“ဦးဇင်းတွေကို လူမထွက်အောင် လုပ်တဲ့နည်း"
😺😺😺😺😺😺😺😺😺😺😺😺😺😺😺😺😺😺😺😺
အခုနောက်ပိုင်း စာသင်သားသံဃာငယ်တွေဟာ အိမ်ယာတည်ထောင်လူတို့ဘောင်ကို ပြောင်းရွှေ့သွားတဲ့ လူထွက်သတင်းတွေ ခကြာခဏဆိုသလို ကြားနေရပါတယ်။
စာသင်သားဦးဇင်းလေးတွေကိုရဟန်းခံ၊သိမ်ထပ်ထားကြတဲ့ ဒကာမတွေက သူတို့ဦးဇင်းလေးတွေလည်းအားကျမကြာ လူထွက်မှာကိုစိုးရိမ်ကြလို့ လူမထွက်အောင်ဘယ်လို လုပ်ရမလဲဆိုကာ မေးမြန်း လာကြခြင်းကြောင့် ကြားဖူးတဲ့ဖြစ်ရပ်မှန် အဖြစ်အပျက်လေးကို ကိုယ့်ရဟန်းဦးဇင်း မထွက်အောင်လုပ်တဲ့နည်းကိုအဖြစ် ပြန်လည်မျှဝေလိုက်ပါတယ်။
အဖြစ်အပျက်က ဒီလိုဗျ ဒီလို ....။
မန္တလေးမြို့ကအရုပ်ခပ်ဆိုးဆိုး အပျိုကြီးတယောက်ဟာ စာသင်တိုက်တစ်တိုက်ကကိုရင်တပါးကို ရဟန်းခံပေးပြီးရဟန်းအမ ရဟန်းမယ်တော်ခံယူလိုက်ပါသတဲ့ ...။
သူ့ပဇင်းဦးဇင်းလေးကိုလည်း သားအရင်းလို၊ တူတပါးလိုသဘောထားပြီး လိုအပ်တာအားလုံး လှူဒါန်းထောက်ပန့်တယ်ပေါ့။
ခက်တာက ဦးဇင်းလေးက ရဟန်းဘ၀မှာမပျော်ဘူးဖြစ်နေတယ်။ အသက်ကလဲ (၂၀) ကျော်လေး မို့ လူငယ်စိတ်မပျောက်တဲ့အရွယ်ဆိုတော့ ရဟန်းအဖြစ်မှ လူ့ဌာနကိုပြောင်းရွေ့ချင်နေတယ်။
ဒါကြောင့် ရဟန်းမယ်တော် အပျိုကြီးဒေါ်ရုပ်ဆိုးကို လူထွက်ချင်ကြောင်းခွင့်ပန်တော့ အပျိုကြီးက လုံးဝခွင့်မပြုဘူး။
သားဦးဇင်းက ကလေးအရွယ် ခပ်ငယ်ငယ်ကတည်းက သာသနာ့ဘောင် ၀င်လာတာမို့ လူတို့မနော လောကသဘောကို ဘာတခုမှသိတာမဟုတ်လို့ လူမထွက်ဘဲ သာသနာ့ဘောင်မှာသာ စာနဲ့ပျော်အောင်နေဖို့ တိုက်တွန်းနားချတယ်။
ဦးဇင်းလေးကလဲမရဘူး ထွက်ကိုထွက်မယ် တကဲကဲနဲ့နေ့စဉ်ရက်ဆက် တပူပူ တဆူဆ လုပ်နေတော့ ရဟန်းအမအပျိုးကြီး ဒေါ်ရုပ်ဆိုးကြီးလည်း စိတ်ပေါက်ပေါက်နဲ့ အိမ်ခန်းထဲ ၀င်သွားတယ်။
ခဏကြာတော့ လက်ထဲမှာအ၀တ်အစားတွေနဲ့ပြန်ထွက်လာပြီး သူ့သားဦးပဇင်းကို စကားတခွန်း ပြောလိုက်တာ သားဦးဇင်းခမြာအကျွတ်တရားသံဝေဂများ အတော်ရသွားပုံပေါ်တယ် အဲဒီနေ့က စပြီး လူထွက်ချင်တဲ့အကြောင်းကို လုံးဝကိုမဟတော့ဘူးတဲ့။
အခုဆို ပရိယတ္တိစာပေအတော်တတ်မြောက်လို့ မင်းကွန်မှာ ပိဋကတ်တပုံဆောင် သာသနာ့ အာဇာနည်ကြီးတောင်ဖြစ်နေပြီဆိုပဲ ။
သူ့ရဟန်းဒကာမ အပျိုကြီးဒေါ်ရုပ်ဆိုးပြောလိုက်တဲ့စကားကတော့ --
"ကဲ... ကိုယ်တော်... မထွက်ပါနဲ့တားတဲ့ကြားက ဒီလောက်တောင်ထွက်ချင်နေတာ ထွက်... အခုထွက် တပည့်တော်က ဦးဇင်းကိုအစကတည်းက ကြည်ညိုလို့ရဟန်းခံပေးခဲ့တာမဟုတ်ဘူး ချစ်လို့ ရဟန်းခံပေးထားတာ....
ခုဦးဇင်းက ထွက်မယ်ဆိုရင်တော့ သူများအိပ်ထဲတော့အဖိတ်မခံနိုင်ဘူး။ ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲပဲ အဖိတ်ခံမယ်။ ဦးဇင်းလူထွက်ပြီးတာနဲ့ ချက်ချင်း တရားရုံကိုသွားပြီး လက်ထပ်မယ် " ဟူ၍ဖြစ်သတဲ့.......။
သားရဟန်းရှိသူ ရဟန်းအမများ ဒီလူမထွက်နည်းကို ယူလိုက ယူကြလေကုန်..........။
Ps;
ရဟန်းအမအပျိုကြီးသည် ရုပ်ဆိုး၍သာ ဤနည်းကိုသုံးခြင်းဖြစ်၏။ ရုပ်ချောလျှင်ကာ ၎င်းနည်းကို သုံးမည်မဟုတ်သလို အပျိုကြီးလည်းဖြစ်မည်မထင်ပေ။ ရုပ်ချောပြီး အပျိုကြီးဖြစ်နေလျှင်ကား ချေးများလွန်း၍ဟုမှတ် ။
"ဓမ္မဝီရ ဒေါက်တာတေဇနိယ"
No comments:
Post a Comment