(၁၂)
ဓမ္မာနုပဿနာသတိပဋ္ဌာန်
================
ဓမ္မာနုပဿနာကို ဟောရခြင်းအကြောင်း
=========================
(က) ကာယာနုပဿနာနဲ့ ရုပ်နာမ်နှစ်ပါးတို့တွင် ရုပ်ကို သီးသန့်သိမ်းဆည်းပြခဲ့တယ်။ ဝေဒနာနဲ့ စိတ္တာနုပဿနာတို့ဖြင့် နာမ်ကို သီးသန့်သိမ်းဆည်းပြခဲ့ပါတယ်။ ရုပ်နာမ်နှစ်ပါးတို့ကို ရောပြွမ်းပြီး သိမ်းဆည်းရန်အလို့ငှာ ဓမ္မာနုပဿနာကို ဟောကြားတော်မူခဲ့ပါတယ်။
(ခ) တစ်နည်းသော် ခန္ဓာငါးပါးတို့တွင် ကာယာနုပဿနာနဲ့ ရူပက္ခန္ဓာကို သိမ်းဆည်းပါတယ်။ ဝေဒနာနုပဿနာနဲ့ ဝေဒနာက္ခန္ဓာကို သိမ်းဆည်းပါတယ်။ စိတ္တာနုပဿနာနဲ့ ၀ိညာဏက္ခန္ဓာကို သိမ်းဆည်းပါတယ်။ ကျန်နေတဲ့ သညာက္ခန္ဓာနဲ့ သင်္ခါရက္ခန္ဓာတို့ကို သိမ်းဆည်းရန်အလို့ငှာ ဓမ္မာနုပဿနာကို ဟောကြားတော်မူခဲ့ပါတယ်။
ပါဝင်တဲ့ အပိုင်းများ
ဓမ္မာနုပဿနာကို အပိုင်းကြီး ငါးပိုင်းတို့ဖြင့် ဟောကြားတော်မူခဲ့ပါတယ်။ ယင်းတို့မှာ
၁။ နီဝရဏပိုင်း
၂။ ခန္ဓာပိုင်း
၃။ အာယတနပိုင်း
၎။ ဗောဇ္ဈင်ပိုင်း
၅။ သစ္စာပိုင်းတို့ ဖြစ်ကြပါတယ်။
အထက်မှာ ဆိုခဲ့တဲ့ သိမ်းဆည်းပုံတွေအတိုင်း အပိုင်းမခွဲဘဲ အပိုင်းခွဲတဲ့အခါ သီးခြားဖြစ်နေတာဟာ ကျင့်ကြံအားထုတ်ပုံအတွက် အလေးပေးထားခြင်းလို့ ဆိုရပါမယ်။ အပိုင်းတွေကို လေ့လာမှတ်သားပြီး အလျဉ်းသင့်သလို အားထုတ်သွားပါက ရှေ့မှာ ဆိုခဲ့ပြီး အနုပဿနာ သုံးမျိုးကို ဆက်စပ်ပေးခြင်း၊ ရုပ်နာမ်တို့ရဲ့ ဆက်စပ်ပတ်သက်မှုများကို နားလည်လာခြင်း၊ ၀ိပဿနာဉာဏ်တွေ အဆင့်ဆင့် ဖြစ်ပေါ်လာခြင်း စတာတွေ ဖြစ်ပါမယ်။
အထူးမှတ်ရမှာက ဓမ္မာနုပဿနာဟာ ပါရမီရှင်မဟုတ်သူများအတွက် ပင်တိုင်ကမ္မဋ္ဌာန်းအဖြစ် ထားလို့မရခြင်းပါ။ ပင်တိုင်ကမ္မဋ္ဌာန်းကို ရှုမှတ်နေရင်း ကြားဖြတ်ပေါ်လာတဲ့ အခြေအနေကို ပေါ်လာတဲ့အတိုင်း ရှုမှတ်ခြင်းကိစ္စ အတော်များများဟာ ဓမ္မာနုပဿနာဖြစ်ပါတယ်။ ဒီအနုပဿနာဟာ ရှေ့အနုပဿနာ သုံးမျိုးကို အားထုတ်ခြင်းကြောင့် ရရှိလာတဲ့ သမာဓိတွေကို ၀ိပဿနာဉာဏ်အဖြစ် ပြောင်းလဲပေးခြင်း တာဝန်ကို အဓိက စွမ်းဆောင်ပါတယ်။ ၀ိပဿနာဉာဏ်အဆင့်ဆင့် ဖြစ်ပေါ်လာကြဖို့ အသေးစိတ် ရှုမှတ်ရတဲ့အပိုင်းလို့လည်း ဆိုနိုင်ပါတယ်။
နီဝရဏပိုင်း
========
ကာမစ္ဆန္ဒ နီဝရဏ
===========
လိုချင်နှစ်သက်မှု တဏှာလောဘ မှန်သမျှကို ကာမစ္ဆန္ဒ နီဝရဏခေါ်ပါတယ်။ အဲ့ဒီနီဝရဏဟာ မိမိရဲ့ ကိုယ်တွင်းသန္တာန်မှာ ရှိနေရင် ငါ့မှာ ကာမစ္ဆန္ဒရှိတယ်၊ ဖြစ်တယ်လို့ အပြားအားဖြင့် သိတယ်။ ကာမစ္ဆန္ဒ မရှိရင်လည်း မရှိလို့ သိတယ်။
အယောနိသော မနသိကာရကြောင့် နကိုယ်က မဖြစ်သေးတဲ့ ကာမစ္ဆန္ဒ ဖြစ်လာတယ်။ အဲ့ဒီ အယောနိသော မနသိကာရဆိုတဲ့ အကြောင်းကိုလည်း သိတယ်။
အယောနိသော မနသိကာရအတွက် အဋ္ဌကထာအဖွင့်နဲ့အတူ သတ်မှတ်ချက်၊ ကောက်နှုတ်ချက်များကိုလည်း တင်ပြပါဦးမယ်။
အယောနိသော မနသိကာရောနာမ အနုပါယမနသိကာရော ဥပ္ပထမနသိကာရော၊ အနိစ္စေ နိစ္စန္တိဝါ ဒုက္ခေ သုခန္တိဝါ အနတ္တနိ အတ္တာတိဝါ အသုဘေ သုဘန္တိဝါ မနသိကာရော။ (ဒီ။ ဋ္ဌ။ ၂။ ၃၆၈)
အယောနိသော မနသိကာရဆိုတာ လိုလားအပ်တဲ့ စီးပွားချမ်းသာကို ရရန်အကြောင်းမှန် မဟုတ်တဲ့ နှလုံးသွင်းမှုပါ။ (အာကင်္ခိတဿ ဟိတသုခဿ ပတ္တိယာ အနုပါယဘူတော မနသိကာရော။ ဋီကာ) လမ်းမှားဖြစ်တဲ့ နှလုံးသွင်းပါ။ မမြဲကို မြဲ၊ ဆင်းရဲကို ချမ်းသာ၊ ငါကောင်မဟုတ်တာကို ငါကောင်၊ မတင့်တယ်တာကို တင့်တယ်လို့ နှလုံးသွင်းမှုပါ။
ဆိုလိုတာက ဒွါရ ၆ ပါးမှာ ထင်လာတဲ့ ရုပ်နာမ်ကို မြဲဟန်၊ ချမ်းသာကောင်းစားဟန်၊ အလိုရှိတိုင်း ပြီးစေနိုင်တဲ့ ငါကောင်ဟုတ်ဟန်၊ လှပတင့်တယ်ဟန် အနေအားဖြင့် နှလုံးသွင်းတာဟာ အယောနိသော မနသိကာရပါ။ ရှုမှတ်မှုကင်းပြီး ရောက်တတ်ရာရာ အလိုရှိတိုင်း နှလုံးသွင်းမှုများဟာ လိုလားအပ်တဲ့ စီးပွားချမ်းသာအစစ် ၀ိပဿနာ မဂ် ဖိုလ်တို့ကို မဖြစ်စေနိုင်၊ အကျိုးမဲ့ကိုသာ ဖြစ်စေနိုင်တာကြောင့် အယောနိသော မနသိကာရပါ။
ဒီအတွက် နောက်နောက်သော ၀ီထိဆိုင်ရာ အကုသိုလ်တို့ရဲ့ အကြောင်းကို ဆိုလိုရင် ရှေးရှေးဝီထိမှာ ပါဝင်တဲ့ အာဝဇ္ဇန်းနဲ့ အကုသိုလ်ဇောအပေါင်းကို ကောက်ယူရပါမယ်။ တစ်ခုတည်းဖြစ်တဲ့ အကုသိုလ်တို့ရဲ့ အကြောင်းကို ဆိုလိုရင်တော့ အာဝဇ္ဇန်းကိုသာ အယောနိသော မနသိကာရလို့ ယူရပါတယ်။
အယောနိသောကြောင့် အကုသိုလ်ဖြစ်ပုံကိုလည်း အနည်းငယ်ရှင်းပြပါဦးမယ်။
ဒွါရ ၆ ပါးမှာ အာရုံထင်လာတဲ့အခါ ချစ်စရာလား မုန်းစရာလားလို့ ဆင်ခြင်တဲ့ အာဝဇ္ဇန်းဟာ နည်းလမ်းမှားအတိုင်း နှလုံးသွင်းရင်းဖြစ်။ တစ္ဆေကြောက်တတ်သူ၊ တစ်ဦးဦးကို မြှော်တဲ့သူတို့ဟာ အမြဲသံသယနဲ့ စူးစမ်းသလိုပါတဲ့။ ပဉ္စဒွါရမှာ အဲ့ဒီအာဝဇ္ဇန်းနဲ့ လျော်တဲ့ သမ္ပဋိစ္ဆိုင်း သန္တီရဏစိတ်တို့ဖြစ်ပြီးရင် ၀ုဋ္ဌောစိတ်က ချစ်ဖွယ် မုန်းဖွယ် အနေအားဖြင့် ဆုံးဖြတ်တယ်။ ဒီနောက် လောဘ ဒေါသ မောဟ ဇောတို့ ဖြစ်ကြလေတယ်။ မနောဒွါရမှာလဲ ချစ်ဖွယ် မုန်းဖွယ်စတဲ့ အနေအားဖြင့် အာဝဇ္ဇန်းစိတ်ရဲ့ နှလုံးသွင်းအားလျော်စွာပဲ အကုသိုလ်ဇောများ ဖြစ်ကြပါတယ်။ ဒါတွေဟာ အယောနိသောက စတဲ့ အကုသိုလ်ဖြစ်ပုံများပါ။
အနှစ်ချုပ်တော့ သမထ ၀ိပဿနာမှ လွတ်ခိုက် ဒွါရ ၆ ပါးမှာ ရုပ်နာမ်တွေကို နိစ္စ သုခ အတ္တ သုဘအနေနဲ့ နှလုံးသွင်းမိတတ်ကြတယ်။ အဲ့ဒါဟာ အယောနိသော မနသိကာရဖြစ်ပါတယ်။ အကုသိုလ်မှန်သမျှရဲ့ ပေါက်ဖွားရာ မူလအကြောင်းရင်းပါ။ ဒီနေရာအတွက်ကား သုဘလို့ နှလုံးသွင်းမိခြင်းက ပဓာနဖြစ်ပါတယ်။
ယောနိသော မနသိကာရကြောင့် နကိုယ်က ဖြစ်နေတဲ့ ကာမစ္ဆန္ဒကို တဒင်္ဂ ၀ိက္ခမ္ဘနပဟာန်တို့ဖြင့် ပယ်နိုင်ခဲ့တယ်။ အဲ့ဒီလို ပယ်ပေးနိုင်တဲ့ ယောနိသော မနသိကာရဆိုတဲ့ အကြောင်းကိုလည်း သိတယ်။
အဋ္ဌကထာဆရာတော်ရဲ့ (ဒီ။ဋ္ဌ။ ၂။ ၃၆၈) ယောနိသော မနသိကာရ ဖွင့်ဆိုချက်တွေက မှတ်သားစရာ အလွန်ကောင်းပါတယ်။ မှတ်သားလိုသူတို့အတွက် အောက်မှာ ရွေးထုတ် တင်ပြအပ်ပါတယ်။
ယောနိသော မနသိကာရဆိုတာ လိုလားအပ်သော အကြောင်းမှန်၊ နည်းမှန်ဖြစ်တဲ့ နှလုံးသွင်းမှုပါ။ လမ်းမှန်ဖြစ်တဲ့ နှလုံးသွင်းခြင်းပါ။ မမြဲတာကို မမြဲ၊ ဆင်းရဲတာကို ဆင်းရဲ၊ ငါကောင် မဟုတ်တာကို ငါကောင်မဟုတ်၊ မတင့်တယ်တာကို မတင့်တယ်လို့ နှလုံးသွင်းခြင်း ဖြစ်ပါတယ်။
မဟာစည်ဆရာတော် ဘုရားကြီးရဲ့ ၀ိပဿနာရှုနည်းကျမ်း ။ပ။ ၄၁၂ မှာ ၀ိပဿနာနဲ့ဆိုင်တဲ့ ယောနိသော မနသိကာရကို နှစ်မျိုး ထပ်ပြထားတယ်။ ယင်းတို့ကား အောက်ပါအတိုင်းပင် ဖြစ်ပါတော့တယ်။
"ဖြစ်ဆဲ ရုပ်နာမ်တို့ကို သဘာဝလက္ခဏာစသည် အလိုအားဖြင့်၎င်း၊ ဖြစ်မှု ပျက်မှု၊ အနိစ္စလက္ခဏာ စသည်တို့ အလိုအားဖြင့်၎င်း နှလုံးသွင်းမှု၊ ရှုမှတ်မှု၊ သိမှုသည် ယောနိသော မနသိကာရမည်၏။ ပစ္စက္ခဉာဏ် ရင့်သောအခါ၌ မျက်မှောက်မမြင်အပ်သော ရုပ်နာမ်တို့ကို မြင်အပ်ပြီးသော ရုပ်နာမ်တို့နှင့် နှိုင်းဆ၍ ရှုဆင်ခြင်မှု၊ ဆုံးဖြတ်မှုသည်လည်း ယောနိသော မနသိကာရပင်တည်း။ နောက်နောက် ၀ိပဿနာဉာဏ်ထူးများနှင့် မဂ်ဖိုလ်ဟူသော အစီးအပွားကို ရရန် နည်းလမ်းမှန်ဖြစ်သော နှလုံးသွင်းမှုဟု ဆိုလို၏။"
ဆက်လက်ပြီး ဆရာတော်ကြီးက ဋီကာဆရာတော်ရဲ့ အဆိုကို ထပ်မံ ထုတ်ပြပြီး အဋ္ဌကထာဋီကာတို့ရဲ့ ဖွင့်ဆိုပုံများကိုလည်း သုံးသပ်ပြတော်မူပါတယ်။ ယင်းတို့ကား အောက်ပါအတိုင်း ဖြစ်ပါတယ်။
ရှေးရှေးဝီထိ၌ဖြစ်သော အာဝဇ္ဇန်းနှင့် ၀ိပဿနာဇောကို နောက်နောက်ဝီထိတို့၌ ကုသိုလ်တို့၏ အကြောင်းဖြစ်သော ယောနိသော မနသိကာရဟု ယူအပ်၏။ (ဒီ။ ဋီ။ ၂။ ၃၂၄) များစွာသော အဋ္ဌကထာဋီကာတို့၌ကား တခုတည်းသော ၀ီထိအတွင်း၌ဖြစ်သော ကုသိုလ် အကုသိုလ်တို့၏ အကြောင်းကို ရည်၍ အာဝဇ္ဇန်းကိုသာ ယောနိသော မနသိကာရ၊ အယောနိသော မနသိကာရဟု ပြဆိုကုန်၏။ အရာအားလျော်စွာ ပြဆိုကြသည်ဟု မှတ်ရာ၏။
အနိစ္စ ဒုက္ခ အနတ္တ အသုဘအနေအားဖြင့် ရှုမြင်တာဟာ ၀ိပဿနာ၊ အသုဘအနေအားဖြင့် နှလုံးသွင်းတာ သမထဖြစ်တယ်။ ကာမစ္ဆန္ဒကို အနိစ္စစသည်နဲ့ ရှုမြင် နှလုံးသွင်းလိုက်ရင် ကာမစ္ဆန္ဒဟာ တဒင်္ဂ ၀က္ခမ္ဘနအားဖြင့် ငြိမ်းသွားပါတယ်။
ဆိုခဲ့တာတွေက ပါဠိအဋ္ဌကထာလာအတိုင်း ကာမစ္ဆန္ဒ နီဝရဏကို ဓမ္မာနုပဿနာ ရှုပုံဖြစ်ပါတယ်။ အဲ့ဒါတွေကို မဟာစည်ဆရာတော် ဘုရားကြီးက လက်တွေ့ကျကျ ရှုမှတ်ပုံကို အောက်ပါအတိုင်း ညွန်ပြတော်မူခဲ့ပါတယ်။
လိုချင်တပ်မက်မှု ဖြစ်ပေါ်လာရင် ဖြစ်ပေါ်လာတဲ့အတိုင်း လိုချင်တယ်၊ တပ်မက်တယ်လို့ ရှုမှတ်ရပါမယ်။ တစ်ချက်၊ နှစ်ချက်လောက် မှတ်လိုက်လို့ရှိရင် လိုချင်တပ်မက်မှု ပျောက်သွားတယ်။ ပျောက်သွားတာကို သိရရင်လည်း သိတယ်၊ သိတယ်လို့ မှတ်ရပါမယ်။ သိတယ်၊ သိတယ်လို့ ဆက်ကာဆက်ကာ မှတ်နေရင်း ဉာဏ်ထက်သူကျတော့ အယောနိသော၊ ယောနိသောတို့ဆိုတဲ့ အကြောင်းရင်းတွေကိုပါ သိသွားနိုင်ပါတယ်။
ဒီကာမစ္ဆန္ဒအရာမှာ လိုချင်တယ်၊ တပ်မက်တယ်လို့ မှတ်ခြင်းနဲ့ သိတာကို သိတယ်၊ သိတယ်လို့ မှတ်ခြင်းတို့ဟာ လိုရင်းဖြစ်ပါတယ်။
ပါဠိတော်မှာ "ယထာစ ပဟီနဿ ကာမစ္ဆန္ဒဿ အာယတိံ အနုပ္ပာဒေါ ဟောတိ။ တဉ္စ ပဇာနာတိ။" ဆိုပြီး အဆက် လာပါတယ်။
တင်္ဒဂ၊ ၀ိက္ခမ္ဘနပဟာန်တွေနဲ့ ပယ်အပ်ပြီးတဲ့ ကာမစ္ဆန္ဒကို နောင်အခါ လုံးဝမဖြစ်ပေါ်စေနိုင်တော့တဲ့ အရိယာမဂ်ဆိုတဲ့ အကြောင်းရှိတယ်။ အဲ့ဒီမဂ်ကိုလည်း သိရပါမယ်တဲ့။
အထက်က ပါဠိတော်အရဆိုရင် ကာမစ္ဆန္ဒကို အပြီးပယ်သတ်တဲ့ အရိယာမဂ်ကိုလည်း သိနေစေခြင်းပါ။ အဲ့ဒီမဂ်က အရဟတ္တမဂ်ဖြစ်ပါတယ်။ သို့ဖြစ်လို့ ရဟန္တာဖြစ်ပြီးသော ပုဂ္ဂိုလ်ဟာ ကာမစ္ဆန္ဒ လုံးဝချုပ်ငြိမ်းကြောင်းဖြစ်တဲ့ အရဟတ္တမဂ်ကို မျက်မှောက်သိတယ်လို့ ဆိုရမှာပင်။ ရဟန္တာမဖြစ်သေးတဲ့ ယောဂီတွေမှာဆိုရင် ကာမစ္ဆန္ဒ ပယ်ပုံကို တင်္ဒဂနဲ့ ၀ိက္ခမ္ဘနပဟာန်အခိုက်တွေမှာ သုစိန္တာတို့နဲ့သာ သိနိုင်ပါမယ်။
ဒီကာမစ္ဆန္ဒနဲ့ နောက်လာမဲ့ ဗျာပါဒနီဝရဏ နှစ်မျိုးတို့ကို မဖြစ်ပေါ်လာအောင် ကြိုတင်ကာကွယ်ပြီး ရှုမှတ်ထားလို့လည်း ရပါသေးတယ်။ အာယတနပိုင်းလာ ရှုမှတ်မှုများနဲ့ ကာကွယ်ရပါမယ်။ ဒီနီဝရဏ နှစ်ပါးမဖြစ်အောင် ရှုမှတ်ပုံ အသေးစိတ်ကိုတော့ အာယတနပိုင်းကျမှ အပြည့်အစုံတင်ပြသွားပါမယ်။
ကာမစ္ဆန္ဒကို အပြီးမပယ်နိုင်သေးခင်နဲ့ အပြီးပယ်ပြီး အပိုင်းနှစ်ခုကို နားထွေးသွားမှာစိုးလို့ အခန်းခွဲပြီး ရေးလိုက်ရပါတယ်။ စင်စစ်မှာလည်း အခုရေးတဲ့ အခန်းဟာ သာမန်ယောဂီတို့အတွက် ဗဟုသုတအလို့ငှာသာ အသုံးဝင်ပါမယ်။ သို့ပေမင့် ရဟန္တာပုဂ္ဂိုလ်တို့အား အကြည်ညိုတက်စေခြင်း အာနိသင်တော့ ယူမယ်ဆိုရင် ယူနိုင်ပါတယ်
ဗျာပါဒနီဝရဏ
==========
ဒီနီဝရဏကို သိပုံအဆင့်ဆင့် ဟောတော်မူရာတွင် ရှေ့ပိုင်းအားလုံးဟာ ကာမစ္ဆန္ဒနဲ့ တူနေပါတယ်။ ဒါကြောင့် အကျယ်မရေးတော့ဘဲ မတူတဲ့ နောက်ဆုံးပိုင်းနဲ့ ထူးခြားတဲ့ ဖွင့်ဆိုချက်တွေကိုသာ ရေးသွားပါမယ်။
ဗျာပါဒနီဝရဏကို အနာဂါမိမဂ်ဖြင့် အပြီးတိုင် ချုပ်ငြိမ်းပါတယ်။ အဲ့ဒီမဂ်ကို အနာဂါမ်ပုဂ္ဂိုလ်က မျက်မှောက်သိပါတယ်။ ဆိုလိုတာက ဗျာပါဒ အပြီးတိုင် ချုပ်ငြိမ်းပုံကို အနာဂါမ်ဖြစ်ခါမှ သိနိုင်မယ်လို့ ဖြစ်ပါတယ်။ အနာဂါမ်မဖြစ်သေးတဲ့ အခြားယောဂီတို့မှာကား သုစိန္တာအနေနဲ့သာ သိကြရပါတယ်။
စိတ်ဆိုးမှု၊ စိတ်ပျက်မှု၊ ညှဉ်းဆဲသတ်ဖြတ်လိုမှု၊ ဖျက်ဆီးလိုမှုတို့ဆိုတဲ့ ဒေါသတွေဟာ ဗျာပါဒမည်ပါတယ်။ စိတ်ဆိုး စိတ်ပျက်စရာ တစ်ခုခုကို နိစ္စ၊ သုခ၊ အတ္တ၊ သုဘလို့ ထင်မှတ်ပြီး စိတ်ဆိုးစရာကောင်းတယ်လို့ နှလုံးသွင်းမိခြင်း၊ မှတ်ချက်ပြုမိခြင်းကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ သို့ဖြစ်လို့ စိတ်ဆိုးစရာ ကောင်းတယ်လို့ နှလုံးသွင်းမှုဟာ ဒီနေရာအတွက် အယောနိသော မနသီကာရဖြစ်ပါတယ်။
အဋ္ဌကထာ ဆရာတော်က ဗျာပါဒကို တိုက်ရိုက်ပယ်ပုံများ ပြဆိုထားပါသေးတယ်။ ၀ိပဿနာကျင့်စဉ်အတွက် ကျေးဇူးအထူး မများပေမဲ့ ဗဟုသုတအလို့ငှာ တင်ပြပါဦးမယ်။
အပိစ ဆ ဓမ္မာ ဗျာပါဒဿ ပဟာနာယ သံဝတ္တန္တိ မေတ္တနိမိတ္တဿ ဥဂ္ဂဟော မေတ္တာဘာဝနာနုယောဂေါ ကမ္မဿကတာပစ္စဝေက္ခဏာ ပဋိသခါင်္န ဗဟုလတာ ကလျာဏမိတ္တတာ သပ္ပာယကထာ တိ။ (ဒီ။ ဋ္ဌ။ ၂။ ၂၆၉)
ဗျာပါဒကို ပယ်နိုင်ဖို့ရန် မေတ္တာနိမိတ်ရအောင် သင်ယူမှတ်သားခြင်း၊ ပွားများခြင်း၊ ကံနဲ့ ကံရဲ့အကျိုး ဆက်စပ်ပုံကို ဆင်ခြင်ခြင်း၊ ခန္ဓာ အာယတန ဓာတ် ပစ္စည်းတို့ကို ခွဲခြမ်းဆင်ခြင်မှုတွေ ကြိမ်ဖန်များစွာ ပြုလုပ်ခြင်း၊ မိတ်ဆွေကောင်းရှိခြင်း၊ ဗျာပါဒငြိမ်းမှုနဲ့ သင့်လျော်လျောက်ပတ်တဲ့ တရားစကားတွေ ပြောဆိုဆွေးနွေးခြင်းတို့ ဖြစ်ကြပါတယ်။
မေတ္တာနိမိတ်အတွက် သြဒိဿ အနောဒိဿ ဒိသာဖရဏတို့ဆိုတဲ့ ပွားများနည်းတွေ အားလုံးသက်ဆိုင်ပါတယ်။ အပ္ပနာ ဥပစာရတို့ဆိုတဲ့ အဆင့်နှစ်ခုစလုံး သင့်မြတ်ပါတယ်။
စိတ်ဆိုးရင် စိတ်ဆိုးတယ်၊ စိတ်ဆိုးတယ်လို့ မှတ်ရပါမယ်။ နှစ်ချက် သုံးချက်လောက် မှတ်လိုက်လို့ စိတ်ဆိုးတာ ပျောက်သွားတာကို သိရင်လည်း သိတယ်၊ သိတယ်လို့ ဆက်မှတ်သွားရုံသာ။
ငြိမ်းနန္ဒ (၂၁/၂၄ /၇ /၂၀၁၇)
No comments:
Post a Comment