(၂၀)
မဂ္ဂသစ္စာသစ္စာ
=========
ပါဠိတော်လာအတိုင်း
=============
ယောဂီတို့ ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်တဲ့ အကျင့်ဆိုတဲ့ အရိယာတို့ သိအပ်တဲ့ အမှန်တရားဟာ ဘယ်ဟာပါလဲဆိုရင်.....။
စင်ကြယ်မြင့်မြတ်တဲ့ အင်္ဂါ ၈ ပါးနဲ့ ပြည့်စုံတဲ့ မဂ်တရား(အကျင့်လမ်းစဉ်)ဖြစ်ပါတယ်။
အဲ့ဒါတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ သမ္မာဒိဋ္ဌိ - မှန်စွာ မြင်ခြင်း၊
၂။ သမ္မာသင်္ကပ္ပ - မှန်စွာ ကြံစည်ခြင်း၊
၃။ သမ္မာဝါစာ - မှန်စွာ ပြောဆိုခြင်း၊
၎။ သမ္မာကမ္မန္တ - မှန်စွာ ပြုလုပ်ခြင်း၊
၅။ သမ္မာအာဇီဝ - မှန်စွာ အသက်မွေးခြင်း၊
၆။ သမ္မာဝါယာမ - မှန်စွာ အားထုတ်ခြင်း၊
၇။ သမ္မာသတိ - မှန်စွာ အမှတ်ရခြင်း၊
၈။ သမ္မာသမာဓိ - မှန်စွာ စိတ်တည်ကြည်ခြင်း၊
ဒီတရား ၈ ပါးပင်။
ရှင်းလင်းချက်များကိုကား လိုရင်းတွေကိုသာ ထုတ်နှုတ်တင်ပြသွားပါမယ်။
၁။ သမ္မာဒိဋ္ဌိဆိုတာ ဆင်းရဲအစစ် ဒုက္ခအစစ်ကို သိမှု၊ ဆင်းရဲဖြစ်ကြောင်းအစစ် သမုဒယသစ္စာကို သိမှု၊ ဆင်းရဲချုပ်မှုအစစ် နိရောဓသစ္စာကို သိမှု၊ ဆင်းရဲချုပ်မှုသို့ ဆိုက်ရောက်ရာ အကျင့်အစစ်ဖြစ်တဲ့ မဂ္ဂသစ္စာကို သိမှုဖြစ်တယ်။
၂။ သမ္မာသင်္ကပ္ပဆိုတာ ကာမမှ ထွက်မြောက်တဲ့ ကြံစည်မှု၊ ဗျာပါဒရဲ့ ဆန့်ကျင်ဘက် ကြံစည်မှု၊ ညဉ်းဆဲမှုရဲ့ ဆန့်ကျင်ဘက် ကြံစည်မှုဖြစ်တယ်။
၃။ သမ္မာဝါစာဆိုတာ လိမ်လည်ပြောဆိုမှုမှ ကြဉ်ရှောင်ခြင်း၊ ကုန်းချော ပြောဆိုမှုမှ ကြဉ်ရှောင်ခြင်း၊ ကြမ်းတမ်းတဲ့ ဆဲဆိုကြိမ်းမောင်းစကားမှ ကြဉ်ရှောင်ခြင်း၊ ပြိန်ဖျင်းတဲ့ အကျိုးမဲ့စကားကို ပြောဆိုမှုမှ ကြဉ်ရှောင်ခြင်းဖြစ်ပါတယ်။
၎။ သမ္မာကမ္မန္တဆိုတာ သတ္တဝါကို သတ်ခြင်းမှ ကြဉ်ရှောင်ခြင်း၊ မပေးအပ်တာကို လုယက်ခိုးယူခြင်းမှ ကြဉ်ရှောင်ခြင်း၊ မပိုင်ဆိုင်ရာ ကာမဂုဏ်တို့ကို မှားယွင်းကျူးလွန်ခြင်းမှ ကြဉ်ရှောင်ခြင်းဖြစ်ပါတယ်။
၅။ သမ္မာအာဇီဝဆိုတာ သာသနာတော်က ဖြူစင်မြင့်မြတ်တဲ့ မြတ်ဗုဒ္ဓရဲ့ အရိယာသာဝကဟာ နည်းလမ်းလွှဲမှား မတရားတဲ့ အသက်မွေးမှုကို ပယ်စွန့်ပြီး တရားကျမ်းဂန် နည်းလမ်းမှန်တဲ့ အသက်မွေးမှုဖြင့် အသက်မွေးခြင်းဖြစ်တယ်။
၆။ သမ္မာဝါယာမဆိုတာ သာသနာတော်က မြတ်ဗုဒ္ဓရှင်တော်ရဲ့ သာဝကဟာ မဖြစ်ကုန်သေးတဲ့ ယုတ်ညံ့ကုန်တဲ့ အကုသိုလ်တရားတို့ မဖြစ်ခြင်းငှာ လိုလားအားထုတ်ခြင်းကို ဖြစ်စေတယ်၊ ကြိုးစားတယ်၊ လုံ့လထုတ်တယ်၊ စိတ်ကို ချီးမြှောက်တယ်၊ အားထုတ်တယ်။
ဖြစ်ကုန်ပြီးတဲ့ ယုတ်ညံ့ကုန်တဲ့ အကုသိုလ်တရားတို့ကို ပယ်ခြင်းငှာ လိုလားအားထုတ်ခြင်းကို ဖြစ်စေတယ်၊ ကြိုးစားတယ်၊ လုံ့လထုတ်တယ်၊ စိတ်ကို ချီးမြှောက်တယ်၊ အားထုတ်တယ်။
မဖြစ်ကုန်သေးတဲ့ ကုသိုလ်တရားတို့ရဲ့ ဖြစ်ခြင်းငှာ လိုလားအားထုတ်ခြင်းကို ဖြစ်စေတယ်၊ ကြိုးစားတယ်၊ လုံ့လထုတ်တယ်၊ စိတ်ကို ချီးမြှောက်တယ်၊ အားထုတ်တယ်။
ဖြစ်ကုန်ပြီးတဲ့ ကုသိုလ်တရားတို့ရဲ့ တည်ခြင်းငှာ၊ မပျောက်မပျက်ခြင်းငှာ၊ တိုးတက်ပြီး ဖြစ်ခြင်းငှာ၊ ပြန့်ပွားခြင်းငှာ၊ ပွားများမှုရဲ့ ပြည့်စုံခြင်းငှာ လိုလားအားထုတ်ခြင်းကို ဖြစ်စေတယ်၊ ကြိုးစားတယ်၊ လုံ့လထုတ်တယ်၊ စိတ်ကို ချီးမြှောက်တယ်၊ အားထုတ်တယ်။
၇။ သမ္မာသတိအတွက်ကား ဥဒ္ဒေသဝါရအတိုင်းဖြစ်ပါတယ်။
၈။ သမ္မာသမာဓိဆိုတာ သာသနာတော်က ယောဂီဟာ ၀တ္ထုကာမ ကိလေသာကာမတို့မှ ကင်းဆိတ်နေတဲ့၊ အကုသိုလ်တရားတို့မှ ကင်းကွာနေတဲ့ ကြံစည်မှု၊ စဉ်းစားမှု၊ နီဝရဏကင်းလို့ဖြစ်တဲ့ နှစ်သိမ့်မှု၊ ချမ်းသာမှုတွေရှိတဲ့ ပဌမဈာန်သို့ ရောက်လျက်နေတယ်။
ကြံစည်မှု၊ စဉ်းစားမှုတွေ ကင်းငြိမ်းလို့ ကိုယ်တွင်းသန္တာန်မှာဖြစ်တတ်၊ ကြည်လင်စေတတ်၊ စိတ်ကို တစ်ခုထဲဖြစ်စေတတ်ပြီး ကြံစည်မှုနဲ့ စဉ်စားမှုတွေ ကင်းကာ သမာဓိကြောင့်ဖြစ်တဲ့ နှစ်သိမ့်မှုနဲ့ ချမ်းသာမှုတို့ရှိတဲ့ ဒုတိယဈာန်သို့ ရောက်လျက်နေတယ်။
နှစ်သိမ့်မှုဆိုတဲ့ ပီတိကင်းခြင်းကြောင့် အညီအမျှ ရှုလျက်ဖြစ်စေ၊ အမှတ်ရပြီး သိလျက်ဖြစ်စေ နေတယ်။ စိတ်ရဲ့ ချမ်းသာမှုကိုလည်း နာမ်အပေါင်းနဲ့ ခံစားတယ်။ အဲ့ဒီတတိယဈာန်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ဘုရားအစရှိတဲ့ သူမြတ်တို့က အညီအမျှ ရှုနိုင်ပေတယ်၊ သတိကောင်းပေတယ်၊ ချမ်းသာစွာ နေနိုင်ပါပေတယ်လို့ ချီးမွမ်းကြတယ်။ အဲ့ဒီတတိယဈာန်သို့ ရောက်လျက်နေတယ်။
သုခကင်းခြင်းကြောင့်ဖြစ်စေ၊ ဒုက္ခကင်းခြင်းကြောင့်ဖြစ်စေ သောမနဿနဲ့ ဒေါမနဿတို့ ရှေးအဖို့ကပင်လျှင် ချုပ်ခြင်းကြောင့် ဆင်းရဲ ချမ်းသာ နှစ်မျိုးစလုံးကင်းပြီး ဥပေက္ခာကြောင့် သတိရဲ့ စင်ကြယ်မှုရှိတဲ့ စတုတ္ထဈာန်သို့ ရောက်လျက်နေတယ်။ ဒီသမာဓိလေးပါးကို သမ္မာသမာဓိလို့ ဆိုအပ်ပါတယ်။
ဆိုအပ်ခဲ့တဲ့ မဂ္ဂင် ၈ ပါးတရားအပေါင်းကို ဆင်းရဲချုပ်ရာသို့ ဆိုက်ရောက်ရာ အကျင့်မှန်စွာ အရိယသစ္စာလို့ ဆိုအပ်ပါတယ်။
သစ္စာကို ရှုမှတ်ပုံ
===========
ဆိုအပ်ခဲ့ပြီးတဲ့ နည်းတွေနဲ့ မိမိရဲ့သစ္စာလေးပါး တရားတို့ကို သဘောတရားမျှလို့ ရှုမြင်လျက်နေတယ်။ အပြင်ပဖြစ်တဲ့ သူတစ်ပါးရဲ့ သစ္စာလေးပါးနဲ့ အတွင်းတစ်လှည့်အပြင်တစ်လှည့်ဆိုတဲ့ ရံခါ မိမိရဲ့ သစ္စာလေးပါး ရံခါ သူတစ်ပါးရဲ့သစ္စာလေးပါးတို့ကိုလည်း နည်းတူ။
သစ္စာလေးပါး သဘောတရားတို့၌ ဖြစ်ကြောင်းတရားနဲ့ ဖြစ်မှုသဘောကို ရှုမြင်လျက်လည်း နေတယ်။ ပျက်ကြောင်းတရားနဲ့ ပျက်မှုသဘောကို၊ ဖြစ်ကြောင်းပျက်ကြောင်း တရားနဲ့ ဖြစ်မှုပျက်မှုသဘောကို နည်းတူ။
သတိထင်ပုံ တစ်မျိုးရှိပါသေးတယ်။ သတ္တဝါကောင် အသက်ကောင် မဟုတ်တဲ့ သစ္စာသဘောတရားတို့သာ ရှိကြတယ်ဆိုပြီးတော့လည်း ရှုမှတ်နေတဲ့ ယောဂီရဲ့ အမှတ်ရမှု သတိဟာ ရှေးရှုထင်နေတတ်တယ်။ အဲ့ဒီလို ထင်တဲ့သတိဟာ အသိဉာဏ်အဆင့်ဆင့် တိုးပွားရုံ အလို့ငှာသာဖြစ်ပါတယ်။ အဆင့်ဆင့်အားဖြင့် တစ်ဖန်အမှတ်ရမှု တိုးပွားရုံ အလို့ငှာသာဖြစ်ပါတယ်။
အမှတ်ရလျက် သိမြင်နေတဲ့ အဲ့ဒီယောဂီဟာ တဏှာဒိဋ္ဌိဖြင့် မမှီမတွယ်ဘဲ နေတယ်လို့ ခေါ်ပါတယ်။ ဥပါဒါနက္ခန္ဓာငါးပါးဆိုတဲ့ လောကထဲမှာ တစ်စုံတစ်ခုသော ရုပ် ဝေဒနာ သညာ သခါင်္ရ ၀ိညာဏ်ကိုမျှ ငါကောင် ငါ့ဥစ္စာလို့ တဏှာဒိဋ္ဌိတို့ဖြင့် စွဲလည်း မစွဲလန်းတော့ပြီ။ ယောဂီဟာ ဆိုအပ်ခဲ့ပြီးတဲ့ နည်းဖြင့်လည်း သတ္တဝါကောင် အသက်ကောင် မဟုတ်တဲ့ သဘောတရားမျှပဲလို့ ရှုမြင်လျက် နေပါတယ်။
အဓိပ္ပါယ်ဖွင့်ဆိုချက်များနဲ့ မှတ်ချက်များ
==========================
ဒီအပိုင်းရဲ့ မှတ်ချက်များကို မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အာဘော်တွေအတိုင်း တင်ပြသွားပါမယ်။ ဆရာတော်ဘုရားကြီးဟာ အဋ္ဌကထာ ဋီကာကျမ်းတို့ရဲ့ ဖွင့်ဆိုချက်များအပြင် လက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ရှုမှတ်ချက်များနဲ့ နှိုင်းယှဉ်ပြထားတော်မူလို့ လက်တွေ့အားထုတ်နေတဲ့ ယောဂီတို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လမ်းညွန်မှုများလည်း ဖြစ်နေပါလိမ့်မယ်။
သမ္မာဒိဋ္ဌိစတာတွေမှာ ပါတဲ့ သမ္မာပုဒ်ကို အဋ္ဌကထာအချို့မှာ သုန္ဒရ၊ ပသတ္ထ၊ သောဘန၊ အ၀ိပရိတ စတဲ့အနက်တွေနဲ့ ဖွင့်ပြထားပါတယ်။ ရသင့်ရထိုက်တာတွေ ထုတ်ပြခြင်းမျှသာလို့ ယူဆရန်ရှိပါတယ်။ လိုရင်းကား မိစ္ဆာဒိဋ္ဌိစတဲ့ ပုဒ်များနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ သမ္မာဒိဋ္ဌိစသည်သာ ဖြစ်သင့်လို့ သမ္မာကို မိစ္ဆာနဲ့ ပြောင်းပြန်အနက်ရှိတဲ့ အ၀ိပရိတ - မှန်စွာဆိုတဲ့ အနက်ကသာ အဖြစ်သင့်ဆုံးဖြစ်ပါတယ်။
ပါဠိတော်မှာ သစ္စာတရားများကို ရှုမှတ်တယ်လို့ သုံးနှုံးထားရာမှာလည်း တကယ်တမ်း ရှုမှတ်နိုင်ပုံကိုကား သီးခြားနားလည်ထားရန် လိုပါတယ်။ နိရောဓနဲ့ မဂ္ဂသစ္စာတို့ကို ကောင်းမြတ်လှပါတယ်လို့ သဘောကျကာ အဲ့ဒါတွေကို မျက်မှောက်ပြုရန် မျှော်လင့်ပြီး မိမိသန္တာန်မှာ ထင်ရှားတဲ့ ဒုက္ခနဲ့ သမုဒယ သစ္စာတရားကို ရှုမှတ်သိမြင်ခြင်းကပင် အဇ္ဈတ္တသစ္စဓမ္မာနုပဿနာ မည်ပါတယ်။
အဇ္ဈတ္တတရား၌ ရှင်းလင်းစွာ သိမြင်သဘောကျသွားတဲ့အခါ ဗဟိဒ္ဓတရားတို့ကိုလည်း နည်းတူပင် သဘောကျပြီး ဆုံးဖြတ်တယ်။ ဒီသို့ ဒီပုံ ဆုံးဖြတ်ပြီး ရှုဆင်ခြင်မှုဟာ ဗဟိဒ္ဓသစ္စဓမ္မာနုပဿနာ မည်ပါတယ်။ ဒါ့အပြင် မြင်ရ၊ ကြားရတဲ့ သူတစ်ပါးရဲ့ အဆင်း အသံ စတာတွေကို ရှုမှတ်လျက် ဆင်းရဲမျှပဲလို့ သိမြင်ခြင်းဟာလည်း ဗဟိဒ္ဓသစ္စဓမ္မာနုပဿနာပင် ဖြစ်ပါတယ်။
ဒီနေရာမှာ သစ္စာလေးပါးကို ရှုတယ်ဆိုပေမဲ့ ဒုက္ခနဲ့ သမုဒယ တို့ကိုသာ ရှုရပါတယ်။ နိရောဓနဲ့ မဂ္ဂတို့ကိုကား ၀ိပဿနာရှုအပ်တဲ့တရား မဟုတ်ခြင်း၊ ပုထုဇဉ်မှာ မသိဖူး၊ မရဖူးသေးခြင်းတို့ကြောင့် ၀ိပဿနာ မရှုရပါ။ အဲ့ဒီ နှစ်ခုကိုတော့ ကောင်းတယ်၊ မြတ်တယ်လို့ ကြားသိရပြီး သိလိုခြင်း၊ ရလိုခြင်းဖြင့်ပင်လျှင် ရှုခြင်းကိစ္စပြီးတယ်လို့ အဋ္ဌကထာ ဋီကာတို့မှာ မိန့်ဆိုတော် မူကြပါတယ်။
ဒါ့အပြင် ပုထုဇဉ်ဟာ လောကုတ္တရာအစစ်ကို အာရုံမပြုနိုင်၊ အရိယာက အာရုံပြုနိုင်ပေမဲ့ လောကုတ္တရာကို ဆင်ခြင်ခြင်းဖြင့် အကျိုးမရှိ။ သို့ကြောင့် နိရောဓနဲ့ မဂ္ဂကို ဆင်ခြင်ပြီး မရှုရပါ။
ဒီအကျင့်ဖြင့် အိုရခြင်း၊ သေရခြင်းမှ ဧကန် လွတ်ရပေလိမ့်မယ်လို့ စိတ်ညွတ်ခြင်းမျိုးလို နိဗ္ဗာန်တရားဟာ ကောင်းတယ်၊ အဲ့ဒါကို ရအောင် လုပ်မယ်လို့ စိတ်ညွတ်ရုံမျှဖြင့် ယောဂီအနေနဲ့ သစ္စာနှစ်ပါးကို ပြုရန်ကိစ္စ ပြီးပါတယ်။ သို့ပေမင့် အလွန်အမင်း တောင့်တပြန်ရင်တော့ တဏှာဒိဋ္ဌိဖက် ယိုင်သွားပြီး ၀ိပဿနာ ရှုမှတ်နေမှုအပေါ် အနှောက်အယှက် ပြုတတ်တာကို သတိပြုရပါမယ်။
မဟာစည်ဆရာတော်ဘုရားကြီးက သစ္စာလေးပါး ရှုမှတ်ပုံ သို့မဟုတ် ရှုမှတ်ပြီး သိမြင်ပုံတွေကို ထပ်မံ ရှင်းပြတော်မူပါသေးတယ်။
သစ္စာလေးပါး အနှစ်ချုပ်ပုံကား အောက်ပါအတိုင်း ဖြစ်ပါတယ်။ လိုချင်တောင့်တမှု၊ သာယာနှစ်သက်မှုဟာ သမုဒယသစ္စာ။ ကျန်တဲ့ ရုပ်နာမ်တွေက ဒုက္ခသစ္စာ။ မှတ်အပ်တဲ့ အာရုံနဲ့ မှတ်သိမှုတို့ ချုပ်ငြိမ်းကင်းပြတ်ခြင်းသဘောက နိရောဓသစ္စာ။ ချုပ်ငြိမ်းကင်းပြတ်ခြင်း သဘောသို့ ရောက်လျက် မျက်မှောက်ကိုယ်တွေ့သိတဲ့ တရားက မဂ္ဂသစ္စာ။
ရှုမှတ်မှုဖြင့် သစ္စာလေးပါး သိပုံကိုလည်း အခုလို အနှစ်ချုပ်ပြပေးတော်မူထားပါတယ်။ မြင်မှု၊ ကြားမှုစတဲ့ ဒုက္ခသစ္စာ တရားတို့ကို ရှုမှတ်လျက် ဆင်းရဲမျှပါပဲလို့ သဘောကျသွားတိုင်း အဲ့ဒါတွေကို သာယာ တပ်မက်မည့် တဏှာကို ပယ်လျက် ပဟာန ပဋိဝေဓကိစ္စကိုလည်း ပြီးစေတယ်။ တဒင်္ဂနိရောဓကို ပြီးစေလျက် သစ္ဆိကိရိယာ ပဋိဝေဓကိစ္စကိုလည်း ပြီးစေတယ်။ လောကီမဂ်ကို ဖြစ်စေလျက် ဘာဝနာ ပဋိဝေဓကိစ္စကိုလည်း ပြီးစေတယ်။
သို့ဖြစ်လို့ မြင်မှု၊ ကြားမှုစတဲ့ ဒုက္ခသစ္စာတရားတို့ကို ရှုမှတ်လျက် ကျန်တဲ့ သစ္စာသုံးပါးတို့ရဲ့ ပဟာန၊ သစ္ဆိကိရိယာ၊ ဘာဝနာကိစ္စတွေပါ ပြီးစီးသွားတဲ့ အနေအားဖြင့် သိခြင်းကိုပင် အဇ္ဈတ္တ၊ ဗဟိဒ္ဓ သစ္စာလေးပါးတို့ကို ရှုမြင်မှုလို့ မှတ်ရပါတယ်။
မဂ္ဂသစ္စာပိုင်း ပြီးပါပြီ။
×××××××××××××××
ငြိမ်းနန္ဒ (၉ - ၁၁ /၉ /၂၀၁၇)
No comments:
Post a Comment