(၁၃)
ထိနမိဒ္ဓနီဝရဏ
==========
ဒီနီဝရဏအတွက် ရှုမှတ်ပုံတွေဟာလည်း ကာမစ္ဆန္ဒနဲ့ ဆင်တူနေပါတယ်။ သို့ဖြစ်လို့ မတူတဲ့ ဖွင့်ဆိုချက်တွေကိုသာ ထုတ်နှုတ်တင်ပြသွားပါမယ်။ ဒါ့အပြင် ဗဟုသုတဖြစ်ဖွယ် ပါဠိ အဋ္ဌကထာ စကားများနဲ့ လိုက်နာကျင့်သုံးဖွယ် စကားရပ်များကိုလည်း တင်ပြသွားပါမယ်။
အတ္ထိ ဘိက္ခဝေ အရတိ တန္ဒီ ၀ိဇမ္ဘိတာ ဘတ္တသမ္မဒေါ စေတသော လီနတ္တံ၊ တတ္ထ အယောနိသောမနသိကာရဗဟုလီကာရော အယမာဟာရော အနုပ္ပန္နဿ ဝါ ထိနမိဒ္ဓဿ ဥပ္ပာဒါယ၊ ဥပ္ပန္နဿ ဝါ ထိနမိဒ္ဓဿ ဘိယျောဘာဝါယ ဝေပုလ္လာယာတိ။ (သံ။ နိ။ ၅။ ၂၃၂)
ထိနမိဒ္ဓဆိုတာ ပစ္စက္ခမှာ မပျော်ပိုက်ခြင်း၊ ပျင်းရိခြင်း၊ ခန္ဓာကိုယ် တွန့်ဆုတ် လျော့ကျခြင်း (နှုံးချိနေခြင်း)၊ ထမင်းဆီ ရစ်နေခြင်း၊ စိတ် စေတသိက်တွေ တွန့်ဆုတ်ခြင်း (မတက်ကြွခြင်း)တွေ ဖြစ်ပါတယ်။ ဆိုခဲ့တာတွေဟာ ထိနမိဒ္ဓကို ဖြစ်စေတယ်။ တိုးပွားစေပါတယ်။
အဋ္ဌကထာဆရာတော်က ဒီနီဝရဏပယ်ပုံတွေကို ၆ မျိုး ပြထားတော်မူခဲ့ပါတယ်။ အများစုက ၀ိပဿနာအတွက် အကျိုးများပါတယ်။
အပိစ ဆ ဓမ္မာ ထိနမိဒ္ဓဿ ပဟာနာယ သံဝတ္တန္တိ - အတိဘောဇနေ နိမိတ္တဂ္ဂါဟော ဣရိယာပထသမ္ဖရိဝတ္တနတာ အာလောကသညာမနသိကာရော အဗ္ဘောကာသဝါသော ကလျာဏမိတ္တတာ သပ္ပာယကထာတိ။ (ဒီ။ ဋ္ဌ။ ၂။ ၃၇၀)
ငိုက်မြည်းတတ်သူဟာ အစာအာဟာရကို သင့်တော်ရုံ အတိုင်းအရှည်သာ စားရပါမယ်။ ဣရိယာပုထ် ပြောင်းပေးရမယ်။ အလင်းနိမိတ်ကို နှလုံးသွင်းရမယ်။ လွင်တီးခေါင်စတဲ့ အကာအရံ မရှိရာ နေရမယ်။ မိတ်ဆွေကောင်း မှီဝဲရမယ်။ လျောက်ပတ်တဲ့ တရားစကား ပြောဆိုဆွေးနွေးရမယ်။ ဆိုခဲ့တာတွေနဲ့ ထိနမိဒ္ဓကို ပယ်ဖျောက်နိုင်ပါတယ်။
အင်္ဂုတ္တရနိကာယ်။ သတ္တကနိပါတ်။ အဗျာကတ၀ဂ်။ ပစလာယမာနသုတ်လာ အငိုက်ဖြေနည်းများလည်း ရှိပါသေးတယ်။ မဟာစည်ဆရာတော် ဘုရားကြီးကတော့ ဒီသုတ်လာနည်းတွေက ၀ိပဿနာတရား အားထုတ်နေဆဲ ပုဂ္ဂိုလ်များအတွက် ပိုပြီး သင့်လျော်လို့ အဲ့ဒါတွေကို အငိုက်ဖြေနည်းအဖြစ် ညွန်ကြားတော်မူပါတယ်။ မှတ်သားရ လွယ်ကူစေရန် လင်္ကာလည်း စီပေးတော်မူထားပါတယ်။
သညာပြောင်းပေး၊ စာကြံတွေး၊ ရွတ်ရေးနားဆွဲလေ။
မျက်နှာသစ်ရန်၊ အလင်းကြံ၊ စင်္ကြန်လျှောက်ပါလေ။
ငိုက်မြည်းဖယ်ရှား၊ ခုနှစ်ပါး၊ ဘုရားညွှန်ပြပေ။
၁။ တစ်ခုခုကို ရှုမှတ်နေရင်း ငိုက်မြည်းလာရင် အခြားတစ်ခုခုကို ပြောင်းလဲ ရှုမှတ်ရမယ်။ ဖောင်းပိန်မှ ဖောင်းပိန် ထိုင်ထိစသည် ပြောင်းမှတ်၊ တိုးမှတ်ရပါမယ်လို့ ဆိုလိုပါတယ်။
၂။ သင်ခဲ့ဖူး၊ ကျက်ခဲ့ဖူးတဲ့ အဘိဓမ္မာစတဲ့ စာတွေရဲ့ အနက် အဓိပ္ပါယ်တွေ၊ အရကောက်တွေကို ကြံရမယ်။ တွေးရမယ်။
၃။ ပရိတ်ကြီး၊ ဓမ္မစင်္ကြာစတဲ့ အလွတ်ကျက်မှတ်ထားတဲ့ ပါဠိတော်တွေကို စိတ်ထဲကနေ ရွတ်ဆိုရပါမယ်။
၎။ နားရွက်ကို ဆွဲလိမ်ရပါမယ်။
၅။ မျက်နှာ ထသစ်လိုက်ရပါမယ်။
၆။ မီးစတဲ့ အလင်းကို စိုက်ကြည့်လိုက်ရပါမယ်။
၇။ ထပြီး စင်္ကြန်လျှောက်လိုက်ရပါမယ်။
အထက်မှာ ပြဆိုခဲ့တာတွေဟာ တရားအားထုတ်စ ယောဂီများအတွက် ရည်ညွန်းပြီး တင်ပြထားတာတွေ ဖြစ်ပါတယ်။ တကယ်တမ်း ရှုမှတ်တဲ့အခါမှာတော့ လိုအပ်မှသာ အသုံးချရန်ပါ။ လိုအပ်ချက်အရ ရှုမှတ်ရပုံတွေကိုလည်း တင်ပြပါဦးမယ်။
တရားအားထုတ်ဆဲ ယောဂီတွေမှာ ငိုက်မြည်းခြင်းဆိုတာကို ရှောင်လွဲလို့ မရစကောင်း။ ဒါကို တစ်ချို့က ငိုက်မှန်းတောင် မသိနိုင်လောက်အောင် ငိုက်လိုက်ကြတာရှိမယ်။ တစ်စုံတစ်ခုကြောင့် လန့်နိုးလာမှသာ ငါ ငိုက်နေပါလားလို့ သိကြရတယ်။
တစ်ချို့ကျတော့ ငိုက်ချင်နေမှန်း သိနေပေမဲ့ စိတ်အလို လိုက်ပြီးဖြစ်စေ၊ အငိုက်ဖြေနည်းတွေ မသိလို့ဖြစ်စေ ငိုက်လိုက်ကြသူတွေလည်းရှိမယ်။ ဘယ်လိုပဲ ငိုက်ငိုက် ငိုက်တာဟာ တရားအားထုတ်နေတာ မဟုတ်ဆိုတာကိုတော့ တစ်ထစ်ချ မှတ်သားထားအပ်ပါတယ်။ ဒါ့ကြောင့် တရားလိုလားတဲ့ အားထုတ်ဆဲယောဂီဟာ ငိုက်မြည်းတာကို မရ ရအောင်ဖြေဖျောက်နိုင်ဖို့ ကြိုးစားကြရပါတယ်။
သမာဓိလေး အတော်အတန် အားကောင်းလာရင် ငိုက်ချင်လာမှန်း သိတယ်။ အမှတ်တွေ မှတ်ရတာ မမိတစ်ချက် မိတစ်ချက်ဖြစ်လာတာကိုး။ မှတ်ရတာလည်း ထိထိမိမိမရှိ၊ ထင်ထင်ရှားရှားလည်း မပေါ်တတ်။ ဒီတော့ ရင်ဝကို အာရုံစိုက်ပြီး ငိုက်ချင်တယ်၊ ငိုက်ချင်တယ်လို့ မှတ်နေလိုက်ရပါမယ်။ သမာဓိအား ကောင်းနေခိုက်ဆိုရင် အဲ့ဒီလို မှတ်လိုက်တာနဲ့ ပြန်လည်ကြည်လင် လန်းဆန်းလာပါတယ်။
အထက်ကအတိုင်း မှတ်နေလို့မှ ငိုက်မြည်းချင်စိတ် ပျောက်မသွားဘူးဆိုရင် အမှတ်ကို တိုးမှတ်ရပါမယ်။ ဖောင်းပိန် နှစ်မျိုးထဲ မှတ်နေတာဆိုရင် ထိုင်ထိတိုးပြီး မှတ်ရမယ်။ အဲ့ဒီလို တိုးလို့မှ မပျောက်သေးရင် ထိကို နေရာတိုးတိုးပြီးလည်း မှတ်သွားရပါမယ်။ ဒါဟာ သညာပြောင်းပေးဆိုတဲ့ လမ်းညွန်ချက်အရဖြစ်ပါတယ်။ ယောဂီအတော်များများကတော့ ဒီအဆင့်မှာတင် ဖြေဖျောက်နိုင်ကြတာ များပါတယ်။
အကယ်တန္တု ဆိုခဲ့ပြီးတဲ့ နည်းလမ်းတွေနဲ့ ငိုက်မြည်းချင်စိတ်ကို မဖျောက်နိုင်ခဲ့ရင် စာကြံတွေးအဆင့်နဲ့ ဖြေဖျောက်ရပါမယ်။ ဒီလိုနဲ့ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားရပါမယ်။ နောက်ဆုံးဖြစ်တဲ့ စင်္ကြန်ထလျှောက်ခြင်းမှာတော့ မဖြစ်မနေကို ဖြေဖျောက်နိုင်မှာပဲ ဖြစ်ပါတယ်။
ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ
=============
ဒီနီဝရဏအတွက် သတိပဋ္ဌာန်ရှုမှတ်ပုံတွေဟာ ရှေ့ပိုင်းအားလုံးနီးပါး ကာမစ္ဆန္ဒအတိုင်းပင် ညွန်ပြထားတယ်။ နောက်ဆုံးဖြစ်တဲ့ နီဝရဏကို မဂ်ဖြင့်ပယ်ခိုက်မှာသာ ထူးခြားပါတယ်။ သို့ဖြစ်လို့ အဲ့ဒီထူးခြားချက်နဲ့ အခြားသိမှတ်ဖွယ်ရာများကို တင်ပြသွားပါမယ်။
ယထာ စ ပဟီနဿ ဥဒ္ဓစ္စကုက္ကုစ္စဿ အာယတိံ အနုပ္ပါဒေါ ဟောတိ၊ တဉ္စ ပဇာနာတိ။
တဒင်္ဂ ၀ိက္ခမ္ဘနပဟာန်အားဖြင့် ပယ်အပ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စကို နောင်အခါမှာ လုံးဝမဖြစ်ပေါ်စေနိုင်တာဟာ အရိယာမဂ်ဆိုတဲ့ အကြောင်းကြောင့်ဖြစ်တယ်။ အဲ့ဒီ အရိယာမဂ်ဆိုတဲ့ အကြောင်းကိုလည်း သိတယ်။
ဒီနီဝရဏဟာ နီဝရဏအရာမှာ တစ်ခုထဲလို ဖြစ်နေပေမဲ့ မဂ်ပယ်စဉ်အရတော့ ကွဲပြားနေတယ်။ ဥဒ္ဓစ္စကို အရဟတ္တမဂ်နဲ့ ကုက္ကုစ္စကို အနာဂါမိမဂ်နဲ့ သီးခြားစီ အမြစ်ပြတ်ပယ်ပါတယ်။ သို့ကလို ကွဲပြားနေတာကြောင့် ပယ်စဉ်ကို သိတဲ့ပုဂ္ဂိုလ်လည်း ကွဲပါတယ်။ သိပုံကတော့ ရှေ့မှာ ဆိုခဲ့ပြီးနည်းများ အတိုင်းသာ။
အဋ္ဌကထာဆရာတော်က သံယုတ်ပါဠိတော်ကို အကိုးအကားပြုပြီး ဒီနီဝရဏဖြစ်ပုံကို အောက်ပါအတိုင်း ဖွင့်ဆိုတော်မူပါတယ်။
စေတသော အ၀ူပသမေ အယောနိသောမနသိကာရေန ဥဒ္ဓစ္စကုက္ကုစ္စဿ ဥပ္ပါဒေါ ဟောတိ။ စိတ်မငြိမ်းချမ်းမှုအပေါ် မသင့်တဲ့ နှလုံးသွင်းမိသဖြင့် ဥဒ္ဓစ္စကုက္ကုစ္စ ဖြစ်ပါတယ်။ အကြိမ်ကြိမ် အထပ်ထပ် နှလုံးသွင်းမိလေ အင်အားကောင်းလာလေဖြစ်တယ်။
အဲ့ဒီနောက် ယင်းနီဝရဏကို ပယ်ပုံ ၆ မျိုးကိုလည်း ဆက်ပြတော်မူပါတယ်။
အပိစ ဆ ဓမ္မာ ဥဒ္ဓစ္စကုက္ကုစ္စဿ ပဟာနာယ သံဝတ္တန္တိ - ဗဟုဿုတတာ ပရိပုစ္ဆကတာ ၀ိနယေ ပကတညုတာ ၀ုဒ္ဓသေ၀ိတာ ကလျာဏမိတ္တတာ သပ္ပါယကထာတိ။ (ဒီ။ ဋ္ဌ။ ၂။ ၃၇၁)
နိကာယ် ၅ ရပ်တို့တွင် တစ်ခု နှစ်ခုစသည်ဖြစ်စေ အားလုံးကိုဖြစ်စေ ရအောင် သိအောင်လုပ်ပြီး ဗဟုတပြည့်စုံစေခြင်း၊ အပ် မအပ်တာတွေကို အဖန်ဖန် အထပ်ထပ် မေးမြန်းစုံစမ်းခြင်း၊ ၀ိနည်းပညတ်တွေနဲ့ အတူနေ နေသလို အလေ့အထအဆင့်ထိ သိနေခြင်း၊ ထေရ်ကြီးဝါကြီးများအထံ ဆည်းကပ်ခြင်း၊ မိတ်ဆွေကောင်းကို မှီဝဲခြင်း၊ နေရာထိုင်ခင်းစတာတွေနဲ့ ပတ်သက်ပြီး မှီရာအဖြစ် အပ် မအပ်ပြောဆိုဆွေးနွေးခြင်း တို့ဖြစ်ကြပါတယ်။
ဒီနေရာမှာ ဥဒ္ဓစ္စက ပျံ့ လွင့်ခြင်းပါ။ ကုက္ကုစ္စကို နောင်တပူပန်ခြင်း၊ အလို့လို့ ဖြစ်ခြင်းစသည် ဘာသာပြန်တယ်။ မိမိကိုယ်ကို သံသယဖြစ်ခြင်းလို့ဆိုက သင့်လျော်အံ့ ထင်ရဲ့။ အဆိုပါ နှစ်ခုတို့ တရားအားထုတ်ဆဲ ယောဂီမှာ ဖြစ်ပေါ်လာရင် ဖြစ်ပေါ်လာတဲ့အတိုင်း မှတ်သွားရန် ဖြစ်ပါတယ်။
မှတ်ဖို့ ပြောနေပေမဲ့ မမှတ်လိုက်ရဘဲ တွေးရင်း အချိန်ကုန်သွားတာမျိုးကို ယောဂီတိုင်း ကြုံဖူးကြတယ်။ အဲ့ဒါဟာ စိတ်ကို မနိုင်လို့ ဖြစ်ကြရတာပါ။ ဥဒ္ဓစ္စအတွက် စိတ္တာနုပဿနာကို အခြေခံကျကျ အားထုတ်ထားခြင်းဖြင့် ကျော်လွန်ကြရပါတယ်။ ချင်စိတ်တွေကို မိပြီဆိုရင်ကိုပဲ ဒီနေရာအတွက် လုံလောက်ပါတယ်။
စိတ္တာနုပဿနာအရာမှာ ချင်စိတ်တွေ မိအောင် ဖမ်းနိုင်ခဲ့ပါပြီဆိုရင် စိတ်ပျံ့ လွင့်တဲ့အခါလည်း မကြာမတင် သိနိုင်ပါတယ်။ ဒါ့ထက် စလွင့်လွင့်ချင်းတောင် သိနိုင်ပါတယ်။
စိတ်ပျံ့ လွင့်တာကို သိရင် သိတာနဲ့ တစ်ပြိုင်နက် ပျံ့ လွင့်တယ်၊ ပျံ့ လွင့်တယ်လို့ မှတ်သွားရန်ပါ။ ပျံ့ လွင့်တဲ့ ပုံစံက အတိတ်ကို ပြန်တွေးတာနဲ့ အနာဂတ်အတွက် စဉ်းစားတာတွေပါ။ နှစ်မျိုးထဲက တစ်ခုခုပါလို့ သေချာသိရင် အဲ့ဒီသိတဲ့အတိုင်း မှတ်ရပါမယ်။ တွေးရင် တွေးတယ်၊ တွေးတယ်။ စဉ်းစားရင် စဉ်းစားတယ်၊ စဉ်းစားတယ်လို့ မှတ်ရပါမယ်။ အတိအကျ အမည်မတပ်နိုင်ရင်တော့ ပျံ့ လွင့်တယ်လို့ပဲ မှတ်ရပါမယ်။
နောင်တပူပန်တယ်ဆိုတာ အတိတ်က အကြောင်းအရာတွေကို တွေးမိပြီး ဖြစ်ပေါ်လာတာများတယ်။ မဖြစ်သေးတာကို ပူပန်ကြောင့်ကြတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲ့ဒီလို ပူပန်တာတွေကို ပူပန်တယ်၊ ပူပန်တယ်လို့ မှတ်ရပါမယ်။ မှတ်ပေမဲ့ ခဏချင်း ပျောက်ဖို့တော့ မလွယ်ပါ။ ပျောက်သွားရင်လည်း ခဏလေးနဲ့ ပြန်ပေါ်လာတတ်တယ်။
မိမိရဲ့ သဒ္ဓါ ၀ီရိယ သတိ သမာဓိ ပညာတို့ဆိုတဲ့ ဣနြေ္ဒတွေ အားနည်းနေခြင်းကြောင့် ဖြစ်လာကြရတာမို့လို့ပါ။ ဣနြေ္ဒတွေ အားနည်းတော့ မိမိကိုယ်ကို အားမရခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုနည်းပါးခြင်း စတာတွေက ပူပန်စရာတွေကို အမြဲမပြတ်အောင် မွေးဖွားပေးတတ်ပါတယ်။
သို့ကြောင့် ဣနြေ္ဒတွေ ထက်မြက်လာအောင်နဲ့ ထက်မြက်လာခဲ့ရင် ထိန်းညှိပေးခြင်းဖြင့်ပါ တွဲလျက် ဖြေရှင်းရပါတယ်။ အဲ့ဒီပြဿနာတွေအတွက် ကမ္မဋ္ဌာနာစရိယများက အနီးကပ် ထိန်းကြောင်းပေးမှသာ အဆင်ပြေပါမယ်။
ကုက္ကုစ္စဆိုတာ အနာဂါမိမဂ်နဲ့သာ အကြွင်းမဲ့ ပယ်သတ်နိုင်တာမို့ သူ့ကို ထိန်းညှိနိုင်ဖို့ဆို ခက်ခဲမယ်။ ပင်ပန်းမယ်။ ကာလကြာမယ်။ နည်းပရိယာယ် စုံရပါတယ်။ ဒါ့ကြောင့် ကမ္မဋ္ဌာနာစရိယကောင်းကို ချဉ်းကပ်မိဖို့ အရေးကြီးပါတယ်။
ဝိစိကိစ္ဆာနီဝရဏ
===========
ဒီနီဝရဏအတွက် ပါဠိတော်အရ သတိပဋ္ဌာန်ရှုမှတ်ပုံတွေဟာ ရှေ့ပိုင်းအားလုံးနီးပါး တူကြတယ်။ နောက်ဆုံး မဂ်ဖြင့် အကြွင်းမဲ့ပယ်ပုံကို ရှုရာမှာသာ ထူးခြားတယ်။ အဲ့ဒီထူးခြားချက်နဲ့အတူ မှတ်သားဖွယ်ရာများနဲ့ နည်းယူစရာတွေကို တင်ပြသွားပါမယ်။
တဒင်္ဂ ၀ိက္ခမ္ဘနပဟာန်အားဖြင့် ပယ်အပ်ပြီးတဲ့ ၀ိစိကိစ္ဆာကို နောင်အခါမှာ လုံးဝမဖြစ်ပေါ်စေနိုင်တာက သောတာပတ္တိမဂ်ဖြစ်ပါတယ်။ အဲ့ဒီ အရိယာမဂ်နဲ့ အပြီးသတ် ပယ်နိုင်ပါတယ်။ ယင်းအရိယာမဂ်ဆိုတဲ့ အကြောင်းကိုလည်း သိတယ်။ ဒါက အခြားသော နီဝရဏတွေနဲ့ ရှုမှတ်ပုံ ကွဲပြားချက်ဖြစ်ပါတယ်။
ဝိစိကိစ္ဆာဟာ ယုံမှားစရာ အချက်တွေကို မသင့်မတင့် နှလုံးသွင်းမိလို့ ဖြစ်လာတယ်။ ရတနာသုံးပါးနဲ့ ကျင့်ကြံအားထုတ်နေဆဲ အကျင့်မြတ်များကို ယုံမှားခြင်းဖြစ်ပါတယ်။ ဖြစ်လာတာကို ပယ်နိုင်ဖို့ အဋ္ဌကထာဆရာတော်က အောက်ပါအတိုင်း လမ်းညွန်တော်မူထားပါတယ်။
အပိစ ဆ ဓမ္မာ ၀ိစိကိစ္ဆာယ ပဟာနာယ သံဝတ္တန္တိ - ဗဟုဿုတတာ ပရိပုစ္ဆကတာ ၀ိနယေ ပကတညုတာ အဓိမောက္ခဗဟုလတာ ကလျာဏမိတ္တတာ သပ္ပါယကထာတိ။ (ဒီ။ ဋ္ဌ။ ၂။ ၃၇၂)
နိကာယ် ၅ ရပ် ပါဠိ အဋ္ဌကထာတွေကို သင်အံ လေ့လာ မှတ်သားခြင်း၊ ရတနာသုံးပါးနဲ့ ဆက်စပ်ပတ်သက်တာတွေကို အကြိမ်ကြိမ် အထပ်ထပ် မေးမြန်းစူးစမ်းခြင်း၊ ၀ိနည်းပညတ်တွေနဲ့ ပတ်သက်လာရင် နေ့စဉ်ပြုမူနေကျ အလေ့အထ သဘောသက်အောင် စေ့ငုထားခြင်း၊ ရတနာသုံးပါးနဲ့ ပတ်သက်လာရင် အရှင်ဝက္ကလိမထေရ်မွန်လို သြကပ္ပန သဒ္ဓါတရားနဲ့ သုံးသပ် ဆုံးဖြတ်နိုင်ခြင်း၊ မိတ်ကောင်းရှိခြင်း၊ ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ စကားတွေကို ပြောဆိုဆွေးနွေးခြင်း တို့ ဖြစ်ကြပါတယ်။
မဟာစည်ဆရာတော် ဘုရားကြီးကတော့ ယောဂီတွေ တရားအားထုတ်ဆဲမှာ ယုံမှားမှုဖြစ်ပေါ်ခြင်း နည်းပါးအောင်နဲ့ နီဝရဏတရားတွေ အားလုံးကို တဒင်္ဂ ၀ိက္ခမ္ဘနပဟာန်တွေနဲ့ ဖယ်ခွာထားနှင့်နိုင်အောင် ပရိကံမှာပင် စတုရာရက္ခဆိုတဲ့ သက်စောင့်တရား လေးပါးကို ပွားများဖို့ ညွန်ကြားတော်မူထားပါတယ်။ သတိပဋ္ဌာန်ကျင့်စဉ်အတွက် လွယ်ကူအောင် သမထအကူကို ယူထားတဲ့ သဘောဖြစ်ပါတယ်။
ယင်းတို့ကား
၁။ ဘုရားဂုဏ်တော် ပွားများခြင်း၊
၂။ မေတ္တာပွားများခြင်း၊
၃။ အသုဘဘာဝနာဆီးဖြန်းခြင်း၊
၎။ မရဏာနုဿတိဆီးဖြန်းခြင်း တို့ကို စွမ်းနိုင်သလောက် နှလုံးသွင်း ဆင်ခြင်အပ်၏လို့ ဖြစ်ပါတယ်။ (၀ိရှု။ ၂။ ၂)
ဆရာတော်ကြီးရဲ့ ညွန်ကြားချက်အတိုင်း နေ့စဉ်အရုဏ်ဦးမှာ နှလုံးသွင်းလေ့ရှိသူဟာ အဋ္ဌကထာဆရာတော်ရဲ့ အလိုအရ သြကပ္ပန သဒ္ဓါတရားနဲ့ ကျင့်စဉ်တွေကို နေကုန်အောင် အားထုတ်နိုင်ဖွယ်ရှိပါတယ်။ ဘုရားဂုဏ်တော်ကို ပွားများခြင်းကြောင့် ဘုရားရဲ့ သားတော်များဖြစ်တဲ့ ကမ္မဋ္ဌာနာစရိယတွေအပေါ်လည်း ယုံကြည်သက်ဝင်လာနိုင်ပါတယ်။ အကယ်တန္တု ကမ္မဋ္ဌာနာစရိယကို ယုံကြည်မှု အားနည်းနေရင် ပြသတဲ့ကမ္မဋ္ဌာန်းတွေကိုလည်း လေးစားနိုင်မှာမဟုတ်။ ဒါဟာ ၀ိစိကိစ္ဆာနီဝရဏ ၀င်နေခြင်းပင်။
တခါတုန်းက တရားအားထုတ်ဖော် ရဟန်းတော်တစ်ပါးက ဖောင်းပိန်မှတ်နေရင်း နှာသီးဖျားကိုပဲ ရောက်ရောက်သွားတယ်လို့ ပြောပြတယ်။ ဒီအရှင်ကိုယ်တိုင် တရားစခန်းတစ်ခုမှာ ကမ္မဋ္ဌာန်းဆရာ တာဝန်ယူတော့ ယောဂီတစ်ယောက်က ခါးကုန်းပြီး ရှုမှတ်နေတာကို ခါးဆန့်ဖို့ပြောတော့ သူ့ဆရာက ဥဇုံ ကာယံ ပဏိဓာယ ဆိုတာ ကြာကြာထိုင်နိုင်အောင် ဣရိယာပုထ် ဖြောင့်မှန်စေရမယ်။ ဖြောင့်မတ်တယ်လို့ ဘာသာမပြန်ရဘူးလို့ မှာကြားခဲ့တာကြောင့် ဒီပုံစံနဲ့ အကျင့်ဖြစ်နေပြီတဲ့လေ။ ဆိုခဲ့တာတွေဟာ ကျင့်စဉ်အပေါ်မှာ ၀ိစိကိစ္ဆာ ၀င်နေတာပါ။ ယုံမှားမှု ဖြစ်နေတာပါ။ ဒါဟာ ကမ္မဋ္ဌာန်းနည်းတွေ အလွန့်အလွန် ထွန်းကားနေတဲ့ မျက်မှောက်ခေတ်မှာ အလွန်သတိထားရမဲ့ အချက်ပါ။
ကျင့်စဉ်စတာတွေကို ဒီကျင့်စဉ်နဲ့ မဂ် ဖိုလ်ရနိုင်ပါ့မလား။ ဒီဆရာကရော ခရီးရောက်အောင် ညွှန်ပြနိုင်ပါ့မလား စတဲ့အတွေးတွေဟာ ယုံမှားမှု ဖြစ်နေတာပါ။ အဲ့ဒါတွေကို ယုံမှားတယ်၊ ယုံမှားတယ်လို့ ရင်ဝမှာ အာရုံစိုက်ပြီး အားစိုက်မှတ်ရပါမယ်။
အဇ္ဈတ္တဗဟိဒ္ဓစသည်ရှုမှတ်ပုံ
==================
ဒီနီဝရဏပိုင်းကိုလည်း အခြားအခြားသော အပိုင်းတွေမှာလိုပဲ အဇ္ဈတ္တ ဗဟိဒ္ဓစသည် အစုံရှုမှတ်ရန် ဆက်လက်ဟောကြားတော်မူပါတယ်။ ဗဟိဒ္ဓသန္တာန် စသည်ရှုမှတ်ရန် ဟောကြားတော်မူခဲ့တာတွေထဲမှာ တကယ့်ကို ထိထိမိမိ ရှုမှတ်နိုင်ဖို့ဆိုရင် ဒီနီဝရဏအရာဟာ အထင်ရှားဆုံးလို့ ပြောနိုင်ပါတယ်။
အထက်မှာ ဆိုခဲ့ပြီးတဲ့ နည်းတွေနဲ့ မိမိရဲ့ နီဝရဏတရားတွေကို သဘောတရားမျှပဲလို့ ရှုမြင်နေတယ်။ သူတစ်ပါးတို့ရဲ့ နီဝရဏတွေနဲ့ ရံခါမိမိ ရံခါသူတစ်ပါးတို့ရဲ့ နီဝရဏတွေကိုလည်း နည်းတူပင်။
ဆိုလိုရင်းက နီဝရဏတရားတွေဆိုတာ အခြားတရားများနည်းတူ ဖြစ်ပေါ်လာတတ်တယ်။ ပြီးတော့ ပျောက်ပျက် သွားတတ်တယ်။ ဒါ့ကြောင့် ဖြစ်ရိုးဖြစ်စဉ် သဘောတရားမျှသာပါလို့ ဖြစ်ပါတယ်။
ကာမစ္ဆန္ဒစတဲ့ နီဝရဏတွေကို ဖြစ်ကြောင်းတရားနှင့် ဖြစ်မှုသဘောကို ရှုမြင်လျက်လည်း နေတယ်။ ပျက်ကြောင်းတရားနှင့် ပျက်မှုသဘောကို ရှုမြင်လျက်လည်း နေတယ်။ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်မှု ပျက်မှုသဘောကို ရှုမြင်လျက်မူလည်း နေတယ်။
ယောဂီဟာ မိမိရဲ့ နီဝရဏတရားတွေ ဖြစ်မှု ပျက်မှုများ သိဖို့ရန်ကား သိပ်မခက်လှပါ။ ရှေ့မှာ ဆိုခဲ့ပြီးတာတွေကို ပြန်ခြုံငုံလိုက်ရင် လုံလောက်နိုင်ပါတယ်။ သို့ပေမင့် အခြားသူများရဲ့ နီဝရဏတရားများ ဖြစ်နေမှု ပျက်နေမှုတွေကို သိနိုင်ဖို့ရန်ဆိုတဲ့ ပြဿနာရှိလာပါတယ်။ ဘယ်လို သိနိုင်ပါသလဲပေါ့။
ဒီအတွက် သတိပဋ္ဌာန်ယောဂီတွေမှာ သိပ်အခက်အခဲ မရှိလှပါ။ မိမိရဲ့ နီဝရဏတွေကို ကြိမ်ဖန်များစွာ ရှုမှတ်ပြီး နိုင်နင်းအောင် အားထုတ်ထားဖူးတဲ့သူဟာ အခြားသူများတွေ နီဝရဏတရားများ ဖြစ်ပေါ်နေရင်လည်း အလိုလို သိနေတတ်ပါတယ်။
တစ်ယောက်ယောက်ကို ကြည့်မရဘူး၊ အလိုလိုနေရင်း အမုန်းတွေ ပွားနေတယ်ဆိုတာ အဲ့ဒီတစ်ယောက်ယောက်ရဲ့ ဖြစ်နေတဲ့ နီဝရဏတွေကို အလိုလို သိနေလို့ ဖြစ်ပါတယ်။ ဒါကြောင့် မခက်ဘူးလို့ ဆိုတာပါ။
အဲ့ဒီ သိနေတဲ့ဟာကို သိနေမှန်းမသိလို့ဖြစ်စေ သို့တည်းမဟုတ် သတိမထားမိလို့ဖြစ်စေ မရှုမှတ်မိလိုက်ကြလို့သာ ဗဟိဒ္ဓသန္တာန်ရှုကွက် ပျောက်နေရတတ်ပါတယ်။ အဲ့ဒါပျောက်နေလို့ရှိရင် မိမိသန္တာန်မှာ သူတစ်ပါးအား အမုန်းပွားမိခြင်းနဲ့အတူ ဣဿာ မစ္ဆေရ တရားတွေတောင် အလကားနေရင်း အပို ဖြစ်လာရတတ်ပါတယ်။
သို့ဖြစ်လို့ အခြားသူများကို အလိုလိုနေရင်း အမုန်းမပွားရအောင်နဲ့ မိမိသန္တာန်မှာ ဣဿာ မစ္ဆေရတရားတွေ ဖြစ်ပေါ်မလာအောင် ဗဟိဒ္ဓသန္တာန်က နီဝရဏတရားတွေရဲ့ ဖြစ်မှု ပျက်မှုကို သိနေရင်လည်း သိနေခိုက်မှာပင် သိတယ်လို့ ရှုမှတ်ရပါတယ်။
အထူးမှတ်ရမှာက သတိပဋ္ဌာန်ရှုမှတ်ထားဖူးတဲ့ သူများဟာ ဒီဗဟိဒ္ဓရှုမှတ်ပုံကို ချန်လှပ်ထားမိခဲ့ပါက သတိပဋ္ဌာန်မရှုမှတ်ဖူးတဲ့ အခြားသူများတွေထက် ဣဿာ မစ္ဆေရတရားတွေ ပိုဖြစ်နေနိုင်ပါတယ်။ သူများကို အလိုလို မုန်းနေတာမျိုး ပိုဖြစ်နေနိုင်ပါတယ်။ သူက သူများထက် ထိုးထွင်းသိနိုင်ရည် ပိုမြင့်နေလို့ပါ။ သို့ဖြစ်လို့ သူများသန္တာန်ဆိုတဲ့ ဗဟိဒ္ဓရှုကွက်ကို မဖြစ်မနေ အားထုတ်ဖို့ တိုက်တွန်းလိုပါတယ်။
အထက်က စကားတွေကို အနှစ်ချုပ်ရရင် နီဝရဏဖြစ်ကြောင်းဆိုတာ အယောနိသော မနသိကာရပင်။ ဒါ့ကြောင့် အယောနိသော မနသိကာရဖြစ်ပုံတွေကို အကျယ်ချဲ့ ပြီး တင်ပြရခြင်းပါ။
မိမိနဲ့ သူတစ်ပါးတို့ရဲ့ သန္တာန်တွေမှာ နီဝရဏတရားတွေ ချုပ်နေတယ်၊ ငြိမ်းနေတယ်လို့ ပျက်ကြောင်းတရားနဲ့ ပျက်နေမှုသဘောကိုလည်း သိနိုင်ရန် မခဲယဉ်းလှပါ။
ယောဂီတွေမှာ အလွန်ငြိမ်းချမ်းပြီး ကြည်လင်သာယာတဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ ပြည့်ပြည့်၀၀ သာနေတဲ့ လမင်းကြီးကို မြင်နေရသလို၊ မီးထိန်ထိန် ထွန်းထားတဲ့ ခမ်းမထဲ ရောက်နေရသလို၊ နေထွက်စ လေပြေလေး သွေးနေတဲ့ အရုဏ်ရင့်ရင့်အောက်မှာ လမ်းလျှောက်ရသလို မျိုးတွေပါ။ အဲ့ဒီအခိုက်အတန့်တွေဟာ နီဝရဏတွေ ကင်းစင်နေခိုက်တွေဖြစ်ပါတယ်။ အဲ့ဒီအခိုက်တွေကို သာယာတယ်၊ ကြည်လင်တယ် စသဖြင့် မှတ်ရပါတယ်။ မိမိရဲ့ နီဝရဏတွေ ချုပ်နေခိုက်၊ ငြိမ်းနေခိုက်တွေမှာ ရှုမှတ်ပုံများဖြစ်ပါတယ်။
တခါတလေမှာ အနားကပ်မိသွားရင် အေးချမ်းမှုတွေ ကူးစက်ပေးနိုင်စွမ်းတဲ့ ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့ ကြုံဆုံတတ်ကြတယ်။ ယင်းပုဂ္ဂိုလ်မျိုးဟာ နီဝရဏတွေ ချုပ်ငြိမ်းနေစခိုက်ဖြစ်ရင်ဖြစ်၊ နီဝရဏတွေကို အပြီးသတ် ချုပ်ငြိမ်းပြီးပုဂ္ဂိုလ်ရင်လည်း ဖြစ်ရပါမယ်။ အဲ့ဒီအခိုက်မှာ ထိုသူရဲ့ ချုပ်ငြိမ်းနေတဲ့ နီဝရဏတွေကို အာရုံပြုကာ သိတယ်၊ သိတယ်လို့ ရှုမှတ်ရပါတယ်။
ဆိုခဲ့တာဟာ မိမိအားထုတ်ထားတဲ့ သတိပဋ္ဌာန်တရားရဲ့ ကျေးဇူးကြောင့် ပုဂ္ဂိုလ်မြတ်များကို သိရခြင်း၊ ဖူးမျှော်ရခြင်းတွေပါ။ ကြည်ညိုခွင့် ရကြသလို နည်းနမူ အတုယူခွင့်တွေပါ ရနိုင်ကြပါမယ်။ သတိပဋ္ဌာန်တရား အားထုတ်ထားခြင်းမရှိသေးတဲ့ သာမန်လူတွေမှာလည်း သဒ္ဓါတရား အားကောင်းခိုက်ဆိုရင် ဆိုခဲ့တဲ့ အခိုက်အတန့်မျိုးတွေ ကြုံကြရတတ်ပါတယ်။
ဖြစ်ကြောင်း ပျက်ကြောင်းတရားနဲ့ ဖြစ်မှု ပျက်မှုသဘောကို သိဖို့ရန်မှာကား သမာဓိ ဉာဏ် ရင့်သန်လာတဲ့ ယောဂီတို့အတွက် ရည်ရွယ်ပါတယ်။ သဘောတရားတို့ရဲ့ လျင်မြန်စွာ ဖြစ်ပျက်နေပုံကို သိနိုင် မြင်နိုင်ကြသူတွေကို သမာဓိ ဉာဏ်ရင့်သန်သူများလို့ ဆိုလိုပါတယ်။
စာရင်းချုပ်တော့ နီဝရဏတွေ ပျက်ကြောင်း ချုပ်ကြောင်း ငြိမ်းကြောင်းဆိုတာ ယောနိသော မနသိကာရနဲ့ အရိယာမဂ်တို့ပင်။ အဲ့ဒါတွေကို သိမြင်နိုင်တဲ့အထိ ကြိုးစားပြီး တင်ပြလိုက်ပါတယ်။
သမာဓိ ဉာဏ် ရင့်သန်လာကြရင်ဖြင့် သတိထင်ပုံ တစ်မျိုးပြောင်းသွားတယ်။ သတ္တဝါကောင် အသက်ကောင် မဟုတ်တဲ့ သဘောတရားတွေသာ ရှိကြပါကလားလို့ အောက်မေ့လာတယ်။ ဉာဏ်မှာ ရှေးရှုထင်လာတယ်။ အဲ့ဒီသတိဟာ အသိဉာဏ်တွေ အဆင့်ဆင့် တိုးပွားလာစေပါတယ်။ အဖန်ဖန် အထပ်ထပ် မပြတ်လပ်တဲ့ သတိရ အောက်မေ့မှုကို အဆင့်ဆင့် တိုးပွားလာစေပါတယ်။
အဲ့ဒီလို အောက်မေ့နိုင် သိမြင်လာနိုင်ခဲ့ရင် တဏှာဒိဋ္ဌိနဲ့ မမှီမတွယ်ဘဲ နေတယ်လို့ခေါ်ပါတယ်။ လောကမှာ တစ်စုံတစ်ခုကိုမျှ ငါကောင် ငါ့ဥစ္စာဆိုပြီး မစွဲလမ်းတော့ပြီ။
နီဝရဏပိုင်း ပြီးပါပြီပါပြီ။
×××××××××××××××××
ငြိမ်းနန္ဒ (၂၇/၃၁ /၇ /၂၀၁၇
No comments:
Post a Comment