(၁၁)
စိတ္တာနုပဿနာ သတိပဋ္ဌာန်
=================
ဝိပဿနာရှုရမည့်စိတ်များ
----------------------------------
ကြံသိမှုကို စိတ်လို့ ခေါ်ပါတယ်။ အဲ့ဒီကြံသိမှုကို စိတ်သဘောမျှပဲဆိုပြီး ရှုမြင်နေရပါတယ်။ တရားအားထုတ်နေတဲ့ ယောဂီဟာ မိမိထံမှာ ဖြစ်ပေါ်လာနိုင်သမျှ စိတ်တွေကို မလွတ်တမ်း ရှုမှတ်ရပါမယ်။ အဲ့ဒီစိတ်တွေက အောက်ပါအတိုင်း ဖြစ်ကြပါတယ်။
၁။ တပ်မက်မှုနဲ့တကွ ဖြစ်တဲ့စိတ်၊
၂။ စိတ်ဆိုးမှုနဲ့တကွ ဖြစ်တဲ့စိတ်၊
၃။ တွေဝေသိမှားမှုနဲ့တကွ ဖြစ်တဲ့စိတ်၊
၎။ တွန့်ဆုတ်ပျင်းရိတဲ့စိတ်၊
၅။ မဟဂ္ဂုတ်ဈာန်စိတ်၊
၆။ အောက်တန်းစား ကာမစိတ်၊
၇။ ဥပစာရသမာဓိ အပ္ပနာသမာဓိနဲ့ တည်ကြည်တဲ့စိတ်၊
၈။ တဒင်္ဂ ၀ိက္ခမ္ဘနအလိုအားဖြင့် ကိလေသာမှ လွတ်တဲ့ ၀ိပဿနာစိတ် ဈာန်စိတ် (ဥပစာရနဲ့ အပ္ပနာ)
ဆိုခဲ့တဲ့ စိတ်တွေဟာ မိမိသန္တာန်၊ သူတစ်ပါးသန္တာန်၊ရံခါမိမိ ရံခါသူတစ်ပါး သန္တာန်တို့တွေမှာ ဖြစ်ကြတယ်။ အဲ့ဒါတွေကို ကြံသိမှု စိတ်သဘောမျှပဲလို့ ရှုမြင်နေရပါတယ်။
* ဘယ်လို ရှုမြင်နေရပါ့မလဲ?
* ကြံသိမှုရဲ့ ဖြစ်ကြောင်းတရားနဲ့ ဖြစ်မှုသဘောတွေ၊ ကြံသိမှုရဲ့ ပျက်ကြောင်းတရားနဲ့ ပျက်မှုသဘောတွေနဲ့ ဖြစ်ကြောင်း ပျက်ကြောင်းတရားနဲ့ ဖြစ်မှု ပျက်မှုသဘောတွေကို ရှုမြင်နေရပါတယ်။
သတိထင်ပုံ နောက်တစ်နည်းပြောရရင် ယောဂီရဲ့ အမှတ်ရမှု သတိဟာ ကြံသိမှု စိတ်မျှသာ ရှိတယ်လို့ ရှေးရှုထင်လာခြင်းပါ။ အဲ့ဒီသတိဟာ အဆင့်ဆင့်အားဖြင့် အသိဉာဏ်တိုးပွားရုံသာဖြစ်တယ်။ အဆင့်ဆင့်အားဖြင့် တစ်ဖန်အမှတ်ရမှု တိုးပွားရုံသာဖြစ်ပါတယ်။
အဲ့ဒီလို အမှတ်ရပြီး အောက်မေ့နေတဲ့ ယောဂီဟာ တဏှာဒိဋ္ဌိကို မမှီမတွယ်ဘဲ နေထိုင်နေခြင်းဖြစ်ပါတယ်။ ဥပါဒါနက္ခန္ဓာဆိုတဲ့ လောကထဲမှာ တစ်စုံတစ်ခုသော ရုပ် ဝေဒနာ သညာ သခါင်္ရ ၀ိညာဏ်ကိုမျှ ငါကောင် ငါ့ဥစ္စာဆိုပြီး တဏှာဒိဋ္ဌိတွေနဲ့ စွဲလည်း မစွဲလန်းတော့ပါ။ ဆိုခဲ့တဲ့ နည်းဖြင့်လည်း ကြံသိမှုဆိုတဲ့ စိတ်ကို ကြံသိမှု စိတ်သဘောမျှပဲလို့ ရှုမြင်ရပါတယ်။
စိတ်အခေါ်များနဲ့ ရှုမှတ်ပုံများ
--------------------------------------
ပါဠိတော်လာ ဝေါဟာရတွေကို တိုက်ရိုက်ဘာသာပြန်လိုက်တဲ့အခါ လက်တွေ့အသုံးဝင်မှုမှာ အားနည်းသွားသယောင် ထင်မှတ်ရတယ်။ သို့ကြောင့် မဟာစည်ဆရာတော် ဘုရားကြီးရဲ့ ဖွင့်ဆိုရှင်းပြချက်တွေကို ယူပြီး ထပ်မံရှင်းပြပါမယ်။
တစ်စုံတစ်ရာကို လိုချင်တောင့်တတဲ့စိတ် နှစ်သက်တဲ့စိတ်များဟာ သရာဂစိတ်မည်ပါတယ်။ အဲ့ဒီစိတ်တွေ ဖြစ်ပေါ်လာရင် လိုချင်တယ် နှစ်သက်တယ်စသဖြင့် ရှုမှတ်ရပါတယ်။ ရှုမှတ်လိုက်လို့ အဲ့ဒီစိတ်တွေ ကင်းသွားပြီး ငြိမ်းအေး ကြည်လင်တဲ့စိတ်တွေ ပေါ်လာတတ်ပါတယ်။ သူတို့ကိုတော့ ၀ီတရာဂစိတ်လို့ ခေါ်ပါတယ်။ အဲ့ဒီစိတ်ကိုလည်း ပေါ်တဲ့အတိုင်းပင် မှတ်ရပါမယ်။
စိတ်ဆိုး စိတ်ပျက်တဲ့စိတ် မုန်းတဲ့စိတ် ညှဉ်းဆဲလိုတဲ့စိတ် သေကြေပျက်စီးစေလိုတဲ့စိတ် စတာတွေကို သဒေါသစိတ်လို့ ခေါ်ပါတယ်။ အဲ့ဒီစိတ်တွေ ဖြစ်ပေါ်လာရင် စိတ်ဆိုးတယ် စသဖြင့်မှတ်ရတယ်။ စိတ်ဆိုးမှုစတာတွေ မငြိမ်းမချင်းပင် မှတ်နေရပါမယ်။ ကင်းငြိမ်းသွားလို့ ကြည်လင်အေးဆေးသွားတဲ့စိတ် ဖြစ်ပေါ်လာတတ်ပါတယ်။ ၀ီတဒေါသစိတ်ဖြစ်ပါတယ်။ အဲ့ဒီစိတ်ကိုလည်း ပေါ်တဲ့အတိုင်းပင် မှတ်ရပါမယ်။
ယုံမှားတဲ့စိတ် ပျံ့လွင့်ပြေးသွားတဲ့စိတ်တွေကို သီးသန့်သမောဟစိတ်လို့ ခေါ်ပါတယ်။ သာယာတောင့်တမှု မထင်ရှားဘဲ ကာမအာရုံဝတ္ထုတွေကို ကြံစည်တဲ့စိတ်၊ ဝါကြွားပလွှားလိုတဲ့စိတ်၊ ငါကောင် ရှိတယ်လို့ ထင်တဲ့စိတ်တွေဟာ လောဘမူ သမောဟစိတ်ဖြစ်ပါတယ်။ ကြောက်တဲ့စိတ်၊ စိုးရိမ်တဲ့စိတ်၊ ပူဆွေးတဲ့စိတ်၊ နှလုံးမသာတဲ့စိတ်၊ ရွံရှာတဲ့စိတ်၊ မနာလိုတဲ့စိတ်၊ ၀န်တိုတဲ့စိတ်၊ နောင်တပူပန်တဲ့စိတ်တွေဟာ ဒေါသမူ သမောဟစိတ်ဖြစ်ပါတယ်။ မသိမှုနဲ့တကွ ဖြစ်ပေါ်လာတတ်တဲ့ အဲ့ဒီစိတ်တွေကိုလည်း ပေါ်တဲ့အတိုင်းပင် မှတ်ရပါမယ်။ ရှုမှတ်ခြင်းကြောင့် တွေဝေ ယုံမှားမှုတွေ ကင်းဆိတ်ကာ ကြည်လင်လာတဲ့စိတ်ကတော့ ၀ီတမောဟစိတ်မည်ပါတယ်။ သူ့ကိုလည်း ပေါ်တဲ့အတိုင်းပင် မှတ်ရပါတယ်။
အဋ္ဌကထာဆရာတော်ကတော့ လောဘမူစိတ် အလုံးစုံကို သရာဂစိတ်၊ ဒေါသမူစိတ် အားလုံးကို သဒေါသစိတ်၊ အကုသိုလ်စိတ် အကုန်လုံးကို သမောဟစိတ်ဆိုပြီး ခွဲခြားထားပါတယ်။ ဒီအရှင်တို့လို ဉာဏ်နှုံ့သူတွေအနေနဲ့ အဋ္ဌကထာစာကို စာလိုသာ သိရှိနိုင်မှာဖြစ်ပြီး လက်တွေ့အသုံးချမှုအပိုင်းမှာတော့ ယောင်ဝါးဝါးဖြစ်နေတာ အမှန်ပါ။ သို့ဖြစ်လို့ မဟာစည်ဆရာတော် ဘုရားကြီးရဲ့ ရှင်းလင်းချက်များကို အားပြုတင်ပြရခြင်းပါ။
ဆိုခဲ့တာတွေအပြင် ပျင်းရိ တွန့်ဆုတ် လျောရဲတဲ့ သံခိတ္တစိတ်၊ ပျံ့လွင့်တဲ့ ၀ိက္ခိတ္တစိတ်၊ တည်ကြည်တဲ့ သမာဟိတစိတ်၊ မတည်ကြည်တဲ့ အသမာဟိတစိတ်၊ ရှုမှတ်သောကြောင့် ကိလေသာမှ တဒင်္ဂ၀ိမုတ်အနေနဲ့ လွတ်နေတဲ့ ၀ိမုတ္တစိတ်၊ မရှုမှတ်မိလို့ ကိလေသာနဲ့ မလွတ်တဲ့ ကြံစည်ခြင်း အ၀ိမုတ္တစိတ် စတာတွေကိုလည်း ဖြစ်ခိုက်မှာ ဖြစ်တဲ့အတိုင်းပင် မှတ်ရပါတယ်။
မဟဂ္ဂတ အမဟဂ္ဂတ သဥတ္တရ အနုတ္တရတို့ဆိုတဲ့ စိတ်များမှာကား ဈာန်ရပုဂ္ဂိုလ်များသာ ခွဲခြားသိမြင်နိုင်ကြပါတယ်။ သို့ဖြစ်လို့ အဲ့ဒါတွေအတွက် သာမန်ယောဂီများနဲ့ မသက်ဆိုင်လို့ သဘောထားကြရပါမယ်။ တကယ်လို့ ဈာန်ရပုဂ္ဂိုလ်ဖြစ်ခဲ့ပါက ထင်မြင်လာတဲ့အတိုင်း မှတ်ကြရန်ဖြစ်ပါတယ်။
လက္ခဏ၊ ရသစသည်ဖြင့် သိပုံ
--------------------------------------
(၀ိဇာနန လက္ခဏံ)
ဖြစ်ဆဲစိတ်ကို ဖြစ်ခိုက်မှာ ရှုမှတ်တဲ့ ယောဂီဟာ အာရုံကို သိတယ်၊ ကြံတယ်၊ အာရုံကို ယူတယ်၊ အာရုံပြုတယ်၊ မြင်တယ်၊ ကြားတယ်၊ နံတယ်၊ အရသာပေါ်တယ်၊ ထိတယ် ဆိုတာတွေကို သိတယ်။
(ပုဗ္ဗင်္ဂမ ရသံ)
ယှဉ်ဘက်နာမ်တရားတို့ရဲ့ ရှေ့က သွားတယ်လို့ သိတယ်။ ရှေ့က သွားတယ်ဆိုပေမဲ့ အာရုံကို ထင်လင်းစေရာမှာ ရှေ့ကသွားသလိုလို ရှိလို့သာ ဆိုရပါတယ်။ စင်စစ်မှာ ယှဉ်ဘက် နာမ်တရားတွေနဲ့ ပြိုင်တူသာ ဖြစ်ပါတယ်လို့ အသိမဝေဝါးအောင် မဟာစည်ဆရာတော် ဘုရားကြီးက အမှာထားတော်မူခဲ့ပါတယ်။
(သန္ဒဟန ပစ္စုပဋ္ဌာနံ၊ ပဋိသန္ဓိ ပစ္စုပဋ္ဌာနံ)
တစ်ခုပြီးတစ်ခု မခြားမပြတ် ဆက်စပ်လျက် ဖြစ်တယ်လို့ သိတယ်။
(၀တ္ထာရမ္မဏ ပဒဋ္ဌာနံ၊ နာမရူပ ပဒဋ္ဌာနံ)
မှီရာ ရုပ်ရှိလို့ဖြစ်တယ်၊ အာရုံရှိလို့ဖြစ်တယ်၊ အာရုံနဲ့ တွေ့မှု၊ အာရုံကို ခံစားမှုစတဲ့ နာမ်ရှိလို့ဖြစ်တယ်ဆိုပြီး သိတယ်။
သမုဒယ ၀ယသိပုံနဲ့ သတိထင်ပုံ
----------------------------------------
မှတ်တိုင်း မှတ်တိုင်း ဖြစ်ပေါ်တဲ့ စိတ်တွေရဲ့ ဖျက်ကနဲ ဖျက်ကနဲ ပေါ်လာပြီး ကုန်ပျက်သွားခြင်းကို သိတာဟာ သမုဒယနဲ့ ၀ယတို့ကို သိခြင်းပင်ဖြစ်ပါတယ်။
မှီရာ ရုပ်နဲ့ ယှဉ်ဘက်နာမ်ရှိလို့ စိတ်ဖြစ်တယ်၊ ရှေးအကြောင်းကံရှိလို့ စိတ်ဖြစ်တယ်၊ မသိမှု အ၀ိဇ္ဇာ မကင်းသေးလို့ စိတ်ဖြစ်တယ်၊ သာယာတောင့်တမှု မကင်းသေးလို့ စိတ်ဖြစ်တယ်၊ ဆိုခဲ့တာတွေ ကင်းရင်တော့ စိတ်မဖြစ်နိုင်။ ဒီသို့ ဒိဋ္ဌ သုတ ရောစပ်ပြီး ဆင်ခြင်သိခြင်းဟာ သမုဒယ = ဖြစ်ကြောင်းတရားနဲ့ ၀ယ = ပျက်ကြောင်း ကင်းကြောင်းတရားကို သိခြင်းဖြစ်ပါတယ်။
ဖြစ်ပေါ်တဲ့စိတ်ကို မှတ်တိုင်း မှတ်တိုင်း ပုဂ္ဂိုလ် သတ္တဝါ ငါ ငါ့ဥစ္စာ မိန်းမ ယောက်ျား ဆိုတာမရှိ။ အာရုံကို သိမှု၊ ကြံမှုသာရှိတယ် လို့ အမှတ်ရမှု သတိဖြစ်တယ်။ အဲ့ဒီလို သခါင်္ရ ဃနနိမိတ် ပုံသဏ္ဌာန် ပညတ်တို့သို့ မရောက်ပါဘဲ အာရုံကို ကြံသိမှုစိတ်မျှသာ ထင်တဲ့ သတိဖြစ်လို့ နောက်ဖြစ်လာမဲ့ သတိတွေဟာ အဆင့်ဆင့် တိုးတက်ပြီး ထက်ထက်သန်သန်ဖြစ်ကြပါတယ်။ စွဲလမ်းမှုလည်း ကင်းပါတယ်။
စိတ္တာနုပဿနာရှုပုံ ဆရာနည်းများ
------------------------------------------
လူတွေဟာ သူများအကြောင်းတွေကိုသာ တစ်သက်ပတ်လုံး စိတ်ဝင်စားခဲ့ကြတယ်။ လေ့လာနေကြတယ်။ အဲ့ဒီလေ့လာချက်တွေကနေ အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိနိုင်ကောင်းပေမဲ့ သံသရာလွတ်လမ်းကိုတော့ နည်းလမ်းအနေနဲ့သာ ရရှိနိုင်ကြပါမယ်။ အကျင့်စခန်းအနေနဲ့ ဦးမတည်နိုင်ကြပါ။
သံသရာလွတ်လမ်း အကျင့်စခန်းသို့ ဦးတည်လိုရင် ကိုယ့်အကြောင်းကို လေ့လာရတယ်။ အဲ့ဒါကို ၀ိပဿနာ ရှုတယ်လို့လည်း ခေါ်ကြတယ်။ ဟုတ်ပါတယ်။ ၀ိပဿနာဆိုတာ ကိုယ့်ရဲ့ရုပ်နာမ်တွေအကြောင်းကို ထဲထဲဝင်ဝင် လေ့လာတဲ့ အလုပ်ဖြစ်ပါတယ်။ ကိုယ့်ဆီက ရုပ်နာမ်၊ ဖြစ်ပျက်၊ လက္ခဏာယာဉ်စတဲ့ အဖိုးတန်ရတနာတွေ ထုတ်ယူသုံးစွဲနေတာလို့လည်း ဆိုနိုင်တယ်ပေါ့။
ဝိပဿနာတရား အားထုတ်ကြပြီဆိုပါစို့။ အရင်ဆုံး အခက်တွေ့တာက စိတ်ပါ။ ရေပျော်ငါးကို ကုန်းပေါ်တင်လိုက်ရင် ရေထဲပြန်ဆင်းဖို့ တဖျတ်ဖျတ်လူးပြီး အမြဲလှုပ်ရှားနေတယ်။ မသေမချင်း ဆိုပါတော့လေ။
လူတွေရဲ့ စိတ်ဟာလည်း ကာမအာရုံကြားမှာ နေနေကျဆိုတော့ ၀ိပဿနာအာရုံပေါ် တင်လိုက်တာနဲ့ တဖျတ်ဖျတ်လူးနေမယ်။ "ပါပသ္မိံ ရမတိ မနော" လို့ အဟောရှိတဲ့အတိုင်း ကာမနွံအိုင်ရှိရာသို့သာ သွားချင်နေမယ်ပေါ့။ ငါဟာ ၀ိပဿနာတရား အားထုတ်နေတာပဲဆိုပြီး မှတ်စိတ်ကို အတင်းဖိနေတဲ့ကြားက ဘယ်အချိန် လှစ်ထွက်သွားမှန်းတောင် မသိတဲ့အဖြစ်မျိုး။ သူက သိပ်မြန်တယ်လေ။ ရှင်တော်ဗုဒ္ဓကတောင် သူ့ရဲ့လျင်မြန်မှုကို "ဥပမာယ နသုကရာ" ဥပမာပေးဖို့ ခက်ပါသတဲ့လေ။
အဲ့ဒီစိတ်ကို ဖမ်းမိဖို့ ထိုင်မှတ်တဲ့အခါ စိတ်ရဲ့တည်ရာ ဟဒယ၀တ္ထုကို သတိထားရမယ်။ ကြောက်လန့်စရာ ကြုံလာလို့ရှိရင် တလှိုက်လှိုက် ခုန်နေတဲ့ နေရာပေါ့။ အဲ့ဒီကနေ လှုပ်ရှားတဲ့ အမူအရာမှန်သမျှကို ဂရုပြုရပါမယ်။ လှုပ်ရှားခါနီးတိုင်း ချင်စိတ်ကလေးကို မိအောင်ဖမ်းပြီး မှတ်ရတယ်။ ကွေးချင်တယ်၊ ဆန့်ချင်တယ် ဆိုတာမျိုးပါ။ ချင်စိတ်ကို မမိမချင်း မလှုပ်ရှားသေးဘဲ စောင့်တန်စောင့်ရမယ်။ မိလို့ မှတ်ပြီးပြီဆိုမှ ဆက်လက်လှုပ်ရှားရပါတယ်။
အထူးသဖြင့် စိတ္တာနုပဿနာထဲသို့ စတင်ဝင်ရောက်သူတွေအဖို့ စင်္ကြန်ကမ္မဋ္ဌာန်းကို အားပြုကြရပါတယ်။ ခြေမကြွခင်မှာ ကြွချင်စိတ်ကို စောင့်ဖမ်းပြီး ကြွချင်တယ်လို့ ရှုမှတ်ရတယ်။
ရှုရမဲ့အပိုင်းက ခြေမကြွခင်မှာ ကြွချင်တဲ့ စိတ်ကလေးဖြစ်ပေါ်လာရင် ကြွမည့်ခြေဟာ တရွရွဖြစ်လာတယ်။ အဲ့ဒါ စိတ္တဇဝါယောဓာတ် ထင်ရှားလာခြင်းပါ။ အဲ့ဒါကို ပီပီပြင်ပြင် ထင်ထင်ရှားရှား သိအောင် စောင့်ကြည့်ပြီး ကွင်းကွင်းကွက်ကွက် တွေ့ပြီ သိပြီဆိုခါမှ ကြွချင်တယ်လို့ မှတ်လိုက်ရပါမယ်။
တရွရွဖြစ်လာတာဟာ ကြွချင်တဲ့ စိတ်ကြောင့် ဝါယောဓာတ်က တွန်းကန်လိုက်လို့ ဖြစ်ပေါ်လာရခြင်းပါ။ စိတ္တဇဝါယောဟာ စိတ်နဲ့ရုပ် အတူတွဲနေတာမို့ စိတ်ကို စဖမ်းသူတွေအဖို့မှာ ဖမ်းမိဖို့ အလွယ်ကူဆုံးဖြစ်ပါတယ်။
အထက်မှာ ဆိုခဲ့တဲ့အတိုင်း ခြေလှမ်းတိုင်းမှာ ကြွချင်စိတ်ကို မမိ မိအောင် စောင့်ဖမ်းခြင်းဆိုတဲ့ ရှုခြင်းနဲ့ ကြွချင်တယ်ဆိုတဲ့ မှတ်ခြင်းနဲ့အတူ ရှုမှတ်သွားကြရပါမယ်။ ဆိုခဲ့တဲ့အတိုင်း ရှုမှတ်နိုင်ပြီဆိုရင် ပေါ်လာသမျှ ချင်စိတ်တွေကိုလည်း ပိုင်ပိုင်နိုင်နိုင် ရှုမှတ်သွားနိုင်မှာ ဖြစ်ပါတယ်။
ထိုင်ပြီး အားထုတ်နေတဲ့အခါလည်း စိတ်ပြေးစိတ်ထွက်တွေကို မမိတစ်ချက် မသိတစ်ချက် ဖြစ်နေပါမယ်။ မိတဲ့ သိတဲ့အချက်ကို မှတ်ရပါမယ်။ စိတ်က အတိတ်ဆီ ရောက်နေရင် တွေးတယ်၊ တွေးတယ်။ အနာဂတ်ဆီ ရောက်နေရင် စဉ်းစားတယ်၊ စဉ်းစားတယ်လို့ မှတ်ရပါမယ်။
နောင်အခါ သမာဓိအားကောင်းလာလို့ ထွက်တဲ့စိတ်ရဲ့ လုပ်ဆောင်ပုံကို နာမည်တပ်နိုင်လာရင် အဲ့ဒီနာမည်တွေနဲ့ မှတ်ရပါမယ်။ တပ်မက်တယ်၊ စိတ်ပျက်တယ် ဆိုတာမျိုးပါ။ ရှေ့ပိုင်းမှာ တင်ပြခဲ့သလို သရာဂစိတ်၊ သဒေါသစိတ်၊ သမောဟစိတ်ဆိုတဲ့ ဒေသနာလာ ဝေါဟာရများကို ဘာသာပြန်ထားတဲ့အတိုင်း မှတ်သွားကြရမယ်လို့ ဆိုလိုပါတယ်။
စိတ်ဖြစ်တိုင်း စိတ်နဲ့အတူ ဖြစ်ပျက်နေတဲ့ တရားတွေရှိတယ်။ ဒါ့ကြောင့် စိတ်ကို မှတ်နေတုန်း စိတ်ရဲ့ ဖြစ်ပျက်ပုံ၊ လက္ခဏာစတာတွေကို သိရှိနိုင်သလို စိတ်ကို မှတ်နေပေမဲ့ အတူဖြစ်တဲ့ တရားတစ်ခုခုရဲ့ ဖြစ်ပျက်ပုံနဲ့ လက္ခဏာစတာတွေကိုလည်း သိရှိသွားနိုင်ပါတယ်။ အဲ့ဒါ ပြဿနာမဟုတ်ပါ။ ဓမ္မာနုပဿနာထဲ ရောက်သွားခြင်းပါ။ အရေးကြီးတာက အနုပဿနာ ၄ မျိုးထဲ ပါဝင်နေရင် ၀ိပဿနာဖြစ်တာမို့ အချည်းနှီးမဖြစ်။ အကျိုးအမြတ်က အပြည့်အ၀ ရရှိပြီးသားပါ။
အထူးသတိချပ်ရမှာက ၀ိပဿနာဆိုတာ ပေါ်ရာ ပေါ်ရာကို ရှုမှတ်ခြင်းပေမို့ ပေါ်မှန်းတောင် မသိလိုက်တာမျိုးက စိတ္တာနုပဿနာနဲ့ ဓမ္မာနုပဿနာထဲမှာ ရှိနေတယ် ဆိုတာပါ။ ဒါ့အပြင် ကိုယ်က ဘယ်အနုပဿနာနဲ့မှ အသိထူး ဉာဏ်ထူးတွေ ရရှိပါမယ်လို့ အတတ်မပြောနိုင်တာမို့ အနုပဿနာတွေ အကုန်လုံးကို ရှုမှတ်တတ်ဖို့နဲ့ ထိထိမိမိ ရှုမှတ်နိုင်ဖို့ လိုအပ်ပါတယ်။
စိတ္တာနုပဿနာ သတိပဋ္ဌာန်ပြီးပါပြီ။
××××××××××××××××××××××××
ငြိမ်းနန္ဒ (၁ - ၃ /၃ /၂၀၁၇)
No comments:
Post a Comment