တွယ်နိုင်မှာမဟုတ်။ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့ရင် အဲ့ဒီနေရာမှာလည်း အခက်တွေ့လေ့ရှိပါတယ်။ ဒါ့ကြောင့် စထိုင်ကတည်းက အစကောင်းဖို့ ပြင်ဆင်ရခြင်းပါ။
၂။ အထက်ပိုင်းကိုယ်ကို ဖြောင့်စွာ တောင့်
---------------------------------------------------
ထားခြင်း
----------
ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများအားထုတ်တော့မဲ့ ယောဂီဟာ တင်ပျဉ်ခွေထိုင်ပြီးနောက် ခါးကို ဆန့်တန်းနေအောင် ဖြောင့်ထားရတယ်။ ဦးခေါင်းကို မတ်နေအောင် ထောင်ထားရတယ်။
အမြဲတမ်း တောင့်တောင့်ကြီး ဖြစ်နေအောင် သတိထားရပါမယ်။ အားစိုက်ပြီး တင်းတင်းတောင့်တောင့်ကြီး လုပ်ထားရမှာတော့ မဟုတ်ရပါ။ ကွေးကောက် မသွားရအောင်သာ ဂရုစိုက်ထားရမှာ ဖြစ်ပါတယ်။
ဆိုခဲ့တာတွေအတွက် ဝီရိယအား လိုအပ်တယ်။ တရားအားထုတ်ရာမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားခြင်း၊ ပျင်းရိလာခြင်း၊ ငိုက်မြည်းလာခြင်း စတဲ့ကမ္မဋ္ဌာန်းရဲ့ အဆီးအတားတွေကို ဇွဲလုံ့ လနဲ့ ကြိုတင်ကာကွယ်နိုင်ဖို့ အတွက်ပါ။
ဒီဇွဲလုံ့လဆိုတဲ့ ဝီရိယဟာ ယောဂီပုဂ္ဂိုလ်များအတွက် တရားအားထုတ်ခြင်းလုပ်ငန်း အစမှ အဆုံးတိုင် မပါမဖြစ်တဲ့ အရာပါ။ သို့ပေမင့် သူလွန်သွားရင် အန္တရာယ်ဖြစ်တတ်သမို့ သမာဓိနဲ့ ညီမျှနေအောင် အမြဲတမ်း ထိန်းညှိပေးကြရပါမယ်။ ဆိုင်းထမ်းသမားရဲ့ ထမ်းပုံအတိုင်းပေါ့။
ကျန်တဲ့ အပိုင်းတွေတော့ ကျမ်းရင်းလာ ပရိကံ ၁ ထဲမှာ ပါပြီး ဖြစ်ပါတယ်။ အဲ့ဒီထဲက သမာဓိရဲ့ အရေးပါမှုအတိုင်းပဲ ဝီရိယလည်း အရေးပါတယ်လို့ ဆိုရပါမယ်။
၃။ အမှတ်သတိကို အာရုံသို့ ရှေးရှုထားခြင်း
-----------------------------------------------------
ဘယ်ကမ္မဋ္ဌာန်းကို ပွားများသည်ဖြစ်စေ ဒီပရိကံကလည်း မပါမဖြစ်ပါ။ ဒါ့အပြင် ကြိုတင်ပြင်ဆင်မှု အားလုံးတို့ရဲ့ နောက်ဆုံးဖြစ်သလို အရေးကြီးဆုံးလည်း ဖြစ်ပါတယ်။ ဘယ်လောက် အရေးပါသလဲဆိုရင် သူမပါရင် ကမ္မဋ္ဌာန်း ပွားများပါတယ်လို့ မဆိုနိုင် စကောင်းတဲ့ အထိပါ။
ဟုတ်ပါတယ်။ သတိဟာ သမထ အရာမှာဆိုရင် ရှုမှတ်မဲ့ အာရုံမှာ တည်မြဲနေဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အဋ္ဌကထာမှာဆို နွားငယ်ဆုံးမပုံနဲ့ ဥပမာပေးပြီး အရေးကြီးပုံကို တင်ပြထားပါတယ်။
နွားငယ်ကို ကြိုးမြဲအောင် စတင်လေ့ကျင့်ပေးတဲ့သူဟာ နွားငယ်ကို နဖားကြိုး ထိုးပြီးတာနဲ့ မြေပြင်မှာ ငုတ်ရိုက်ပြီး ကြိုးအရှည်နဲ့ တွဲချည်ထားရတယ်။ နွားငယ်ဟာ အကျင့်မရှိသေးတော့ အားရှိသလောက် အားကုန်ရုန်းတယ်။ ပတ်ပြေးတယ်။ ရုန်းရင်း ပြေးရင်းနဲ့ နောက်ဆုံးတော့လည်း ငုတ်တိုင်အရင်းမှာ ခေါင်းထိုးပြီး ငြိမ်သွားရတယ်။
ဒိအတူ သမထ အားထုတ်စ ယောဂီဟာလည်း သတိကို အာရုံပေါ်တင်လိုက် စိတ်ဆောင်ရာ ပါသွားလိုက်နဲ့ ချာလပတ် ရမ်းနေမယ်။ လွတ်သွားတာကို သိလိုက်တာနဲ့ ပြန်တင်ပေးလိုက် ဆက်လက် ရှုမှတ်ရင်း စိတ်နောက် ပါသွားလိုက်နဲ့ပါ။ သမာဓိ အားကောင်းလာတဲ့အခါ အားကောင်းသလောက် သတိက အာရုံပေါ် မြဲလာတယ်။ နောက်တော့ ငုတ်တိုင်အရင်းမှာ ငြိမ်သက်သွားတဲ့ နွားငယ်လို သတိဟာ အာရုံပေါ် ငြိမ်သက်သွားရပါတယ်။
ဝိပဿနာ ယောဂီကတော့ သမထသမားနဲ့ ဆန့်ကျင်ဘက်ပါ။ သူကတော့ ပေါ်လာတဲ့ အာရုံကို သတိက သွားကပ်ရတယ်။ ပြီးတော့ ပေါ်လာတဲ့အတိုင်း ရှုမှတ်ရတယ်။
မဟာစည်နည်းကတော့ ချက်အထက်နားက ဝမ်းဗိုက်ကို စိတ်စိုက်ထားပြီး ဝင်သက်လေ ရှူသွင်းလိုက်လို့ ဝမ်းဗိုက်ဖောင်းတက်လာရင် ဖောင်းတယ်။ ထွက်သက်လေရှိုက်ထုတ်လို့ ဝမ်းဗိုက်က ပိန်ကျသွားရင် ပိန်တယ်လို့ မှတ်ရပါတယ်။ အခြားအာရုံများက ဖောင်းပိန်ထက် ပိုထင်ရှားလာရင် အဲ့ဒါတွေကို ထင်ရှားပေါ်လာတဲ့အတိုင်း ရှုမှတ်ရတယ်။ အခြားအာရုံများ ထင်ရှားမရှိတော့ရင် ဖောင်းပိန်ကို ပြန်မှတ်ရတယ်။
စခါစမှာ ပေါ်လာတာတွေက ထင်ထင်ရှားရှား မရှိပေမဲ့ နောင်တော့ ထင်ထင်ရှားရှား ပေါ်လာပါမယ်။ ရှုမှတ်မှုကလည်း နက်သထက် နက်လာမယ်။ တရားသဘောတွေ သိလာရင်းနဲ့ သစ္စာတွေပါ သိလာပါတယ်။
သတိပဋ္ဌာန်ပရိကံများ ပြီးပါပြီ။
==================
ငြိမ်းနန္ဒ (၂၇ /၁၂ /၂၀၁၆)(၂ /၁ /၂၀၁၇)
No comments:
Post a Comment