(၁၀)
ဝေဒနာနုပဿနာ သတိပဋ္ဌာန်
==================
ဝေဒနာနဲ့စပ် သိမှတ်ဖွယ်ရာ
-----------------------------------
ချမ်းသာဆင်းရဲစတဲ့ ဝေဒနာတွေကို ခံစားနေရတဲ့အတိုင်း ရှုမှတ်နေတာဟာ ဝေဒနာနုပဿနာ သတိပဋ္ဌာန်ဖြစ်ပါတယ်။ ဒီသတိပဋ္ဌာန်အကြောင်းကို မဆွေးနွေးခင် ဖြစ်နိုင်ချေများတဲ့ သံသယဖြစ်ဖွယ် တစ်ချို့ကို ဖော်ထုတ်ပြီး အဋ္ဌကထာဆရာတော်က ကြိုတင်ရှင်းလင်းထားပါတယ်။ အရေးကြီးတဲ့ သိမှတ်စရာတွေမို့ အဲ့ဒါတွေကိုပဲ အရင်တင်ပြပါမယ်။
ပက်လက်အိပ်တတ်ရုံသာ ရှိသေးတဲ့ ကလေးငယ်တောင်မှ နို့စို့နေခိုက်မှာ "ချမ်းသာတယ်၊ ကောင်းတယ်"လို့ သိတတ်ပါတယ်။ အဲ့ဒီအသိဟာ ယောဂီရဲ့ "ချမ်းသာတယ်၊ ကောင်းတယ်"ဆိုတဲ့အသိနဲ့ အတူတူပင် မဟုတ်ပါလားတဲ့။ ဒါက မသိနားမလည်သူတို့မှာ ဖြစ်လာနိုင်ဖွယ်သံသယပါ။
သိကြတာချင်းတူပေမဲ့ သိပုံကတော့ ပြောင်းပြန်ထူးခြားပါတယ်တဲ့။
ကလေးသူငယ်တွေနဲ့ ရှုမှတ်မှုမရှိတဲ့ တတ်သိလိမ္မာသူ လူကြီးတွေမှာ သိပုံချင်းတူကြပါတယ်။ သူရို့ဟာ ချမ်းသာမှုဖြစ်တိုင်း သိကြတာမဟုတ်။ တစ်ခါတစ်ရံသာ သိကြပါသတဲ့။ အဲဒီလို သိပေမင့်လည်း တရားသဘောအနေနဲ့သိတာ မဟုတ်ပြန်ပါ။ ငါချမ်းသာတယ်၊ ငါကောင်းတယ်ဆိုတဲ့ ငါကောင်အနေနဲ့သာ သိကြပြီး အခိုက်အတန့် မျှ ဖြစ်ပျက်သွားပါလားလို့ မသိနိုင်ကြဘူးလို့ ဆိုလိုပါတယ်။ အရင်က ရှိနှင့်နေတဲ့ ငါကပင် အခုချမ်းသာနေတယ်လို့လည်း ထင်မှတ်တတ်ကြပါတယ်။
ဆိုခဲ့တဲ့ အသိမျိုးတွေဟာ သတ္တ၀ါကောင် ငါကောင်ဆိုတဲ့ ထင်မှတ်စွဲလမ်းခြင်းကို မပယ်နိုင်တဲ့အပြင် ပိုပြီးတော့တောင် ခိုင်မြဲစေပါသေးတယ်။ အဲ့ဒါကြောင့် အဲ့ဒီအသိမျိုးဟာ ကမ္မဋ္ဌာန်းလည်းမဟုတ်၊ သတိပဋ္ဌာန်ဘာဝနာလည်းမဖြစ်ပါ။
သို့ဖြစ်လို့ ချမ်းသာရင် ချမ်းသာတယ်လို့ သိနေဖို့ရန် ဟောပြောညွန်ပြခဲ့တဲ့ ရှင်တော်ဗုဒ္ဓရဲ့ ဒေသနာဟာ သာမန်ပုဂ္ဂိုလ်တွေရဲ့ အသိမျိုးကို မရည်ရွယ်ကြောင်း ထင်ရှားပါတယ်လို့ အဋ္ဌကထာက ဆိုပါတယ်။
မပြတ်ရှုမှတ်နေတဲ့ ယောဂီဟာ ချမ်းသာမှုကို ဖြစ်တိုင်း ဖြစ်တိုင်း သိတယ်။ သဘာဝ လက္ခဏ ရသ စတာတွေအနေနဲ့လည်း တရားသဘောတစ်ခုမျှသာပဲလို့ သိတယ်။ ရှေ့နောက် မစပ်ဘဲ ဖြစ်ပြီးတိုင်း ပျောက်သွားတာကိုလည်း သိတယ်။ အဲ့ဒီအခါ တစ်ဆက်ထဲ တစ်ခုထဲလို့ ထင်မြင်အပ်တဲ့ သန္တတိပညတ်က မကွယ်နိုင် မဖုံးနိုင်တော့ပဲ မမြဲ၊ ဆင်းရဲ၊ ငါကောင်မဟုတ်ဆိုပြီး ရှင်းလင်းစွာ သိလာရပါတယ်။
အဲ့ဒါကြောင့်
ကော ဝေဒယတိ။ ဘယ်သူ ခံစားသလဲ။ ခံစားသူရှိသလားဆိုတဲ့ မေးစရာအတွက် ခံစားသူကားမရှိ၊ ဖြစ်ပျက်နေတဲ့ ခံစားမှုသဘော အဆင့်ဆင့်မျှသာရှိတယ်လို့ အသိရှင်းသွားပါတယ်။
အဲ့ဒါအပြင်
ကဿ ဝေဒနာ။ ဘယ်သူရဲ့ ခံစားမှုလဲ။ ခံစားမှုရဲ့ ပိုင်ရှင်ရှိသလားဆိုတဲ့ မေးစရာအတွက် အကြောင်းအားလျော်စွာ အသစ်အသစ် အဆင့်ဆင့်ဖြစ်နေတဲ့ ခံစားမှုမျှသာရှိတယ်လို့ ရှင်းလင်းစွာ သိသွားရပါတယ်။
အဲဒါတွေနောက်မှာ
ကိံ ကရဏာ ဝေဒနာ။ ဘယ်အကြောင်းကြောင့် ခံစားမှုဖြစ်သလဲဆိုတဲ့ မေးစရာအတွက် ကောင်းတဲ့အာရုံနဲ့ တွေ့ရလို့ ချမ်းသာမှုဖြစ်ပေါ်တယ်လို့ အသိရှင်းသွားပါတယ်။
ချမ်းသာရင် ချမ်းသာတယ်လို့ ထိထိမိမိ မှတ်သိနေမှုဟာ ဂေါစရသမ္ပဇဉ်ပါ။ ဒီသမ္ပဇဉ်ရင့်လာလို့ရှိရင် မေးစရာ ၃ ခုအပေါ် အသိအမြင်ရှင်းသွားခြင်းဆိုတဲ့ အသမ္မောဟသမ္ပဇဉ်ဟာ ဓမ္မနိယာမအတိုင်း အလိုလို ဖြစ်ပေါ်လာပါတယ်။
သို့ကလို သမ္ပဇဉ်တွေ အဆင့်ဆင့် ဖြစ်ပေါ်လာစေရေးအတွက် ချမ်းသာရင် ချမ်းသာတယ်စသဖြင့် ရှုမှတ်ဖို့ရန် ရှင်တော်ဗုဒ္ဓက မိန့်မှာတော်မူခဲ့ရပါတယ်။
ဝေဒနာက္ခန္ဓာစသည်ကို သိရှိပုံနဲ့အကျိုးဆက်များ
-------------------------------------------------------
ဆိုခဲ့တာတွေအပြင် ဝေဒနာနုပဿနာဟာ ဣရိယာပုထ်တွေ ပြောင်းလဲခြင်းကြောင့် ကွယ်ပျောက်နေတဲ့ ကာယိကဒုက္ခကို မြင်စေခြင်းအားဖြင့် သုခသညာကို ပယ်ခွာပေးပါတယ်။ သုခ၀ိပလ္လာသကို ဖျောက်ဖျက်ပေးတယ်လို့လည်း ဆိုပါသေးတယ်။
ဒါ့အပြင် အနိစ္စာနုပဿနာဉာဏ်ဖြင့် မာန၊ ဒုက္ခာနုပဿနာဉာဏ်ဖြင့် တဏှာ၊ အနတ္တာနုပဿနာဉာဏ်ဖြင့် ဒိဋ္ဌိတို့ဆိုတဲ့ ပပဉ္စတရားတွေကို ပယ်ပါတယ်။ အဲ့ဒီ အနုပဿနာဉာဏ် ၃ ပါးပေါ်လာဖို့ရာကျတော့ ဝေဒနာနုပဿနာ သတိပဋ္ဌာန်က အဓိက ဖြစ်နေပါတယ်။
နောက်ထပ်မှတ်သားစရာတစ်ခု ရှိပါသေးတယ်။ နာရင် နာတယ်လို့ ရှုမှတ်နေတဲ့ ဝေဒနာနုပဿနာ စတာတွေမှာ ခန္ဓာ ၅ ပါးဖြစ်နေပုံကို သိရခြင်းပါ။
၁။ နာတယ်ဆိုတာ ဝေဒနာက္ခန္ဓာ၊
၂။ နာတယ်လို့ မှတ်သားတာက သညာက္ခန္ဓာ၊
၃။ ခံစားခြင်း မှတ်သားခြင်းတွေကို ကူညီထောက်ပံ့ပြီး ထင်ရှားစေတဲ့ စေတသိက် ၅၀ က သခါင်္ရက္ခန္ဓာ၊
၎။ နာတယ်လို့ သိတာက ၀ိညာက္ခန္ဓာ၊
၅။ နာနေတဲ့ ရုပ်တရားက ရူပက္ခန္ဓာ။
ရှုမှတ်ရင်း ခန္ဓာ ၅ ပါးသိရပုံကိုလည်း ဆက်လက်တင်ပြပါဦးမယ်။
ဧကုပ္ပာဒ နိရောဓာစ -စတဲ့ဒေသနာအရ စိတ် စေတသိက်တွေဟာ အတူဖြစ်လာကြပြီး အတူတကွ ချုပ်သွားကြတာမို့ ခန္ဓာ ၅ ပါးလုံးကို ရှုမှတ်နိုင်ဖို့ရာတော့ မဖြစ်နိုင်ပါ။ နာနေခိုက် နာတယ်ဆိုတဲ့ ဝေဒနာက္ခန္ဓာကိုသာ ဦးတည်ပြီး ရှုမှတ်ရပါတယ်။
အဲဒီလို ရှုမှတ်နေခိုက်မှာ ခန္ဓာ ၅ ပါးဟာ အတူဖြစ်တတ် အတူချုပ်တတ်တာကြောင့် ရံခါ ဝေဒနာက္ခန္ဓာကို သိပြီး ရံခါ အခြားခန္ဓာတွေကို သိရပါတယ်။ ရေမှော် ဖုံးထားလို့ ရေကြည်ကို ကောင်းစွာမမြင်ရသလို စခါစယောဂီမှာ ခန္ဓာတွေကို အထင်းသား တွေ့နိုင်မှာမဟုတ်။ ရှုမှတ်ချက်တွေအပေါ် နှစ်သက်ခြင်း မနှစ်သက်ခြင်းစတဲ့ ကိလေသာတွေ ပါဝင်နေမှု ပါးလျကုန်ခမ်းတဲ့အတိုင်းသာ တွေ့မြင်ရပါမယ်။
နာတယ်စသဖြင့် ရှုမှတ်နေတဲ့ ယောဂီဟာ စခါစမှာ နာတဲ့ခြေထောက်စတာတွေကိုသာ မြင်နေပါမယ်။ သမာဓိအားကောင်းလာလို့ အကွယ်အကာ အတားအဆီး အစွဲအလန်းတွေ ပါးလျကုန်ခမ်းသွားတာနဲ့ ခြေစတဲ့ ပုံသဏ္ဌာန်တွေ ဝါးဝါးလာပြီး ပျောက်ကွယ်သွားပါမယ်။ နောက်ဆုံးမှာတော့ နာခြင်းသဘောနဲ့ နာနေတာကို သိတဲ့စိတ် ၂ မျိုးသာ ကျန်ပါတော့မယ်။
အဲ့ဒါကို ပညတ်ကွာတယ်၊ ပရမတ်ဆိုက်တယ်စသဖြင့် ခေါ်ကြပါတယ်။ စာစကားနဲ့ ပြောရင် သက္ကာယဒိဋ္ဌိကွာတယ်။ ဒိဋ္ဌိဝိသုဒ္ဓိစဖြစ်တယ်ပေါ့။ သို့ဖြစ်လို့ ဝေဒနာနုပဿနာဟာ ယောဂီတွေအတွက် မရှိမဖြစ်မိုး ဆိုသလိုပါပဲ။
ဝေဒနာလမ်းကြောင်းများ
------------------------------
တရားအားထုတ်နေဆဲ ယောဂီဟာ ချမ်းသာခြင်း၊ ဆင်းရဲခြင်းနဲ့ အလည်အလတ်ဖြစ်တဲ့ ချမ်းသာနဲ့ ဆင်းရဲ မသဲကွဲတဲ့ ဝေဒနာတို့တွေကို ကြုံတွေ့ရတဲ့အခါ ကြုံတွေ့ရတဲ့ ခံစားချက်အတိုင်း ရှုမှတ်ရပါတယ်။ အဲဒါတွေဟာ ကိုယ့်ရဲ့ ကိုယ်မှာနဲ့ စိတ်ထဲ ဖြစ်ပေါ်တတ်တာတွေမို့ သတိထားနေရင် သိနိုင်ပါတယ်။ ဆင်းရဲခြင်းကတော့ သတိမထားတဲ့ သူတွေတောင် ထိုင်နေတာ ကြာညောင်းလာရင် ထင်ထင်ရှားရှား သိကြရစမြဲပါ။ သို့ပေမင့် ဆင်းရဲမှု စတင်ဖြစ်လာပုံကနေ ကုန်ဆုံးသွားတဲ့အထိ သိနိုင်ဖို့ဆိုရင်တော့ သတိနဲ့ စောင့်ကြည့်သူမှသာ သိနိုင်ပါမယ်။
အထက်က ဝေဒနာသုံးမျိုးမှာ သာမိသ = ကာမဂုဏ်အစာနဲ့ စပ်ဆိုင်တာနဲ့ နိရာမိသ = ကာမဂုဏ်အစာနဲ့ မစပ်ဆိုင်တာဆိုပြီး ၂ မျိုးစီ ရှိကြပြန်ပါတယ်။ ယောဂီဟာ သာမိသဝေဒနာတွေကို နိုင်နင်းအောင် ရှုမှတ်နိုင်ခဲ့ပါမှသာ နိရာမိသဝေဒနာတွေဖြစ်ပေါ်လာပါမယ်။
နောက်ပြီး နိရာမိသဝေဒနာဆိုတာ ယောဂီပုဂ္ဂိုလ်များရဲ့ တရားသားတက်ခြင်း ပြယုဂ်ပေမို့ လိုလားနှစ်သက်အပ်တဲ့ ဝေဒနာမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကိုလည်း ရှုမှတ်ရမှာပင်။ နိရာမိသဝေဒနာတွေကို အဆက်မပြတ် ရှုမှတ်ရင်း သိမ်မွေ့ သိမ်မွေ့လာပြီး ဉာဏ်စဉ်တွေ အဆင့်ဆင့် တက်လာရတာကြောင့်ပါလေ။
အထက်က ဖြစ်စဉ်တွေကို ဆန်းစစ်လိုက်ရင် ဝေဒနာများ အကြမ်းမှ အနုသို့၊ အနုမှ နုသထက် နုရာသို့ ဆင်းသက်သွားရာအတိုင်း လိုက်လံရှုမှတ်ရင်း ၀ိပဿနာဉာဏ်စဉ်တွေ အဆင့်ဆင့် ဖြစ်ပေါ်လာတာကို တွေ့မြင်ရပါတယ်။ ဒီတော့ ၀ိပဿနာဉာဏ်စဉ်များ လိုလားတောင့်တသူဟာ ဝေဒနာမှန်သမျှ မလွတ်တမ်း ရှုမှတ်ရပါမယ်လို့ ကောက်ကြောင်းတစ်ခု ဆွဲနိုင်လာပါတော့တယ်။
သာမိသနဲ့ နိရာမိသသုခဝေဒနာ
-----------------------------------------
သုခမှာ ကာယိကနဲ့ စေတသိကဆိုပြီး အများသိတဲ့ ၀ိပဿနာရှုစရာ နှစ်မျိုးရှိတယ်။ တစ်မျိုးစီမှာ သာမိသနဲ့ နိရာမိသဆိုပြီး ထပ်ကွဲပြန်တယ်။ ၀ိပဿနာရှုမည့်သူဟာ သာမိသနဲ့ နိရာမိသ နှစ်ခုကိုကား မဖြစ်မနေ ကွဲကွဲပြားပြား သိထားဖို့ လိုပါမယ်။ ဒါ့ကြောင့် သာမိသနဲ့ နိရာမိသတို့ရဲ့ အရကောက်တွေကိုသာ အဓိကထားပြီး ရှင်းပြသွားပါမယ်။ အဲ့ဒါတွေထဲမှာ ကာယိကနဲ့ စေတသိကတို့လည်း ပါဝင်ပြီးဖြစ်ပါမယ်။
အလိုရှိအပ် ချစ်ခင်အပ် နှစ်သက်အပ်တဲ့ လင်မယား သားသမီး အ၀တ်အစား ရွှေငွေ အိမ်ရာ ကျွဲနွားဆင်မြင်း စတဲ့ အပြင်ပ၀တ္ထုများနဲ့ ကိုယ်တွင်းသန္တာန်က မျက်စိရုပ် အဆင်းရုပ် မြင်မှု ချမ်းသာမှု တတ်သိလိမ္မာမှုစတဲ့ အတွင်းဝတ္ထုများကို အကြောင်းပြုပြီး ၀မ်းသာခြင်းဟာ သာမိသသုခမည်ပါတယ်။ (နားရုပ် အသံရုပ် စတာတွေကိုလည်း နည်းတူပင် မှတ်သားကြရပါမယ်။) ကာမဂုဏ်အစာနဲ့ စပ်ဆိုင်တဲ့ ချမ်းသာလို့ ဆိုလိုပါတယ်။ ဂေဟဿိတ သောမနဿလို့လည်း ခေါ်သေးတယ်။ အဓိပ္ပာယ်က ကာမဂုဏ်နေအိမ်ကို မှီပြီးဖြစ်တဲ့ ရွှင်လန်းဝမ်းသာမှုပါတဲ့။
ဆိုခဲ့ပါ ကာမဂုဏ်ဝတ္ထုများနဲ့ ယခုလောလောဆယ် ပြည့်စုံနေတာကို နှလုံးသွင်းမိလို့လည်း ၀မ်းသာတတ်တယ်။ ရှေးက ပြည့်စုံခဲ့ဖူးတာကို ဆင်ခြင်အောက်မေ့မိလို့လည်း ၀မ်းသာတတ်ပါတယ်။ အဲဒီလို ၀မ်းသာမှုတွေ ဖြစ်ပ်ါခိုက်မှာ ၀မ်းသာတယ် ၀မ်းသာတယ်လို့ မှတ်သိရပါတယ်။
ဒွါရ ၆ ပါးမှာ ထင်လာတဲ့ အာရုံ ၆ ပါးကို မပြတ်မှတ်သိနေတဲ့ ယောဂီဟာ သမာဓိဉာဏ်ရင့်သန်လာတဲ့အခါ အဲဒီအာရုံ ၆ ပါးတို့ရဲ့ ဖြစ်မှု ပျက်မှုကို မျက်မှောက်သိမြင်လာတယ်။ ဒိနေက်မှာ အနိစ္စ ဒုက္ခ အနတ္တလက္ခဏာတို့ရဲ့ သဘောတွေကိုပါ သိမြင်လာတယ်။
မျက်မှောက်သိမြင်နေရဆဲ ပစ္စုပ္ပန်အာရုံနဲ့ နှိုင်းဆပြီး ရှေးက တွေ့ဖူးတဲ့ အတိတ်အာရုံ ၆ ပါးတို့အပေါ်လည်း မမြဲ ဆင်းရဲ ပြောင်းလဲဖောက်ပြန်တဲ့ တရားချည်းသာလို့ သိမြင်ဆုံးဖြတ်လာနိုင်တယ်။ အဲ့ဒီလိုသူမျိုးမှာ မှတ်သိတိုင်း မှတ်သိတိုင်း ၀မ်းသာမှုဖြစ်ပေါ်တတ်ပါတယ်။ အဲ့ဒီဝမ်းသာမှုဟာ ကာမဂုဏ်အစာနဲ့ မစပ်ဆိုင်တာမို့ နိရာမိသသုခမည်ပါတယ်။ နေက္ခမ္မဿိတ သောမနဿလို့လည်း ခေါ်ပါတယ်။ ၀ိပဿနာကို မှီပြီးဖြစ်ပေါ်လာတဲ့ ၀မ်းသာမှုလို့ ဆိုလိုပါတယ်။
အထက်က ၀မ်းသာမှုဟာ ဥဒယဗ္ဗယဉာဏ် ဖြစ်ခါစမှာ တားဆီးလို့ မရနိုင်လောက်အောင် အလွန်အကဲ ဖြစ်ပေါ်နေတတ်ပါတယ်။ အဲဒီလို ဖြစ်တိုင်း ဖြစ်တိုင်း ၀မ်းသာတယ် ၀မ်းသာတယ်လို့ မှတ်ရင်း သိနေရပါတယ်။
ဘုရားဂုဏ်တော်စတာတွေကို နှလုံးသွင်း ဆင်ခြင်တဲ့ အခါတွေမှာလည်း ပီတိသောမနဿများ ဖြစ်ပေါ်တတ်ပါတယ်။ အဲ့ဒီ သောမနဿတွေဟာလည်း နိရာမိသသုခပင်။ အဲ့ဒါတွေကိုလည်း မှတ်ရင်း သိနေရပါတယ်။ အဲ့ဒီလို မှတ်သိခြင်းဖြင့် အရဟတ္တဖိုလ်တိုင်အောင် ဆိုက်ရောက်သွားနိုင်ကြောင်း သမ္ပဇညအဖွင့် အဋ္ဌကထာမှာ လာရှိပါတယ်။
ပီတိဟာ သောမနဿနဲ့ တစ်ပေါင်းထဲ တွဲပြီးသာဖြစ်ပါတယ်။ ဗုဒ္ဓါရမ္မဏ ပီတိနည်းတူ ဓမ္မာရမ္မဏ ပီတိ၊ သီလာရမ္မဏ ပီတိ၊ စာဂါရမ္မဏ ပီတိစတာတွေကို ရှုမှတ်ရင်လည်းပဲ ထပ်တူပင် အကျိုးများပါတယ်။
ဒုက္ခနဲ့ အဒုက္ခ မသုခဝေဒနာ
-----------------------------------
လိုချင်တောင့်တအပ်တဲ့ အာရုံဝတ္ထုတွေနဲ့ ရှေးကလည်း မပြည့်စုံ၊ ယခုလည်း မပြည့်စုံလို့ဖြစ်စေ၊ ဘေးရန်အန္တရာယ် ဆင်းရဲဒုက္ခများနဲ့ အရင်ကလည်း တွေ့ခဲ့ရ၊ ယခုလည်း တွေ့ကြုံနေရလို့ဖြစ်စေ နှလုံးမသာခြင်း ၀မ်းနည်းခြင်းဟာ သာမိသဒုက္ခမည်ပါတယ်။ ဂေဟဿိတဒေါမနဿလို့လည်း ခေါ်ပါတယ်။
အထက်က ဆိုခဲ့တဲ့ ၀မ်းနည်းမှု နှလုံးမသာမှု စိတ်ညစ်မှု လွမ်းဆွတ်ပူဆွေးမှု စတာတွေ ဖြစ်တိုင်း ဖြစ်တိုင်း ၀မ်းနည်းတယ် ၀မ်းနည်းတယ်စသဖြင့် ရှုမှတ်ရင်း သိနေရပါမယ်။
အပြင်ပ၀တ္ထုတစ်ခုခုကြောင့် ဖြစ်ပေါ်လာရတဲ့ ဒုက္ခဆိုတာမျိုးလည်း ရှိနေတတ်ပါတယ်။ ဥပမာ ခြင်ကိုက်တာမျိုးပေါ့။ အဲဒါမျိုးကိုကျတော့ "ကိုက်တယ်၊ ကိုက်တယ်"ဆိုတာမျိုး မမှတ်ရပါ။ အဲ့ဒီလို မှတ်ရင် ခြင်ကောင်ကြီးပုံ ပေါ်လာတတ်တယ်။ ဒေါမနဿတွေ အလိုလို ဖြစ်လာတတ်တယ်။ ဒါ့ကြောင့် ခြင်ကိုက်လို့ နာလာတာကို "နာတယ်၊ နာတယ်"စသဖြင့် မှတ်ရပါမယ်။
အထက်ကအတိုင်း ရှုမှတ်နေရင် ဒုက္ခကို အဆင့် ၄ ဆင့်အထိ ခွဲခြားသိလာရပါမယ်။ အဲ့ဒါတွေဟာ ဒုက္ခနဲ့ပတ်သက်ရင် သိထားရမှာတွေလည်းဖြစ်ပါတယ်။ ဒုက္ခ၊ ဒုက္ခလက္ခဏာ၊ ဒုက္ခာနုပဿနာ၊ ဒုက္ခာနုပဿီတို့ ဖြစ်ကြပါတယ်။
၁။ ဖြစ်ပျက်နှစ်ရပ် နှိပ်စက်အပ်တဲ့ ရုပ်နာမ်ခန္ဓာက ဒုက္ခတရား။
၂။ ဖြစ်ပျက်နှစ်ရပ် မပြတ်နှိပ်စက်နေတာက ဒုက္ခလက္ခဏာ။
၃။ ရှုမှတ်ဆဲမှာ ဖြစ်ပျက်နှစ်ရပ်ကို တွေ့ရပြီး ဆင်းရဲလို့ သိတာက ဒုက္ခာနုပဿနာဉာဏ်။
၎။ ရှုမှတ်တိုင်း ရှုမှတ်တိုင်း ဆင်းရဲလို့ သိတဲ့ပုဂ္ဂိုလ်က ဒုက္ခာနုပဿီ။
တရားအားထုတ်ဆဲ ယောဂီမှာ သမာဓိ ဉာဏ်တွေ မတိုးတက်တဲ့အခါ ၀မ်းနည်းမှုဖြစ်တတ်တယ်။ အဲ့ဒါဟာ နိရာမိသဒုက္ခပါ။ နေက္ခမ္မဿိတဒေါမနဿလို့လည်း ခေါ်ပါတယ်။ တရားနာရန် တရားကျင့်ရန် ရှင်ရဟန်းပြုရန် စတာတွေကို အခွင့်မရလို့ ၀မ်းနည်းခြင်းစတာတွေဟာလည်း နေက္ခမ္မဿိတဒေါမနဿပင် ဖြစ်ပါတယ်။ အဲ့ဒီအခါတွေမှာ ၀မ်းနည်းတယ် ၀မ်းနည်းတယ်စသဖြင့် ရှုမှတ်ရင်း သိနေရပါတယ်။
တွေ့ကြုံနေကျ ကာမဂုဏ်ဝတ္ထုများနဲ့စပ်ပြီး လျစ်လျူရှုမှုဟာ သာမိသ အဒုက္ခ မသုခမည်ပါတယ်။ ဂေဟဿိတဥပေက္ခာနဲ့ အညာဏုပေက္ခာလို့လည်း ခေါ်ပါသေးတယ်။
ဥပက္ကိလေသမှ လွတ်ပြီးတဲ့ ဥဒယဗ္ဗယဉာဏ်မှစပြီး အာရုံ ၆ ပါးကို မှတ်တိုင်း မှတ်တိုင်း သိမှုဝိပဿနာဉာဏ်နဲ့တွဲလျက် အလယ်အလတ် လျစ်လျူခံစားမှု ဖြစ်ပေါ်တတ်တယ်။ အဲ့ဒါဟာ နိရာမိသ အဒုက္ခ မသုခမည်ပါတယ်။ နေက္ခမ္မဿိတ ဥပေက္ခာလို့လည်း ခေါ်ပါတယ်။ ဆိုခဲ့ပါ သာမိသ နိရာမိသ အဒုက္ခ မသုခဝေဒနာတွေကိုလည်း ရှုမှတ်နိုင်ရပါမယ်။
မဟာသတိပဋ္ဌာနသုတ်တော်အရ ဝေဒနာ ရှုမှတ်ပုံတွေကတော့ ဒီမျှသာပါ။ သို့ပေမင့် ၀ိပဿနာတရားကို အကြိတ်အနှယ် အားထုတ်နေသူများအတွက် အထောက်အကူရအောင် ဝေဒနာရှုပုံ ဆရာနည်းများကိုလည်း တင်ပြပါဦးမယ်။
ဝိပဿနာနယ်ပယ်မှာ ဝေဒနာလို့ ပြောရင် ကာယိကဒုက္ခလို့ နားလည်တတ်ကြပါတယ်။ ကာယိကဒုက္ခဟာ ရောဂါကြောင့်နဲ့ ဣရိယာပုထ်တစ်ခုကို ကြာရှည်စွာ အသုံးပြုပြီး အားထုတ်ခြင်းကြောင့်ဆိုပြီး ကွဲပြားပါတယ်။ ပထမအကြောင်းအတွက် ဓာတ်စာဆေးဝါးများနဲ့ ဒုတိယအကြောင်းအတွက် လုံလောက်တဲ့ သမာဓိတွေရဲ့ အကူအညီကို ယူရပါတယ်။
အချို့ကတော့ နောက်အကြောင်းအတွက် အသိပညာအကူဖြင့် ကျော်လွှားပါက ပိုလွယ်ကူတယ်လို့ ဆိုကြပါတယ်။ ဒီအရှင်ကတော့ မဟာစည်နည်းမှာ ပါဝင်တဲ့ သမာဓိအကူနဲ့ ကျော်လွှားပုံကို တင်ပြသွားပါမယ်။
ဝေဒနာရှုပုံ ဆရာနည်းများ
================
ကာယိကဒုက္ခဝေဒနာကို ရှုမှတ်ပြီး ကျော်လွှားနိုင်ဖို့ဆိုရင် အဲ့ဒီဝေဒနာရဲ့ အကြောင်းအတ္ထုပ္ပတ်တွေကို ခြေခြေမြစ်မြစ် အရင်သိထားမှ ဖြစ်ပါမယ်။ သို့ဖြစ်လို့ အဲ့ဒါတွေကို အရင်တင်ပြပါဦးမယ်။
ဒုက္ခအကြောင်း သိကောင်းစရာ
-----------------------------------------
၁။ ဒုက္ခကို ဘယ်သူမှ မလိုချင်ကြပါဘူး။ သို့ပေမင့် ရနေကြပါတယ်။ အဲ့ဒါဟာ ဒုက္ခရဲ့ နှိပ်စက်တတ်တဲ့ သဘောပါတဲ့ဗျာ။
၂။ ဒုက္ခရဲ့ ဖြစ်ကြောင်းတရားတွေကိုလည်း သိနေကြပါတယ်။ သို့တစေ အများသူငါတို့ မရှောင်နိုင်ခဲ့ကြပါ။ အဲ့ဒီလို ဘာကြောင့် ဖြစ်သွားကြရတာပါလဲဆိုရင် ဒုက္ခရဲ့ ဖြားယောင်းတတ်မှုကြောင့်ဖြစ်ပါတယ်။
၃။ ဒုက္ခကို ကျော်လွှားဖို့ လမ်းစဉ်ကို သိနေကြပါတယ်။ ဒါပေမဲ့ မကျင့်ကြံနိုင်ကြပါဘူး။ အဲ့ဒါက ဒုက္ခရဲ့ ဆွဲဆောင်တတ်မှုကြောင့်ဖြစ်ပါတယ်။
ဆိုခဲ့တာတွေကို တကယ်သိမှ ဒုက္ခကို တကယ်သိတာဖြစ်ပါမယ်။ သိပြီး သူ့ရဲ့ ဖြားယောင်းတတ်မှုနဲ့ ဆွဲဆောင်တတ်မှုတွေကို ရှောင်ကွင်းကာ သူ့ရဲ့နှိပ်စက်တတ်ခြင်းကို ပယ်ဖျက်နိုင်ခဲ့ပါမှ ဒုက္ခသစ္စာဆိုတဲ့ ဆင်းရဲကို အမှန်သိခြင်းဖြစ်ပါမယ်။ သို့ကလို သိနိုင်ဖို့အရေး ဆင်ခြင်တွေးတောရုံနဲ့တော့ မရပါ။ သူ့ရဲ့ သဘောသဘာဝများကို ၀ိပဿနာဉာဏ်နဲ့သိအောင် ရှုမှတ်ပွားများမှ ရပါတယ်။
ဒုက္ခရဲ့သဘောသဘာဝများ
-----------------------------------
အတွေ့ဆိုးများ ခံစားတတ်သည်၊
စိတ်အားကုန်ခမ်း ညှိုးနွမ်းစေသည်။
ကိုယ်ထဲနှိပ်စက် ခံခက်ထင်သည်၊
ကာယိက ဒုက္ခထင်ရှားသည်။
ကာယိကဒုက္ခရဲ့ သက်တမ်း
------------------------------------
ရုပ်နာမ်တွေဟာ ဘယ်ကမှန်းမသိတဲ့ နေရာကနေ ပေါ်လာကြတယ်။ ပြီးတော့ အခိုက်အတန့်လေးသာနေပြီး ဘယ်ကိုမှန်းမသိတဲ့ အရပ်သို့ ထွက်သွားကြတယ်။ ဥပမာအားဖြင့် တိမ်တိုက်နှစ်ခု တိုက်မိကြတဲ့အခါ လျှပ်စီးလျှပ်နွယ်တွေဟာ ဘယ်ကမှန်းမသိဘဲ ပေါ်လာကြတယ်။ လျှပ်ပြီးတော့ တခဏလေးသာနေပြီး ဘယ်ကိုမှန်းမသိတဲ့ အရပ်သို့ ထွက်သွားကြသလိုပါပဲတဲ့။ ဒါဆို ရုပ်အပေါ် မှီပြီးဖြစ်လာရတဲ့ ကာယိကဒုက္ခ ဆိုတာကရော ဘယ်လောက် အသက်ရှည်နိုင်ပါ့မလဲ။
အဲ့ဒီလို ပြောလိုက်ရင် နာရီနဲ့ချီပြီး ခံစားခဲ့ရသူတွေက အတွန့်တက်ချင်စရာပေါ့။ ရှင်းပြပါမယ်လေ။
ချောတိုင်တက်သူဟာ တစ်ဆင့်ပြီးတစ်ဆင့် ကျားကုတ်ကျားခဲ တက်ရပါတယ်။ ခက်ခက်ခဲခဲ တက်လာရလို့ဆိုပြီး ထိပ်သို့ ရောက်တဲ့အခါ ကြာရှည်စွာ အောင်ပွဲခံဖို့ စိတ်မကူးနိုင်။ တောင့်ခံဖို့ အားအင်တွေ ကုန်ခမ်းခဲ့ပြီမို့ တန်းပြီး ပြန်ဆင်းလာခဲ့ပါတယ်။
ဒိအတူ ကာယိကဒုက္ခတွေဟာ တစ်ခုပြီးတစ်ခု တစ်ဆင့်ပြီးတစ်ဆင့် မောင်းကုန်တင်ပြီး နှိပ်စက်တတ်ကြပါတယ်။ ဒါပေမဲ့ သူ့ရဲ့အားအင်တွေ ကုန်ခမ်းသွားတာနဲ့ တိကနဲ တန့်ကနဲ ရပ်ဆိုင်းသွားကြပါတယ်။
ဒီနေရာမှာ သတိထားရမှာက နာကျင်ခြင်းဟာ တန်းကနဲ နာကျင်လာတာမဟုတ်ဘဲ ပူရာမှထုံ ထုံရာမှကျင် ကျင်ရာမှနာလာတယ်ဆိုတာပါ။ သမာဓိအားကောင်းရင် ကောင်းတဲ့အလျောက် မိမိသမာဓိနဲ့ သင့်တဲ့အဆင့်မှာ ဝေဒနာကို နိုင်ကြရပါတယ်။
အားမကောင်းသေးရင် သူကတော့ ထိပ်အထိ တက်သွားမှာ သေချာပါတယ်။ သို့ပေမင့် စိတ်ပူစရာမလိုပါ။ သူက ထိပ်ဆုံးသို့ ရောက်ပြီဆိုတာနဲ့ မဖြစ်မနေကို ပြန်ဆင်းသွားပါလိမ့်မယ်။ ဒါ့ကြောင့် မိမိသမာဓိကို အားကိုးလို့ မရသေးခင် ခန္တီသံဝရဆိုတဲ့ သည်းခံခြင်းကို အသုံးပြုဖို့ ညွန်ကြားကြတာပါ။ ဒါဟာ ဝေဒနာကို ရှုမှတ်သူတွေအနေနဲ့ သည်းခံပြီး ရှုမှတ်ချက်တွေကြောင့် တိကနဲ မပြတ်နိုင်သည့်တိုင် ပွန်းပြတ်ကလေးတော့ ရှုမှတ်သူတိုင်း ရနိုင်ကြပါတယ် ဆိုသလိုပါပဲ။
ဒီခန္တီသံဝရကို ကျင့်သုံးရာမှာ အနှောင့်အမှောင့် ဖြစ်တတ်တာတွေ ရှိနေတတ်ပါတယ်။ ဝေဒနာပျောက်ချင်ဇော အားကြီးသွားရင် လောဘ၊ ခံပြင်းစိတ်နဲ့ အံကြိတ်ခံရင် ဒေါသ၊ အတွေးလွန်ပြီး ရှင်းရှင်းလင်းလင်း မသိလိုက်ရပါက မောဟတို့ဆိုတဲ့ အပိုကိလေသာတွေ ၀င်လာတတ်ခြင်းပါ။ သူရို့တွေကို ရှောင်ကွင်းနိုင်ဖို့ ဝေဒနာရဲ့ သဘောသဘာဝတွေကိုသာ သေချာဂရုစိုက်သွားရမှာ ဖြစ်ပါတယ်။
ဒုက္ခကို အယောနိသောနဲ့ မတွဲမိဖို့
--------------------------------------------
ကုသိုလ်ဖြစ်ခြင်းအကြောင်း ပဒဋ္ဌာန်က ယောနိသော မနသီကာရ(အကောင်းမြင်ဝါဒ)ဖြစ်တယ်။ ဒါဟာ ကုသိုလ်ဖြစ်ရေးမှာ မပါမဖြစ်။ သူမပါရင် ဘယ်လောက်ကောင်းတာလုပ်လုပ် ကုသိုလ်အစစ် မဖြစ်ဘူး။ အကုသိုလ်တွေ ရောထွေးနေတဲ့ သဲတရှပ်ရှပ် ကုသိုလ်ဆိုတာမျိုးပဲ သွားဖြစ်တယ်။
အထက်ကနဲ့ ဆန့်ကျင်ဘက်အားဖြင့် အကုသိုလ်ဖြစ်ခြင်းအကြောင်းက အယောနိသောပေါ့။ အဆိုးမြင်ဝါဒဖြစ်တယ်။ ဒုက္ခတွေ့ကြုံနေတဲ့ အခိုက်မှာ အယောနိသောက ကြီးစိုးနေတတ်တယ်။ သူ့အပိုင်စားမို့ သူကြီးစိုးတာ သဘာဝတော့ အကျသား။ သို့ပေမင့် သတိထားရမဲ့ အရေးကြီးအချက်တစ်ခု ရှိနေပါတယ်။ ဒုက္ခကို အယောနိသော ရောမွှေလိုက်ပါက အပြစ်က မမျှော်မှန်းနိုင်အောင် ကြီးလေးသွားတတ်ခြင်းပင်။ တရားအားထုတ်နေရင်း ကြုံတွေ့လာရတဲ့ ကာယိကဒုက္ခအပေါ်မှာလည်း အလားတူပင် သတိထားရမှာပါ။
အကယ်တန္တု သတိပဋ္ဌာန်လေးပါးထဲမှာ ရှုမှတ်ရအထင်ရှားဆုံးနဲ့ အလွယ်ကူဆုံးက ဝေဒနာနုပဿနာဖြစ်ပါတယ်။ ၀ိပဿနာရဲ့ အ၀င်တံခါးလို့ခေါ်တဲ့ ဖြစ်ပျက်ကို သိမြနိုင်ခြင်းဟာ သူနဲ့သာဆို အရမ်းလွယ်ကူတယ်။ ဒါ့အပြင် ဝေဒနာတွေကို ရှုမှတ်ရင်း ပြင်ချင်စိတ် ပြောင်းချင်စိတ်တွေ ပျောက်သွားရင် သက္ကာယဒိဋ္ဌိ ကွာတယ်။ ဝေဒနာတွေကို စိတ်တိုင်းကျ လွှမ်းမိုးခြယ်လှယ် နိုင်ပြီဆိုရင် အတ္တဒိဋ္ဌိ ကွာတယ်လို့ ဆရာနည်း မှတ်သားခဲ့ဖူးတယ်။
သို့ဖြစ်လို့ ကာယိကဒုက္ခကို နိဗ္ဗာန်တံခါးလို့ပင် တင်စားခဲ့ကြပါတယ်။ ဒါ့ကြောင့် ဝေဒနာဖြစ်စမှာဖြစ်စေ၊ ဖြစ်ဆဲမှာဖြစ်စေ ထိမိအောင် ကြိုးစားမှတ်ကြရပါမယ်။
ဖဿ ပစ္စယာ ဝေဒနာ
----------------------------
တိဏ္ဏံ သင်္ဂတိ ဖေဿာ = အကြည်ဓာတ် ၊ဖောဋ္ဌဗ္ဗာရုံ၊ ထိသိစိတ်တို့သုံးခု ပေါင်းဆုံမိတာကို ဖဿလို့ခေါ်တယ်။ ဒီဖဿကြောင့် ဝေဒနာဖြစ်လာရတာ။ ဝေဒနာမဖြစ်စေချင်ရင် ဒီဖဿမှာပင် ပိုင်နိုင်အောင် ရှုမှတ်လိုက်ရပါတယ်။ အကြောင်းသုံးခု မပေါင်းမိသေးခင် တစ်ခုချင်းစီကို ရှုမှတ်နိုင်ရမယ်လို့ ဆိုလိုပါတယ်။
သတိထားစောင့်ကြည့်နေသူဟာ နာဖို့ စတင်လာတဲ့အခါ ကိုယ်အကြည်ဓာတ်ကနေ ပြောင်းလဲလာတာကို သိတယ်။ ကြမ်းပြင်နဲ့ ကိုယ်ထိတွေ့၊ အသားအချင်းချင်း ထိတွေ့နေတဲ့အတွက်ကြောင့် အချိန်ကြာညောင်းလာတာနဲ့အမျှ ခံစားမှုပြောင်းလဲလာတာကိုလည်း သိတယ်။ အဲ့ဒီလို စပူတာ၊ စကျင်တာ၊ စနာတာတွေကို သိသိချင်း ထိထိမိမိ ရှုမှတ်နိုင်ခဲ့ပါက ဝေဒနာတွေ ဖြစ်ခွင့်မရကြပါ။ ဖြစ်ခဲ့ရင်တောင် တစ်ချက် နှစ်ချက်မှတ်လိုက်ရင် ပျောက်ကွယ်သွားတတ်ပါတယ်။ ဒါကိုပဲ "ဖဿနိရောဓာ ဝေဒနာနိရောဓော"လို့ အဟောရှိခဲ့တာပါ။
ဝေဒနာကို တိုက်ရိုက်ရှုပုံ
--------------------------------
စိတ္တာနဲ့ ဓမ္မာနုပဿနာတွေကို နိုင်နိုင်နင်းနင်း မရှုမှတ်နိုင်သေးတဲ့ ယောဂီဟာ ဝေဒနာမဖြစ်အောင် ဖဿအဆင့်မှာတင် ကြိုတင်ဖျက်ထုတ်နိုင်ဖို့ဆိုတာ အတော်ခဲယဉ်းပါတယ်။ အတွေးလွန်နေလို့ဖြစ်စေ၊ တစ်ခြားရှုမှတ်စရာတွေကို ရှုမှတ်နေလို့ဖြစ်စေ ဝေဒနာအတော်လေးပြင်းထန်လာမှ သိကြရသူတွေက များပါတယ်။ ဒီစဉ်အခါ ဝေဒနာကို တိုက်ရိုက်ရှုမှတ်ကြရပါမယ်။
ဝေဒနာကို တိုက်ရိုက်ရှုမှတ်တဲ့အခါ နာကျင်တဲ့နေရာ တစ်နေရာထဲဖြစ်ဖြစ်၊ နေရာများစွာဖြစ်ဖြစ် အထင်ရှားဆုံးကို ရှုမှတ်ဖို့ ရွေးချယ်ရပါမယ်။ ပြီးတော့ ဝေဒနာတွေကို တစ်နေရာထဲစုပြီး မန်ကျည်းစေ့လောက်ဖြစ်အောင် စိတ်နဲ့သတ်မှတ်လိုက်ရပါမယ်။ အဲ့ဒီနေရာကို စက်သေနတ်ပစ်သလို ဒါမှမဟုတ် စက်ရေတွင်းတူးသလို အာရုံစိုက်ထားပြီး "နာတယ်၊နာတယ်"လို့ တရစပ် ရှုမှတ်ပေးနေရမယ်။
ဒီအခါ ဝေဒနာက ပိုပြီးနာလာတယ်လို့ ထင်မြင်တတ်ကြပါတယ်။ စင်စစ်မှာ ပိုနာလာတာ မဟုတ်ပါ။ ဝေဒနာရဲ့ နှိပ်စက်တတ်မှုအချင်းအရာကို ပိုသိလာနေခြင်းပင်။ ဒီတော့ ယောဂီဟာ သိစရာကို ထင်ထင်ရှားရှား သိနေရတယ်လို့ ယောနိသော ၀င်နိုင်ဖို့လည်း အရေးပါတယ်ပေါ့။ မ၀င်နိုင်ခဲ့ရင် ခန္တီသံဝရစွမ်းရည် ကျဆင်းသွားမယ်။ အားလျှော့ပြီး ပြင်ချင်စိတ် ပြောင်းချင်စိတ်တွေ ပေါ်လာမယ်။ အဆိုးဆုံး ဖြစ်သွားနိုင်ချေအနေနဲ့ အယောနိသောလည်း ၀င်ရောသွားတတ်ပါတယ်။
ပဏိဓာယနဲ့ အပ္ပဏိဓာယဘာဝနာ
------------------------------------------
ပြောင်းချင် ပြင်ချင်စိတ်ကို ထိန်းမနိုင် သိမ်းမရတော့ဘူးဆိုရင် ရင်ညွန့်နေရာသို့ စိတ်ကို ပို့ပြီး "ပြင်ချင်တယ် ပြင်ချင်တယ်"လို့ မှတ်ရပါမယ်။ တစ်ခါတစ်ရံ ပြင်ချင်စိတ်ကို ပြောင်းမှတ်လိုက်တာနဲ့ ဝေဒနာက သက်သာပျောက်ကင်းသွားတာမျိုးလည်း ကြုံရတတ်ပါတယ်။ မဖြစ်မနေ ပြင်တော့မဲ့ အနေအထား ရောက်နေပြီဆိုရင်တော့လည်း ပြင်မှုပုံစံအဆင့်ဆင့်ကို အသေးစိတ် မှတ်သွားရပါမယ်။
တောင်တက်အလေ့အကျင့် မရှိသေးသူတွေဟာ တတ်နိုင်သလောက် အားတင်းတက်ကာ တစ်ထောက်ပြီးတစ်ထောက် နား နားပြီး တက်သွားရပါတယ်။ မလျော့တဲ့ ဇွဲနဲ့ ဆက်ကာ ဆက်ကာ တက်သွားရင် တောင်ထိပ်သို့ ရောက်မှာ သေချာပါတယ်။ စခါစ ယောဂီတွေဟာလည်း အလေ့အကျင့် မရှိသေးတဲ့ တောင်တက်သမားလို ဝေဒနာကို မှတ်နိုင်သလောက် မှတ်လိုက်၊ သည်းမခံနိုင်တော့ရင် အခြားအာရုံ ပြောင်းမှတ်လိုက်၊ ဒါမှ သည်းမခံနိုင်သေးဘူးဆိုရင်လည်း အမှတ်မလွတ်စေဘဲ ဣရိယာပုထ်ပြောင်းမှတ်ရပါမယ်။ အဲ့ဒီလို အားထုတ်တာကို ပဏိဓာယဘာဝနာလို့ ခေါ်ပါတယ်။
သတိထားစရာ စကားအချို့ကို အားနာနာနဲ့ ချပ်ရပါဦးမယ်။" ပြင်စရှိရင် ပြင်ချင်တယ်။ ကြာကြာပေါင်းမှ အကြောင်းသိ။" ဆိုခဲ့တဲ့ လူတွေရဲ့ အလေ့အထအတွက် သတိပေးဆိုရိုးစကားတွေဟာ တရားအားထုတ်ဆဲ ယောဂီများအတွက်လည်း အသုံးတည့်တယ်လို့ ဆိုချင်ပါတယ်။
ဝေဒနာကို ခက်ခက်ခဲခဲနဲ့ တစ်ခါလောက်ကျော်ဖြတ်ဖူးရင် နောင်အခါတွေမှာလည်း ကျော်ဖြတ်ဖို့ ၀န်လေးနေမှာမဟုတ်ပါ။ ဒါ့ကြောင့် ပြင်စရှိရင် ပြင်ချင်တယ်ဆိုတာကို အလေးဂရုပြုကာ ရှောင်ကွင်းနိုင်အောင် ကြိုးစားသင့်ကြပါပေတယ်။ နောက်ပြီး ဝေဒနာတွေကို ကြာကြာရှုမှတ်ပေါင်းသင်းနိုင်မှ ဝေဒနာများရဲ့ သဘောသဘာဝတွေကို စေ့စေ့ငုငု သိနိုင်မှာမို့ အတတ်နိုင်ဆုံးကြာရှည်အောင် သည်းခံရှုမှတ်သင့်ကြပါတယ်။ ဒါမှသာ ဝေဒနာများရဲ့ သဘောသဘာဝတွေကို သိမြင်လာကြရပြီး ကာယိကဒုက္ခဝေဒနာရဲ့ အနားသတ်မျဉ်းဖြစ်တဲ့ ဒုက္ခသစ္စာတိုင်အောင် ချည်းကပ်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို တရစပ် ဆက်တိုက်အားထုတ်တာကိုကျတော့ အပ္ပဏိဓာယဘာဝနာလို့ ခေါ်ပါတယ်။
နောက်တစ်နည်းက သတိပဋ္ဌာန်အကျိုးပြဆိုတဲ့ ရှေ့ပိုင်းမှာ ပြဆိုခဲ့တဲ့ နည်းတွေကို ယူသုံးပြီး ဝေဒနာကို ခွာရှုခြင်းပါ။ အဲ့ဒါကတော့ မိမိရဲ့သီလဖြူစင်မှုက အဓိက ပြဋ္ဌာန်းနေတာမို့ အဲ့ဒီနည်းကို သုံးချင်သူများအနေနဲ့ တရားအားမထုတ်ခင် သီလကို အရင်ဆောက်တည်ထားသင့်ကြပါတယ်။
ဝေဒနာနုပဿနာ သတိပဋ္ဌာန်ပြီးပါပြီ။
××××××××××××××××××××××××××
ငြိမ်းနန္ဒ (၁၇ -၂၄ /၂ /၂၀၁၇)
No comments:
Post a Comment