(၄)
ကာယာနုပဿနာသတိပဋ္ဌာန်
==================
ဒီသတိပဋ္ဌာန်မှာ အပိုင်းအားဖြင့် ၁၄ ပိုင်းပါဝင်တယ်။ အပိုင်းတွေမှာ ရှုရမဲ့ အာရုံတွေ ကွဲပြားကြသလို သိဝထိက ၉ ပိုင်းက လွဲရင် ရှုပုံများလည်း ခြားနားကြပါတယ်။
အပိုင်း ၁၄ ပိုင်းမှာ အောက်ပါအတိုင်း ဖြစ်ကြပါတယ်။
၁။ အာနာပါနပိုင်း
၂။ ဣရိယာပထပိုင်း
၃။ သမ္ပဇညပိုင်း
၎။ ပဋိကူလမနသိကာရပိုင်း
၅။ ဓာတုမနသိကာရပိုင်း
၆_၁၄။ သိဝထိက ပထမမှ နဝမအထိ တို့ဖြစ်ကြပါတယ်။
ကာယာနုပဿနာ သတိပဋ္ဌာန်ကို အားထုတ်မဲ့သူဟာ အထက်ပါ ၁၄ ပိုင်းစလုံးကိုဖြစ်စေ၊ နှစ်ပိုင်း သုံးပိုင်းစသည် ပေါင်းစပ်ပြီးဖြစ်စေ၊ တစ်ပိုင်းထဲကိုဖြစ်စေ စိတ်တိုင်းကျ အားထုတ်နိုင်ပါတယ်။ ကမ္မဋ္ဌာန်း ၄၀ ကို စရိုက်အလိုက် သင့်လျော်ရာ ရွေးချယ်ပြီး အားထုတ်ရတာနဲ့ ဆင်တူပါတယ်။ လိုရင်းကား သတိကို ကိုယ်ပေါ်မှာ ကြာရှည်စွာ စွဲမြဲတည်စေရေးသာ ဖြစ်ပါတယ်။
ကာယာနုပဿနာများနဲ့ စပ်ဆိုင်တဲ့ ထူးခြားမှုတွေကိုလည်း မှတ်သားဖွယ်အဖြစ် တင်ပြပါဦးမယ်။
သတိပြုရန်မှာ အာနာပါနပိုင်းနှင့် ပဋိကူလမနသိကာရပိုင်းတို့ဟာ ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိ နှစ်မျိုးစလုံးကို ရရှိစေနိုင်ပြီး ကျန်ကာယာနုပဿနာ ၁၂ ပိုင်းတို့ကား ဥပစာရသမာဓိကိုသာ ရရှိစေနိုင်ပါတယ် ဆိုတာပဲဖြစ်ပါတယ်။
အထူးမှတ်ရန်မှာ သိဝထိက ၉ ပိုင်းကို အပ္ပနာ ကမ္မဋ္ဌာန်းအဖြစ်ဖြင့် ဟောသည်မဟုတ်။ အာဒီနဝါနုပဿနာအဖြစ်ဖြင့်သာ ဟောသည်ဟု မဟာသိဝမထေရ်ရဲ့ မိန့်ဆိုချက်ကို အဋ္ဌကထာက သီးခြားပြဆိုထားချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် အပ္ပနာဈာန်နဲ့မဆိုင်လို့ သိစေပါတယ်။
ဣရိယာပထပိုင်းစတဲ့ ဥပစာရသမာဓိကိုသာ ဖြစ်စေနိုင်တဲ့ အပိုင်း ၁၂ ပိုင်းတို့ကို အားထုတ်ခြင်းဖြင့် စိတ္တဝိသုဒ္ဓိစခန်းအတွက် ပြီးပြည့်စုံသွားကြောင်းနဲ့ အဲ့ဒီ ဥပစာရသမာဓိကိုပင် ဝိပဿနာ ခဏိကသမာဓိဟု ခေါ်ဆိုထားကြောင်း မဟာစည်ဆရာတော်ဘုရားက မှတ်ချက်ပြုတော်မူပါတယ်။
သမထပုဗ္ဗင်္ဂမဝိပဿနာယာနိကမှာ ဥပစာရနဲ့ အပ္ပနာ သမာဓိနှစ်မျိုးထဲက တစ်ခုခု ရရှိအောင် အားထုတ်ပြီးမှ ဝိပဿနာသို့ ပြောင်းလဲ အားထုတ်ခြင်းဖြစ်တယ်။ သုဒ္ဓဝိပဿနာယာနိကကား ခဏိကသမာဓိနဲ့ ရုပ်နာမ်တို့ကို တိုက်ရိုက်ရှုခြင်းပါ။ ယုဂနဒ္ဓနည်းကတော့ နည်းတစ်ခုခုနဲ့ သမာဓိအားကောင်းအောင် ထူထောင်ထားပြီး သမထနဲ့ ဝိပဿနာကို အလှည့်အကြိမ်နဲ့ အတွဲလိုက် ရှုမှတ်ခြင်းဖြစ်ပါတယ်။
ကာယာနုပဿနာ အားလုံးနဲ့ ပတ်သက်ပြီး သိထားရမဲ့ မှတ်ချက်တစ်ခု ရှိပါသေးတယ်။ ကာယာနုပဿနာဟာ ကိုယ်ခန္ဓာရဲ့ တင့်တယ်မှု သုဘသညာကို ပယ်နိုင်တယ်။ သုဘ၀ိပ္ပလ္လာသကို ဖျောက်ဖျက်ပေးနိုင်တယ် ဆိုတာပါပဲ။
အာနာပါနပိုင်း
------------------
အာနာပါနကို ရှုမှတ်တော့မယ်ဆိုရင် နှာသီးဖျားမှာဖြစ်စေ၊ အထက်နှုတ်ခမ်းမှာဖြစ်စေ စိတ်စိုက်ပြီး သတိကို ပို့ထားရမယ်။ ဝင်လေကို ရှူတဲ့အခါနဲ့ ထွက်လေကို ရှိုက်တဲ့အခါတွေ သတိပို့ထားတဲ့နေရာမှာ ဝင်လေ ထွက်လေတို့ ထိခိုက်သွားတာကြောင့် အေးတာနဲ့ ပူတာကို သိလာပါတယ်။
အဲ့ဒီ အသိအတိုင်းပင် သမထအတွက် ဝင်တယ် ထွက်တယ်လို့ ရှုမှတ်ရပါတယ်။ ဝိပဿနာအရာမှာကား ထိတယ် သိတယ် သို့မဟုတ် ပူတယ် အေးတယ်စသဖြင့် ရှုမှတ်ရပါတယ်။
၁။ သတိအားကောင်းလာလို့ သမာဓိရလာတဲ့အခါ ဝင်သက် ထွက်သက်တို့က မှတ်စိတ်ထက် ပိုရှည်နေတာကိုလည်း သိလာရတယ်။
၂။ ပိုပြီး စူးစူးစိုက်စိုက် ရှုမှတ်လာနိုင်တဲ့အခါ ဝင်သက် ထွက်သက်တွေက မှတ်စိတ်တောင် မဆုံးသေးဘဲ ကုန်ဆုံးသွားတယ်လို့ ထင်ရလောက်အောင် တိုနေတာကိုလည်း သိလာရတယ်။
၃။ သမာဓိအားတွေ အတော်အတန် စုဆောင်းနိုင်ပြီဆိုရင် ဝင်သက် ထွက်သက်တွေ မျှင်းမျှင်းကလေး ဆုံးသွားပေမဲ့ အရှည် အတို အားလုံးတို့ရဲ့ အစ အလယ် အဆုံး အကုန်လုံးကိုပင် ထင်ရှားပီသစွာ သိလာရပါတယ်။
ဒီနေရာမှာ ဝင်သက် ထွက်သက်တွေရဲ့ စ လယ် ဆုံး အကုန်လုံးကို ထင်ရှားသိရအောင်ဆိုပြီး ပြင်းပြင်း အားထုတ် ရှူရရှိုက်ရမှာ မဟုတ်ပါ။ ပုံမှန်အတိုင်းသာ ရှူရရှိုက်ရပါမယ်။
ပြင်းပြင်း အားထုတ်လို့ စ လယ် ဆုံး တွေကို သိလာရရင်လည်း ဉာဏ်စွမ်းကြောင့် သိရခြင်းမဟုတ်ဘဲ အာရုံရဲ့ အစွမ်းကြောင့်သာဖြစ်လို့ အားထုတ်နေတဲ့ လုပ်ငန်းစဉ်အတွက် အကျိုးမများပါ။ ပုံမှန်အားထုတ်ရင်း ဘာဝနာရဲ့ ဓမ္မတာသဘောအားဖြင့် သမာဓိရင့်လာလို့ သိရခြင်းကသာ လိုရင်းဖြစ်ပါတယ်။
၎။ သမာဓိတွေ အလွန်အားကောင်းလာရင် ဝင်သက် ထွက်သက်တွေ လုံးဝချုပ်ငြိမ်းသွားတယ်လို့လည်း သိလာရတယ်။
ဒီအဆင့်မှာလည်း ဝင်သက် ထွက်သက်ကို အောင့်ထားရမယ်လို့ မဆိုလိုပါ။ ပုံမှန်အားထုတ်ရင်း သမာဓိတွေ အလွန်အားကောင်းလာပေမဲ့ ဉာဏ်က သင့်တင့်အောင် လိုက်မလာနိုင်လို့သာ ဝင်သက် ထွက်သက်တွေ လုံးဝချုပ်ငြိမ်းသွားသလို ဖြစ်ရခြင်းပါ။ စင်စစ်မှာ အဲ့ဒီလိုမဟုတ်။ ဉာဏ်အားနည်းလို့ အလွန်သိမ်မွေ့သွားတဲ့ ဝင်သက် ထွက်သက်ကို မသိနိုင်ခြင်းဖြစ်ပါတယ်။
ဆက်လက်ပြီး စူးစူးစိုက်စိုက် ရှုမှတ်နေရင် အလွန်သိမ်မွေ့သွားတဲ့ အဲ့ဒီ ဝင်သက် ထွက်သက်မှာပင် သမထအရာဆိုရင် ပဋိဘာဂနိမိတ်ထင်ပြီး ဥပစာရနဲ့ အပ္ပနာသမာဓိများသို့ ရောက်နိုင်ပါတယ်။ ဝိပဿနာအရာမှာကား ဥဒယဗ္ဗယဉာဏ်စတဲ့ ဝိပဿနာဉာဏ်တွေ ဖြစ်ပေါ်လာပါတယ်။
အာနာပါနနဲ့ ပွတ်ဆွဲဥပမာ
--------------------------------
အထက်မှာ ပြဆိုခဲ့ပြီး အာနာပါနရှုမှတ် ပွားများပုံတွေကို ပိုပြီး ထင်လွယ်မြင်လွယ်ရှိအောင် မြတ်စွာဗုဒ္ဓရှင်တော်က ဥပမာလေးနဲ့ ထပ်မံရှင်းပြတော်မူပါတယ်။
ကျွမ်းကျင်လိမ္မာတဲ့ ပွတ်ဆရာဖြစ်စေ၊ သူ့ရဲ့ တပည့်ဖြစ်စေ ပွတ်ကြိုးကို ရှည်ရှည်ဆွဲငင်ရင်လည်း ရှည်ရှည်ဆွဲငင်တယ်လို့ သိတယ်။ ပွတ်ကြိုးကို တိုတိုဆွဲငင်တဲ့အခါမှာလည်း တိုတိုဆွဲငင်တယ်လို့ သိတယ်။ ဆွဲငင်မှုရဲ့ အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိမြင်ရအောင် ဆွဲငင်မယ်ဆိုပြီးတော့လည်း လေ့ကျင့်ပါတယ်။ ကြမ်းတမ်းတဲ့ ဆွဲငင်မှုကို ငြိမ်းစေပြီး ငြိမ်ငြိမ်သက်သက် ဆွဲငင်တတ်အောင် ဆွဲငင်မယ်ဆိုတဲ့ အသိနဲ့လည်း လေ့ကျင့်ပါတယ်။
ပွတ်ဆွဲသမားနည်းတူ ဝင်သက် ထွက်သက် နှစ်ခုကို အမှတ်ပြုနေတဲ့ ယောဂီဟာ ဝင်သက် ထွက်သက်တို့ ရှည်နေရင် ရှည်တယ်လို့ သိရပါမယ်။ တိုနေရင်လည်း တိုတယ်လို့ သိရပါမယ်။ ဝင်သက် ထွက်သက်တို့ရဲ့ အစ အလယ် အဆုံးတွေကိုလည်း သိရအောင် ကျင့်ကြံရပါမယ်။ ကြမ်းတမ်းတဲ့ ဝင်ထွက်မှုတွေ ငြိမ်သက်သွားခဲ့ရင်လည်း သိနေရအောင် ကျင့်ကြံရပါမယ်။
ဆိုခဲ့တာတွေဟာ မိမိကိုယ်တွင်းမှာ ရှုမှတ်ပွားများနေပုံတွေဖြစ်ပါတယ်။ အထက်က နည်းအတိုင်း ရှုမှတ်ပွားများနေသူဟာ မိမိရဲ့ ဝင်သက် ထွက်သက်တွေဆိုတဲ့ ရုပ်အပေါင်းကိုယ်ကို ရုပ်အပေါင်းမျှသာဖြစ်တယ်လို့ ရှုမြင်လာတယ်။ သူတစ်ပါးတို့ရဲ့ ကိုယ်တွင်းမှာနဲ့ မိမိ သူတစ်ပါး အားလုံးသော သတ္တဝါတို့ရဲ့ ကိုယ်တွေမှာလည်း ဒိအတိုင်းပဲ ရှုမြင်လာတယ်။ ဒီနေရာမှာ ရှုမြင်တယ်ဆိုတာ အခါအားလျော်စွာ ဆင်ခြင်မိလာတာကို ဆိုလိုပါတယ်။
ဝင်သက် ထွက်သက်တို့ရဲ့ စ လယ် ဆုံး တွေနောက် လိုက်သိနေရအောင် ကြိုးစားပွားများနေသူရဲ့ စိတ်အစဉ်ဟာ ကိုယ်ရဲ့အတွင်း တစ်နေရာရာဖြစ်စေ၊ အပတစ်နေရာရာဖြစ်စေ ပျံ့လွင့်သွားရင် သမာဓိရဲ့ ဘေးရန်ဖြစ်တယ်လို့ ပဋိသမ္ဘိဒါမဂ် ၁၆၃ မှာ ဆိုထားတာက အထက်က ဆင်ခြင်မိပုံကို ရည်ညွှန်းတာ မဟုတ်ပါ။ သမထသက်သက် အားထုတ်သူများအတွက် သီးသန့် သတိပေးစကားသာ ဖြစ်ပါတယ်။
ဝိပဿနာအရာမှာကတော့ စိတ်ပျံ့လွင့်သွားရုံလောက်နဲ့ ဘေးမဖြစ်သေးပါ။ အဲ့ဒီစိတ်ကို လိုက်မမှတ်နိုင်မှသာ ဘေးဖြစ်ပါတယ်။ စိတ်ပျံ့လွင့်သွားရင် အဲ့ဒီစိတ်ကို ပျံ့လွင့်တဲ့ အချင်းအရာအတိုင်း လိုက်ပြီး ရှုမှတ်နေရင် စိတ္တာနုပဿနာ သတိပဋ္ဌာန်ဖြစ်ပါတယ်။ အထက်က ဆိုခဲ့တဲ့ ဆင်ခြင်မိပုံကား စိတ်ပျံ့လွင့်သွားခြင်းတောင် မဟုတ်ဘဲ ရှုမှတ်မှုစွမ်းရည်ပြ ဉာဏ်တစ်မျိုးပင် ဖြစ်ပါတယ်။
အာနာပါနနဲ့ ဖားဖိုဥပမာ
-----------------------------
အာနာပါနကို ရှုမှတ်ပွားများနေတဲ့ ယောဂီဟာ ရှုမှတ်မှုတွေ နက်သထက် နက်လာတဲ့အခါ ဝင်သက် ထွက်သက် ရုပ်အပေါင်းတို့ရဲ့ ဖြစ်ကြောင်းတရားနဲ့ ဖြစ်မှုသဘောကို ရှုမြင်နေတတ်တယ်။
ရုပ်ဖြစ်ကြောင်း ၄ ပါးမှာ
၁။ အဝိဇ္ဇာရှိနေခြင်း၊
၂။ တဏှာရှိနေခြင်း၊
၃။ ကံရှိနေခြင်း၊
၎။ စားအပ်တဲ့အာဟာရရှိနေခြင်း တို့ဖြစ်ကြပါတယ်။ အဲ့ဒီလေးပါးထဲမှာ ဖြစ်မှု = ရုပ်ရဲ့ အသစ်အသစ်ဖြစ်ပေါ်လာခြင်း (နိဗ္ဗတ္တိလက္ခဏာ)ပေါင်းထည့်လိုက်ရင်
သမုဒယဓမ္မ ၅ ပါးဖြစ်ပါတယ်။
ယောဂီဟာ ပျက်ကြောင်းတရားနဲ့ ပျက်မှုသဘောတွေကိုလည်း ရှုမြင်နေတတ်ပါတယ်။
အထက်က ရှိနေခြင်း လေးနေရာကို ကင်းခြင်းလို့ ဖလှယ်လိုက်ရင် ရုပ်ပျောက်ကွယ်ကြောင်း လေးပါးဖြစ်ပါတယ်။ ပျောက်ကွယ်မှု = ဖြစ်ပေါ်ပြီး ရုပ်တို့ရဲ့ ပျောက်ကွယ်ကုန်ဆုံးသွားခြင်း (ဝိပရိဏာမလက္ခဏာ)ကို ထပ်ပေါင်းရင် ဝယဓမ္မ ၅ ပါးဖြစ်ပါတယ်။
ဆိုခဲ့တာတွေအပြင် ရုပ်တွေရဲ့ ဖြစ်ကြောင်း ပျက်ကြောင်းတရားနဲ့ ဖြစ်မှု ပျက်မှု သဘောတွေကိုလည်း အတွဲလိုက် ရှုမြင်နေလေ့ရှိပါတယ်။ အချက်အလက်တွေကတော့ အထက်ကအတိုင်း ငါးပါးစီပင်ဖြစ်ပါတယ်။ သမုဒယဝယဓမ္မလို့ ခေါ်တွင်ပါတယ်။
ယောဂီရဲ့ ရှုမြင်နေစဉ်အခါ ထင်ရှားလာတဲ့ ပုံဟန်ကို ဖားဖိုဥပမာနဲ့ အဋ္ဌကထာဆရာက နှာ ၃၅၆ မှာ တင်ပြထားပါတယ်။
၁။ ဖားဖို၏ကိုယ်ထည်
၂။ ၎င်း၏နှုတ်သီးပြောင်း
၃။ ဆွဲမှု ...ဤအကြောင်း သုံးပါးကြောင့် ဖားဖိုမှ လေဟာ အဆက်မပြတ် အဆင့်ဆင့် ဖြစ်ပေါ်လာရသလို ယောဂီရဲ့
၁။ ဝမ်းဗိုက်စသောကိုယ်
၂။ နှာခေါင်းပေါက်
၃။ စိတ်...တို့ဆိုတဲ့ အကြောင်းသုံးပါးကြောင့် ယောဂီရဲ့ကိုယ်မှာ ဝင်သက် ထွက်သက် ရုပ်အပေါင်းတို့ အဆင့်ဆင့် ဝင်ထွက် ဖြစ်ပေါ်နေရတယ်။
သို့ကလို ဝမ်းဗိုက်စတဲ့ အကြောင်းတွေဟာ ဝင်ထွက်ရုပ်တို့ရဲ့ ဖြစ်ကြောင်းတရားဖြစ်တယ်။ အဲ့ဒါတွေကို ရှုနေရင်းပင် အဲ့ဒီဖြစ်ကြောင်းတရားတွေကြောင့် ဝင်ထွက်မှုတွေ ဖြစ်နေတယ် စသဖြင့် ဆက်လက်ရှုပြန်တယ်။ ဒါကို အဋ္ဌကထာက သမုဒယဓမ္မာနုပဿီ = ဖြစ်ကြောင်းတရားနဲ့ ဖြစ်မှုသဘောကို ရှုနေသူလို့ ဆိုပါတယ်။
မဟာစည် ဆရာတော်ဘုရားကြီးကတော့ နှာသီးဖျားစတဲ့ ထိခိုက်ရာဌာနမှာ ဝင်ထွက်မှုတွေ အဆင့်ဆင့် ထိခိုက်ပြီး တစ်ပိုင်းစီ တစ်ပိုင်းစီ အသစ် အသစ် ဖြစ်ပေါ် ဖြစ်ပေါ်လာတာကို ပိုင်းပိုင်းခြားခြား သိမြင်တဲ့ ယောဂီဟာ သမုဒယဓမ္မာနုပဿီဖြစ်တယ်လို့ ဆိုတော်မူပါတယ်။
ဖားဖိုစတာတွေ မရှိတော့ရင် ဖားဖိုလေ မဖြစ်တော့သလို နှာသီးဖျားစတာတွေ မရှိတော့ရင်လည်း ဝင်ထွက်လေတွေ မရှိနိုင် စသဖြင့် ရှုမြင်ရင် ဝယဓမ္မာနုပဿီဖြစ်ပါတယ်။ ဖြစ်ပျက် နှစ်မျိုးတွဲပြီး ရှုမြင်တာကို သမုဒယဝယ ဓမ္မာနုပဿီခေါ်ပါတယ်။
သို့ကလို ယောဂီရဲ့ ရှုမှတ်မှုတွေ အသားကျသထက် ကျလာရင် အဲ့ဒီယောဂီရဲ့ သတိမှာ ရှူတတ် ရှိုက်တတ်တဲ့ ပုဂ္ဂိုလ်မရှိဘဲ ဝင်တတ် ထွက်တတ်တဲ့ ရုပ်အပေါင်းသာ ရှိတယ်လို့ ရှေးရှုထင်လာတယ်။ အဲ့ဒီသတိဟာ အထက်ဉာဏ်များ အဆင့်ဆင့် တိုးပွားလာစေပါတယ်။ အဆင့်ဆင့်အားဖြင့် ရှုမှတ်မှု စွမ်းရည်တွေ တိုးပွားလာစေပါတယ်။
ဒီနည်း ဒီပုံအတိုင်း ရှုမှတ်နေသူဟာ တဏှာ ဒိဋ္ဌိတွေကို မမှီ မတွယ်တော့ဘဲ နေနိုင်လာတယ်။ ဖြစ်ပျက်ဆဲ သင်္ခါရ လောကထဲမှာ တစ်စုံတစ်ရာကို ငါ ငါကောင် ငါ့ဥစ္စာ တို့ဆိုပြီး တဏှာ ဒိဋ္ဌိတွေနဲ့ မစွဲလန်းတော့ပြီ။ အဲ့ဒီလို ဖြစ်လာအောင် ယောဂီဟာ ဆိုခဲ့ပြီး နည်းတွေနဲ့ ရုပ်အပေါင်း ကိုယ်ကို ရုပ်အပေါင်းပါပဲလို့ ရှုမြင်နေရပါမယ်။
ဆိုခဲ့ပြီး စကားအစဉ်တွေကို ရှုကြည့်ပြီး မဟာစည် ဆရာတော်ဘုရားကြီးက ဒီအာနာပါနပိုင်းကို အောက်ပါအတိုင်း မှတ်ချက်ပြုတော်မူခဲ့ပါတယ်။
ဤသတိပဋ္ဌာနသုတ် အာနာပါနပိုင်းမှာ သမုဒယဓမ္မာနုပဿီ ဝယဓမ္မာနုပဿီ ဆိုတဲ့စကားတွေ ပါနေတာကို ထောက်ဆပြီး ဒီအပိုင်းဟာ ဝိပဿနာကို ပဓာနပြုဟောတယ်လို့ မှတ်ယူရပါမယ်။
အကြောင်းကား သမထအရာမှာ ဖြစ်ပျက်တွေကို ရှုရန်မလို။ တဏှာ၊ ဒိဋ္ဌိတို့ကို အစွဲအလန်း မကင်းနိုင်။ အဲ့ဒါတွေဟာ ဝိပဿနာမှာသာ ဖြစ်နိုင်ကြပါတယ်။
အဋ္ဌကထာက ဒီအာနာပါနပိုင်းမှာ ဝိပဿနာဖြစ်ပုံကို ဆက်လက်ပြဆိုထားတာကြောင့် မဟာစည် ဆရာတော်ဘုရားကြီးရဲ့ မှတ်ချက်ပြုမှုဟာ ပိုပြီး အသက်ဝင်လာပါတယ်။
အာနာပါန ပဋိဘာဂနိမိတ်မှာ ဈာန်တွေရရှိထားတဲ့ ပုဂ္ဂိုလ်ဟာ ဈာန်ကို ဝင်စားပြီးတော့ အဲ့ဒီ ဈာန်ကိုဖြစ်စေ၊ ဈာန်ရဲ့ အာရုံဖြစ်တဲ့ ဝင်သက် ထွက်သက်ကိုဖြစ်စေ ရှုမှတ်ကာ အဖြစ်အပျက်ကို ရှင်းလင်းစွာ သိမြင်ခြင်းဖြင့် ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် ဖြစ်ပွားလာတယ်။ အနိဿိတ = အမှီအတွယ် ကင်းခြင်း၊ အနုပါဒါန = အစွဲအလမ်း ကင်းခြင်းကိစ္စတွေ ပြီးစီးလာကာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်တွေ့မြင်သွားတယ်။
မဟာစည် ဆရာတော်ဘုရားကြီးက အာနာပါနမှာ ဝိပဿနာယာနိက ပုဂ္ဂိုလ်အတွက် ရှုမှတ်ပုံကို အောက်ပါအတိုင်း ဖြည့်စွက်ပြထားတော်မူခဲ့ပါတယ်။
နှာသီးဖျား၊ နှုတ်ခမ်းတို့မှာ ဝင်သက် ထွက်သက် ထိခိုက်တိုင်း ထိခိုက်တိုင်း ရှုမှတ်ကာ ထိခိုက်တဲ့ ဝါယောဖောဋ္ဌဗ္ဗရုပ်ရဲ့ အဖြစ်အပျက်ကိုဖြစ်စေ၊ ထိသိမှုရဲ့ အဖြစ်အပျက်ကိုဖြစ်စေ၊ ရှုမှတ်မှုရဲ့ အဖြစ်အပျက်ကိုဖြစ်စေ ရှင်းလင်းစွာ သိမြင်ခြင်းဖြင့် ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် ဖြစ်ပွားလာတယ်။ ဒိနောက် အနိဿိတ၊ အနုပါဒါနကိစ္စတွေ ပြီးစီးလာကာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်တွေ့မြင်ပါတယ်။
အာနာပါနပိုင်း ပြီးပါပြီ။
ငြိမ်းနန္ဒ (၅ /၇ /၁ /၂၀၁၇)
No comments:
Post a Comment