~~~~~~~~~~~~~~~~~~
'' ဒဏ္ဍာရီလာ ရွှေမြို့ဟဲဟိုး ''
~~~~~~~~~~~~~~~~~~
"ဒဏ္ဍာရီတို့ မြစ်ဖျားခံရာ"
ရှေးနှစ်ပေါင်းများစွာက စူလနေမိမင်းသားသည် လူ့ပြည် နတ်ပြည်တို့၌ သွားလာလှည့်ပတ်ရာမှ တစ်နေ့တွင် ခဝါသည်လင်မယား၏ အိမ်လေးတစ်အိမ်၌ ခေတ္တခိုနားနေခဲ့၏။ ဤသို့ဖြင့် ရက် လ ကြာမြင့်သော် ရက္ကန်းသည်မလေးတစ်ဦးနှင့် ချစ်ကြိုက်ကြပြီး အကြင်လင်မယားဘဝသို့ ရောက်ကြလေ၏။
နေမိမင်းမှာ ညစဉ် ရွာထဲသို့အိမ်လည်ထွက်တတ်ရာ ရက္ကန်းသည်မလေးက ဤသို့မှာ၏ ''မောင်တော် အိမ်လည်ရာမှ ပြန်လာသည်ရှိသော် အသံပေးခြင်း၊ အသံပြင်ခြင်းပြုပြီးမှ အိမ်ပေါ်သို့ တက်ခဲ့ပါ'' ဟုဆိုလေ၏။ မင်းသားလည်း သူ့ချစ်ဇနီးကို ချစ်ခင်လှကား ဇနီးမှာသည့်အတိုင်း ပြုမှု၏။ ထိုမှ ခုနှစ်လခန့်ကြာသော် တစ်နေ့အသံမပြုပဲ ဇနီးရှိရာအိမ်ပေါ်သို့ တိတ်တဆိတ် တက်ကြည့်ရန် အကြံဖြစ်၏။ မင်းသားလည်း ထိုအကြံအတိုင်း ပြုမှုလုပ်ဆောင်သည်ရှိသော် တစ်အိမ်လုံးခေါင်တိုင်မှစပြီး နဂါးမကြီးရစ်ခွေ အိပ်ပျော်နေသည်ကို တွေ့မြင်ပြီး တစ်ဖန်အသံပြုလိုက်သည်နှင့် လူအသွင် ဇနီးချောလေး ပြန်၍ ဖြစ်နေသည်ကို တွေ့မြင်ရလေ၏။ ဤသို့ဖြင့် နေမိမင်းသားမှာ တစ်ညလုံးအိပ်မပျော်ပဲ နံနက်လင်းသောအခါ ဇနီးထံ ခွင့်သုံးကြိမ်ပန်ကာ မိမိတိုင်းပြည် အနောက်ဗာရာပြည်ဆီသို့ ခေတ္တပြန်လိုကြောင်း ပြောကြားလေ၏။ ရက္ကန်းသည်လေး မှာလည်း ကိုယ်ဝန် အရင့်အမာရှိနေပြီဖြစ်၍ မလွှတ်လိုသော်လည်း သူ့ယောကျာ်း၏ ဆန္ဒကို မလွန်ဆန်လိုရကား ခွင့်ပြုလိုက်လေ၏။
ရက်လများစွာ ကြာညောင်းလာသောအခါ
ရက္ကန်းသည်မလေးမှာ သူ့ချစ်လင်ရှိရာ အနောက်ဗာရာသို့ ကျီးဖိုကျီးမ ဇနီးမောင်နှံအား စာသဝဏ်ပါးကာ စေလွှတ်လိုက်လေ၏။ ကျီးဖိုကျီးမထံမှ အကြောင်းစုံကို နေမိမင်းကြီးသိရလေလျှင် မတတ်သာ၍ ခွဲခွာနေရသော်လည်း မေတ္တာမပျက်ယွင်း သေးသောကြောင့် ကျီးဖိုကျီးမအား အစာအဝကျွေးကာ ပတ္တမြားမျက်ရှင်နှင့် အဖိုးတန်ကျောက်များကို ပိတ်စဖြင့် လုံခြုံစွာထုပ်စေပြီး ကျီးဖို၏လည်တွင်ဆွဲကာ ချစ်ဇနီးထံသို့ ပို့ဆက်လိုက်လေသည်။
ကျီးဖိုကျီးမလည်း နဂါးမလေးထံသို့ ပျံသန်းလာကြရာ ခရီးပန်းလှသဖြင့် လှည်းဝန်တင်များ စခန်းချရာ ညောင်ပင်ထက်တွင် နားပြီး ကျောက်ထုပ်ကို ညောင်ကိုင်းတွင် ချိတ်ဆွဲကာ အမောဖြေကြရင်း အစာစားသောက်ကြလေ၏။ ဤအခါ ညောင်ကိုင်းပေါ်တွင် ချိတ်ဆွဲထားသော ပတ္တမြားထုပ်၏ အရိပ်သည် အောက်ရေတွင်းတွင် အရိပ်ထင်လေရာ လှည်းသမားများ တွေ့ရှိကြပြီး ပတ္တမြားထုပ်ကိုယူကာ အိတ်ထဲတွင်နွားချေးခြောက်များ အစားထိုးထည့်လိုက်၏။
ကျီးဖိုကျီးမလည်း အစာဝသဖြင့် ပတ္တမြားထုပ်ကို လည်မှာဆွဲကာ ရက်ကန်းသည်မလေးအား ပေးသည်ရှိသော် ပတ္တမြားကျောက်များအစား နွားချေးခြောက်များကိုသာ တွေ့မြင်ရသဖြင့် စူလနေမိမင်းကြီးသည် သူ့အပေါ် ချေးပမာ မုန်းတီး သွားလေပြီဟု အထင်လွဲခဲ့လေသည်။ ဤသို့ဖြင့် နဂါး ရက္ကန်းသည်မလေးသည် လူမွေးရမည့်အစား ဥများသာမွေးပါစေသား ဟု အဓိဋ္ဌာန်ကာ ဥ ခုနှစ်လုံးမွေးလာ၏။ ထိုဥများမှ မိကျောင်း၊ နဂါးမ၊ ကုမ္မာဘယမင်းသား၊ ဗူးမင်း၊ သကုဏရာဇာငှက်မင်း၊ ပဒူးမင်း၊ ဥကင်း ပင်ဖြစ်လေသည်။ ဤအခါ နဂါးမကြီးက ငါကဲ့သို့ နောက်မြေးနောက်သားများ မပေါ့မပါး ဆင်းရဲဒုက္ခအမျိုးမျိုးမှ ကင်းစင်ကြရန်အတွက် ခေါင်းဆေးပြီး ဘေးဥပါဒ်များ ကင်းရန် တရော်ပင်များ၊ ကင်ပွန်းပင်များပေါက် ပါစေသတည်း ဟု၊ အငယ်ဆုံး ဥကင်းကို တိုင်တည်လိုက်ပြီး မြေကြီးတွင် မြုပ်နှံလိုက်ရာ တောအနှံတောင်အနှံ တရော်ပင်များ ကင်ပွန်းပင်များ အလိုလိုပေါက်လာကြလေ၏။
နဂါးမကြီးသည် လူများမမွေးပဲ ဥများသာမွေးရန် အဓိဋ္ဌာန်ပြုခဲ့ငြားသော်လည်း တတိယဥမှ လူသားစင်စစ် ကုမ္မာဘယ သုဓနုမင်းသားကို မွေးဖွားလာခဲ့သည်။ နဂါးမကြီးလည်း သူ့သားသမီးများဖြစ်ကြသော မိကျောင်း၊ဗူးမင်း၊သကုဏငှက်မင်း၊ပဒူးမင်းတို့အား မိမိမှာ မတတ်သာ၍ ဘောဂဝတီနဂါးပြည်သို့ ပြန်ရတော့ပါမည်။ အသင်တို့ အသက်အရွယ်ကြီးရင့် လူလားမြောက် ကြသည်ရှိသော် အနောက်ဗာရာ စူလနေမိမင်းကြီး စိုးစံသောတိုင်းပြည်အား ဖျက်စီးရန်အတွက် အမျိုးမျိုး ဘေးအန္တရာယ်ပေးကြပါ၊ စူလနေမိမင်းမှာ မယ်တော်၏ ရန်သူဖြစ်ပါသည်ဟု မှာကြားကာ ဘောဂဝတီနဂါးပြည်သို့ ပြန်သွားလေ၏။
'' ကုမ္မာဘယမင်းသား (သို့) သုဓနုမင်းသား ''
နဂါးမကြီး၏ တတိယဥမှ ဖွားမြင်လာသော သုဓနုမင်းသားအား ခဝါသည်တို့က ကောက်ယူမွေးစားထားရာမှ ဗာရာဏသီမင်းကြီး ကြားသိရသည်နှင့် ဗာရာနန်းတွင်းခေါ်ယူကာ မွေးစားထားလေ၏။ မင်းသားအရွယ်သို့ရောက်သော် လေးမြားအရာ၌ ကျွမ်းကျင်ပြီး ခွန်အားဗလ ဥာဏ်ပညာတို့နှင့် ပြည့်စုံသော လုလင်တစ်ဦးဖြစ်လာသည်။ မင်းသားအား နန်းတွင်းသူ အပျိုစင်တို့ဖြင့် နှစ်ကြိမ်တိုင် ထိမ်းမြားပေးရန် ကြံစည်ကြသော်လည်း အထမမြောက်ချေ။ မင်းသားက ငြင်းဆန်၍သာနေလေ၏။ သုဓနုမင်းသားလည်း သထုံပြည့်ရှင်၏ သမီးကညာမှာ ကောင်းခြင်းငါးဖြာနှင့် ပြည်စုံကြောင်း သတင်းစကား ကြားသိရလျှင် မိမိခမည်းတော်၊မယ်တော်တို့ထံ ခွင့်ပန်ပြီး သထုံပြည်သို့ထွက်ခဲ့လေသည်။
သထုံပြည်သို့ရောက်သော် သထုံမင်းထံတွင် အမှုထမ်းလေ၏။ တစ်နေ့တွင် သထုံမင်းကြီးက သုဓနုမင်းသား၏ အပြောအဆို အနေအထိုင်ကို လေ့လာပြီး မျိုးရိုးဇစ်မြစ်ကိုမေးသော် ဗာရာပြည်ကိုအစိုးရသော နေမိမင်းကြီး၏ သားတော်မှန်းသိလေရကား မိမိသမီးဖြစ်သူနှင့် လက်ထပ်ပေးကာ မင်းသားအဆောင်အယောင်များ အပ်နှင်းလေ၏။ သို့ဖြင့် သားတော်တစ်ပါးရရှိပြီးသကာလ သုဓနုမင်းသားသည် မင်းသမီးနှင့် ရေစက်ကုန်ခဲ့သဖြင့် သထုံပြည်တွင်မနေလိုရကား မိမိ၏ ဇနီးအား ငါ့မိငါ့ဖရှိရာ ဗာရာပြည်သို့မရောက်သည်မှာ ကြာပြီဖြစ်၍ ခေတ္တပြန်လိုကြောင်း ခွင့်တောင်းလေ၏။ မင်းသမီးမှာ သားငယ်လေးဖြင့် သွေးနုရကား ခရီးလမ်းကြမ်းသဖြင့် လိုက်ပါ၍မဖြစ်နိုင်ကြောင်းတင်ပြရာ မင်းသမီးလည်း ကြာရှည်စွာမနေပဲ အမြန်ပြန်လာရန်မှာကြားပြီး ခွင့်ပေးလိုက်လေသည်။
'' ဗာရာပြည်အား ရန်မူကြလေခြင်း ''
ဘောဂဝတီနဂါးပြည်သို့ပြန်သွားသော နဂါးမကြီးသည်လည်း မိမိခင်ပွန်းဖြစ်သော စူလနေမိမင်းကြီးအပေါ် အခဲမကြေ အထင်လွှဲမှားပြီး မကျေမနပ်ဖြစ်လျက်ရှိရာ မိမိသားတော်များ အရွယ်ရောက်လာပါက ဗာရာပြည်အား အမျိုးမျိုးဖျက်စီးကြရန် ကတိပေးထားသည်နှင့်အညီ သားတော်ဗူးမင်း၊သကုဏငှက်မင်း၊ပဒူးမင်း၊မိကျောင်းမင်းတည်းဟူသော သားတော်များသည် ဗာရာပြည်အား အမျိုးမျိုးရန်မူကြလေ၏။
ဗူးမင်းသည် ဗာရာပြည်တစ်ခွင်လုံး ဘူးရွက်ဘူးနွယ်များရစ်ပတ်လျက် တစ်အိမ်မလပ် ခုတ်မရထစ်မနိုင် တိုင်းသူပြည်သားများ တမှိုင်မှိုင်တတွေတွေဖြင့် အခက်ကြုံရလေအောင် နှိပ်စက်လေသည်။ ပဒူးမင်းလည်း ကောင်းကင်မှပျံဝဲလျက် မိုးသားတိမ်တိုက်များ ကာဆီးထားသကဲ့သို့ မိုးမမြင်လေမမြင် လူမမြင်အောင် တိုက်ခိုက်လေ၏။ မိကျောင်းမင်းလည်း ရေဆိပ်မှစောင့်ပြီး ရေဆိပ်လာသူမှန်သမျှအား ဖမ်းစားကာ အမျိုးမျိုးအနှောင့်အယှက်ပြုလေ၏။ သကုဏငှက်မင်းသည်လည်း တစ်နေ့လျှင် အပျိုကညာတစ်ဦး ဆက်သခိုင်းနေလေရာ ဗာရာပြည်တစ်ပြည်လုံး သုသာန်တစပြင်ကဲ့သို့ ဆိတ်သုန်းပျက်စီးလျက် ဘေးရန်အပေါင်းတို့ ဝိုင်းပတ်လျက် ရှိနေလေသည်။
သုဓနုမင်းသားလည်း မိမိအားကောက်ယူ မွေးစားထားဖူးသော ခဝါသည်၏အိမ်တွင် ခေတ္တအနားယူလျက်ရှိနေစဉ် ဗာရာပြည်၌ ရန်သူအမျိုးမျိုး နှောင့်ယှက်ဖျက်ဆီးနေကြောင်း ကြားသိရလေသည်။ ဤအခါ သုဓနုမင်းသားသည် ရန်သူအမျိုးမျိုးကို နှိမ်နင်းရန် အတွက် ငါးပိဿာရှိဓါးမကြီးနှင့် ရေမဲဆိပ်တစ်ခုတွင် ကြီးမားသော ရေမဲပင်ကြီးကို နေ့စဉ်ရက်ဆက် ခုတ်ဖြတ်နေလေ၏။ သုဓနုမင်းသား၏ ဓါးခုတ်သံကို နားပူအောင်ကြားနေရသော ရေမဲဆိပ်မှ မိကျောင်းမကြီးက ဤသို့ဆို၏ ''အသင်လူသား ဘာတွေလုပ်မလို့ ဒီလောက်ဆူဆူညံညံ အသံတွေပြုနေရပါသလဲ'' ဟုမေးရာ ကုမ္မာဘယမင်းသားက '' ဒူးလေးလင်းလေး လုပ်မလို့ ခက်ခက်ခဲခဲခုတ်နေရပါသည်'' ဟုဆိုလေသည်။ မိကျောင်းမကြီးက ''နားပူနားအူခံပြီး ခုတ်မနေပါနဲ့တော့ အဆင်သင့်ရှိပြီးသား လေးစင်္ကြာကို မိကျောင်းတိုင်းပြည်မှာ သွားယူပေးဆက်ပါမည်'' ဟု ပြောပြီးလျှင် လေးစင်္ကြာကို မိကျောင်း လေးကောင်အား ထမ်းစေ၍ မင်းသားအားဆက်သလေသည်။ (မိကျောင်း လေးကောင် ဦးခေါင်းနှင့်တိုက်၍ ထမ်းလာရာ ထိုအရပ်ကို လေးခေါင်းတိုက် ဟုခေါ်ဆိုခဲ့ရာမှ ကာလရွေ့လျောသောအခါ လေးကျောင်းတိုက်ရွာ ဖြစ်လာလေသည်။) လေးစင်္ကြာကိုရသည်နှင့် သုဓနုမင်းသားလည်း ရန်သူများကိုနှိမ်နင်းရန် ဗာရာပြည်သို့ ခရီးပြင်းနှင်ခဲ့လေသည်။ ခမည်းတော်နေမိမင်းကြီးနှင့် တွေ့ဆုံပြီးနောက် ရန်သူများ အခြေအနေကိုအကဲခတ်လေ့လာပြီးသည်နှင့် ဗူးမင်းရန်ကိုစတင်နှိမ်နင်းလေ၏။ ဗူးမင်းရန်ကို နှိမ်နင်းပြီးနောက် ပဒူးမင်းအားအစွမ်းပြခိုင်းပြီး လေးနှင့်ပစ်ခွင်းလိုက်လေသည်။ ထို့နောက် သကုဏရာဇာငှက်မင်းနှင့် မိကျောင်းမင်းတို့အားလည်း ရှေးနည်းအတူ ချေမှုန်းလိုက်လေသည်။
'' နဂါးပတ်တောင်၊ရသေ့တောင်၊လေသာတောင် ''
ဗာရာပြည်မှ ရန်သူဟူသမျှကို နှိမ်နင်းပြီးနောက် ကုမ္မာဘယမင်းသားသည် တောကစားထွက်ခြင်းကို ဝါသနာပါသည့်အတိုင်း အနောက်အရပ်ရှိ တောမြိုင်ထဲသို့ တစ်ကိုယ်ထဲ ထွက်ခဲ့လေသည်။ ဤအခါ ပေါရိသာဒ်ဘုရား (ရွှေညောင် - ညောင်ရွှေသွားလမ်းရှိ) သို့ ရောက်ခဲ့ပြီး အနားယူနေလေ၏။ ပေါရိသာဒ်ဘုရားမှ တစ်ဖန်မင်းသားသည် ယခု နဂါးပတ်တောင်ဟု ခေါ်တွင်မည့် တောင်ရှိသို့ ဦးတည်လာခဲ့လေသည်။
ဤနဂါးတောင်၏ မြောက်ဖက် သုံးဖာလုံခန့်အကွာ တောင်တစ်တောင်တွင် သီလ၊ သမာဓိ၊ ပညာတို့နှင့် ပြည့်စုံသော ရသေ့တစ်ပါး သီတင်းသုံးလျက်ရှိ၏။ ထိုတောင်များနှင့် မနီးမဝေးတွင် နဂါးကြီးတစ်ကောင်သည် ပတ္တမြားမျက်ရှင်ကို ငုံပြီး ဂဠုန်ရန်ကိုမမူပဲ မကြောက်မရွံ့နေလေ၏။ ဂဠုန်သည်လည်း နဂါးအား ကြိမ်ဖန်များစွာ သုတ်သော်လည်း မရနိုင်ရှိချေ၏။
ဤအခါ ဂဠုန်လည်း လူယောင်ဆောင်ပြီး ရသေ့ကြီးထံတွင် စုံစမ်းရာ နဂါးမှာ ပတ္တမြားမျက်ရှင်ကို ငုံထားမှန်းသိရှိရကား အလောင်းအစားပြု၍ နဂါးအားစားရန်အကြံဖြစ်လေ၏။ ဤသို့ဖြင့် ယခုအခါ နဂါးပတ်တောင်ဟု အမည်သညာဖြစ်လာမည့် တောင်ကြီးအား နဂါးနှင့် ဂဠုန်တို့ ယှဉ်ပြိုင်ကြကာ နဂါးက သူ့ကိုယ်ဖြင့် ပတ်မိရန်လည်းကောင်း၊ ဂဠုန်က သူ့တောင်ပံနှစ်ဖက်ဖြင့် အုပ်မိုးနိုင်ရန်လည်းကောင်း ကြိုးစားကြကုန်၏။
ဂဠုန်က ဥာဏ်သမား ပီပီ ကျွန်ုပ်သည် လုံခြုံရာနေရာမှ ကြည့်နေပါမည်။ အသင်နဂါးကသာ တောင်ကို ရစ်ပတ်ထားနှင့်ပါ ဟုပြောပြီး ဂဠုန်အင်းမှနေပြီး စောင့်မျှော်ကြည့်ရှု့နေလေ၏။ နဂါးသည် တောင်ကို တဖြည်းဖြည်း ရစ်ပတ်သည်ရှိသော် ဂဠုန်သည် အင်းမှီးတောင်၏ အရှေ့မြောက်အရပ်ရှိ ဂဠုန်အင်းခေါ် နန်းလုံအင်းမှ နေ၍ နဂါး၏အမြီးကို လက်လေးသစ်ခန့် ခိုး၍ ဖြတ်လိုက်၏။ ထို့ကြောင့် နဂါးမှာ တောင်ကိုပတ်မိရန် လက်လေးသစ်ခန့် လိုနေလေ၏။
ဂဠုန်သည်ကား သူ့အတောင်ပံနှစ်ခုဖြင့် တောင်ကို ဝဲပျံကာ အုပ်လိုက်ရာ တစ်တောလုံး မှောင်မည်းကာ လုံအောင် အုပ်မိသွားလေ၏။ ထို့နောက် ဂဠုန်က နဂါးကို အသင်ရှုံးပြီဟုဆိုကာ စားမည်ပြုရာ နဂါးသည် မြေတွင်ကပ်ပြီး မိမိခန္တာကိုယ်ကို မမြင်ရအောင် ဝှက်၍ မြောက်ဖက်စွန်းရှိ တောင် (ယခု လေသာတောင်) ခြေရင်းရှိ တွင်းထဲသို့ ပြေးဝင်ကာ ခွေခွေလေး အိပ်၍နေလေ၏။
(ထို့ကြောင့် နဂါးနှင့်ဂဠုန် အလာင်းအစားပြု၍ နဂါးရစ်ပတ်ခဲ့သောတောင် ကို နဂါးပတ်တောင်။ ရသေ့ကြီး သီတင်းသုံးခဲ့သော တောင်ကို ရသေ့တောင်။ နဂါးပုန်းအောင်း၍ အိပ်နေခဲ့တောင်သော တောင်ကို ခွေအိပ်တောင်/ ခွေအိတောင် (ယခု လေသာတောင်) ဟုခေါ်ကြလေသည်။)
'' အရှေ့ပိုင်း၊အလယ်ပိုင်း၊အနောက်ဝိုင်း ''
ဂဠုန်သည်လည်း နဂါးတွင်းထဲမှ ထွက်လာစေရန် မကြံနိုင်ဖြစ်လေရာ ရသေ့တောင်ရှိ ရသေ့ကြီးထံ လူယောင်ဆောင်၍ မေးလေသော် ရသေ့ကြီးလည်း ဂဠုန်မှန်းသိလေရကား အဖြေမပေးပေ။ ဤအခါ အနီးရှိ သူတော်မှ ရသေ့အား စောစောက လာသူ မည်သူဖြစ်ပါသနည်းဟု မေးမြန်းလျှောက်ထားရာမှ ဂဠုန်လူယောင်ဆောင်လာပုံ၊ နဂါးအားတွင်းထဲမှ ထွက်ရန် အမေးပြုလာပုံတို့ကို ပြောပြရာ သူတော်က အရှင်ဘုရား နဂါးတွင်းထဲမှ ထွက်လာစေရန် မည်သို့ပြုလုပ်သင့်ပါသနည်း ဟု မေးမြန်းပြန်ရာ ရသေ့ကြီးက တွင်းထဲသို့ ဝါးလုံးရှည်ဖြင့် ထိုးသွင်းလိုက်လျှင် နဂါးဘယ်မှာ ခံနိုင်မည်နည်းဟု ဆိုသည့်အသံကို ဂဠုန်ကြားလေလျှင် ရသေ့အမိန့်ရှိသည့်အတိုင်း နဂါးခွေသည့် တွင်းထဲသို့ ဝါးရှည်နှင့် ထိုးလိုက်လေ၏။ ထိုအခါ နဂါးလည်း မနေသာတော့ပဲ ခွေရာမှ ထွက်လာရာ ဂဠုန်လက်တွင်းသို့ ဆိုက်ရောက်ရလေ၏။
(ဝါးရှည်ပိုင်းဖြတ်ရာမှ မြေပေါ်သို့ လဲကျရာ ဝါး၏ အရှေ့ပိုင်းကို အရှေ့ပိုင်းရပ်၊ ဝါး၏ အလယ်ပိုင်းများကို အလယ်ပိုင်းရပ် ၁ ၂ ၃ ဟူ၍ အမှတ်သညာထား၍ ခေါ်ဆိုခဲ့ကြသည်။)
(နဂါးမှာ ဂဠုန်ရန်ကို ကြောက်လှန့် ထွက်ပြေးရာမှ မောပန်းလှသဖြင့် ဟိုးဟဲ ဟိုးဟဲဟု မြည်တမ်း အသက်ရှုမှုကြောင့် ဟိုးဟဲ မှ ဟဲဟိုး ဟု အမည်တွင်လာသည်ဟု အချို့က ဆိုကြသည်။ နဂါးပတ်ပြေးရာ လမ်းကြောင်း လေသာတောင်ခြေတွင် ချောင်းဖြစ်လာသောကြောင့် ထိုချောင်းကို နဂါးချောင်းဟုခေါ်ဆိုကြသည်။)
'' လက်ပံပင်၊ အင်းမှီး၊ ဘော်နင်း "
ဂဠုန်လည်း နဂါးကိုချီကာ အနောက်ဘက်ရှိ ညောင်ကားလားပင်ပေါ်တွင် ခေတ္တနားခိုလေသည်။ နဂါးကား လေသာတောင်ခြေတွင် ပုန်းခိုနေစဉ်က ဂန္ဓရာဇာဟူသော ဂမုန်းပင်ကို ဆေးအဖြစ် စားသုံးခဲ့သည့် ရနံ့ကြောင့် တစ်ကိုယ်လုံး မွှေးကြိုင်နေလေရာ ဂဠုန်မှာ ထူးခြားလှသည့် နဂါးဟုဆိုကာ မစားသေးပဲ ညောင်ကားလားအရပ် (ယခု လက်ပံပင်ရွာ)မှ စားမည်ဟုကြံလေ၏။ ( ဂဠုန်သည် ခါးကျိုးနေသော နဂါးအား ညောင်ကားလားအရပ်ရှိ ညောင်ပင်ပေါ်တွင် တင်ထားလေရာ နဂါးမှာ ကားယား ဖြစ်နေသောကြောင့် ထိုအရပ်ကို ညောင်ကားလားဟု ခေါ်ဆိုခဲ့ကြသည်။) ထိုစဉ် နဂါးလည်း စိတ်ထဲမှ ကယ်ပါကူပါဟု အကူအညီတောင်းလေသော် ပေါရိသာဒ်ဘုရားမှ ထွက်လာသော ကုမ္မာဘယမင်းသားသည် လေးထောင့်ကန် အရောက်တွင် လေးနှင့်မြားမှာ အလိုလိုတင်းမာလာသည်ကို တွေ့ရှိရကား အကြောင်းထူးပြီဟု သိရှိလေ၏။ ထို့ကြောင့် လေးနှင့်မြားကို အသင့်ပြင်ပြီး ဒူးကိုထောက်လျက် ရန်သူရှိရာသွားစေဟု မြားကိုလွှတ်လိုက်သည်ရှိသော် ညောင်ကားလားအရပ်ရှိ ဂဠုန်အား မြားထိမှန်လေ၏။ လေးကို ထောက်၍ ပစ်ရာနေရာကို လေးထောင့်ကန်ဟု ယခုတိုင်ခေါ်ဆိုကြသည်။ (မြားထိမှန်၍ မြေပေါ်သို့ကျသော ဂဠုန် ဦးခေါင်းနေရာကို အင်းခေါင်းရွာ၊ ဂဠုန် အမြီးနေရာကို အင်းမှီးရွာ ဟုခေါ်ကြသည်ဟု အချို့ကဆိုသည်။ အင်းမှီးရွာမှာ ဂဠုန် က နဂါးအမြီးကို ခိုးဖြတ်သောနေရာဖြစ်၍ အင်းမှီး ဖြစ်သည်ဟုလည်း ဆိုကြသည်။ နှစ်ခုကွဲနေသည်ကို သတိပြုပါ။ )
ဂဠုန်ကား မြားဒဏ်ရာကြောင့် သေရမည်ကို စိုးရိမ်ပြီး နဂါးပတ်တောင် ခြေရင်းတွင် နားလျက် ရုန်းကန်ရာမှတစ်ဖန် ယခု ဘော်နင်းအမည်ရှိ အရပ်သို့ပြေးလေ၏။ ဂဠုန်ရုန်းကန်ခဲ့သည့် နဂါးပတ်တောင် မြောက်ဖက်ရှိ သိမ်ကန်ကို ရှေးက ဂဠုန်ရုန်းကန်ဟု ခေါ်ခဲ့လေ၏။ ဤသို့ဖြင့် ကုမ္မာဘယမင်းသားလည်း မြားပစ်လိုက်ရာ အနောက်မြောက် (ညောင်ကားလား) အရပ်သို့ အပြင်းလိုက်ခဲ့ရာ ညောင်ပင်ပေါ်တွင် ခါးကျိုးနေပြီဖြစ်သော နဂါးကို တွေ့မြင်လေသည်။ နဂါးကလည်း မင်းသားအား အကူအညီတောင်းလေ၏။ ထို့ကြောင့် မင်းသားလည်း ကောင်းပါပြီဟု ဆိုကာ ဂဠုန်နောက်ကို လိုက်လေလျှင် မြားဆိပ်တက်ပြီးလဲနေသော ဂဠုန်ကို တွေ့လေ၏။ ဂဠုန်ကိုယ်မှ မြားအားကျောပေါ် ခြေတော်ဖြင့်နင်းပြီး ကုမ္မာဘယမင်းသား ချွတ်ရာ နေရာဖြစ်သောကြောင့် ကျော်တော်နင်းဟု ခေါ်ခဲ့ရာမှ ကာလ ရွေ့လျော လာသောအခါ ယခု ဘော်နင်း ဖြစ်လာသည်။
ဤအခါ ဂဠုန်လည်း မြားဒဏ်ကြောင့် သေရမည်ကို သိလေရကား ဤသို့ဆိုလေ၏။ ငါရှာ၍ရသော နဂါးကို စားမည့် ဆဲဆဲတွင် ဤလူသား မသူတော်သည် ငါ့ကိုနှိပ်စက်၏။ ငါသည် ဤဘဝမှာသေဆုံးလျှင် ကြီးစွာသော ကိုယ်အဖြစ်ကိုရရှိ၍ ထိုသူ၏ သွားရာလမ်းဦးကနေပြီး ရန်မူနိုင်ပါစေသားဟု အဓိဋ္ဌာန်ပြီးမှ သေဆုံးလေ၏။ ဂဠုန်ကား နောင်ဘဝတွင် ကြီးမားသည့် ခန္ဓာကိုယ်နှင့် ပင်းတယအရပ်တွင် ပင့်ကူကြီးဖြစ်လာလေသည်။ ကုမ္မာဘယမင်းသားလည်း နဂါးဆီပြန်သွားရာ နဂါးက ကျွန်ုပ် အသက်ကို အသင်ကယ်၍ ချမ်းသာစွာ နေရပါပြီ။ နောင် အသင် အခက်အခဲ တစ်စုံတစ်ရာ တွေ့ပါက မြေကြီးကို လက်ဖြင့်သုံးကြိမ်ပုတ်၍ ကျွန်ုပ်အား ခေါ်ယူပါ ကျွန်ုပ် သင့်အား အကူအညီပေးပါမည် ဟုဆိုကာ မိမိလိုရာသို့ သွားလေသည်။
" ရေစက်ဆုံရာ ရှင်မိယာ ''
သုဓနုမင်းသားသည် ဂဠုန်အားနှိမ်နှင်းပြီးနောက် အနောက်ဖက် တောအုပ်ဆီသို့ ဆက်လက်၍ တောကစား ထွက်ခဲ့လေသည်။ ငွေတောင်ပြည် ဒိပမင်းကြီး၏သမီး ကိန္နရာခုနှစ်ဖော်တို့သည် ယခု ပင်းတယအရပ်ရှိ ပုတ်တလုတ်ကန် တွင်ရေကစား၍ အချိန်လင့်သည် ဖြစ်လေရာကား နီးစပ်ရာဂူထဲသို့ ခိုဝင်နားကြလေသည်။ ( ငွေတောင်ပြည် = ဟိမဝန္တာ တောင်မကြီးသို့ရောက်ရန် လူတို့၏နယ်စပ်မှ တောင်ခုနစ်တောင် ၊ အိုင်ခုနစ်အိုင် ကျော်သွားရသည် ဆိုသည်။ ထိုခုနစ်တောင်အနက် ငါးတောင်မြောက် ဖြစ်သော တောင်မှာ ကောလာသဘတောင် ဟုခေါ်ရာ ငွေရောင်ရှိ၍ ငွေခဲ ၊ ငွေတော် နှင့်တူသည် ဖြစ်သောကြောင့် '' ငွေတောင် '' ဟု တွင်လေသည်။ ကိန္နရီ၊ကိန္နရာတို့မှာ မိမိတို့၏ ဆင်ယင်အပ်သော ဘယက်တန်ဆာ ၊ ဒွာဒရာတို့ အစွမ်းအားဖြင့် ကောင်းကင်သို့ ပျံတက်နိုင်သည် ဆိုသည်။ ) ရှေးအရင်ဘဝမှ ဒေါသဖြင့်ကျိန်ဆိုပြီး သေဆုံးခဲ့သော ဂဠုန်သည်၊ ထိုဂူတွင် ပင့်ကူကြီးဖြစ်လျက် ကျက်စားလျက်ရှိလေနေရာ သူ၏သားကောင်များ ဖမ်းသည့်အလိုငှာ ဂူဝကို ပင့်ကူမျှင်များ ရစ်ပတ်ထားရှိလေသည်။ ကိန္နရီခုနှစ်ဖော်တို့မှာ အသက်ဘေးကြောက်ရွံ့၍ အော်ဟစ် အကူအညီတောင်းလေရာ သုဓနုမင်းသား ကြားသိပြီးနောက် ပင့်ကူကို လေးဖြင့်ပစ်ခွင်း၍ နှိမ်နှင်းလိုက်လေသည်။ နတ်သမီးခုနှစ်ဖော်တို့မှာ ကျေးဇူးတင်လှသည်ဖြစ်၍ မည်သို့ကျေးဇူးဆပ်ရမည်နည်းဟု ဆိုရသော်၊ မင်းသားမှာ အငယ်ဆုံးဖြစ်သော ရှင်မိယာကို နှစ်သက်လှသည်ဖြစ်၍ ပေါင်းဖက်လိုသည်ဟုဆိုလေသည်။ ရှင်မိယာသည်လည်း မိမိအသက်သခင်ကျေးဇူးရှင်အား ကြည်ညိုလှသည်ဖြစ်၍ ကျေးဇူးရှင်ထံပါး လုပ်ကျွေးပြုစုလိုပါသည်ဟု ဆိုကာ ငွေတောင်ပြည်သို့ မပြန်တော့ပဲ နေရစ်ခဲ့လေသည်။ ( မင်းသားသည် ပင့်ကူကို နှိမ်နှင်းခဲ့သောအရပ်ဖြစ်၍ ပထမ ပင့်ကူရ ဟုအမည်တွင်ခဲ့ပြီး ကာလရွေ့လျောသော အခါ ပင်းတယ ဟုဖြစ်လာလေသည်။ )
" သီခေါင်တောင်၊ ကျောက်ထပ်၊ အင်းခေါင်း "
မင်းသားတို့နှစ်ဦးသည် အရှေ့ဗာရာပြည်သို့ ပြန်လာလေရာ ပင့်ကူဘဝမှ ဖြစ်သော ဘီလူးကို နှိမ်နင်းရပြန်လေသည်။ ဘီလူးဘဝမှ စုတေပြန်သော် နောက်ဘဝတွင် ဇော်ဂျီဖြစ်ပြီး မင်းသားအား ရန်မူပြန်လေရာ မင်းသားသည် ဒဏ်ရာများစွာဖြင့် မျောလျက် တောထဲတွင်ကျန်ခဲ့လေသည်။ ဇော်ဂျီမှာ ရှင်မိယာအား ကြင်ယာတော်အဖြစ် သိမ်းပိုက်မည် ပြုလေရာ၌ ရှင်မိယာသည် ပရိယာယ်သုံး၍ ဇော်ဂျီချောင်းအတွင်းသို့ နှစ်သတ်လိုက်လေသည်။ ထိုမှတစ်ဖန် ရှင်မိယာသည် မင်းသားအား တောထဲတွင် ရှာမတွေ့ပဲ ရှိနေလေရာ၊ တောင်အမြင့်ပေါ်တွင် ကျောက်ပြားကြီးများကိုထပ်လျက် ''အကယ်၍ မင်းသားမှာ သေဆုံးခဲ့သည်ဆိုပါလျှင် လင်းတငှက်ဆိုးများရှိရမည်'' ဟုတွေးလျက် လင်းတများပျံဝဲနေရာသို့ မျှော်ကြည့်လေသည်။ ထိုအခါ ယခု သီခေါင်တောင်ဟု အမည်တွင်သည့်နေရာတွင် လင်းတများ ဝဲလျက်ရှိသည်ကို တွေ့လေသည်။ (ကျောက်ပြားများထပ်လျက် မျှော်ကြည့်ရာ အရပ်ဖြစ်၍ ကျောက်ထပ် ဟုအမည်တွင်ခဲ့သည်။ မင်းသားသေဆုံးရာတောင်ကို သေကောင်တောင်၊ ကာလရွေ့လျောသောအခါ သီကောင်တောင်မှ သီခေါင်တောင်ဟု အမည်ပြောင်းလဲလာခဲ့လေသည်။ သီခေါင်တောင်မှ ကြည့်လျှင် ဟဲဟိုး ပုန်းအင်းလွင်ပြင်နှင့် အင်းခေါင်းဆည်ကို လှပစွာမြင်တွေ့နိုင်သည်။)
သေကောင်တောင်ဟု အမည်တွင်ရစ်မည့် နေရာတွင် သုဓနုမင်းသားသည် သေဆုံးအသက်ပျောက်နေစဉ် ဒွေးမယ်နော်ခေါ် ရှင်မိယာသည် ပြင်းစွာ ပူဆွေးငိုကြွေးလျက် နေလေ၏။ ဤအခါ သိကြားမင်းလည်း မြကျောက်ဖျာတင်းတော်မူ၍ ရှု့ကြည့်လေသော် ဒွေးမယ်နော်သည် သုဓနုမင်းသား အလောင်းဘေးတွင် ပူဆွေးငိုကြွေးနေသည်ကို တွေ့မြင်မိလေ၏။ သိကြားမင်းလည်း ကိုယ်ထင်ပြကာ ရှင်မိယာအား သင်သည် ဤမျှ ကျားရဲ တိရစ္ဆာန်များ ထူပြောလှသည့် တောကြီးထဲတွင် မကြောက်မရွံ့ပူဆွေး ငိုကြွေးနေသည်ကား အလွန်ပင် ရာဂဗျာပါဒ များလှချေ၏ ဟုဆိုကာ သင့်ယောကျာ်းကို အသက်ရှင်လျက် ထလာသည်ကို မြင်တွေ့လိုသလားဟု မေးရာ ရှင်မိရာက ဝမ်းမြောက်ဝမ်းသာ မြင်တွေ့လိုပါသည်ဟု ဆိုလျှင် သိကြားမင်းက နတ်ရေစင်ဖြင့် ပက်ဖျန်းလိုက်သော် သုဓနုမင်းသားသည် သေဆုံးနေရာမှ အသက်ဝင်လျက် ထလာလေ၏။ ထိုနောက် သိကြားမင်းသည် နတ်ပြည်သို့ ပြန်လေသည်။
မင်းသားနှင့် ဇော်ဂျီတို့ ယှဉ်ပြိုင်တိုက်ခိုက်သောအခါ တန်ခိုးပြင်းထန်လှသည်ဖြစ်၍ ထိုဒေသ တစ်ဝိုက်တွင် ခြောက်သွေ့ပူလောင်ခြင်း ဖြစ်လေရာ မင်းသားသည် အဓိဋ္ဌာန်ပြု၍ မြားသုံးချောင်းကို အင်းခေါင်းအရပ်တွင် မြေသို့စိုက်သည်ရှိသော် ရေထွက်များဖြစ်လာလေသည်။ (ထိုရေထွက်ပေါက်များမှာ ယခုတိုင် ရေမခန်းပဲ ပုန်းအင်းဒေသသို့ ရေပေးဝေလျက် ရှိနေရာ စိုက်ပျိုးရေးအတွက် များစွာအကျိုးပြုလျက် ရှိနေလေသည်။) ဤသို့ဖြင့် မင်းသားနှင့် ရှင်မိယာတို့သည် တောလမ်းတစ်လျှောက် အရှေ့ဗာရာပြည်ကြီးသို့ ရှေးရှုလျက် ပြန်လာကြသည်ရှိသော် လင်မယားတို့ သဘာဝအတိုင်း အပုပ်ကောင် ၊ဇော်ဂျီမယား စသည်ဖြင့် ကျီစားလျက် စကားများလာကြရာ ယခုကျောက်ရေအိုးကျောင်းအနီး အရောက်တွင် မောပန်းလှသဖြင့် ပင်းတယ အော်ရောမှ ရရှိခဲ့သော အဓိဋ္ဌာန် ကျောက်ရေအိုးတစ်လုံးဖြင့် ရေခပ်သောက်မည်ဟုကြံကာ ရေအိုးကို နှစ်လိုက်သည်ရှိသော် ရေအိုးသည် မြေတွင်ကျွံပြီး နှစ်မြုပ်လေသည်။ ရှင်မိယာ၏ ကျောက်ရေအိုးမှ ကျောက်ရေတွင်း ဖြစ်သွားသည်ဟုဆိုကြသည်။ ဤအခါ ရှင်မိယာက အရေးထဲ ကျောက်ရေအိုးက ကျွံရသေးဟုဆိုခဲ့သည်ကို အစွဲပြု၍ ရှေးက ဤနေရာကို ကျောက်ရေအိုးအရပ်ဟု ခေါ်ခဲ့ကြပြီး ယခုအခါ ကျောက်ရေအိုးဘုန်းကြီးကျောင်း တည်ရှိနေသည်။
" ငွေတောင်ပြည် ပြန်လေပြီ "
ဤသို့ဖြင့် ဗာရာဏီပြည်ကြီးသို့ ပြန်ရောက်လာသည်ရှိသော် မင်းသား၏ ခမည်းတော် မယ်တော်တို့ကလည်း အလွန် လှပတင့်တယ်သော ရှင်မိယာကို လွန်စွာချစ်ခင်မြတ်နိုး နှစ်သက်ကြကုန်၏။ နေမိမင်းကြီး၏ ပုရောဟိတ် ပုဏ္ဏားသည် မိမိ၏ သမီးကို သုဓနုမင်းသားနှင့် ထိမ်းမြားရန် ရည်ရွယ်ထားခြင်းရှိရာ ယခု ငွေတောင်သူကို ယူလာခဲ့လေသဖြင့် အကြံပျက် စိတ်နာကာ၊ ရှင်မိယာ ပျက်စီးမှ မိမိ၏သမီးနှင့် သုဓနုမင်းသား ပြန်လည် လက်ဆက်ရန် ဖြစ်နိုင်မည်ဟု ဒွေးမယ်နော် ပျက်စီးကြောင်းကို ကြံလျက်ရှိ၏။ ပုဏ္ဏားသည် နယ်စွန်နယ်ဖျား၌ သူပုန်ထဟန် ပြုစေပြီးလျှင် သုဓနုမင်းသားကို စေလွှတ်၍ ဖြိုဖျက်စေရန် မင်းကြီးအား လျှောက်တင်လေရာ မင်းကြီးလည်း လွှတ်ရလေ၏။ ထိုကဲ့သို့ သုဓနုမင်းသား မရှိခိုက် မင်းကြီးမှာ မိမိ၏အူတို့သည် ဝမ်းမှထွက်၍ နယ်ပယ်အသစ်တို့ကို ပတ်ရသည်ဟု အိပ်မက်မြင်လေရာ အလွန်ထိတ်လန့်သည်နှင့် ပုဏ္ဏားအား အိပ်မက်ကို ဖတ်စေ၏။ ပုဏ္ဏားလည်း အချက်ဆိုက်ပြီဟု '' မင်းကြီး ၊ မိဖုရား ၊ တိုင်းပြည် ဤသုံးပါး၏ အန္တရာယ် အလွန်ကြီးပါသည်။ ယတြာကြီးစွာ ပြုရပါ လိမ့်မည်။ ပြုရန်ကား ထူးဆန်းတင့်တယ်သော ရှင်မိယာ၏ လည်ချောင်းသွေးကိုပါ ယဇ်ပူဇော်ရပါလိမ့်မည် '' ဟု မကောင်းစိတ်ဖြင့် လျှောက်လေ၏။ ရှေးဦး၌ မင်းကြီးသည် ချွေးမတော်ကို မပြုထိုက်မပြုရက်၍ ငြင်းဆန်သော်လည်း ပုဏ္ဏားက အသက်ဘေးဖြင့် အထပ်ထပ် ခြိမ်းခြောက်လေရကား နောက်ဆုံး၌ မင်းကြီး သဘောတူရလေ၏။ ရှင်မိယာနှင့် ယောက္ခမ မိဖုရားကြီးတို့သည် အကြောင်းကို သိရသော် အလွန်စိုးရိမ်ပူပန်ကြလျက် မိဖုရားကြီးသည် ရှင်မိယာ၏ အသက်ဘေးလွတ်ရန် ကြံရလေသည်။ ရှင်မိယာ နှင့် ပါလာသော ကိန္နရာဘယက်တန်ဆာတို့ကို ဝတ်ဆင်ကာ ကောင်းကင်ဖြင့်ပျံ၍ ငွေတောင်ပြည်သို့ ပြေးရန် တိုက်တွန်းလေ၏။
ရှင်မိယာ သည်လည်း ငွေတောင်ပြည်သို့ ပျံလေသော် ဟိမဝန္တာနယ်စပ် မိမိတို့ ရေချိုးရာ ၊ ပင့်ကူရန်မှ လွတ်မြောက်ရာ၊ မင်းသားနှင့်တွေ့ရာ ပုတ်တလုတ်ရေကန်သို့ ရောက်လာလေ၏။ ဤနေရာဟောင်းတို့ကို မြင်လေသော် အထူးပူဆွေးခြင်း ဖြစ်ပေါ်လာလျက် ကျောက်ဖျာတစ်ခုတွင် စာရေးကာ ထိုရေကန် အနီးရှိ ရသေ့ကြီးတစ်ဦးထံ၌ မိမိ၏ နဝရတ်လက်စွပ်ကို အပ်ထားခဲ့၏။စာတွင်မှာပုံကား '' ဤလူတို့ နယ်စပ်မှ လွန်၍ မလိုက်လာပါနှင့်။ ဘေးရန်အလွန်ကြီးမား များပြား၍ မောင်တော် အသက်ရှင်ဖွယ် မရှိပါ။ သို့ကြောင့် လိုက်လာ၍ အကျိုးမရှိကြပါပြီ ၊ ဆရာရသေ့ထံ၌ နှမ၏ န၀ရတ်လက်စွပ်ကို ယူပြီးလျှင် တိုင်းပြည်သို့သာ ပြန်ပါလေ'' ဟု ရေးမှာခဲ့၏။ ငွေတောင်ပြည် သို့ရောက်၍ ဒိပမင်းကြီးထံသို့ အခစားဝင်ရာတွင်၊ မျိုးခြားလူတို့နှင့် ပေါင်းသင်းတွေ့ထိသဖြင့် မသန့်မရှင်း နိမ့်ကျသွားသည်ဟု ယူဆသော ငွေတောင်ပြည်၏ ထုံးစံအရ ရှင်မိယာကို ချက်ချင်း ပြန်၍လက်မခံဘဲ ခွဲခြား၍ ထား၏။ နောင်အခါမှ ခေါင်းဆေး၊ ရေချိုး စင်ကြယ်အောင် ခေါင်းဆေးမင်္ဂလာပြုပြီးမှ လက်ခံရန် စီမံထားလေသည်။
" သုဓနုမင်းသား လိုက်ခန်း ''
သုဓနု မင်းသားသည် သူပုန်ထသည်ဆိုသောအရပ်မှ ပြန်ရောက်လာပြီး အကြောင်းစုံသိရ၍ လေးမြားစွဲကာ အသက်စွန့်၍ ငွေတောင်ပြည်သို့ လိုက်သွားလေ၏။ ပုတ်တလုတ် ရေကန်စခန်းရှိ ရသေ့ကြီးထံမှ ဒွေးမယ်နော် အပ်ထားခဲ့သော န၀ရတ် လက်စွပ်ကို ယူငင်လာခဲ့၍၊ ငွေတောင်ပြည်ဘက်သို့ သွားရောက် ကျက်စားတတ်သော ငှက်ကြီးတစ်ကောင်ကို တွယ်မှီခိုကပ်၍ ငွေတောင်ပြည်ဘက်သို့ စီးနင်းသွားလေသည်။ ငွေတောင်ပြည်သို့ ရောက်သောအခါ သင့်လျော်ရာ ရေတွင်းတစ်ခုအနီး၌ ရပ်နားစောင့်စား၍ စုံစမ်းနေရ၏။ ထိုအခါ ရှင်မိယာကို မိမိတို့ အမျိုးအတွင်းသို့ ပြန်၍ လက်ခံနိုင်ရန် ခေါင်းဆေးမင်္ဂလာ ပြုသောအခါနှင့်ကြုံ၍ ငွေတောင်သူ အပျိုတစ်စု ရေတွင်းသို့ ရေခပ်လာရာ၊ မေးမြန်းသိရှိပြီး နောက်ဆုံးအပျို၏ ရေအိုးတွင် နဝရတ်လက်စွပ်ကို အမှတ်မဲ့ ထည့်လိုက်လေ၏။ ခေါင်းဆေးပြီး၍ ရေသွန်သောအခါ နောက်ဆုံးအိုးအသွန်တွင် ရှင်မိယာက ခေါင်းကို လက်ဖြင့်သပ်လိုက်ရာ ရေအိုးတွင်းမှ ကျလာသော န၀ရတ်လက်စွပ်နှင့် အဆင်သင့် လက်တွင်စွပ်မိလေ၏။ ရှင်မိယာမှာ မိမိ၏ချစ်လှစွာသော လင်ယောက်ျား လိုက်လာကြောင်း သိရှိကာ မြောမေ့သွားလေသည်။ ထိုကစ၍ ခမည်းတော်မင်းကြီး သိရှိကာ ထိုလူမျိုးခြား သုနုမင်းသားကို ဖမ်းစေ၏။ ပုံပန်းရုပ်ရည်ကို မြင်ရလျှင်သော်ကား သာမည လူစားမျိုး မဟုတ်ကြောင်း သိရှိ၍ လေးပစ် ၊ ဆင်စီး ၊ မြင်းစီး စသော ယောက်ျားကောင်းတို့ တတ်အပ်သော အတတ်တို့ကို ပြစေ၏။ အလုံးစုံ ကျေနပ်ဖွယ် ၊ ချီးမွမ်းဖွယ် ကောင်းသည့်ပြင် သာမညလူတို့ မလာရောက်နိုင်သော ငွေတောင်ပြည်သို့ သမီးတော်ကို ချစ်ခင်စုံမက် ၊ သစ္စာတည်ကြည်စွာ အသက်စွန့်၍ လိုက်လာသူလည်း ဖြစ်ပေသည်ဟု အလွန်ဝမ်းမြောက်စွာ သမီးတော်နှင့် ထိမ်းမြားလိုက်လေ၏။ ငွေတောင်ပြည်တွင် အတန်ကြာ ရွှင်လန်းချမ်းသာစွာ နေကြပြီးနောက် သုဓနုမင်းသားသည် ရှင်မိယာကို ခေါ်ဆောင်ကာ မိမိတိုင်းပြည်သို့ ပြန်ခဲ့၍ မကြာမီ ခမည်းတော်၏ အရိုက်အရာ ထီးနန်းကို စိုးစံရလေသည်။
'' ကျွန်ုပ်၏ စာစုကို ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်ခင်ဗျာ။ ''
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
အဲကျော်
စာပြီးချိန် ~ ညနေ 6:45
1.03.2018 (တပေါင်းလပြည့်)
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
No comments:
Post a Comment