(၁၉)
နိရောဓသစ္စာ
=========
ပါဠိတော်လာအတိုင်း
=============
ယောဂီတို့ ဆင်းရဲရဲ့ ချုပ်ငြိမ်းရာမည်တဲ့ အရိယာတို့ သိအပ်တဲ့ အမှန်တရားဆိုတာ ဘယ်လိုဟာပါလဲဆိုရင်......။
သမုဒယသစ္စာမည်တဲ့ ဆိုခဲ့တဲ့ တဏှာပင် အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ခြင်းသဘော (တနည်း) အကြွင်းမဲ့ ပျက်ပြယ်ရာ ချုပ်ရာရောက်ခြင်း၊ စွန့်ခြင်း စွန့်ရာသဘော၊ လွတ်လွတ်စွန့်ခြင်း လွတ်လွတ်စွန့်ရာသဘော၊ လွတ်ခြင်း လွတ်ရာသဘော၊ မငြိကပ် မတွယ်တာခြင်း မငြိကပ် မတွယ်တာခြင်းသဘောရှိတယ်။ နိရောဓသစ္စာဆိုတာ ဒီသဘောပင်။
အဲ့ဒီတဏှာ ပယ်အပ်ပါမယ်ဆိုရင် ဒါမှမဟုတ် ကင်းပျောက်ခဲ့ပါမယ်ဆိုရင် ဘယ်မှာ ပယ်အပ်ပါသလဲ၊ ကင်းပျောက်ပါသလဲ။ ဘယ်မှာ ချုပ်လို့ရှိရင် ချုပ်သွားပါသလဲဆိုရင်......။
သခါင်္ရလောကထဲမှာ ချစ်ဖွယ် သာယာဖွယ် သဘောဆိုတာ ရှိတယ်။ ဆိုခဲ့တဲ့ တဏှာကို ပယ်အပ်ပါမယ်ဆိုရင် ဒီချစ်ဖွယ် သာယာဖွယ် သဘောမှာ ပယ်အပ်ပါတယ်။ ချုပ်ရပါမယ် ဆိုရင်လည်း ဒီချစ်ဖွယ် သာယာဖွယ်သဘောမှာပဲ ချုပ်ပါတယ်။
သခါင်္ရလောကထဲမှာ ချစ်ဖွယ် သာယာဖွယ် သဘောဆိုတာ ဘယ်ဟာပါလဲဆိုရင်......။
၁။ သခါင်္ရလောကထဲမှာ မျက်စိဟာ ချစ်ဖွယ် သာယာဖွယ် သဘောပါ။ တဏှာကို ပယ်ရပါမယ်ဆိုရင် မျက်စိဆိုတဲ့ ဒီချစ်ဖွယ် သာယာဖွယ် သဘောမှာ ပယ်အပ်ပါတယ်။ ချုပ်ပါမယ်ဆိုရင်လည်း မျက်စိလို့ခေါ်တဲ့ ဒီချစ်ဖွယ် သာယာဖွယ် သဘောမှာပဲ ချုပ်ပါတယ်။ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ နှလုံးသည် စသဖြင့် နည်းမှီသွားရန်။
၂။ သခါင်္ရလောကထဲမှာ အဆင်းတွေ၊ အသံတွေ၊ အနံ့တွေ၊ အရသာတွေ၊ အတွေ့အထိတွေ၊ သဘောတရားတွေ.......။
၃။ သခါင်္ရလောကထဲမှာ မြင်သိမှု စက္ခုဝိညာဏ်၊ ကြားသိမှု သောတ၀ိညာဏ်၊ နံသိမှု ဃာန၀ိညာဏ်၊ စားသိမှု ဇိဝှာဝိညာဏ်၊ ထိသိမှု ကာယ၀ိညာဏ်၊ ကြံသိမှု မနောဝိညာဏ်.....။
၎။ သခါင်္ရလောကမှာ မြင်တွေ့မှု၊ ကြားတွေ့မှု၊ နံတွေ့မှု၊ စားတွေ့မှု၊ ထိတွေ့မှု၊ ကြံတွေ့မှု......။
၅။ သခါင်္ရလောကထဲမှာ မြင်တွေ့ခြင်းကြောင့်ဖြစ်တဲ့ ခံစားမှု၊ ကြားတွေ့ခြင်းကြောင့်ဖြစ်တဲ့ ခံစားမှု၊ နံတွေ့ခြင်းကြောင့်ဖြစ်တဲ့ ခံစားမှု၊ စားတွေ့ခြင်းကြောင့်ဖြစ်တဲ့ ခံစားမှု၊ ထိတွေ့ခြင်းကြောင့်ဖြစ်တဲ့ ခံစားမှု၊ ကြံတွေ့ခြင်းကြောင့်ဖြစ်တဲ့ ခံစားမှု.......။
၆။ သခါင်္ရလောကထဲမှာ အဆင်းကို မှတ်သားမှု၊ အသံကို မှတ်သားမှု၊ အနံ့ကို မှတ်သားမှု၊ အရသာကို မှတ်သားမှု၊ အထိအတွေ့ကို မှတ်သားမှု၊ သဘောတရားကို မှတ်သားမှု.......။
၇။ သခါင်္ရလောကထဲမှာ အဆင်း၌ စေ့ဆော်တိုက်တွန်းမှု၊ အသံ၌ စေ့ဆော်တိုက်တွန်းမှု၊ အနံ့၌ စေ့ဆော်တိုက်တွန်းမှု၊ အရသာ၌ စေ့ဆော်တိုက်တွန်းမှု၊ အတွေ့အထိ၌ စေ့ဆော်တိုက်တွန်းမှု၊ သဘောတရား၌ စေ့ဆော်တိုက်တွန်းမှု.......။
၈။ သခါင်္ရလောကထဲမှာ အဆင်းကို ဆာလောင်မှု၊ အသံကို ဆာလောင်မှု၊ အနံ့ကို ဆာလောင်မှု၊ အရသာကို ဆာလောင်မှု၊ အတွေ့အထိကို ဆာလောင်မှု၊ သဘောတရားကို ဆာလောင်မှု.....။
၉။ သခါင်္ရလောကထဲမှာ အဆင်း၌ ကြံစည်မှု၊ အသံ၌ ကြံစည်မှု၊ အနံ့၌ ကြံစည်မှု၊ အရသာ၌ ကြံစည်မှု၊ အတွေ့အထိ၌ ကြံစည်မှု၊ သဘောအာရုံ၌ ကြံစည်မှု.......။
၁၀။ သခါင်္ရလောကထဲမှာ အဆင်းကို စဉ်းစားမှု၊ အသံကို စဉ်းစားမှု၊ အနံ့ကို စဉ်းစားမှု၊ အရသာကို စဉ်းစားမှု၊ အတွေ့အထိကို စဉ်းစားမှု၊ သဘောအာရုံကို စဉ်းစားမှုဟာ ချစ်ဖွယ် သာယာဖွယ် သဘောပင်။ တဏှာကို ပယ်ရပါမယ်ဆိုရင် သဘောအာရုံကို စဉ်းစားမှုဆိုတဲ့ ဒီချစ်ဖွယ် သာယာဖွယ် သဘောမှာ ပယ်ရပါတယ်။ ချုပ်ပါမယ်ဆိုရင်လည်း သဘောအာရုံကို စဉ်းစားမှုဆိုတဲ့ ဒီချစ်ဖွယ် သာယာဖွယ် သဘောမှာပဲ ချုပ်ပါတယ်။
တဏှာရဲ့ ချုပ်ခြင်း၊ တဏှာရဲ့ ချုပ်ရာဖြစ်တဲ့ ဒီနိဗ္ဗာန်ကို ဆင်းရဲရဲ့ ချုပ်ငြိမ်းရာမည်သော အရိယသစ္စာလို့ ဆိုအပ်ပါတယ်။
အထွေထွေမှတ်စုများ
===============
ပါဠိတော်မှာ မြတ်ဗုဒ္ဓရှင်တော်က ဒုက္ခနိရောဓောကို "ယော တဿာယေ၀ တဏှာယ အသေသ၀ိရာဂနိရောဓော" လို့ ဆက်ပြီး ဟောတော်မူပါတယ်။ အဋ္ဌကထာဆရာတော်က "နိဗ္ဗာနဥှိ အာဂမ္မ တဏှာ အသေသာ ၀ိရဇ္ဇတိ နိရုဇ္ဈတိ, တသ္မာ တံ "တဿာယေ၀ တဏှာယ အသေသ၀ိရာဂနိရောဓော"တိ ၀ုစ္စတိ။ "လို့ ဖွင့်ပြတော်မူပါတယ်။
ဆိုလိုရင်းကို ကောက်ချက်ယူရရင် ဒုက္ခနိရောဓဆိုတာ တဏှာရဲ့ အကြွင်းမဲ့ ပျက်ပြယ် ချုပ်ပျောက်သွားခြင်းပါလို့ ဖြစ်ပါမယ်။
မြတ်ဗုဒ္ဓရှင်တော်က အသေသ၀ိရာဂနိရောဓဖြစ်ပုံကို ဆက်လက် ဟောတော်မူရာမှာ "စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။" တို့ဖြစ်ကြပါတယ်။ အဋ္ဌကထာဆရာတော်က ယင်းပါဠိတော်ကို "နိဗ္ဗာနဉ္စ အာဂမ္မ တဏှာ စဇိယတိ ပဋိနိဿဇ္ဇိယတိ ၀ိမုစ္စတိ န အလ္လီယတိ, တသ္မာ နိဗ္ဗာနံ "စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော"တိ ၀ုစ္စတိ။"(ဒီ။ ဋ္ဌ။ ၂။ ၃၉၀) ဖွင့်ပြတော်မူပါတယ်။
ဆိုလိုတာက တဏှာရဲ့ အကြွင်းမဲ့ ပျက်ပြယ် ချုပ်ပျောက်တယ်ဆိုတာ မငြိမကပ် မတွယ်မတာ လွတ်လွတ်စွန့်ခြင်းပါလို့ ဖြစ်ပါတယ်။ စကားရပ်နှစ်ခုကို စုပေါင်းလိုက်ရင် ဒုက္ခနိရောဓဆိုတာ တဏှာကို စွန့်လိုက်လို့ ပျက်ပြယ်ချုပ်ပျောက်ခြင်းလို့ ဆိုလိုရင်းကောက်ရန်ရှိပါတယ်။
အထက်က စကားရပ်များအရ ရှေးပညာရှိများက သိ၊ ပယ်၊ ဆိုက်၊ ပွားဆိုပြီး သစ္စာလေးပါးတို့ရဲ့ တာဝန်အသီးသီး ဆောင်ရွက်ပုံများကို အတိုချုပ် မှတ်သားခဲ့ကြခြင်းဖြစ်ပါမယ်။ ယင်းအရ နိရောဓသစ္စာရဲ့ ဆောင်ရွက်ရန် တာဝန်ကား တဏှာကို ပယ်ခြင်းဟူသတတ်။
မဟာစည်ဆရာတော်ဘုရားက နိရောဓသစ္စာဖြစ်ပုံကို အောက်ပါအတိုင်း ဆိုတော်မူခဲ့ပါတယ်။
ငြိမ်းအေးတဲ့ နိဗ္ဗာန်ကို မဂ်ဉာဏ်ဖြင့် သိမြင်လိုက်ရင် ဖြစ်ပျက်တဲ့ ရုပ်နာမ်ခန္ဓာတွေကို ဆင်းရဲတွေပဲလို့ ဆုံးဖြတ်သိမြင်နိုင်တယ်။ ဒါ့ကြောင့် ရုပ်နာမ်ခန္ဓာတွေကို သာယာတောင့်တမှုတဏှာ မဖြစ်နိုင်တော့ပြီ။ သာယာတောင့်တမှုတွေ ကင်းသွားလို့ ဘ၀သစ် ရုပ်နာမ်ခန္ဓာတို့တွေလည်း မဖြစ်ပေါ်နိုင်ကြပြီ။ ဒါဟာ အနုပါဒိသေသနိဗ္ဗာန် ဆင်းရဲ ချုပ်ငြိမ်းခြင်းပင်။ ချုပ်ခြင်းဆိုတာ ဖြစ်ထိုက်တဲ့ ခန္ဓာတွေ မဖြစ်ခြင်းပါ။ သို့ကြောင့် အနုပ္ပါဒနိရောဓလို့ အဋ္ဌကထာမှာ မိန့်ဆိုကြတယ်။
သို့ဖြစ်လို့ သမုဒယသစ္စာဆိုတဲ့ တဏှာနဲ့ ဒုက္ခသစ္စာဆိုတဲ့ ရုပ်နာမ်တို့ရဲ့ မဖြစ်ရာ ချုပ်ငြိမ်းရာဖြစ်တဲ့ မဂ်ဉာဏ်ရဲ့အာရုံ နိဗ္ဗာန်ဟာ နိရောဓသစ္စာမည်ပါတယ်။
နိရောဓသစ္စာပိုင်း ပြီးပါပြီ။
××××××××××××××××××
ငြိမ်းနန္ဒ (၆ - ၇ /၉ /၂၀၁၇)
No comments:
Post a Comment