Monday, August 22, 2016

ကိုရင် (သို့) သာသနာ့အာဇာနည်

ကိုရင် (သို့) သာသနာ့အာဇာနည်
**************************

တစ်ခါတုန်းက မင်းကွန်းဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသ သီတင်းသုံးရာကျောင်းသို့ နိုင်ငံတော်အရာရှိကြီးများ ရောက်ရှိလာကြပြီး ဓမ္မသြဝါဒများ ခံယူနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆရာတော်ရဲ့ ကျောင်းခေါင်းရင်းမှာ ကိုရင်ကလေးတွေက ပြေလွှားဆော့ကစားနေကြတာပေါ့။ ကိုရင်လေးတွေက ကလေးအရွယ်ဆိုတော့ အလိုက်ဘယ်သိပါ့မလဲ။ အော်သူအော်၊ ငိုသူငို၊ ဆူညံပွက်လောက်ရိုက်နေပါသတဲ့။ ဒါပေမယ့် မင်းကွန်းဆရာတော်ဘုရားကြီးက ဘာမှဟန့်တားခြင်း မပြုဘဲ ဟောစရာရှိတာသာ ဆက်ဟောနေပါသတဲ့။
မနေနိုင်တဲ့ အထက်အရာရှိတစ်ဦးက ဆရာတော်ကြီးကို လျှောက်ထားလိုက်ပါတယ်။

“ဆရာတော်ဘုရား . . ကိုရင်လေးတွေက သိပ်ဆော့ကြတာပဲ၊ နေ့စဉ် ဒီတိုင်းသာဆော့ရင် ဆရာတော်အတွက် စိတ်အနှောင့်အယှက်မဖြစ်ဖူးလား ဘုရား” ။
အဲဒီလိုလျှောက်တဲ့အခါမှာ မင်းကွန်းဆရာတော်ဘုရားကြီး မိန့်ကြားလိုက်တာက

“ ဒကာကြီးရယ် . . .၊ ကလေးတွေက သူတို့အလုပ် သူတို့လုပ်ကြတာပဲ၊ ကလေးဆိုတော့ စားမယ်၊ အိပ်မယ်၊ ငိုမယ်၊ ပြီးရင် ရန်ဖြစ်မယ်၊ ဒါ သူတို့အလုပ်ပဲလေ။ ဒါတွေ မလုပ်ရဘူးဆိုပြီး ကန့်ကွက်ပိတ်ပင်လိုက်ရင် ကိုရင်လေးတွေ လူထွက်ကုန်မှာပေါ့၊ ကိုရင်လေးတွေ မရှိရင် ရဟန်းဆိုတာကရော ဖြစ်နိုင်ပါ့မလား၊ သူတို့အရွယ် သူတို့အလုပ်နဲ့ ပျော်စေပြီး တဖြည်းဖြည်းချင်း သိမ်းသွင်းယူမှ ဣနြေ္ဒကို ရင့်ကျတ်စေတာပေါ့ ဒကာကြီး “

အဲသလို မင်းကွန်းဆရာတော်ဘုရားကြီး အမိန့်ရှိလိုက်မှ ကိုရင်လေးတွေအပေါ် ကြည်ညိုတတ်သွားပါတယ်။

တကယ်တော့ ယနေ့ခေတ်မှာ ကိုရင်ဝတ်ခြင်းဟာ အတော့်ကို နည်းပါးနေပါပြီး။ ကိုရင်အရေအတွက်များပြားမှသာလျင် ရဟန်းအရေအတွက် များပြားမှာ သေချာပါတယ်။ ကိုရင်ကလေးတွေ ဆော့ကစားနေတာကို အပြစ်မမြင်ဘဲ “ သြော် ငါတို့ ကိုရင်မဝတ်နိုင်ဘူး၊ သူတို့လေးတွေကြောင့် ဗုဒ္ဓ၏ဓမ္မတွေကို နာကြားရတယ်၊ သံဃာတော်တွေကို ဖူးတွေ့ခွင့်ရတယ်” လို့ နှလုံးသွင်းစေခြင်ပါတယ်။ တကယ်တော့ ကိုရင်လေးတွေဆိုတာ နောင်အနာဂတ် ဘုန်းကြီးလေးတွေဖြစ်တဲ့အတွက် ကိုရင်လေးတွေကို ဆည်းကပ်ကိုးကွယ်ခြင်းဟာလည်း သာသနာကိုစောင့်ထိန်းခြင်းမည်ပါပေတယ်။

ကျော်စိုးအောင် (Myanmar Knowledge Bank)

No comments:

Post a Comment