(၇)
ဣရိယာပထပိုင်း၊ အထွေထွေမှတ်
=====================
ရပ်ကမ္မဋ္ဌာန်းနဲ့ လျောင်းကမ္မဋ္ဌာန်း
-----------------------------------------
ဝိပဿနာနယ်ပယ်မှာ ဘင်္ဂဉာဏ်မရောက်မချင်း ပညတ်နယ်ကို မလွန်သေး။ ဘင်္ဂဉာဏ်သို့ ရောက်လာရင်တော့ကား ပရမတ်နယ်ထဲ ရောက်ပြီမို့ ဆရာကနေ အာရုံကို တည့်ပေးဖို့ မလိုသလောက် ဖြစ်သွားပါတယ်။ ပရမတ်နယ်ထဲသို့ ဝင်သွားပြီဖြစ်လို့ ဘယ်ဟာမှတ်မှတ် လမ်းမှားစရာ မရှိတော့လို့ပါ။
စူးစိုက်မှုကလည်း ပုံစံပြောင်းသွားတယ်။ ပညတ်ဆိုတဲ့ ငြမ်းကို ဖျက်ပစ်ပြီး ပရမတ်ဆိုတဲ့ လှေခါးပေါ် အေးဆေးငြိမ်သက်စွာ ဆက်တက်သွားဟန်မျိုးပေါ့။
တရားအားထုတ်ဆဲ ယောဂီဟာ မဂ်ဖိုလ်သို့ မရောက်နိုင်သေးရင်တောင်မှ ပရမတ်နယ်ထဲတော့ ရောက်နှင့်ဖို့ သိပ်အရေးကြီးပါတယ်။ ဒါ့ကြောင့် ဘင်္ဂဉာဏ်သို့ ရောက်နိုင်ဖို့အရေး နည်းမျိုးစုံနဲ့ ကြိုးစားယူသင့်ပါတယ်။
အဲ့ဒီလို ကြိုးစားနေပေမဲ့ တစ်ခါတစ်ရံမှာ မိမိရှုမှတ်နေတဲ့ ကမ္မဋ္ဌာန်းတွေနဲ့ ခရီးမပေါက်နိုင်တာ ကြုံတတ်ကြတယ်။ ဒီသို့ဖြစ်ရင် အခြားပုံသဏ္ဍာန်နဲ့ ရှုမှတ်ကြည့်ဖို့ ပြင်ဆင်ရပါမယ်။ ထိုင်ကမ္မဋ္ဌာန်း၊ စင်္ကြန်ကမ္မဋ္ဌာန်းတို့အပြင် ရပ်ကမ္မဋ္ဌာန်းနဲ့ လျောင်းကမ္မဋ္ဌာန်းတို့ကို ပြောင်းမှတ်တာမျိုးပါ။
ရပ်ကမ္မဋ္ဌာန်းဆိုတာ စင်္ကြန်လျှောက်ရင်း စင်္ကြန်လမ်းဆုံးလို့ ရပ်နေတဲ့ ပုံသဏ္ဍာန်အတိုင်း ရပ်ပြီး ရှုမှတ်ပုံကလည်း အတူတူပင်။ လျောင်းကမ္မဋ္ဌာန်းကလည်း ရပ်နေရာမှာ လျောင်းကို ပြောင်းပြီး မှတ်သွားရုံပါ။
အထူးပြုပြီး သတိထားရမှာက ဆိုခဲ့ပါ ကမ္မဋ္ဌာန်း ၂ မျိုးစလုံးမှာ ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် ရပ်၊ လျောင်းတို့ဖြစ်ပြီး ထိနဲ့ သိကိုလည်း အလျဉ်းသင့်သလို တွဲပေးရပါတယ်။ ဓာတ်ကြီးလေးပါးရဲ့ သဘောသဘာဝတွေ ထင်ရှားလာပါက ထိထိမိမိ မှတ်ဖို့ရန်နဲ့ ဓာတ်သဘောတရားတွေကို ထဲထဲဝင်ဝင် သိနိုင်ဖို့ ပိုအားပြုရန် ဖြစ်ပါတယ်။
ပိုအားပြုရမယ် ဆိုတာကို သတိထားရန်လိုပါမယ်။ ထိုင်မှတ်နဲ့ စင်္ကြန်မှတ်တွေမှာတော့ ဓာတ်သဘောတရားတွေကို ပင်တိုင်ကမ္မဋ္ဌာန်းထက် ထူးကဲပိုလွန်လာမှသာ ထင်ရှားပေါ်ရာအဖြစ် သတ်မှတ်ပြီး ရှုမှတ်ရတာဖြစ်ပေမဲ့ ဒီနှစ်မျိုးမှာကား ရှုမှတ်ဖို့ရာ ထင်ရှားမှု လုံလောက်ရင် ရှုမှတ်ရမှာကို ဆိုလိုပါတယ်။ ဓာတ်သဘောတရားတွေကို ပိုမိုပြီး အလေးထားရမဲ့ သဘောပါ။
အထူးမှတ်ရန်။ ။အိပ်ရာဝင် လျောင်းတဲ့အခါမှာကား ဖောင်းပိန်ကိုလည်း မှတ်နိုင်ပါတယ်။
ရပ်နဲ့လျောင်းကမ္မဋ္ဌာန်း ပြီးပါပြီ
××××××××××××××××××××
(အထွေထွေမှတ်၊စားသောက်စဉ် မှတ်ပုံ)
=========================
စားသောက်ပုံ ၃ မျိုးနဲ့ မှတ်ချက်များ
-------------------------------------------
တရားအားထုတ်ဆဲ ယောဂီတွေအနေနဲ့ အစာ စားသုံးတဲ့အခါ ဝင်ရမဲ့ ဘောင်သုံးမျိုး ရှိပါတယ်။
၁။ သီလနဲ့ စားသုံးခြင်း
ဤသည့်စားဖွယ်ဆိုပြီးမှ စားသုံးတာဟာ ပစ္စယသန္နိဿိတသီလကို ဆောက်တည်ရင်း စားသုံးတာ ဖြစ်ပါတယ်။
၂။ သမထနဲ့ စားသုံးခြင်း
အလှူရှင်များအား မေတ္တာ ပွားများပြီးမှ စားသုံးတာကို ခေါ်ပါတယ်။
၃။ ဝိပဿနာနဲ့ စားသုံးခြင်း
ရှုမှတ်မှု သတိနဲ့အတူ စားသုံးတာဟာ ဝိပဿနာနဲ့ စားသုံးတာ ဖြစ်ပါတယ်။
စားသုံးတာနဲ့ ပတ်သက်ပြီး မဟာစည်ဆရာတော် ဘုရားကြီးက အောက်ပါအတိုင်း မှတ်ချက် ပြုတော်မူခဲ့ပါတယ်။ အဲ့ဒီ အတိုင်းပင် ဆရာတော်ဘုရားကြီးက ဆရာတော်ဘုရားကြီးရဲ့ ယောဂီများအား လိုက်နာကျင့်သုံးရန် ညွှန်ကြားတော်မူခဲ့ပါတယ်။
ဆင်ခြင်ပြီး စားသုံးတယ်ဆိုတာ အစာအာဟာရကနေ ဖြစ်ပေါ်လာမဲ့ အားအင်များဟာ သာသနဗြဟ္မစရိယ၊ မဂ္ဂဗြဟ္မစရိယ နှစ်မျိုးကို ကျင့်သုံးနိုင်ရန်အတွက် ဖြစ်စေရပါမယ်လို့ အဓိဋ္ဌာန်ပြုခြင်းဖြစ်တယ်။ ဝိပဿနာ ရှုမှတ်ရင်း စားသုံးနေခြင်းကား ဗြဟ္မစရိယနှစ်ပါးကို ကျင့်သုံးနေခြင်းပင်ဖြစ်လို့ ဆင်ခြင်နေတာထက် အမှတ်မလွတ်စေဘဲ စားသုံးခြင်းက ပိုကောင်းပါတယ်။
မေတ္တာပို့ပြီးမှ စားသုံးတယ်ဆိုရာမှာ အလှူရှင်တွေရဲ့ ကောင်းကျိုးဖြစ်ထွန်းစေချင်လို့ ပို့သတာကြောင့် မေတ္တာ ပွားများသူမှာ သမထကုသိုလ်ဖြစ်ပါတယ်။ ပွားများသူရဲ့ ရရှိတဲ့ ကုသိုလ်အာနိသင်အတိုင်း အလှူရှင်တွေဖက်မှာ ကုသိုလ်ရောင်ပြန် ဟပ်ပါတယ်။ အလှူရှင်တွေဟာ ကုသိုလ်ရောင်ပြန် ဟပ်တာပဲ ပြန်ရပါတယ်ဆိုရင် အလှူခံပုဂ္ဂိုလ်ဖက်က ပိုပြီး အာနိသင် ကြီးမားတဲ့ ကုသိုလ်မျိုးကို ရွေးချယ်ပြုလုပ်သင့်ပါတယ်။ သမထကုသိုလ်ထက် သတိပဋ္ဌာန် ဝိပဿနာကုသိုလ်ကား ကုသိုလ်အာနိသင် အဆပေါင်း မြောက်များစွာ ကြီးမားတာကြောင့် တရားအားထုတ်ဆဲ ယောဂီဟာ ရှုမှတ်မှုနဲ့သာ အစာကို စားသုံးသင့်ပါတယ်။
အထက်မှာ ဆိုခဲ့တဲ့ ဆရာတော်ဘုရားကြီးရဲ့ မှတ်ချက်ပြုမှုများဟာ အလှူရှင်တွေနဲ့ အလှူခံပုဂ္ဂိုလ်များအကြား တန်ဖိုးမဖြတ်နိုင်တဲ့ ဆက်စပ်ပတ်သက်ပုံကို တင်ပြထားသလိုပါပဲ။ ဒါ့ကြောင့် ကောင်းကျိုးတွေ လိုလားသူမှန်ပါက မဖြစ်မနေ လိုက်နာကျင့်သုံး သင့်လှပါတယ်။
စားသောက်ရာမှာ ရှုမှတ်ပုံ
--------------------------------
စားသောက်ဖို့ရန် သွားလာတာတွေနဲ့ စားသောက်ရန် အဆင်သင့် ပြင်ပြီးအထိ လှုပ်ရှားမှုများအတိုင်း နာမည်တပ်ပေးကာ မှတ်သွားရုံပါ။ ထိုင်ပြီးလို့ရှိရင် အစားအစာကို တပ်မက်စိတ် ဖြစ်ပေါ်မလာအောင် အားထုတ်စ ယောဂီများအနေနဲ့ အာဟာရေ ပဋိကူလသညာကို ဆင်ခြင်နိုင်ပါတယ်။
ပုကံခွက်ယောက်ထဲကနဲ့ ပါးစပ်ထဲမှာ အစေးပေါက်အောင် ဝါးထားတဲ့ဟာကို နှိုင်းယှဉ်တွေးရပါမယ်။ ပါးစပ်ထဲကဟာနဲ့ အစာကနေ အညစ်အကြေးဖြစ်ပြီး စွန့်ထုတ်ရတဲ့ဟာကို နှိုင်းယှဉ်စဉ်းစားရပါမယ်။
အစားအသောက်ကောင်းကို မှီဝဲရပေမဲ့ အမှတ်သတိမပျက်။ တပ်မက်မှုဖြစ်လာပေမဲ့ အမှတ်သတိနဲ့ ကျော်ဖြတ်နိုင်ပြီ ဆိုရင်ကတော့ စားသောက်ပုံတွေကိုသာ ရှုမှတ်သွားရပါမယ်။
စားသောက်တဲ့အခါ ရှုမှတ်ပုံ ၆ ဆင့်ရှိပါတယ်။
၁။ ထမင်းလုတ်ပြင်ရင် ပြင်တယ်လို့ လက်ရဲ့လှုပ်ရှားဟန်အလိုက် မှတ်ရပါတယ်။
၂။ ပြင်ပြီးတဲ့ ထမင်းလုတ်ကို ပါးစပ်ဆီ ယူသွားတဲ့အခါ ယူတယ်လို့ မှတ်ပါမယ်။
၃။ ထမင်းလုတ်ကို ခွံ့တဲ့အခါ ခွံ့တယ်ပေါ့။
၎။ လက်ပြန်ချတဲ့အခါ ချတယ်လို့ မှတ်ပါ။
၅။ ဝါးနေစဉ် ဝါးတယ်လို့ ဝါးလို့ မပြီးမချင်း မှတ်နေရမယ်။
၆။ ဝါးပြီးလို့ မျိုချတဲ့အခါ မျိုတယ်လို့ မှတ်ရပါတယ်။
မျိုချတဲ့အခါ အားထုတ်စ ယောဂီတွေအနေနဲ့ သတိထားရပါမယ်။
နောက်ပြီး အသေးစိတ်အမူအရာ အားလုံးရဲ့ အမှတ်တွေ အပြည့်အစုံ မမှတ်နိုင်သေးခင်မှာ အရသာကို မမှတ်သေးဘဲ အမူအရာတွေကိုသာ မှတ်ရပါမယ်။ အသေးစိတ်နိုင်တဲ့ ယောဂီများဆိုရင်တောင် ရသတဏှာမဖြစ်အောင် သို့မဟုတ် ရသတဏှာရဲ့ ဖျားယောင်းရာ ပါမသွားအောင် မှတ်နိုင်စွမ်းခါမှ အရသာအမှတ်ကို မှတ်ကြရပါမယ်။
အထူးသတိချပ်ရမှာက လက်လှုပ်တဲ့အခါ ပါးစပ် မလှုပ်မိစေဖို့နဲ့ ပြောင်းပြန်အားဖြင့် ပါးစပ်လှုပ်နေတဲ့အခါ လက်မလှုပ်မိစေဖို့ပါ။ နှစ်မျိုးစလုံး ပြိုင်တူလှုပ်နေရင် ဟိုဟာ မှတ်ရမလိုလို ဒီဟာ မှတ်ရမလိုလိုနဲ့ ရှုပ်ထွေးသွားတတ်ပါတယ်။
ပြိုင်တူလှုပ်နေရင် အမှတ်မပါသလောက် ဖြစ်သွားပါတယ်။ တကယ်လို့ အဲ့ဒီ ပြိုင်တူလှုပ်တာကို သတိနဲ့ ထိန်းမရနိုင်သေးဘူးဆိုရင် စားသောက်နေတာကို အကုန်လုံး ခြုံငုံအာရုံပြုပြီး စားတယ်၊ စားတယ်လို့တော့ မဖြစ်မနေ မှတ်နိုင်အောင် ကြိုးစားယူရပါမယ်။ ရှုမှတ်မှုဆိုတာ ယောဂီရဲ့ အသက်မို့ပါ။
စားသောက်စရာတွေအပေါ် ရှိရမဲ့သဘောထား
--------------------------------------------------------
တရားအားထုတ်ဆဲ ယောဂီအနေနဲ့ စားသောက်ဖွယ်ရာများကို သာမန်လူတစ်ယောက်လို သဘောမထားရပါ။ ပစ္စဝေက္ခဏာ ဆင်ခြင်တဲ့အထဲမှာ ပါတဲ့အတိုင်း ဖြစ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရပါမယ်။
ထိထိရောက်ရောက် ပုံမဖော်နိုင်ပါက လိုချင်နေကြတဲ့ တရားကို မရတဲ့အပြင် ရသတဏှာကြောင့် ဒုက္ခတောင် ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် သူတစ်ပါးတို့ရဲ့ အလှူကျွေးတောင် တင်သွားနိုင်ပါသေးတယ်။
အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း တဲ့။ ဒီစကားထဲက တရားခံဟာ တရားအားထုတ်ဆဲ ယောဂီတွေ မဖြစ်သင့်ပါ။ အမှန်တကယ် အမှတ်သတိနဲ့ စားသုံးသူဆိုရင် တရားခံဘဝက မုချလွတ်မယ်ဆိုတာ ထူးပြီး ပြောဖွယ်ပင်မလို။ သို့တစေ အမှတ်မမြဲသေးခင်မှာတော့ လွတ်ဖို့ မလွယ်ကူလှပါ။ ဒါ့ကြောင့် ရသတဏှာ မဖက်ရအောင်နဲ့ အစားမတော် တစ်လုတ် မဖြစ်ရလေအောင် ဆင်ခြင်မှုစွမ်းရည်ကိုလည်း အလျဉ်းသင့်သလို အသုံးချရပါမယ်။
တစ်ခါတုန်းက ရွာတစ်ရွာမှာ လေအဟုန်လို လျင်မြန်စွာ ကူးစက်ပြန့်ပွားပြီး ရုတ်ချည်း သေစေတဲ့ ကပ်ရောဂါတစ်မျိုး ကျရောက်ပါတယ်။ တစ်ရွာလုံးနီးနီး သေကုန်တာကို ရွာအစွန်ဆုံး အိမ်ကလူတွေ သိတော့ မိသားစု သုံးယောက် ရွာကနေ လက်ဗလာနဲ့ ထွက်ပြေးခဲ့ရတယ်။
သူတို့ ဦးတည်ရာက ကန္တာရဖြစ်နေခဲ့လို့ ခက်ခဲပင်ပန်းစွာနဲ့ ခရီးဆက်နေကြရပါတယ်။ မပြေးလို့ကလည်းမဖြစ်။ ပြေးရပြန်တော့လည်း ကန္တာရမို့ ခရီးမတွင်။ ဒီကြားထဲ စားစရာက မပါ။ သောက်စရာက နတ္ထိ။ စားသောက်စရာရှိတဲ့ ကန္တာရအစွန်ကို မြင်နေရပြီ ဆိုတာတောင် ခရီးဆက်ဖို့ အားအင်တွေ ကုန်ခမ်းလေပြီထင့်။
ဒီအချိန်မှာ လင်ယောက်ျားဖြစ်သူထံမှ အတွေးကောင်းတစ်ခု ပေါ်လာပါတယ်။ ဒီအတိုင်းသာ မှိုင်ထွေနေကြပါက မိသားစုအကုန်လုံး သေဆုံးကြရဖွယ်ရှိတယ်။ တစ်ယောက်ယောက်က အသေခံပြီး ကျန်သူနှစ်ယောက် ကျွေးမယ်ဆိုမှ ကျန်သူနှစ်ယောက် အသက်ရှင်နိုင်မယ်လို့ပါ။ ဒါ့ကြောင့် သူကပင် သူ့ရဲ့မိန်းမသူကို အနစ်နာခံစကား ခင်းပါတယ်။
သူ့ကို သတ်ပြီး သားအမိနှစ်ယောက် အသွေးကို သောက်ပြီး အသားကို စားပါက ကန္တာရကို လွန်ပြီး အသက်ရှင်နိုင်ပါတယ်။ အသက်ရှင်သွားပါက အကျင့်ကောင်းမွန်ပြီး လုပ်ငန်းကျွမ်းကျင်တဲ့ နောက်လင်တစ်ယောက်ကို ထပ်ယူကာ သားလေးကို လူလားမြောက်အောင် ပြုစုသွားဖို့ မှာကြားပါတယ်။
မိန်းမသူကလည်း စဉ်းစားချင့်ချိန်ပြီး စကားပြန်ပါတယ်။ သားတစ်ယောက်ကို မိခင်တစ်ယောက်ထဲနဲ့ လိမ္မာယဉ်ကျေးအောင် ပြုစုစောင့်ရှောက်နိုင်ဖို့ဆိုတာ မလွယ်ကူပါ။ သားကို ဖခင်တို့ကသာ နိုင်နိုင်နင်းနင်း ထိန်းကြောင်းနိုင်ပါတယ်။ ဒါ့ကြောင့် သူ့ကိုသာ သတ်ပြီး စားသောက်ကြဖို့နဲ့ သားကို လိမ္မာယဉ်ကျေးအောင် ထိန်းကြောင်းစောင့်ရှောက်ဖို့လည်း မှာကြားလိုက်ပါတယ်။
ဇနီးမောင်နှံ နှစ်ယောက်ဟာ အတန်ငယ် စကားပြောနေကြရင်း သားငယ်ကို နင့်အဖေဆီသွား နင့်အမေဆီသွားနဲ့ တွန်းပို့နေကြရာ ကလေးငယ်ဟာ အမောဆို့ကာ သေဆုံးသွားရှာပါတယ်။ အဲ့ဒီတော့မှ ကလေးငယ်ရဲ့ အလောင်းကောင်ကို ဖျက်ဆီးကာ အသွေးကို သောက်ကြတယ်။ အသားကို စားကြတယ်။ ဒိနောက် ကန္တာရကို လွန်မြာက်အောင် ခရီးဆက်သွားကြပြီး ဘဝသစ် ထူထောင်နိုင်ခဲ့ကြပါတယ်။
မောင်နှံအစုံဟာ သားငယ်ရဲ့ အသွေးတွေကို ရေလို သောက်သုံးကြရပေမဲ့ ရေသောက်သလို အရသာမတွေ့နိုင်ကြပါ။ နူးညံ့ပျောင်းအိနေတဲ့ အသားကို စားကြရပေမဲ့ မပျော်နိုင်ကြပါ။ ရှေ့ခရီး ဆက်နိုင်ဖို့ရန်ဆိုတဲ့ ရည်ရွယ်ချက်အတွက် အာသာပြေအောင်နဲ့ အဆာပြေအောင်သာ ကြိတ်မှိတ်ပြီး သောက်ခဲ့ကြရ၊ စားခဲ့ကြရပါသတဲ့။
တရားအားထုတ်ဆဲ ယောဂီအနေနဲ့ စားသောက်နေကြစဉ် အထက်က ပုံဝတ္ထုလေးကို ဆင်ခြင်မိပါရင်လည်း ရသတဏှာမပေါ်လာအောင် တားဆီးနိုင်ကြပါလိမ့်မယ်။ မိဘနှစ်ပါးက သားငယ်ရဲ့ အသွေးအသားတွေကို သောက်စားပြီး ကန္တာရခရီးကို လွန်မြောက်အောင် သွားနိုင်ခဲ့ကြသလို ငါသည် ဒီသောက်ဖွယ် စားဖွယ်များကို သောက်စားခြင်းအားဖြင့် ကိလေသာတောကနေ လွန်မြောက်အောင် ကျင့်ကြံသွားနိုင်ရန်သာဖြစ်တယ်လို့ ဆင်ခြင်ရပါမယ်။ နှလုံးသွင်းရပါမယ်။ ဒါဆိုရင် မတော်တဲ့ အစားတစ်လုတ်ကိုလည်း ရှောင်ကွင်းသွားနိုင်မှာ ဖြစ်ပါတယ်။
ယောဂီရဲ့ စားသောက်ရေးနဲ့ ပတ်သက်ပြီး ဒီလောက်ကျယ်ကျယ်ဝန်းဝန်း ပြောနေရတာဟာ အကြောင်းရှိလို့ပါ။ ကာမဂုဏ် အာရုံငါးပါးထဲမှာ ရသာရုံကြောင့် ဖြစ်လာရတဲ့ ရသတဏှာက အဆိုးဆုံးနဲ့ အကျယ်ပြန့်ဆုံးမို့ပါ။ ဟင်္သာကိုးသောင်းတို့ ဇာတ်တူသားစားကြပြီး မျိုးသုဉ်းသွားခဲ့ကြရတာ ရသတဏှာကြောင့်၊ ပေါရိသာဒကြီး ဘဝပျက်ခဲ့ရတာ ရသတဏှာကြောင့်ပါ။
သူတော်ကောင်းတွေ ဖြစ်ပေမဲ့ အမှတ်တမဲ့ဖြစ်ခဲ့ရင် မရှောင်နိုင်ကြတာလည်း ရသတဏှာပါ။ ရိပ်သာတွေမှာ စားစရာ အထုပ်ကြီးငယ်တွေနဲ့ တရားသွားအားထုတ်ကြတဲ့ ယောဂီတွေကို တွေ့ဖူးကြမှာပါ။ အဲ့ဒါဟာ ဘာကြောင့်လဲလို့တော့ မပြောတော့ပါဘူးလေ။
စားသောက်စဉ် ရှုမှတ်ပုံပြီးပါပြီ။
×××××××××××××××××××××
အထွေထွေမှတ်
==========
အထွေထွေမှတ်မှာ သီးခြားခေါင်းစဉ်နဲ့ ရေးသင့်တာတွေကို ရေးသားခဲ့ပြီးပါပြီ။ ကျန်တာတွေကတော့ အတိုအထွာများပင်။ စုံစီနဖာမို့ သီးသန့် ခေါင်းစဉ်တွေနဲ့ မရေးတော့ပါ။
သို့ပေမင့် ကျန်နေတဲ့ စုံစီနဖာတွေဟာလည်း မရှုမှတ်ဘဲ ထားခဲ့ရမှာတွေတော့ မဟုတ်ရပါ။ သူ့အတိုင်းအတာနဲ့ သူ့တန်ကြေးများကတော့ဖြင့် ပိုင်ဆိုင်ထားကြသည်ပင်။ သို့ဖြစ်လို့ မဖြစ်မနေ ရှုမှတ်ကြရမှာကား ပြောစရာမလိုဘူး ထင်ပါရဲ့။ အဲ့ဒါတွေက တကယ့်ကို အထွေထွေမှတ်များဖြစ်ပြီး အသေးစိတ် ရှုမှတ်မှုတွေ ဖြစ်နေလို့ပါပဲ။ ဣရိယာပုထ်ကြီး ၄ မျိုးမှ ကျန်တဲ့ သွားလာလှုပ်ရှားမှုတွေ အားလုံးပါဝင်ပါမယ်။
အထွေထွေမှတ်များရဲ့ သီးခြားတန်ဖိုးတွေထဲက ပထမအချက်က သမာဓိကို အစဉ်ဆက်မပြတ်အောင် ဆက်စပ်ပေးနိုင်ခြင်းပါ။ ဥပမာ ထိုင်မှတ်နဲ့ စင်္ကြန်မှတ်ကို ဆက်စပ်ပေးတာမျိုးပေါ့။
ဒီအခန်းကဏ္ဍဟာလည်း အရေးကြီးပါတယ်။ ထိုင်တိုင်း လျှောက်တိုင်း သမာဓိကို ပြန်ပြန်ပြီး ပျိုးနေရရင် အိမ်ကြီးလာဖို့ အခွင့်အရေး နည်းပါးပါမယ်။ ဣရိယာပုထ်တစ်ခုကနေ ရထားပြီးတဲ့ သမာဓိကို နောက်ဣရိယာပုထ်တစ်ခုသို့ ဆက်စပ်ပေးနိုင်မှသာ သမာဓိအိမ်က ကြီးသထက် ကြီးလာခွင့်ရမှာ ဖြစ်ပါတယ်။
သမာဓိအားအလျောက် ရှုမြင်စွမ်းပေါ်မူတည်ပြီး ဝိပဿနာဉာဏ်တွေ ဖြစ်ပေါ်လာကြရတာကြောင့် သမာဓိအိမ်က ကြီးလေ ဉာဏ်မြင့်မြင့်ပေါ်လေလို့ ဆိုလိုပါတယ်။ ဆိုတော့ကာ သမာဓိအိမ်ကြီးကြီး ရရှိနိုင်ရေးမှာ အထွေထွေမှတ်တွေဟာ မရှိမဖြစ်တဲ့အရာတွေပေါ့။
အထွေထွေမှတ်များရဲ့ အရေးပါပုံ ဒုတိယအချက်ကား အသေးစိတ် အမူအရာများကို ရှုမှတ်နေခြင်းဖြစ်တာကြောင့် ဖြစ်ပျက်မှုတွေ ထင်မြင်လွယ်စေခြင်းပါ။ ဒီအချက်ဆိုရင် ဝိပဿနာဆိုတဲ့ ဝေါဟာရနဲ့ ယဉ်ပါးနေသူဖြစ်ပါက ဘယ်လောက်အရေးကြီးကြောင်းနဲ့ ဘယ်လောက်တန်ဖိုး မြင့်မားကြောင်း ရိပ်စားမိပါလိမ့်မယ်။
သို့တစေ စာရှုသူများ အားလုံးအတွက် ဗဟုသုတအလို့ငှါ အကျဉ်းချုပ်ပြီး တင်ပြပါမယ်။
ဝိပဿနာနယ်ပယ်မှာ အနိစ္စ၊ ဒုက္ခနဲ့ အနတ္တတို့ဆိုတဲ့ လက္ခဏာယာဉ် သုံးမျိုးရှိပါတယ်။ လက္ခဏာဆိုတာက အမှတ်အသား။ ယာဉ်ဆိုတာက ခရီးသွားများ စီးနင်းသွားစရာကို ခေါ်တယ်။ လက္ခဏာယာဉ်ဆိုတော့ကား အမှတ်အသားပြုခြင်းဖြင့် ယာဉ်တစ်ခုခုကို စီးနင်းမှုကိစ္စပြီးခြင်းလို့ ဖြစ်သွားပါတယ်။
ဟုတ်ပါတယ်။ နိဗ္ဗာန်ခရီးသွားများဟာ အမှတ်အသားပြုခြင်းဆိုတဲ့ ယာဉ်သုံးမျိုးကို စီးနင်းသွားပါမှ လိုရာခရီးသို့ ရောက်မှာပါ။ အဲ့ဒါတွေကို မစီးရင် မရောက်နိုင်တော့ဘူးဟူလို။
စီးတာတော့ စီးသွားလိုက်ချင်တာပေါ့။ ဒါပေသည့် ဘယ်လိုစီးရပါ့။ အမှတ်အသားပြုခြင်းဖြင့် စီးပါမယ်။ ဘယ်ဟာကို အမှတ်အသားပြုရပါ့။ ဖြစ်ပျက်ကို အမှတ်အသားပြုရပါမယ်။
ဖြစ်ပျက်ကို တိတိကျကျ အမှတ်အသားပြုနိုင်ပြီးဆိုပါက အနိစ္စလက္ခဏာယာဉ်ကို စီးမိခြင်းပါ။ ထူးခြားတာက ဒီယာဉ်သုံးမျိုးဟာ တစ်ခုခုကို စီးမိလိုက်တာနဲ့ ကျန်နှစ်မျိုးကိုလည်း အလိုလို စီးပြီး ဖြစ်ပါတယ်။ (ကျန်တဲ့နှစ်ပါးကနေ စစီးမိပုံတွေကိုတော့ အလျဉ်းသင့်သလို တင်ပြသွားပါမယ်။)
ဖြစ်ပျက်မြင်လျှင်၊ အနိစ္စမြင်သည်၊
အနိစ္စမြင်တော့၊ ဒုက္ခထင်သည်။
ဒုက္ခထင်တော့၊ အနတ္တမြင်သည်။
အနတ္တမြင်၊ နိဗ္ဗာန်ခွင်၊ ပြေးဝင်ဆိုက်ရောက်သည်။
အနိစ္စလက္ခဏာယာဉ် စီးမိပုံအတွက် မဟာစည်ဆရာတော် ဘုရားကြီးက ဆောင်ပုဒ်စီတော်မူခဲ့တာဖြစ်ပါတယ်။
အထွေထွေမှတ် ပြီးပါပြီ။
×××××××××××××××××
ငြိမ်းနန္ဒ (၂၂ -၂၄ /၁ /၂၀၁၇)
No comments:
Post a Comment