(၁၆)
ဗောဇ္ဈင်ပိုင်း
========
ပါဠိတော်အတိုင်း
===========
တရားအားထုတ်နေဆဲ ယောဂီဟာ ဗောဇ္ဈင် ၇ ပါးဆိုတဲ့ တရားတွေကိုလည်း သတ္တဝါကောင် အသက်ကောင် မဟုတ်တဲ့ သဘောတရားမျှပဲလို့ ရှုမြင်နေတယ်။ ဘယ်လို ရှုမြင်နေပါသလဲဆိုရင်......။
အားထုတ်နေဆဲ ယောဂီဟာ မိမိရဲ့ အတွင်းသန္တာန်မှာ သတိသမ္ဗောဇ္ဈင်ရှိရင် ဖြစ်ရင်လည်း မိမိအတွင်းသန္တာန်မှာ သတိသမ္ဗောဇ္ဈင် ရှိတယ် ဖြစ်တယ်လို့ သိတယ်။ မရှိရင် မဖြစ်ရင်လည်း မရှိဘူး မဖြစ်ဘူးဆိုပြီး သိတယ်။
မဖြစ်သေးတဲ့ သတိသမ္ဗောဇ္ဈင်ရဲ့ ဖြစ်လာရခြင်းဟာ ယောနိသော မနသိကာရဆိုတဲ့ အကြောင်းကြောင့် ဖြစ်တယ်။ အဲ့ဒီ ယောနိသော မနသိကာရဆိုတဲ့ အကြောင်းကိုလည်း သိတယ်။
ဖြစ်ပေါ်နေတဲ့ သတိသမ္ဗောဇ္ဈင်ရဲ့ လုံးဝပြည့်စုံအောင် ပွားများခြင်းကား အရဟတ္တမဂ်ဆိုတဲ့ အကြောင်းကြောင့် ဖြစ်တယ်။ ၎င်းအရဟတ္တမဂ်ဆိုတဲ့ အကြောင်းကိုလည်း သိတယ်။
ကျန်တဲ့ သမ္ဗောဇ္ဈင်တရားများကား ဓမ္မ၀ိစယသမ္ဗောဇ္ဈင်၊ ၀ီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်တို့ ဖြစ်ကြပါတယ်။ သတိသမ္ဗောဇ္ဈင်နည်းတူပင် ဖြစ်ကြပါတယ်။ သတိသမ္ဗောဇ္ဈင်နေရာ ကျန်တာတွေ အစားသွင်းလိုက်ရုံသာလို့ ဆိုလိုပါတယ်။
ဆိုခဲ့ပြီး နည်းတွေနဲ့ မိမိရဲ့ ဗောဇ္ဈင်တရားတွေကို သတ္တဝါကောင် အသက်ကောင် မဟုတ်တဲ့ သဘောတရားမျှပဲလို့ ရှုမြင်နေတယ်။ သူတစ်ပါးရဲ့ ဗောဇ္ဈင်စသဖြင့် ရှုမြင်ပုံတွေကား နီဝရဏပိုင်းလာအတိုင်းပင်။ နီဝရဏနေရာ ဗောဇ္ဈင်လို့ ပြင်ပြီး ဆိုရုံမျှသာ ထူးပါတော့တယ်။
အထက်မှာ ဆိုခဲ့တာတွေဟာ ပါဠိတော်ကို သိလွယ်အောင် ဘာသာပြန်ထားတာပါ။ ဆိုခဲ့တာတွေကို ကြည့်ခြင်းအားဖြင့် သူလိုကိုယ်လို သာမန်လူတွေအဖို့ ထိထိမိမိ နားလည်နိုင်ဖို့ မလွယ်ကူပါ။ ဒီတော့ ယူပြီး ကျင့်ဖို့ရာကား အလွန်ဝေးသွားပါပြီ။ သို့ဖြစ်လို့ အဋ္ဌကထာနဲ့ မဟာစည်ဆရာတော် ဘုရားကြီးရဲ့ စာတွေကို နှီးနှောပြီး ဖွင့်ဆိုချက်တွေ၊ ကောက်နှုတ်ချက်တွေနဲ့ လိုက်နာကျင့်သုံးဖွယ်ရာများကို ဆက်လက်တင်ပြသွားပါမယ်။
သမ္ဗောဇ္ဈင်္ဂအဖွင့်စသည်
သံ - ကောင်းစွာ၊ ကိုယ်တိုင်။
ဗောဓိ - သိသူ သိကြောင်း တရားအပေါင်း။
သံ ± ဗောဓိ = သမ္ဗောဓိ - ကောင်းစွာ သိသူ၊ ကိုယ်တိုင်သိသူ။
အဲ့ဒီသိသူဟာ ဥဒယဗ္ဗယဉာဏ်စတာတွေနဲ့ ပြည့်စုံနေတဲ့ ၀ိပဿနာယောဂီ ဖြစ်ပါတယ်။ ဒီအရကောက်ကို ကြည့်ခြင်းအားဖြင့် ဗောဇ္ဈင်တရားတွေကို ရှုမှတ်နိုင်သူဟာ ဥဒယဗ္ဗယဉာဏ်ရရှိပိုင်ဆိုင်ထားဆဲဖြစ်ပြီး တရားကိုလည်း ဆက်တိုက်အားထုတ်နေသူဖြစ်ရမယ်လို့ ကောက်ချက်ဆွဲရမှာပင်။
ဒီတော့ ကိုယ်တိုင်ကိုယ်ကျ ၀ိပဿနာတရား ရှုမှတ်ပွားများနေပြီး ဥဒယဗ္ဗယဉာဏ်ကို ရရှိထားသူမှာ ဗောဇ္ဈင်တရားတွေ ဖြစ်ပွားလာပြီး အထက်ဉာဏ်တွေကို ရရှိလာအောင် အားထုတ်နိုင်ဖို့နဲ့ ထိုးထွင်းသိမြင်နိုင်ဖို့ ဗောဇ္ဈင်တရားတွေကပင် အင်အားတွေကို တိုးပွားလာစေတယ်လို့လည်း ထပ်မံချဲ့ ထွင်ပြီး သိမှတ်ထားစရာ တိုးလာပါတယ်။
အင်အားဆိုရာမှာ ရုပ်အင်အား၊ နာမ်အင်အား နှစ်မျိုးစလုံးပါဝင်တယ်။ ဒါ့ကြောင့်ပင် အချို့ပုဂ္ဂိုလ်တွေမှာ တရားအားထုတ်ရင်း နှလုံး ကင်ဆာစတဲ့ ရောဂါတွေ ပျောက်ကင်းကြရခြင်းဖြစ်ပါတယ်။
သို့ပေမင့် တရားစတင်အားထုတ်မဲ့ သူများမှာ ရှိထားရမဲ့ ပဓာနိယင်္ဂ တရားတွေထဲမှာ ကျန်းမာခြင်းဆိုတာ ပါနေလို့ ဗောဇ္ဈင်တရားဟာ ကျန်းမာရေး ကောင်းအောင် ကျင့်ရတဲ့ ကျင့်စဉ်မဟုတ်ကြောင်းကိုကား ကြိုတင် သိထားသင့်ပါတယ်။ သို့ပါသောကြောင့် ၀ိပဿနာတရားကို အခုမှစတင် အားထုတ်သူတွေအနေနဲ့ ဗောဇ္ဈင်တရားလို အမြင့်ပိုင်းရှုကွက်တွေကို ဆန္ဒမစောမိကြဖို့နဲ့ ရောဂါပျောက်ရေး မျှော်လင့်ချက်တွေ အပြည့်အ၀ မထားမိကြဖို့ သတိထားသင့်ကြပါတယ်။
အဖွင့်တစ်နည်းကား
သမ္ဗောဓိ - ကောင်းစွာသိကြောင်း၊ ကိုယ်တိုင်သိကြောင်းဖြစ်သော ဗောဓိပက္ခိယတရား အပေါင်း။
အင်္ဂ - အကြောင်း၊ အစိတ်အပိုင်း။
သမ္ဗောဓိ ± အင်္ဂ = သမ္ဗောဇ္ဈင်္ဂ - ကောင်းစွာ သိသူ၏အကြောင်းတရား၊ ကိုယ်တိုင် သိသူ၏ အကြောင်းတရား။
သမ္ဗောဇ္ဈင်္ဂအရကောက် ၂ မျိုး
၁။ ဥဒယဗ္ဗယဉာဏ်မှစ၍ ၀ိပဿနာခဏ၊ မဂ်ခဏတို့၌ သစ္စာလေးပါးကို ကောင်းစွာ သိကြောင်းတရား၊ ကိုယ်တိုင် သိကြောင်းတရားကို ကောက်ယူရပါတယ်။
အဓိပ္ပာယ်ကား ဥဒယဗ္ဗယဉာဏ်ရပြီးချိန်မှစကာ ၀ိပဿနာဉာဏ်ဖြစ်ဆဲ အခိုက်အတန့်မှာဖြစ်စေ၊ မဂ်ဖြစ်ဆဲ အခိုက်အတန့်မှာဖြစ်စေ ဗောဇ္ဈင်တရားက သစ္စာလေးပါးကို ထိုက်သင့်သလို သိစေနိုင်တယ်လို့ ဆိုလိုပါတယ်။
၂။ ကောင်းစွာသိကြောင်း၊ ကိုယ်တိုင်သိကြောင်းဖြစ်သော တရားအပေါင်း၏ အစိတ်အပိုင်းဖြစ်သော ဥဒယဗ္ဗယဉာဏ်မှစ၍ ၀ိပဿနာခဏ၊ မဂ်ခဏတို့၌ သစ္စာလေးပါးကို ကောင်းစွာသိကြောင်း၊ ကိုယ်တိုင်သိကြောင်း တရားများထဲမှ အစိတ်အပိုင်းတစ်ခုဟု ကောက်ယူရပါတယ်။
ဆိုလိုတာက သစ္စာလေးပါးကို သိကြောင်း ဗောဓိပက္ခိယတရားတွေထဲက ဗောဇ္ဈင်္ဂအမည်ရတဲ့ အစိတ်အပိုင်းလို့ ဖြစ်ပါတယ်။
ဗောဇ္ဈင်များကို သိမြင်ပုံ
===============
ဗောဇ္ဈင်ပိုင်းမှာ ပြီးခဲ့တဲ့အပိုင်းတွေလို ရှုကွက်နဲ့ ရှုနည်းသီးသန့်မရှိပါ။ ဗောဇ္ဈင်တရားတွေဟာ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မရှေ့ ပိုင်းများကို ရှုမှတ်ကြရင်း သိလာကြရ၊ ဖြစ်ပေါ်လာကြရတဲ့ တရားတွေ ဖြစ်ပါတယ်။ မှတ်သားရလွယ်ကူစေရန် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ဆောင်ပုဒ်လင်္ကာများကိုလည်း သက်ဆိုင်ရာတွေအလိုက် တွဲပြီး တင်ပြပေးလိုက်ပါတယ်။
သတိသမ္ဗောဇ္ဈင်
ဥဒယဗ္ဗယဉာဏ်မှစပြီး ရှုမှတ်မှု အားကောင်း၊ စင်ကြယ်လာတဲ့အခါ ရှုမှတ်ချက်တွေဟာ ရှုမှတ်အပ်တဲ့ အာရုံပေါ်မှာ မှီပြီးကပ်နေသလို ထက်သန်ထင်ရှားတယ်။ ရုပ်နာမ်တွေဟာ မှတ်စိတ်ထဲမှာ အလိုလိုပင် ကျရောက်လာသလို ရှိတယ်။ အာရုံတစ်ခုကို မှတ်သိပြီးတာနဲ့ တပြိုင်နက် အခြားမှတ်စရာ အာရုံတစ်ခုက အဆင်သင့် ထင်ပေါ်လာတယ်။ မှတ်တဲ့စိတ်ကိုလည်း အာရုံထဲသို့ စုံးစုံးမြုပ်ဝင်စေဘိသလို ရှိတယ်။ ဒါကို အဋ္ဌကထာဆရာတော် ဘုရားက အပိလာပနလက္ခဏာ - သမ္ပယုတ်တရားတို့ကို အာရုံမှ မပေါ်မထွက်စေခြင်း၊ မှတ်သိစရာ အာရုံကိုလည်း မှတ်သိမှုမှ မပေါ်မထွက်စေခြင်း သဘောရှိတယ်လို့ ဆိုတော်မူပါတယ်။ အဲ့ဒီလို ထက်သန်ထင်ရှားစွာဖြစ်တဲ့ သတိဟာ မဂ်ဉာဏ်ကို ဖြစ်ပေါ်စေတတ်သောကြောင့် သတိသမ္ဗောဇ္ဈင်မည်ပါတယ်။ သတိအစစ်ကို စတင်တွေ့ရှိခြင်းလို့ ဆိုနိုင်ပါတယ်။
မလွတ်စတမ်း၊ စောင့်ဖမ်းနေသည်
ဖြစ်ပျက်သရွေ့၊ မမေ့စေသည်
အာရုံရှေးရှု၊ စောင့်မှုထင်သည်
မြတ်သတိ၊ မှတ်သိဗောဇ္ဈင်မည်။
ဓမ္မ၀ိစယသမ္ဗောဇ္ဈင်
မှတ်တိုင်း မှတ်တိုင်း ရှုမှတ်အပ်တဲ့ အာရုံမှာ ပါဝင်တဲ့ အထူးထင်ရှားတဲ့ ရုပ်နာမ်တစ်ပါးပါးရဲ့ သဘောမှန်ကို သိတယ်။ မှတ်နေတဲ့ စိတ်ထဲမှာ ခေါင်းပြူပြီး ၀င်လာသလိုဖြစ်တဲ့ အဲ့ဒီရုပ်နာမ်ရဲ့ အစဖြစ်ပေါ်မှုကိုလည်း ပိုင်းခြားပြီး သိတယ်။ တိကနဲ ပြတ်ကျသွားသလိုဖြစ်တဲ့ ကုန်ဆုံးပျောက်ပျက်မှုကိုလည်း ပိုင်းခြားပြီး သိတယ်။ မမြဲတဲ့အမူအရာ၊ ဆင်းရဲပြီး မကောင်းတဲ့ မနှစ်သက်ဖွယ်အမူအရာ၊ အလိုအတိုင်း ပြီးစေနိုင်တဲ့ ငါကောင်မဟုတ် ငါကောင်မရှိတဲ့အမူအရာတို့ဆိုတဲ့ အနိစ္စ ဒုက္ခ အနတ္တလက္ခဏာတွေကိုလည်း ရှင်းလင်းစွာ သိတယ်။ ဒီအသိဉာဏ်ဟာ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်မည်ပါတယ်။ ပုထုဇဉ်ဘ၀ဖြင့် လက္ခဏာရေး စထင်တယ်လို့ ဆိုနိုင်ပါတယ်။
ရုပ်နာမ်ခွဲခြမ်း၊ စူးစမ်းသိသည်
သဘောမှန်များ၊ ထင်ရှားစေသည်
တွေဝေမှုကင်း၊ ရှင်းရှင်းသိသည်
ဓမ္မ၀ိ၊ မှတ်သိဗောဇ္ဈင်မည်။
ဝီရိယသမ္ဗောဇ္ဈင်
တခါတရံ အားထုတ်မှုကို အရှိန်မြှင့်တင်ထားမိလို့ ဆက်တိုက် ဆက်တိုက် ကြောင့်ကြစိုက်နေရတတ်တယ်။ ဒီအခါ စိတ်က ပျံ့ လွင့်ပြီး မှတ်ရတာ ကောင်းသင့်သလောက် မကောင်းတတ်။ တခါခါကျတော့ အားထုတ်မှုဟာ လျော့ရဲရဲဖြစ်နေတယ်။ ဒီအခါ ထိုင်းမှိုင်းမှုဝင်လာပြီး မှတ်သိမှု မှိန်မှေးမှေး ဖြစ်နေတတ်တယ်။
ယောဂီဟာ ပျံ့ လွင့်မှုနဲ့ ထိုင်းမှိုင်းမှုတွေ ကင်းစင်သွားအောင် မလျော့မတင်း ခပ်မှန်မှန် အားထုတ်ခဲ့လို့ဖြစ်စေ၊ တင်းလွန်းတာကို အနည်းငယ် လျော့ပြီးဖြစ်စေ၊ လျော့လွန်းတာကို အနည်းငယ် တင်းပြီးဖြစ်စေ မယုတ်မလွန် ညီမျှစွာ အားထုတ်တဲ့ အခါမှာကား ဖြစ်တိုင်း ဖြစ်တိုင်း မလစ်လပ်အောင် မှတ်မိလျက် မှတ်မိလျက်ချည်းသာ ရှိလေတယ်။ ဒီလိုအားထုတ်မှုဟာ ၀ီရိယသမ္ဗောဇ္ဈင်မည်ပါတယ်။ မလျော့မတင်း စောင်းကြိုးညှင်း ဆိုသလိုပါ။
ကြောင့်ကြပြုလုပ်၊ အားထုတ်တတ်သည်
စိတ်အားတက်ရေး၊ အားပေးတတ်သည်
မဆုတ်နစ်ဘဲ၊ စိတ်ဇွဲသန်သည်
ဝီရိယ၊ မှတ်ကြဗောဇ္ဈင်မည်။
ပီတိနဲ့ ပဿဒ္ဓိသမ္ဗောဇ္ဈင်
မှတ်တိုင်း မှတ်တိုင်း စိတ်မှာဖြစ်တဲ့ နှစ်သိမ့် ရောင့်ရဲမှု၊ အားရကျေနပ်မှုကား ပီတိသမ္ဗောဇ္ဈင်မည်ပါတယ်။ ရှုမှတ်မိစေရန် ကြောင့်ကြဗျာပါရ မစိုက်ထုတ်ရတော့ဘဲ အလိုလို ဖြစ်နေတဲ့ စိတ်ရဲ့ ငြိမ်းအေးမှုကား ပဿဒ္ဓိသမ္ဗောဇ္ဈင်မည်ပါတယ်။
ဆိုခဲ့တဲ့ နှစ်မျိုးဟာ ဥဒယဗ္ဗယဉာဏ် ဖြစ်ခါစမှာ အလွန်ထင်ရှားစွာ ဖြစ်ပေါ်ကြပါတယ်။ ဒီအခါ တရားအားထုတ်ရာမှာ မကြုံးဘူးတဲ့ ပျော်မွေ့စရာတွေကို တွေ့ကြုံရလို့ ၀မ်းသာမဆုံး ဖြစ်တတ်ပါတယ်။ ပီတိရဲ့အစွမ်းကြောင့် လေပုခက် စီးနေရသလို တငြိမ့်ငြိမ့် တသိမ့်သိမ့် ဖြစ်နေတတ်တယ်။ပဿဒ္ဓိရဲ့ အစွမ်းကြောင့် ဘာကိုမျှ မမှတ်ရတော့ဘဲ ငြိမ်းအေးနေသလိုလို၊ ငေးကြည့်နေရသလိုလို ဖြစ်တတ်ပါတယ်။ ဘင်္ဂဉာဏ်မှာ တခါတရံထင်ရှား ဖြစ်ပေါ်တတ်ပြီး သခါင်္ရုပေက္ခာဉာဏ်မှာကား တခါခါ ကြာမြင့်စွာ ထင်ရှားဖြစ်ပေါ်တတ်တယ်လို့ မဟာစည်ဆရာတော်ဘုရားကြီးက မှတ်ချက်ပြုတော်မူပါတယ်။
နှစ်သိမ့်ရောင့်ရဲ၊ ၀မ်းလည်းမြောက်သည်
ရုပ်ကောင်းရုပ်သန့်၊ ပျံ့ နှံ့စေသည်
ကိုယ်စိတ်ပေါ့လျက်၊ ကြွတက်ထင်သည်
မြတ်ပီတိ၊ မှတ်သိဗောဇ္ဈင်မည်။
ဘောဇဉ် ဥတု၊ နေထိုင်မှု၊ မှီပြုသင့်မြတ်စွာ။
မလွန်မယုတ်၊ လုံ့လထုတ်၊ ကြမ်းကြုတ်သူရှောင်ပါ။
ငြိမ်းအေးသူတွင်၊ မှီဝဲယှဉ်၊ ထိုတွင်စိတ်ညွတ်ရာ။
ပဿဒ္ဓိပွား၊ ခုနှစ်ပါး၊ ညွန်ကြားဋ္ဌကထာ။
သမာဓိနဲ့ ဥပေက္ခာသမ္ဗောဇ္ဈင်
မှတ်တိုင်း မှတ်တိုင်း ရှုမှတ်တဲ့ အာရုံအပေါ်မှာသာ စိုက်စိုက်ကျသွားသလိုလို၊ ကပ်ကပ်ပြီး တည်နေသလိုလိုနဲ့ မပျံ့ မလွင့် စူးစိုက် တည်ကြည်မှုဟာ ထင်ရှားဖြစ်ပေါ်လာတယ်။ အဲ့ဒီလို တည်ကြည်မှု ထက်သန်စွာ ဖြစ်ပေါ်လာလို့ မှတ်အပ်တဲ့ ရုပ်နာမ်ရဲ့ သဘောလက္ခဏာတွေနဲ့ ဖြစ်မှု ပျက်မှု အနိစ္စလက္ခဏာစတာတွေကို မှန်ကန်စွာ သိနိုင်ပါတယ်။ မှတ်ချက်တိုင်းမှာ ပါဝင်ပြီး ထက်သန်စွာဖြစ်တဲ့ ဒီခဏိကသမာဓိဟာ သမာဓိသမ္ဗောဇ္ဈင်မည်ပါတယ်။
ရှုမှတ်မှုမှာ မယုတ်မလွန် ညီမျှစေခြင်းသဘောဟာလည်း မှတ်တိုင်း မှတ်တိုင်း ထင်ရှားစွာ ဖြစ်ပေါ်တယ်။ တတြမဇ္ဈတ္တတာလို့ခေါ်တဲ့ ဒီညီမျှစေခြင်းသဘောဟာ ဥပေက္ခာသမ္ဗောဇ္ဈင်မည်ပါတယ်။ ဒီဥပေက္ခာဟာ ကိုယ်တိုင်တွေ့အားဖြင့် သိနားလည်ရန် ခက်ခဲသလို သူတပါးအား နားလည်အောင် ပြောပြဖို့ရန်လည်း ခက်ခဲပါတယ်။ ဒါပေမဲ့ ဥဒယဗ္ဗယဉာဏ်စတဲ့ ဉာဏ်များသို့ ရောက်သွားရင်တော့ မိမိသန္တာန်မှာ ထင်ရှားစွာ ဖြစ်ပေါ်လာတာကြောင့် လွယ်ကူစွာ သိနိုင်ပါတယ်လို့ မဟာစည်ဆရာတော်ဘုရားကြီးက မိန့်တော်မူပါတယ်။
ပျံ့ လွင့်မထွက်၊ ကပ်လျက်တည်သည်
တစ်အာရုံတည်း၊ ပေါင်းစည်းစေသည်
ငြိမ်သက်တည်မှု၊ ရှေးရှုထင်သည်
သမာဓိ၊ မှတ်သိဗောဇ္ဈင်မည်။
ပုဂ္ဂိုလ်ဝတ္ထု၊ လျစ်လျူရှု၊ ညွတ်မှုထိုတွင်သာ။
ယုယသူအား၊ ပယ်ရှောင်ရှား၊ စိတ်ထားမျှသူမှီဝဲပါ။
ဥပေက္ခာပွား၊ အကြောင်းငါး၊ ညွန်ကြားဋ္ဌကထာ။
ဥပေက္ခာသမ္ဗောဇ္ဈင်ရဲ့အာနိသင်များ
=======================
ဗောဇ္ဈင်တရား ၇ ပါးလုံးဟာ သူ့နေရာနဲ့သူ တန်ဖိုးရှိလှပါတယ်။ အထူးသဖြင့် ဥပေက္ခာသမ္ဗောဇ္ဈင်ကား ၀ိပဿနာယောဂီများအတွက် မရှိမဖြစ် မကြုံမဖြစ်နဲ့ သေသေချာချာ ကျော်ဖြတ်ကြရတဲ့ ဂိတ်ပေါက်တစ်ခုပါ။
ဣနြေ္ဒတွေကို ထိန်းညှိနိုင်ရေးမှာ သတိဟာ အရေးအပါဆုံးဖြစ်တယ်လို့ အများစုသိထားကြပါတယ်။ တကယ်တမ်းမှာတော့ သတိနဲ့ ထိန်းရတဲ့ သဒ္ဓါစတာတွေဟာ ဣနြေ္ဒမထိုက်ကြသေးတဲ့အဆင့်မှာ ထိန်းကြရတာပါ။ ရှင်းလင်းအောင် ပြောရရင် သာမန်သူလိုကိုယ်လို လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဒ္ဓါစတာတွေ ဖြစ်ပါတယ်။
တရားအားထုတ်နေရင်း တရားသားတက်လာလို့ ဖြစ်လာကြတဲ့ သဒ္ဓါစတာတွေကား ဣနြေ္ဒထိုက်လာကြပြီဖြစ်တယ်။ အင်အားကောင်းလာပြီး ပိုင်ပိုင်နိုင်နိုင်ရှိလှတဲ့ ယုံကြည် ကြည်လင် ကြည်ညိုမှု စတာတွေပါ။ ဥဒယဗ္ဗယဉာဏ် ဖြစ်ပြီးနောက်မှ ယင်းဣနြေ္ဒတွေကို ဥပေက္ခာနဲ့သာ ထိန်းညှိနိုင်ပါတယ်။ အတိအကျ ပြောရရင် ဗောဇ္ဈင်ထိုက်တဲ့ ဥပေက္ခာ။ ဥပေက္ခာသမ္ဗောဇ္ဈင်ပါ။
ရှုမှတ်မှုသတိဟာ ဥပေက္ခာသမ္ဗောဇ္ဈင်ကြောင့် တည်ငြိမ်လာရတယ်။ ဒီတော့မှ ကျန်တဲ့ဣနြေ္ဒတွေပါ ညီမျှလာပြီး ဉာဏ်တွေက ထက်မြတ်လာပါတယ်။ ရုပ်နာမ်တို့ရဲ့ ဖြစ်ပျက်ဆိုတဲ့ သဘာဝလက္ခဏာများနဲ့ အနိစ္စစတဲ့ သာမညလက္ခဏာများကို ထိုးထွင်း သိလာရပါတယ်။ သို့ကြောင့် ဥပေက္ခာသမ္ဗောဇ္ဈင်ရဲ့ အာနိသင်များဟာ ၀ိပဿနာယောဂီတို့အတွက် မရှိမဖြစ် လိုအပ်ချက်လို့ ဆိုရခြင်းပါ။
သဒ္ဓါနဲ့ ပညာ ၂ ပါးကို ထိန်းညှိပုံ
ယောဂီဟာ ရှုမှတ်ချက်တိုင်းမှာ ရုပ်နာမ်မျှ၊ ဖြစ်ပျက်မျှသာလို့ ထင်တဲ့အခါတွေ ရှိတတ်ပါတယ်။ အဲ့ဒီလိုအခါမှာ သဒ္ဓါလွန်ကဲသူက ယုံကြည်ချက်တွေ ပြင်းထန်လာပြီး မိမိယုံကြည်ချက်အတိုင်း အဖန်ဖန် စဉ်းစားဆင်ခြင်နေတတ်တယ်။
စဉ်းစားပုံတွေကား အောက်ပါအတိုင်းပင်။
၁။ ရုပ်နာမ်မျှသာ ရှိတယ်။ ပုဂ္ဂိုလ် သတ္တဝါ အကောင်အထည်မရှိလို့ဆိုတာ ဟုတ်ပါပေတယ်။
၂။ မျက်စိတစ်မှိတ်ခန့်မျှ တည်တံ့ခိုင်မြဲတဲ့ တရားမရှိ။ ဖြစ်ပေါ်ပြီးရင် ချက်ခြင်း ပျက်စီးတတ်တဲ့ တရားမျှသာ ရှိတယ်လို့ဆိုတာ မှန်ပါပေတယ်။
၃။ မမြဲတာ၊ ဆင်းရဲတာ၊ ငါကောင် မရှိတာ၊ ငါကောင် မဟုတ်တာ မှန်ပါပေတယ်။
၎။ တရားအလုံးစုံကို သိတဲ့ဘုရားဆိုတာ မှန်ပါပေတယ်။ ဘုရားဟောတဲ့အတိုင်း မှန်ပါပေတယ်။ ဆရာပြောတဲ့အတိုင်းပင် မှန်ပါပေတယ်။
အထက်က ဆိုခဲ့တာတွေအတိုင်း အဖန်ဖန် အထပ်ထပ် စဉ်းစားဆင်ခြင်နေသူဟာ စဉ်းစားဆင်ခြင်မှုရဲ့ အဖြစ်အပျက်ကိုကား ကောင်းစွာ မသိနိုင်ပြီ။ တခြား ရှုမှတ်စရာတွေကိုလည်း စေ့စပ်အောင် မရှုမှတ်နိုင်ပြီ။ သဒ္ဓါလွန်နေလို့ ရှုမှတ်မိသမျှကိုလည်း ထင်ရှားပီသစွာ မသိနိုင်ပြီ။ ဒါတွေက သဒ္ဓါလွန်လို့ မှတ်သိမှုတွေ ပျက်ရပုံများပါ။
ပညာလွန်ကဲတဲ့ သူဟာလည်း ခဏ ခဏ စဉ်းစားဆင်ခြင် နေတတ်တယ်။ ရှုမှတ်မှုကြောင့် ရှင်းလင်းစွာ သိလာရတိုင်း မှတ်သားဖူးတဲ့သုတ၊ ကြံဆဖူးတဲ့သဘော၊ နှစ်သက်တဲ့ ဥပမာတို့နဲ့လည်း မကြာ မကြာ တိုက်ဆိုင်ပြီး ဆင်ခြင်မိတတ်တယ်။
ရှုမှတ်မှုတို့ရဲ့ အကြားတွေမှာ ရုပ်လေလား၊ နာမ်လေလား၊ ဖဿလေလား၊ ဝေဒနာလေလား စသဖြင့်ဖြစ်စေ။
ကောင်းစွာ ထင်သလား၊ မထင်ဘူးလား၊ လက္ခဏာထင်လေသလား၊ ရသထင်လေသလား စသဖြင့်ဖြစ်စေ။
ဖြစ်မှုထင်လေသလား၊ ပျက်မှုထင်လေသလား၊ အနိစ္စလက္ခဏာထင်လေသလား စသဖြင့်ဖြစ်စေ စဉ်းစားဆင်ခြင်မိတတ်ပါတယ်။
အဲ့ဒီလို စဉ်းစားဆင်ခြင်မှုတွေ များလာခဲ့ရင် ဆင်ခြင်တဲ့ စိတ်များရဲ့ အဖြစ်အပျက်ကိုလည်း ကောင်းစွာ မသိနိုင်ပြီ။ တခြားရှုမှတ်စရာတွေကိုလည်း စေ့စပ်အောင် မရှုမှတ်နိုင်ပြီ။ စူးစမ်းလိုတဲ့ ပညာလွန်နေလို့ ရှုမှတ်မိသမျှကိုလည်း ထင်ရှားစွာ မသိနိုင်ပြီ။ ဒါက ပညာလွန်လို့ မှတ်သိမှု ပျက်ရပုံပါ။
ဥပေက္ခာဟာ ညီမျှစေခြင်းသဘော ရှိတယ်။ ဒါ့ကြောင့် ဥပေက္ခာဖြစ်ပေါ်လာသူမှာ အဲ့ဒီဥပေက္ခာရဲ့ အစွမ်းကြောင့် သဒ္ဓါနဲ့ ပညာတို့ ညီမျှလာတယ်။ ဒီအခါ ယုံကြည်မှုလည်းမလွန်၊ စဉ်းစားမှုလည်း မလွန်၊ ဖြစ်တိုင်း ဖြစ်တိုင်းကို မှတ်သိရုံသာ မှတ်သိနေပါတော့တယ်။
ယုံကြည် သဘောကျပြီး အဖန်ဖန် စဉ်းစားမနေတော့ပြီ။ မှတ်သိပြီးတာကို ပြန်လည်ပြီး အဖန်ဖန် မစဉ်းစားတော့ပြီပေါ့။ ဒါ့ကြောင့် ဖြစ်ပျက်တိုင်းသော ရုပ်နာမ်တွေကို အစဉ်အတိုင်း ကောင်းစွာ မှတ်သိနိုင်လေပြီ။
ဝီရိယနဲ့ သမာဓိ ၂ ပါးကို ထိန်းညှိပုံ
ဝီရိယလွန်ကဲတဲ့ အခါမှာ ကြောင့်ကြစိုက်မှု များနေပါတယ်။ ရှုမှတ်စရာ အာရုံကို ရှာကြံမျှော်လင့်နေတတ်တယ်။
ရှုမှတ်မိလိုက်လေသလား၊ လွတ်သွားလေသလားလို့ ခဏ ခဏ ပြန်ပြီး ဆင်ခြင်တတ်တယ်။ ဘယ်နေရာက လစ်လပ်နေသေးသလဲ ဆိုပြီးတော့လဲ ခဏ ခဏ ဆင်ခြင်မိတတ်တယ်။ ဒီတစ်ခါ ပိုပြီးကောင်းအောင် ရှုမှတ်လိုက်မယ် ဆိုပြီးတော့လဲ ခဏ ခဏ ကြံမိတတ်တယ်။
အဲ့ဒီလို ကြောင့်ကြစိုက်မှု များခြင်းကြောင့် စိတ်ဟာ ကောင်းစွာ မတည်ကြည်နိုင်၊ ပျံ့ လွင့်ပြီးတော့သာ နေတယ်။ ပျံ့ လွင့်နေလို့ ဖြစ်တိုင်းသော ရုပ်နာမ်တွေကို စေ့စပ်အောင် မရှုမှတ်နိုင်ပြီ။ ရှုမှတ်ချက်တိုင်းမှာ ကြောင့်ကြစိုက်မှု လွန်ပြီး တည်ကြည်မှု အားနည်းခြင်းကြောင့် ရှုမှတ်မိသမျှကိုလည်း ထင်ရှားပီသစွာ မသိနိုင်တော့ပြီ။ ဒါက ၀ီရိယလွန်လို့ မှတ်သိမှု ပျက်ရပုံပါ။
သမာဓိလွန်တဲ့ အခါမှာလည်း တစ်မျိုးတည်းသော အာရုံကိုသာ ကြာမြင့်စွာ ရှုမှတ်နေရတတ်တယ်။ အခြားသော အာရုံတွေ ထင်မလာကြလို့ အဲ့ဒီအာရုံ အသစ် အထူးတွေကို ရှုမှတ်ဖို့ရန် ကြောင့်ကြစိုက်ရမှု ကင်းနေတယ်။ ရှုမှတ်နေကျကိုသာ သက်သက်သာသာနဲ့ ရှုမှတ်နေရလို့ အားထုတ်မှု လျော့ရဲနေတယ်။ နှုတ်တက်ကျေနေတဲ့ စာကို ရွတ်ဆိုတဲ့အခါ အားထုတ်မှု လျော့ရဲနေသလိုမျိုးပါ။
အဲ့ဒါကြောင့် အာရုံနဲ့ ရှုမှတ်မှုတွေဟာ တစတစနဲ့ မှေးမှိန်သွားတတ်ပါတယ်။ ဒါ့အပြင် ရှုမှတ်မှုတွေ အားလျော့လာခြင်းကြောင့် ထိုင်းမှိုင်းမှု ထိနမိဒ္ဓအဖြစ်သို့ပင် ပြောင်းလဲသွားတတ်ပါတယ်။ ဒီနောက်မှာ ဖြစ်တိုင်းသော ရုပ်နာမ်တွေကို စေ့စပ်အောင် မရှုမှတ်နိုင်ပြီ။ စေ့စပ်အောင် မရှုမှတ်နိုင်ရင် အမှတ်တွေကြားမှာ ထိုင်းမှိုင်းမှုတွေ ကြားညှပ်ပါဝင်လာကြလို့ ရှုမှတ်မိသမျှကိုလည်း ထင်ထင်ရှားရှား ပီပီသသ မသိနိုင်တော့ပြီ။ ဒါတွေကတော့ သမာဓိလွန်လို့ မှတ်သိမှု ပျက်ရပုံဖြစ်ပါတယ်။
ညီမျှစေခြင်း သဘောရှိတဲ့ ဥပေက္ခာရဲ့ အစွမ်းကြောင့် ၀ီရိယနဲ့ သမာဓိတို့ ညီမျှလာတဲ့အခါကား ကြောင့်ကြစိုက်မှုလည်းမလွန်၊ စူးစိုက်တည်ကြည်မှုလည်းမများ၊ အထူးကြောင့်ကြ မစိုက်ရတော့ဘဲ ဖြစ်တိုင်းသော ရုပ်နာမ်တွေ ထင်ပေါ်နေတယ်။ ထင်လာတဲ့ အာရုံတွေ များခြင်းကြောင့်လည်း စိတ်မပျံ့ လွင့်။
ထင်တိုင်းသော ရုပ်နာမ်တွေကို မလွတ်တမ်း မှတ်သိလာနိုင်တယ်။ သိတိုင်းသော အာရုံမှာ စူးစိုက်တည်ကြည်မှုလည်း ထင်ရှားတယ်။ မရှုမှတ်မိဘဲ လွတ်သွားတာမျိုး မရှိတော့လို့ အလုံးစုံကိုပင် သိတယ်လို့ မှတ်ထင်လာရပါတယ်။
အချုပ်အားဖြင့် ဆိုရသော် သဒ္ဓါနဲ့ပညာ၊ ၀ီရိယနဲ့ သမာဓိ စတဲ့တရားတွေရဲ့ ညီမျှစွာ ဖြစ်ခြင်းသဘော၊ ၎င်းတို့ကို ညီမျှစေခြင်းသဘောဟာ ဥပေက္ခာသမ္ဗောဇ္ဈင်မည်တယ်။ ဒီဟာ ထက်သန်စွာ ဖြစ်လာရင် သတိစတဲ့ တရားတွေလည်း အညီအမျှ ထက်သန်ထင်ရှားစွာ ဖြစ်ပေါ်လာကြတယ်။
သို့ဖြစ်လို့ သိသိနေတဲ့ ၀ိပဿနာစိတ်ကိုတောင် တဖန်ရှုမှတ်လာနိုင်တဲ့ ပဋိဝိပဿနာဖြင့် ဖြစ်ပေါ်ဆဲဖြစ်တဲ့ ဗောဇ္ဈင် ၇ ပါးကို မှန်ကန်စွာ သိလာပါတယ်။ ဒါမျိုးမှာ မိမိရဲ့ ရှုမှတ်စိတ်ကို ပြန်သိတာက ပိုထင်ရှားနေလို့ သိတယ်၊ သိတယ်လို့ ကမ္မဋ္ဌာန်းဆရာတို့က အမှတ်ခိုင်းတတ်ပါတယ်။
ဗောဇ္ဈင်ပိုင်း ပြီးပါပြီ။
×××××××××××××××
ငြိမ်းနန္ဒ (၁၉ -၂၂ /၈ /၂၀၁၇)
No comments:
Post a Comment