"သာသနာတော်အတွက် ရွှေ.ငွေကို အပ်စပ်အောင် ဘယ်လိုလှူကြမလည်း?"
အပိုင်း (၃)
အဲဒီလို ရှိပါသလားလို့ မေးရင် ဘယ်လိုပုဂ္ဂိုလ်က "ဒီပုဂ္ဂိုလ်ဟာ ဝေယျာဝစ္စ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်တယ်"လို့ ပြောသင့်သလည်းလို့ မေးတော့ "စီဝရတ္ထိကေန ဘိက္ခဝေ ဘိက္ခုနာ" သင်္ကန်းကို အလိုရှိတဲ့ ရဟန်းက ပြောသင့်တယ်။ သင်္ကန်းကို အလိုမရှိဘူးဆိုရင် မပြောနဲ့တော့ ရတယ်။ဘာမှ မဖြစ်ဘူး၊ သင်္ကန်းကို အလိုမရှိဘူးဆိုရင် ထိုရဟန်းတော်က ဝေယျာဝစ္စ ဆောင်ရွက်တဲ့ ပုဂ္ဂိုလ် ဘယ်ပုဂ္ဂိုလ်လို့ ပြောနေစရာ မလိုဘူး။ အလိုရှိခဲ့မယ်ဆိုရင်တော့ ပြောမယ်ဆိုရင် ပြောသင့်တယ်။ ဘယ်လိုပြောရမလည်း?
သော စေ ဒူတော တံ ဝေယျာဝစ္စကရံ သညာပေတွာ တံ ဘိက္ခုံ ဥပသင်္ကမိတွာ ဧဝံ ဝဒေယျ - `ယံ ခေါ ဘန္တေ အာယသ္မာ ဝေယျာဝစ္စကရံ နိဒ္ဒိသိ သညတ္တော သောမယာ၊ ဥပသင်္ကမတု အာယသ္မာ ကာလေန၊ စီဝရေန တံ အစ္ဆာဒေဟီ´တိ။
(ဝိ၊၁၊၃၂၅)
ရဟန်းတော်က ဘယ်ပုဂ္ဂိုလ်ဟာ ရဟန်းတွေရဲ့ ဝေယျာဝစ္စ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ပဲလို့ ညွှန်လိုက်ပြီ။ ဘယ်ဒကာကြီး ဘယ်ဒကာမကြီးပေါ့။ အဲဒီလိုညွှန်လိုက်တဲ့ အချိန်အခါမှာ ဒီတမန်ကလည်း ဝေယျဝစ္စ ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်ထံ သွားပြီးတော့ အသိပေးလိုက်တယ်။ အသိပေးတယ် ဆိုတာကတော့ ဒီရဟန်းတော် အလိုရှိတဲ့ အချိန်မှာ သင်္ကန်းလှူဒါန်းပေးပါ ဆိုပြီး သေသေချာချာ အပ်နှံပြီး ပြောပြီးပြီ။ ပြောပြီးတဲ့ အချိန်အခါကျတော့မှ သူက ရဟန်းတော်ထံ ပြန်လာပြီးတော့ လျှောက်ထားတယ်၊ ဘယ်လိုလျှောက်ထားလည်း?
"လျှောက်ထားမှ တောင်းခွင့်ရှိ"
ဘန္တေ=အရှင်ဘုရား။ ယံ ခေါ ဝေယျာဝစ္စကရံ=အကြင် ဝေယျာဝစ္စ ဆောသ်ရွက်နေတဲ့ ပုဂ္ဂိုလ်ကို။ အာယသ္မာ= အရှင်ဘုရားသည်။ နိဒ္ဒိသိ=ညွှန်ပြတော်မူပြီ။ သော= ထိုဝေယျာဝစ္စ ရွက်ဆောင်နေတဲ့ ပုဂ္ဂိုလ်ကို။ မယံ=ဘုရားတပည့်တော်သည်။ သညတ္တော=အသိပေး၍ ထားအပ်ပါပြီ။
သင်္ကန်းလှူပေးဖို့ တပည့်တော် သေသေချာချာ မှာထားခဲ့ ပြီးပါပြီ။
အာယသ္မာ=အရှင်ဘုရားသည်။ သင့်တင့်လျှောက်ပတ်သော အချိန်အခါ ကာလ၌။ ဥပသင်္ကမတု=ချဉ်းကပ်တော်မူပါ။
သင့်တင့်လျောက်ပတ်တဲ့အခါ သင်္ကန်းအလိုရှိတဲ့အခါပေါ့။ စီဝရေန=သင်္ကန်းဖြင့်။ တံ=အရှင်ဘုရားကို။ အစ္ဆာဒေဿတိ= ဖုံးလွှမ်းလှူဒါန်းပါလိမ့်မည်။
အရှင်ဘုရား သင်္ကန်းအလိုရှိတဲ့ သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ ဒီဒကာထံကို ချဉ်းကပ်တော်မူပါဘုရား။ ထိုဒကာက အရှင်ဘုရား အလိုရှိတဲ့ သင်္ကန်းကို ဖုံးလွှမ်းလှူဒါန်းပေးပါလိမ့်မယ် ဆိုပြီးတော့ သူက ဒီလို လျှောက်ထားတယ်။ တမန်ကလည်း မလျှောက်ဘူး ခုနက ကပ္ပိယကလည်း မလျှောက်ဘူး ဆိုရင် ရဟန်းတော်ဘက်က ဘာမှ ပြောပိုင်ခွင့်မရှိဘူး။ လျှောက်ထားမှ တောင်းပိုင်ခွင့် ရှိတယ်။
တစ်ဦးဦးကတော့ လျှောက်ထားရတယ်။တမန်လုပ်တဲ့ ပုဂ္ဂိုလ် သို့မဟုတ် အလှူရှင်ပုဂ္ဂိုလ် ကိုယ်တိုင်ကသော်လည်း လျှောက်ထားရတယ်။ သိုမဟုတ် ကပ္ပိယကာရကလုပ်တဲ့ ပုဂ္ဂိုလ် သိုမဟုတ် ဝေယျာဝစ္စလုပ်တဲ့ ပုဂ္ဂိုလ်ကသော်လည်း လာပြီးတော့ လျှောက်ထားရတယ်။ နှစ်ဘက်စလုံး လျှောက်ထားရင် ပိုကောင်းတယ်နော်။ တစ်ယောက်ယောက်ကမှ ဝင်ပြီးတော့ မလျှောက်ထားခဲ့ရင် ဒီရဟန်းတော် ဘာမှ ဝင်ပြီး တောင်းခံခွင့် မရှိဘူးတဲ့။ မတောင်းကောင်းဘူး။ ကဲ ကောင်းပြီ။
"ရဟန်းညွှန်း ကပ္ပိယထံ တောင်း၍ မရရာ၌ ကျင့်ဝတ်"
စီဝရတ္ထိကေန ဘိက္ခဝေ ဘိက္ခုနာ ဝေယျာဝစ္စကရော ဥပသင်္ကမိတွာ ဒွတ္တိက္ခတ္တုံ စေဒေတဗ္ဗော သာရေတဗ္ဗော - "အတ္ထော မေ အာဝုသော စီဝရေနာ"တိ
(ဝိ၊၁၊၃၂၅)
သင်္ကန်းအလိုရှိတဲ့ ရဟန်းက သင်္ကန်းအလိုရှိတဲ့ အချိန်အခါမှာ ခုနက ပြောထားတဲ့ အပ်နှင်းထားတဲ့ ဝေယျာဝစ္စ ဆောင်ရွက်ပေးနေတဲ့ ပုဂ္ဂိုလ်ထံ ချဉ်းကပ်ပြီးတော့ -
"အတ္ထော မေ အာဝုသော စီဝရေနာ"တိ
"ဒကာ ဘုန်းကြီးတော့ သင်္ကန်း အလိုရှိတယ်။" ဒီလိုတော့ ပြောကောင်းတယ်။ "သင်္ကန်းဝယ်ပေးပါ" ဒီလိုမပြောကောင်းဘူး၊ သင်္ကန်းအလိုရှိတယ် ဒီလောက်တော့ ပြောကောင်းတယ်။
ဘယ်နှစ်ကြိမ် ပြောကောင်းသလည်းဆိုရင် ဒွတ္တိက္ခတ္တုံ = နှစ်ကြိမ်သုံးကြိမ်ပေါ့။
စကားလှအောင်ပြောတာ သုံးကြိမ်အများဆုံးပေါ့။
ဒွတ္တိက္ခတ္တုံ စောဒယမာနော သာဒယမာနော တံ စီဝရံ အဘိနိပ္ဖာဒေယျ၊ ဣစေတံ ကုသလံ၊ နော စေ အဘိနိပ္ဖါဒေယျ၊ စတုက္ခတ္တုံ ပဉ္စက္ခတ္တုံ ဆက္ခတ္တုပရမံ တုဏှီဘူတေန ဥဒ္ဒိဿ ဌာတဗ္ဗံ။(ဝိ၊၁၊၃၂၅၊၃၂၆။)
နှစ်ကြိမ်သုံးကြိမ်အထိ သွားပြီးတော့ တောင်းလို့ ရရင်ရ၊ မရဘူး ဆိုလို့ရှိရင်တော့ ဘာမှ မပြောဘဲ လေးကြိမ်.ငါးကြိမ်.ခြောက်ကြိမ် သူ့အိမ်ရှေ့မှာ သွားပြီးတော့ ဆွမ်းရပ်သလို ရပ်ခွင့်ရှိတယ်။ ဒီတော့ တောင်းရင် သုံးကြိမ် ရပ်ရင် ခြောက်ကြိမ်ပေါ့။
ဒါကို အဋ္ဌကထာများက ရှင်းထားတာတော့ သုံးကြိမ်နဲ့ ခြောက်ကြိမ်ဆိုတော့ တစ်ကြိမ်တောင်းတာနဲ့ နှစ်ကြိမ်ရပ်တာ ညီမျှနေတယ်။ ညီမျှတဲ့အတွက် တောင်းရုံသက်သက် တောင်းမယ်ဆိုရင် ခြောက်ကြိမ် တောင်းခွင့်ရှိတယ်။ ရပ်ရုံသက်သက် ရပ်မယ်ဆိုရင် (၁၂)ကြိမ် ရပ်ခွင့်ရှိတယ်။ ဒီလိုဆိုလိုတယ်နော်။ အဲဒီတော့ သုံးကြိမ်တောင်း ခြောက်ကြိမ်ရပ်ခြင်းဖြင့် သွားပြီးတော့ ရပ်တယ်။ ရပ်လိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လည်း?
စတုက္ခတ္တုံ ပဉ္စက္ခတ္တုံ ဆက္ခတ္တုပရမံ တုဏှီဘူတော ဥဒ္ဒိဿ တိဋ္ဌမာနော တံ စီဝရံ အဘိနိပ္ဖါဒေယျ၊ဣစေတံ ကုသလံ၊ တတောစေ ဥတ္တရိ ဝါယမမာနော တံ စီဝရံ အဘိနိပ္ဖါဒေယျ၊နိဿ ဂ္ဂိယံ ပါစိတ္တိယံ။(ဝိ၊၁၊၃၂၆)
လေးကြိမ် ငါးကြိမ် ခြောက်ကြိမ်လောက်အထိ ရပ်လိုက်လို့ ဒီဒကာက သင်္ကန်းကို လှူခဲ့ရင်တော့ ကောင်းတယ်။ မလှူဘူး သင်္ကန်းမရဘူး ဆိုလို့ရှိရင် ထို့ထက်အလွန် ထပ်ပြီးတော့ တောင်းခြင်း.ရပ်ခြင်း မလုပ်ပါနဲ့တဲ့။ လုပ်ခဲ့လို့ ဒီသင်္ကန်းရခဲ့ရင် ဒီသင်္ကန်းသည် နိဿ ဂ္ဂိ=စွန့်ခြင်းဝိနည်းကံ ရှေးရှိတဲ့သင်္ကန်း။ ရဟန်းတွေနဲ့ မအပ်တော့ဘူး။ဒီတော့ သုံးကြိမ်ထက် ပိုပြီး မတောင်းနဲ့။ ခြောက်ကြိမ်ထက်ပိုပြီး မရပ်နဲ့။ ဒါတောင်းတာနဲ့ ရပ်တာ နှစ်ခုပေါင်း။ တစ်ခုစီဆိုရင် ခြောက်ကြိမ်ထက် ပိုပြီးမတောင်းနဲ့၊ ၁၂ ကြိမ်ထက် ပိုပြီးမရပ်နဲ့။ အဲဒီထက် ပိုလွန်ပြီးတော့ တောင်းခဲ့လို့ ရပ်ခဲ့လို့ သင်္ကန်းရခဲ့မယ်ဆိုရင် ဒီသင်္ကန်းသည် မအပ်တော့ဘူး။ အဲဒီသင်္ကန်း
နိဿ ဂ္ဂိထိုက်ပြီ။ စွန့်ရမယ် စွန့်ပြီးတော့မှ အာပတ်ကို ဒေသနာကြားရတော့မယ်။ အဲဒီတော့ ဇာတ်ကြောင်းလေး ဆုံးအောင် နည်းနည်းလေး ထပ်ပြောလိုက်မယ်။
နော စေ အဘိနိပ္ဖါဒေယျ၊ ယတဿ စီဝရစေတာပန္နံ အာဘတံ၊ တတ္ထသာမံ ဝါ ဂန္တဗ္ဗံ ဒူတော ဝါ ပါဟေတဗ္ဗော - "ယံ ခေါ တုမှေ အာယသ္မန္တော ဘိက္ခုံ ဥဒ္ဒိဿ စီဝရစေတာပန္နံ ပဟိဏိတ္ထ၊ န တံ တဿ ဘိက္ခုနော ကိဉ္စိ အတ္ထံ အနုဘောတိ၊ ယုဉ္ဇန္တာယသ္မန္တော သကံ၊ မာ ဝေါ သကံ ဝိနဿာ"တိ အယံ တတ္ထ သာမီစိ။(ဝိ၊၁၊၃၂၆)
"ဒကာကြီးတွေ .... ဒကာကြီးတို့ လှူဒါန်းလိုက်တဲ့ သင်္ကန်းကတော့ မည့်သည့်အကျိုး တစ်စုံတစ်ရာကိုမျှ ပြီးစီးစေနိုင်တဲ့ စွမ်းအား မရှိဘူး။ ဒါကြောင့် ဒကာကြီးတို့ ပစ္စည်း မပျက်စီးပါစေနှင့် မိမိတို့ရဲ့ ပစ္စည်းကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပေတော့"ဆိုပြီး အဲဒီဒကာထံကို အကြောင်းကြားရတယ်။ အပြောင်းမကြားရင်တော့ ဝတ္တရား ပျက်ကွက်တဲ့အတွက် ရဟန်းမှာ ဒုက္ကဋ်အာပတ်သင့်စေ ဆိုပြီး ဘုရားရှင် သိက္ခာပုဒ် ပညတ်ထားတယ်။ ဒီလောက်ပဲ ဘုန်းကြီးတို့ ရဟန်းတော်ဘက်က ဆောင်ရွက်ခွင့်ရှိတယ်။
ဆက်ပါဦးမည်
ဖားအောက်တောရဆရာတော်
Vinaya
No comments:
Post a Comment