(၁၇)
သစ္စာပိုင်း
======
သစ္စာပိုင်း အကျဉ်းချုပ်
==============
ယောဂီဟာ အရိယာသစ္စာတရားတွေကို သတ္တဝါကောင် အသက်ကောင် မဟုတ်တဲ့ သဘောတရားမျှပဲလို့ ရှုမြင်နေတယ်။ ဘယ်လို ရှုမြင်နေပါသလဲဆိုရင်.....။
ယောဂီဟာ ဖြစ်ပျက်နေတဲ့ ဒီတရားဟာ ဆင်းရဲပင်ပန်းပါပဲဆိုပြီး ဟုတ်တိုင်းမှန်စွာ သိတယ်။ တပ်မက်သာယာတဲ့ ဒီတဏှာဟာ ဆင်းရဲဖြစ်ပေါ်ကြောင်းပါပဲဆိုပြီး အမှန်အတိုင်း သိတယ်။ ဖြစ်ပျက်မှု ကင်းတဲ့ နိဗ္ဗာန်ဟာ ဆင်းရဲချုပ်ငြိမ်းရာဖြစ်တယ်လို့ ဟုတ်မှန်တဲ့အတိုင်း သိတယ်။ အထူးသိမြင်တဲ့ ဒီမဂ္ဂင်တရားအပေါင်းဟာ ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားမဲ့ ကျင့်စဉ်ဖြစ်တယ်လို့ အဟုတ်အတိုင်း သိတယ်။
မဟာစည်ဆရာတော် ဘုရားကား ၎င်းသစ္စာလေးပါးအကျဉ်းကို အောက်ပါအတိုင်း လိုရင်းတိုရှင်း ရေးပြတော်မူထားပါတယ်။ ဆရာတော်ဘုရားရဲ့ စာရေးဟန်ကိုကား အများသိလွယ်အောင် စကားပြောဟန်နဲ့ ပြင်ရေးလိုက်ပါတယ်။
ဒုက္ခ အရိယသစ္စာ - အရိယာတို့ သိအပ်တဲ့ ဆင်းရဲအစစ်အမှန်။ ဒုက္ခသမုဒယ အရိယသစ္စာ - အရိယာတို့ သိအပ်တဲ့ ဆင်းရဲကြောင်း အစစ်အမှန်။ ဒုက္ခနိရောဓ အရိယသစ္စာ - အရိယာတို့ သိအပ်တဲ့ ဆင်းရဲငြိမ်းရာ ချမ်းသာအစစ်အမှန်။ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ - ဆင်းရဲငြိမ်းရာ ချမ်းသာသို့ရောက်ကြောင်းဖြစ်တဲ့ အရိယာတို့ သိအပ်တဲ့ အကျင့်လမ်းကြောင်း အစစ်အမှန်။ ဒီလေးပါးဟာ အရိယာတို့ သိအပ်တဲ့ တရားမှန်ဖြစ်လို့ အရိယသစ္စာ မည်ပါတယ်။ အဲ့ဒါတွေကို အတိုချုပ်အားဖြင့် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဆိုပြီးတော့လည်း ခေါ်ကြပါတယ်။
အထက်မှာ ဆိုခဲ့တာတွေဟာ အများနားယဉ်ပြီးသားတွေပါ။ သို့ပေမင့် အရိယသစ္စာ - အရိယာတို့ သိအပ်တဲ့ အစစ်အမှန်တရားဆိုတာကိုတော့ စောကြော ကြည့်ချင်ပါသေးတယ်။ ဘာကြောင့် အဲ့ဒီလို ပြောရတာလဲပေါ့။
ဒီတရားတွေဟာ အရိယာတို့သာ သိအပ်တယ်လို့ ဆိုလိုတာလား။ သို့တည်းမဟုတ် ဒီတရားတွေ သိသွားလို့ အရိယာဖြစ်သွားတာလို့ ပြောချင်တာလား။ ကိုယ့်ဟာကို မေးပြပြီးရင်တော့ ကိုယ့်ဟာကိုပဲ ပြန်ဖြေပြရမှာပေါ့။
သာမန်လူတွေမှာလည်း ဒုက္ခလောက်ကိုတော့ သိနားလည်ကြတာပါပဲ။ ဒါပေမဲ့ အရိယာတို့ သိသလောက်တော့ ထဲထဲဝင်ဝင် မသိနိုင်ကြပါ။ ရောဂါတစ်ခုခုအကြောင်းကို ဆရာဝန်တွေက သာမန်လူတွေထက် ပိုသိကြသလို၊ သာမန်ဆရာဝန်ထက် ဆိုင်ရာရောဂါအလိုက် အထူးပြုလေ့လာထားတဲ့ ပါမောက္ခက ပိုသလို သိပုံအဆင့်အတန်း ကွာခြားသွားပါတယ်။
ဒိအတူ သာမန်လူတွေ သိကြတဲ့ ဒုက္ခနဲ့ မဂ္ဂင် ၈ ပါးဆိုတဲ့ ကျင့်စဉ်ထူးကို အပြည့်အ၀ ကျင့်ကြံထားတဲ့ ပုဂ္ဂိုလ်တို့ရဲ့ ဒုက္ခကို သိရပုံကား မတူညီနိုင်ပါ။
မဂ္ဂင်ကျင့်စဉ်အတိုင်း အပြည့်အ၀ ကျင့်ကြံပြီးမှ ဒုက္ခကို သိလာရသူမှာ ဒုက္ခကို သိလိုက်တာနဲ့ တစ်ပြိုနက် ဒုက္ခဖြစ်ကြောင်းကိုပါ တစ်ပြိုင်နက်ထဲ သိတယ်။ ဒီမကောင်းတဲ့ အကြောင်းတရားကြောင့် ဆင်းရဲရတာပဲဆိုပြီး အဲ့ဒီအကြောင်းကို နှောင်ဖြစ်မလာအောင် ပယ်ပစ်လိုက်တယ်။ နောက်ပြီး ဒီဆင်းရဲတွေမရှိရင် အေးငြိမ်းသွားတာပဲလို့ ငြိမ်းအေးရာ နိဗ္ဗာန်ကိုပါ သိတယ်။
နိဗ္ဗာန်ကို သိတာနဲ့ တစ်ပြိုင်နက် မိမိကျင့်ပြီး ကျင့်ဆဲ မဂ္ဂင်ကျင့်စဉ်ဟာ ဆင်းရဲငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကောင်းပေပဲလို့ သိပြီး နောက်ထပ်ကြိမ်ဖန်များစွာ ဆက်လက်ကျင့်ကြံသွားဖို့ရာပါ သန္နိဋ္ဌာန်ချပြီး ဖြစ်သွားတယ်။ ကျင့်စဉ်ကို ပိုကောင်းသထက် ကောင်းအောင်၊ လေးနက်သထက် လေးနက်အောင် ဆက်လက်ကျင့်ကြံရမှာတွေကို ကောင်းမွန်လေးနက်စွာ ပိုသိသွားတဲ့ သဘောဖြစ်ပါတယ်။ ဒါကို သိ၊ ပယ်၊ ဆိုက်၊ ပွား လေးပါးသစ္စာဆိုပြီး မဂ်ဆိုက်ပုံကို ဆိုစမှတ်ပြုထားကြပါတယ်။
ဒီထက် ပိုပြီးတိကျအောင် ပြောရရင် ဒုက္ခကို သဘောလက္ခဏာ စတာတွေနဲ့တကွ တကယ်သိခြင်း၊ အမှန်အကန်သိခြင်းလို့ ပြောနိုင်ပါတယ်။ စာစကားနဲ့ ပြောတော့ သစ္စာထိုက်တဲ့ သိခြင်းပေါ့။ သို့ဖြစ်လို့ ရိုးတိုးရိတ်တိတ် သိခြင်းနဲ့ တကယ်သိခြင်းဟာ ကွဲပြားခြာနားပါတယ်လို့ အနှစ်ချုပ်ရပါမယ်။
အဖြေကို ပြန်ချုံ့တော့ သာမန်လူတို့ ဒုက္ခကို သိတာဟာ ဒုက္ခကိုသာ သိကြရပါတယ်။ မဂ္ဂင်ဆိုတဲ့ ကျင့်စဉ်ထူးကို အပြည့်အ၀ ကျင့်ကြံထားပြီး ပါရမီပြည့်နေသူကား ဒုက္ခကို သိတာနဲ့ သမုဒယကို ပယ်ခြင်း၊ နိဗ္ဗာန်သို့ ဆိုက်ရောက် မျက်မှောက်ပြုခြင်း၊ မဂ္ဂင်တရားတွေကို ပိုမိုလေးနက်စွာ ဖြစ်ပွားစေခြင်းကိစ္စတွေကိုပါ ပြီးစေပါတယ်။ အရိယာဖြစ်သွားတယ် ဟူသတတ်။
ဒုက္ခသစ္စာ
======
ဒုက္ခကို ဖွင့်ဆိုချက်များ
===============
အရိယာတို့ သိအပ်တဲ့ အမှန်တရားတွေက ဘယ်ဟာများပါလဲဆိုရင်
၁။ ဇာတိဒုက္ခ - ဘ၀အသစ်ဖြစ်ရခြင်းဆင်းရဲ၊
၂။ ဇရာဒုက္ခ - အိုခြင်းဆင်းရဲ၊
၃။ မရဏဒုက္ခ - သေရခြင်းဆင်းရဲ၊
၎။ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ ဒုက္ခ - စိုးရိမ်ပူဆွေးခြင်းဆင်းရဲ၊ ငိုကြွေးမြည်တမ်းခြင်းဆင်းရဲ၊ ကိုယ်ဆင်းရဲခြင်းဆင်းရဲ၊ နှလုံးမသာယာခြင်းစိတ်ဆင်ရဲ၊ စိတ်ရဲ့လွန်စွာပင်ပန်းခြင်းဆင်းရဲ၊
၅။ အပ္ပိယ သမ္ပယောဂဒုက္ခ - မုန်းအပ်တဲ့ သတ္တဝါ သခါင်္ရ၀တ္ထုတို့နဲ့ တွေ့ကြုံပေါင်းသင်း စပ်ယှဉ်ရခြင်းဆင်းရဲ၊
၆။ ပိယ ၀ိပ္ပယောဂဒုက္ခ - ချစ်အပ်တဲ့ သတ္တဝါ သခါင်္ရ၀တ္ထုတွေနဲ့ ကွဲကွာကွေကွင်း မစပ်ယှဉ်ရခြင်းဆင်းရဲ၊
၇။ ယမ္ပိစ္ဆ နလဘဒုက္ခ - လိုချင်တာကို မရခြင်းဆင်းရဲ တို့ဖြစ်ကြပါတယ်။ သောကစတဲ့ ၅ ခုဖြစ်လို့ ဒုက္ခပေါင်း ၁၁ မျိုးဖြစ်ပါတယ်။
ယမ္ပိစ္ဆ နလဘဒုက္ခကို "ယမ္ပိစ္ဆန္တိ ယေနပိ ဓမ္မေန အလဗ္ဘနေယျဝတ္ထုံ နလဘတိ၊ တံ အလဗ္ဘနေယျဝတ္ထုပိ ဣစ္ဆနံ ဒုက္ခံ" လို့ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူပါတယ်။ အဲ့ဒီဖွင့်ဆိုပုံအရဆိုရင် အကြောင်းမဲ့ သက်သက် တောင့်တတဲ့၊ မရနိုင်တာကို အလိုရှိတဲ့ တဏှာကို ဒုက္ခလို့ ဆိုလိုပါတယ်။
အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ဟာ ဆင်းရဲတွေပါ။
မဟာစည်ဆရာတော်ဘုရားက ယမ္ပိစ္ဆ နလဘဒုက္ခအရ တဏှာဟာ သမုဒယသစ္စာသာ ဖြစ်သင့်တယ်မဟုတ်လားလို့ စောဒနာပြပြီး ဆရာတော်ကိုယ်တိုင်ပင် အာဂမယုတ္တိ၊ သဘာဝယုတ္တိတွေဆောင်ကာ ပြန်လည်ဖြေရှင်း တော်မူထားပါတယ်။
မူလပဏ္ဏာသ သမ္မာဒိဋ္ဌိသုတ်မှာ "တဏှဉ္စ ပဇာနာတိ၊ တဏှာသမုဒယဉ္စ ပဇာနာတိ" လို့ တဏှာကို ဒုက္ခသစ္စာအဖြစ်ဖြင့် သိပုံကို ပြထားတယ်။ အဲ့ဒီသုတ်မှာပင် "ရူပတဏှာ လောကေ ပိယရူပံ သာတရူပံ" ဆိုပြီး သမုဒယရဲ့ အာရုံဒုက္ခအဖြစ်ဖြင့် ဟောထားတာလည်း ရှိတယ် စသဖြင့် အာဂမယုတ္တိဆောင်ကာ တဏှာကို ဒုက္ခအဖြစ်ယူနိုင်ကြောင်း ရှင်းပြတော်မူထားပါတယ်။
အဲ့ဒါတွေကြောင့် ရှေးဘ၀က ပြီးခဲ့တဲ့ အကြောင်းတဏှာကို သမုဒယသစ္စာလို့ ယူပြီး နောက်ဘ၀မှာ ဖြစ်ပေါ်တဲ့ အကျိုးအတ္တဘောမှာ အတွင်းဝင်တဲ့ အလဗ္ဘနေယျဝတ္ထု ဣစ္ဆာတဏှာကို ဒုက္ခသစ္စာဆိုပြီး ယူရင် ဖြစ်လာမဲ့ သံသယကို ပယ်နိုင်ပါမယ်လို့ သဘာဝယုတ္တိဆောင်တော်မူထားပါတယ်။
ဒုက္ခဖွင့်ဆိုချက် အသေးစိတ်များ
====================
ယောဂီတို့ ဖြစ်ခြင်းဆိုတာ ဘယ်လိုဟာမျိုးလဲဆိုရင်......။
သတ္တဝါတွေရဲ့ သတ္တဝါအပေါင်းထဲမှာ ရှေးဦးစွာဖြစ်ခြင်း၊ ပြည့်စုံစွာဖြစ်ခြင်း၊ ဥခွံတွင်း အမိဝမ်းတွင်းသို့ သက်ဝင်ခြင်း၊ ကိုယ်ထင်ရှားဖြစ်ခြင်း၊ ဘ၀သစ်ခန္ဓာတို့ရဲ့ ထင်ရှားဖြစ်ခြင်း၊ စက္ခုစတဲ့ အာယတနတို့ကို တစ်ဖန်ရခြင်း ဆိုတာရှိတယ်။ ဆိုအပ်ခဲ့တဲ့ သဘောကို ဇာတိ - ဖြစ်ခြင်းလို့ ဆိုပါတယ်။
ယောဂီတို့ အိုခြင်းဆိုတာ ဘာပါလဲဆိုရင်....။
သတ္တဝါတို့ရဲ့ သတ္တဝါအပေါင်းထဲမှာ အိုခြင်း၊ ရင့်ရော်ခြင်း၊ သွားကျိုးခြင်း၊ ဆံဖြူခြင်း၊ အရေတွန့်ခြင်း၊ ဇီဝိတလို့ခေါ်တဲ့ အသက်ရုပ်ရဲ့ ဆုတ်ယုတ်ခြင်း၊ စက္ခုစတဲ့ ဣနြေ္ဒတို့ရဲ့ ရင့်ခြင်းဆိုတာ ရှိတယ်။ ဒီဆိုအပ်ခဲ့ပြီးတဲ့ သဘောကို အိုခြင်းလို့ ဆိုပါတယ်။
ယောဂီတို့ သေခြင်းဆိုတာ ဘယ်လိုဟာပါလဲဆိုရင်.......။
သတ္တဝါတို့ရဲ့ သတ္တဝါအပေါင်းထဲမှာ ရွေ့လျောခြင်း၊ ရွေ့လျောတဲ့ အချင်းအရာ၊ ပျက်စီးခြင်း၊ ကွယ်ပျောက်ခြင်း၊ သေဆုံးခြင်း၊ သေခြင်းကို ပြုခြင်း၊ ခန္ဓာတို့ရဲ့ ပျက်စီးခြင်း၊ ကိုယ်ကောင်ကို ပစ်ချခြင်း၊ ဇီဝိတိနြေ္ဒလို့ခေါ်တဲ့ အသက်ရဲ့ စင်းစင်းပြတ်ခြင်းဆိုတာ ရှိတယ်။ ဆိုအပ်ခဲ့သော သဘောကို သေခြင်းလို့ ဆိုပါတယ်။
ယောဂီတို့ စိုးရိမ်ပူဆွေးခြင်းဆိုတာ ဘာပါလဲဆိုရင်......။
တစ်ပါးပါးသော ဆွေမျိုးပျက်စီးခြင်း ဥစ္စာပျက်စီးခြင်း ရောဂါနှိပ်စက်ခြင်း သီလပျက်စီးခြင်း အယူပျက်စီးခြင်းဆိုတဲ့ ပျက်စီးမှုနဲ့ တွေ့ကြုံ ပြည့်စုံနေတဲ့ သူမှာဖြစ်စေ၊ တစ်ခုခုသော ဆင်းရဲကြောင်း ၀တ္ထု အမှု အာရုံက ထိပါးနှိပ်စက်အပ်တဲ့ သူမှာဖြစ်စေ စိုးရိမ်ပူဆွေးခြင်း၊ စိုးရိမ်းပူဆွေးတဲ့ အမူအရာ၊ စိုးရိမ်ပူဆွေးတဲ့အဖြစ်၊ အတွင်းမှာ ပူဆွေးခြင်း၊ အတွင်းမှာ တလှိုက်လှိုက် ပြင်းထန်စွာ ပူဆွေးခြင်းဆိုတာ ရှိတယ်။ ဒီဆိုအပ်ခဲ့တဲ့ သဘောကို စိုးရိမ်ပူဆွေးခြင်းလို့ ခေါ်ပါတယ်။
ယောဂီတို့ ငိုကြွေးမြည်တမ်းခြင်းဆိုတာ ဘယ်လိုဟာလဲဆိုရင်........။
တစ်ပါးပါးသော ပျက်စီးမှုနဲ့ တွေ့ကြုံ ပြည့်စုံနေသူမှာဖြစ်စေ၊ တစ်ခုခုသော ဆင်းရဲကြောင်းဝတ္ထု အမှု အာရုံက ထိပါး နှိပ်စက်အပ်တဲ့ သူမှာဖြစ်စေ ပျက်စီးတဲ့ ပုဂ္ဂိုလ် ၀တ္ထု တစ်စုံတစ်ခုကို ရည်စူးပြီး မြည်တမ်းခြင်း၊ ပျက်စီးတဲ့ ပုဂ္ဂိုလ် ၀တ္ထု တစ်စုံတစ်ခုရဲ့ ဂုဏ်ကျေးဇူးကို ရည်စူးပြီး မြည်တမ်းခြင်း၊ ရည်စူးပြီး မြည်တမ်းတဲ့ အမူအရာ၊ ဂုဏ်ကျေးဇူးကို ပြောဆိုပြီး မြည်တမ်းခြင်းအမူအရာ၊ ဂုဏ်ကျေးဇူးကို ပြောဆိုပြီး မြည်တမ်းတဲ့အဖြစ်ဆိုတာ ရှိတယ်။ အဲ့ဒီ ဆိုအပ်ခဲ့တဲ့ သဘောကို ငိုကြွေးမြည်တမ်းခြင်းလို့ ဆိုအပ်ပါတယ်။
ယောဂီတို့ ဆင်းရဲတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲဆိုရင်.......။
ကိုယ်ထဲမှာဖြစ်တဲ့ဆင်းရဲ၊ ကိုယ်ထဲမှာဖြစ်တဲ့ မသာယာဖွယ်၊ ကိုယ်နဲ့ ထိတွေ့ခြင်းကြောင့်ဖြစ်တဲ့ဆင်းရဲ၊ သာယာဖွယ် မဟုတ်တဲ့ ခံစားမှုဆိုတာ ရှိတယ်။ အဲ့ဒီလို သဘောကို ဆင်းရဲလို့ ဆိုအပ်ပါတယ်။
ယောဂီတို့ စိတ်နှလုံး မသာယာခြင်းဆိုတာ ဘာကို ပြောတာလဲဆိုရင်.....။
စိတ်ထဲမှာ ဖြစ်တဲ့ဆင်းရဲ၊ စိတ်ထဲမှာဖြစ်တဲ့ မသာယာဖွယ်၊ စိတ်ကူးအတွေ့ကြောင့်ဖြစ်တဲ့ ဆင်းရဲ၊ သာယာဖွယ် မဟုတ်တဲ့ ခံစားမှုဆိုတာ ရှိတယ်။ ဒီသို့ ဒီပုံ ဆိုအပ်ခဲ့တဲ့ သဘောကို စိတ်နှလုံး မသာယာခြင်းလို့ ဆိုပါတယ်။
ယောဂီတို့ စိတ်ရဲ့ လွန်စွာ ပင်ပန်းခြင်းဆိုတာ ဘာကို ပြောတာလဲဆိုရင်........။
တစ်ပါးပါးသော ပျက်စီးမှုနဲ့ တွေ့ကြုံ ပြည့်စုံနေတဲ့ သူမှာဖြစ်စေ၊ တစ်ခုခုသော ဆင်းရဲကြောင်း ၀တ္ထု အမှု အာရုံက ထိပါး နှိပ်စက်အပ်တဲ့ သူမှာဖြစ်စေ စိတ်ရဲ့ လွန်စွာ ပင်ပန်းခြင်း၊ စိတ်ရဲ့ ပြင်းထန်စွာ ပင်ပန်းခြင်း၊ စိတ်ရဲ့ လွန်စွာ ပင်ပန်းနေတဲ့အဖြစ်၊ စိတ်ရဲ့ ပြင်းထန်စွာ ပင်ပန်းနေတဲ့အဖြစ်ဆိုတာ ရှိတယ်။ အဲ့ဒီလို ဆိုအပ်ခဲ့တဲ့ သဘောကို စိတ်ရဲ့ လွန်စွာ ပင်ပန်းခြင်းလို့ ခေါ်ပါတယ်။
ယောဂီတို့ မုန်းဖွယ် အာရုံ ပုဂ္ဂိုလ်နဲ့ တွေ့ဆုံ ပေါင်းသင်းရခြင်း ဆင်းရဲဆိုတာ ဘယ်လိုဟာကို ပြောတာလဲဆိုရင်.........။
ဒီလောကမှာ တစ်စုံတစ်ယောက်က အဆင်း အသံ အနံ့ အရသာ အတွေ့ သဘောအာရုံတို့ကို အလိုမရှိကုန်၊ မနှစ်သက်အပ်ကုန်၊ စိတ်ကို မပွားစေတတ် မရွှင်စေတတ်လို့ မမြတ်နိုးအပ်ကုန်ပါ။ တစ်ချို့လူတွေက တစ်စုံတစ်ယောက်သောသူရဲ့ အကျိုးမဲ့ကို လိုလားကြတယ်၊ အစီးအပွားမဲ့ကို လိုလားကြတယ်၊ မချမ်းသာခြင်းကို လိုလားကြတယ်၊ ဘေးရန် မငြိမ်းခြင်းကို လိုလားကြတယ်။ အဲ့ဒီ တစ်စုံတစ်ယောက်ရဲ့ မုန်းဖို့ ကောင်တဲ့ အဲ့ဒီအာရုံ အဲ့ဒီပုဂ္ဂိုလ်နဲ့တကွ တွေ့ရခြင်း၊ ဆုံရခြင်း၊ ပေါင်းဆုံရခြင်း၊ ရောနှောပြီး နေရခြင်းဆိုတာ ရှိတယ်။ ဆိုအပ်ခဲ့တဲ့ သဘောကို မုန်းဖွယ် အာရုံ ပုဂ္ဂိုလ်နဲ့ တွေ့ဆုံ ပေါင်းသင်းရခြင်း ဆင်းရဲလို့ ဆိုအပ်ပါတယ်။
ယောဂီတို့ ချစ်စဖွယ် အာရုံ ပုဂ္ဂိုလ်တို့နဲ့ ကွဲကွာကွေကွင်းရခြင်း ဆင်းရဲဆိုတာ ဘယ်လိုဟာမျိုးပါလိမ့်ဆိုရင်...........။
ဒီလောကမှာ တစ်ဦးဦးက အဆင်း အသံ အနံ့ အရသာ အတွေ့ သဘောအာရုံတို့ကို လိုလားအပ် နှစ်သက်အပ် မြတ်နိုးအပ်ကြတယ်။ အခြားလူတွေက အဲ့ဒီတစ်ဦးရဲ့ အကျိုးကို လိုလားကြတယ်။ စီးပွားကို လိုလားကြတယ်။ ချမ်းသာခြင်းကို လိုလားကြတယ်။ ဘေးရန် ငြိမ်းခြင်းကို လိုလားကြတယ်။ မိခင် ဖခင် ညီအစ်ကို အစ်မနှမ အဆွေခင်ပွန်း အပေါင်းအဖော် ဆွေမျိုးသားချင်းဆိုတာတွေ ရှိကြတယ်။ ချစ်ဖွယ်ကောင်းတဲ့ အဲ့ဒီအာရုံ အဲ့ဒီဝတ္ထုတို့နဲ့တကွ မတွေ့ရခြင်း၊ မဆုံရခြင်း၊ မပေါင်းဆုံရခြင်း၊ ရောနှောပြီး မနေရခြင်းဆိုတာ ရှိတယ်။ ဆိုအပ်ခဲ့ပြီးတဲ့ ဒီသဘောကို ချစ်ဖွယ်အာရုံ ပုဂ္ဂိုလ်တို့နဲ့ ကွဲကွာကွေကွင်းရခြင်း ဆင်းရဲလို့ ခေါ်ဆိုအပ်ပါတယ်။
ယမ္ပိစ္ဆံ နလဘ ဒုက္ခဖြစ်ပုံများ
==================
ယောဂီတို့ တဏှာဖြင့် လိုချင်ပါလျက်မရ၊ အဲ့ဒီမရနိုင်တာကို လိုချင်ခြင်း ဆင်းရဲဆိုတာ ဘယ်လိုဟာမျိုးလဲဆိုရင်.......။
ဘ၀သစ်ဖြစ်ခြင်း သဘောရှိကြတဲ့ သတ္တဝါတွေက ငါတို့ဟာ ဘ၀သစ် မဖြစ်ရတော့ရင် ကောင်းမှာပဲ၊ ဘ၀သစ်ဖြစ်ခြင်းသဘောကလည်း ငါတို့ဆီ ရောက်မလာရင် ကောင်းမှာပဲလို့ တောင့်တလိုလားခြင်းဖြစ်တယ်။ ပသို့ပင် တောင့်တလိုလားပေမဲ့ တောင့်တမှုမှာ ပြည့်ဝတယ်ရယ်လို့မရှိ။ ဒီဆိုအပ်တဲ့ သဘောဟာလည်း တဏှာဖြင့် လိုချင်ပါလျက်မရ၊ အဲ့ဒီ မရတာကြီးကို လိုချင်ခြင်း ဆင်းရဲဖြစ်ပါတယ်။
အိုခြင်းသဘောရှိကြတဲ့ သတ္တဝါတို့အား ငါတို့ဟာ အိုခြင်းသဘော မရှိကြတော့ရင် ကောင်းမှာပဲ၊ အိုခြင်းဟာ ငါတို့ဆီကို ရောက်မလာရင် ကောင်းမှာပဲလို့ တောင့်တ လိုလားခြင်းဖြစ်တယ်။ ပသို့ပင် တောင့်တလိုလားပေမဲ့ ဒီမအိုခြင်းကို တောင့်တလိုလားရုံမျှဖြင့် မရောက်နိုင် မရနိုင်ပါတကား။ ဆိုအပ်ခဲ့ပြီးတဲ့ သဘောဟာလည်းပဲ မရောက်နိုင် မရနိုင်တာကို လိုချင်ခြင်း ဆင်းရဲပင်ဖြစ်ပါတယ်။
နာဖျားတတ်ခြင်း သဘောရှိကြတဲ့ သတ္တဝါတွေမှာ ငါတို့ဟာ နာဖျားခြင်းသဘော မရှိကြရပါမူ ကောင်းပေမယ်၊ နာဖျားခြင်းဟာလည်းပဲ ငါတို့ဆီကို ရောက်မလာနိုင်ခဲ့ရင် ကောင်းပေမယ်လို့ တောင့်တလိုလားခြင်းဖြစ်တယ်။ ပသို့ပင် တောင့်တလိုလားပေမဲ့ မနာဖျားရခြင်းကို တောင့်တလိုလားမှုမျှဖြင့် မရောက်နိုင်ကြ မရနိုင်ကြပါ။ ဒီဆိုအပ်ခဲ့တဲ့ သဘောဟာလည်းပဲ မရောက်နိုင် မရနိုင်တာကို လိုချင်ခြင်းဆင်းရဲပင် ဖြစ်ပါတယ်။
သေခြင်းသဘော ရှိကြတဲ့ သတ္တဝါများမှာ ငါတို့ဟာ သေခြင်းသဘော မရှိကြရပါမူကား ကောင်းလေစွ၊ သေခြင်းဟာလည်း ငါတို့ဆီ မလာရောက်နိုင်ပါမူကား ကောင်းလေစွလို့ တောင့်တ လိုလားခြင်းဖြစ်တယ်။ ပသို့ပင် တောင့်တလိုလားပေမဲ့ မသေခြင်းကိုကား တောင့်တလိုလားရုံမျှဖြင့် မရောက်နိုင် မရနိုင်ပါ။ ဆိုအပ်ခဲ့တဲ့ ဒီသဘောဟာလည်း မရောက်နိုင် မရနိုင်တာကို လိုချင်ခြင်းဆင်းရဲပင် ဖြစ်ပါတယ်။
စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်နှလုံး မသာခြင်း စိတ်ရဲ့ အလွန်ပင်ပန်းခြင်း သဘောရှိကြတဲ့ သတ္တဝါတွေက ငါတို့မှာ စိုးရိမ်ပူဆွေးခြင်း ငိုကြွေခြင်း ကိုယ်ဆင်းရဲခြင်း စိတ်နှလုံး မသာခြင်း စိတ်ရဲ့ အလွန်ပင်ပန်းခြင်းသဘော မရှိကြရရင် ကောင်းမှာပဲ၊ စိုးရိမ်ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်နှလုံး မသာခြင်း စိတ်ရဲ့ လွန်စွာ ပင်ပန်းခြင်းတို့ဟာ ငါတို့ဆီကို ရောက်မလာနိုင်ကြရင် ကောင်းမှာပဲလို့ တောင့်တ လိုလားခြင်းဖြစ်တယ်။ ပသို့ပင် တောင့်တလိုလားပေမင့် မစိုးရိမ်မပူဆွေးခြင်း မငိုကြွေးရခြင်း ကိုယ်ဆင်းရဲကင်းခြင်း စိတ်နှလုံး မသာမှုကင်းခြင်း စိတ်ရဲ့ အလွန်အကျွံ ပင်ပန်းမှု ကင်းခြင်းကို တောင့်တလိုလားရုံမျှနဲ့ မရောက်နိုင် မရနိုင်ပါ။ ဒီဆိုအပ်ခဲ့ပြီးတဲ့ သဘောဟာလည်းပဲ မရောက်နိုင် မရနိုင်တာကို လိုချင်ခြင်းဆင်းရဲပင် ဖြစ်ပါတော့တယ်။
ယောဂီတို့ အကျဉ်းအားဖြင့် ငါးပါးရှိတဲ့ ဥပါဒါနက္ခန္ဓာ ဆင်းရဲတွေဆိုတာ ဘယ်ဟာတွေလဲဆိုရင်.....။
ဒီခန္ဓာတွေကို သရုပ်ခွဲပြရရင် ရုပ်ဥပါဒါနက္ခန္ဓာက ၁ ပါး၊ ဝေဒနာဥပါဒါနက္ခန္ဓာက ၁ ပါး၊ သညာဥပါဒါနက္ခန္ဓာက ၁ ပါး၊ သခါင်္ရဥပါဒါနက္ခန္ဓာက ၁ ပါး၊ ၀ိညာဏ်ဥပါဒါနက္ခန္ဓာက ၁ ပါး ဒီတရားတွေကို အကျဉ်းချုပ်အနေဖြင့် ဥပါဒါနက္ခန္ဓာငါးပါး ဆင်းရဲတွေလို့ ဆိုအပ်ကြပါတယ်။
ယောဂီတို့ ဆိုခဲ့ပြီးတဲ့ ဇာတိအစ ဥပါဒါနက္ခန္ဓာအဆုံးရှိတဲ့ ဒီတရားအပေါင်းကို အရိယသစ္စာလို့ ဆိုအပ်ပါတယ်။
ဒုက္ခဒုက္ခစတဲ့ ဒုက္ခ ၇ ပါး
===============
မဟာသတိပဋ္ဌာန်ပါဠိတော်နဲ့ ၎င်းအဋ္ဌကထာမှာ ဒုက္ခသစ္စာအတွက် ဥပါဒါနက္ခန္ဓာမှာ အဆုံးသတ်ပါတယ်။ သမ္မောဟ၀ိနောဒနီခေါ် ၀ိဘင်္ဂအဋ္ဌကထာမှာတော့ ဒုက္ခသစ္စာနဲ့ ပတ်သက်ပြီး ဇာတိအစ ဥပါဒါနက္ခန္ဓာအထိသာမက ဒုက္ခဒုက္ခစတဲ့ ၇ ပါးမှာ အဆုံးသတ်ပါတယ်။ သို့ဖြစ်လို့ ယင်း ၇ ပါးကို ဆက်လက် တင်ပြသွားပါမယ်။ ဒီဒုက္ခတွေဟာ ၀ိပဿနာယောဂီတို့အတွက် အရေးပါတဲ့ သိစရာတွေလည်း ဖြစ်နေကြပါသေးတယ်။။
တတၳ ဒုကၡႆ အရိယသစၥႆ ကထနတၳာယ အယံ မာတိကာ - ဣဒဥွိ ဒုကၡံ နာမ အေနကံ နာနပၸကာရံ ေသယ်ထိဒံ - ဒုကၡဒုကၡံ ၀ိပရိဏာမဒုကၡံ သခါၤရဒုကၡံ ပဋိစၦႏၷဒုကၡံ အပၸဋိစၦႏၷဒုကၡံ ပရိယာယဒုကၡံ နိပၸရိယာယဒုကၡႏၱိ။ (ဘိ။ ႒။ ၂။ ၈၈)
၁။ နာကျင်ကိုက်ခဲခြင်းစတဲ့ ကိုယ်ဆင်းရဲအမျိုးမျိုးနဲ့ နှလုံးမသာခြင်း ၀မ်နည်းခြင်းစတဲ့ စိတ်ဆင်းရဲအမျိုးမျိုးတို့ဟာ ဒုက္ခဒုက္ခမည်ပါတယ်။ မမြဲလို့၊ ဖြစ်ပေါ်ဆဲမှာ မခံသာလို့ အဆင်းရဲဆုံး မကောင်းဆုံးတရားလို့ ဆိုလိုပါတယ်။
၂။ ကောင်းတာ ၀မ်းသာတာ စသဖြင့်ခေါ်ဝေါ်ကြတဲ့ ကိုယ်စိတ်ချမ်းသာမှု အမျိုးမျိုးဟာ ၀ိပရိဏာမဒုက္ခမည်ပါတယ်။ သူဖြစ်ပေါ်ခိုက်မှာ သာယာနှစ်သိမ့်စေပြီးရင် သူပျောက်ကွယ်သွားတဲ့အခါ နေမထိ ထိုင်မသာဖြစ်အောင် ဆင်းရဲ ပင်ပန်းစေတတ်တဲ့တရားလို့ ဆိုလိုပါတယ်။ ဒီဒုက္ခအတွက် အာရုံအမျိုးမျိုးဖြင့် ဖြားယောင်း သွေးဆောင်ပြီး စိတ်နောက် ရူးသွပ်စေတတ်တဲ့ ဘီလူးမနဲ့ တူတယ်လို့ စာပေတွေမှာ အနှိုင်းပြကြပါတယ်။ အမှန်အတိုင်း သိရရင် အဲ့ဒီဘီလူးမလိုပင် ကြောက်မက်ဖွယ် မုန်းဖွယ် ကောင်းတယ်။ သို့ကြောင့် အဲ့ဒီသုခဝေဒနာကို ၀ိပရိဏာမဒုက္ခလို့ ခေါ်ပါတယ်။
၃။ သာယာတောင့်တမှု တဏှာကို ချန်ထားပြီး ဥပေက္ခာဝေဒနာနဲ့တကွ ကြွင်းကျန်တဲ့ လောကီ ရုပ်နာမ်အပေါင်းဟာ ဖြစ်ပျက်မှုရှိလို့ မမြဲတာကြောင့် သခါင်္ရဒုက္ခမည်ပါတယ်။ ဒီဒုက္ခဟာ ဒုက္ခသစ္စာတရားတို့မှာ ပြန့်နှံ့တယ်။ သုခ ဒုက္ခ ဝေဒနာအာလုံး သခါင်္ရဒုက္ခအဖြစ်မှ မလွတ်ကြကုန်။ သို့ပေမင့် ဒုက္ခဒုက္ခနဲ့ ၀ိပရိဏာမဒုက္ခ စတာတွေကိုကား ဘာကြောင့် သီးခြားဟောရပါသလဲ။
ဒုက္ခဝေဒနာဆိုတဲ့ ဒုက္ခဒုက္ခကား လက်ငင်းမှာ မခံသာတာက သခါင်္ရဒုက္ခထက် ပိုတဲ့ သဘောရှိတယ်။ သုခဝေဒနာဆိုတဲ့ ၀ိပရိဏာမဒုက္ခကား သာမန်သခါင်္ရဒုက္ခထက် ထူးကဲတယ်။ ဒါ့ကြောင့် သခါင်္ရဒုက္ခမှ အသီးအခြား ဟောရပါတယ်။
သို့ကြောင့်ပင် သဠာယတန၀ဂ္ဂ ဝေဒနာသံယုတ် ၄၁၇ မှာ "တံ ခေါ ပနေတံ ဘိက္ခု မယာ 'သခါင်္ရာနံ ယေ၀ အနိစ္စတံ သန္ဓာယ' ဘာသိတံ 'ယံကိဉ္စိ ဝေဒယိတံ၊ တံ ဒုက္ခသ္မိ'န္တိ"။
"အားလုံးသော ခံစားမှုဆိုတာ ရှိတယ်။ အဲ့ဒီ ခံစားမှု အားလုံးဟာ ဆင်းရဲတွေချည်းပဲလို့ ဟောရတာက 'သခါင်္ရတွေရဲ့ မမြဲခြင်းကိုသာ ရည်ရွယ်ပြီး' ငါ ဘုရား ဟောတော်မူခဲ့တာပါ"။
အာရုံ ၀တ္ထုတွေကို သာယာ တပ်မက်တတ်ကြတာဟာ ရုပ်နာမ်သခါင်္ရတွေကို မြဲတယ်လို့ ထင်မှတ်မှားတာကြောင့်ပါ။ မပြတ်တရစပ် ဖြစ်ပျက်နေတယ်၊ ချမ်းသာကောင်းစားဖို့ မပြတ်ပြုပြင်ပေးနေရတယ်လို့ အမှန်အတိုင်း သိလာရင် မြဲတယ်၊ ချမ်းသာတယ်၊ ကောင်းတယ်လို့ မထင်နိုင်တော့ပြီ။ ကြောက်မက်ဖွယ်၊ ရွံမုန်းဖွယ်လို့တောင် ထင်လာကြမှာပါ။ ဒါ့ထက် မတပ်မက် မသာယာနိုင်တော့ပြီပေါ့။ သို့ဖြစ်လို့ ၀ိပဿနာအရာ ဒုက္ခသစ္စာအရာမှာ ဒီသခါင်္ရဒုက္ခကို ပိုင်နိုင်စွာ သိရန်လိုပါတယ်။ သိဖို့ရန် ကြိုးစားအားထုတ်ကြရပါမယ်။
၎။ ခေါင်းကိုက်၊ နားကိုက်၊ ဗိုက်နာ၊ သွားနာစတဲ့ ကိုယ်ဆင်းရဲနဲ့ ရာဂ ဒေါသတို့ကြောင့် ပူပန် စိတ်ညစ် ၀မ်းနည်းစတဲ့ စိတ်ဆင်းရဲတို့တွေဟာ ခံစားနေသူက ပြောပြမှသာ အခြားသူတို့ သိနိုင်ကြရပါတယ်။ မပြောပြရင် မသိနိုင်ပါ။ ဒါ့ကြောင့် အဲ့ဒီဆင်းရဲမျိုးကို ပဋိစ္ဆန္နဒုက္ခ - ကွယ်ဝှက်တဲ့ ဆင်းရဲလို့ ခေါ်ပါတယ်။ အပါကဋဒုက္ခ - မထင်ရှားတဲ့ ဆင်းရဲလို့လည်း ခေါ်ကြပါသေးတယ်။
၅။ ဒုတ် ဓား လှံဒဏ်ရာ အိုင်းအမာ စတာတွေကြောင့်ဖြစ်တဲ့ ကိုယ်ဆင်းရဲဟာ အပ္ပဋိစ္ဆန္နဒုက္ခ - မကွယ်ဝှက်တဲ့ ဆင်းရဲမည်ပါတယ်။ ပါကဋဒုက္ခ - ထင်ရှားတဲ့ ဆင်းရဲလည်း မည်ပါသေးတယ်။
၆။ ဒုက္ခဝေဒနာဟာ နိပ္ပရိယာယဒုက္ခ မည်ပါတယ်။ မုချဆင်းရဲလို့ ဆိုလိုပါတယ်။
၇။ ဒုက္ခဝေဒနာမှ ကြွင်းကျန်တဲ့ ဇာတိဒုက္ခ စတာတွေဟာ ပရိယာယဒုက္ခ မည်ပါတယ်။ ပင်ကိုယ်သဘောအားဖြင့် မခံသာခြင်းမရှိပေမဲ့ ဆင်းရဲအမျိုးမျိုးကို ဖြစ်စေတတ်သော အကြောင်းပရိယာယ် အနေအားဖြင့် ဆင်းရဲတဲ့တရား၊ မကောင်းတဲ့တရားမည်တယ်လို့ ဆိုလိုပါတယ်။
ဝိပဿနာနဲ့ ဒုက္ခသစ္စာသိပုံ
ဝိပဿနာတရား ရှုမှတ်ပွားများနေတဲ့ ယောဂီဟာ နာတာ ကျင်တာ ထုံတာ အောင့်တာတွေကို မလွဲမသွေ တွေ့ကြုံကြရပါတယ်။ တွေ့ကြုံနေကြရတာကို တွေ့ကြုံနေကြရတဲ့အတိုင်း ရှုမှတ်နေရင်း ဝေဒနာတွေ တဖြည်းဖြည်းနဲ့ တရိပ်ရိပ် တက်လာတာတွေ၊ တဖျင်းဖျင်းနဲ့ ရွေ့လျား ပျက်ပြားသွားတာတွေကို လက်တွေ့ သိမြင်ကြရပါတယ်။ ဒါဟာ သခါင်္ရဒုက္ခကို မျက်မှောက်သိရခြင်းပါ။ တရိပ်ရိပ်နဲ့ တက်လာတာ၊ တဖြည်းဖြည်းနဲ့ ရွေ့လျား ပျက်ပြားသွားတာတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်ရသိရရင် အနိစ္စလက္ခဏာကို သိတာဖြစ်တယ်။
လက္ခဏာရေး သုံးပါးဟာ တစ်ခုကို သိရင် ကျန်တဲ့ နှစ်ခုကိုပါ ဆက်တိုက်သိကြရပါတယ်။ ဒါကို မဟာစည်ဆရာတော်ဘုရားကြီးက
"အနိစ္စမြင်လျှင်၊ ဒုက္ခထင်သည်
ဒုက္ခထင်တော့၊ အနတ္တမြင်သည်
အနတ္တမြင်၊ နိဗ္ဗာန်ခွင်၊ ပြေးဝင်ဆိုက်ရောက်သည်။"
လို့ ဆောင်ပုဒ်ရေးသားတော်မူခဲ့ပါတယ်။
ဒီအခါ ဆင်းရဲခြင်းကို သိတဲ့ သဘောဟာလည်း ဟုတ်တိုင်းမှန်စွာ သိလာတာဖြစ်လို့ ဒုက္ခသစ္စာကို သိလာခြင်းဖြစ်တယ်။ ဒိနောက်မှာ သိ၊ ပယ်၊ ဆိုက်၊ ပွား၊ လေးပါးသစ္စာရဲ့ ဆောင်ရွက်ရန် မဂ်ကိစ္စပြီးမြောက်ပါတယ်။ ခေတ်စကားနဲ့ ဖြည့်ပြောရရင် သခါင်္ရဒုက္ခမှ မဂ်ကိစ္စအထိ ရေးပြထားတာတွေဟာ ဖော်မြူလာအရ သို့မဟုတ် သီဝရီအရ အဖြေထုတ်ပြထားတာတွေ ဖြစ်ပါတယ်။ စင်စစ်မှာ အဲ့သလောက် မလွယ်ကူပါ။ ဒုက္ခမှ သုခ၊ သုခမှ ဥပေက္ခာ၊ ဥပေက္ခာနယ်ပယ်မှာမှ မဂ်ကိစ္စဖြစ်ကြတာပါ။
အထက်မှာ ဆိုခဲ့တာတွေဟာ ၀ိပဿနာယောဂီရဲ့ သခါင်္ရဒုက္ခမှတစ်ဆင့် တက်စရာ အဆင့်တွေ တက်သွားနိုင်ပုံကို တင်ပြခြင်းပါ။ သခါင်္ရဒုက္ခရဲ့ ၀ိပဿနာယောဂီအတွက် အရေးပါပုံကို မီးမောင်းထိုးပြခြင်းပေါ့။ သို့ဖြစ်လို့ သခါင်္ရဒုက္ခတွေ့သူတိုင်း မဂ်ကိစ္စပြီးတယ်လို့တော့ မမှတ်ယူကြရန် သတိထားကြရမှာပါ။
သိပုံရဲ့ ကြည်လင်ပြတ်သားမှု အတိုင်းအတာအလိုက် ၀ိပဿနာဉာဏ်တွေ အဆင့်ပေါင်း များစွာ ဖြစ်ပေါ် ပျောက်ပျက်ကြရတာတွေလည်း များစွာရှိနေကြသေးတာကြောင့်ပါ။ ပသို့ပင် ဆိုစေ ၀ိပဿနာတရားကို ရှုမှတ်ပွားများနေသူအဖို့ သခါင်္ရဒုက္ခကို မျက်ဝါးထင်ထင် မြင်သိခဲ့ပါပြီဆိုရင်တော့ဖြင့် တရားအဆင့် တက်လာပြီလို့တော့ ပြောနိုင်ပါပြီ။
ဓမ္မာနုပဿနာ၊ သစ္စပဗ္ဗ၊ ဥဒ္ဒေသဝါရမှာ အထက်က ဆိုခဲ့တဲ့အတိုင်း ၀ိပဿနာဖြင့် ဒုက္ခသစ္စာသိပုံကို "ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ။" လို့ ဟောတော်မူထားပါတယ်။
ဒီ။ ဋ္ဌ။ ၂။ ၃၈၆ မှာကား "ဌပေတွာ တဏှံ တေဘူမကဓမ္မေ ဣဒံ ဒုက္ခန္တိ ယထာသဘာဝတော ပဇာနာတိ။" လို့ ဖွင့်ဆိုတော်မူထားပါတယ်။
ဒီ။ ဋီ။ ၂။ ၃၃၆ မှာတော့ "ယထာသဘာဝတောတိ အ၀ိပရီတသဘာဝတော၊ ဗာဓနလက္ခဏတော။ ယော ယော ဝါ သဘာဝေါ ယထာသဘာဝတော၊ တတော ရုပ္ပနာဒိ ကက္ခဠတ္တာဒိ သဘာဝတော။" စသဖြင့် ဖွင့်ဆိုတော်မူထားပါတယ်။
ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့ရဲ့ မိန့်ဆိုတော်မူချက်များအရ ၀ိပဿနာဖြင့် ဒုက္ခသစ္စာနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ လက္ခဏာများကို အဆင့်ဆင့် သိလာရပါတယ်လို့ အနှစ်ချုပ် မှတ်သားကြရပါမယ်။
ဒုက္ခသစ္စာပိုင်း ပြီးပါပြီ။
×××××××××××××××
ငြိမ်းနန္ဒ (၂၅ - ၃၀ /၈ /၂၀၁၇)
No comments:
Post a Comment