(၉)
ပဋိကူလမနသိကာရပိုင်း
===============
ရွံရှာဖွယ်လို့ နှလုံးသွင်းပုံ
------------------------------
သတိပဋ္ဌာန်တရားကို ပွားများအားထုတ်နေသူဟာ မိမိကိုယ်ကို ချစ်ခင်စွဲလန်းမှု လျော့နည်းသွားအောင် မိမိကိုယ်ထဲမှာ ပါဝင်ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတွေကို ရွံမုန်းလာစေဖို့ ရွံရှာဖွယ်အဖြစ် နှလုံးသွင်းရပါမယ်။ အစိတ်အပိုင်းတွေက ၃၂ မျိုးရှိပါတယ်။
ယောဂီဟာ ခြေဖဝါးပြင်မှအထက်၊ ဆံပင်ဖျားမှအောက်၊ ဘေးပတ်ပတ်လည်မှာ အရေပါးတွေနဲ့ အဆုံးသတ်ထားတဲ့ အမျိုးမျိုးသော ရွံရှာဖွယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီခန္ဓာကိုယ်ကို စူးစိုက်ပြီး ဆင်ခြင်ရပါမယ်။ ဒီခန္ဓာကိုယ်ထဲ ရှိကြတဲ့အရာဝတ္ထုတွေဟာ ဆံပင် မွေးညှင်း လက်သည်းခြေသည်း သွား အရေ အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ် အူမ အူသိမ် အစာသစ် အစာဟောင်း ဦးဏှောက် သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် ရွံဖွယ်များသာရှိတယ်လို့ စူးစိုက်ပြီး ဆင်ခြင်ရပါတယ်။
ဥပမာနဲ့ ထင်ရှားစေပါဦးမယ်။ အထက်အောက် အပေါက်ပါတဲ့ အိတ်တစ်လုံးထဲ စပါးမျိုးစုံ ထည့်ထားတယ်။ သလေး ကောက်ကြမ်း ပဲနောက် ပဲကြီး ဆန် တို့တွေပေါ့။ မျက်စိရှင်တဲ့ ယောက်ျားတစ်ယောက်က အဲ့ဒီအိတ်ကို ဖြေကြည့်တဲ့အခါ သလေးကိုလည်း တွေ့မယ်။ ကောက်ကြမ်း ပဲနောက် ပဲကြီး ဆန်တို့တွေကိုလည်း တွေ့ပါတယ်။ အဲ့ဒီအခါ ဒီအိတ်ထဲမှာ ၅ မျိုး ပါဝင်နေတာကို စူးစိုက်ကြည့်ခြင်းအားဖြင့် သိရှိရပါတယ်။
အထက်က စပါးစတာတွေကို စူးစိုက်ကြည့်တဲ့ ဥပမာနည်းတူ ယောဂီဟာ မိမိကိုယ်တွင် ဖွဲ့စည်းပါဝင်နေတဲ့ ၃၂ မျိုးသော အစိတ်အပိုင်းတွေကို စူးစိုက်ပြီး ဆင်ခြင်ရပါမယ်။ ရွံရှာဖွယ် ရုပ်အပေါင်းမျှသာ ရှိတယ်လို့လည်း နှလုံးသွင်းရပါမယ်။
အထက်ကအတိုင်း ရှုပွားဆင်ခြင်နေတာဟာ ဝိပဿနာအတွက်သာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အကြောင်းက ဒီအပိုင်းကို ဆက်လက်ဟောကြားတော်မူရာတွင် အဖြစ်အပျက်တွေကို သိမြင်ပြီး တဏှာ ဒိဋ္ဌိ အမှီအစွဲကိုလည်း ကင်းစေနိုင်တယ်လို့ ပါဝင်နေခြင်းကြောင့်ပါ။
ဝိပဿနာဖြစ်ပုံကို ထပ်မံရှင်းပြပါဦးမယ်။
ယောဂီဟာ ဆံပင် မွေးညှင်း စသဖြင့် ရှုတဲ့ (ဥပစာ၊ အပ္ပနာဈာန်)စိတ်များကို တစ်ဖန်မှတ်ပြီး ဆံပင် မွေးညှင်းစတဲ့ ရုပ်အာရုံနဲ့တကွ အဲ့ဒီရှုတဲ့ ဈာန်စိတ်ရဲ့ အဖြစ်အပျက်ကို ထင်ရှားသိမြင်နိုင်ပါတယ်။ အဲ့ဒီလို သိမြင်တိုင်း သိမြင်တိုင်း ရှုမိတဲ့ ရုပ်အာရုံပေါ်ဖြစ်စေ၊ ရှုတဲ့ဈာန်စိတ်မှာဖြစ်စေ တဏှာ ဒိဋ္ဌိ အမှီအစွဲ ကင်းနေပါတယ်။ ဒီကဲ့သို့ ရှုမှတ်ချက်တိုင်း တဏှာ ဒိဋ္ဌိ အမှီအစွဲ ကင်းစေနိုင်တာမို့လို့ ဒီအပိုင်းဟာ ဝိပဿနာရှုပုံဖြစ်ကြောင်း မဟာစည်ဆရာတော် ဘုရားကြီးက မှတ်ချက်ပြုတော်မူထားပါတယ်။
ဒီအပိုင်းဟာ လာမဲ့ဓာတုမနသိကာရပိုင်းရဲ့ အခြေဘူတလည်း ဖြစ်ပါတယ်။ ဓာတုမနသိကာရကို ရှုမဲ့သူဟာ ဆိုခဲ့ပါ ၃၂ ကောဋ္ဌာသကို နိုင်နင်းထားဖို့ လိုမယ်လို့ ဆိုလိုပါတယ်။
ပဋိကူလမနသိကာရပိုင်း ပြီးပါပြီ။
××××××××××××××××××××××
ဓာတုမနသိကာရပိုင်း
=============
ဓာတ်များကို နှလုံးသွင်းပုံ
------------------------------
တရားအားထုတ်ဆဲ ယောဂီဟာ ဓာတ်များကိုလည်း ဝေဖန်ပိုင်းခြားပြီး နှလုံးသွင်းတတ်ရပါမယ်။ ဒါ့ကြောင့် ဓာတ်တွေကို နှလုံးသွင်းပုံ နည်းနာများ ဆည်းပူးလေ့လာ ထားကြရပါမယ်။
ယောဂီဟာ မိမိရဲ့ ရုပ်အပေါင်းကိုယ်ကို တည်မြဲ ထားမြဲအတိုင်းပင် သတ္တ၀ါကောင် အသက်ကောင် မဟုတ်တဲ့ ဓာတ်သဘောအနေဖြင့် စူးစိုက်ပြီး ဆင်ခြင်ရပါမယ်။ ငါ့ကိုယ်ထဲမှာ ခက်မာကြမ်းတမ်းတဲ့ အမာခံ ပထဝီဓာတ်ကတစ်မျိုး၊ ယိုစီး ဖွဲ့တွယ်တဲ့ အပျော့နွယ် အာပေါဓာတ်ကတစ်မျိုး၊ ပူနွေး အေးပြီး ရင့်ကျက် နူးညံ့ စေတတ်တဲ့ အခိုးအငွေ့ဟန် တေဇောဓာတ်ကတစ်မျိုးနဲ့ တောင့်တင်း ရွေ့ရှားတတ်တဲ့ လေဆိုတဲ့ ဝါယောဓာတ်ကတစ်မျိုး တို့ဆိုပြီး ဓာတ်သဘောများသာ ရှိနေကြပါကလားလို့ စူးစိုက်ပြီး ဆင်ခြင်ရပါမယ်။
ဥပမာလေးနဲ့ ယှဉ်တွဲပြီး ရှင်းပြပါဦးမယ်။ ကျွမ်းကျင်လိမ္မာတဲ့ နွားသတ်သမားဖြစ်ဖြစ်၊ သူ့တပည့်ဖြစ်ဖြစ် နွားကို သတ်ပြီး လမ်းဆုံလေးခွမှာ အသား အရိုး အကြော အရေတို့ကို တစ်ပုံစီ ခွဲပုံပြီး ထိုင်ကြည့်နေမယ်။ အဲ့ဒီအခါ နွားကောင်ကို မမြင်ရတော့ဘဲ အသားပုံစတာတွေကိုသာ တွေ့ရပါမယ်။
အထက်က ဥပမာနည်းတူ ယောဂီဟာ မိမိကိုယ်ကို သတ္တ၀ါကောင် အသက်ကောင် မဟုတ်ဘူး၊ ဓာတ်လေးပါးသာရှိတယ်ဆိုပြီး ထင်မြင်ယူဆလာနိုင်တဲ့အထိ ဓာတ်လေးပါးကို စူးစိုက်ပြီး ဆင်ခြင်ရပါမယ်။ အဲ့ဒီလို ရှုမှတ်ဆင်ခြင်ရင်း ဓာတ်တွေရဲ့ ဖြစ်ပျက်ပုံများကို သိရှိလာကာ ဓာတ်တွေပေါ် တဏှာ ဒိဋ္ဌိတို့ အမှီအစွဲ ကင်းလာပါတယ်။
ဓာတ်တွေရဲ့ သဘောသဘာဝများကို သိရှိလာပုံနဲ့ ဉာဏ်အဆင့်ဆင့် ဖြစ်ပေါ်လာပုံမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဆံပင်အစ ကျင်ငယ်အဆုံးရှိတဲ့ ၃၂ ပုံတို့တွင် ဆံပင်မှ ဦးဏှောက်တိုင်အောင်သော အပုံ ၂၀ ဟာ ခက်မာကြမ်းတမ်းမှု လွန်ကဲလို့ အမာခံ ပထ၀ီဓာတ်မည်တယ်။ အဲ့ဒါတွေနဲ့ တွေ့ထိတဲ့အခါ " ခက်မာခြင်း၊ ကြမ်းတမ်းခြင်း၊ နူးညံ့ခြင်း၊ ချောညက်ခြင်း၊ (လေးခြင်း၊ ပေါ့ခြင်း၊) ထိပါးခြင်း၊ တည်တံ့ခြင်း၊ ခံလင့်ခြင်း" တို့ဆိုတဲ့ သဘောသဘာဝတွေကို သိလာရပါတယ်။ အဲ့ဒီလို သိရတဲ့ သဘောတွေဟာ ပရမတ်ပထဝီဓာတ်အစစ်ဖြစ်ပါတယ်။
သည်းခြေမှ ကျင်ငယ်တိုင်အောင် ၁၂ ပုံဟာ ယိုစီးဖွဲ့တွယ်မှု လွန်ကဲလို့ အရည်ဆိုတဲ့ အာပေါဓာတ်မည်တယ်။ အဲ့ဒါတွေနဲ့ တွေ့တဲ့အခါ "အရည်ပျော်တယ်၊ ယိုစီးတယ်၊ စီးကျတယ်၊ လေးကျတယ်၊ စိုထိုင်းတယ်၊ ပွစေတယ်၊ စေးကပ်တယ်၊ ပူးတွဲတယ်၊ ဖွဲ့တွယ်တယ်၊ လုံးခဲတယ်"ဆိုပြီး သိလာရတယ်။ အဲ့ဒီလို သိရတဲ့ အရာဟာ ပရမတ် အာပေါအစစ်ဖြစ်ပါတယ်။
၁။ သန္တပ္ပန = အဖျားရှိန် အပူငွေ့၊
၂။ ဇိရဏ = အသားအရေကို အိုမင်းရင့်ရော်စေတဲ့ ပကတိကိုယ်ငွေ့၊
၃။ ဒါဟ = တစ်ကိုယ်လုံး အပြင်းပူလောင်တဲ့ အပူငွေ့၊
၎။ ပါစက = အစာကို ကြေကျက်စေတဲ့ အပူငွေ့ တို့တွေဟာ ပူနွေးမှု လွန်ကဲလို့ အခိုးအငွေ့ဆိုတဲ့ တေဇောဓာတ်မည်တယ်။ အဲ့ဒါတွေနဲ့ တွေ့ထိတဲ့အခါ "ပူမှု၊ နွေးမှု၊ အေးမှု၊ ရင့်ကျက်စေမှု၊ နူးညံ့ သိမ်မွေ့ စေမှု၊ ပေါ့တက်စေမှု၊ ပေါ့တက်မှု" တို့ကို သိရပါမယ်။ အဲ့ဒီလို သိရတဲ့ သဘောဟာ ပရမတ် တေဇောအစစ်ဖြစ်ပါတယ်။
၁။ ဥဒ္ဓင်္ဂမ = လေချဉ်တက်ခြင်းလို အထက်သို့ ဆန်တက်တဲ့လေ၊
၂။ အဓောဂမ = အောက်သို့ စုန်တဲ့လေ၊
၃။ ကုစ္ဆိသယ = ဝမ်းဗိုက်ထဲတွင် (အူအပြင်၌) တည်တဲ့လေ၊
၎။ ကောဋ္ဌာသယ = အူထဲမှာ တည်တဲ့လေ၊
၅။ အင်္ဂမင်္ဂါနုသာရီ = အင်္ဂါကြီးငယ်တို့တွင် လျှောက်ပြီး ကွေး ဆန့် လှုပ်ရှားမှု စတာတွေကို ပြီးစေတဲ့လေ၊
၆။ အဿာသပဿာသ = ဝင်သက် ထွက်သက်လေ တို့တွေဟာ တောင့်တင်း လှုပ်ရှားမှု လွန်ကဲလို့ ဝါယောဆိုတဲ့ လေဓာတ်မည်တယ်။ အဲ့ဒါတွေနဲ့ တွေ့ထိတဲ့အခါ " ထောက်ကန်တယ်၊ တောင့်တင်းတယ်၊ လျော့တယ်၊ တည်ငြိမ်တယ်၊ လှုပ်ရှားတယ်၊ ရွေ့ရှားတယ်၊ ဆွဲတယ်၊ တွန်းကန်တယ်" လို့ သိတယ်။ အဲ့ဒီ သိရတဲ့ သဘောဟာ ပရမတ်ဝါယောအစစ်ဖြစ်ပါတယ်။
ဓာတုမနသိကာရမှာ သမထယာနိက ဝိပဿနာဖြစ်ပုံကို တင်ပြပါဦးမယ်။ ဆံပင်အစ ဝင်သက် ထွက်သက်အဆုံးရှိတဲ့ ၄၂ ပုံတို့ကို ရှုပြီး ဥပစာရသမာဓိနဲ့ ပြည့်စုံလာတဲ့အခါ အဲ့ဒီသမာဓိစိတ်ကို တစ်ဖန်မှတ်ရပါမယ်။ အဲ့ဒီလို ရှုမှတ်ရင်း ဆံပင်စတဲ့ ရုပ်အာရုံနဲ့တကွ အဲ့ဒီသမာဓိစိတ်တို့ ပေါ်မှု ပျောက်မှု ဖြစ်မှု ပျက်မှု စတာတွေကို ထင်ရှားသိမြင်လာပြီး ဥဒယဗ္ဗယဉာဏ်စတဲ့ ဉာဏ်တွေ ဖြစ်ပေါ်လာပါတယ်။
ဝိပဿနာယာနိက ဖြစ်ပုံကိုလည်း တင်ပြပါဦးမယ်။ ကိုယ်ထဲမှာ အထင်အရှား တွေ့ထိရာ နေရာတွေမှာ စူးစိုက်ပြီး မှတ်လိုက်ရင် ဓာတ်လေးပါတို့ရဲ့ လက္ခဏ ရသ စတာတွေကို ပိုင်းခြားသိမြင်လာတယ်။
ဆရာတော်ကြီးတစ်ပါးကတော့ ဒါကိုပဲ ဓာတ်သားပေါ်အောင် အားထုတ်တယ်လို့ တင်စားတော်မူခဲ့ပါတယ်။ ဓာတ်သားတွေဆိုတာ ပရမတ်တရားအစစ်တွေဖြစ်လို့ ပညတ်နဲ့ ပရမတ်ကွဲတယ်လို့လည်း ခေါ်ကြပါသေးတယ်။
ဒါ့အပြင် ထိသိမှု မှတ်သိမှုနဲ့တကွ ဓာတ်လေးပါးတို့ရဲ့ ဖြစ်မှု ပျက်မှုတွေကိုလည်း ထင်ရှားစွာ သိမြင်လာပြီး ဥဒယဗ္ဗယဉာဏ်စတဲ့ ဉာဏ်စဉ်တွေ ဖြစ်ပေါ်လာပါတယ်။
ဝိပဿနာယာနိက သမားများအတွက် အထောက်အကူရစေရန် မဟာစည်ဆရာတော် ဘုရားကြီးရဲ့ ဓာတ် ၄ ပါးလင်္ကာတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ပထ၀ီဓာတ်
ကြမ်းတမ်း မာခက်၊ ချောညက်တစ်လီ၊
တည်ရာကိစ္စ၊ သူကပြုသည်။
ခံလင့်စောင့်ရေး၊ ပေါ့လေးထင်သည်၊
ပထ၀ီဓာတ်၊ သိမှတ်မြတ်ယောဂီ။
၂။အာပေါဓာတ်
အရည်တစ်နည်း၊ ယိုစီးတစ်မည်၊
စိုထိုင်း ဖွံ့ထွား၊ တိုးပွားစေသည်။
စေးကပ် ပူးတွဲ၊ လုံးခဲထင်သည်၊
(လေးလျက်ကျသွား၊ ဉာဏ်အားထင်သည်၊)
အာပေါဓာတ်၊ သိမှတ်မြတ်ယောဂီ။
၃။တေဇောဓာတ်
အပူ အအေး၊ ပူနွေးတစ်မည်၊
ပူငွေ့ပေးလျက်၊ ရင့်ကျက်စေသည်။
နူးညံ့ ပျော့ပျောင်း၊ ဆင့်လောင်းပေသည်၊
(ပေါ့လျက် ပေါ့လျက်၊ ကြွတက်ထင်သည်၊)
တေဇောဓာတ်၊ သိမှတ်မြတ်ယောဂီ။
၎။ ဝါယောဓာတ်
ထောက်ကန် တောင့်တင်း၊ လျော့ခြင်းတစ်မည်၊
ယိမ်းယိုင် လှုပ်ရှား၊ ရွေ့သွားတတ်သည်။
သူလိုရာဘက်၊ တွန်းလျက်ဆောင်သည်၊
ဝါယောဓာတ်၊ သိမှတ်မြတ်ယောဂီ။
ဓာတုမနသိကာရပိုင်း ပြီးပါပြီ။
××××××××××××××××××××
နဝသိဝထိကပိုင်းများ
=============
သိဝထိကနဲ့စပ် သိမှတ်စရာ
----------------------------------
ကာယာနုပဿနာမှာ နဝသိဝထိက အပိုင်းများ ၉ ပိုင်းပါရှိတယ်။ ရှုရမဲ့ အာရုံတွေ ကွဲပြားနေကြဟန်များအတွက် ဒီသို့ ၉ ပိုင်း ခွဲခြားထားရပါတယ်။ ရှုပုံ ဆင်ခြင်ပုံများက အတူတူ ဖြစ်နေကြလို့ ခေါင်းစဉ်တစ်ခုထဲမှာပဲ အာရုံကွဲတွေ ပါဝင်အောင် ထည့်သွင်းပြီး တင်ပြသွားပါမယ်။
သိဝထိကပိုင်းတွေဟာ မိမိကိုယ်ကို သူသေကောင် သူသေပုပ်ကောင် အရိုးစု အရိုးမှုန့် စသဖြင့် နှိုင်းဆဆင်ခြင်ရန် နည်းနာများဖြစ်ပါတယ်။ အဋ္ဌကထာထဲက မဟာသိဝမထေရ်ရဲ့ အဆိုအရ အာဒီနဝါနုပဿနာ = မိမိကိုယ်မှာ ရှိတဲ့အပြစ်တွေကို ထင်မြင်လာအောင် နှိုင်းဆသမှု ဆင်ခြင်ရှုရန်ဖြစ်ပါတယ်။
မဟာစည်ဆရာတော် ဘုရားကြီးကတော့ တမင်တကာ နှိုင်းဆဆင်ခြင်ပြီး ထင်မြင်လာတဲ့ အသုဘနိမိတ်တွေဖြစ်စေ၊ ဝိပဿနာ ရှုမှတ်ပွားများရင်း မိမိကိုယ်ကို သူသေကောင်စတဲ့ အသုဘနိမိတ်တွေအဖြစ် ထင်မြင်လာရင်ဖြစ်စေ "မြင်တယ် မြင်တယ်"လို့သာ ရှုမှတ်ရန် ညွန်ကြားထားပါတယ်။
ဘယ်လိုနည်းကြောင့်ဖြစ်ဖြစ် ထင်မြင်လာတဲ့ ပုံသဏ္ဍာန်အာရုံတွေဟာ ရုပ်အစစ်မဟုတ်ဘဲ အမည်ပညတ်မျှသာဖြစ်နေပေမဲ့ အာကာသပညတ်လို မှီရာအထည်ဒြဗ် လုံးဝကင်းတာမဟုတ်။ ဆင်ခြင် ရှုမှတ်နေသူမှာ တကယ်ပင် ဖြစ်ပျက်သွားသလို ထင်ထင်ရှားရှား ဖြစ်နေတယ်။ ဒါ့အပြင် အဲ့ဒါကို မြင်သိနေတဲ့ မနောဝိဉာဏ်စိတ်ဟာ ပရမတ်တရားအစစ် ဖြစ်နေပါတယ်။ ဒါ့ကြောင့် ပေါ်လာတဲ့ ပုံသဏ္ဍာန်နဲ့တကွ မြင်သိစိတ်တို့ ပေါ်မှု ပျောက်မှု၊ ဖြစ်မှု ပျက်မှုတွေကို တွေ့မြင်ခြင်းဟာ ဝိပဿနာဉာဏ်ဖြစ်ပါတယ်။ ဒီသိဝထိကပိုင်းတွေအရ သမုဒယဓမ္မာ နုပဿီစသည် ဖြစ်ပါတယ်။
အပိုင်းတွေအရ ခွဲပြထားတဲ့ ပုံသဏ္ဍာန်များက အောက်ပါအတိုင်း ဖြစ်ကြပါတယ်။
၁။ သုသာန်မှာ စွန့်ပစ်ထားပြီး ၁ ရက်လွန်၊ ၂ ရက်လွန်၊ ၃ ရက်လွန်ပြီး ဖူးဖူးရောင် မူလပုံစံပျက်ပြီး ညိုညိုမည်းမည်း ပြည်တရွှဲရွှဲ ယိုစီးနေတဲ့ သူသေကောင်ကို တွေ့မြင်ရသလို မိမိကိုယ်ကို နှိုင်းဆသမှု ဆင်ခြင်ရှုရပါမယ်။
ငါဟာ ဒီလူသေကောင်လို ဖူးဖူးရောင်ခြင်းစတဲ့ သဘောရှိတယ်။ ဖူးဖူးရောင်တဲ့ အကောင်ပုပ် ဧကန်ဖြစ်ရပါမယ်။ ဒီသဘောကို မလွန်ဆန်နိုင်ပါတကားလို့ နှိုင်းဆသမှု ဆင်ခြင်ရှုရပါမယ်။ မိမိကိုယ်ကိုအပြင် သူတစ်ပါးတို့ရဲ့ ရုပ်တွေကိုလည်း နည်းတူပင်။
၂။ သုသာန်မှာ စွန့်ပစ်ထားပြီး ကျီး စွန် လင်းတ ဘုံမတီးငှက် ခွေး ကျား ကျားသစ် မြေခွေး ပိုးအမျိုးမျိုးတို့တွေ ကိုက်ခဲစားသောက်ထားတဲ့ သူသေကောင်ကို တွေ့မြင်ရသလို မိမိကိုယ်ကို နှိုင်းဆသမှု ဆင်ခြင်ရှုရပါမယ်။
ငါ့ကိုယ်ဟာ ဒီလူသေကောင်လို ကျီးစတဲ့ သတ္တ၀ါအမျိုးမျိုးတို့ရဲ့ ခဲစားခံရမဲ့ သဘောရှိတယ်။ ဧကန်လည်းပဲ ခဲစားခံရပါမယ်။ ဒီလို ခဲစားခံရမှာကို မလွန်ဆန်နိုင်ပါတကားလို့ နှိုင်းဆသမှု ဆင်ခြင်ရှုရပါမယ်။ သူတစ်ပါးတို့ရဲ့ ကိုယ်ကိုလည်း နည်းတူပင် ရှုရပါမယ်။
၃။ သုသာန်မှာ စွန့်ပစ်ထားပြီး အသား အသွေး၊ အကြွင်းအကျန်တွေနဲ့တကွ အကြောများနဲ့ တွဲစပ်ထားတဲ့ သူသေကောင်ကို တွေ့မြင်ရသလို မိမိကိုယ်ကို နှိုင်းဆသမှု ဆင်ခြင်ရှုရပါမယ်။
ငါ့ကိုယ်ဟာ အရိုးစုဖြစ်ခြင်း သဘောရှိတယ်။ ဧကန်လည်းပဲ အရိုးစုဖြစ်ရဦးမယ်။ အဲ့ဒီလို အရိုးစုဖြစ်ရမှာကို မလွန်ဆန်နိုင်ပါတကားလို့ မိမိကိုယ်ကို နှိုင်းဆသမှု ဆင်ခြင်ရှုရပါမယ်။ သူတစ်ပါးတို့ရဲ့ ကိုယ်ကိုလည်း နည်းတူပင် ရှုရပါမယ်။
*** နောက်ထပ် ရေးသားတင်ပြမဲ့ အချက်တွေမှာလည်း ဆင်ခြင်ပုံများက တူလေပြီဖြစ်လို့ အချက်အလက်တွေကိုသာ နံပါတ်စဉ်အတိုင်း တင်ပြသွားပါမယ်။
၎။ အသားကင်းပြီး သွေးကြွင်းမျှ လူးကပ်ကာ အကြောတွေနဲ့ ဖွဲ့တွယ်ထားတဲ့ အရိုးစုသူသေကောင်။
၅။ အသားအသွေး လုံးဝကင်းပြီး အကြောတွေနဲ့ ဖွဲ့တွယ်ထားတဲ့ အရိုးစုသူသေကောင်။
၆။ အဆက်တွေ ပြုတ်ထွက်ကုန်ပြီး ဟိုဟိုဒီဒီ ကစင့်ကရဲ ပြန့်ကျဲနေတဲ့အရိုးတွေ တစ်နေရာစီမှာ ပြန့်ကျဲနေကြပါတယ်။ တစ်ခုချင်းစီ နာမည်တွေ တပ်ပြထားပါတယ်။
လက်ရိုး၊ ခြေရိုး၊ ခြေမျက်စိရိုး၊ ခြေသလုံးရိုး၊ ပေါင်ရိုး၊ တင်ပါးရိုး၊ နံရိုး၊ ကျောရိုး၊ ပခုံးရိုး၊ လည်ပင်းရိုး၊ မေးရိုး၊ သွားရိုး၊ ဦးခေါင်းရိုး။
၇။ ခရုသင်းလို ဖွေးဖွေးဖြူနေတဲ့ အရိုးတွေ။
၈။ တစ်နှစ်ကျော်သွားလို့ ဟောင်းမြင်းကုန်တဲ့ အရိုးတွေ။
၉။ ဆွေးမြည့်ကုန်လို့ အမှုန့်မှုန့်ဖြစ်နေတဲ့ အရိုးတွေ။
နဝသိဝထိကပိုင်းများ ပြီးပါပြီ။
××××××××××××××××××××
ကာယာနုပဿနာနဲ့စပ် အထူးမှတ်ဖွယ်
-----------------------------------------------
၁။ ကာယာနုပဿနာ ၁၄ ပိုင်းတို့တွင် အာနာပါနပိုင်းနဲ့ ပဋိကူလမနသိကာရပိုင်းတို့သာ အပ္ပနာဈာန်ကို ရရှိစေနိုင်ပါတယ်။
၂။ သိဝထိက ၉ ပိုင်းတို့ကား အာဒီနဝါနုပဿနာများ ဖြစ်ကြပါတယ်။
၃။ အာနာပါနပိုင်းနဲ့ ပဋိကူလမနသိကာရပိုင်းတို့မှ ကြွင်းကျန်တဲ့ ၁၂ ပိုင်းတို့ကား ဥပစာရဈာန်ကိုသာ ရရှိစေနိုင်ပါတယ်။
မဟာစည်ဆရာတော် ဘုရားကြီးက ဒီ ၁၂ ပိုင်းကို ဒေသနာနဲ့အညီ အားထုတ်နေတဲ့ ယောဂီမှာ ဥပစာဈာန်ခေါ် ဥပစာရသမာဓိဖြစ်ပေါ်လာပြီး စိတ္တဝိသုဒ္ဓိစခန်းအတွက် ပြီးပြည့်စုံသွားကြောင်း ဆုံးဖြတ်ချက်ချတော်မူခဲ့ပါတယ်။ ဒါ့အပြင် ဒီဥပစာရသမာဓိဟာ ဝိပဿနာအရာမှာ ဝိပဿနာခဏိကသမာဓိခေါ်ဆိုပြီး ဝိပဿနာဉာဏ်အဆင့်ဆင့် ဖြစ်ပေါ်စေပါတယ်။
ကာယာနုပဿနာ သတိပဋ္ဌာန် ပြီးပါပြီ။
××××××××××××××××××××××××××
ငြိမ်းနန္ဒ (၂-၃ /၂ /၂၀၁၇)
No comments:
Post a Comment