(၆)
ဣရိယာပထပိုင်း၊ စင်္ကြန်မှတ်
===================
စင်္ကြန်နဲ့စပ် သိမှတ်စရာ
---------------------------
တရားအားထုတ်ဆဲ ယောဂီဟာ သဒ္ဓါစတဲ့ တရား ၅ ပါးက ဣနြေ္ဒထိုက်နေမှ တရားနဲ့ တွေ့ပါတယ်။ မထိုက်ရင် တရားမပြောနဲ့ ဥပက္ကိလေသ အစအနတောင် မတွေ့နိုင်ဘူး။ ပီတိ ၅ ပါးဆို ဝေးရောပဲ။ ဆရာတစ်ပါးရဲ့ ဒေသနာထဲက ကောက်နှုတ်ချက်ပါ။
သဒ္ဓါစတဲ့ ၅ ပါးထဲမှာ ဝီရိယပါတယ်။ ယောဂီဟာ သူကိုလည်း ဣနြေ္ဒထိုက်အောင် လုပ်ရမှာပင်။ အဲ့ဒီအတွက်ကား စင်္ကြန်မှတ်ဟာ မဖြစ်မနေ လိုအပ်လာတယ်။
ဗဟုသုတအနေနဲ့ အစိုးတရရှိခြင်း ဝေါဟာရနှစ်မျိုးနဲ့ အဲ့ဒါတွေရဲ့ အသုံးဝင်ပုံများကို တင်ပြပါမယ်။ အဓိပတိနဲ့ ဣနြေ္ဒတို့ရဲ့ အကြောင်းတွေပါ။
အဓိပတိဆိုတာက ရှင်ဘုရင်လို အရာအားလုံးအပေါ် အစိုးတရရှိခြင်းဖြစ်တယ်။ ဣနြေ္ဒကတော့ ဝန်ကြီးတစ်ယောက်လို မိမိနဲ့ သက်ဆိုင်တဲ့ အရာဌာနမှာသာ အစိုးတရရှိပါတယ်။
ယောဂီဟာ မိမိ ရှုမှတ်ရမဲ့ ပေါ်ဆဲအာရုံတွေထဲက အထင်ရှားဆုံးကို ရှုမှတ်နိုင်မှသာ တရားနဲ့ တွေ့နိုင်တာကြောင့် ဣနြေ္ဒထိုက်နေဖို့သာ အရေးကြီးပါတယ်။ တွေ့မြင်လာသမျှကို လိုက်ပါ ဂရုစိုက်နေပါက အဓိပတိသဘော သက်ရောက်သွားပြီး သိမှုတွေဟာ ထွေပြား မှုန်ဝါးသွားတတ်သမို့ ထိထိမိမိ မရှိနိုင်ပေ။
စင်္ကမသုတ္တံ
=======
ပဉ္စိမေ ဘိက္ခဝေ စင်္ကမေ အာနိသံသာ၊ ကတမေ ပဉ္စ? "အဒ္ဓါနက္ခမော ဟောတိ, ပဓာနက္ခမော ဟောတိ, အပ္ပာဗာဓော ဟောတိ, အသိတံ ပီတံ ခါယိတံ သာယိတံ သမ္မာပရိဏာမံ ဂစ္ဆတိ, စင်္ကမာဓိဂတော သမာဓိ စိရဋ္ဌိတိကော ဟောတိ။ ဣမေခေါ ဘိက္ခဝေ ပဉ္စ စင်္ကမေ အာနိသံသာ" တိ။ န၀မံ။ (အင်္ဂုတ္တရ။ ပဉ္စကနိပါတပါဠိ။ ၂၄)
ဒါ့အပြင် စင်္ကြန်လျှောက်ခြင်းမှာ
၁။ ခရီးဝေးသွားနိုင်ခြင်း၊
၂။ ခန္ဓာကိုယ် ကြံ့ခိုင်ခြင်း၊
၃။ ရောဂါကင်းခြင်း၊
၎။ အစာကြေခြင်း၊
၅။ သမာဓိတရား ရှည်ကြာစွာ တည်တန့်ခြင်းတို့ဆိုတဲ့ ကောင်းကျိုးတွေ ရှိနေကြလေတော့ အရေးတကြီး လိုအပ်ချက်လည်း ဖြစ်ပြန်ပါတယ်။
စင်္ကြန်အကျိုး ၅ ပါး
=============
ခရီးသွားနိုင်၊ ကြံ့ ခိုင်အင်အား၊ ကင်းငြားရောဂါ၊ အစာကြေညက်၊ မပျက်သမာဓိ၊ ငါးမျိုးရှိ၊ သွားဘိစင်္ကြန်အကျိုးတည်း။
အထက်က ဆိုခဲ့တဲ့ စင်္ကြန်အကျိုး ၅ ပါးထဲမှာ မပါသေးတဲ့ အာနိသင်တွေ ကျန်နေပါသေးတယ်။ အဲ့ဒါတွေကိုတော့ ကမ္မဋ္ဌာနာစရိယများရဲ့ အတွေ့အကြုံအရ အစဉ်အဆက် အမှာထားခဲ့တဲ့ စကားတွေပါ။
စင်္ကြန်မှာ (က) ငိုက်မြည်းတာ မရှိဘူး။ (ခ) ညောင်ညာတာ နည်းပါးတယ်။ (ဂ) စိတ်ပြေးစိတ်ထွက်တွေလည်း မရှိသလောက်ပါ။
နောက်ပြီး စင်္ကြန်အမှတ်ဟာ အံဝင်ခွင်ကျဖြစ်ဖို့ ခဲယဉ်းပေမဲ့ မဖြစ်မနေကို အံဝင်အောင် ကြိုးစားကြရပါတယ်။ အကြောင်းသော် စင်္ကြန်အမှတ်တွေကို မမှားတော့ဘူးဆိုမှ ကမ္မဋ္ဌာန်းဆရာများက ဝေဒနာနုပဿနာနဲ့ စိတ္တာနုပဿနာတို့ကို ဆက်လက်ရှုမှတ်စေတတ်လို့ပါ။
ဒါ့အပြင် စင်္ကြန်ဟာ တရားစတင် အားထုတ်စ ယောဂီသစ်များမှာ မှတ်ရတာ ထင်ရှားပြီး သမာဓိအရ လွယ်ကူ မြန်ဆန်စေတယ်။ ဣရိယာပုထ် မျှတစေပြီး အညောင်းအညာတွေကို သက်သာ ပျောက်ကင်းစေတယ် ဟူသတတ်။
အဲ့ဒီလို အရေးတယူ လုပ်ဖို့ လိုအပ်လို့ အရှင်အနုရုဒ္ဓါ မထေရ်မြတ်ကြီးဟာ ၁၈ ရက်ကြာအောင် စင်္ကြန်လျှောက်တော်မူခဲ့ဖူးပါတယ်။ မဟာစည်ဆရာတော် ဘုရားကြီးက မထေရ်မြတ်ကြီးနဲ့ စင်္ကြန်ကမ္မဋ္ဌာန်းကို ပူဇော်သောအားဖြင့် ၁၈ နာရီကြာအောင် စင်္ကြန်လျှောက်တော်မူခဲ့ပါသတဲ့။
စင်္ကြန်နဲ့ ပတ်သက်ပြီး အရေးထားအားထုတ်တော်မူခဲ့တဲ့ အခြားပုဂ္ဂိုလ်တွေလည်း ရှိပါသေးတယ်။ အရှင်အာနန္ဒာ မထေရ်၊ အရှင်သောဏ မထေရ်၊ အရှင်မ ဗဟုပုတ္တိကာထေရီ စသည်တို့ ဖြစ်ကြပါတယ်။
ဆိုခဲ့တာတွေဟာ စင်္ကြန်ရဲ့ အရေးပါပုံတွေနဲ့ အလေးထားခဲ့တဲ့ ပုဂ္ဂိုလ်များရှိခဲ့ကြကြောင်း တင်ပြတာပါ။ တရားကို တကယ်မြတ်နိုးလို့ တကယ်အားထုတ် လိုသူများအတွက် စင်္ကြန်ကို အလေးထားစေချင်လို့ပါ။
စင်္ကြန်ပရိကံနဲ့ တစ်ချက်မှတ်ပုံ
--------------------------------------
စင်္ကြန်လျှောက်တော့မယ်ဆိုရင် အရင်သတိထားရမဲ့ အချက်က ခြေဆိုတဲ့ ပညတ်ကို ခွာပြီး ရွေ့ဆိုတဲ့ ပရမတ်ကို ရှုမှတ်ခြင်းပါ။ ဒိထက် ပိုပြီး တိတိကျကျ ပြောရရင် "စိတ္တကိရိယဝါယောဓာတု ဝိပ္ဖာရေန သကလကာယဿ ပုရတော အဘိနီဟာရော ဂမနံ" ဆိုတဲ့ အဋ္ဌကထာလာ စကားရပ်အတိုင်း ဝါယောဓာတ်ရဲ့ ပျံ့ နှံ့ လှုပ်ရှားခြင်းကြောင့် ရွေ့ခြင်းဖြစ်လာတယ်၊ သွားခြင်းဖြစ်လာတယ်လို့ သိရှိထားပြီး ရှုမှတ်ရန်ဖြစ်တယ်။
ဟုတ်ပါတယ် စင်္ကြန်လျှောက်တဲ့အခါ ခြေကို ကြွလိုက်လို့ ပေါ့တက်လာတာဟာ ဝါယောဓာတ်နဲ့ တေဇောဓာတ်တို့ကြောင့် ဖြစ်တယ်။ ချလိုက်လို့ လေးတွဲ့တွဲ့နဲ့ ကျသွားရာမှာ အာပေါဓာတ်နဲ့ ပထ၀ီဓာတ်တို့ကြောင့် ဖြစ်ကြောင်း စာပေက အခိုင်အမာ ဆိုထားပါတယ်။
စင်္ကြန်လျှောက်ပုံကို မဟာစည်ဆရာတော် ဘုရားကြီးရဲ့ လမ်းညွှန်ချက်များက အပြည့်စုံဆုံး ဖြစ်တာမို့ အဲ့ဒါတွေကိုပဲ အတတ်နိုင်ဆုံး စုဆောင်းတင်ပြသွားပါမယ်။ အဲ့ဒီအတွက် ထူးခြားတဲ့ သီးသန့် ပရိကံများကိုလည်း မှတ်သားထားရပါမယ်။
မတ်တတ်ရပ်နေဆဲမှာဖြစ်စေ၊ လျှောက်နေစဉ်မှာဖြစ်စေ ဦးခေါင်းကို မတ်ထားရပါမယ်။ လက်အစုံကို ရှေ့မှာဖြစ်စေ၊ နောက်မှာဖြစ်စေ တွဲယှက်ပြီး ကပ်ထားရမယ်။ မျက်လုံးအစုံကို လေးတောင်လောက်သာ ကြည့်ရပါမယ်။ အရှုခံနဲ့ မှတ်စိတ်ကို တစ်ထပ်ထဲကျအောင် နှလုံးသွင်းရပါမယ်။
စစချင်းမှာ ခြေတစ်လှမ်းကို တစ်မှတ်နှုန်းနဲ့ စတင်ပါမယ်။
ညာခြေကို စလှမ်းတဲ့အခါ ညာလှမ်းတယ်။ ဘယ်ခြေလှမ်းရင် ဘယ်လှမ်းတယ်လို့ မှတ်ရပါတယ်။ စင်္ကြန်လမ်းကို ဆယ်ကိုက်ဝန်းကျင်လောက် မှတ်သားပြီး ရပ်ပါမယ်။ ရပ်နေစဉ်မှာ ရပ်တယ်၊ ရပ်တယ်လို့ လေးငါးခါလောက် မှတ်ရပါတယ်။ ရပ်တယ်လို့ မှတ်နေစခိုက်မှာ ထောက်ကန် တောင့်တင်းခြင်းဆိုတဲ့ ဝါယောဓာတ်ရဲ့ သဘောသဘာဝကို ဂရုစိုက်ရပါမယ်။
ရပ်တယ်ဆိုပြီး မှတ်တဲ့အခါ တစ်ကိုယ်လုံးကို အာရုံပြုရပါမယ်။ ခေါင်းပေါ်ကနေ ရေလောင်းလိုက်လို့ တစ်ကိုယ်လုံးသို့ စီးဆင်းပျံ့နှံ့သွားသလို မှတ်စိတ်ကို တစ်ကိုယ်လုံး လွှမ်းခြုံမိအောင် သတိဖြင့် ဆင်ခြင်ပြီး သိနေရပါတယ်။
ခန္ဓာကိုယ်ကို လှည့်တဲ့အခါ လှည့်တယ်လို့ ခြေတစ်ချက်လှည့် တစ်ခါမှတ်ပါမယ်။ လှည့်နေစဉ် ခြေထောက်ရဲ့ ရွေ့ရှားမှုကို အာရုံပြုရပါမယ်။ ပူမှု အေးမှု မာမှု ပျော့မှုစတာတွေကိုလည်း ဂရုစိုက်ပြီး သိနိုင်အောင် ကြိုးစားယူရပါမယ်။ သူလိုရာဘက် တွန်းလျက် ရွေ့ရှားမှုဆိုတဲ့ ဝါယောဓာတ်ရဲ့ သဘောကို သိမြင်နိုင်အောင် ဂရုပြုရပါမယ်။
ပြီးတော့ ညာလှမ်း ဘယ်လှမ်းတာတွေကို ပြန်မှတ်ရတယ်။ မူလနေရာသို့ ပြန်ရောက်သွားရင် ရပ်တာမှတ်မယ်။ လှည့်မယ်။ လှည့်တာ မှတ်မယ်။ ညာလှမ်း ဘယ်လှမ်းပြန်မှတ်ပါမယ်။
သတိထားရမဲ့ အချက်တစ်ခုကို ပြောပြပါဦးမယ်။ စင်္ကြန်လျှောက်နေရင်း စိတ်ပြေးစိတ်ထွက်တွေ ပေါ်လာရင်ဖြစ်စေ၊ ပူမှု၊ အေးမှုစတာတွေ ထင်ရှားသိလာရင်ဖြစ်စေ အဲ့ဒါတွေကို သွားမမှတ်ရပါဘူး။ သိရုံသာ သိနေရပါမယ်။ စင်္ကြန်လျှောက်တဲ့ အမှတ်ကိုသာ ဖိဖိစီးစီး ဆက်မှတ်သွားရပါမယ်။ တကယ်လို့ စင်္ကြန်ကို မမှတ်နိုင်လောက်အောင် လွှမ်းမိုးလာတာဆိုရင် စင်္ကြန်လျှောက်တာကို ရပ်ပြီးတော့ မှတ်လိုက်ရပါမယ်။ ပြီးမှ စင်္ကြန်ကို ပြန်မှတ်သွားရပါမယ်။
ဆိုခဲ့တာတွေဟာ ယောဂီသစ်များအတွက် စင်္ကြန်အစပျိုးခြင်းနဲ့ အားထုတ်ဆဲ ယောဂီများရဲ့ အရေးအရာကိစ္စ တစ်မျိုးမျိုးအတွက် သွားလာရတဲ့အခါတွေမှာ ရှုမှတ်ပုံများဖြစ်ပါတယ်။
စင်္ကြန်နှစ်ချက်မှတ်စသည်
--------------------------------
ယောဂီဟာ စင်္ကြန်တစ်ချက်မှတ်ကို ကျွမ်းကျင်စွာ ပိုင်နိုင်သွားပြီဆိုရင် နှစ်ချက်မှတ်သို့ တက်ပြီး မှတ်ရပါတယ်။ ဒီနည်းနဲ့ အချက်တွေ တိုးတိုးပြီး မှတ်သွားရပါမယ်။ ၁၁ ချက်အထိ မှတ်ပုံများကို တင်ပြသွားပါမယ်။
၂ ချက်မှတ်
--------------
ရပ်နေတာကနေ စင်္ကြန်စသွားတဲ့အခါ ညာခြေဖဝါးက စကြွတယ်။ အဲ့ဒါကို စိတ်ထဲကနေ ကြွတယ်လို့ ဆိုရပါမယ်။ ခြေထောက်ကို တစ်လှမ်းစာ ရွေ့ရှားပြီးလို့ အောက်ကို ချလိုက်တဲ့အခါ ချတယ်လို့ မှတ်ရပါတယ်။
ကြွတဲ့အခါ တေဇောဓာတ်ရဲ့ သဘောသဘာဝဖြစ်တဲ့ ပေါ့တက်လာတာလေးကို သတိထားရပါမယ်။ ချတဲ့အခါ အာပေါဓာတ်ရဲ့ လေးတွဲ့တွဲ့နဲ့ ဆွဲချသွားတတ်တဲ့ သဘောလေးကို ဂရုစိုက်ရပါမယ်။ဘယ်ခြေသွားတာကိုလည်း နည်းတူမှတ်ရုံသာ။
စင်္ကြန်အဆုံးရောက်လို့ ရပ်တာကို ရှုမှတ်တဲ့အခါ ခြေဖဝါးနဲ့ ကြမ်းပြင်ထိနေတဲ့ နေရာကို အာရုံပြုပြီး ထိတယ်လို့ အမှတ်တစ်ချက် ထပ်တိုးပေးရပါမယ်။ ထိနေဆဲမှာ မာမှု၊ ပျော့မှုတို့ဆိုတဲ့ ပထဝီဓာတ်ရဲ့ သဘောသဘာဝကို ဂရုပြုရပါမယ်။ ရပ်တယ်၊ ထိတယ်လို့ မှတ်ရပါတယ်။
လှည့်တဲ့အခါကျတော့ ကိုယ်နေဟန် လှည့်နေတာကို အာရုံပြုပြီး လှည့်တယ်လို့ မှတ်ရပါတယ်။ လှည့်နေစဉ်မှာ သူလိုရာဘက် တွန်းလျက်ဆောင်တတ်တဲ့ ဝါယောဓာတ်ရဲ့ သဘောသဘာဝကို ဂရုစိုက်ရပါမယ်။
လှည့်နေတာကို သိနေတဲ့ အသိလေးကိုလည်း သိတယ်လို့ ပြန်မှတ်ရပါမယ်။ အထက်က လှည့်တာကို မှတ်တာနဲ့ ပြန်တွဲတော့ လှည့်တယ်၊ သိတယ်လို့ ဖြစ်သွားပါမယ်။
အသိကို သိတယ်လို့ ပြန်မှတ်ရတာဟာ စိတ္တာနုပဿနာအတွက် အခြေပျိုးနေခြင်း သို့မဟုတ် ရှုမှတ်နေခြင်း ဖြစ်ပါတယ်။
သမာဓိ အားကောင်းလာရင် ကောင်းသလောက် ဓာတ်တွေရဲ့ သဘာဝများကို ပိုမိုပြီး သိလာပါမယ်။ ဓာတ်တွေရဲ့ သဘောသဘာဝများကို သိလာတာဟာ တရားကို သိလာတာဖြစ်လို့ ပိုမိုသိရအောင် ပိုပိုပြီး ဂရုစိုက်သွားရမှာ ဖြစ်ပါတယ်။
၃ ချက်မှတ်
--------------
ကြွတာနဲ့ ချတာကို ၂ ချက်မှတ်ထဲက အတိုင်းပင် မှတ်ရပါတယ်။ ကြွပြီးလို့ တစ်လှမ်းစာ လှမ်းခိုက်မှာ လှမ်းတယ်လို့ မှတ်ရပါတယ်။ လှမ်းနေခိုက်မှာ ဝါယောဓာတ်ရဲ့ သူလိုရာသို့ တွန်းပို့ဆောင်ယူတတ်တဲ့ သဘောလေးကို ဂရုစိုက်ရပါမယ်။
စင်္ကြန်လမ်းဆုံးလို့ ရပ်တဲ့အခါ ရပ်တယ်လို့ မှတ်ရပါတယ်။ ခြေဖ၀ါးနဲ့ ကြမ်းပြင်ထိနေတာကို ထိတယ်လို့ မှတ်ရပါတယ်။ ရပ်နေမှန်း သိနေတဲ့ အသိလေးကိုလည်း သိတယ်လို့ မှတ်ရပါတယ်။ ပေါင်းလိုက်တော့ ရပ်တယ်၊ ထိတယ်၊ သိတယ်လို့ ဖြစ်သွားပါမယ်။
လှည့်တဲ့အခါကျတော့ လှည့်တယ်၊ ထိတယ်၊ သိတယ်လို့ မှတ်ရပါတယ်။ သတိထားရမှာတွေကတော့ ဆိုခဲ့ပြီးအတိုင်းပင်။
၎ ချက်မှတ် (၂)
-------------------
ဒီအတွက် ကြွနေဆဲအခါကို နှစ်ပိုင်းခွဲပါမယ်။ ခြေဖနောင့်လေး ကြွတက်လာတာကို ကြွတယ်လို့ မှတ်ရပါတယ်။ ခြေဖျားနဲ့တကွ ခြေထောက်တစ်ခုလုံးကို မတင်လိုက်တာကို မတယ်လို့ မှတ်ရပါတယ်။ ပြီးတော့ လှမ်းတယ်၊ ချတယ်တို့ကို မှတ်သွားရပါမယ်။
ကြွတယ်၊ မတယ်လို့ မှတ်နေစခိုက်မှာ တေဇောဓာတ်ရဲ့ ပူမှု၊ အေးမှုနဲ့ ပေါ့တက်လာတတ်တဲ့ သဘောသဘာဝများကို ဂရုပြုရပါမယ်။ ဒီ ၄ ချက်မှတ်ကစပြီး ရပ်တာနဲ့ လှည့်တာကို ၃ ချက်မှတ်ပုံမှာ ပါတဲ့အတိုင်းသာ မှတ်သွားရပါမယ်။
စင်္ကြန် ၄ ချက်မှတ် နောက်တစ်နည်းကိုလည်း မဖြစ်မနေ ရှုမှတ်ထားဖို့ လိုပါသေးတယ်။ အဲ့ဒါကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
မကြွခင် ကြွချင်စိတ်လေးကို သိအောင် မိအောင် အရင်ဖမ်းရတယ်။ မသိသေး မမိသေးရင် ခြေကို မကြွသေးဘဲ သိမိလာတဲ့အထိ သတိထားပြီး စိတ်နဲ့ ကြည့်နေရပါမယ်။သိမိပြီဆိုမှ အဲ့ဒီကြွချင်စိတ်လေးကို ကြွချင်တယ်လို့ အရင် မှတ်လိုက်ရပါတယ်။
ကျန်တာတော့ ၃ ချက်မှတ်ထဲကအတိုင်း ဆက်မှတ်သွားရပါမယ်။ ရပ်ပြီးလို့ လှည့်တော့မယ်ဆိုတဲ့အခါလည်း လှည့်ချင်စိတ်ကို သိမိအောင် ဂရုစိုက်ဖို့ လိုပါတယ်။ လှည့်ချင်တယ်၊ လှည့်တယ်၊ ထိတယ်၊ သိတယ်ဆိုပြီး အစဉ်အတိုင်း ဆက်မှတ်သွားရပါမယ်။
ကြွချင်စိတ်နဲ့ လှည့်ချင်စိတ်ကို သိမိအောင် ဖမ်းတယ်ဆိုတာ စိတ္တာနုပဿနာထဲ စဝင်တာပါ။ ဓမ္မာနုပဿနာကို အစပျိုးနေတာလည်း ဖြစ်ပါတယ်။
၅ ချက်မှတ်နဲ့ ၆ ချက်မှတ်
--------------------------------
ဆိုခဲ့ပါ ၄ ချက်မှတ် နှစ်နည်းကို ပေါင်းလိုက်ရင် ၅ ချက်မှတ် ဖြစ်လာပါမယ်။ ကြွချင်တယ်၊ ကြွတယ်၊ မတယ်၊ လှမ်းတယ်၊ ချတယ်လို့ ဖြစ်ပါတယ်။
၃ ချက်မှတ်တို့ရဲ့ ရှေ့တွေမှာ ချင်စိတ်လေးများကို ထည့်မှတ်သွားပါက ၆ ချက်မှတ် ဖြစ်လာပါမယ်။ ရပ်တဲ့အခါ ၃ ချက်မှတ်ထဲကအတိုင်းဖြစ်ပြီး လှည့်တဲ့အခါကျတော့ လှည့်ချင်စိတ်ကို မှတ်တာပါတဲ့ ၄ ချက်မှတ်ရဲ့ လှည့်စဉ်အတိုင်း မှတ်သွားရုံပါ။
အထူးသတိထားရန်က ကာယာနုပဿနာနဲ့ သမာဓိ ထူထောင်လိုပါက ၃ ချက်မှတ်ဟာ အထိရောက်ဆုံးဖြစ်တယ်။ စိတ်ပြေးစိတ်ထွက်ကို မသိလိုက်လို့ ဖမ်းမမိဘဲ မျောသွားတတ်တဲ့ စိတ္တာနုပဿနာ အားနည်းသူဆိုရင် ၆ ချက်မှတ်ကို ထိထိမိမိ ရှုမှတ်ရပါတယ်။
စင်္ကြန်လျှောက်ရန် ပုံသေနည်း
---------------------------------
စင်္ကြန်လျှောက် ပုံသေနည်းကို ပြောရပါမယ်ဆိုရင် ၁ ချက်မှတ်ကို လေး ငါးကြောင်းလောက် အညောင်းအညာတွေ ပြေပျောက်သွားအောင် လျှောက်ရတယ်။ ပြီးတော့ ၂ ချက်မှတ်ကို တစ်ကြောင်း နှစ်ကြောင်းလောက် လျှောက်ပြီး ၃ ချက်မှတ်ကိုကား သမာဓိထူထောင်လိုပါက အချိန်ရသလောက် လျှောက်ရတယ်။ စိတ္တာနုပဿနာရဲ့ အထောက်အပံ့ ဖြစ်စေဖို့ ရည်ရွယ်ချက်ရှိထားရင် ၃/၄/၅ ချက်မှတ်တို့ကို သင့်သလောက်သာ လျှောက်ပြီး ၆ ချက်မှတ်ကို ထိထိမိမိ လျှောက်ရပါမယ်။
ဆိုခဲ့တာတွေဟာ သာမန်သာ ဖြစ်နေတယ်လို့ ထင်ရပေမဲ့ စင်္ကြန်နဲ့ ပတ်သက်ရင် လုံလောက်ပါပြီ။ သို့တစေ စိတ်ပြေးစိတ်ထွက် အလွန်များသူတွေနဲ့ မိမိရဲ့ သမာဓိနဲ့ ဉာဏ်ကို အကဲစမ်း လိုသူများအတွက်ကား အခြား ၆ ချက်မှတ်နည်းများနဲ့ နောက်ထပ်တိုးနည်းတွေကို ရှုမှတ်ကြရပါတယ်။
စင်္ကြန် ၆ ချက်မှတ်စသည်
--------------------------------
စင်္ကြန် ၆ ချက်မှတ်ကို အဋ္ဌကထာဆရာတော် ပြဆိုထားတာရှိတယ်။ အဲ့ဒါဟာ ကာယာနုပဿနာအတွက် သီးသန့်  ဖြစ်နေတာလည်း တွေ့ရတယ်။ ကာယဂတာသတိနဲ့ သမာဓိကို ထိထိမိမိ ထူထောင်နိုင်တဲ့ အနေအထားဖြစ်အောင် ညွန်ကြားထားပါတယ်။
ကြွ၊ ဆွဲ၊ လှမ်း၊ လွှတ်၊ ချ၊ နင်း တို့ဖြစ်ကြပါတယ်။ ခြေတစ်လှမ်းစာအတွင်း ဖြစ်နိုင်သမျှ အမူအရာတွေကို အပြည့်အစုံ ထုတ်ပြထားခြင်းပါ။
ဆရာနည်း နောက်တစ်မျိုး ရှိပါတယ်။ ကြွ၊ မ၊ လှမ်း၊ ချ၊ ထိ၊ ဖိ တို့ဖြစ်ကြပါတယ်။ အဋ္ဌကထာနည်းနဲ့ ဆင်တူပြီး စကားလုံးတွေနဲ့ အထားအသိုတစ်ချို့ လွဲနေတာတွေပဲ ထူးတယ်လို့ မှတ်ချက်ပြုချင်ပါတယ်။
၁၁ ချက်မှတ်နဲ့ ဆက်စပ်နေသည်များ
----------------------------------------------
အထက်က ဆရာနည်းကို ထိကလွဲပြီး ကျန်တာတွေကို ချင်စိတ်ထည့်မှတ်လိုက်ရင် ၁၁ ချက်မှတ် ဖြစ်သွားပါမယ်။
ကြွချင်တယ်၊ ကြွတယ်၊ မချင်တယ်၊ မတယ်၊ လှမ်းချင်တယ်၊ လှမ်းတယ်၊ ချချင်တယ်၊ ချတယ်၊ ထိတယ်၊ ဖိချင်တယ်၊ ဖိတယ် တို့ဖြစ်ကြပါတယ်။
ဒီ ၁၁ ချက်မှတ်ကို မချင်နဲ့ မကို ဖြုတ်လိုက်ရင် ၉ ချက်မှတ်ဖြစ်သွားပါတယ်။ ဒီကဲ့သို့ပင် ကျန်တဲ့ အချက်ရေတွေအတွက်လည်း ၁၁ ချက်မှတ်ကိုပင် ဖြုတ်ဖြုတ်ပြီး မှတ်သွားရုံပါ။
အထူးအရေးကြီးတဲ့ သတိပေးစကား နည်းနည်းညပ်ချင်ပါတယ်။ သာမန်လူတွေဟာ လမ်းသွားတဲ့အခါ မြန်မြန်သွားမှ မြန်မြန်ရောက်တယ်။ စင်္ကြန်မှတ်နေတဲ့ ယောဂီမှာတော့ အဲ့ဒီလိုမဟုတ်။ ဖြေးဖြေးလျှောက်မှ တရားသဘောကို မြန်မြန်သိနိုင်ပါတယ်ဟူသတတ်။
စင်္ကြန်လျှောက်တာနဲ့ ပတ်သက်ပြီး ဆိုခဲ့တာတွေနဲ့ လုံလောက်ပြီလို့ ယူဆပါတယ်။ ဒါ့ကြောင့် ဒီမှာတင် စင်္ကြန်မှတ်ကို အဆုံးသတ်လိုက်ပါတယ်။
စင်္ကြန်မှတ် ပြီးပါပြီ။
×××××××××××××
ငြိမ်းနန္ဒ (၁၈၊၂၁ /၁ /၂၀၁၇)
No comments:
Post a Comment