(၂)
သတိပဋ္ဌာနသုတ် ပလ္လင်စကား
=======================
သတိဖြင့် လောဘစိတ်အညစ်အကြေးကို ပယ်
--------------------------------------------------------
နိုင်ပုံ
------
သတိတဲ့။
လူတိုင်းသိပြီးသား ဝေါဟာရ။ လူတွေ အတော်များများကလည်း တန်ဖိုးထားနေကြတဲ့ တရားပေါ့။
တန်ဖိုးရှိလှပါတယ်ဆိုတဲ့ အဲ့ဒီသတိကို ဘယ်လောက် အကျိုးရှိအောင် အသုံးချတတ်ပြီလဲ။
သတိကို တန်ဖိုးဖြတ်လို့ မရပါ။ သူ့ကို သုံးစွဲသူတွေဟာ မျက်မှောက်ချမ်းသာရေးအမျိုးမျိုးမှ နိဗ္ဗာန်တိုင်ရောက် ပေါက်မြောက်နိုင်တဲ့အထိ အကျိုးများပါတယ်။ အဲ့ဒီလို အကျိုးတွေရအောင် အတိုင်းအတာတစ်ခုအထိ ကျင့်သုံးထားတာဟာ အသုံးချခြင်းပါ။
လူတွေဟာ ဘဝစကတည်းက ဘဝနိကန္တိက လောဘတဏှာနဲ့ စခဲ့ကြတော့ အပြုအမူ အတော်များများမှာ လောဘက ပါနေတတ်ပါတယ်။ လောဘ၊ တဏှာ၊ ရာဂ၊ နန္ဒီ၊ နိကန္တိစသဖြင့် နာမည်ကို ရေလဲသုံးပြီး ပါဝင်လေ့ရှိတယ်။
အထူးသဖြင့် နှစ်နှစ်ကာကာ သဘောကျပြီး ပြုမူဆောင်ရွက်ရတဲ့ အခါတွေမှာ ထင်ရှားပေါ်လွင်တယ်။ ပြုမူပြီးနောက် နှစ်လိုအားရမှုတွေနဲ့ အဆုံးသတ်တတ်ကြတယ်။ ဒါက လောဘရဲ့ ပင်ကိုယ်သဘာဝတွေပါ။
မိမိရဲ့ လောဘက မိမိကိုယ်ကို အားရကျေနပ်စရာတွေရရှိလာအောင် လှုံ့ဆော်ပေးတယ်။ သတ္တ၀ါတွေဟာလည်း လောဘခိုင်းတဲ့အတိုင်း ပြုမူဆောင်ရွက်တတ်ကြတယ်။ ဒီအခါ ပတ်ဝန်းကျင်ကို ဂရုမမူတော့ဘဲ ထင်ရာစိုင်းကြပေါ့။
ထင်ရာစိုင်းပြီဆိုကတည်းက အမှားများများ အမှန်နည်းနည်းတွေသာ ဖြစ်လိမ့်မပေါ့။ အမှားတွေဟာ မိမိကို ဒုက္ခပေးတယ်။ အခြားသူများကိုလည်း ထိခိုက်ပျက်ပြားစေတတ်ပါတယ်။
ဒီတော့ ရလဒ်တွေက ရာခိုင်နှုန်းမပြည့်တော့။ ရလာတဲ့ ရလဒ်တွေကလည်း အတိုက်အခိုက်များနဲ့ ကြုံတွေ့ရပြီး ကြာရှည်မတည်မြဲတတ်။ လုပ်တာနဲ့ ရတာက မကာမိတာ၊ အရင်းမပြန်နိုင်တာတွေက ခပ်များများ။
ဆိုခဲ့ပါ ဆိုးကျိုးဆက်များနဲ့ မကြုံမတွေ့ကြရအောင် မိဘဆရာသမား ပတ်ဝန်းကျင်များက သတိပေးတတ်ကြပါတယ်။ သွန်သင်ဆုံးမတတ်ကြပါတယ်။
ဟုတ်ပါတယ်။
အဲ့ဒီ သတိဟာ လောဘနဲ့ ထင်ရာစိုင်းပြီး လုပ်ကိုင်မိခြင်းကြောင့် ကြုံတွေ့တတ်ကြရတဲ့ ဆိုကျိုးဆက်တွေကို လွဲဖယ်ပေးနိုင်တဲ့ တစ်ခုတည်းသော အားကိုးရာ အစစ်ဖြစ်ပါတယ်။
သတိဖြင့် ဒေါသစိတ်အညစ်အကြေးကို ပယ်
------------------------------------------------------
နိုင်ပုံ
------
လူတွေရဲ့ ပြုမူဆောင်ရွက်မှုတွေမှာ တစ်ခါတစ်ရံ ဒေါသစိတ်က ဦးဆောင်နေတတ်ပါတယ်။ ခံပြင်းမှု၊ အလိုမကျမှု၊ ဇွတ်တရွက်ဆန်မှု၊ မိုက်တိမိုက်ကန်းပုံစံ စတာတွေနဲ့ ပြုမူဆောင်ရွက်ရတဲ့ အခါတွေမှာ ဒေါသလက္ခဏာ ထင်ရှားပါတယ်။
ဒေါသဟာ မိမိရဲ့ ယဉ်ကျေးပျူငှါတတ်မှုတွေကို ပျောက်ပျက်စေတတ်ပါတယ်။ အခြားသူများရဲ့ အဆင်ပြေ ချောမွေ့တဲ့ လုပ်ငန်းခွင်တွေကို ကဖျက်ယဖျက် ပြုမူတတ်ပါတယ်။ အဲ့ဒါတွေက သူ့ရဲ့ သဘောသဘာဝပေါ့။
လုပ်ငန်းတစ်ခုခုကို ခံပြင်းမှုစတာတွေနဲ့ စတင်တာဟာ လုပ်ငန်းမစခင်ကတည်းက မှားယွင်းနေပါတယ်။ လုပ်နေစဉ်မှာလည်း အမှားမှား အယွင်းယွင်းနဲ့ ဆက်ပြီး မှားတတ်ကြပါတယ်။ လုပ်ငန်းတွေပြီးပြန်တော့လည်း မကျေနပ်မှုတွေ အထပ်ထပ်နဲ့ ရှိနေတတ်ပြန်ပါတယ်။
စင်စစ်မှာ ဒေါသဦးဆောင်ပြီး လုပ်တဲ့လုပ်ငန်းတွေဟာ အမှားတွေ ဆင့်ကာဆင့်ကာ ဖြစ်ပွားစေတတ်တာမို့ အောင်မြင်ပြီးမြောက်မှု နည်းပါးတတ်ပါတယ်။ ပြီးခဲ့ပြန်ရင်လည်း လုပ်ငန်းခွင်အမှားတွေအတွက် အလျော်အစား ပြန်ပေးရတာတွေကြောင့် အမြတ်အစွန်း အလွန်နည်းတတ်ပါတယ်။
ဆိုခဲ့တာတွေကြောင့် ဘယ်လုပ်ငန်းကိုမဆို ပြုလုပ်တော့မယ်ဆိုရင် ဒေါသကို အရင်ဖယ်ခွာပြီးမှ လုပ်သင့်ကြပါတယ်။ အဲ့ဒီအတွက်ကား သတိတရားသာ အားကိုးရာ ရှိပါတော့တယ်။
ဟုတ်ပါတယ်။ လုပ်ငန်းကို မစခင် ဒေါသနဲ့ မစမိအောင် ရှောင်ကြဉ်နိုင်ဖို့ သတိဆောင်ထားသင့်ပါတယ်။ ဒေါသနဲ့ လုပ်ငန်းစခဲ့မိရင်လည်း လုပ်နေစဉ်မှာ အမှားအယွင်းနည်းအောင် သတိဆောင်သင့်ပါတယ်။ လုပ်ငန်းအပြီးတိုင်ခဲ့ရင်လည်း လုပ်ငန်းအတွင်း ဆုံးရှုံးနစ်နာခဲ့သူများကို ချေချေငံငံနဲ့ ကြည်ကြည်ဖြူဖြူဖြစ်ရေးအတွက် သတိထားသင့်ကြပါတယ်။
သတိဖြင့် မောဟစိတ်အညစ်အကြေးကို ပယ်
-------------------------------------------------------
နိုင်ပုံ
------
တွေဝေတယ်ဆိုတာ လူတိုင်းဖြစ်ဖူးနေကျ၊ ကြုံဖူးနေကျပါ။ တွေဝေခြင်းဟာ အထူးအဆန်းမဟုတ်သလို ကျော်လွှားလို့လည်း မရနိုင်လောက်အောင် ခက်ခဲနေတတ်ပြန်ပါတယ်။
လုပ်ကိုင်ဆောင်ရွက်ပါတော့မယ်ဆိုခါမှ ဟိုဟာ လုပ်ရမလို၊ ဒီဟာလုပ်ရမလိုနဲ့ ယောင်ဝါးဝါး ဖြစ်နေတတ်တယ်။ တတ်ထား၊ သိထားတာတွေက လုပ်ဖူးနေကျမဟုတ်ရင် အတတ်ပညာ၊ အသိပညာဆိုတာ အသုံးချလို့ မရသလိုလိုနဲ့ ကိုယ့်ဟာကို မယုံကြည်နိုင် ဖြစ်နေတတ်တယ်။
လုပ်နေဆဲနဲ့ လုပ်ပြီးတဲ့ အခါတွေမှာလည်း မိမိလုပ်ကိုင်ဆောင်ရွက်တာတွေကို အားမလို အားမရနဲ့ အလုပ်ကို ပြီးပြီဆိုပြီး ထားလိုက်ရတော့မလိုလို၊ မွမ်းမံပြင်ဆင်ရင်း ဆက်ပြီးပဲ လုပ်ရမလိုလိုနဲ့ ကြောင်တောင်တောင် ယောင်ဝါးဝါးဖြစ်နေတတ်ပါတယ်။
ဆိုခဲ့တာတွေဟာ မောဟပါ။ တွေတွေဝေဝေနဲ့ လုပ်ကိုင်ဆောင်ရွက်နေကြရတဲ့အခါတွေမှာ သိသာထင်ရှားပါတယ်။
တွေဝေမှုထက် လွန်ကဲလာရင် တမလို့ခေါ်တယ်။ မိန်းမောနေတာလို့ ဘာသာပြန်ရမယ်ထင်ရဲ့။ မှောင်ပိန်းပြီးတော့ ကိုယ့်ဟာကိုတောင် သိသလိုလို မသိသလိုလို ဖြစ်နေတာမျိုးပေါ့။
မျက်မှောက်ခေတ်မှာ မသိစိတ်ဆိုတဲ့ အသုံးအနှုန်း ရေပန်းစားနေတယ်။ မသိစိတ်ကို အဘိဓမ္မာအသုံးအနှုန်းအနေနဲ့ ဘဝင်စိတ်နဲ့ မောဟစိတ်နှစ်မျိုးတို့ လျဉ်းပါးနိုင်ပါတယ်။
တစ်ချို့က ဘဝင်ဘက်ယိုင်တယ်။ တစ်ချို့က မောဟဘက်ယိုင်တယ်ပေါ့။ တကယ်တမ်းတော့ ဘဝင်စိတ်ရဲ့ သဘောတရားနဲ့ တာဝန်တွေကို ထဲထဲဝင်ဝင် သိထားကြရင် အဲ့ဒီဘက်ယိုင်စရာမရှိပါဘူး။ ဘဝင်စိတ်ဆိုတာ သွားလာလှုပ်ရှားမှုနဲ့ မသက်ဆိုင်တဲ့စိတ်မျိုး ဖြစ်နေလို့ပါပဲ။
ဒါဆိုရင် ရှင်းပါပြီလေ။ မသိစိတ်ဆိုတာကို မောဟစိတ်အဖြစ် စိတ်ချလက်ချ သတ်မှတ်လိုက်ကြရုံပေါ့။ သို့တစေ သာမန်မောဟထက် သာလွန်တွေဝေတတ်တဲ့ မိန်းမောခြင်းအဆင့် တမဖြစ်တယ်လို့တော့ သိထားကြရပါမယ်။
တွေဝေမှုနဲ့ မိန်းမောမှုတို့ဟာ သာမန်အားဖြင့်ကြည့်ရင် ခံစားလို့ကောင်းတာမို့ ဖယ်ထုတ်ပစ်ဖို့ကျတော့ သတိမရတတ်ကြပါဘူး။ အဲ့ဒီ သတိမရတတ်ကြဘူးဆိုတာဟာ စင်စစ်မှာတော့ ဘဝပြဿနာများကို ရှည်လျား ထွေပြား ကြီးမားလာစေတတ်တဲ့ အဓိကအကြောင်းရင်းပါ။
ဒါဆိုရင် တွေဝေမှုနဲ့ မိန်းမောမှုတို့ကို သတိနဲ့ တိုက်ထုတ်ပစ်ဖို့ လိုပါမယ်။ မတိုက်ထုတ်နိုင်ခဲ့ရင်တောင်မှ ဖြစ်ကြောမရှည်အောင်နဲ့ ပါးလျသွားအောင်တော့ သတိတရားနဲ့ မဖြစ်မနေ ကြိုးစားသင့်ကြပါတယ်။
သတိဖြင့် သဒ္ဓါလွန်ခြင်း စိတ်အညစ်အကြေးကို ပယ်နိုင်ပုံ
----------------------
လူပြည်လောက လူ့ဘဝဆိုတာ ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ရှုလို့ မဆုံးတော့သည် ဆိုတဲ့အတိုင်းပါပဲ။
ကြည့်လိုက်ကြလေ။
သဒ္ဓါတရားဆိုတာ ဗုဒ္ဓဘာသာဝင်များအဖို့ မရှိမဖြစ်တရား။ အလွန်အရေးပါတဲ့တရား။ တန်ဖိုးမဖြတ်နိုင်တဲ့တရားပါ။
အဲ့ဒီလောက် အရေးပါတဲ့တရားဟာ လွန်လွန်ကြူးကြူး ထားခဲ့မိရင် ဘေးသင့်သွားစေပါသတဲ့။ မကောင်းတဲ့ဘက်သို့ တွန်းပို့ ပေးတတ်ပါသတဲ့။
မယုံနိုင်စရာဆိုပေမဲ့ မယုံလို့လည်း မဖြစ်ပြန်ပါဘူး။ မြတ်ဗုဒ္ဓကိုယ်တော်တိုင် သဒ္ဓါတရားကို အလွန်အကြူး မပွားများမိကြဖို့ လမ်းညွှန်မိန့်ထားတော်မူတာ ရှိခဲ့သလို သဒ္ဓါတရားလွန်သွားလို့ ဘေးသင့်ခဲ့ရသူတွေကလည်း ရှိနေကြသမို့လေ။
သဒ္ဓါတရားဆိုတာ သရဏဂုံ သုံးပါးနဲ့ ကံနဲ့ ကံရဲ့အကျိုးကို ယုံကြည်ခြင်းပါတဲ့။ ဆိုခဲ့ပါ ဖွင့်ဆိုချက်အတိုင်း တိတိကျကျ ထဲထဲဝင်ဝင် လိုက်နာကျင့်သုံးခဲ့ပါရင် လွန်သွားစရာမရှိသလိုပါပဲ။
ဟုတ်ပါတယ်။ စင်စစ်မှာ သဒ္ဓါတရားက ဘေးသင့်စေတာ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးရာ လုပ်ဆောင်စရာတွေမှာ အတ္တက အမြဲလိုလို ပါဝင်နေကျဖြစ်တယ်။ မိမိလိုရာ ဘက်ဆွဲသွားအောင် စေခိုင်းနေသူကြီးပေါ့။ သူက သဒ္ဓါတရားယောင်ဆောင်ပြီး ဒါမှမဟုတ် သဒ္ဓါတရားနေရာကို အတင်းလုယူပြီး ဝင်ရောက်ခြယ်လှယ်လို့ ဘေးသင့်ကြရတာပါ။
သူက ဘုရားမဟုတ်တာကို ဘုရားလို့ ထင်မှတ်သွားစေတတ်ပါသတဲ့။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အကျင့်မြတ်ဖြစ်ပါတယ်ဆိုတဲ့ ဝိပဿနာတရားထက် အခြားကျင့်ကြံစရာတစ်ခုခုကို တရားအစစ်လို့ ထင်မှတ်စေတတ်ပါသတဲ့။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်များအတွက် သင်ယူနေသူ၊ အားထုတ်နေသူတွေထက် လိမ်ညာ လှည့်ဖြားတတ်တဲ့ အဟောအပြောကောင်းသူ မာယာ သာဌေယျသမားကို ကြည်ညိုစရာလို့ ထင်မှတ်သွားစေတတ်ပါသတဲ့။
တကယ်တမ်းမှာလည်း အဲဒီအတ္တဟာ သဒ္ဓါတရားကို ဖုံးလွှမ်းသွားပြီဆိုရင် သဒ္ဓါတရားနဲ့ ပြုမူပါတယ်၊ ကောင်းတဲ့အလုပ်ပါဆိုတဲ့ ကောင်းမှုလုပ်ငန်းတွေဟာ မိမိကိုယ်ကိုဖြစ်စေ၊ အခြားသူများကိုဖြစ်စေ ဆုံးရှုံးနစ်နာစေပါတော့တယ်။
ဝိပဿနာတရား ရှုမှတ်ပွားများနေတဲ့ ပုဂ္ဂိုလ်များတောင်မှ ရှုမှတ်နေရင်း သဒ္ဓါတရားလွန်သွားပါက တက်လမ်းပျောက်သွားတတ်ပါသတဲ့။ ဒါ့ကြောင့် သဒ္ဓါတရားကို ဝိပဿနာနယ်ပယ်မှာ အမှောင့်အဖြစ်သတ်မှတ်ပြီး ညစ်ညူးကြောင်းတရားလို့ ခေါ်တွင်ထားပါတယ်။
သို့ကလို အတိမ်းအစောင်း မခံနိုင်တဲ့တရားဖြစ်လို့ သဒ္ဓါတရားကို အတ္တမဖုံးမိအောင် ပညာနဲ့ ထိန်းညှိပေးရပါတယ်။ ထိန်းညှိပေးနိုင်တာ ဆိုတာကလည်း သတိတရားသာ ရှိပါတော့တယ်။
သတိဖြင့် ပညာလွန်ခြင်း စိတ်အညစ်အကြေးကို ပယ်နိုင်ပုံ
----------------------
အတတ်ကြူး အရူးဖြစ်တဲ့။
ဒီစကားပုံဟာ အတော်လေး အငြင်းအခုန်ဖြစ်စေနိုင်တဲ့ အနေအထားပါ။ အတတ်ပညာရှင်တွေဘက်က အသာတကြည်နဲ့တော့ လက်ခံနိုင်ဖို့ မလွယ်ဘူးလေ။
အတတ်ပညာသမားထက် အယူအစွဲ ပိုကြီးတတ်တာက အသိပညာသမားပါ။ သူဟာ သူ့ကိုယ်သူ ယုံကြည်မှု ပိုပြင်းထန်တယ်။ သူ့ပညာကို ပိုတန်ဖိုးထားတယ်။ ဒီတော့ ငြင်းခုန်စရာရှိပါက ပိုပြီး ကြီးထွားနိုင်ဖွယ်ဖြစ်သွားတယ်ပေါ့။
ပသို့ပင် ရှိနေပါစေလေ။ ဆိုရေးရှိက ဆိုရတော့မှာပင်။ ဒါ့ကြောင့် အားနာနာနဲ့ပဲ ဆက်ပြီး ဆိုပါရစေတော့။
အတတ်ကြူးရင် အရူးဖြစ်တယ်ဆိုတဲ့ အဆိုစကားရပ်အပြင် အသိကြူးရင် အရူးအမူးဖြစ်တယ်လို့ ဆိုရိုးစကားကို ထပ်ဖြည့်မှ ပြည့်စုံပါမယ်။ ဖြေရှင်းချက်ကတော့ အသိပညာနယ်ပယ်ထဲမှာ ဝိပဿနာပညာက အဆင့်အမြင့်ဆုံးဖြစ်ပါတယ်။ အဲ့ဒီပညာဟာလည်း အလွန်အကြူးဆိုပါက အရူးလို အမူးလို ဖြစ်သွားစေတတ်ပါသတဲ့။
ဝိပဿနာပညာဟာ ဆင်ခြင်တွေးတောမှုအပိုင်းမှာ အမှန်တရားနဲ့ အနီးစပ်ဆုံးရောက်အောင် စွမ်းဆောင်နိုင်တယ်။ အကြောင်းအကျိုးဆက်စပ်သိမြင်မှုမှာ ပညာအဆင့်အတန်းအလိုက် ဟာကွက်အနည်းဆုံးဖြစ်အောင် တစ်ဆင့်ပြီးတစ်ဆင့် ဆင်ခြင်နိုင်စွမ်းသွားပါတယ်။
ဒါပေမဲ့လည်း ဝိပဿနာပညာရဲ့ ဆင်ခြင်နိုင်စွမ်းကို ဝိပဿနာတရား အားထုတ်နေစဉ် အတောအတွင်း အလွန်အကျွံ သုံးမိပါက အထက်သို့ ဆက်တက်ဖို့ရာ ကြန့်ကြာစေတတ်ပါတယ်။ ဒါ့ထက် လမ်းမှားပြီး တက်လမ်းပင် ပိတ်သွားစေတတ်ပါတယ်။
ဒါ့ကြောင့်ပဲ မာနကြောင့် အသိပညာ ကြူးသွားရင်လည်း အရူးအမူးဖြစ်တယ်လို့ ဆိုရခြင်းပါ။ သို့ကလို အကျိုးဆက်ရှိနေတာမို့ ပညာကိုလည်း အလွန်အကြူး မဖြစ်အောင် ထိန်းညှိတတ်ရပါတယ်။
ပညာမလွန်အောင် ထိန်းညှိပေးနိုင်တာက သဒ္ဓါဆိုတဲ့ ယုံကြည်မှုပါ။ အဲဒီနှစ်ခုကို ထိန်းညှိပေးခြင်းအလုပ်ကျတော့ သတိကသာ လုပ်ဆောင်နိုင်ပါသတဲ့။
သတိဖြင့် ဝီရိယလွန်ခြင်း စိတ်အညစ်အ
-------------------------------------------------
ကြေးကို ပယ်နိုင်ပုံ
----------------------
လူတွေမှာ တစ်ခါတစ်ရံ ပြောချင်နေပေမဲ့ ပြောဖို့စကားလုံး ပျောက်နေတတ်တယ်။ မဖြစ်မနေ ပြောရမှာမို့ ဖျစ်ညှစ်ပြီး ပြောလိုက်ရတဲ့အခါ ပရမ်းပတာ စကားလုံးတွေသာ ထွက်ကျလာတတ်ကြပေါ့။
အခုဒီအရှင်လည်း ရေးချင်နေပေမဲ့ စကားလုံးတွေ ပျောက်ဆုံးနေခဲ့တယ်။ ကြိုးစားအားထုတ်မှုကို အလွန်အကျွံ မပြုလုပ်မိကြဖို့ ရေးရမှာမို့လေ။ ကြိုးစားအားထုတ်မှုမရှိရင် ဘာမှမဖြစ်နိုင်တဲ့ လူ့ဘုံလူ့ဘဝမှာ ဝီရိယလွန်သွားတယ်ဆိုတာ မရှိသလောက်မဟုတ်ပါလား။
ဓမ္မစဉ်အရတော့ ရေးရတော့မှာပဲလေ။ လိုအပ်လို့ ရေးရတယ်လို့သာ နားလည်ပေးကြပါကုန်။ တန်ဆေး လွန်ဘေးဖြစ်တတ်တဲ့ တရားတွေထဲမှာ ဝီရိယဆိုတဲ့ ကြိုးစားအားထုတ်မှုကလည်း ပါနေလို့ပါ။
ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်လို့ မာန်တင်းပြီး အလုပ်ကို လုပ်တတ်ကြပါတယ်။ သူတစ်ပါးကိုလည်း အားပေးတတ်ကြတယ်။ အဲ့ဒီလို သုံးနှုန်းလိုက်တာဟာ တကယ်လည်း ထိရောက်မှုရှိတယ်။
လူသားတိုင်း ကြိုးစားခြင်းရဲ့ အသီးအပွင့်တွေနဲ့ ဘဝကို တည်ဆောက်နေကြတာဟာ အလွန်ထင်လွယ်မြင်လွယ်ပါတယ်။ အောင်မြင်မှုလို့ ပြောလိုက်ရင်လည်း ကြိုးစားအားထုတ်မှုနဲ့ မကင်းကြောင်း ပုံသေနည်းဆန်ဆန်ပဲ ဆက်စပ်ပြီး သိထားလိုက်ကြတယ်။
သို့တစေ ဝီရိယဟာ ဘယ်လောက်ပင် အဖိုးတန်နေပေမဲ့ လွန်သွားပါက ဘေးထွက်ဆိုကျိုးတွေ ရှိနေပါတယ်။ ငါ့အလုပ်က ပြီးသာသွားတယ် အားရကျေနပ်မှုတော့ မရှိပါဘူးဆိုတာမျိုးတွေပါမယ်။ ပြီးတော့ ကြိုးစားအားထုတ်လိုက်ရတာနဲ့စာရင် ပြီးသွားတဲ့ လုပ်ငန်းတွေက အားရစရာ မရှိပါဘူးကွာ ဆိုတာမျိုးလည်း ကြုံရတတ်သပေါ့။
ဝီရိယကို ခြစ်ခြစ်ကုတ်ကုတ် သုံးကြရတဲ့ ဝိပဿနာတရား အားထုတ်နေစဉ် အခါတွေမှာလည်း ဝီရိယလွန်မသွားအောင် သတိပြုကြရပါတယ်။ လွန်သွားပါက စိတ်ဟာ ဆောက်တည်ရာမရဘဲ ပြန့်ကြဲနေတတ်သတဲ့။ ပြာတာ ပြာတယ် ဖွဲမထွက်ဆိုတာမျိုးပါ။
တကယ်လို့ ဝီရိယလွန်နေမှန်း သိခဲ့ပါရင် သမာဓိဖြစ်ပွားလာစေဖို့ သတိပြုကြရပါတယ်။ သတိပြုတယ်ဆိုတာကလည်း လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့ နက်နေတတ်တယ်ဆိုတာကိုလည်း ကြပ်ကြပ်သတိထားမှသာ သတိပြုနိုင်ကြပါတယ်။
သတိဖြင့် သမာဓိလွန်ခြင်း စိတ်အညစ်အ
--------------------------------------------------
ကြေးကို ပယ်နိုင်ပုံ
----------------------
လူတွေဟာ တစ်ခုခုကို အမြဲတမ်းရှာကြံနေကြတယ်။ အဲ့ဒါတွေထဲမှာ မိမိကိုယ်ကို ပြန်ရှာနေကြသူများလည်း ပါဝင်ကြပေမယ်။
ရှာဖွေရင် တွေ့ရှိကြပါတယ်။ မိမိကိုယ်ကို ပြန်ရှာဖွေနေကြသူတွေလည်း မိမိကိုယ်ကို ပြန်တွေ့ကြရမှာပင်။ စူးစမ်းလိုစိတ်ရဲ့ အကျိုးဆက်တွေကို ခံစားခွင့်ရကြခြင်းပေါ့။
သို့ကလို ရှာဖွေမှုတွေမှာ တည်ကြည်ပြတ်သားခြင်းက အဖြေထုတ်ပေးတယ်။ ဘယ်အတိုင်းအတာအထိ တည်ကြည်ပြတ်သားသူဟာ ဘယ်လိုအရာကို တွေ့ရှိရစေဆိုတာမျိုးပါ။
ဆိုလိုတာက ဘယ်လိုရှာဖွေမှုပုံစံဖြစ်စေ တည်ကြည်ပြတ်သားခြင်း ကင်းမဲ့နေခဲ့ရင် အဖြေမထွက်ဟူလို။ ထွက်ခဲ့မယ်ဆိုရင်လည်း ကိုယ်မလိုချင်တဲ့ အဖြေမျိုးသာ ဖြစ်နေပါလိမ့်မယ်။
ဆိုခဲ့ပါ တည်ကြည်ပြတ်သားခြင်းဆိုတာက သမာဓိပါ။ ဟုတ်ပါတယ်။ ရှာဖွေမှုတိုင်းမှာ သမာဓိပါရပါတယ်။ အထူးသဖြင့် တရားအားထုတ်ရင်း မိမိရဲ့ ခန္ဓာနာမ်ရုပ်တွေကို ပြန်ရှာဖွေရတဲ့ အခါမျိုးတွေမှာပါ။
နက်နက်တူးလေ ခက်ခက်တွေ့လေလို့ ဆိုရိုးစကားရှိတယ်။ ဝီရိယနဲ့ အပ်ြင်းအထန် အားထုတ်လေ လုပ်ငန်းတွေက ပိုပြီး ခက်ခဲနက်နဲလာလေ ဖြစ်တယ်လို့ ဆိုလိုရင်းပါ။
အဲ့ဒီအခါမျိုးမှာ တည်ကြည်ပြတ်သားမှု အထူးလိုအပ်လာတယ်။ တည်ကြည်ပြတ်သားမှုရှိပါမှ ဆင်ခြင်သုံးသပ်နိုင်ခြင်းဆိုတဲ့ အရည်အသွေးတွေ ပေါ်ထွက်လာကာ ခက်ခဲနက်နဲတာတွေကို ကျော်လွှားနိုင်ပါမယ်။
ဒါပေမဲ့ အဲ့ဒီတည်ကြည်ပြတ်သားမှုမှာလည်း အကန့် အသတ်ရှိနေပါတယ်။ အကန့် အသတ်ကို ကျော်လွန်သွားပါက ထိုင်းမှိုင်းခြင်းထဲသို့ သက်ဆင်းသွားတတ်လေသတဲ့။
ဒီသို့အလားရှိနေတာကြောင့် သမာဓိမလွန်အောင် ဝီရိယနဲ့ ပြန်ပံ့ပိုးပေးရပါမယ်။ အထိုင်ကမ္မဋ္ဌာန်းဟာ သမာဓိကို အထူးဖြစ်စေတာမို့ အထိုင်ကို လျော့ချခိုင်းပြီး ကာယဂတာသတိဘက် ယိမ်းခိုင်းရပါတယ်။ အထူးပြုရမှာက စင်္ကြန်လျှောက်ခြင်းပါတဲ့။
သမာဓိလွန်ခြင်း မလွန်ခြင်းနဲ့ ဝီရိယလို မလို အဖြေထုတ်ပေးနိုင်သူက သတိဖြစ်ပါတယ်။ လိုအပ်နေတဲ့ သတိကိုသာ အချိန်မှီ သတိမပြုမိနိုင်ခဲ့ရင် သမာဓိစင်မြင့်ပေါ်က ဒလှိမ့်ကောက်ကွေး ပြုတ်ကျတတ်ပါသတဲ့လေ။
သတိဖြင့် စိတ်အညစ်အကြေးများကို ပယ်နိုင်ပုံ
--------
သတိပဋ္ဌာန်တရားရဲ့ အကျိုးအာနိသင် ၇ ပါးရှိတယ်။ ဦးစွာပထမက ဝိသုဒ္ဓိယာ = စိတ်အညစ်အကြေးမှ ကင်းဝေးစင်ကြယ်စေနိုင်ခြင်းပါ။ အဲ့ဒီအာနိသင်အတွက် ရေးခဲ့ပါပြီ။
ကိလေသာ ၁၀ ပါးဟာ စိတ်အညစ်အကြေး အစစ်ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၀ ပါးလုံးကို ရေးနေရင် စာက အလွန်ရှည်လျားသွားမှာမို့ ခြုံငုံမိနိုင်တဲ့ ခေါင်းဆောင် ၃ ပါးကိုသာ သိသာရုံမျှ တင်ပြဆွေးနွေးရခြင်းပါ။
ပြီးနောက်မှာ မဖြစ်မနေ ထိန်းညှိပေးကြရမဲ့ ဣနြေ္ဒ ၄ ပါးအကြောင်းတွေ ဆက်လက်ပြီး ဆွေးနွေးခဲ့တယ်။ အဲ့ဒါတွေဟာလည်း အညစ်အကြေး အစစ်ကြီးတွေ မဟုတ်ကြပေမဲ့ ကြိုကြိုတင်တင် သိမထားခဲ့ကြရင်တော့ အညစ်အကြေးတွေလို ဖြစ်သွားပါမယ်။ ဒီအခါ အားထုတ်ထားကြရတဲ့ အင်အားတွေလည်းရှုံး စိတ်မှာလည်း အညစ်အကြေးတင်ကြရစမုံ့။
ဆိုတော့ကာ သတိပဋ္ဌာန်တရားဟာ ဆိုခဲ့ပါ စိတ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တယ်။ ဒါ့ကြောင့်ပင် စိတ်အညစ်အကြေးကို ဖယ်ရှားလိုသူများဟာ သတိပဋ္ဌာန်တရားကို အရေးတကြီး လက်စွဲပြုကြရမှာ ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓက "ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ "လို့ မဟာသတိပဋ္ဌာနသုတ်တော်မှာ ဟောတော်မူခဲ့ပါတယ်။ သတ္တ၀ါတွေ စိတ်အညစ်အကြေးမှ ကင်းဝေးစင်ကြယ်စေခြင်းငှါ၊ သတိပဋ္ဌာန်တရားဟာ တစ်ခုတည်းသော ထွက်မြောက်ရာလမ်းစဉ် ဖြစ်ပါတယ်။
အနှစ်ချုပ်ရရင် စိတ်အညစ်အကြေး မှန်သမျှမှ ကင်းဝေးစင်ကြယ်စေခြင်းငှါ သတိပဋ္ဌာန်တရားကိုသာ ကြိုးစားအားထုတ်ကြရပါမယ် ဟူသတတ်။
သတိဖြင့် သောက ပရိဒေဝများကို ကျော်လွန်နိုင်ပုံ
-------------------------------------------------------
လူရယ်လို့ ဖြစ်လာပြီဆိုရင် စိုးရိမ် ပူဆွေး ငိုကြွေးမှုတွေနဲ့ မကင်းနိုင်ကြပါဘူး။ အနည်းနဲ့ အများ တစ်မျိုးမျိုးတော့ ရှိနေတတ်ကြပါတယ်။
ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့်ဖြစ်စေ၊ သားသမီး ဆွေမျိုးဉာတကာများကြောင့်ဖြစ်စေ၊ ဥစ္စာစီးပွားတွေအတွက်ဖြစ်စေ စိုးရိမ်ကြောင့်ကြရတတ်ပါတယ်။ တစ်ခါတစ်ရံ ပူဆွေးမှုတွေ ဖြစ်ကြပါမယ်။ တစ်ခါတစ်လေ ငိုကြွေးရတဲ့အထိ ကြုံကြပါမယ်။
မြတ်ခြင်းနဲ့ရှုံးခြင်း၊ ရယူခြင်းနဲ့ပေးဆပ်ခြင်း စတာတွေက ရှောင်လွဲလို့ မရကြစမြဲမို့လေ။ ဒါကိုပဲ လောကဓံလို့ ဆိုကြပါတယ်။ ဒီလောကထဲမှာ နေနေရင် ဒီလောကရဲ့ အဆိုးအကောင်း သဘောသဘာဝတွေနဲ့ မကင်းနိုင်ကြရတဲ့ ဒိဋ္ဌဓမ္မတွေပေါ့။
ပသို့ပင် ရှိနေကြပစေ။ အသိဉာဏ်ရှိတဲ့ သူတွေက ရင်ဆိုင်ကြုံတွေ့ရသမျှကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားကြရမှာပင်။ တကယ်လို့ ပြင်ဆင်မထားခဲ့ရင် ဒါမှမဟုတ် ပြင်ဆင်မှု အားနည်းခဲ့ရင် ကြုံတွေ့လာရတဲ့အခါ ဖရိုဖရဲနဲ အလွဲလွဲ အမှားမှား ဖြစ်သွားပါမယ်။ ဒါထက် မဆုံးရှုံးသင့်တာတွေ လက်လွှတ်သွားနိုင်ပါတယ်။
ဆိုခဲ့တာတွေအတွက် ကြိုတင်ပြင်ဆင်တတ်တဲ့ အသိဉာဏ်က အဆုံးအဖြစ်ပေးပါတယ်။ ဒီတော့ကား ကြိုတင်ပြင်ဆင်နိုင်ရေးမှာ အသိဉာဏ်ရဲ့ အခန်းကဏ္ဍက အရေးကြီးလာတယ်ပေါ့။
အဲ့ဒီလို ကြိုတင်ပြင်ဆင်ကြတဲ့အခါ မိမိနဲ့ ဆက်စပ်ပတ်သက်မှုတွေက အရေးပါလာတယ်။ သူတို့တွေက ကူညီထောက်ပံ့ပေးနေကြတဲ့ သူတွေမို့လေ။ ဘာသာတရား၊ အတတ်ပညာ၊ ဗဟုသုတ၊ အသိုင်းအဝိုင်း စတာတွေပေါ့။
အရှင်တို့ရဲ့ ဗုဒ္ဓဘာသာဝင် အများစုမှာတော့ အဲ့ဒီလို အရေးကိစ္စတွေ ကြုံတွေ့လာရတဲ့အခါ ဘာသာတရားရဲ့ အဆုံးအမတွေကို သတိရတတ်ကြပါတယ်။ အားကိုးရာအဖြစ်နဲ့ ကိုးကွယ်တတ်ကြပါတယ်။ ဒါဟာ သဘာဝကျတဲ့ အမှန်တရားပါ။ ဒါ့ထက် ပိုပြီး တိတိကျကျ ပြောရရင် သတိပဋ္ဌာန်အကျင့်တရားနဲ့ ကျော်လွှားတာဟာ ပိုမိုပြီး သင့်မြတ်ကောင်းမွန်ပါမယ်။
မြတ်ဗုဒ္ဓက မဟာသတိပဋ္ဌာနသုတ်တော်မှာ "သောကပရိဒေဝါနံ သမတိက္ကမာယ" လို့ ဟောကြားတော်မူထားပါတယ်။ သတိပဋ္ဌာန်တရားဟာ စိုးရိမ် ပူဆွေး ငိုကြွေးမှုတွေကို ဖြတ်ကျော်သွားနိုင်ဖို့အတွက် တစ်ခုတည်းသော အကျင့်လမ်းစဉ်ဖြစ်ပါတယ်။
အဋ္ဌကထာဆရာတော်ကတော့ ကျော်လွှားသွားပုံတွေကို အသေးစိတ်တင်ပြထားပါတယ်။ သောကကို ကျော်လွှားပုံမှာ သန္တတိအမတ်ကြီးကို သာဓကပြခဲ့ပြီး ပရိဒေဝအတွက် ပဋာစာရီရဲ့ဝတ္ထုနဲ့ သက်သေထူပြခဲ့ပါတယ်။
အချုပ်ပြောရရင် စိုးရိမ် ပူဆွေး ငိုကြွေးကြရတဲ့အခါ ဘာသာတရားကို သတိရသင့်ကြပါတယ်။ သတိပဋ္ဌာန်တရားကို အောက်မေ့ထိုက်ကြပါပေတယ်။ ဒါထက် ယုံယုံကြည်ကြည်နဲ့ လိုက်နာကျင့်သုံးကြရပါမယ်။
သောကကို ကျော်လွန်ပုံ ဝတ္ထုသာဓက
----------------------------------------------
စိုးရိမ် ပူဆွေး ငိုကြွေးခြင်းများကို ပယ်ဖျောက်နိုင်ပုံတွေအတွက် သန္တတိအမတ်ကြီးနဲ့ ပဋာစာရီတို့ရဲ့ ဖြစ်စဉ်တွေကို သာဓကပြခဲ့တယ်။ တကယ်ကျင့်ကြံလိုသူများအနေနဲ့ ဖြစ်စဉ်တွေကို စနစ်တကျ လေ့လာထားသင့်ကြပါတယ်။
သန္တတိအမတ်ကြီးရဲ့ သောကရောက်ရပုံနဲ့ သောကဖြစ်ပုံတွေကို အရင်လေ့လာကြည့်ကြရအောင်။ သောကရောက်ရပုံက သူအလွန်မြတ်နိုးနေတဲ့ ကလေးမလေးဟာ သူမြတ်နိုးလို့ အားမရခင်မှာ သို့တည်းမဟုတ် မြတ်နိုးခြင်း အပြင်းအထန် ဖြစ်နေစဉ်မှာ ရုတ်တရက် သေဆုံးသွားလို့ ဖြစ်ပါတယ်။ ဒိနောက် သူဟာ နှမြောတသ ဖြစ်တယ်။ သူ့ရဲ့ နှမြောတသခြင်းဟာ သူ့သောကပါပဲ။
အများထဲကနေ တစ်ခုခုကို ရွေးထုတ်ပြီး အပြင်းအထန် စွဲလန်းတယ်။ သူစွဲလန်းလိုက်တဲ့ အရာက ရုတ်တရက် ပျောက်ပျက်တယ်။ အစားထိုးစရာ မရှိသေးခင်မှာ ဖြေဆည်ရာလည်း ပျောက်နေခဲ့တယ်။ ဒါကို သိတော်မူ မြင်တော်မူတဲ့ မြတ်ဗုဒ္ဓက အစားထိုးစရာ ထုတ်ပြတယ်။
သူ့ရဲ့ အတိတ်တွေမှာ သူဟာ အထီးကျန်သူ မဟုတ်ကြောင်း ပြသခြင်းပါ။ ပြီးတော့ သူ့အနာဂတ်ကို ခင်းပြတယ်။ ပစ္စုန်ပ္ပန် သောကတွင်းထဲ နစ်မြုပ်မနေရအောင် ဆွဲထုတ်ပေးလိုက်ခြင်းပါ။
ဖြစ်ခဲ့ပြီးနဲ့ ဖြစ်နိုင်လာချေတွေကို သိရမြင်ရတဲ့အခါ သူဟာ စွဲလန်းစရာတွေကို အစားထိုးစရာ ရရှိခဲ့တယ်။ ပြီးနောက်မှာ အမတ်ကြီးဟာ သူ့ကိုယ်သူ သတိထားမိပြီး သောကအတွက် ဖြေဆည်ရာလည်း ရသွားပါတယ်။ အဲ့ဒါတွေက သတိလုပ်ငန်းတွေကို ထိထိမိမိ လုပ်သွားခြင်းပါ။
သူဟာ သာမန်လူ မဟုတ်ပါ။ လုပ်သင့်လုပ်ထိုက်တာတွေကို ခိုင်းသူမရှိလည်း ဆက်လက်လုပ်ကိုင်တတ်သူဖြစ်တယ်။ ဒါ့ကြောင့် ဗဟိဒ္ဓသတိတွေကို ခန္ဓာကိုယ်အတွင်း ဆွဲသွင်းပါတယ်။ ဒိနောက် သူဟာ ခန္ဓာကိုယ်ထဲက သိစရာတွေကို သိသွားပါတယ်။
သုံးသပ်ချက်အနေနဲ့ ပြောရရင် ဘဝဖြစ်စဉ်တွေကို သတိထားပြီး သောကဖြေဆည်ရာ ထုတ်ယူခြင်းနဲ့ ခန္ဓာကိုယ်အတွင်း ဝင်ပြီး ဖြစ်ပျက်အစဉ်တွေကို သတိထားရှုပွားခြင်းတို့ဆိုပြီး အပိုင်းနှစ်ပိုင်း ပါဝင်မယ်။
အမတ်ကြီးဟာ အဲ့ဒါတွေကြောင့်ပင် သောကကနေ လွန်မြောက်နိုင်ခဲ့သလို ဘဝဒုက္ခတွေကနေလည်း အပြီးတိုင် ထွက်မြောက်နိုင်ခဲ့ပါတယ်ဟူလို။
ပရိဒေဝကို ကျော်လွန်ပုံ ဝတ္ထုသာဓက
-----------------------------------------------
ပဋာစာရီရဲ့ အဖြစ်အပျက်ကတော့ အမတ်ကြီးရဲ့ ဖြစ်ပျက်ပုံနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အမတ်ကြီးက တစ်ခုထဲကို အစွဲအလန်းလွန်ပြီး ဖြစ်ရတာ။ သူမကျတော့ အလေးထားစရာ မြောက်များစွာတို့ တစ်ပြိုင်နက်တည်းလိုလို ပျက်စီးဆုံးရှုံးလို့. အာရုံအပြန့်လွန်ကာ ဖြစ်ရပါတယ်။
သူမမှာ လင်ယောက်ျားနဲ့ သားနှစ်ယောက် ဆုံးရှုံးလိုက်ရလို့ အားကိုးရာမဲ့သွားကာ သောကရောက်ရတယ်။ မိဘမောင်ပွားများနဲ့ သက်မဲ့ပစ္စည်းတွေဆိုတဲ့ လက်ကျန်အားကိုးစရာတွေပါ ထပ်မံဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း ကြားသိလိုက်ရတဲ့အခါမှာ တောင့်ခံနိုင်စွမ်းမရှိတော့။
အပြင်းအထန် ပူဆွေး ငိုကြွေးရခြင်းနဲ့အတူ သွက်သွက်ခါအောင် ရူးသွပ်သွားပါတော့တယ်။ ဒါတွေက သူမရဲ့ ပရိဒေဝရောက်ရပုံနဲ့ ပရိဒေဝဖြစ်နေပုံတွေပါ။
မြတ်ဗုဒ္ဓက လင်ယောက်ျားစတဲ့ ပရိဒေဝရောက်စရာ အာရုံများဆီ သူမရဲ့ အလေးထားမှုတွေ ရောက်နေကြရာကနေ ကိုယ့်ကိုယ်ကိုဆီ အာရုံပြန်ရောက်လာအောင် သတိဆောင်စေပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲမှာ သုံးစွဲတတ်ရင် အားကိုးစရာတွေ များစွာရှိကြောင်း အသိဉာဏ်ဖြစ်စေနိုင်ဖို့ သတိပေးစကား လက်ဆောင်ပေးတော်မူခဲ့ပါတယ်။
မြတ်ဗုဒ္ဓက ပဋာစာရီကို ပေးလိုက်တဲ့ သတိတွေဟာ သူမအတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင် အသုံးဝင်ခဲ့ပါတယ်။ ဟိုဟိုဒီဒီ ရောက်နေတဲ့ စိတ်တွေကို တစ်နေရာထဲမှာ ပြန်စုစည်းနိုင်ခဲ့တယ်။ ဒါ့အပြင် မိမိကိုယ်ကို ပြန်အားကိုးနိုင်ပါတယ်ဆိုတဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကိုလည်း ရှာတွေ့စေခဲ့ပါတယ်။
ပြန့်ကျဲပြီး ထောက်တည်ရာမရတဲ့ ပရိဒေဝစိတ်တွေကို အားကိုးစရာစွမ်းအင်ဖြစ်အောင် ပြောင်းလဲယူနိုင်ခဲ့တဲ့ သူမဟာ သူမကို စွမ်းအင်တွေ ဖန်တီးပေးနိုင်ခဲ့တဲ့ သတိကို တန်ဖိုးထားတတ်သွားတယ်။ အားကိုးစရာအဖြစ် ယုံကြည်သိမှတ်သွားပါတယ်။ ဒါ့ကြောင့် သူမပိုင်ဆိုင်ထားတဲ့ သတိကို အားကောင်းလာအောင် အားထုတ်ပါတယ်။
သူမရဲ့ ယုံကြည်မှုဟာ မှန်ကန်ခဲ့ပါတယ်။ သူမရဲ့ အားထုတ်မှုဟာလည်း ထိရောက်ခဲ့ပါတယ်။ ကြည့်လိုက်ကြလေ။ ပဋာစာရီဟာ အရူးမဘဝကနေ ထေရီမအဖြစ်နဲ့ အာသဝေါကုန်ခမ်းပြီး ရဟန္တာမကြီးဘဝနဲ့ နိဗ္ဗာန်ဝင်စံခဲ့ရပြီ မဟုတ်ပါလော။
ဒုက္ခဒေါမနဿတို့ကို သတိဖြင့် ချုပ်ငြိမ်းနိုင်ပုံ
--------------------------------------------------------
လူတွေဟာ ကျန်းမာဖို့နဲ့ ချမ်းသာဖို့ကို အမြဲငံ့လင့်နေတတ်ကြပါတယ်။ ပြီးတော့ ရသမျှနည်းနာတွေသုံးပြီး တတ်နိုင်သလောက် ကြိုးစားယူကြပါတယ်။ ဖန်တီးယူကြပါတယ်။
သို့ပေမင့် ကြံတိုင်အောင် ဆောင်တိုင်းမြောက်တာက အလွန်ရှားပါးနေတတ်ပါတယ်။ လိုချင်တာ မိဖုရား ညားတော့ ဘုရင်မနဲ့ ကြုံတွေ့ရသူတွေ များတယ်။ ဆိုလိုတာက ကျန်းမာချမ်းသာကို လိုချင်လို့ ရှာဖွေရင်း ကိုယ်ဆင်းရဲမှုနဲ့ စိတ်ဆင်းရဲမှုတွေရဲ့ အနိုင်ကျင့်ခံရခြင်းများသာ အရများကြတယ်ပေါ့။
လူ့ဘဝဆိုတာ လိုချင်နေကြတဲ့ ကျန်းမာခြင်းနဲ့ ချမ်းသာခြင်းတွေကို ဘယ်နေ့ဘယ်ရက် ဘယ်အချိန်အခါ ဘယ်အသက်အရွယ်မှာ ရပါမယ်လို့ အာမခံချက်မရှိပါ။ ကျန်းမာခြင်းနဲ့ ချမ်းသာခြင်းတွေကို ရှာလို့ဖြစ်ဖြစ် မရှာဘဲဖြစ်ဖြစ် ရှာနေဆဲဖြစ်ဖြစ် သူတို့မရှိတဲ့ အခိုက်အတန့်ကာလမှာတော့ ကိုယ်ဆင်းရဲမှုနဲ့ စိတ်ဆင်းရဲမှုတွေကို မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရမှာ ဧကန်ပါ။
ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ၊ ရောဂါအနာတွေကြောင့်ဖြစ်စေ၊ နေထိုင်သွားလာ စားသောက်မှုအမှားတစ်ခုခုကြောင့်ဖြစ်စေ၊ အိုခြင်း နာခြင်း သေခြင်းတရားများကြောင့်ဖြစ်စေ နာကျင်ရတဲ့ ခံစားမှုတွေဟာ ကိုယ်ဆင်းရဲခြင်းပါ။
စိတ်ဆင်းရဲခြင်းကတော့ ရှေ့မှာ သောက ပရိဒေဝဆိုပြီး သီးသန့်အဟောရှိထားတာကို ထောက်ထားပြီး ဆိုခဲ့ပါ ကိုယ်ဆင်းရဲခြင်းတို့ကြောင့် ဖြစ်လာရတဲ့ အလိုမကျမှုတွေကို အဓိကယူပါမယ်။ လုပ်ကိုင်ဆောင်ရွက်မှုများစွာတို့ကြောင့် ဖြစ်ပေါ်လာရတတ်တဲ့ အလိုမကျမှုတွေကိုလည်း ထပ်သွင်းယူရပါမယ်။
ဆိုခဲ့ပါ ဆင်းရဲခြင်းတွေဟာ ဘဝစရလာကတည်းက အတူသန္ဓေယူခဲ့ကြသူတွေ။ ဒါ့ကြောင့် လူနတ်ချမ်းသာဆိုတာတွေကိုတောင် အရိယာပုဂ္ဂိုလ်များဘက်က ကြည့်ရင် ဆင်းရဲခြင်းအဖြစ် ရှုမြင်ကြကြောင်း စာပေအလာရှိကြတယ်။ ဒီတော့ ဘဝနဲ့ ဒုက္ခဟာ အတူတူလို့ ဆိုကြရစမုံ့။ သို့ဖြစ်လို့ ဘဝဆိုတာ ဒုက္ခသစ္စာ = ဆင်းရဲခြင်းအမှန် ဖြစ်လာရပါတယ်။
ဆင်းရဲခြင်းတွေကို အပြီးတိုင် ချုပ်ပျောက်သွားစေလိုရင်း အမှန်ဆိုရင် အဲ့ဒီအတွက် လမ်းကြောင်းတစ်ခုတည်းသာရှိကြောင်း မြတ်ဗုဒ္ဓက မဟာသတိပဋ္ဌာနသုတ်တော်မှာ ဟောကြားတော်မူထားပါတယ်။ ဒုက္ခ ဒေါမနဿာနံ အတ္ထင်္ဂမာယ = ကိုယ်ဆင်းရဲခြင်းနဲ့ စိတ်ဆင်းရဲခြင်းတွေကို ချုပ်ပျောက်စေခြင်းငှါ၊ ဧကာယနော မဂ္ဂေါ = သတိပဋ္ဌာန်ဆိုတဲ့ ကျင့်စဉ်လမ်းကြောင်းတစ်ခုတည်းသာ ရှိပါတယ်ဟူသတတ်။
အဋ္ဌကထာဆရာတော် အရှင်သူမြတ်ကတော့ ဆင်းရဲခြင်းများကို သတိပဋ္ဌာန်အကျင့်တရားနဲ့ ချုပ်ဖျောက်ပစ်ပုံတွေအတွက် မဟာတိဿမထေရ်နဲ့ ကျားကိုက်ခံရဟန်းတို့ရဲ့ ဝတ္ထုတွေ ထုတ်ပြပြီး သက်သေထူထားပါတယ်။ စိတ်ဆင်းရဲချုပ်ပျောက်ပုံတွေအတွက် သိကြားမင်းနဲ့ သုဗြဟ္မနတ်သားတို့ရဲ့ ဝတ္ထုနှစ်ပုဒ်ကိုလည်း သိထားသင့်ကြပါတယ်။
သို့ကလို ခိုင်လုံတဲ့ အဆိုတွေနဲ့ ဝတ္ထုသာဓကတွေ ရှိထားတာကြောင့် ဆင်းရဲခြင်းများ ဖယ်ရှားလိုသူတွေအနေနဲ့ ကျင့်စဉ်နဲ့ သာဓကတွေကို သေချာစေ့ငု လေ့လာထားသင့်ကြပါပေတယ်။
ဒုက္ခချုပ်ငြိမ်းပုံ ဝတ္ထုသာဓက
-----------------------------------
သာဝတ္ထိပြည်တွင် တိဿလို့ခေါ်တဲ့ သူကြွယ်သားတစ်ယောက် ရှိခဲ့တယ်။ သူ့မှာ စူဠတိဿဆိုတဲ့ ညီတစ်ယောက်လည်းရှိတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်မှာ ကုဋေ ၄၀ ချမ်းသာကြွယ်ဝတယ်။
တိဿဟာ အမွေမခွဲရသေးတဲ့ ကုဋေ ၄၀ ကို ညီဖြစ်သူအား အကုန်လုံးပေးပြီး ရဟန်းဝတ်ကာ တောကျောင်းတစ်ကျောင်းမှာ တရားအားထုတ်နေတယ်။ ခယ်မဖြစ်သူက အရှင်တိဿ လူထွက်လာပြီး အမွေပြန်တောင်းမှာကို စိုးရိမ်လို့ လူသတ်သမားတွေကို ငှါးရမ်းကာ အရှင်တိဿကို အသတ်ခိုင်းခဲ့တယ်။
လူသတ်သမားတွေက အရှင်တိဿရှိတဲ့ တောကျောင်းသို့သွားပြီး လုပ်ကြံကြတယ်။ အရှင်တိဿဟာ လုပ်ကြံမခံရသေးခင် အကြောင်းစုံကို သိရပြီးနောက် ကိလေသာမကင်းစင်သေးခင် ခန္ဓာကိုယ်ကို မစွန့်လိုသေးတဲ့အတွက် အကြံအစည်ထုတ်ပါတယ်။
တစ်ညတာမျှ တရားအားထုတ်ခွက့်ရရေးအတွက် ပန်ကြားခဲ့တယ်။ သူ့ရဲ့ ပေါင်နှစ်ဖက်ကို ကျောက်ခဲနဲ့ ထုချိုးကာ ထွက်မပြေးနိုင်တော့ပြီဖြစ်ကြောင်း အာမခံထားလိုက်ပါတယ်။ လူသတ်သမားတွေကလည်း ယုံကြည်စိတ်ချရတဲ့ အနေအထားကြောင့် တစ်ညစာ စောင့်ဆိုင်းပေးခဲ့ကြပါတယ်။
အရှင်တိဿဟာ ကိလေသာကင်းစင်ရေးလုပ်ငန်းကို အချိန်မဆိုင်းဘဲ စတင်လိုက်ပါတယ်။ သူ့အသက်ဟာ သူကိုယ်တိုင် ထုထားတဲ့ ဒဏ်ရာတွေကြောင့် မကြာခင်ဘဲ သေသွားလိမ့်မယ်။ ဒါမှမဟုတ် မိုးလင်းရင် လူသတ်သမားတွေရဲ့ လက်ချက်နဲ့ မလွဲမသွေ သေရပါမယ်။ ဒါ့ကြောင့် အသက်ကို ငဲ့ကွက်တွယ်တာမှုကို အရင်စွန့်လွှတ်လိုက်တယ်။
ဒါဟာ ကိလေသာကင်းစင်ရေး လုပ်ငန်းအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ကြိုတင်ပြင်ဆင်မှုကြီးပါ။ အာတာပီ သမ္ပဇာနော သတိမာ ဖြစ်လာဖို့ ခတ်ကွင်းရွေးချယ်ခြင်းပေါ့။ မဆုတ်မနစ်သောဇွဲ၊ စူးရှထက်မြတ်သောအသိဉာဏ်၊ မလှုပ်မယှက်ငြိမ်သက်သောအောက်မေ့ခြင်းဆိုတာတွေက တရားအားထုတ်သူများအဖို့ မရှိမဖြစ်တရားတွေလေ။
အရှင်တိဿဟာ ခန္ဓာကိုယ်ပေါ် သတိစိုက်လိုက်ပါတယ်။ ထင်ရှားရာကို ရှုမှတ်ရတော့မယ်လေ။ သို့တစေ သူ့ရဲ့ ထင်ရှားတဲ့အာရုံကား လောလောလတ်လတ် ထုချေထားတဲ့ နာကျင်ကိုက်ခဲမှုတွေမို့ အာရုံအပေါ် မှတ်စိတ်က မရောက်နိုင်ရှာ။
ဒါ့ကြောင့် နာကျင်ကိုက်ခဲမှုတွေကို အရင်ကျော်ဖြတ်ဖို့ ပြင်ဆင်ရတယ်။ အဲ့ဒါကို ဖရဏာပီတိနဲ့သာ ကျော်နိုင်သမို့ ပီတိဖြစ်လာဖို့ မိမိရဲ့ သီလကို အပြန်ပြန်အလှန်လှန် ဆင်ခြင်တယ်။ ညစ်ကြေးမတင် သန့်စင်လှတဲ့ သီလကို ဆင်ခြင်နေရင်း ပီတိတွေ တဖွားဖွားပေါ်လာကြတယ်။
ဖရဏာပီတိပေါ်လာတဲ့အခါ နာကျင်ကိုက်ခဲမှုတွေက မထင်ရှားတော့။ ငြိမ့်ညောင်းသာယာတဲ့ ပီတိအပေါ် မှတ်စိတ်ကပ်ကြည့်တော့ အဆင်ပြေသွားတယ်။ ဒါနဲ့ ဆက်လက်ပြီး ရှုမှတ်လိုက်ရာ ကိလေသာကင်းစင်ပြီး ရဟန္တာဖြစ်သွားတော်မူပါတယ်။
ဒုက္ခချုပ်ငြိမ်းပုံ ဝတ္ထုသာဓက (၂)
----------------------------------------
တစ်ခါတုန်းက ရဟန်းတော် သုံးကျိပ်တို့ဟာ မြတ်ဗုဒ္ဓ အထံတော်မှ ကမ္မဋ္ဌာန်းတောင်းပြီး တောရွာတစ်ရွာမှာ ဝါဆိုဝါကပ်ကြတယ်။ ပြီးတော့ ရွာနားက တောအုပ်ထဲဝင်ပြီး တရားအားထုတ်ကြတယ်။
ကံဆိုးချင်တော့ အဲ့ဒီတောအုပ်ဟာ လူသားစားကျားဆိုးတစ်ကောင် ကျက်စားရာဖြစ်နေခဲ့ပါတယ်။ ဒီတော့ တရားအားထုတ်ကြတဲ့ ရဟန်းတော်များ ကျားဆွဲခံကြရတယ်။
ဒီနေရာမှာ သတိထားစရာကောင်းတာက တရားလိုလားသူများဟာ မိမိအသက်အန္တရာယ်ပင် ကြုံရသော်ငြားလည်း အခြားတရားအားထုတ်သူတွေ အနှောင့်အယှက် ဖြစ်မှာစိုးလို့ အသံမပြုဘဲ အသက်သာ အသေခံသွားကြတာပါ။ စုပေါင်းတရားအားထုတ်သူတွေ စံနမူယူစရာပေါ့။
တစ်နေ့မှာ သံဃာစုမိကြတော့ ရဟန်းတော် လေးငါးဆယ်ပါး လျော့နေမှ ကျားဆွဲခံကြရကြောင်း သိကြတယ်။ ဒါ့ကြောင့် သံဃာ့ထေရ်က ကျားအန္တရာယ်ကြုံလာခဲ့ရင် အခြားရဟန်းတော်များ ကြားအောင် အသံပြုကြဖို့နဲ့ ကြားရတဲ့ ရဟန်းတော်များကလည်း တောင်ဝှေးတွေနဲ့ ဝိုင်းဝန်းခြောက်လှန့်ပြီး ကယ်ဆယ်ကြဖို့ မိန့်တော်မူပါတယ်။
စားနေကျ ကျားပါးကြီးကလည်း ဝမ်းဟာလာတော့ ရဟန်းတစ်ပါးကို လာဆွဲတယ်။ ကျားဆွဲခံရတဲ့ ရဟန်းက ကျားဆွဲခံရတဲ့အကြောင်း အခြားရဟန်းတော်များ ကြားအောင် အသံပေးတယ်။ ကျန်ရဟန်းတော်တွေကလည်း လက်စွဲတောင်ဝှေးတွေ ကိုင်ဆောင်ပြီး စုဝေးကာ ဝိုင်းဝန်းခြောက်လှန့်ကြတယ်။
ကျားဆိုးဟာ သူ့အစာကို မလွတ်ဘဲ ဒရွတ်တိုက်ဆွဲရင်း ပြေးသွားတယ်။ ရဟန်းတော်များ မလိုက်နိုင်လောက်တဲ့ ကမ်းပါးပြတ်ပေါ် အထိတောင် ဆွဲတင်သွားပါတယ်။
ကျန်ရဟန်းတော်များဟာ အသက်ကို မကယ်ဆယ်နိုင်ကြတော့ပေမဲ့ စွမ်းနိုင်သလောက် ကူညီပေးဖို့ ကြိုးစားကြပါတယ်။ ရဟန်းဆိုတာ အန္တရာယ်နဲ့ ကြုံတွေ့ရရင် ရဟန်းတို့ရဲ့ စွမ်းရည်သတ္တိကို အပြည့်အဝ ထုတ်သုံးပြီး ရှုမှတ်ဆဲတရားကို ဆက်လက်ရှုမှတ်ဖို့ မမေ့ပါရန် လှမ်းကာအော်ဟစ် သတိပေးခြင်းပါ။
ရဟန်းတို့ရဲ့ စွမ်းရည်သတ္တိဆိုတာ မိမိရဲ့ ခန္ဓာတွင်း နာကျင်ကိုက်ခဲမှုမှစပြီး အရာရာကို သည်းခံခြင်း ခန္တီသံဝရပင်ဖြစ်ပါတယ်။ ဤအရာကား တရားအားထုတ်ကြတဲ့ ယောဂီပုဂ္ဂိုလ်မှန်သမျှတို့ မဖြစ်မနေ လက်စွဲပြုထားကြရတဲ့ တရားလည်း ဖြစ်ပါတယ်။
ကျားကိုက်ခံရဟန်းဟာ တရားအားထုတ်ဖော် ရဟန်းတော်များရဲ့ သတိပေးစကားကို ကြားရပြီးနောက် နာကျင်မှုတွေကို သူ့ရဲ့ ရဟန်းစွမ်းရည်နဲ့ ဒေါသစသည် ဖြစ်ပေါ်မလာအောင် ကာကွယ်လိုက်နိုင်ပါတယ်။ သို့ပေမင့် ထင်ရှားရာ အာရုံကို ရှုမှတ်ဖို့မှာကား လောလောလတ်လတ် ကျားစားခံနေရဆဲ ဒုက္ခဝေဒနာဖြစ်နေသမို့ မှတ်စိတ်ကပ်ဖို့ရာ မတတ်နိုင်ရှာ။
ဒီတော့ကား ဝေဒနာကို ခွာပြီး ဓမ္မာနုပဿနာသို့ ပြောင်းရန် ပြင်ဆင်ပါတယ်။ မိမိရဲ့ သီလစင်ကြယ်မှုကို ပြန်တွေးတယ်။ ဖြစ်ပေါ်လာတဲ့ ပီတိ ပါမောဇ္ဇတွေကို ရှုမှတ်တယ်။
ကျားစားခံနေရတဲ့ ရဟန်းတော်ဟာ ကျားစားတာ ခြေမျက်စိရောက်တော့ သောတာပန်ဖြစ်တယ်။ ဒူးဆစ်ရောက်တော့ သကဒါဂါမ်၊ ခါးရောက်တော့ အနာဂါမ်ဖြစ်တော်မူပါတယ်။ နှလုံးကို အစားမခံရသေးခင်မှာ ရဟန္တာဖြစ်ပြီး တစ်ခါတည်း ပရိနိဗ္ဗာန်ပြုသွားတော်မူပါတယ်။
ဒေါမနဿချုပ်ငြိမ်းပုံ ဝတ္ထုသာဓက
-------------------------------------------
မြတ်ဗုဒ္ဓရှင်တော် လက်ထက်တုန်းက သိကြားမင်းမှာ ပုဗ္ဗနိမိတ် ၅ ပါး ထင်ရှားဖြစ်ခဲ့တယ်။ ခေတ်စကားနဲ့ ပြောရင် သိကြားမင်းမှာ သေပန်းပွင့်တယ်ပေါ့။ နတ်တို့ရဲ့ ပုဗ္ဗနိမိတ်တွေ ဆိုတာက သေတော့မဲ့ အရိပ်နိမိတ်တွေမို့ပါ။
သူ့ကိုယ်သူ သိကြားမင်းဖြစ်ရတာကိုအားရကျေနပ်နေတဲ့ သိကြားမင်းဟာ ပုဗ္ဗနိမိတ်တွေကြောင့် အတော်လေး ပျာယာခတ်သွားတယ်။ ကျရှုံးခြင်းတွေထဲက ပြန်ပြင်ဆင်ခွင့်မရှိတဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ရတော့မှာမို့လေ။
ဒါ့အပြင် သူ့နေရာမှာ နောက်ထပ် သိကြားမင်းတစ်ပါး ပေါ်လာမှာနဲ့ သူ့ရဲ့ သိကြားမင်း စည်းစိမ်ဥစ္စာတွေကို နောက်ပေါက်တဲ့ ရွှေကြာက အခန့်သား စည်းစိမ် ခံစားသွားမှာကို သူ မခံစားနိုင်ဘူး။ မရှုစိမ့်နိုင်ဘူး။ နောက်ပြီး စွန့်လွတ်ရတော့မဲ့ စည်းစိမ်ဥစ္စာတွေကို ကြည့်ပြီးတော့လည်း စွန့်လွှတ်ရမှာကို အနှမြောကြီး နှမြောနေပြန်သပေါ့။
အဲ့ဒါတွေကြောင့် သိကြားမင်းဟာ သူ့ရဲ့ ယူကြုံးမရဖြစ်နေတဲ့ ဒေါမနဿဝေဒနာကို ဖြေဖျောက်နိုင်ဖို့ရန် မြတ်ဗုဒ္ဓ အထံတော်သို့ ရောက်ရှိလာပါတယ်။ ပြီးနောက် "နတ်လူတွေ ချမ်းသာချင်ကြပေမဲ့ ဘာကြောင့် ချမ်းသာခွင့် မရကြတာလဲ၊ ရရှိပြီး ချမ်းသာခြင်းတွေကို သိမ်းပိုက်ထားချင်ပေမဲ့ ဘဇာကြောင့် ဆုံးရှုံးကြရပါသလဲဘုရား "လို့ မေးလျှောက်လေသတတ်။
မြတ်ဗုဒ္ဓက "သူတစ်ပါးတို့ရဲ့ ချမ်းသာမှုတွေ (ကိုယ့်ထက် သာတာတွေ)ကို မနာလိုခြင်း၊ ငြူစူခြင်းနဲ့ ကိုယ့်ရဲ့ ချမ်းသာမှုတွေကို သူတစ်ပါးတို့အား မပေးလိုခြင်း၊ ကိုယ့်လို သူတစ်ပါး မကောင်းစား မချမ်းသာစေလိုခြင်းတွေဟာ ဝန်တိုခြင်းကြောင့် ဖြစ်ကြရပါတယ် "လို့ ဖြေကြားတော်မူခဲ့ပါတယ်။
သိကြားမင်းက နောက်ထပ် မေးခွန်းတွေ ဆက်မေးလျှောက်ပါတယ်။ မြတ်ဗုဒ္ဓကလည်း ဆက်ပြီး ဖြေကြားတော်မူခဲ့ပါတယ်။ အဲ့ဒီ အမေးနဲ့ အဖြေတွေကို နောင်တော့ သက္ကပဥှသုတ်လို့ ခေါ်တွင်ထားပါတယ်။
မြတ်ဗုဒ္ဓက "ဒေါမနဿဝေဒနာဟာ သိမ်းပိုက်မထားသင့်တဲ့ ဂေဟဿိတဝေဒနာဖြစ်တယ်၊ အဲ့ဒီ ဝေဒနာကို ဝိပဿနာရှုပြီး ပယ်ဖျောက်ကာ ရရှိလာမဲ့ နေက္ခမ္မဿိတဝေဒနာကိုသာ သိမ်းပိုက်ထားသင့်ကြောင်း "ဆက်လက်ဟောကြားတော်မူပါတယ်။
သိကြားမင်းဟာ ဝေဒနာပျောက်ချင်ဇောနဲ့ မြတ်ဗုဒ္ဓ ဟောကြားပေးတော်မူတဲ့အတိုင်း ဝိပဿနာရှုမှတ် ပွားများလေရာ အဲ့ဒီ တစ်ထိုင်ထဲမှာပင် သောတာပန်ဖြစ်သွားပါတယ်။
သောတာပန်ဖြစ်ပြီဆိုတော့ သူ့ရဲ့ ဒေါမဿဝေဒနာလည်း ပျောက်ကင်းသွားပါတယ်။ သူ မစွန့်လွတ်ချင်တဲ့ သိကြားမင်းစည်းစိမ်ကိုလည်း နောက်ထပ် သိကြားမင်းသက်တမ်း တစ်ခုစာ ပိုင်ဆိုင်ခွင့်ရသွားပါတယ်။
ဒေါမနဿချုပ်ငြိမ်းပုံ ဝတ္ထုသာဓက (၂)
------------------------------------------------
မြတ်ဗုဒ္ဓလက်ထက်တော်က အခြံအရံ နတ်သမီးတစ်ထောင် ဝန်းရံနေတဲ့ သုဗြဟ္မဆိုတဲ့ နတ်သားတစ်ပါး ရှိခဲ့တယ်။ တစ်နေ့မှာ နတ်သားဟာ သူ့အခြွေအရံများနဲ့အတူ နန္ဒဝန်ဥယျာဉ်ကြီးထဲမှာ ပျော်ပွဲခံနေကြပါတယ်။
သို့ကလို ပျော်ပွဲခံနေကြရာမှ ပန်းပင်ပေါ် တက်ပြီး သီချင်းတကြော်ကြော်နဲ့ ပန်းခူးနေကြတဲ့ နတ်သမီးငါးရာဟာ ပန်းခူးနေကြရင်းပင် စုတေသွားကြပါတယ်။ ပြီးနောက် ငရဲမှာ ဆင်းရဲဒုက္ခ ခံစားနေကြရပါတယ်။
နတ်သားဟာ အဲ့ဒီအဖြစ်အပျက်ကို မြင်ရပြီး အတော်လေး တုန်လှုပ်သွားတယ်။ နောက်ပြီး မိမိကိုယ်ကို ပြန်သုံးသပ်ကြည့်တော့ မိမိနဲ့တကွ ကျန်နတ်သမီးငါးရာတို့ဟာလည်း ၇ ရက်အတွင်းမှာပင် စုတေကြပြီး အဲ့ဒီငရဲပြည်သို့ ကျရောက်ရမှာကို သိလိုက်ရလို့ ဆောက်တည်ရာမဲ့ ချောက်ချားသွားပါတယ်။
ဒါနဲ့ သူတို့တစ်တွေဟာ မြတ်ဗုဒ္ဓ အထံတော်သို့ သွားရောက် ကိုးကွယ် ဆည်းကပ်ကြတယ်။ အရပ်စကားအရဆိုရင် အပူကပ်ကြတယ်။ ရင်အပူငြိမ်းပေးဖို့ တရားသွားတောင်းကြတယ်ပေါ့။
သုဗြဟ္မနတ်သားက ခရီးရောက်မဆိုက်ဘဲ မြတ်ဗုဒ္ဓကို သံတော်ဦးတင်ပါတယ်။ " မိမိနဲ့တကွ နတ်သမီးငါးရာတို့ဟာ ၇ ရက်အတွင်းမှာပင် စုတေပြီး ငရဲကျကြမဲ့ အနုပ္ပန္နကိစ္စနဲ့ သူတို့တစ်တွေ နောင်ခံစားရမဲ့ ဆင်းရဲဒုက္ခ၊ ငရဲမှာ လက်ရှိခံစားနေကြတဲ့ နတ်သမီးများရဲ့ ငရဲဒုက္ခတွေဆိုတဲ့ ဥပ္ပတိတကိစ္စများကြောင့် ရပ်တည်မရအောင် တုန်လှုပ် ထိန်လန့်  နေကြပါတယ်။ ဒါ့ကြောင့် မကြောက်ရတဲ့အရပ်နဲ့ အကြောက်ကင်းကြောင်း နည်းလမ်းကောင်းများကို ဟောညွှန်ပြပေးတော်မူပါဘုရား "လို့ လျှောက်ထားလေသတတ်။
မြတ်ဗုဒ္ဓက "ဗောဓိ၊ တပ၊ ဣန္ဒြိယသံဝရ၊ သဗ္ဗနိဿဂ္ဂ တို့ဆိုတဲ့ တရားလေးပါးသာလျှင် သတ္တဝါတို့၏ ဘေးရန်ကင်းကွာ ချမ်းသာရာ ချမ်းသာကြောင်း အမှန်ဖြစ်တယ် "လို့ ဟောကြားတော်မူပါတယ်။ နတ်သားနဲ့တကွ နတ်သမီးငါးရာတို့ဟာ တရားရဲ့ လားရာကို ချက်ချင်းသဘောပေါက်သွားကြပါတယ်။
သို့ကြောင့် သူတို့တစ်တွေဟာ သဗ္ဗနိဿဂ္ဂခေါ် နိဗ္ဗာန်ကို သိမြင်နိုင်ကြဖို့ ဣန္ဒြိယသံဝရနဲ့ စိတ်ကို ထိန်းသိမ်းလိုက်ကြပါတယ်။ တပခေါ် သမ္မပ္ပဓာန် ဝီရိယနဲ့ ရုပ်နာမ်တွေအပေါ် မပြတ်ရှုမှတ်နိုင်အောင် ကြောင့်ကြစိုက်လိုက်ကြပါတယ်။
အဲ့ဒီနောက်မှာ ဗောဓိခေါ်တဲ့ ပုဗ္ဗဘာဂ ဝိပဿနာမဂ်နဲ့တကွ အရိယာမဂ်ကို တစ်ခဏချင်း ဖြစ်ပွားစေလိုက်ကြပါတယ်။ သောတာပန်ဖြစ်သွားကြတယ်ပေါ့။ ဒီတော့ကား သူရို့ဟာ အပါယ်ဘေးနဲ့စပ်ပြီးဖြစ်တဲ့ ကြောက်ရွံ့တုန်လှုပ်ခြင်း ကင်းသွားကြလေတယ်။ နှလုံးမသာယာမှု ဒေါမနဿာဝေဒနာမှ လွတ်မြောက်သွားကြသပေါ့။
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးက ဗောဓိ၊ တပ၊ ဣန္ဒြိယသံဝရတို့ဟာ သတိပဋ္ဌာန်လေးပါးတွင် အတွင်းဝင်ကြောင်း မှတ်ချက်ပြုထားတော်မူခဲ့ပါတယ်။
သတိပဋ္ဌာန်ဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ရရှိပုံ
--------------------------------------------
သတိပဋ္ဌာန်တရားရဲ့ အကျိုးအာနိသင်တွေကို ရေးသားခဲ့တာ ၅ မျိုးအထိ ပြီးစီးခဲ့ပါပြီ။ နောက်နှစ်မျိုးသာ ကျန်ပါတော့တယ်။ ကျန်နေတဲ့ နှစ်မျိုးကိုကား တွဲဖက်ပြီးရေးမှ အဆင်ပြေပါမယ်။
နောက်ဆုံးအာနိသင် နှစ်မျိုးက ဉာယဿ အဓိဂမ = မဂ်ဉာဏ်ကို ရရှိခြင်းနဲ့ နိဗ္ဗာနဿ သစ္ဆိကိရိယ = ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းတို့ ဖြစ်ကြပါတယ်။ ဒီအရကောက်တွေကား မူလပဏ္ဏာသဋီကာ ဆရာတော်ရဲ့ အဆိုကို မဟာစည်ဆရာတော်က သင့်မြတ်ပါကြောင်း မှတ်ချက်ပြုထားတာတွေဖြစ်ပါတယ်။
ဆိုခဲ့ပါ အာနိသင်နှစ်မျိုးအတွက် ဝတ္ထုသာဓကတွေကတော့ များလွန်းလှပါတယ်။ အရိယာပုဂ္ဂိုလ်အားလုံးနဲ့ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာအားလုံးပင် အကြုံးဝင်ပါတယ်။ အဲ့ဒီပုဂ္ဂိုလ်အားလုံးဟာ ဆိုခဲ့တဲ့ အာနိသင်နှစ်မျိုးစလုံးကို ကြုံတွေ့ခဲ့ပြီးပြီလို့ ဆိုလိုပါတယ်။
ဒီနေရာမှာ အငြင်းပွားစရာ အချို့ကို ကြိုတင်ရှင်းလင်း ထားချင်ပါတယ်။ သတိပဋ္ဌာန်ဆိုတဲ့ စကားလုံးကိုသာ တွင်တွင်သုံးခဲ့လေတော့ သမ္မပ္ပဓာန်စတဲ့ တရားတွေဟာ သတိပဋ္ဌာန်ကျင့်စဉ်မှာ မလိုအပ်တော့သလို ဖြစ်နေတယ်ပေါ့။ တကယ်တမ်းတော့ အဲ့ဒီလို မဟုတ်ပါ။
သတိပဋ္ဌာန်တရားကို ကျင့်ကြံအားထုတ်နေသူမှာ သမ္မပ္ပဓာန်စတဲ့ တရားတွေဟာလည်း အလိုလို တွဲဖက်ကျင့်ကြံပြီး ဖြစ်ပါသတဲ့။ နောက်ပြီး သတိပဋ္ဌာန်နဲ့ ကင်းပြီးတော့လည်း သမ္မပ္ပဓာန်စတဲ့ ဘာဝနာတွေ မဖြစ်နိုင်ပါဘူးတဲ့လေ။
ဒါ့ကြောင့်ပဲ သတိပဋ္ဌာန်ကျင့်စဉ်ကို မဂ်ဉာဏ်ကို ရရှိနိုင်ဖို့ တစ်ခုတည်းသော လမ်းဖြစ်ပါတယ်။ ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ တစ်ခုတည်းသော လမ်းဖြစ်ပါတယ်လို့ မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။
မဂ်ဉာဏ်ကို ရရှိသူမှာ ဖိုလ်ဉာဏ်ကလည်း မဖြစ်မနေပင် ကပ်ပြီး ဖြစ်ပေါ်လာကြရစမြဲမို့ အရိယာအဆင့် သတ်မှတ်ချက်မှာတော့ တစ်ခုတည်းသာ ဖြစ်ပါတယ်။
သတိပဋ္ဌာန်အကျိုး ၇ ပါး လင်္ကာ
စိတ်အညစ်ကြေး၊ ကင်းဝေးစေမှန်။
စိုးရိမ်ပူဆွေး၊ ငိုကြွေးလွန်ရန်။
ကိုယ်စိတ်ဆင်းရဲ၊ ချုပ်စဲဧကန်။
မဂ်ဖိုလ်ရောက်၊ မျက်မှောက်ပြုနိဗ္ဗာန်။
သတိပဋ္ဌာနသုတ်ပလ္လင်စကား ပြီးပါပြီ။
********************************
ငြိမ်းနန္ဒ (၂၉ /၁၀ /၂၀၁၆)(၂၃/၁၁ /၂၀၁၆)
No comments:
Post a Comment