(၁၄)
ခန္ဓာပိုင်း
=====
ဝိပဿနာတရား အားထုတ်နေတဲ့ယောဂီဟာ ဥပါဒါနက္ခန္ဓာ ငါးပါးဆိုတဲ့ တရားတွေကို သတ္တဝါကောင် အသက်ကောင် မဟုတ်တဲ့ သဘောတရားမျှပဲလို့ ရှုမြင်လျက် နေတယ်။ ဘယ်လိုတွေ ရှုမြင်လျက် နေပါသလဲ?
သာသနာတော်မှာ အားထုတ်နေတဲ့ ယောဂီဟာ အောက်ပါအတိုင်း သိတယ်။
ဒါဟာ ရုပ်ပဲ။ ဒါဟာ ရုပ်ရဲ့ ဖြစ်ကြောင်းတရား သို့တည်းမဟုတ် ဖြစ်ခြင်း သဘောတရားပါပဲ။ ဒါဟာ ရုပ်ရဲ့ ချုပ်ကြောင်းတရား ဒါမှမဟုတ် ချုပ်ခြင်း သဘောတရားပေပဲ။
ရုပ်ကို ရှုမြင်တဲ့အတိုင်းပင် ဝေဒနာ၊ သညာ၊ သခါင်္ရ၊ ၀ိညာဏ်တို့ဆိုတဲ့ ခန္ဓာတွေအပေါ်မှာလည်း ရှုမြင်ပါတယ်။
အကျင့်စခန်းကနေ ရှုမှတ်မှုကြောင့် သိရှိလာရပုံတွေကို မဟာစည်ဆရာတော် ဘုရားကြီးရဲ့ ဖွင့်ဆိုရှင်းပြချက်တွေနဲ့ ယှဉ်တွဲလေ့လာရင် ပိုပြီး အကျိုးများနိုင်ဖွယ် ရှိပါတယ်။ သို့ကြောင့် ဆက်ပြီး တင်ပြပါဦးမယ်။
မြင်ဆဲမှာ မြင်တယ်လို့ မှတ်နေတဲ့သူဟာ မျက်စိကြည်လင်မှုနဲ့ မြင်ရတဲ့ အဆင်းရုပ်တွေကို အဓိကသိရရင် ရူပက္ခန္ဓာကို သိတာဖြစ်တယ်။ မြင်လို့ကောင်း မကောင်းနဲ့ အကောင်းအဆိုး ညီနေတာတွေကို အဓိကသိနေရင် ဝေဒနာက္ခန္ဓာကို သိတာပါ။ မြင်ရတဲ့အဆင်းမှာ မှတ်သားခြင်းသဘောကို သိတဲ့အခါ သညာက္ခန္ဓာကို သိခြင်းပါ။ စိတ်ထဲမှာ အဆင်းနဲ့တွေ့မှု ဖဿ၊ မြင်အောင် စေ့ဆော်တိုက်တွန်းမှု စေတနာ၊ သာယာနှစ်သက်မှု လောဘ၊ မုန်းမှု ဒေါသ၊ ကြည်ညိုမှု သဒ္ဓါစတဲ့ သဘောတွေကို သိနေရင် သခါင်္ရက္ခန္ဓာကို သိနေတာဖြစ်တယ်။ မြင်တဲ့ စိတ်ကို အဓိကအားဖြင့် သိနေပါက ၀ိညာဏက္ခန္ဓာကို သိနေခြင်းဖြစ်တယ်။
အသိတွေ ရှင်းလင်းလာလို့ နာမရူပ ပရိစ္ဆေဒဉာဏ် တစ်ဖက်ကမ်းသို့ ရောက်သွားရင် သိမြင်ပုံတွေ ပြောင်းလဲသွားပါတယ်။ ဖောက်ပြန်တတ်တာ ရုပ်၊ ခံစားတတ်တာ ဝေဒနာ၊ မှတ်သားတတ်တာ သညာ၊ အမူအရာကို ပြုတတ် ပြီးစေတတ်တာ သခါင်္ီရ၊ အာရုံကို သိကာမျှကား ၀ိညာဏ်တို့ဆိုပြီး ပိုင်းပိုင်းခြားခြား သိလာတယ်။ ခန္ဓာငါးပါးတို့ရဲ့ သဘောသဘာဝတွေကို သိမြင်တဲ့အတိုင်း သဘောကျသွားလို့ သဘောကျတဲ့အတိုင်း ဆုံဖြတ်ပြီး သိခြင်းမျိုးပါ။
ရှုမှတ်နေတဲ့ ယောဂီဟာ မျက်စိကြည်လင်မှု၊ မြင်ရတဲ့အဆင်း စတာတွေကို တခါတရံမှာ ဖျတ်ကနဲ ဖျတ်ကနဲ ပေါ်လာပြီး ရိပ်ကနဲ ရိပ်ကနဲ ပျောက်သွားတယ်လို့ သိနေတတ်ပါတယ်။ ဒါဟာ ရုပ်တို့ရဲ့ ဖြစ်ခြင်း သမုဒယ နိဗ္ဗတ္တိလက္ခဏာနဲ့ ပျက်ခြင်း ၀ယ ၀ိပရိဏာမလက္ခဏာတွေကို သိခြင်းပါ။ ဖြစ်မှု ပျက်မှုကို မျက်မှောက်သိတဲ့ ဥဒယဗ္ဗယဉာဏ်ခေါ်ပါတယ်။
ခံစားမှုကလေး ပေါ်ပုံ ပျောက်ပုံတွေကို သိတာဆိုရင် ဝေဒနာရဲ့ သမုဒယ ဖြစ်ခြင်းနဲ့ ၀ယ ပျက်ခြင်းကို သိတာပါ။ နည်းတူအားဖြင့် ကျန်ခန္ဓာတွေကိုလည်း သိကြရပါတယ်။
ပါဠိတော်မှာ အောက်ပါအတိုင်း ဥပါဒါနက္ခန္ဓာတွေအပေါ် ရှုမြင်ပုံတွေကို ဆက်လက်ဟောကြားတော်မူပါတယ်။ ဟောကြားတော်မူချက်များကို စခန်းဝင် လေ့ကျင့်အားထုတ်လို သူများအတွက် မဟာစည်ဆရာတော် ဘုရားကြီးရဲ့ လမ်းညွှန်ချက်များကိုလည်း တင်ပြအပ်ပါတယ်။
ဆိုအပ်ခဲ့ပြီးနည်းတွေနဲ့ မိမိရဲ့ ဥပါဒါနက္ခန္ဓာတရားတွေကို သတ္တဝါကောင် အသက်ကောင် မဟုတ်တဲ့ သဘောတရားမျှပဲလို့ ရှုမြင်လျက်နေတယ်။ နည်းတူအားဖြင့် သူတစ်ပါးရဲ့ ဥပါဒါနက္ခန္ဓာ၊ ရံခါမိမိ ရံခါသူတစ်ပါး နှစ်ဦးသားတို့ရဲ့ ဥပါဒါနက္ခန္ဓာတွေကိုလည်း ရှုမြင်လျက်နေတယ်။
သူတစ်ပါးရဲ့ ဥပါဒါနက္ခန္ဓာဆိုတာ မြင်ရတဲ့ အဆင်းစတာတွေရဲ့ အုပ်စုဝင်ဖြစ်တယ်။ အဲ့ဒီ မြင်ရတဲ့အဆင်း စတာတွေကို မိမိရဲ့ခန္ဓာမှာ သိမြင်ရသလိုပါပဲလို့ ဆင်ခြင်မိတဲ့ အခိုက်အတန့်တွေ ရှိနေတတ်ပါတယ်။ ဒါကို သူတစ်ပါးရဲ့ ဥပါဒါနက္ခန္ဓာကို ရှုမြင်တယ်လို့ ဆိုပါတယ်။
ဥပါဒါနက္ခန္ဓာတရားများရဲ့ ဖြစ်ကြောင်းတရားနှင့် ဖြစ်မှုသဘောကို ရှုမြင်နေတယ်။ ချုပ်ကြောင်းတရားနှင့် ချုပ်မှုသဘောကို ရှုမြင်နေတယ်။ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်မှု ပျက်မှုသဘောကို ရှုမြင်နေတယ်။
သတိအား ပိုကောင်းလာတဲ့အခါ သတ္တဝါကောင် အသက်ကောင် မဟုတ်တဲ့ သဘောတရားတွေသာ ရှိကြတယ်ဆိုပြီး ယောဂီရဲ့ အမှတ်ရမှုသတိမှာ ရှေးရှုထင်လာတယ်။ ယင်းသတိဟာ အသိဉာဏ် အဆင့်ဆင့် တိုးပွားစေရုံသာဖြစ်တယ်။ တဖန် အမှတ်ရမှု အဆင့်ဆင့် တိုးပွားရုံသာဖြစ်ပါတယ်။
ဆိုခဲ့တဲ့အတိုင်း အမှတ်ရပြီး သိမြင်နေတဲ့ ယောဂီဟာ တဏှာဒိဋ္ဌိတွေကို မမှီမတွယ်ဘဲ နေတယ်လို့ ခေါ်ပါတယ်။ လောကမှာ ဘယ်ဥပါဒါနက္ခန္ဓာကိုမျှ ငါကောင် ငါ့ဥစ္စာဆိုပြီး စွဲလည်း မစွဲလမ်းတော့ပြီ။
အဋ္ဌကထာဆရာတော်က ဥပါဒါနက္ခန္ဓာအရကောက်စတာတွေကို ဖွင့်ပြတော်မူပါတယ်။
ဥပါဒါနဿ ခန္ဓာ ဥပါဒါနက္ခန္ဓာ၊ ဥပါဒါနဿ ပစ္စယဘူတာ ဓမ္မပုဉ္ဇာ ဓမ္မရာသယောတိ အတ္ထော။ (ဒီ။ ဋ္ဌ။ ၂။ ၃၇၁)
စွဲလမ်းစရာ ခန္ဓာတွေဟာ ဥပါဒါနက္ခန္ဓာ မည်ပါတယ်။ စွဲလမ်းစရာဆိုတာ စွဲလမ်းမှုတွေရဲ့ အကြောင်းတရားတွေဖြစ်တဲ့ တရားအစုအပုံတွေ ဖြစ်ပါတယ်။
မဟာစည်ဆရာတော် ဘုရားကြီးက စွဲလမ်းမှုတွေဆိုတဲ့ ဥပါဒါန်တရားတွေ မဖြစ်ပေါ်လာအောင် ၀ိပဿနာရှုမှတ်ပုံကို လင်္ကာစီပြီး နည်းပေးတော်မူခဲ့ပါတယ်။
* ၀ိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာရှု၍ဖြစ်သနည်း။
× စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ဖြစ်သတည်း။
* ဘယ်အကျိုးငှာ၊ ထိုခန္ဓာ၊ ဘယ်ခါရှုရပါသနည်း။
× မစွဲဖို့ရာ၊ ဖြစ်ဆဲမှာ၊ မှန်စွာရှုရပါသတည်း။
÷ ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။
မြဲတယ် ကောင်းတယ်၊ ငါကောင်နှယ်၊ တကယ်ထင်တတ်သည်။
± ဖြစ်တိုင်းမှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။
မမြဲ ဆင်းရဲ၊ သဘောပဲ၊ ဉာဏ်ထဲရှင်းတော့သည်။
စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။
ဝိပဿနာရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်။
စွဲလမ်းနိုင်ရာ ငါးခန္ဓာဆိုတာက တဏှာ မာန ဒိဋ္ဌိတို့နဲ့ စွဲလမ်းနိုင်တဲ့ ရုပ် ဝေဒနာ သညာ သခါင်္ရ ၀ိညာဏ်တို့ ဖြစ်ကြပါတယ်။ ဒီခန္ဓာ ငါးပါးတို့ရဲ့ ဖြစ်ပေါ်နေခိုက်တွေကို သိရစဉ်အခါမှာ သိရတဲ့အတိုင်း ရှုမှတ်နေရင် ၀ိပဿနာအလုပ် လုပ်နေတာဖြစ်တယ်။ မရှုမှတ်လိုက်ရဘဲ နေရိုးနေစဉ်အတိုင်းနေပြီး သိရိုးသိစဉ်အတိုင်း သိနေတာဟာ တဏှာစတဲ့ အစွဲတွေနဲ့ သိနေတာ။ အဲ့ဒီ အစွဲတွေကို ဥပါဒါန်လို့ ခေါ်တယ်။ အဲ့ဒီ အစွဲတွေနဲ့ သိနေ စွဲနေတာတွေက ခန္ဓာငါးပါးဖြစ်တယ်။ ဒါကို ဥပါဒါနက္ခန္ဓာလို့ ပေါင်းခေါ်ပါတယ်။
အထက်ပါ ညွှန်ကြားချက်များအတိုင်း လိုက်နာပြီး ရှုမှတ်နေရင် နာမရူပပရိစ္ဆေဒဉာဏ်စတဲ့ ၀ိပဿနာဉာဏ်များ အဆင့်ဆင့် ဖြစ်ပေါ်လာကာ နောက်ဆုံးနိဗ္ဗာန်တိုင်ရောက် ခရီးပေါက်နိုင်ကြောင်းကိုလည်း အောက်ပါ ရှစ်လုံးဖွဲ့ဖြင့် ဖော်ကျူးတော် မူခဲ့ပါတယ်။
ပေါ်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
ရုပ်နာမ်နှစ်မျိုး၊ ကြောင်းကျိုးသိမြင်၊
မမြဲဆင်းရဲ၊ ဉာဏ်ထဲပေါ်လွင်၊
အနတ္တ၊ သိရနိဗ္ဗာန်ဝင်။
ခန္ဓာပိုင်း ပြီးပါပြီ
×××××××××××
ငြိမ်းနန္ဒ (၄ /၈ /၂၀၁၇)
No comments:
Post a Comment