(၂၁)
အရိယာစစ်တမ်း
===========
မဂ်ကျပုံ
=====
မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ၀ိပဿနာရှုနည်းကျမ်းမှာ သတိပဋ္ဌာန်ရှုမှတ်ရင်း အရိယာဖြစ်ပုံကို အတိအကျ ဖော်ပြထားတယ်။ သတိပဋ္ဌာန်တရား ရှုမှတ်ပွားများနေသူများအဖို့ မဖြစ်မနေ ရောက်ရမည့်မှတ်တိုင်ဖြစ်ပြီး မရောက် ရောက်အောင်လည်း ကြိုးစား အားထုတ်သွားကြရမည့် မှတ်တိုင်လည်း ဖြစ်နေပါတယ်။
လိုချင်တောင့်တမှု၊ သာယာနှစ်သက်မှုဟာ သမုဒယသစ္စာဖြစ်တယ်။ ကျန်တဲ့ ရုပ်နာမ်တွေက ဒုက္ခသစ္စာဖြစ်တယ်။ မှတ်အပ်တဲ့ အာရုံနဲ့ မှတ်သိမှုတို့ ချုပ်ငြိမ်းကင်းပြတ်ခြင်း သဘောက နိရောဓသစ္စာဖြစ်တယ်။ ချုပ်ငြိမ်းကင်းပြတ်ခြင်း သဘောသို့ ရောက်လျက် မျက်မှောက် ကိုယ်တွေ့ သိတဲ့ တရားက မဂ္ဂသစ္စာဖြစ်ပါတယ်။
အထက်က စာပိုဒ်ဟာ သစ္စာလေးပါးကို တစ်ပြိုင်နက်သိပြီး အရိယာဖြစ်သွားပုံပါ။ အားထုတ်ဆဲ ယောဂီများအနေနဲ့ ပိုပြီး ရှင်းလင်းစွာ သိနိုင်ဖို့ အနည်းငယ် ထပ်မံရှင်းပြပါဦးမယ်။ ရှင်းလင်းချက်ထဲမှာ အများသူငါတို့ မျှော်လင့်ထားကြသလို ဒုက္ခအတုံးအခဲကြီးကို ဆုတ်ကိုင် ပြမထားပါဘူးဆိုတာကိုတော့ ကြိုတင်အသိပေးလိုပါတယ်။
ဖောင်းပိန်ကို ရှုမှတ်နေတဲ့ ယောဂီဟာ ရှုမှတ်အပ်တဲ့ အာရုံဆိုတဲ့ အဲ့ဒီဖောင်းပိန်ကို ရှုမှတ်ရင်းနဲ့ သမာဓိရင့်သန်လာပြီး ရှုမှတ်မှုတွေ အသေးစိတ်လာနိုင်တဲ့အခါ သိမှုများလည်း စူးရှလာပါတယ်။ ထိုးထွင်းသိမြင်မှု စွမ်းရည်မြင့်မားလာတယ်လို့ ဆိုလိုပါတယ်။
ဒီအခါ ဖောင်းပိန်တွေကိုလည်း ဖြစ်မှု၊ ပျက်မှုများ အပိုင်းပိုင်း အပြတ်ပြတ်တွေနဲ့ ဆက်ထားတဲ့ ဖြစ်စဉ်ကြီးတစ်ခုအနေနဲ့ မြင်လာတယ်။ ဖောင်းမှု၊ ပိန်မှု တစ်ခုချင်းစီ ဖြစ်ပျက်နေမှုကို ကျော်လွန်ပြီး ဖြစ်ပျက်အစဉ်ကြီး တစ်ခုတည်းသာ ဖြစ်သွားတယ်လို့ ထင်သွားတယ်။
ဒါ့ကြောင့် ရှုမှတ်နေဆဲ ဖောင်းပိန်ဟာ မထင်ရှားတော့ဘဲ ဖြစ်နေတတ်တယ်။ ဒါ့အပြင် ဖောင်းတယ်၊ ပိန်တယ်လို့ ရှုမှတ်လို့ မရနိုင်တော့လောက်အောင် ပျောက်နေတတ်ပါတယ်။ စာအနေနဲ့ ရေးပြရရင် ဖောင်းပိန်တွေ ချုပ်နေတယ်ပေါ့။
ယောဂီဟာ ရှုမှတ်စရာ ဖောင်းပိန်ဆိုတဲ့ အာရုံမရှိတော့လို့ ထိုင်ထိကို ပြောင်းပြီး မှတ်တယ်။ သမာဓိက ခိုင်မာပြီးဖြစ်နေရင် သူလည်း ဖေါင်းပိန်လိုပဲ ပျောက်ကွယ်သွားမယ်။ ဒီအခါ ယောဂီမှာ မိမိကိုယ်ကို သိနေတဲ့ အသိလေးသာ ကျန်ပါတော့တယ်။ သို့ဖြစ်ရင် အဲ့ဒီအသိကို သိတယ်၊ သိတယ်လို့သာ ရှုမှတ်နေရပါတယ်။
အဲ့ဒီသိမှုကို ရှုမှတ်နေရင်း သမာဓိဉာဏ်တွေ ပိုမိုရင့်သန်လာတဲ့အခါ ယောဂီရဲ့ ရှုမှတ်သိမှုဟာ သိမှုဆိုတဲ့ နာမ်တို့ရဲ့ ဖြစ်ပျက်အစဉ်ကိုသာ သိလာတယ်။ ဖြစ်ပျက်အစဉ်ကို သိခြင်းဖြင့် လက္ခဏာရေး သုံးပါးကိုလည်း သိမှုကိစ္စပြီးတယ်လို့ မှတ်ရပါမယ်။ သိမှုဟာ အလွန်လျင်မြန်ပြီး ရှုမှတ်နိုင်ဖို့ရာ အလွန်ခက်ခဲတာကြောင့်ပါ။
လက္ခဏာ သုံးပါးကို သိပုံ
================
ရှုမှတ်ချက်များ အထူးကောင်းမွန်လာတဲ့အခါ ရှုမှတ်ချက်တိုင်းမှာ ဖျတ်ကနဲ ပေါ်လာပြီး ရိပ်ကနဲ ကုန်ပျောက်သွားတာကို ရှင်းလင်းစွာ သိလာကြရတယ်။ ဒါဟာ လက္ခဏာသုံးပါး သိပုံအတွက် အဓိကအချက် ဖြစ်ပါတယ်။
သို့ကြောင့် အနိစ္စံ ခယဋ္ဌေန = ကုန်သွားတဲ့ အနက်သဘောကြောင့် မမြဲ။ ဟုတွာ အဘာဝတော အနိစ္စာ = ဖြစ်ပေါ်ပြီးရင် မရှိခြင်း၊ ကွယ်ပျောက်သွားခြင်းကြောင့် မမြဲကုန်လို့လည်း သုံးသပ်ဆင်ခြင်မိကြတယ်။ ဒါက အနိစ္စလက္ခဏာကို သိခြင်းပါ။ မိမိတို့ရဲ့ တရားစွမ်းရည်တွေအရ သိမှုကတော့ ကွာခြားကြပေလိမ့်မယ်။
ယဒနိစ္စံ တံ ဒုက္ခံ = မမြဲတဲ့ တရားဟာ ဆင်းရဲပင်။ ဒုက္ခံ ဘယဋ္ဌေန = ကြောက်စရာကောင်းတဲ့ အနက်သဘောကြောင့် ဆင်းရဲပင်။ ဥဒယဗ္ဗယပ္ပဋိပီဠနတော ဒုက္ခာ = ဖြစ်ခြင်း ပျက်ခြင်းက မပြတ်နှိပ်စက်အပ်တာကြောင့် ဆင်းရဲပင်။
ယောဂီဟာ မိမိရှုမှတ်ချက်တွေအပေါ် ရှုမှတ်နေရင်း ဆိုခဲ့ပါ ဒုက္ခလက္ခဏာများနဲ့ စပ်ဆိုင်တာတွေကို သိလာတယ်။ ဘယ်အချိန်မဆို သေနိုင်အောင် ခဏမစဲ ပျောက်ပျက်ပြီး မမြဲတဲ့အတွက် ဆင်းရဲချည်းပဲ၊ မကောင်းတာချည်းဘဲလို့ ဆင်ခြင်သုံးသပ်မိခြင်းမျိုးပါ။
ဒုက္ခမဒက္ခိ သလ္လတော၊ ဒုက္ခ၀တ္ထုတာယ စ ဒုက္ခတော၊ ရောဂတော ဂဏ္ဌတော သလ္လတော စတဲ့ ပါဠိ အဋ္ဌကထာတို့နဲ့အညီ မခံသာမှု အမျိုးမျိုးကို ခံစားပြီး ဆင်ခြင်ပုံတွေနဲ့လည်း ထပ်တူကျပါတယ်။
ယံဒုက္ခံ တဒနတ္ထာ = ဆင်းရဲတဲ့ တရားဟာ အစိုးရတဲ့ အတ္တကောင်မဟုတ်။ အနတ္တာ အသာရကဋ္ဌေန = အနှစ်မဲ့တဲ့ အနက်သဘောကြောင့် အတ္တကောင် ငါကောင်မဟုတ်။ အ၀သ၀တ္တနတော အနတ္တာ = အလိုအတိုင်း မဖြစ်ခြင်းကြောင့် ငါကောင်မဟုတ်ကုန်။
ယောဂီဟာ ဆိုခဲ့တဲ့ အနတ္တလက္ခဏာကို သိပုံအချင်းအရာအားဖြင့်လည်း သိလာပါတယ်။ အရပ်စကားနဲ့ပြောရင် မဖြစ်အောင်လည်း မတတ်နိုင်၊ မပျက်အောင်လည်း မတတ်နိုင်လို့ အစိုးပိုင်တဲ့ငါကောင် မဟုတ်တာချည်းပဲ၊ ဘာမျှခိုင်မာတဲ့ အနှစ်သာရ မရှိဘူး၊ သူ့သဘောအတိုင်း ဖြစ်ပျက်နေတဲ့ သဘောတရားတွေချည်းပဲလို့ သုံးသပ်ဆင်ခြင်မိခြင်းတွေပါ။
ဒိနောက်မှာ နာမ်တို့ရဲ့ သာမန်အာရုံကို သိတတ်မှု သဘောကနေ ဖြစ်ပျက်အစဉ်နဲ့ လက္ခဏာသုံးပါးကို သိတဲ့ သဘောသို့ ပြောင်းလဲသွားပါတယ်။ ဒီအခါ သိနေမှုတွေပါ ပျောက်နေသလို ဖြစ်သွားပါတယ်။ ဒါကို နာမ်တွေ ချုပ်သွားတယ်လို့လည်း ထင်မြင်တတ်ကြပါတယ်။
စင်စစ်မှာ ရှုမှတ်လို့ရတဲ့ သိတတ်မှုအဆင့်ကနေ ရှုမှတ်လို့ မရတော့တဲ့ သိနေမှုသဘောလေးသာ ကျန်တဲ့ အနေအထားဖြစ်သွားခြင်းပါ။ ဒါဟာ နိရောဓဆိုက်ပုံကို မဂ်ဉာဏ်ဖြင့် သိသွားပုံဖြစ်ပါတယ်။ ယောဂီများရဲ့ ရည်မှန်းပန်းတိုင်ဖြစ်တဲ့ အရိယာဖြစ်သွားခြင်းဖြစ်ပါတယ်။
မဂ်တုနှင့်စပ် သိမှတ်စရာများ
==================
ဝိပဿနာနယ်ပယ်မှာ ဘင်္ဂဉာဏ်မရောက်မချင်း ပညတ်နယ် မလွန်သေးပါ။ ပညတ်ကို ရှုမှတ်ရင်း တခဏစီမျှ ဖျတ်ကနဲ ပေါ်ပေါ်လာတဲ့ ပရမတ်ကို ရှုမှတ်ခွင့်ရခဲ့ကြလို့သာ နာမရူပပရိစ္ဆေဒနဲ့ ဥဒယဗ္ဗယဉာဏ်နှစ်မျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။
ဘင်္ဂဉာဏ်ရောက်လာရင် ဆရာကနေ အာရုံကို တည့်မတ်ပေးဖို့ မလိုသလောက် ဖြစ်သွားပါတယ်။ ပရမတ်နယ်ထဲ ပီပီပြင်ပြင် ရောက်သွားတဲ့ အနေအထား။ ဘယ်ဟာကို မှတ်မှတ် ပရမတ်ဆိုက်အောင် ရှုမှတ်နိုင်ပြီဖြစ်လို့ ၀ိပဿနာဉာဏ်တွေ အဆင့်ဆင့် ဖြစ်ပေါ်လာကြဖို့ သေချာသွားတဲ့သဘောပါ။
ပညတ်ဆိုတဲ့ ငြမ်းကို ဖျက်ပြီးလို့ ပရမတ်လမ်းစဉ်အတိုင်း လျှောက်သွားတတ်ပြီလို့ ဆိုလိုပါတယ်။ ဒါ့ကြောင့် ရှုမှတ်ရာမှာ စူးစိုက်မှုပုံစံလည်း ပြောင်းသွားတယ်။ တက်သူက အတင်းထိုးတက်ရတဲ့ အခြေအနေမှ လမ်းစဉ်ခေါ်ဆောင်ရာနောက် မှီအောင် လျှောက်ရတဲ့ အနေအထား ဖြစ်သွားပါတယ်။
ပညတ်နဲ့ ပရမတ်တွေထင်ပုံကို ပိုပြီးတော့ ရှင်းလင်းအောင် ပြောကြည့်ပါဦးမယ်။ အားထုတ်စ ယောဂီများလည်း အသုံးဝင်အောင် အစကို ပြန်ငင်ပြောပါမယ်။
အားထုတ်စ ယောဂီဟာ ဖောင်းပိန်နဲ့ ဘယ်ညာလှမ်းတာတွေကိုတောင် ထိထိမိမိနဲ့ ကွက်တိကွက်တိ မှတ်နိုင်ဖို့ အတော်ကြီးကို ကြိုးစားယူရပါတယ်။ မှတ်ချက်တွေ အသားကျလာတဲ့အခါ မာမှု၊ ပျော့မှု၊ ပူမှု၊ အေးမှု၊ စတာတွေကို သတိထားလာနိုင်ပါတယ်။ မှတ်ချက်တွေအတွက် အထူးအားမစိုက်ရတော့ဘဲ သဘောတရားတွေကိုသာ သတိထားစောင့်ကြည့်တဲ့ အဆင့်ရောက်လာတဲ့အခါ ပူမှုစတာတွေဟာလည်း ရိပ်ကနဲ ရိပ်ကနဲ ပေါ်ပေါ်လာပြီး ပျက်ပျက်သွားတာတွေကို တွေ့မြင်လာကြရပါတယ်။
ဆိုခဲ့တာတွေထဲမှာ ဖောင်းပိန်နဲ့ ဘယ်ညာလှမ်းဆိုတာတွေဟာ ပုံပန်းသွင်ပြင်များဖြစ်လို့ ပညတ်နယ်ဖြစ်ပါတယ်။ ပူမှုစတာတွေကျတော့ ဓာတ်သဘောတွေဖြစ်လို့ ပရမတ်နယ်ပါ။ ပေါ်ပြီး ပျက်သွားတာတွေကား ၀ိပဿနာနယ် ရောက်ခြင်းပါ။ ဒါလောက်ဆိုရင် မိမိဟာ ဘယ်နယ်သားလဲလို့ ခွဲခြားသိမြင်နိုင်ပါပြီ။
နောက်ပြီး ထူးခြားချက်အနေနဲ့လည်း ဥဒယဗ္ဗယဉာဏ်ကနေ ဘင်္ဂဉာဏ်အကူးမှာ မဂ်ဉာဏ်ဖြစ်ပုံနည်းတူ ယောဂီမှာ ဖြစ်လေ့ရှိတယ်။ အရပ်စကားနဲ့ ပြောရရင် တွေ့မြင်ရမှုအပေါ် သဘောအကျလွန်ပြီး လစ်တယ်၊ သတိလစ်တယ်ပေါ့။
ဘင်္ဂဉာဏ်ဖြစ်နေစဉ်အတွင်းမှာလည်း စိတ်ဆိုး၊ စိတ်ပျက်တာတွေကြောင့် လစ်တတ်ပြန်ပါတယ်။ ဒါ့အပြင် ပဋိသခါင်္နှင့် သခါင်္ရုပေက္ခာဉာဏ်အကူး ဘေးတွေကို သိမြင်ပြီး လစ်ကြပါတယ်။
လစ်မှုတွေ ဖြစ်ပေါ်လာရခြင်းအကြောင်းတွေကို ပြန်စုဆောင်းပေးပါမယ်။ အားလုံး ၆ ပါးရှိပါတယ်။ မဂ်ကျစဉ်လို လစ်တတ်ပေမဲ့ အကျိုးမများတာကြောင့် သတိထားကျော်လွှား သွားကြရမဲ့ အလစ်တွေပါ။
အလစ် ၆ ပါး
========
၁။ ဥပေက္ခာ = ကြောင့်ကြမစိုက်ရဘဲ သူ့အရှိန်နဲ့သူ မှတ်ကောင်းနေရာမှာ သတိအားနည်းပြီး တစ်မှတ်စာ၊ နှစ်မှတ်စာ လစ်ခြင်း။
၂။ ပီတိ = ရှုမှတ်ကောင်းနေရာမှ ၀မ်းမြောက်လွန်ပြီး အေးခနဲဖြစ်ကာ လစ်ခြင်း။
၃။ ပဿဒ္ဓိ = ကြောင့်ကြမှုမရှိဘဲ သိမ်မွေ့စွာနဲ့ ကိုယ်ရောစိတ်ပါ အေးငြိမ်း ပေါ့ပါးပြီး ဘာကိုရှုမှတ်ရမှန်း မသိတော့ဘဲ ငေးငိုင်ပြီး လစ်ခြင်း။
၎။ ၀ီရိယ = အလွန်ကြောင့်ကြစိုက်ကာ ပေါ်လာသမျှ အာရုံတွေကို ပျောက်တဲ့အထိ မရှုမှတ်တော့ဘဲ ခဏ ခဏကူးပြောင်း ရှုမှတ်နေလို့ ထိထိမိမိ မရှုမှတ်နိုင်တော့ဘဲ လစ်ခြင်း။
၅။ ထိန ၆။ မိဒ္ဓ = ရှုမှတ်ရင်း ရှုမှတ်ရင်းနဲ့ အာရုံရော မှတ်စိတ်ပါ မှေးမှိန်လာကာ သမာဓိလွန်လို့ လစ်ခြင်း။
ဥပေက် ပီတိ၊ ပဿဒ္ဓိ၊ ၀ီရိ ထိ မိဒ္ဓါ။
သမာဓိကဲ၊ ဉာဏ်အားနဲ၊ ဖြစ်မြဲအလစ်သာ။
အလစ်ခြောက်ပါး၊ သတိထား၊ ဖြစ်ငြားယောဂီမှာ။
အထက်မှာ ဆိုခဲ့တဲ့ အလစ်တွေဟာ မဂ်ကျစဉ်ခဏနဲ့ အလွန်တူပါတယ်။ မဂ်ကျပုံကို တစ်စွန်းတစ်စ ကြားဖူးနားဝ ရှိထားသူဟာ မဂ်ကျတာပဲလို့ ထင်မှတ်မှားနိုင်ပါတယ်။ သို့ဖြစ်လို့ သိထားသင့်တယ်ထင်လို့ မဂ်တုတွေအကြောင်း တင်ပြရခြင်းပါ။
တကယ်လို့ ဒီလောက်နဲ့မှ မဂ်အတုအစစ်ကို မဝေခွဲနိုင်သေးဘူးဆိုရင် ဖိုလ်ဝင်စားကြည့်ခြင်းဖြင့် မိမိဘာသာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ဖိုလ်ဝင်စားပုံနဲ့ အထက်မဂ်ဖိုလ်တို့သို့ တက်လှမ်းပုံတွေကိုလည်း ဆက်လက်တင်ပြပေးပါဦးမယ်။
ဖိုလ်ဝင်စားပုံနှင့် အထက်မဂ်များသို့ တက်ပုံ
==========================
ဒီနေရာမှာ သိထားရမဲ့ ၀ိပဿနာအပြား သုံးပါးရှိပါတယ်။
၁။ မဂ်ရဖို့ရန် သခါင်္ရတွေကို သိမ်းဆည်းတဲ့ ၀ိပဿနာ၊ ဒီအတွက် ပုထုဇဉ်ပုဂ္ဂိုလ်များနဲ့ အောက်အရိယာ သုံးပါးတို့ ပါဝင်ပါမယ်။
၂။ ဖိုလ်ဝင်စားဖို့ရန် ရှုတဲ့ဝိပဿနာ၊ ဒီအတွက် အရိယာပုဂ္ဂိုလ်အားလုံးပါဝင်တယ်။ မိမိရဆဲ ဖိုလ်ကိုသာ ၀င်စားနိုင်ပါကြောင်းကိုကား အထူးမှတ်ထား ရပါမယ်။ တကယ်တမ်း အရိယာဖြစ်ပြီးပေမဲ့ မ၀င်စားနိုင်သေးရင် သမာဓိနဲ့ အခြားဣနြေ္ဒများ ထက်သန်မှု မပြည့်စုံသေးလို့သာ ဖြစ်ပါလိမ့်မယ်။ ဒီအတွက် ၀ိပဿနာကို အဖန်ဖန် အထပ်ထပ် ပွားများအားထုတ်ပြီး ဖြည့်တင်းယူရပါတယ်။
၃။ နိရောဓသမာပတ် ၀င်စားဖို့ရန် ရှုတဲ့ဝိပဿနာ၊ ဒီအတွက်ကား အနာဂါမ်နဲ့ ရဟန္တာပုဂ္ဂိုလ်တို့ ပါဝင်တယ်။
လောကမှာ မင်းစသူတို့ဟာ မိမိတို့ရဲ့ စည်းစိမ်ချမ်းသာတွေ ခံစားကြသလို အရိယာပုဂ္ဂိုလ်တို့ဟာလည်း မိမိတို့ ပိုင်ဆိုင်ထားကြတဲ့ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ၊ လောကုတ္တရာချမ်းသာတွေကို မျက်မှောက်ကျကျ ခံစားနိုင်ကြပါတယ်။ ခံစားပါတော့မယ်ဆိုရင် ဒီအချိန်ကာလ အတောအတွင်းမှာ ဖိုလ်စိတ်ကိုသာ ဖြစ်စေမယ်ဆိုပြီး အရင်ဦးစွာ အဓိဋ္ဌာန်ထားရတယ်။ ပြီးနောက်မှာ ဆက်လက်ပြီး ၀ိပဿနာကို ရှုရပါတယ်။
အရိယာပုဂ္ဂိုလ် ၀ိပဿနာရှုရင် အဖြစ်အပျက်မှ စတင်ပေါ်တယ်။ အဖြစ်အပျက်ကို သိမြင်တဲ့ ဥဒယဗ္ဗယဉာဏ်မှစပြီး ၀ိပဿနာဉာဏ်တွေ အစဉ်အတိုင်း ဖြစ်ပေါ်လာကြပြီးတော့ မကြာမီမှာဘဲ သခါင်္ရုပေက္ခာဉာဏ် ဖြစ်ပေါ်လာပါတယ်။
သခါင်္ရုပေက္ခာဉာဏ် အားပြည့်သွားတဲ့အခါ အနုလောမဉာဏ် ဖြစ်ပေါ်လာပြီးတော့ မှတ်သိအပ်ဆဲ သခါင်္ရအာရုံကို စွန့်လွှတ်ပြီး သခါင်္ရချုပ်ငြိမ်းကင်းဆိတ်တဲ့ နိဗ္ဗာန်အာရုံထဲသို့ စိတ်ဟာ ပြေးဝင်သွားသလို ဖြစ်တယ်။ ဖိုလ်ဝင်စားခိုက်မှာ နိဗ္ဗာန်မှတစ်ပါး ဘာကိုမျှ မသိတော့ပါ။ အဲ့ဒီစိတ်ဟာ အရင်က မဂ်ဖြစ်စဉ်နဲ့ အလားတူတယ်။ ဒါကို ဖလသမာပတ်ဝင်စားတယ်လို့လည်း ဆိုပါတယ်။
အထက်မဂ်အတွက် အားထုတ်လိုတဲ့ ပုဂ္ဂိုလ်ကျတော့ အားထုတ်မဲ့ ရက်အပိုင်းအခြားအတွင်းမှာ ရထားပြီးတဲ့ ဖိုလ်ကို အာလယဖြတ်ထားရတယ်။ အားထုတ်နေစဉ်မှာလည်း ဖိုလ်ကို စိတ်မညွတ်မိစေဖို့ အထူးသတိထားရပါတယ်။
အထက်မဂ်ကို ရည်သန်ပြီး ရှုတာဖြစ်လို့ ၀ိပဿနာဉာဏ်ဟာ သမ္မပ္ပဓာန်ကိစ္စ လေးချက်ကို ပြီးစေပါတယ်။ သို့ကြောင့် ဖိုလ်အတွက် ရှုတဲ့ ၀ိပဿနာနဲ့ အများကြီး ထူးခြားတယ်။ အထက် အထက် ၀ိပဿနာဉာဏ်တွေကိုတောင် အရင်ကလို လွယ်လွယ်ကူကူနဲ့ မရောက်တတ်တာမျိုးပါ။
ဝုဋ္ဌာနဂါမိနီ = အင်အားကောင်းတဲ့ ၀ိပဿနာရဲ့ လက္ခဏာနဲ့ ပြည့်စုံလာတဲ့အခါမှာကား ၀ိပဿနာဟာ မဂ်ရဲ့ အကြောင်းစစ်စစ် ဖြစ်လာပါတယ်။ ဒိနောက်မှာ ရှေးက မဂ်ကျစဉ်လိုပဲ အထက်မဂ်က ကျလာပါတော့တယ်။
အရိယာစစ်တမ်းဆိုတဲ့ ဒီစာစုဟာ မိမိကိုယ်ကို အရိယာဖြစ် မဖြစ် သံသယ၀င်နေသူများအား မိမိဘာသာ စစ်ဆေးနိုင်ဖို့ရန် အကူအညီ ပေးလိုခြင်းနဲ့ အရိယာဖြစ်ပြီးထားပေမဲ့ အထက်ဆက်တက်ဖို့ရန် အခက်ကြုံနေရခြင်းတွေကို ကူညီပေးလိုခြင်းအတွက်သာ ရည်ရွယ်ပါတယ်။ ဒီခေါင်းစဉ်အောက်မှာ ဖိုလ်ဉာဏ်နဲ့ ပစ္စဝေက္ခဏာဉာဏ်တို့ အကြောင်းတွေပါ ထည့်သွင်းသင့်ခဲ့ပါတယ်။ သို့ပေမင့် အဲ့ဒီဉာဏ်တွေက သီးသန့် အားထုတ်ယူရန်မလိုဘဲ မဂ်ကျပြီးနောက် ဆက်တိုက်ဖြစ်ပေါ်လာရတာကြောင့် ချန်လှပ်ထားခဲ့ရခြင်းပါ။ အသေးစိပ် သိရှိလိုပါက မဟာစည်ဆရာတော်ရဲ့ ၀ိပဿနာရှုနည်း ဒုတိယတွဲတွင် ဆက်လက်ရှုစားတော်မူကြပါကုန်။
အရိယာစစ်တမ်း ပြီးပါပြီ။
×××××××××××××××××
သတိပဋ္ဌာန် အကျိုးပြစကား
==================
ပါဠိတော်လာအတိုင်း
အမှတ်မရှိ တစ်စုံတစ်ယောက်သော ယောဂီပုဂ္ဂုလ်ဟာ သတိပဋ္ဌာန်လေးပါးကို အာနာပါနစတဲ့ ၂၁ ပိုင်းတို့မှာ ဟောပြအပ်ခဲ့ပြီးတဲ့ နည်းနဲ့ ခုနှစ် နှစ်ပတ်လုံးဖြစ်စေ၊ ပွားစေအံ့။ အဲ့ဒီလို ဖြစ်စေ ပွားစေတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မျက်မှောက်ဘ၀ ဒီကိုယ်မှာပင် အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းအကျန်ရှိသေးရင် အနာဂါမိဖိုလ်ဖြစ်စေ ဖိုလ်နှစ်ပါးတို့တွင် ဖိုလ်တစ်ပါးပါးကို မချွတ်ဧကန် အမှန်ပင်ဖြစ်မယ်လို့ ယုံကြည်အားထားရမယ်။ ကိန်းသေအားဖြင့် ယုံကြည်မှုရှိဖို့ လိုလားအပ်ပါတယ်။
ယောဂီတို့ ခုနှစ် နှစ်ဆိုတာကို ထားလိုက်ပါဦးတော့။ ယောဂီဟာ သတိပဋ္ဌာန် လေးပါးတို့ကို ဟောခဲ့တဲ့အတိုင်း ၆ နှစ်တို့ပတ်လုံး၊ ၅ နှစ်တို့ပတ်လုံး၊ ၄ နှစ်တို့ပတ်လုံး၊ ၃ နှစ်တို့ပတ်လုံး၊ ၂ နှစ်တို့ပတ်လုံး၊ တစ်နှစ်ပတ်လုံး ဖြစ်ပွားစေငြားအံ့။ အဲ့ဒီလို ပွားစေတဲ့သူဟာ ပ။
ယောဂီတို့ တစ်နှစ်ဆိုတာကို ထားလိုက်ပါဦးတော့။ ယောဂီဟာ သတိပဋ္ဌာန်လေးပါး တရားတို့ကို ဟောပြခဲ့တဲ့နည်းနဲ့ ခုနှစ်လတို့ပတ်လုံး ဖြစ်စေ ပွားစေငြားအံ့။ ဒီသို့ဒီပုံ ပွားစေတဲ့ သူဟာ ပ။
ယောဂီတို့ ခုနှစ်လဆိုတာကို ထားလိုက်ပါဦးတော့။ ယောဂီဟာ သတိပဋ္ဌာန်လေးပါး တရားတွေကို ဟောပြခဲ့တဲ့ နည်းအတိုင်း ၆ လတို့ပတ်လုံး၊ ၅ လတို့ပတ်လုံး၊ ၄ လတို့ပတ်လုံး၊ ၃ လတို့ပတ်လုံး၊ ၂ လတို့ပတ်လုံး၊ တစ်လပတ်လုံး၊ လခွဲ ၁၅ ရက်ပတ်လုံး ဖြစ်စေ ပွားစေမယ်ဆိုရင် အဲ့ဒီဖြစ်စေ ပွားစေတဲ့ သူဟာ ပ။
ယောဂီတို့ လခွဲ ပွားစေရမယ်ဆိုတာကို ထားလိုက်ပါဦးတော့။ ယောဂီဟာ သတိပဋ္ဌာန်လေးပါး တရားတို့ကို ဟောပြခဲ့တဲ့နည်းအတိုင်း ခုနှစ်ရက်ပတ်လုံး ဖြစ်စေ ပွားစေခဲ့ပါမယ်ဆိုရင် အဲ့ဒီပွားစေတဲ့ ယောဂီဟာ မျက်မှောက်ဒီဘ၀ ဒီခန္ဓာကိုယ်မှာပင် အရဟတ္တဖိုလ်ဖြစ်စေ၊ စွဲလန်းမှု ဥပါဒါန်အကြွင်း အကျန်ရှိသေးရင် အနာဂါမိဖိုလ်ဖြစ်စေ ဒီဖိုလ် နှစ်ပါးတို့တွင် တစ်ပါးပါးသောဖိုလ်ကို မချွတ်ဧကန် အမှန်ပင်ဖြစ်မယ်လို့ ယုံကြည်အားထားရမယ်။ ကိန်းသေအားဖြင့် ယုံကြည်မှုရှိဖို့ လိုလားအပ်ပါတယ်။
သတိပဋ္ဌာန် နိဂုံးစကား
==============
ပါဠိတော်လာအတိုင်း
ယောဂီတို့ သတိပဋ္ဌာန်လေးပါးဆိုတဲ့ တရားတော်တွေ ရှိကြတယ်။ သတိစွဲမြဲမှု သတိပဋ္ဌာန်ဆိုတဲ့ ဒီကျင့်စဉ်ဟာ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာသာဝကအလောင်း အလုံးစုံသော သတ္တဝါအပေါင်းတို့ရဲ့
(က) စိတ်အညစ်အကြေးမှ ကင်းဝေးစင်ကြယ်စေခြင်းငှာ။
( ခ) စိုးရိမ်ပူဆွေးရခြင်း၊ ငိုကြွေးရခြင်းတို့ကို လွန်မြောက်ခြင်းငှာ။
(ဂ) ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းကွယ်ပျောက်ခြင်းငှာ။
(ဃ) အရိယာမဂ်ကို ရခြင်းငှာ။
(င) နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ။
တစ်ခုတည်းသောလမ်း၊ တစ်ကြောင်းတည်းသောလမ်းဆိုပြီး တရားကြေငြာချက် ပလ္လင်စကားကို ငါဘုရား မိန့်ဆိုအပ်ခဲ့ပါပြီ။ အဲ့ဒီပလ္လင်စကားဟာ ယခုဟောခဲ့တဲ့ သတိပဋ္ဌာန် လေးပါးကိုပင် ရည်ရွယ်ပြီး မိန့်ဆိုအပ်ခဲ့တာ ဖြစ်ပါတယ်။
ထိုစဉ်အခါက တရားနာနေကြတဲ့ ရဟန်းတော်တို့ဟာ ရှင်တော်ဗုဒ္ဓရဲ့ တရားဒေသနာတော်ကို နာကြားတော်မူကြရလို့ ၀မ်းမြောက်ရွှင်ပြကြပြီး နှစ်သက်အားရစွာဖြင့် သာဓုခေါ်တော်မူကြပါတယ်။
ဒီမဟာသတိပဋ္ဌာနသုတ်တော်ကြီးကို နေယျပုဂ္ဂိုလ်အတွက်သာ ဟောကြားပါသလား။ ဒီသုတ်တရားတော်ကြီးကို နာကြားရုံမျှနဲ့ တရားထူးနဲ့ ပြည့်စုံနိုင်သူ ဥဂ္ဃဋိတညူ၊ ၀ိပဉ္စိတညူ ပုဂ္ဂိုလ်များရှိပါသေးသလားဆိုတဲ့ စောဒကတက်လာနိုင်ဖွယ်တွေအတွက် ဆက်လက်ပြောကြားရရင်
ဂါထာမဖက် စုဏ္ဏိယ သက်သက်ဖြင့် ဟောကြားအပ်လို့ ဝေယျာကရဏမည်တဲ့ ဒီမဟာသတိပဋ္ဌာနသုတ် တရားတော်ကြီးကို ဟောကြားတော်မူစဉ်အခါက သုံးသောင်းမျှလောက်ကုန်သော ရဟန်းတော်တို့ရဲ့ စိတ်တွေဟာ တစ်စုံတစ်ခုကိုမျှ ငါကောင် ငါ့ဥစ္စာ အနေအားဖြင့် မစွဲလန်းကြတော့ဘဲ ကိလေသာအာသဝေါတို့မှ လွတ်မြောက်တော်မူကြပါတယ်။
သတိပဋ္ဌာန်အကျိုးပြ ရှင်းလင်းချက်များ
========================
ဒီအကျိုးပြစကားရပ်မှာ ရှင်တော်ဗုဒ္ဓရဲ့ ရှင်တော့်သာဝကများအား ထားရှိစေချင်တဲ့ သဘောဆန္ဒနဲ့ ယင်းသို့ထားရှိကြပါက ဘယ်သို့ဘယ်ပုံ အကျိုးရရှိနိုင်ကြောင်းကို အာမခံပေးထားကြောင်း တွေ့ရှိရပါတယ်။ ရှင်တော်ဗုဒ္ဓရဲ့ အာမခံချက်တော်များဟာ တော်ရုံသာဝကတွေ အနေနဲ့ ယုံကြည်ဖို့ရန် ခက်ခဲနိုင်တဲ့ အနေအထားအထိ အထက်ဆုံးတိုင် တွန်းတင်တော်မူထားတယ်။
ဒါနဲ့ပတ်သက်လို့ မဟာစည်ဆရာတော်က ၀ိပဿနာအလုပ်မှာ သဒ္ဓါဆန္ဒပြင်းပြ ထက်သန်စေလိုတာကြောင့် ဟောကြားတော်မူထားကြောင်း သုံးသပ်တော်မူထားပါတယ်။ ဒါ့အပြင် ဒီသုတ်တော်ကြီးရဲ့ ထူးခြားလေးနက်မှုကိုလည်း ဖော်ညွှန်းလိုတာဖြစ်ကြောင်း မှတ်ချက်ပြုတော်မူပါတယ်။
အဋ္ဌကထာဆရာတော်က ၇ နှစ်မှ ၇ ရက်အတွင်း ပိုင်းခြားပြ ထားရခြင်းအကြောင်းကို အလတ်စား နေယျပုဂ္ဂိုလ်ကို ရည်ရွယ်ပြီး ဟောတော်မူထားတာဖြစ်ကြောင်း သတ်မှတ်ပြတော်မူတယ်။ ဉာဏ်ပညာနုံ့နှေးတဲ့ နေယျပုဂ္ဂိုလ်များဆိုရင် ၇ နှစ်အထက်နဲ့ ဉာဏ်ပညာထက်မြက်တဲ့ နေယျပုဂ္ဂိုလ်များဆိုရင် ၇ ရက်အောက် တရားထူးရနိုင်ခွင့် ရှိသေးကြောင်းလည်း ပြဆိုတော်မူပါတယ်။
ဉာဏ်ပညာထက်မြက်သူ နေယျပုဂ္ဂိုလ်များတွင် ထူးခြားတဲ့ ပုဂ္ဂိုလ်များရဲ့ ဖြစ်စဉ်ထူးအချို့ကိုလည်း အောက်ပါအတိုင်း ထုတ်ပြတော်မူပါတယ်။
နံနက်ခင်းမှာ အဆုံးအမခံယူပြီး အားထုတ်တဲ့ပုဂ္ဂိုလ်ဟာ ညနေခင်းမှာ မဂ်ဖိုလ်တရားထူးကို ရနိုင်ပါတယ်။ ညနေခင်းမှာ အဆုံးအမခံယူပြီး အားထုတ်တဲ့ပုဂ္ဂိုလ်ဟာ နံနက်ခင်းမှာ မဂ်ဖိုလ်တရားထူး ရနိုင်ပါတယ် ဟူသတတ်။
သဗ္ဗမ္ပိ စေတံ မဇ္ဈိမဿ ဝေနေယျပုဂ္ဂလဿ ၀သေန၀ုတ္တံ, တိက္ခပညံ ပန သန္ဓာယ "ပါတောဝ အနုသိဋ္ဌော သာယံ ၀ိသေသံ အဓိဂမိဿတိ, သာယံ အနုသိဋ္ဌော ပါတော ၀ိသေသံ အဓိဂမိဿတီ" တိ ၀ုတ္တံ။ (ဒီ။ ဋ္ဌ။ ၂။ ၃၉၅)
သတိပဋ္ဌာန် ၀န်ခံချက်
==============
သတိပဋ္ဌာန် ဓမ္မစက်ကို
ဝန်ခံချက်နဲ့ ဒို့မြတ်စွာ၊
ဟောမိန့်ပုံမှာ ထိုတရားကို
ဖြစ်ပွားစေတဲ့ ရှင်လူမှာ၊
အလွန်ကြာလျှင် ခုနှစ်နှစ်နဲ့
ရဟန္တာစစ် ဖြစ်နိုင်တာ၊
စွဲမှုကျန်တောင် အနာဂါမ်လောက်တော့
ဆိုက်ရောက်မယ်တဲ့ ဧကန်ပါ၊
မြန်သူဆိုလျှင် ခုနှစ်ရက်နဲ့
ထိုမဂ်ဖိုလ်ကို ရနိုင်တာ၊
ရဲရင့်ခိုင်မာ ၀န်ခံချက်နဲ့
ဓမ္မစက်ကို ဟောခဲ့တာ၊
နိဗ္ဗာန်လိုသူ မယုံမှားနဲ့
မြတ်ဘုရားကို ယုံကြည်ပါ၊
သတိပဋ္ဌာန် ကိုယ့်သန္တာန်
အမြန်ပွားစေရာ၊
သို့ပွားစေမှ နိဗ္ဗာန်ရ
မုချငြိမ်းအေးမှာ။
အရှင့်ရဲ့ ၀န်ခံချက်
============
အထက်က လင်္ကာဟာ သတိပဋ္ဌာန အာနိသံကထာကို မဟာစည်ဆရာတော်က လင်္ကာသီကုံးတော်မူ ထားခဲ့တာပါ။ ဒီလင်္ကာတော်ကြီးကို ဖတ်မိ ရွတ်ဆိုမိတိုင်း "ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ" စတဲ့ မဟာသတိပဋ္ဌာန သုတ်တော်ကြီးရဲ့ ပလ္လင်စကားကို တွဲလျက် အမှတ်ရလာပါတယ်။
သတိပဋ္ဌာန်ကျင့်စဉ်ဟာ နိဗ္ဗာန်သို့ သွားရာ တစ်ခုတည်း၊ တစ်ကြောင်းတည်းသာ ရှိတဲ့လမ်းဖြစ်တယ်။ နောက်ပြီး ဒီကျင့်စဉ်ဟာ ရှင်တော်ဗုဒ္ဓရဲ့ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ၀န်ခံချက်ပေးတော်မူထားတဲ့ တရားတော်လည်း ဖြစ်နေပါတယ်လို့ ဆက်လက်ပြီးတော့ အတွေးဖြန့် နေမိတတ်ခဲ့ပါတယ်။
ရှင်တော်ဗုဒ္ဓရဲ့ အဆုံးအမ နည်းပေးလမ်းပြမှု အလုံးစုံကို လိုလားတောင့်တသူတိုင်းဟာ ဒီတရားတော်လာ ကျင့်စဉ်များကို အပြည့်အ၀ နားလည်ထားရမယ်။ မတတ်နိုင် တတ်နိုင်အောင် ကျင့်ကြံကြရမယ်လို့လည်း နားလည်မိပါတယ်။
သို့ဖြစ်လို့ ဒီအရှင်ဟာ မဟာသတိပဋ္ဌာနသုတ်လာ ကျင့်စဉ်တွေကို လေ့လာမိခဲ့ပါတယ်။ လက်လှမ်းမီတာတွေ စုဆောင်းခဲ့ပါတယ်။ မမှီရာများကို ဖြစ်နိုင်သလောက် ကြိုးစားရှာဖွေပြီး ပေါင်းစုယူခဲ့ပါတယ်။ ဒါတွေက သတိပဋ္ဌာန်အပေါ်ထားရှိခဲ့တဲ့ အရှင့်ရဲ့ ခံယူချက်တွေပါ။
ဒီသတိပဋ္ဌာန်စာစုတွေဟာ အရှင့်ရဲ့ ကိုယ်တိုင်အသုံးချဖို့ စုဆောင်းထားတာတွေပါ။ မှတ်စုတွေဖြစ်လို့ တိုစိတိုငှနဲ့ မရှင်းမလင်းတာတွေ များစွာပါဝင်နိုင်ပါတယ်။ တိုတိုကျဉ်းကျဉ်းနဲ့ လိုရင်းတွေကိုသာ စုဆောင်းထားခဲ့တာကြောင့် အချက်အလက် စုဆောင်းတာ ဝါသနာပါသူတွေ အဖို့မှာတော့ အဆင်သင့်၊ အဆင်ပြေ၊ အဆင်ဝေနေလိမ့်မယ်လို့လည်း ယုံကြည်နေမိပါတယ်။
ဒီအရှင်ဟာ သတိပဋ္ဌာန် ၀ိပဿနာကျင့်စဉ်ကို အထိုက်အလျောက် အားထုတ်ခဲ့ပါတယ်။ အားရကျေနပ်တဲ့ အဆင့်အထိကား မရောက်နိုင်သေးချေ။ မိမိအတွက် ဆက်လက်အားထုတ်ရန် နည်းနာများကို စုဆောင်းရင်း အခြေအနေအရ သူတစ်ပါးတို့အားလည်း ရံခါ နည်းပြရပါသေးတယ်။ ဒီအခါ အရှင့်ရဲ့ မှတ်စုများဟာ အရှင့်လို နလပိန်းတုံးများအတွက် အတော်လေးထိရောက်တာကို တွေ့ရပါတယ်။ သို့ကြောင့် မှတ်စုတွေကို တစ်စုတစ်ဝေးထဲ ပြုစုထားရရင် ကောင်းမှာပဲလို့ တွေးမိပြီး ကြိုးစားရေးသားရခြင်းပါ။
ကိုးကားကျမ်းများ
===========
ဒီသတိပဋ္ဌာန်စာစုများကို အောက်စာရင်းပါ ကျမ်းဂန်များနဲ့ ကမ္မဋ္ဌာန်းဆရာတို့ အထံမှ မှတ်စုတွေကို ပင်တိုင်စံထားပြီး ရေးသားပြုစုပါတယ်။
၁။ မဟာသတိပဋ္ဌာနသုတ်ပါဠိတော်၊
၂။ မဟာစည်ဆရာတော်ရေး ၎င်းနိဿယ၊
၃။ ၎င်းအဋ္ဌကထာနဲ့ ဋီကာ၊
၎။ မဟာစည်ဝိပဿနာရှုနည်းကျမ်း ပ၊ ဒု၊
၅။ ၁၃၇၈ ခုနှစ်၊ မဟာစည်ရိပ်သာ၊ ကမ္မဋ္ဌာနာစရိယသင်တန်း ပို့ချချက်များနဲ့ ဝါတွင်းဟောတရား မှတ်စုများ၊
၆။ အခြားသော ပါဠိ၊ အဋ္ဌကထာနဲ့ ဋီကာများ၊
၇။ အခြားသော မဟာစည်ကမ္မဋ္ဌာနာစရိယ ဆရာတော်များရဲ့ မှတ်စုများ၊
၈။ ဒီအရှင်ရဲ့ မစို့မဖို့ ကိုယ်တွေ့လေးများ။
ဒီစာစုများအတွက် အထူးပြုပြီး အားထားကိုးကားခဲ့တာတွေကတော့ မဟာသတိပဋ္ဌာနသုတ် ပါဌ်နိဿယကျမ်းနဲ့ ၀ိပဿနာရှုနည်းကျမ်းတို့ပါ။ သို့ကြောင့် ဒီစာစုများရဲ့ အကျယ်ဖွင့်ဆိုချက်တွေကို လေ့လာလိုပါက အဲ့ဒီနှစ်ကျမ်းတွင် ဆက်လက်လေ့လာကြပါရန် တိုက်တွန်းအပ်ပါတယ်။
သတိပဋ္ဌာန်စာစုများ ပြီးပါပြီ။
×××××××××××××××××××
ငြိမ်းနန္ဒ (၁၅ /၉ /၂၀၁၇)(၃ /၁၀ /၂၀၁၇)
No comments:
Post a Comment