(၅)
ဣရိယာပထပိုင်း /ထိုင်မှတ်
-----------------------------------
ဒီအပိုင်းကို အရှိအတိုင်း ရေးလိုက်ရင် တိုတိုလေးနဲ့ ချုံးမိပါတယ်။
သတိပဋ္ဌာန်တရားကို ပွားများအားထုတ်နေသူဟာ သွား ရပ် ထိုင် လျောင်း ဣရိယာပုထ်ကြီး လေးပါးအပြင် ပြုမူလှုပ်ရှားမှုတိုင်းမှာ သတိပါရမယ်။ အသိတရားနဲ့ ပြုမူလှုပ်ရှားရပါမယ်။
ကိုယ်တွင်း ကိုယ်ပ အတွင်းအပ သန္တာန်တွေမှာ ရှုပွားပုံများ၊ သမုဒယ ဝယ သမုဒယဝယတွေကို ရှုပွားပုံများနဲ့ အနိဿိတ အနုပါဒါနတွေ ဖြစ်ပွားလာရေးအတွက် ရှုမှတ်ပွားများပုံတွေကတော့ အာနာပါနပိုင်းကို ပြန်လည်နည်းမှီရင် ပြည့်စုံပါတယ်။
အနှစ်ချုပ်ကတော့ ဒီမျှပင်။
အဋ္ဌကထာဆရာတော်ကလည်း အထက်ပါ စကားရပ်များအတွက် အထူးတလည် ဖွင့်ဆိုတော်မမူခဲ့ပါ။ ဒီတော့ ပါဠိတော် ဟောရင်းအတိုင်းသာ မှတ်ယူရန်ရှိပါတယ်။
သို့တစေ ဒီနေရာမှာ သာမန်အတွေးနဲ့ ကတ်သီးကတ်သတ် ရမယ်ရှာတတ်သူတွေ စကားအကျကောက်ပြီး ကပ်ဖဲ့ပြောနိုင်တဲ့ အရာကို အဋ္ဌကထာဆရာတော်က သူကိုယ်တိုင် မေးခွန်းထုတ်ပြီး သူကိုယ်တိုင်ပင် ပြန်ဖြေပြထားပါတယ်။ ကျမ်းဆရာတစ်ဦးရဲ့ ပညာစွမ်းပြ အခန်းဖြစ်လို့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
မေးခွန်းက
သွားရင် သွားတယ်လို့ သိတယ်ဆိုတာ ခွေး မြေခွေးတွေရော သိတယ်မဟုတ်လား။ အရပ်စကားနဲ့ဆို ကလေးသိ ခွေးသိ မဟုတ်လား တဲ့။
အဖြေက
သူရို့သိတဲ့ အသိဟာ သတ္တ၀ါလို့ စွဲလန်းတဲ့ အယူကို မပယ်တတ်ပါ။ အတ္တကောင် ငါကောင်ဆိုတဲ့ ထင်မှတ်ယူဆခြင်းကိုလည်း မခွာ မနုတ်တတ်ပါ။ ကမ္မဋ္ဌာန်းလည်း မဟုတ်သလို သတိပဋ္ဌာန် ဘာဝနာလည်း မဖြစ်ပါ။
ယောဂီပုဂ္ဂိုလ်တို့ သွားရင် သွားတယ်ဆိုပြီး ရှုမှတ်အပ်တဲ့ ရှုမှတ်မှုအသိကား အထက်ကနဲ့ လုံးဝဆန့်ကျင်ပါတယ်။ သတ္တ၀ါလို့ စွဲလမ်းတဲ့ အယူကို ပယ်တတ်တယ်။ အတ္တကောင် ငါကောင်လို့ ထင်မှတ်ယူဆခြင်းကိုလည်း ခွာတတ် နုတ်တတ်တယ်။ ကမ္မဋ္ဌာန်းအစစ် ဖြစ်သလို သတိပဋ္ဌာန် ဘာဝနာလည်းဖြစ်တယ်။
ယောဂီတို့ရဲ့ ရှုမှတ်မှုတွေကြောင့် သိကြရပုံကို မဟာစည်ဆရာတော်ဘုရားက အသေးစိတ် ရှင်းပြပေးတော်မူခဲ့ပါတယ်။ သွားတိုင်း သွားချင်တဲ့ စိတ်ကို ရုပ်နဲ့မရောဘဲ ပိုင်းခြားစွာ သိတယ်။ တောင့်တင်း တွန်းကန်တဲ့ ရွေ့ရှားမှုရုပ်ကိုလည်း စိတ်နဲ့ မရောဘဲ သိတယ်။ ကြွ ဆွဲ လှမ်း လွှတ် ချ နင်း (အဋ္ဌကထာအလို) တို့ဆိုတဲ့ အပိုင်း ၆ ပိုင်းအတိုင်းဖြစ်စေ၊ အဲဒါတွေထက် အလွန်ဖြစ်စေ ပိုင်းခြားပြီး သိတယ်။ ဆိုခဲ့တဲ့အတိုင်း အဆင့်ဆင့် အပိုင်းပိုင်း သိခြင်းကြောင့် သတ္တ၀ါစွဲစတာတွေ မဖြစ်ကြရခြင်းပါ။
ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ကမ္မဋ္ဌာန်းအစစ် ဘာဝနာဖြစ်သလဲဆိုရင် အောက်ပါ မေးခွန်း သုံးခုကို မေးဖြေခြင်းအားဖြင့် သိနိုင်ပါသတဲ့။
၁။ ဘယ်သူ သွားသလဲ။
၂။ ဘယ်သူရဲ့ သွားမှုလဲ။
၃။ အဘယ့်ကြောင့် သွားပါသလဲ။
ဒီမေးခွန်းတွေကို ဖြေကြည့်ပြီးလို့ရှိရင် သိစရာတွေကို သိပြီးဖြစ်ပါလိမ့်မယ်။ ရပ်ခြင်းစတာတွေကိုလည်း နည်းတူ ကြံဆကြရပါမယ်တဲ့။
ဆိုခဲ့ပါ အမေးစကားရပ်များကို အဋ္ဌကထာဆရာတော်က
၁။ ပုဂ္ဂိုလ်တစ်ယောက်ယောက်က သွားတာမဟုတ်။
၂။ သတ္တ၀ါ တစ်ဦးဦးရဲ့ သွားမှုမဟုတ်။
၃။ သွားခြင်းကြိယာအတွက်ကား စိတ်က ပြုအပ်တဲ့ တောင့်တင်း လှုပ်ရှားမှု ဝါယောဓာတ်ရဲ့ ပျံ့နှံ့လှုပ်ရှားခြင်းကြောင့်ပါ ဆိုပြီး ဖြေပြထားပါတယ်။
မဟာစည်ဆရာတော် ဘုရားကြီးက အများနားလည်နိုင်မဲ့ စကားလုံးတွေနဲ့ ထပ်မံရှင်းပြတော်မူပါတယ်။ တရားအားထုတ်ဆဲ ယောဂီများအတွက် အကျိုးများနိုင်တာမို့ အကျဉ်းချုပ်ပြီး တင်ပြပါဦးမယ်။
၁။ ဘယ်သူမှ သွားတာမဟုတ်။ သွားတတ်တဲ့ အတ္တကောင် ငါကောင် သတ္တ၀ါကောင်ဆိုတာမရှိ။ သွားချင်တဲ့ စိတ်နဲ့ တောင့်တင်း တွန်းကန်မှု ရွေ့ရှားမှု ရုပ်အပေါင်းသာ ရှိတယ်။
၂။ ရှုမှတ်နေတဲ့ ယောဂီဟာ တောင့်တင်း တွန်းကန်မှု ရွေ့ရှားမှုဆိုတဲ့ သွားခြင်းအမူအရာမှာ အစိုးတရ စီမံခန့် ခွဲနိုင်တဲ့ ပိုင်ရှင်ကို မတွေ့ရပါ။ သွားလိုတဲ့ စိတ်အဆင့်ဆင့်ကြောင့် တောင့်တင်း တွန်းကန်မှု ရွေ့ရှားမှု အဆင့်ဆင့် အသစ် အသစ် မပြတ်ဖြစ်နေတာကိုပင် တွေ့ရတယ်။
၃။ သွားတယ်ဆိုတာ ခေါ်ဝေါ်ပြောဆိုရုံမျှသာ။ စင်စစ်မှာ သွားလိုတဲ့ စိတ်ကြောင့် တရွေ့ တရွေ့ချင်း အဆင့်ဆင့် ဖြစ်ပျက်သွားတဲ့ တောင့်တင်း တွန်းကန်မှု ရွေ့ရှားမှု အပေါင်းမျှသာရှိတယ်။
ဣရိယာပထပိုင်းနဲ့ မဟာစည်
------------------------------------
ဣရိယာပထပိုင်းဟာ ဉာဏ်ကြီးရှင်တို့ရဲ့ လောကုတ္တရာပညာ မျိုးစေ့များ စိုက်ပျိုးကြဲချရာနဲ့ ပဋိဝေဓပညာ တံခွန်ထူရာ လုပ်ငန်းတည်နေရာဖြစ်နေလို့ ရှေ့မှာ ဆိုခဲ့တာတွေမျှနဲ့ ပြီးလိုက်လို့ မဖြစ်သေး။ ဉာဏ်ကြီးရှင်တို့ အထံမှ နည်းယူကာ အများတကာတို့လည်း လိုက်နာကျင့်သုံးလို့ရအောင် ရေးရမှာက တာဝန်တစ်ရပ်ဖြစ်လာပါတယ်။
ဟုတ်ပါတယ်။ မဟာစည် သတိပဋ္ဌာန် ဝိပဿနာရှုနည်းဟာ ဒီဣရိယာပထပိုင်းကို ရှုနည်းအကုန်လုံးရဲ့ ထက်ဝက်မက မှီတည်နေရပါတယ်။ ဒီအပိုင်းဟာ ပင်မ အလုပ်စခန်းကြီးလို ဖြစ်နေပါတယ်။
မဟာစည် သတိပဋ္ဌာန် ဝိပဿနာ ရှုမှတ်နည်းရဲ့ ကာယာနုပဿနာ ရှုမှတ်ပွားများမှုတွေမှာ အဓိက အပိုင်းကြီး သုံးပိုင်း ခွဲခြားထားတယ်။
၁။ ထိုင်မှတ်
၂။ စင်္ကြန်မှတ်နဲ့
၃။ အထွေထွေမှတ်တို့ ဖြစ်ကြပါတယ်။
သတိပြုရန်က ရပ်နဲ့ လျောင်း ဣရိယာပုထ်ကြီး နှစ်မျိုးကား သမာဓိတည်ထောင်ရာတွင် အဓိက မကျလို့ အထွေထွေမှတ်ထဲမှာ ထည့်သွင်းထားတယ်ဆိုတာ ဖြစ်ပါတယ်။ အစာ အာဟာရ သုံးဆောင်စဉ် ရှုမှတ်ခြင်းမျိုးကပင် အဲ့ဒီနှစ်မျိုးထက် အရာကျယ်စွာ ရှိနေသေးတာကို ထောက်ဆကြည့်လိုက်ရင် အဲ့ဒီလို ထည့်သွင်းထားတာဟာ လွန်စွာ သဘာဝကျနေပါတယ်။
၁။ ထိုင်မှတ် (ဖောင်းပိန်ရှုမှတ်ပုံ)
----------------------------------------
ပရိကံများကို လုံလောက်စွာ ဆောင်ရွက်ထားပြီတဲ့ ယောဂီဟာ ထိုင်မှတ်နဲ့ သတိပဋ္ဌာန်တရား စတင်ရှုမှတ်တဲ့အခါ ဖောင်း ပိန်ကို မှတ်တတ်ဖို့ လိုလာပါတယ်။ သူက ပင်တိုင်ကမ္မဋ္ဌာန်း ဖြစ်နေတာကြောင့် သာမန်တတ်ရုံနဲ့တော့ မရပါ။ အထူးဂရုစိုက်ပြီး လေးလေးနက်နက် သဘောထားရပါမယ်။ ကျွမ်းကျွမ်းကျင်ကျင် ရှုမှတ်တတ်တဲ့အထိ လေ့ကျင့်ထားဖို့လည်း လိုပါမယ်။
လေရှူသွင်းလိုက်လို့ ဝမ်းဗိုက်က ဖောင်းတက်လာတဲ့အခါ ဖောင်းတယ်လို့ စိတ်ထဲက ဆိုရတယ်။ သတိက ဖောင်းတာကို ထင်ထင်ရှားရှား မြင်နေရသလို အောက်မေ့ရတယ်။ လေကို ရှိုက်ထုတ်လိုက်လို့ ဝမ်းဗိုက်က ပိန်ကျသွားတဲ့အခါမှာလည်း အတူတူပင်။ ဒါကိုပဲ ဖောင်းပိန် မှတ်တယ်လို့ ဆိုပါတယ်။
အာနာပါနပိုင်းမှာ ဝင်သက်ထွက်သက်ကို ရှုမှတ်ပုံ လေးနည်းပြထားတယ်။ အခု ဖောင်းပိန်မှတ်တဲ့ အခါမှာလည်း အဲ့ဒါတွေကို နည်းယူပြီး ကျင့်သုံးရပါမယ်။
၁။ ဖောင်းတက်လာတဲ့အခါ ရှည်နေရင် ရှည်နေမှန်း သိနေရပါမယ်။
၂။ ဖောင်းတာက တိုနေရင်လည်း တိုတယ်လို့ သိနေရပါမယ်။
၃။ ဖောင်းလာပုံရဲ့ အစ အလယ် အဆုံး အကုန်လုံးကို သိရအောင် ဂရုစိုက်ရပါမယ်။
၎။ ဖောင်းခြင်းဟာ သိမ်မွေ့  သိမ်မွေ့ လာပြီး ပျောက်ကွယ်သွားရင်လည်း ဖြစ်ပုံအချင်းအရာ အားလုံးကို သိရအောင် လေ့ကျင့်ရပါမယ်။
နောက်ပြီး အာနာပါနပိုင်းလာ အဇ္ဈတ္တ ဗဟိဒ္ဓ ဆင်ခြင်ပုံများ၊ သမုဒယဓမ္မာနုပဿီ စသည်ရှုပွားပုံများနဲ့ အနိဿိတ အနုပါဒါန ဖြစ်ပုံများကိုလည်း လေ့လာထားကြသင့်ပါတယ်။ ပိန်တာကိုလည်း နည်းတူ ရှုမှတ်သွားရပါမယ်။
ဖောင်းပိန်နဲ့စပ် သိမှတ်စရာ
=================
*** ဖောင်းပိန်ကို ဘာကြောင့် မှတ်ရတာလဲ။
>>> ဒီမေးခွန်းကို လူတိုင်း စိတ်ဝင်စားကြလိမ့်မယ် ထင်ပါရဲ့။ တကယ်လည်း စိတ်ဝင်စားစရာ ကောင်းတဲ့မေးခွန်းပါ။ အဖြေကလည်း ကြီးကျယ်ခမ်းနား ပေသကိုး။ ဆက်ဖတ်ကြည့်ပါလေ။
ဝိပဿနာဆိုတာ ပေါ်ရာ ပေါ်ရာကို ပေါ်နေတဲ့အတိုင်း သိအောင် ရှုမှတ်နေခြင်းပါ။ ရှုမှတ်စရာ အာရုံက ရှုမှတ်နေရင်း ပျောက်ပျက်သွားရင် အခြားပေါ်ရာ တစ်ခုခုကို ရှာဖွေပြီး အဆက်ပြတ်မသွားအောင် ဆက်လက်ရှုမှတ်ရပါတယ်။
အဲ့ဒီလို ရှုမှတ်စရာ ရှာဖွေတဲ့အခါ ထူးခြားတဲ့ တစ်စုံတစ်ရာ မရှိခဲ့ဘူးဆိုရင် သာမန်ပေါ်ရိုးပေါ်စဉ်အတိုင်း ဖြစ်ပေါ်နေကြဖြစ်တဲ့ ဖောင်းပိန်ဟာ ပေါ်ရာဖြစ်လာပါတယ်။ သာမန်တွေထဲမှာ ဖောင်းပိန်ဟာ အထင်ရှားဆုံးလို့ ဆိုလိုပါတယ်။
နောက်ပြီး ဖောင်းပိန်ဟာ ပေါ်ရာတွေထဲမှာ အကြိမ်ရေ အများဆုံး ပေါ်ရာဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ဖောင်းပိန်ဟာ မဟာစည် ဝိပဿနာ ရှုမှတ်နည်းမှာ ပင်တိုင်ကမ္မဋ္ဌာန်း ဖြစ်လာရပါတယ်။
ဖောင်းပိန်ကို မမှတ်သေးခင် ဝါယောဓာတ်ရဲ့ လက္ခဏ ရသ ပစ္စုပ္ပဋ္ဌာန်တွေကို ကြိုတင်သိထားရပါမယ်။ မဟာစည်ဆရာတော် ဘုရားကြီးက ဆိုခဲ့တဲ့ လက္ခဏစတဲ့ သုံးမျိုးကို သိလွယ်မှတ်လွယ်အောင် ဆောင်ပုဒ်ရေးတော်မူခဲ့ပါတယ်။
ထောက်ကန် တောင့်တင်း၊ လျော့ခြင်းတစ်မည်၊
ယိမ်းယိုင် လှုပ်ရှား၊ ရွေ့သွားတတ်သည်။
သူလိုရာဘက်၊ တွန်းလျက်ဆောင်သည်၊
ဝါယောဓာတ်၊ သိမှတ်မြတ်ယောဂီ။
ဖောင်းပိန်ကို ရှုမှတ်ပြီး သိသင့်တာတွေကို သိလာတဲ့အခါ အဲ့ဒီလက္ခဏစသည်နဲ့ ဂရုစိုက်ပြီး ပြန်တိုက်ဆိုင်ကြည့်လိုက်ရင် တစ်ခုခုနဲ့ မဖြစ်မနေ တိုက်ဆိုင်နေတာကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီတိုက်ဆိုင်မှုတွေကို သိရဖို့ ကြာကြာပေါင်းမှ အတွင်းကျကျ သိရတယ်ဆိုသလိုပဲ ဖောင်းပိန်ကို အကြိမ်ပေါင်းများစွာ ရှုမှတ်မှသာ သိလာရမှာဖြစ်ပါတယ်။
ဆိုခဲ့တာတွေကို ထောက်ဆကြည့်ခြင်းဖြင့် ဖောင်းပိန်ကို ရှုမှတ်တာဟာ ဓာတုမနသီကာရ ဖြစ်ပါတယ်၊ ပရမတ်ဖြစ်တဲ့ ဝါယောဓာတ်ကို ရှုမှတ်တာဖြစ်တယ်လို့ ဝိပဿနာအတွက် ခိုင်မာတဲ့ အားကိုးရာ တွေ့ရှိရပါမယ်။ ဒါ့ကြောင့် ဖောင်းပိန်ကို အချိုးကျအောင် ရှုမှတ်တတ်ဖို့ရာ အရေးကြီးလှပါတယ်။
ထိုင်မှတ် (ထိုင်ထိရှုမှတ်ပုံ)
--------------------------------
ထိုင်မှတ်မှာ ဖောင်းပိန်ကို အဓိကထားပြီး ရှုမှတ်ရပေမဲ့ ထိုင်ဣရိယာပုထ်ကိုလည်း မဖြစ်မနေ ရှုမှတ်ရတဲ့အခါတွေ ရှိနေပါသေးတယ်။ ပိန်တာကို ရှုမှတ်ပြီး ဖောင်းတာက အချိန်အတော်ကြာမှ ပေါ်လာတဲ့အခါ ယောဂီဟာ ပျင်းရိသလို ဖြစ်လာတတ်တယ်။ စိတ်ပြေးစိတ်ထွက်တွေ များလာတတ်တယ်။
သို့ဖြစ်လို့ ဆိုခဲ့ပါ အချိန်ကြာနေတဲ့ ပိန်နဲ့ဖောင်း အကြားမှာ ခါးမှစကာ ခေါင်းဆုံးအထိ ဖြောင့်မတ်နေတဲ့ ကိုယ်အထက်ပိုင်းကို အောက်မေ့ပြီး ထိုင်တယ်လို့ မှတ်ရပါမယ်။ ကြာချိန်က တစ်မှတ်စာနဲ့ မလုံလောက်ရင် လက်မထိပ်ချင်း ထိထားတဲ့ နေရာကို အာရုံပြုပြီး ထိတယ်လို့ တိုးပြီးမှတ်ရပါတယ်။ ထိတယ်လို့ ရှုမှတ်ပုံကို အောက်မှာ အသေးစိတ် တင်ပြသွားပါမယ်။
ဖောင်းပိန်ကို မှတ်နေရင်း ဖောင်းပိန်ကို လုံးဝအာရုံပြုလို့ မရတဲ့အခါမျိုး မှာတော့ ထိုင်တယ်၊ ထိုင်တယ်ဆိုပြီး အမှတ်ပြောင်းပေးရတယ်။ အဲ့ဒါမှ မရသေးရင် အထက်ကအတိုင်းပင် ထိတယ်ကို တိုးမှတ်ပေးရပါတယ်။ ဒါ့ကြောင့် ထိုင်ဣရိယာပုထ်နဲ့ ထိကိုလည်း ရှုမှတ်တတ်အောင် ဆည်းပူးထားသင့်ကြပါတယ်။
ထိုင်တယ်လို့ မှတ်တဲ့အခါ ထိုင်တယ်ဆိုတာကို စိတ်ထဲက ဆိုရပါမယ်။ ခါးမှစကာ ထောင်မတ်နေတဲ့ ကိုယ်အထက်ပိုင်း တစ်ခုလုံးကို သတိနဲ့ ခြုံပြီး အောက်မေ့ရပါမယ်။ လေရဲ့ တွန်းကန်ထားပုံကို သိအောင်မှတ်ရပါမယ်။
ထိုင်တယ်၊ ထိတယ်လို့ အမှတ်တိုးပြီးဖြစ်စေ၊ အမှတ်ပြောင်းပြီးဖြစ်စေ မှတ်လိုက်လို့ မှတ်စိတ်က အာရုံအပေါ် စိုက်ကနဲ စိုက်ကနဲ ဖြစ်ပြီး ငြိမ်သွားရင် ဖောင်းပိန်ဆီကိုသာ ပြန်သွားရပါမယ်။ တကယ်လို့ စိတ်ဟာ ထွက်မြဲ ထွက်နေတယ်၊ ပြေးမြဲ ပြေးနေတယ် စသဖြင့် ဆက်ဖြစ်နေတယ်ဆိုရင်တော့ ထိတယ်ဆိုတာကို အမှတ်နေရာတွေ ထပ်တိုးပြီး မှတ်ရပါမယ်။
ထိကို မှတ်တဲ့အခါ မာနေ တင်းနေတဲ့ သဘောလေးကို ဂရုစိုက်ရပါမယ်။ ထိကို ရှုမှတ်ဖို့ရာ နေရာတွေ သတ်မှတ်ပေးရပါတယ်။ သတ်မှတ်ထားတဲ့ နေရာများဆီသို့လည်း ရှုမှတ်မှုကို စိတ်နဲ့ အမှတ်စဉ်အတိုင်း အလှည့်အကြိမ်နဲ့ ပို့ပေးရပါတယ်။
ထိနေရာ သတ်မှတ်ပုံ (က)
---------------------------------
၁။ လက်မထိပ်ချင်း ထိထားတဲ့နေရာ
၂။ ဘယ်ခြေမျက်စေ့အောက်နေရာ၊
၃။ ညာဒူးခေါင်းအောက်နေရာ၊
၎။ ညာတင်ပါးအောက်နေရာ၊
၅။ ဘယ်တင်ပါးအောက်နေရာ၊
၆။ ဘယ်ဒူးခေါင်းအောက်နေရာ၊
၇။ ညာခြေမျက်စေ့အောက်နေရာ တို့ဖြစ်ကြပါတယ်။
ထိနေရာ သတ်မှတ်ပုံ (ခ)
--------------------------------
၁။ လက်မထိပ်ချင်း ထိထားတဲ့နေရာ၊
၂။ ညာတံတောင်စေ့နေရာ၊
၃။ ညာပုခုံးစွန်းအထက်နေရာ၊
၎။ ညာနားရွက်ထိပ်နေရာ၊
၅။ ညာချိုစောင်းထိပ်နေရာ၊
၆။ ဦးခေါင်းထိပ်တည့်တည့်နေရာ၊
၇။ ဘယ်ချိုစောင်းထိပ်နေရာ၊
၈။ ဘယ်နားရွက်ထိပ်နေရာ၊
၉။ ဘယ်ပုခုံးစွန်းအထက်နေရာ၊
၁၀။ ဘယ်တံတောင်စေ့နေရာ တို့ဖြစ်ကြပါတယ်။
မှတ်ချက်....ဒီ ၁၀ ချက်မှတ်ပုံမှာ လက်မထိပ်ချင်းနဲ့ ဦးခေါင်းထိပ်တည့်တည့်နေရာ နှစ်မျိုးကို ချန်ပြီး ညာတင်ပါးအောက်နေရာနဲ့ ဘယ်တင်ပါးအောက်နေရာတို့ကို ထည့်ကာ ၁၀ ချက်မှတ်အဖြစ် နောက်တစ်နည်း မှတ်နိုင်ပါတယ်။ ညာတင်ပါးအောက်နေရာမှ စကာ ညာတံတောင်စေ့နေရာ စသည် အစဉ်အတိုင်း မှတ်သွားရပါမယ်။
ထိုင်ထိကို ရှုမှတ်ချင်တိုင်း ရှုမှတ်သင့်တာတော့ မဟုတ်ပါ။ သို့ဖြစ်လို့ ရှုမှတ်သင့်တဲ့အခါများကိုလည်း လေ့လာမှတ်သားထားကြရပါမယ်။
ထိုင်ထိကို ရှုမှတ်သင့်တဲ့အခါများ
----------------------------------------
၁။ ဖောင်းပိန်ကို အာရုံပြုလို့ မရတဲ့အခါ၊
၂။ စိတ်ပြေးစိတ်ထွက် များလွန်းတဲ့အခါ၊
၃။ ငိုက်မြည်းတဲ့အခါ၊
၎။ ဒုက္ခဝေဒနာကို တိုက်ရိုက်မရှုမှတ်နိုင်လို့ ခွာပြီး ရှုတဲ့အခါ၊
၅။ ဖောင်းပိန်ကို ရှုမှတ်နေရင်း သိမ်မွေ့  ပျောက်ကွယ်သွားလို့ ရှုမှတ်စရာ မရှိတော့တဲ့အခါ တို့ဖြစ်ကြပါတယ်။
အထက်မှာ ဆိုခဲ့တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး မှာထားရန်များလည်း အထူးလိုအပ်လာတယ်။ အထူးမှတ်ချက်တွေပါ။
(က) ထိနေရာ သတ်မှတ်ပုံ နှစ်မျိုးထဲမှာ က အုပ်စုကို အရင်မှတ်ရပါတယ်။
အကြောင်းကား ခ အုပ်စုမှာ လက်မထိပ်ချင်း ထိထားတဲ့နေရာသာ ဖောဋ္ဌဗ္ဗရုပ်ထင်ရှားပြီး ကျန်တဲ့နေရာတွေက စိတ်နဲ့သာ သွားထိရတာမို့ ထိထိမိမိ မှတ်နိုင်ဖို့ ခဲယဉ်းလို့ပင်။ က အုပ်စုနဲ့ မှတ်လို့ လိုအင်မပြည့်ခါမှ ခ အုပ်စုကို မှတ်သင့်ပါတယ်။
(ခ) ထိကို မှတ်တဲ့အခါ အားထုတ်ခါစ ယောဂီများအတွက် ဆိုခဲ့ပါ ၇ ချက်ထဲက ၃ ချက် ၅ ချက်စသဖြင့်လည်း နိုင်နိုင်နင်းနင်း ထိထိမိမိ ဖြစ်စေဖို့ အဆင်ပြေသလို ရွေးချယ်ပြီးတော့ ရှုမှတ်သွားရပါမယ်။
(ဂ) ထိုင်ထိမှတ်သင့်တဲ့ အခါများထဲမှာ ၁ နဲ့ ၅ နှစ်မျိုးကိုသာ ထိုင်ထိဆိုပြီး သီးသန့်မှတ်ရပါတယ်။ ကျန်တဲ့ ၂/၃/၄ တို့ကိုကား ဖောင်းပိန်တစ်လှည့် ထိုင်ထိတစ်လှည့် အတွဲလိုက် မှတ်သွားရပါမယ်။
(ဃ) ထိုင်ထိကို သီးသန့်မှတ်တာဖြစ်ဖြစ်၊ အတွဲလိုက် မှတ်တာဖြစ်ဖြစ် လိုအင်ပြည့်သွားပါက ဖောင်းပိန်ကိုသာ ပြန်မှတ်ရတယ်။
အကြောင်းသော် ပင်တိုင်ကမ္မဋ္ဌာန်းဖြစ်တဲ့ ဖောင်းပိန်ဟာ သမာဓိကို ကြာရှည်စွာ ပိုထိန်းထားနိုင်လို့ အထက်ဉာဏ်များဆီသို့ တက်နိုင်ဖို့ရန် အားသာချက်ရှိနေလို့ပါ။
(င) ဖောင်းပိန် ပျောက်ကွယ်သွားလို့ ထိုင်ထိမှတ်ရင်း ထိုင်ထိပါ မှတ်လို့မရလောက်အောင် ဝေဝါးပျောက်ကွယ်သွားခဲ့ရင် သိတယ်ဆိုပြီး အသိစိတ်လေးရဲ့ သိနေပုံကို အာရုံပြုပြီး မှတ်ရပါတယ်။ စိတ်ရဲ့ သညာ ပညာတို့နဲ့ မတူတဲ့သိခြင်း၊ နာမ်တို့ရဲ့ အာရုံဆီသို့ ညွတ်ခြင်း သဘောတွေကို ဂရုစိုက်ပေးရပါမယ်။
ထိုင်ထိကိုသာ မှတ်ရတာကြောင့် ပျင်းစိတ်ဝင်လာရင်ဖြစ်စေ၊ စိတ်ပြေးစိတ်ထွက် များလာရင်ဖြစ်စေ အသိစိတ်လေးရဲ့ သိနေပုံကို သိတယ်ဆိုတဲ့ အမှတ်ကို တိုးပေးပြီး ထိုင်တယ်၊ ထိတယ်၊ သိတယ်လို့ မှတ်ရပါတယ်။
သိတယ်လို့ မှတ်ရာမှာ စိတ်ရဲ့ သဘောသဘာဝကို သိရင် စိတ္တာနုပဿနာထဲ ပါဝင်မှာဖြစ်ပြီး နာမ်ရဲ့ သဘောသဘာဝကို သိပါက ဓမ္မာနုပဿနာထဲ ပါဝင်မယ်။
စိတ်ရဲ့သဘောဆိုတာက စိတ်ရဲ့ လက္ခဏ စတာတွေနဲ့ စိတ်အကျဉ်း ၈၉ ပါး အကျယ် ၁၂၀ ပါးတို့တွေထဲက တစ်ပါးချင်းစီရဲ့ ကိုယ်ပိုင် လက္ခဏ စတာတွေဖြစ်ပါမယ်။ နာမ်ရဲ့သဘောဆိုတာက နာမ်ရဲ့ လက္ခဏ စတာတွေနဲ့ ဝေဒနာ သညာတို့ကို ကြဉ်ဖယ်ပြီး ကျန်စေတသိက် ၅၀ တို့ရဲ့ လက္ခဏစတာတွေဖြစ်ပါမယ်။ ဒီစေတသိက်တွေဟာ သင်္ခါရက္ခန္ဓာ ဓမ္မာယတန ဓမ္မဓါတ်တွေဖြစ်နေလို့ နာမ်ရဲ့သဘောကို သိတယ်လို့ ရှုမှတ်နေတာဟာ ဓမ္မာနုပဿနာထဲ ပါရခြင်းပါ။
အထက်က သိတယ်လို့ ရှုမှတ်စရာ နှစ်မျိုးထဲမှာ ဘယ်ဟာကို မှတ်မှတ် ကျေးဇူးများသည်သာ ဖြစ်ပါတယ်။
စိတ်ရဲ့သဘောကို သိလိုက်ရလို့ သိတယ်လို့ မှတ်နေသူမှာ တပ်မက်တဲ့စိတ်၊ ဆိုးညှစ်တဲ့စိတ်၊ တွေဝေတဲ့စိတ် စတဲ့စိတ်တွေကို သိရပြီး ရှုမှတ်မှုဖြင့်ပယ်နိုင်ခြင်း ကျေးဇူးရှိပါတယ်။ ပယ်နိုင်ရင် ပယ်နိုင်သလောက်ပင် စိတ်သန္တာန်မှာ ကိလေသာ အညစ်အကြေးတွေလည်း ဖြူစင်သင့်သလောက် ဖြူစင်လာပါတယ်။ စက္ကူအဖြူပေါ်မှာ ဘာအရောင်ဖြစ်ဖြစ် စွဲထင်ရန် လွယ်ကူသလိုပဲ ဖြူစင်နေတဲ့ စိတ်မှာလည်းပဲ အာရုံတွေဟာ ထင်လွယ်လာတယ်။ ဒါ့ကြောင့် စိတ္တာနုပဿနာကို နိုင်နင်းထားသူဟာ အခြားပညာတွေ သင်ယူတဲ့အခါမှာလည်း လွယ်ကူစွာ တတ်မြောက်ပါတယ်။ ဥာဏ်ကောင်းလာတယ်ပေါ့။
နာမ်ရဲ့သဘောကို သိရပြီး ရှုမှတ်သူမှာကား ဓမ္မသဘာဝအရ သဘောတရားတွေရဲ့ ဖြစ်ပျက်နေမှုတွေကို သိလာရပါတယ်။ အနိစ္စစတဲ့ လက္ခဏာတွေကို တွေ့မြင်ရခြင်း ကျေးဇူးရှိပါတယ်။ အလွန်သိနိုင်ခဲ မြင်နိုင်ခဲတဲ့ ဖြစ်ပျက်နဲ့ အနိစ္စစတာတွေကို သိမြင်ထားသူဟာ ကျွဲကူးရေပါဆိုသလိုပဲ မိမိရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်တာတွေကိုလည်း အလိုလို သိလာတတ်ပါတယ်။ ဥပမာ - လူတစ်ယောက် ဘာတွေ လုပ်ခဲ့၊ လုပ်နေ၊ လုပ်လိမ့်မလဲ ဆိုတာတွေကို သိနေတတ်တာမျိုးပါ။
အချုပ်အားဖြင့်ကား ယောဂီဟာ သိတယ်၊ သိတယ်လို့ ထိထိမိမိ ရှုမှတ်နေနိုင်ပြီးဆိုရင် စိတ္တာနုပဿနာနဲ့ ဓမ္မာနုပဿနာကို တစ်လှည့်စီ ရှုသိနေတာလည်း ဖြစ်နိုင်တယ်။ နှစ်ခုထဲက တစ်ခုခုကို ထဲထဲဝင်ဝင် ရှုသိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ဟာကို သိသိပါ။ သတိပဋ္ဌာန်ကျင့်စဉ်ကို တစ်ဆင့်တက် ရှုသိလာနိုင်တာပဲ ဖြစ်ပါတယ်။
ဒီနေရာက ဣရိယာပထပိုင်းဖြစ်နေလို့ စိတ္တနဲ့ဓမ္မာနုပဿနာတွေကို ဆက်စပ်ပတ်သက်နေမှုပြရုံ အမြွက်မျှကိုသာ ရေးသားလိုက်ပါတယ်။ အကျယ်ကို သိလိုပါမူ သက်ဆိုင်ရာ အပိုင်းအခန်းတွေမှာ လေ့လာရန်ဖြစ်ပါတယ်။
ထိုင်မှတ် ပြီးပါပြီ။
ငြိမ်းနန္ဒ (၁၀/၁၂ /၁ /၂၀၁၇)
No comments:
Post a Comment