"ပဋ္ဌာန်း တရားကို အသိမှန်စေချင်"
ပဋ္ဌာန်း ဒေသနာတော်ကို အနောက် နိုင်ငံ နှင့် ဥရောပနိုင်ငံများက စိတ်ဝင်တစား လေ့လာ လိုက်စားကြကာ အပေါ်ယံမဟုတ်ကြပဲ ထဲထဲဝင်ဝင် သိရှိနေ၍ မြန်မာပြည်မှ လူသာမာန် ဗုဒ္ဓဘာသာဝင်များ လည်း အဘိဓမ္မ-၇ကျမ်းမှ နောက်ဆုံးပါဝင်သော ပဋ္ဌာန်း ကျမ်းကို အလွတ်မရကြငြားလည်း သုတမယဉာဏ် ရှိနေလျှင် သာသနာ ကို အမြန် ဆုတ်လျော့မှု မရှိအောင် ဝိုင်းဝန်း ကျားကန်ပေးမည်ဟု တွေးထင်မိ၏။
မြတ်စွာဘုရား က ၇-ဝါ မြောက်တွင် လူ့ပြည်ရှိ ဆွေမျိုး တိတ္ထိ အပေါင်းကို တန်ခိုးပြကာ ချေချွတ် ပြီးသည်နှင့် တာဝတိံသာ နတ်ပြည်ကို ခြေလှမ်း-၂လှမ်း ထဲဖြင့် ကြွမြန်းခဲ့ကာ ၇-ဝါ မြောက်ကို တာဝတိံသာ နတ်ပြည်၌ ဝါဆိုခဲ့ကာ အဘိဓမ္မ-၇ကျမ်းကို ဟောကြား ကာ အရိယာများဖြစ်အောင် ကျေးဇူးဆပ် ပေးခဲ့၏။ ထိုသို့ကြွရာ၌ ပထမခြေလှမ်းကို ယုဂန္ဓို တောင်ထိပ်ရှိ စတုမဟာရာဇ်နတ်ပြည်၌ ချလှမ်းကာ ဒုတိယခြေလှမ်းကို တရားပွဲကျင်းပမည့် တာဝတိံသာ နတ်ပြည်၌ ချလှမ်းခဲ့သဖြင့် ဘုရား၏ ခြေတလှမ်းသည် ယူဇနာ-၄၂၀၀၀ ကွာဝေးသဖြင့် မိုင်အားဖြင့် ၅၄၆၀၀၀ မိုင် ရှိ၏။
သာမာန်အားဖြင့် နတ်များ၏ အရပ်အမြင့်သည် တယူဇနာ ရှိ၍ မိုင်အားဖြင့် ၁၃ မိုင် အမြင့် ရှိကြ၏။ နတ် ဗြဟ္မာ ပရိတ်သတ် အလွန်များလှသဖြင့် အားလုံးသော ပရိတ်သတ်မြင်သာအောင် ဘုရား၏ ခန္ဓာကိုယ် ကို အပ်စပ်အောင် ဖန်တီးထားရမည်ဟု တွေးထင် ယူဆပါ၏။
အချိန်ကာလ ကို အပ်စပ်အောင် မြင်ယောင် သင့်ကြ၏။အဘယ့်ကြောင့်ဆိုသော် နတ်ပြည် အောက်ဆုံးထပ် စတုမဟာရာဇ်နတ်ပြည်၏ တရက်လျှင် လူ့ပြည်၏ သက်တမ်းမှာ နှစ်-၅၀ နှင့် ညီမျှသလို၊ တာဝတိံသာ ၏ တရက်သည် လူ့ပြည်၏ သက်တမ်း နှစ်-၁၀၀ နှင့် ညီမျှနေ၍ လူ့ပြည်မှာ ဝါတွင်း-၃လ တနည်း လူ့သက် ရက်ပေါင်း-၉၀ ရှိငြားလည်း
တာဝတိံသာ နတ်သက်သည် ဥပမာအားဖြင့် ၃မိနစ် ၄ စက္ကန့် သာရှိနိုင်မည်ဟု တွေးထင်ရ၏။ တဖန် လူ့ပြည်မှာ ဟောစဉ် လူအများ ကြားလျှင် နားလည်လွယ်အောင် လူတို့ သာမာန် စကားပြောနူန်းဖြင့် ပြောရသော်လဲ၊ တာဝတိံသာ တွင်မူ လူတို့ကို သာမန် ဟောကြား ရသော တရားဟောနှုန်းထက် ၁၂၈ ဆ ပိုမြန်၏။ ထို့ကြောင့်လည်း အဘိဓမ္မ-၇ ကျမ်း ကို တာဝတိံသာ နတ်ပြည်၌ ဟောကြားရာတွင် တကျမ်းစီ ရှည်ကြာသည့် လူ့ပြည်အချိန် သက်တမ်းကို ၁၂၈ နှင့် ပြန်မြှောက် မှသာ တကျမ်းစီ ဘုရားဟောခဲ့သော တရား၏ အနက်မှာ အလွန်ကျယ်ဝန်း၍ လူတို့ မတတ်သာပေ။
လူ့သက်တမ်းအရ ကြည့်လျှင်----
၁။ ဓမ္မသင်္ဂဏီကျမ်း ကို ( ၁၂ ) ရက် ၊
၂။ ဝိဘဂ္ဂကျမ်း ကို ( ၁၂ ) ရက် ၊
၃။ ဓာတုကထာကျမ်း ကို ( ၆ ) ရက်၊
၎။ ပုဂ္ဂလပညတ္တိကျမ်း ကို( ၇ ) ရက် ၊
၅။ ကထာဝတ္ထုကျမ်း ကို ( ၈ ) ရက် ၊
၆။ ယမကကျမ်း ကို ( ၂၀ )ရက် နှင့်
၇။ ပဋ္ဌာနကျမ်း ကို ( ၂၅ ) ရက် ကြာအောင် စုစုပေါင်း လူ့သက်တမ်း ရက်ပေါင်း-၉၀ ဟောခဲ့ရ၏။
ဤနေရာတွင် လူများ သတိထား သင့်သည့် အချက်မှာ"ပဋ္ဌာန်းကျမ်း" ဖြစ်ပြီး"ပဋ္ဌာန်းပစ္စည်း" မဟုတ်ပါ။ ပဋ္ဌာန်းပစ္စည်း သည်လည်း( ၂၄ ) ပစ္စည်း ရှိသလို ပဋ္ဌာန်းကျမ်း သည်လည်း( ၂၄ ) ကျမ်း ရှိ၏။ ပစ္စည်း ဟူသော ဝေါဟာရ နှင့် ကျမ်း ဟူသည့် ဝေါဟာရ တို့မှာ နိုင်း ယှဉ်သော် မြင့်မိုရ်တောင် နှင့် ဇီးစေ့ မျှမက ကွာ၍ မနိုင်းသာပေ။
ပိဋကတ်တော် အရ ရှင်းပြရလျှင်
က)။ တာဝတိံသာ၌ ဟောကြားသော
ပဋ္ဌာန်း ကို"အတိဝိတ္ထာရပဋ္ဌာန်း" ဟု ခေါ်ကာ အလွန်ကျယ်၏။
ခ)။ ဟိမဝန္တာ စန္ဒကူးတော ၌ ဘုရားရှင်မှ လက်ျာတော်ရံ အရှင်သာရိပုတ္တရာ အား ပြန်ဟောပြသော ပဋ္ဌာန်း တရားသည် အလွန် ကျဉ်းပြီး
ယင်းကို"အတိသင်္ခေပပဋ္ဌာန်း" ဟု ခေါ်ဝေါ် ပညတ်၏။
ဂ)။ အရှင်သာရိပုတ္တရာမထေရ် မှ နေ့စဉ် ကျောင်းသို့ ပြန်ကြွလာတိုင်း တပည့်ရဟန်း-၅၀၀ တို့အား ပြန်လည်ကာ ဟောကြားပေးခဲ့သော ပဋ္ဌာန်းကို"နာတိဝိတ္ထာရ နာတိသင်္ခေပ ပဋ္ဌာန်း" ဟု သမုတ်၏။
ယနေ့ လူပြည်၌ ရွတ်ပွား သရဇ္ဈယ် နေသော ပဋ္ဌာန်းမှာ အရှင်သာရိပုတ္တရာ ဟောကြားတော် မူခဲ့သော"နာတိဝိတ္ထာရ၊ နာတိသင်္ခေပ" ဟူသော ပဋ္ဌာန်း၏
မကျဉ်းလွန်း မကျယ်လွန်းသော ပဋ္ဌာန်းကျမ်း ဖြစ်၏။ ဤ ပဋ္ဌာန်းကျမ်းတွင် ကျမ်းငယ်-၂၄ကျမ်း ရှိ၏။
အဆိုပါ ၂၄-ကျမ်း ကို ပြန်ထပ် တူရာခွဲသော်------
၁။ ဓမ္မာနုလောမ-၆ ကျမ်း ၊
၂။ ဓမ္မပစ္စနီယ-၆ ကျမ်း ၊
၃။ ဓမ္မာနုလောမပစ္စနီယ-၆ ကျမ်း ၊ နှင့်
၎။ ဓမ္မပစ္စနီယာနုလောမ-၆ ကျမ်း တို့ဖြစ်၏။
ယင်း ၆-ကျမ်းမှာ----
၁။ တိက ပဋ္ဌာန်း ၊
၂။ ဒုက ပဋ္ဌာန်း ၊
၃။ တိကဒုက ပဋ္ဌာန်း ၊
၎။ ဒုကတိက ပဋ္ဌာန်း ၊
၅။ တိကတိက ပဌာန်း နှင့်
၆။ ဒုကဒုက ပဋ္ဌာန်း တို့ဖြစ်ကြ၏။
တဖန် အထက်ပါ ပဋ္ဌာန်း-၂၄ ကျမ်း ကို"ပေယျာလ" မြုပ်၍ အကျဉ်းချုံးကာ ဆဋ္ဌမသင်္ဂါယနာ တင်ခြင်းမူအတိုင်း ပဋ္ဌာန်း-၅ တွဲ အဖြစ် (စာအုပ် ၅ အုပ်) စာမျက်နှာပေါင်း-၂၆ ၀၀ ကျော် ဖြင့် ဖွဲ့စည်းကာ ယနေ့အခါ အသံမစဲ ပဋ္ဌာန်းပွဲများအဖြစ် ၃-ရက် ခွဲ မှ ၅-ရက် အထိ လူပုဂ္ဂိုလ်များ နှင့် သံဃာတော်များ ရွတ်ဖတ် သရဇ္ဈယ် နေကြပါ၏။ ပေယျာလ ဖော်ပြီး ဘုရားရှင် ဟောခဲ့သော ပဋ္ဌာန်း ဒေသနာတော် ကို အကျယ်ထိ ရွတ်ဖတ်ပူဇော် ရမည် ဆိုပါက လူ့သက်တမ်း နှစ်ပေါင်း ထောင်ချီကာ ရှည်ကြာအောင် ရွတ်ဖတ်လျှင်လည်း ပြီးဆုံးရန် မဖြစ်နိုင်၍ ဘုရားရှင် ဟောသော ပဋ္ဌာန်းသည် လောက၌ ဧရာမ မက အကြီးကျယ်ဆုံး ဖြစ်၏ဟု မှတ်သား သိရှိသင့်၏။
အဋ္ဌကထာဆရာ ဧတဒဂ်-၅ဘွဲ့ ရသော အရှင်အာနန္ဒာ က အမိန့်ရှိခဲ့သည်မှာ ဘုရားဟောကြား ခဲ့သော ပဋ္ဌာန်းကျမ်းကို ပြန်ဟောရလျှင် မေးခွန်း အမေး ပဋ္ဌာန်း နှင့် အဖြေ ပဋ္ဌာန်း ဟူ၍ ၂-ပိုင်း ရှိရာ"အဖြေ ပဋ္ဌာန်း" ကို ဆက်တိုက် မနားတမ်း ဟောရလျှင်ပင် ဘဝပေါင်း ရာထောင်ချီကြာအောင် အချိန်ယူတောင် ပြီးမည်မထင်ပေ ဟု ဆုံးမခဲ့၏။ ထို့အတူ ဋီကာဆရာများ မိန့်မှာချက်အရ"အမေး ပဋ္ဌာန်း" သည် စာကြောင်းရေ ၃၀ ပါသော စာမျက်နှာ ပေါင်း-၄၀၀ ရှိသော A4 ဆိုဒ် စာအုပ်ပေါင်း အုပ်ရည် ၃-သန်း ကျော် ခန့်ရှိ၍ ပဋ္ဌာန်းကျမ်းသည် ဘုရားဟော တရားများတွင် အနက်နဲ ဆုံးဖြစ်၏။
ထိုသို့ ပဋ္ဌာန်းကို ရွတ်ဖတ်ပူဇော်ကြရာ၌
၁။ ဓမ္မဂမ္ဘီရ - ဝေါဟာရပုဒ် နှင့် ဝါကျ နက်နဲခြင်း၊
၂။ အတ္ထဂမ္ဘီရ - အနက်အဓိပ္ပာယ် သဘောသဘဝ တို့ နက်နဲခြင်း။
၃။ ဒေသနာဂမ္ဘီရ - ဟောပုံ ဟောနည်း အစီအစဉ် တို့ နက်နြဲခင်း နှင့်
၎။ ပဋိဝေဓဂမ္ဘီရ - ထိုးထွင်းသိမြင် နိုင်သော ဉာဏ် ပညာ နက်နဲခြင်းတို့ လိုအပ်၏။
ဋီကာ ပညာရှင်များ အလိုအရ"ကျမ်းကြီး ပဋ္ဌာန်း၊ ကျမ်းငယ် ဆန်း နှင့် ကျမ်းလတ် ဓာတုကထာ" ဟူ၍ အမိန့် ရှိခဲ့ခြင်းအပေါ် တရားမိခဲ့၏။
လူများသိနေကြသော ပဋ္ဌာန်းပစ္စည်း-၂၄ ပစ္စည်းသည်"ပစ္စည်း" မျှသာ ဖြစ်၏။ ဤ ၂၄-ပစ္စည်း ကို ပစ္စယုဒ္ဒေသ ဟု သမုတ်ကာ အဆိုပါ ၂၄-ပစ္စည်း ကို မကျဉ်းမကျယ် အနည်းငယ်ချဲ့ ထားမှုကို ပစ္စယနိဒ္ဒေသ ဟု သမုတ် ပေးမှုသည် သီးသန့် ဖြစ်၏။ တနည်းဆိုသော် ပစ္စည်း ဆိုသည်မှာ ဝိပဿနာ အရ ကောက်လျှင်"အကြောင်း" ဖြစ်၏။ ယနေ့အားလုံးမှ မလိုချင် ချင် လိုချင်ချင် ရနေကြသော ဒုက္ခသစ္စာသည် အကျိုး ပစ္စယုပ္ပန် ဖြစ်၏။ ဤကဲ့သို့
အကြောင်းများ နှင့် အကျိုးများ ဆက်စပ်နေမှု သတ္တိ သည် ပစ္စယသတ္တိ ဖြစ်၏။
ယခုလို အနောက် ဥရောပနိုင်ငံများ၌ ဗုဒ္ဓဘာသာဝင် ဖြစ်နေကြကာ ပဋိပတ် ကျင့်နေကြလျက် ပရိယတ် ကို လေ့လာဆည်းပူး နေကြသူများသည်
မြန်မာပြည်မှ ဗုဒ္ဓဘာသာဝင်များ ကဲ့သို့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြပဲ တခြား ဘာသာများ မှ ကူးပြောင်းလာသူများနှင့် ဘာသာမဲ့ ဘဝမှ
အတန်းသညာ ဘွဲ့ရပြီးမှသာ မိမိစိတ်ကြိုက် ဘာသာ ကို သေချာ လေ့လာပြီးမှသာ ဗုဒ္ဓသာသနာတော်ကို
သဘောကျ လက္ခံကြပြီး စီးပွားရှာ-အိမ်ထောင် ရှိလျက် ဖြင့် ပဋိပတ် နှင့် ပရိယတ် ကို ကြိုးစားနေကြတာ အလွန်ချီးကျူးမိပါ၏။ မြန်မာပြည်သာများကမူ
မြန်မာပြည်မှာ ပုံးပေါလအော အလွယ်တကူ လေ့လာနိုင်သော တရားဓမ္မများကို အထင်မကြီးကြပဲ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် Traditional Buddhism များသာဖြစ်နေကြကာ ဒီသား၊ ဒီသမီး၊ ဒီမယား၊ ဒီလင်၊
ဒီမြေး၊ ဒီမြစ်၊ ဒီတိုက်၊ ဒီအိမ်၊ ဒီပစ္စည်း၊ ဒီခြံ နှင့်
ဒီမိုကရေစီ ကို ဖက်တွယ်နေကြကာ အိပ်-စား-ကာမ ဤသုံးဝ ဖြင့် အချိန်ဖြုန်း နေကြ၍ အလွန် ဝမ်းနည်းစရာ ဖြစ်၏။
ပဋ္ဌာန်း ကို ထဲထဲဝင်ဝင် မသိ မတတ် အမှန် သဘော ကို ပိုင်းခြားကာ အမှန်မသိပဲ၊ ဝိပဿနာ ကျင့်ကာ အထက်မဂ်များ ရသည် ဆိုလျှင် လုံးဝ မဖြစ်နိုင်ပါ။ ပုထုဇဉ်များကသာ အပြင်ပန်း ကြည့်ကာ လေးစားကာ အထင်ကြီးကောင်း ကြီးမည်၊ သို့သော် တကယ့် အရိယာအစစ်များက သနားကြည့် ကြည့်ကာ သတိပေး၍ မရက ဥပေက္ခာပြုကြပေလိမ့်မည်။ ထို့ကြောင့် ဓမ္မမိတ်ဆွေများ အချိန်ကျန်သေးတုန်း လေ့လာပါ သင်ယူပါ လိုက်စားပါ ဇွဲ မလျော့ကြပါနှင့် ဟုသာ ကျွန်ုပ် ဇောတိက မှ အနေဝေး နေကြလည်း မေတ္တာဖြင့် သုတမယဉာဏ် အတွက် ဓမ္မဒါန ပြုအပ်ပါသည်။ ။
"သတ္တဝါ မှန်သရွှေ့  တရားတွေ့ ချမ်းမြေ့သာယာ ရှိပါစေ"
ု
No comments:
Post a Comment