(၁၅)
အာယတနပိုင်း
==========
ယောဂီဟာ ၆ ပါး အရေအတွက်ရှိတဲ့ အတွင်းသန္တာန် အပသန္တာန်မှာဖြစ်ကုန်တဲ့ အာယတနတရားတွေကို သတ္တဝါကောင် အသက်ကောင် မဟုတ်တဲ့ သဘောတရားမျှပဲလို့ ရှုမြင်နေတယ်။ ဘယ်လိုတွေ ရှုမြင်နေပါသလဲဆိုရင် ......။
သာသနာတော်လာ နည်းနာများအတိုင်း အားထုတ်နေတဲ့ ယောဂီဟာ စက္ခုပသာဒဆိုတဲ့ မျက်စိရုပ်ကိုလည်း သိတယ်။ အဆင်းရုပ်ကိုလည်း သိတယ်။ အဲ့ဒီ မျက်စိနဲ့အဆင်း နှစ်မျိုးကို စွဲမှီပြီး သံယောဇဉ် ၁၀ ပါးဖြစ်တယ်။ ယင်း ဖြစ်ပေါ်တဲ့ သံယောဇဉ်ကိုလည်း သိတယ်။
မဖြစ်ပေါ်သေးတဲ့ သံယောဇဉ်ရဲ့ ဖြစ်ပေါ်ခြင်းဟာ အယောနိသော မနသိကာရဆိုတဲ့ အကြောင်းကြောင့်ဖြစ်တယ်။ အဲ့ဒီ အယောနိသော မနသိကာရဆိုတဲ့ အကြောင်းကိုလည်း သိတယ်။
ဖြစ်ပေါ်နေတဲ့ သံယောဇဉ်ကို တဒင်္ဂ ၀ိက္ခမ္ဘနပဟာန်နဲ့ ပယ်ခြင်းဟာ ယောနိသော မနသိကာရဆိုတဲ့ အကြောင်းကြောင့်ဖြစ်တယ်။ ၎င်းယောနိသော မနသိကာရဆိုတဲ့ အကြောင်းကိုလည်း သိတယ်။
တဒင်္ဂ ၀ိက္ခမ္ဘနပဟာန်နဲ့ ပယ်အပ်ပြီးတဲ့ သံယေဇဉ်ဟာ နောင်အခါ တစ်ဖန်တကယ်မဖြစ်နိုင်တော့ဖို့ဆိုရင် အရိယာမဂ်ဆိုတဲ့ အကြောင်းကြောင့် ဖြစ်တယ်။ အဲ့ဒီ အရိယာမဂ်ဆိုတဲ့ အကြောင်းကိုလည်း သိတယ်။ မဂ်လေးပါးတို့ အသီးသီး ပယ်သတ်နိုင်ကြတဲ့ သံယောဇဉ်တွေကို အောက်မှာ ယှဉ်တွဲပြပေးပါမယ်။
အထက်က နည်းအတိုင်းပဲ နားရုပ်နဲ့ အသံရုပ်၊ နှာခေါင်းရုပ်နဲ့ အနံ့ရုပ်၊ လျှာရုပ်နဲ့ အရသာရုပ်၊ ကိုယ်ရုပ်နဲ့ အတွေ့ရုပ်၊ စိတ်နဲ့ သဘောအာရုံ ဆိုတာတွေရဲ့ အဆင့်ဆင့် သိပုံတွေကိုလည်း သိကြရပါတယ်။
ဆိုအပ်ခဲ့ပြီးတဲ့ နည်းတွေနဲ့ မိမိရဲ့ အာယတနတရားတွေကိုမူလည်း သတ္တဝါကောင် အသက်ကောင် မဟုတ်တဲ့ သဘောတရားမျှပဲလို့ ရှုမြင်ပြီး နေတယ်။ သူတစ်ပါးရဲ့ အာယတနတရား၊ ရံခါ မိမိရဲ့ အာယတနတရား ရံခါ သူတစ်ပါးရဲ့ အာယတနတရားတွေကိုမူလည်း သဘောတရားမျှပါပဲလို့ ရှုမြင်ပြီး နေပါတယ်။
ကျန်တာတွေဟာ ဆိုခဲ့ပြီးဖြစ်တဲ့ နီဝရဏနဲ့ ခန္ဓာပိုင်းအတိုင်းပင် ဖြစ်ပါတယ်။ နည်းမှီပြီး သိမှတ်ကြရန်သာ ဖြစ်ပါတယ်။
အာယတနပိုင်းဟာ သံယောဇဉ်တွေကို တိုက်ရိုက်ရှုမှတ်ပြီး ပယ်ကြရပုံကို ပြပါတယ်။ အဲ့ဒီ သံယောဇဉ်တွေကို ထင်လွယ်မြင်လွယ်ဖြစ်အောင် မဟာစည်ဆရာတော် ဘုရားကြီးက ဆောင်ပုဒ်လင်္ကာ စီပေးတော်မူထားပါတယ်။
၁။ အာရုံငါးဝ၊ တပ်စွဲက၊ ကာမသံယောဇဉ်။
၂။ သုံးပါးဘ၀၊ တပ်စွဲက၊ ဘ၀သံယောဇဉ်။
၃။ အမျက်ဒေါသ၊ စိတ်ဆိုးက၊ ပဋိဃသံယောဇဉ်။
၎။ ကိုယ်သာတော်လှ၊ ထင်မှတ်က၊ မာနသံယောဇဉ်။
၅။ ရုပ်နာမ်ကိုပဲ၊ ငါကောင်စွဲ၊ ယူလွဲဒိဋ္ဌိပင်။
၆။ တရားမှန်တွင်၊ မယုံချင်၍၊ ဆင်ခြင်နှိုင်းညှိ၊ ဝေဖန်ကြည့်၊ ၀ိစိကိစ္ဆာပင်။
၇။ သစ္စာမမြင်၊ မဂ္ဂင်မပါ၊ လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲမည်၊ ယုံကြည်ဆုံးဖြတ်၊ ယူဆမှတ်၊ သီလဗ္ဗတပင်။
၈။ ကိုယ့်ထက်သာကို၊ မနာလို၊ ခေါ်ဆိုဣဿာပင်။
၉။ ကိုယ့်လိုသူများ၊ ကောင်းစားမည်မှ၊ ၀န်တိုက၊ မစ္ဆရိယပင်။
၁၀။ သစ္စာလေးတန်၊ ပြောင်းပြန်ထင်ကာ၊ မသိတာ၊ အ၀ိဇ္ဇာသံယောဇဉ်။
၁၁။ ၀ဋ်ဆင်းရဲမှ၊ မလွတ်ရအောင်၊ ချည်နှောင်တတ်စွာ၊ ဤဆယ်ဖြာ၊ အဘိဓမ္မာသံယောဇဉ်။
သံယောဇဉ် ၁၀ ပါးကို အရိယာမဂ်တွေနဲ့ ပယ်သတ်ကြရပါတယ်။ ပယ်သတ်တဲ့ အရိယာမဂ်နဲ့ အပယ်သတ်ခံ သံယောဇဉ်တို့ရဲ့ တွဲဖက်ပုံတွေကား အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိ ၀ိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဣဿာ မစ္ဆရိယတို့ကို အပြီးသတ် ချုပ်ငြိမ်းပါတယ်။
* ဒိ ၀ိ သီ ဣ၊ မစ္ဆရိ၊ ကင်း၏သောတာပန်။
၂။ သကဒါမိမဂ်ဖြင့် ရုန့်ရင်းတဲ့ ကာမရာဂနဲ့ ပဋိဃသံယောဇဉ်တွေကို လုံးဝငြိမ်းသတ်ပါတယ်။
၃။ အနာဂါမိမဂ်ဖြင့် သိမ်မွေ့တဲ့ ကာမရာဂနဲ့ ပဋိဃသံယောဇဉ်တွေကို တဖန်မဖြစ်အောင် ချုပ်ငြိမ်းပါတယ်။
* ကာမရာဂ၊ ပဋိဃ၊ ကင်းပအနာဂါမ်။
၎။ အရဟတ္တမဂ်ဖြင့် မာန ဘ၀ရာဂ အ၀ိဇ္ဇာတို့ကို လုံးဝငြိမ်းသတ်ပါတယ်။
* ဘ၀ မာနာ၊ အ၀ိဇ္ဇာ၊ ကင်းကွာအရဟံ။
မှတ်ချက်အနေနဲ့ အထူးမှတ်ရမှာက မနာယတနနဲ့ ဓမ္မာယတနတို့ဟာ အရာကျယ်ပြီး လောကီ လောကုတ် နယ်ပယ်စုံမှာ ဖြစ်နိုင်ကြတယ်။ ဒီနေရာကတော့ ၀ိပဿနာအရာဆိုပြီး သာမန်အဖြစ်ကိုသာ သီးသန့်ဆိုထားလို့ လောကီတွေကိုသာ ယူရပါမယ်လို့ မဟာစည်ဆရာတော် ဘုရားကြီးက ဆိုတော်မူထားပါတယ်။
အာယတနပိုင်း ရှုကွက်များ
=================
မြင်ဆဲမှာ မျက်စိကြည်လင်မှုက စက္ခာယတန။ မြင်ရတဲ့ အဆင်းက ရူပါယတန။ မြင်မှု စိတ်အပေါင်းက မနာယတန။ အဆင်းကို တွေ့မှု ဖဿ၊ ခံစားမှု ဝေဒနာ၊ မှတ်သားမှု သညာ၊ စေ့ဆော်တိုက်တွန်းမှု စေတနာ၊ နှစ်သက်မှု လောဘ၊ မုန်းမှု ဒေါသ၊ ကြည်လင်မှု သဒ္ဓါစတဲ့ စေတသိက်အပေါင်းက ဓမ္မာယတနမည်ပါတယ်။
ဓာတ်အလိုအားဖြင့် မနာယတနမှ လွဲပြီး ကျန်တာတွေမှာ အာယတနနေရာ ဓာတ်အစားသွင်းရုံသာ။ မနာယတနတွင်ကား ဓာတ်အမျိုးအစား ထပ်မံ ကွဲပြားသွားတယ်။
မြင်ရုံမျှ စိတ်က စက္ခုဝိညာဏဓာတ်ဖြစ်တယ်။
၎င်းစိတ်ရဲ့ ရှေ့နားက ဘာလဲလို့ စဉ်းစားသလိုဖြစ်တဲ့ အာဝဇ္ဇန်းစိတ်၊ နောက်နားက မြင်ရတာကို လက်ခံလိုက်သလိုဖြစ်တဲ့ သမ္ပဋိစ္ဆိုန်းစိတ်တို့ဟာ မနောဓာတ်မည်ပါတယ်။
မြင်ရတဲ့ အဆင်းကို စုံစမ်းတဲ့ သန္တီရဏစိတ်၊ ကောင်းတယ်စသဖြင့် ဆုံးဖြတ်တဲ့ ၀ုဋ္ဌောစိတ်၊ အဆင်းဆီသို့ တဟုန်တိုး ပြေးသွားသလိုဖြစ်တဲ့ ဇောစိတ်၊ ဆက်လက်ပြီး သိမ်သိမ်မွေ့မွေ့ အာရုံပြုပြီးဖြစ်တဲ့ တဒါရုံစိတ်၊ ဒီစိတ်အပေါင်းဟာ မနောဝိညာဏဓာတ် မည်ပါတယ်။
အထက်က ဆိုခဲ့တာတွေထဲမှာ စိတ် စေတသိက် အပေါင်းဟာ အဆင်းအာရုံဆီသို့ သွားတတ် ညွတ်တတ်လို့ နာမ်ခေါ်ပါတယ်။ မျက်စိကြည်လင်မှုနဲ့ မြင်ရတဲ့အဆင်းဟာ အာရုံဆီသို့ကား မသွားတတ်ပါဘဲ ဆန့်ကျင်ဘက်နဲ့ တွေ့ဆုံရင် ဖောက်ပြန်ရုံသာ ပြောင်းလဲဖောက်ပြန်တတ်တာကြောင့် ရုပ်မည်ပါတယ်။
မြင်တယ်၊ မြင်တယ်လို့ မြင်ခိုက်မှာ ရှုမှတ်နေတဲ့ ယောဂီဟာ ထင်ရှားရှိတဲ့ ဒီအာယတန ၄ ပါး၊ ဓာတ် ၆ ပါး၊ နာမ်ရုပ် ၂ ပါးတို့ကို ထိုက်သင့်သလို သိပါတယ်။
မြင်မှုနည်းတူ ကြားမှု၊ နံမှု၊ မျက်မှု၊ ထိမှုတို့တွေဟာလည်း ရှုမှတ်ချက်တိုင်းမှာ သိစရာတွေကို ထိုက်သင့်သလို သိပါတယ်။ မနောမှာကား အနည်းငယ် ထူးခြားပါတယ်။
ကြံသိဆဲမှာ ကြံသိရုံမျှ အာရုံကို ယူရုံ ရရုံမျှ သဘောဖြစ်တဲ့ စိတ်အပေါင်းဟာ မနာယတန။ မနောဝိညာဏဓာတ် မည်တယ်။ နာမ်တရားဖြစ်ပါတယ်။
စိတ်ထဲက ထိုထိုအာရုံကို တွေ့မှု ဖဿ၊ ခံစားမှု ဝေဒနာ၊ မှတ်သားမှု သညာ၊ စေ့ဆော် တိုက်တွန်းမှု စေတနာ၊ တည်ကြည်မှု သမာဓိ၊ ကြံမှု ၀ိတက်၊ စဉ်းစားမှု ၀ိစာရ၊ ဆုံးဖြတ်မှု အဓိမောက္ခ၊ အားထုတ်မှု ၀ီရိယ၊ နှစ်သိမ့်အားရမှု ပီတိ၊ လိုလားကာမျှ ဆန္ဒ၊ လိုချင်နှစ်သက်မှု လောဘ၊ မုန်းမှု ပျက်စီးစေလိုမှု ဒေါသ၊ သိမှားမှု မောဟ၊ အယူမှားမှု ဒိဋ္ဌိ၊ ထောင်လွှားမှု အထင်ကြီးမှု မာန၊ မနာလိုမှု ဣဿာ၊ ၀န်တိုမှု မစ္ဆရိယ၊ နောင်တပူပန်မှု ကုက္ကုစ္စ၊ ထိုင်းမှိုင်း ပျင်းရိမှု ထိနမိဒ္ဓ၊ ပျံ့ လွင့်မှု ဥဒ္ဓစ္စ၊ ယုံမှားမှု ၀ိစိကိစ္ဆာ၊ မလိုချင်မှု အလောဘ၊ ချမ်းသာစေလိုမှု အဒေါသ၊ သနားမှု ကရုဏာ၊ ကြည်သာဝမ်းမြောက်မှု မုဒိတာ၊ ယုံမှု ကြည်လင်မှု ကြည်ညိုမှု သဒ္ဓါ၊ အမှတ်ရမှု သတိ၊ မကောင်းမှုမှ ရှက်ကြောက်မှု ဟိရီသြတ္တပ္ပ၊ အမှန်အတိုင်းသိမှု ပညာ၊ ငြိမ်းအေးမှု ပဿဒ္ဓိ၊ ပေါ့ပါးလျင်မြန်မှု လဟုတာ၊ ဒီစေတသိက်အပေါင်းဟာ ဓမ္မာယတန။ ဓမ္မဓာတ်မည်တယ်။ နာမ်တရားလည်း ဖြစ်ပါတယ်။
ကြံသိမှုရဲ့ တည်မှီရာဖြစ်တဲ့ နှလုံးရုပ် ဟဒယ၀တ္ထု၊ မိန်းမဖြစ်ပေါ်ကြောင်း မျိုးစေ့ရုပ် ဣတ္ထိနြေ္ဒ၊ ယောက်ျားဖြစ်ပေါ်ကြောင်း မျိုးစေ့ရုပ် ပုရိသိနြေ္ဒတို့ဆိုတဲ့ သဘောတရားတွေဟာ ရုပ်တရားတွေဖြစ်ပါတယ်။ ဓမ္မာယတန၊ ဓမ္မဓာတ်တို့ ဖြစ်ကြပါတယ်။
ကြံသိခိုက်မှာ ကွေးချင်တယ်၊ ဆန့်ချင်တယ် စသဖြင့် ရှုမှတ်နေသူဟာ ထင်ရှားရှိတဲ့ အာယတန ၂ ပါး၊ ဓာတ် ၂ ပါး၊ နာမ်ရုပ် ၂ ပါးတို့ကို ထိုက်သင့်သလို သိတယ်။
အထူးမှတ်ရန်ကား ကြံသိခိုက်မှာ သိရတဲ့ အာရုံဟာ ပညတ်လည်း ဖြစ်နိုင်သလို ပရမတ်လည်း ဖြစ်နိုင်ပါတယ်။ ပရမတ်ဖြစ်ပါမှသာ အဲ့ဒီအာရုံရဲ့ အာယတန၊ ဓာတ်၊ နာမ်၊ ရုပ်တို့ကို ဆက်ကာ ဆက်ကာ သိသွားနိုင်မှာ ဖြစ်ပါတယ်။
အာယတနပိုင်း ရှုမှတ်ပုံများ
==================
ယောဂီဟာ မြင်ခိုက်မှာ မြင်တယ်၊ မြင်တယ်လို့ ရှုမှတ်ရပါတယ်။ ရှုမှတ်ခိုက်မှာ စိတ်ကို ဘယ်နေရာမှာ ထားပြီး ဘယ်လို အာရုံစိုက်ရမှာလဲဆိုတဲ့ ပြဿနာရှိလာပါတယ်။ ဘယ်နေရာဆိုရာမှာ နေရာသုံးခု ရှိပါတယ်။ ယင်းသုံးခုထဲက တစ်ခုခုကို စိတ်စိုက်ထားရပါမယ်။ ဘယ်လိုဆိုတာ အတွက်ကား မဖောက်မပြန် ဟုတ်မှန်သော၊ ထင်ရှားရှိသော၊ မတုန်လှုပ်သော ထပ်တူထပ်မျှဖြစ်သော သဘောကို သေချာဂရုစိုက်ရပါမယ်။
နေရာသုံးခုတို့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ "စက္ခုပသာဒံ ယာထာဝသရသလက္ခဏ၀သေန ပဇာနာတိ" ဆိုတဲ့ အဋ္ဌကထာ စကားရပ်အရ မိမိအဇ္ဈတ္တမှာရှိတဲ့ အတွင်းအာယတန မျက်စိအကြည်က တစ်ခုပါ။
၂။ "ဗဟိဒ္ဓါ စတုသမုဋ္ဌာနိက ရူပဉ္စ ယာထာဝသရသလက္ခဏ၀သေန ပဇာနာတိ"လို့ ဆိုတာကြောင့် ကံ စိတ် ဥတု အာဟာရတို့ဆိုတဲ့ အကြောင်းလေးပါးကြောင့် ဖြစ်တဲ့ အပြင်ပက အပြင်အာယတန ရုပ်ဝတ္ထုက တစ်ခုဖြစ်ပါတယ်။
၃။ "တံ စက္ခုံစေ၀ ရူပေစာတိ ဥဘယေ ပဋိစ္စ ကာမရာဂသံယောဇနံ (ပ) ဒသ၀ိဓံ သံယောဇနံ ဥပ္ပဇ္ဇတိ၊ တဉ္စ ယာထာဝသရသလက္ခဏ၀သေန ပဇာနာတိ"လို့ ဆိုထားခြင်းကြောင့် မျက်စိအကြည်နဲ့ အဆင်းရုပ်တို့ တွေ့ဆုံခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ ကာမရာဂသံယောဇဉ်စတဲ့ ၁၀ ပါးတို့ထဲက တစ်ခုခု ဖြစ်ပါတယ်။
မဟာစည်ဆရာတော် ဘုရားကြီးရဲ့ အလိုအရဆိုရင် ဒီနံပါတ် ၃ ဟာ ဓမ္မာယတန၊ ဓမ္မဓာတ်ဖြစ်တယ်။ ဒီဟာ မဖြစ်ခင် မြင်မှုစိတ်အပေါင်းဆိုတဲ့ မနာယတနဖြစ်တယ်။ ဓာတ်အားဖြင့် မြင်ရုံမျှစိတ်ဆိုတဲ့ စက္ခုဝိ ညာဏဓာတ်။ အာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုန်းတို့ဆိုတဲ့ မနောဓာတ်။ သန္တီရဏ၊ ၀ုဋ္ဌော၊ ဇော၊ တဒါရုံတို့ဆိုတဲ့ စိတ်အပေါင်း မနောဝိညာဏဓာတ်တို့ဖြစ်ကြပါတယ်။
တရားအားထုတ်စ ယောဂီဟာ သမာဓိအား မကောင်းနိုင်သေးလို့ ၁ ကိုသာ စိတ်စိုက်ထားသင့်ပါတယ်။ အကြောင်းကား စိတ်စိုက်ရ လွယ်ကူခြင်းကြောင့်ပါ။
လွယ်ကူတယ်ဆိုပေမဲ့ တရားအားထုတ်နေဆဲ မဟုတ်တဲ့ သာမန်လူတွေက မြင်ခိုက်မှာ အပြင်ဝတ္ထုကိုသာ စိတ်ရောက်နေကြလေ့ရှိပါတယ်။ အဲ့ဒီသာမန် မြင်နေကျအတိုင်း စိတ်စိုက်မိရင် သာမန်ဖြစ်နေကျ သံယောဇဉ်တွေကလည်း ပုံမှန်အတိုင်းပင် ဖြစ်လာမှာပါ။ ဒါဆိုရင် ယောဂီရဲ့ ရှုမှတ်စိတ်ကို သံယောဇဉ်က လွှမ်းမိုးအနိုင်ယူ သွားပါလိမ့်မယ်။ ယောဂီသစ်တွေ အနေနဲ့ သံယောဇဉ် တစ်ခုခု ဖြစ်လာရင် အဲ့ဒါကို အနိုင်ယူနိုင်ဖို့ အတော်ခဲယဉ်းပါတယ်။ သံယောဇဉ်နောက် ပါသွားပြီး ဖြစ်နေတဲ့ သံယောဇဉ်အား ပြန်ကျသွားမှသာ ရှုမှတ်စိတ်ကို ပြန်သတိရတတ်ကြပါတယ်။
အတွင်းအာယတနဖြစ်တဲ့ မျက်စိအကြည်ကို စိတ်စိုက်မိပါက မြင်ရတဲ့ အပြင်အာယတနကို အာရုံမပြုဘဲ နေလိုက်ခြင်းကြောင့် အလိုလိုပင် မြင်ခြင်းကိစ္စ ပြီးဆုံးသွားပါတော့တယ်။ မြင်တယ်၊ မြင်တယ်လို့ တစ်ချက် နှစ်ချက်လောက် မှတ်လိုက်ရင်ပဲ မြင်ခြင်းကိစ္စ ပြီးသွားတယ်ပေါ့။ သို့ဖြစ်လို့ အတွင်းအာယတနတွေကို စိတ်စိုက်ရ လွယ်ကူတယ်လို့ ပြောရခြင်းပါ။
ဒါ့အပြင် မရှုမှတ်မိခြင်းကြောင့် အမှန်အတိုင်း မသိရတဲ့သူမှာ သံယောဇဉ်တွေ ဖြစ်တယ်။ ဒါဟာ သံယောဇဉ်ဖြစ်အောင် အလိုလိုနေရင်း လှုံ့ဆော်နေသလိုဖြစ်တဲ့ အယောနိသောကြောင့်ပါလားလို့လည်း သိလာပါတယ်။ ဒါကိုလည်း သိတဲ့အတိုင်း ရှုမှတ်ရပါမယ်။ "ယထာစ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ" လို့ပါဠိတော်က ဆိုပါတယ်။
အထက်ကအတိုင်း အတွင်းအာယတနကို စိတ်စိုက်ပြီး ရှုမှတ်ခြင်းကြောင့် သံယောဇဉ်တွေ ဖြစ်ခွင့် ရကြတော့မှာမဟုတ်။ ဒါ့အပြင် သမာဓိကို အနှောင့်အမှောင့်ပြုတတ်တဲ့ နီဝရဏတွေလည်း မဖြစ်နိုင်တော့ပါ။ လိုချင်တပ်မက်ခြင်း ကာမစ္ဆန္ဒနဲ့ စိတ်ဆိုး စိတ်ပျက် အလိုမကျမှုတို့ဆိုတဲ့ နီဝရဏနှစ်ပါးကို ကြိုတင်ကာကွယ်ခြင်းလည်း ဖြစ်ပါတော့တယ်။
သမာဓိ အတော်အတန် အားကောင်းလာလို့ အကျိုးရှိ မရှိကို အလိုလို ခွဲခြားနိုင်တဲ့ သာတ္ထကသမ္ပဇဉ်နဲ့ သင့်တော် မတော်ကို သုံးသပ်နိုင်စွမ်းတဲ့ သပ္ပာယသမ္ပဇဉ်တို့ ဖြစ်ပေါ်လာကြပြီဆိုရင်တော့ အပြင်အာယတနများကိုလည်း ရှုမှတ်နိုင်ပါတယ်။ အမြင်အာရုံကနေ သံယောဇဉ်တွေ မဖြစ်ပေါ်လာအောင် ထိန်းနိုင်သွားလို့ပါ။
မဟာစည်ဆရာတော်ဘုရားရဲ့ အလိုအရဆိုရင် မြင်သိစိတ်ကိုပါ ရှုမှတ်နိုင်ပါတယ်။ အဲ့ဒီလို ရှုမှတ်နေခိုက်မှာ မနာယတနကို ရှုမှတ်နေတာဖြစ်ပါတယ်။ ဓာတ်အားဖြင့် စက္ခုဝိညာဏဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ်တို့ထဲက တစ်ခုခုကို ရှုမှတ်နေတာ ဖြစ်ပါမယ်။
ထို့ထက် အာရုံတစ်ခုတည်းအပေါ် တည်ကြည်နေခြင်း ဂေါစရသမ္ပဇဉ်နဲ့ ရုပ်နာမ် ဖြစ်ပျက်များကို သိမြင်နိုင်စွမ်းခြင်း အသမ္မေဟသမ္ပဇဉ်တို့ဆီကိုပါ ခရီးပေါက်ထားနိုင်ပြီဆိုရင် အတွင်းအပြင် တစ်လှည့်စီ ရှုမှတ်နိုင်ပါတယ်။ သို့တည်းမဟုတ် အတွင်း အပြင် အာယတနတို့နဲ့ မြင်သိစိတ်တို့ကို တစ်လှည့်စီ ရှုမှတ်နိုင်ပါတယ်။ နီဝရဏများ ဖြစ်ပေါ်မလာအောင်ပါ ကာကွယ်ထားနိုင်ပြီ ဖြစ်လို့ပါ။
တကယ်လို့ အဆင့်ဆင့် ရှုမှတ်ရန်များကို ကျော်လွန်မိပြီး သံယောဇဉ်ဖြစ်တဲ့အထိ ရောက်လာခဲ့ရင် ဖြစ်နေတဲ့ သံယောဇဉ်ကို မိမိနားလည်သလို အမည်တပ်ပြီး ရင်ဝကို အာရုံစိုက်ကာ ရှုမှတ်ရပါတယ်။ လိုချင်တယ်၊ မုန်းတယ် စသဖြင့်ပါ။ ဒါဟာ ဓမ္မာယတန၊ ဓမ္မဓာတ်ကို ရှုမှတ်တာပါ။ ဒါကို အဋ္ဌကထာဆရာတော်ဘုရားက အောက်ပါအတိုင်း ညွှန်းတော်မူခဲ့ပါတယ်။
စက္ခုဒွါရေ တာဝ အာပါထဂတံ ဣဋ္ဌာရမ္မဏံ ကာမဿာဒ၀သေန အဿာဒယတော အဘိနန္ဒတော ကာမရာဂသံယောဇနံ ဥပ္ပဇ္ဇတိ။ အနိဋ္ဌာရမ္မဏေ ကုဇ္ဈတော ပဋိဃသံယောဇနံ ဥပ္ပဇ္ဇတိ။ (ပ) ယာထာဝသရသလက္ခဏ၀သေန ပဇာနာတိ။ (ဒီ။ ဋ္ဌ။ ၂။ ၇၈၄)
ရှုမှတ်ခြင်းကြောင့် မှတ်သိစိတ်ဆိုတဲ့ ယောနိသော မနသိကာရဟာ ဖြစ်နေတဲ့ သံယောဇဉ်ကို ဆက်ဖြစ်ခွင့် မပေးတော့ပါ။ သမာဓိအား ဉာဏ်အားတွေ အတော်အတန် ကောင်းထားတဲ့သူဆိုရင် ရှုမှတ်စိတ်ဆိုတဲ့ ယောနိသော မနသိကာရဟာ သံယောဇဉ် ကင်းငြိမ်းကြောင်းပင် ဖြစ်နေပါပေါ့လားလို့ သိလာတယ်။ အဲ့ဒီလို သိလာရပုံကို ပါဠိတော်က "ယထာစ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ၊ တဉ္စ ပဇာနာတိ" လို့ မိန့်ဆိုပါတယ်။
ပါဠိတော်မှာ ဆက်ပြီး မိန့်ဆိုထားတဲ့ "ယထာစ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ" ဆိုတဲ့ အသိစဉ်ပြထားပုံဟာ သံယောဇဉ်တွေကို အကြွင်းမဲ့ ငြိမ်းစေတတ်တဲ့ မဂ်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိရပုံကို ပြဆိုထားတာဖြစ်ပါတယ်။ အဲ့ဒါကို မဟာစည်ဆရာတော် ဘုရားကြီးကတော့ ပစ္စဝေက္ခဏာဉာဏ်ရောက်မှသာ သိနိုင်တယ်လို့ ဆိုထားတယ်။ ဒါ့ကြောင့် သာမန်ယောဂီများအနေနဲ့ ရှေ့ မှာ ရေးသားခဲ့တဲ့ မဂ်ဖြင့် သံယောဇဉ်ပယ်ပုံတွေကို သုတမယဉာဏ်အလို့ငှာသာ မှတ်သား ထားကြရန် ရှိပါတော့တယ်။
ကြံသိမှုကို ရှုမှတ်ခြင်းမှတစ်ပါး ကျန်အာယတနများကိုလည်း သက်ဆိုင်ရာတွေအလိုက် တွဲစပ်ပြီး ရှုမှတ်ရပါတယ်။ အမည်နာမများကိုကား ဖြစ်နေခိုက်အပေါ် မိမိနားလည်သလို သုံးစွဲနိုင်ပါတယ်။ အစီအစဉ်တွေကိုကား အကျအနဖြစ်အောင် သတိထားကြရပါမယ်။
ကြံသိဆဲမှာ ကြံသိရုံမျှ အာရုံကို ယူရုံ ရရုံမျှ သဘောဖြစ်တဲ့ စိတ်အပေါင်းဟာ မနာယတန၊ မနောဝိညာဏဓာတ်ဖြစ်ပါတယ်။ ၎င်းနောက် ဆက်ပြီးဖြစ်ပေါ်လာကြတဲ့ ဖဿအစ လဟုတာအဆုံးဖြစ်တဲ့ စေတသိက် ၃၂ ပါး အပေါင်းတို့ဟာ ဓမ္မာယတန၊ ဓမ္မဓာတ်မည်တယ်။ နာမ်တရားတွေ ဖြစ်ကြတယ်။ ကြံသိမှုရဲ့ မှီတည်ရာ ဟဒယ၀တ္ထု၊ ဣတ္ထိနြေ္ဒ၊ ပုရိသိနြေ္ဒတို့ကား ဓမ္မာယတန၊ ဓမ္မဓာတ်တွေဖြစ်ပြီး ရုပ်တရားတွေ ဖြစ်ကြပါတယ်။
ကြံသိခိုက်မှာ ကြံသိတယ်လို့ ရှုမှတ်စဉ် ဟဒယ၀တ္ထုဆိုတဲ့ နှလုံးအိမ်ကို စိတ်စိုက်ထားရပါမယ်။ မဖောက်မပြန် ဟုတ်မှန်သော၊ ထင်ရှားရှိသော၊ မတုန်လှုပ်သော၊ ထပ်တူထပ်မျှဖြစ်သော ပရမတ်သဘောတွေကို အာရုံစိုက်ထားရပါမယ်။ ကြံသိခြင်းမှာ ပညတ် ပရမတ် နှစ်မျိုးရှိနေတာကြောင့် ပရမတ်ကို ရှုမှတ်မိမှသာ အာယတန ဓာတ် နာမ် ရုပ်တို့ကို သိနိုင်မှာ ဖြစ်လို့ပါ။
အာယတနပိုင်း ပြီးပါပြီ။
××××××××××××××××
ငြိမ်းနန္ဒ (၁၁-၁၄ /၈ /၂၀၁၇)
No comments:
Post a Comment