Monday, August 22, 2016

ပုံဂံခေတ်အမျိုးသမီးများ၏ ပိဋကတ်စာပေကျွမ်းကျင်မှုများ

ပုံဂံခေတ်အမျိုးသမီးများ၏ ပိဋကတ်စာပေကျွမ်းကျင်မှုများ
=======================================

မြန်မာနိုင်ငံသမိုင်းတစ်လျှောက် ပုဂံခေတ်သည် ဗုဒ္ဓစာပေနှင့်ပတ်သက်လျှင် အကြီးကျယ်ဆုံးခေတ် ဖြစ်သည်။ စာသင်တိုက်ကြီးများ များစွာရှိပြီး သာမဏေငယ်များသည်ပင် ကျမ်းပြုနိုင်လောက်သည်အထိ စာပေနိုင်နင်းကြသည်။

တစ်ခါသော် သာမဏေငယ်များ မြစ်ဆိပ်၌ ရေချိုးရင်း ရေကစားနေသည်ကို အမျိုးသမီးငယ်တစ်စု တွေ့မြင်သော် သာမဏေစရိုက်နှင့် မလိုက်အောင် ဆော့လှသည်ဟု အမှတ်ရစေသောငှါ ချွတ်ပုံထားသော သင်္ကန်းသင်းပိုင်များကို ၀ှက်ထားကြသည်။ ကိုရင်များသည် ရေချိုးပြီး၍ တက်လာသောအခါ မိမိတို့ ထားသောနေရာတွင် သင်္ကန်းသင်းပိုင်များမတွေ့ရဘဲ ပျောက်နေသည်ကို တွေ့ရသည်။ အနီးအနားတွင် မိန်းမပျိုများသာ ရှိသဖြင့် ရိပ်မိကာ ၀ှက်ထားသော မိမိတို့၏ သင်္ကန်းများကို ပြန်ပေးပါရန် တောင်းကြသည်။ မိန်းမပျိုများက ကျမ်းတစ်စောင်ပြုပါမည်-ဟု ကတိပေးမှ သင်္ကန်းပြန်ပေးမည်ဟု ဆိုလာကြသဖြင့် ကိုရင်ငယ်များက ကျမ်းတစ်စောင်ပြုပါမည်ဟု ကတိပေးကြရတော့သည်။ ကိုရင်များသည် ကတိအတိုင်းပင် ကျမ်းပြုလေရော သင်္ကန်းတောင်းသောကျမ်းဖြစ်၍ ထိုကျမ်းစာကို “ပိုင်တောင်းကျမ်း”ဟု တွင်လေသည်။

တစ်နေ့သော် အမျိုးသမီးငယ်တို့သည် ဧရာဝတီမြစ်ဆိပ်၌ပင် ရေချိုးနေကြသည်။ ကိုရင်များက လက်စားချေသည့်အနေဖြင့် ထဘီများကို ၀ှက်ထားကြသည်။ အမျိုးသမီးတို့သည် ရေဆိပ်မှ တက်လာသောအခါ ထဘီများကို မတွေ့ရသဖြင့် ကိုရင်များ၏ လက်ချက်မှန်းသိကာ ပြန်ပေးပါရန် တောင်းပန်ကြသည်။ ကိုရင်များကလည်း လက်တုံ့ပြန်သည့်အနေဖြင့် ကျမ်းတစ်စောင်ပြုမှ ထဘီများပြန်ပေးမည်ဟု ဆိုလာကြသည်။ အမျိုးသမီးငယ်တို့ကလည်း ကျမ်းပြုပါမည်-ဟု ကတိပေးကြ၏။ ထိုကတိအတိုင်း ပြုသောကျမ်းကို “ထမိန်တောင်ကျမ်း”ဟု ခေါ်တွင်ခဲ့လေသည်။

ကန်တော်မင်းကျောင်း မေတ္တာစာအဖြေတွင် ဆရာတော်သည် ဂဠုန်ပျံ၊ ငမွဲ၊ ငကွဲ ထုံးဖြတ်ပိုင်တောင်း၊ မိန်တောင်းဝိတက်၊ ကလာပ်၊ ဗျဉ္ဇီ၊ ဒဏ္ဍီ၊ ဗြိုးဟပ်-စသော ကျမ်းဂန်များ တက်မြောက်ကြောင်းဆိုထားသဖြင့် အမှန်တကယ်ရှိခဲ့သော ကျမ်းများဖြစ်ကြောင်း လက်ခံရပေမည်။

ပုဂံခေတ် အမျိုးသမီးများသည် စာပေနှင့်ပတ်သက်လျှင် ထက်ကြသည်။ ရှေးအခါက ပုဂံပြည်၌ အမျိုးသမီးတို့သည် အမျိုးသားများနှင့် တန်းတူပင် ပရိယတ်စာပေ ကျွမ်းကျင်ကြသည်။ များသောအားဖြင့် ကျားမ မဟူ- ဘုရားဟော ပိဋကတ်စာပေနှင့် သဒ္ဒါသဂြိုဟ်တို့ကို သင်ကြားခြင်း၊ နှုတ်၌ဆောင်ထားခြင်းဟူသော ပူဇော်ခြင်းဖြင့် ဗုဒ္ဓသာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။

အပျိုအရွယ် မိန်းမငယ်များမှာမူ ဗိုင်းငင်,၀ါဖတ်, အိမ်မှုကိစ္စ ဆောင်ရွက်ကြကာ အားလျှင် အားသည့်အလျောက် အခြားနည်းဖြင့် အချိန်မဖြုန်းဘဲ ဘုရားဟော တရားတော်များကို အလွတ်ကျက်မှတ်ကြသည်။ ပိဋကတ်တော်များကို နှုတ်တက် အာဂုံဆောင်သူများမှာ ဘ၀အဆက်ဆက် အာခံတွင်းမှ ကြာညိုရနံ့သင်းသော အကျိုးထူးကို ရရှိနိုင်သည်-ဟု ယုံကြည်ကြသည်။ ညစဉ်ပင် ဘုရားဝတ်တက်၍ ရွတ်ဖတ်ပူဇော်ကြသည်။ ဘုရားဟော သုတ်တော်များကို အာဂုံဆောင်နိုင်ခြင်းကို ဂုဏ်ယူကြသည်။ သူ့ထက်ငါ ပြိုင်ကြသည်။

သားသည်မိခင် အိမ်ထောင်ရှင်များသည်ပင် ကလေးချော့, ကလေးထိန်း, ထမင်းချက်နေရင်း စာကျက်ကြသည်။ အချင်းချင်းတွေ့သောအခါ “အဘယ်မျှလောက်သော ကျမ်းဂန်ကို သင်ကြားအားထုတ်၍ အဘယ်မျှလောက်သော ကျမ်းဂန်ကို နှုတ်တွင် ဆောင်ထားနိုင်ပါသနည်း”စသည်ဖြင့် တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ဆွေးနွေး မေးမြန်းလေ့ရှိကြသည်။

တစ်ရံသောအခါ တစ်ယောက်သော အမျိုးသမီးက မေးမြန်းရာတွင် နို့စို့သားငယ်ရှိသော အမျိုးသမီးက ပြန်၍ ပြောကြားသည်မှာ “ငါ့မှာ နို့စို့ကလေး ရှိနေ၍ ကလေးနှောင့်ယှက်သဖြင့် များစွာနှုတ်ဝယ် မဆောင်နိုင်ပါ။ ပဋ္ဌာန်းကျမ်း၌ လာရှိသော ကုသလတိတ်မျှ ပမာဏရှိသော ကျမ်းဂန်ကိုသာ နှုတ်တွင် ရအောင် ဆောင်ထားနိုင်ပါသည်”ဟု ပြောကြားခဲ့သည်ဟူ၏။ ပဋ္ဌာန်းကုသလတိတ်ဟူသည် ပဋ္ဌာန်းပါဠိတော် ပထမအုပ်ပင်တည်း…။

ဝါတွင်းကာလတွင် အမျိုးသမီး,အမျိုးသားတို့သည် သဒ္ဒါသဂြိုဟ်စသော ကျမ်းဂန်ငယ်လေးများကို သင်ယူကြသည်။ အဘိဓမ္မတ္ထသင်္ဂဟ(ခေါ်) သဂြိုဟ်ကျမ်းသည် အဘိဓမ္မာအနှစ်ချုပ်ဖြစ်၍ သဂြိုဟ်(၉)ပိုင်းကို အာဂုံဆောင်လေ့ ရှိကြသည်။ အာဂုံရမှ အာဂလူဟု ချီးမွမ်းကြသည်။

ဝါလကင်းလွတ် သီတင်းကျွတ်သောအခါ မဟာဒါန်ဝန် ခေါင်းဆောင်သော အကြီးအကဲများက တစ်အိမ်ဆင်း တစ်အိမ်တက် လိုက်လံစစ်ဆေး၍ မှတ်တမ်းတင်ကြသည်။ သဂြိုဟ်(၉)ပိုင်းရပါသည်၊ သဂြိုဟ်(၈)ပိုင်း ရပါသည်၊ သဂြိုဟ်(၇)ပိုင်း ရပါသည်၊ သဂြိုဟ်(၆)ပိုင်း ရပါသည်စသော အဖြေများကို ရေးမှတ်ကြသည်။

“ကျွန်မမှာ ကလေးငယ် ရှိပြီး အိမ်ထောင်မှု ကိစ္စတွေကလည်း များသဖြင့် ဒီတစ်ဝါတွင်းတော့ သဂြိုဟ်(၅)ပိုင်းပဲ ရပါတယ်ရှင်”ဟု အဖြေပေးသော သားသည်မိခင်ကို မဟာဒါန်ဝန်က သေချာစွာကြည့်ပြီး နှုတ်ခမ်းမွေးစထောင်အောင် မျက်မှောင်ကြုတ်ကာ “ထွီ-ထွီ-ထွီ”ဟု မကျေနပ်သည့်ဟန်ဖြင့် မျက်နှာလွှဲခဲ့ကြသည်အထိ ပရိယတ်တာဝန်ကို ကျေပွန်ခဲ့ကြသည်ဟူ၏။

သားသည်မိခင် အိမ်ထောင်ရှင်သည်ပင် ထိုမျှလောက် စာပေတာဝန် ယူရသဖြင့် အခြားသော အမျိုးသမီး, အမျိုးသား, ကိုရင်, ရဟန်းတို့၏ စာပေတာဝန်ယူမှုကား ကြောက်ခမန်းလိလိ ဖြစ်မည်မှာ မလွဲဧကန်ပင်တည်း။

အမျိုးသမီးငယ်၏ သဒ္ဒါရေးပညာ

---------------------------------

တစ်ခါသော် ရဟန်းတစ်ပါးသည် ပုဂံမြို့တွင်းသို့ ဆွမ်းခံကြွလာသည်။ (၁၂)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက ဆွမ်းထွက်လောင်းကာ ရဟန်းတော်၏ ဘွဲ့ကို မေးသည်။

“အရှင်ဘုရား…. အရှင်ဘုရား၏ ဘွဲ့တော်ကား အဘယ်သို့ ဖြစ်ပါသနည်းဘုရား”

“ဒကာမလေး….. ငါ၏ ဘွဲ့တော်ကား ရှင်ခေမာ ဖြစ်ပါသည်။”

“ဟင်… အရှင်ဘုရား ဘွဲ့တော်အမည်က ဣတ္ထိလိင်အမည် ဖြစ်နေပါလားဘုရား၊ အရှင်ဘုရားသည် ယောကျာ်းဖြစ်၍ ပုလ္လိင်သာ ဖြစ်ရပါမည် မဟုတ်လားဘုရား။ အဘယ့်ကြောင့် ဣတ္ထိလိင်နှင့် အမည်မှည့်ရပါသနည်းဘုရား”

ထိုအခါ ရဟန်းတော်က အဖြေမပေးမီမှာပင် အိမ်အတွင်းတွင် ဟင်းချက်နေသော အမေက သမီးငယ်ကို ဤသို့ လှမ်းပြော၏။

“ချစ်သမီးသည် ရာဇာဒိဂိုဏ်းကို မသိသလော?၊ သဒ္ဒါနည်းအရ ရာဇာဒိဂိုဏ်း၏ လက္ခဏာကို သတိပြုပါဦး”

“အမေ… သမီး ရာဇာဒိဂိုဏ်း လက္ခဏာကို သိပါသည်။ ဤခေမသဒ္ဒါမှာ ရာဇာဒိဂိုဏ်း မ၀င်ပါ”ဟု စောဒကတက်၏။ ထိုအခါ မိခင်က-

“ဤခေမသဒ္ဒါသည် ဧကဒေသနည်းအားဖြင့် အနည်းငယ်မျှ ရာဇာဒိဂိုဏ်း၏ လက္ခဏာသို့ ရောက်သည်”ဟု ထပ်မံရှင်းပြ၏။

သဒ္ဒါနည်းအားဖြင့် “ဒေ၀ရာဇော”ဟူသော သမာသ်နေရာ မဟုတ်လျှင် ရာဇော-ဟူ၍ မရှိရချေ။ တစ်ခါတစ်ရံ၌သာ ခေမော,ခေမံ-ဟု လိင်ထူး၍ ရုပ်အထူး ရှိပေသည်။ ထို့ကြောင့် သမီးက ရာဇာဒိဂိုဏ်းမ၀င်ဟု ယူဆလေသည်။ ခေမသဒ္ဒါသည် အနက်ကို လိုက်ပါက လိင်သုံးပါးလုံးနှင့် ဆက်ဆံသဖြင့် ဧက၀ုစ်ကိန်းစကား၏ အစွမ်းအားဖြင့် “ခေမာ”ဟု ရှိတတ်၏။ ထိုအခါမျိုး၌ တစ်စိတ်တစ်ဒေသအားဖြင့် (ဧကဒေသနည်း) ရာဇာဒိဂိုဏ်းသို့ ၀င်၏။ ထို့ကြောင့် မိခင်က တစ်မျိုးယူဆခြင်း ဖြစ်သည်။ ပုဂံခေတ် အမျိုးသမီးတို့သည် သဒ္ဒါရေးရာ, ပုဒ်, ပါဌ်, အက္ခရာ အသုံးအနှုန်း၊ အဆုံးအဖြတ်ကိုပင် သဒ္ဒါနည်းအရာ ဤသို့ ကျွမ်းကျင်စွာ သုံးသပ်နိုင်ကြကုန်၏။ သဒ္ဒါအခြေခံအဆင့် မည်မျှ မြင့်နေပြီဆိုသည်ကို ခန့်မှန်းနိုင်လေသည်။

ပုဂံခေတ်အမျိုးသမီးငယ်၏ ပါဠိဝါကျစွမ်းရည်

-------------------------------------------------

တစ်ခါသော အင်းဝမှ ကိုရင်တစ်ပါးသည် ပုဂံပြည်၌ သဒ္ဒါတတ်သူ ပေါများလှကြောင်း ကြားရသဖြင့် စုံစမ်းရန် သွားခဲ့သည်။ ပုဂံနေပြည်တော်အနီး ၀ါခင်းစောင့်သော အမျိုးသမီးငယ်တစ်ဦးနှင့် တွေ့လေသည်။

အမျိုးသမီးငယ်က “ကုတော အာဂတောသိ? အရှင်ဘုရား ဘယ်အရပ်က ကြွလာပါသနည်းဘုရား”ဟု လျှောက်ထားသော်

ကိုရင်က ပါဠိလိုပင် ပြန်ဖြေမည်ဟု ကြံစည်ကာ “ရတနာပူရတော အဟံ အာဂစ္ဆတိ”ဟု ရုတ်တရက် ပါဠိစီ၍ အဖြေပေးလိုက်သည်။

အမျိုးသမီးငယ်က ဆက်လက်၍ “ကုဟိံ ဂတောသိ? အရှင်ဘုရား အဘယ်ကို ကြွမည်နည်းဘုရား”ဟု လျှောက်၏။

ကိုရင်က “အရိမဒ္ဒနနဂရံ ဂစ္ဆတိ”ဟု ပြန်၍ ဖြေလိုက်သည်။

ထိုအခါ အမျိုးသမီးငယ်က “ကိုရင်၏ ပါဠိဝါကျမှာ သဒ္ဒါနည်းမကျပါ။ အဟံ-ကတ္တားပုဒ်နှင့် တွဲရန် အမှယောဂ-ဆိုင်သောပုဒ်ကို သုံးရမည် ဖြစ်ပါလျက် နာမယောဂ-နှင့် မှားသုံးမိပြီ။ ပညာရှိစကားသည် တင့်တယ်သော သဒ္ဒါနည်းတို့ဖြင့် ပြည့်စုံသင့်ပါသည်။ အမှန်မှာ ‘ရတနာပူဂတော အဟံ အာဂစ္ဆာမိ၊ အရိမဒ္ဒနနဂရံ ဂစ္ဆာမိ’ဟု ဆိုမှ မှန်ပါမည်”ဟု ပြင်ဆင်ပေးလိုက်သည်။ ဤမျှအထိ ပါဠိသဒ္ဒါ ကျွမ်းကျင်သည်ဟု ဆိုကြသည်။

စာပေပညာစမ်း၍ အတိမ်အနက်ကို ဆန်းစစ်ကြခြင်း

--------------------------------------------------------

အခါတစ်ပါး၌ အင်းဝပြည်မှာ စာပေသင်ကြားနေသော ရဟန်းတစ်ပါးသည် မိမိကိုယ်ကို စာတတ်ပြီ အထင်ရှိ၍ မိမိမွေးရာ ဇာတိတောရွာသို့ စာပလွေကို ထမ်း၍ ပြန်လာရာ ပုဂံသို့ ရောက်လာသဖြင့် ပုဂံသူတစ်ယောက်က ရှိခိုးဦးချ ၀တ်ပြုပြီး အလ္လာပသလ္လာပ လျှောက်ထားသည်။

“အရှင်ဘုရား… ဘယ်ကလာ၍ ဘယ်သို့ ကြွမည်နည်းဘုရား”

“ငါသည် အင်းဝနေပြည်တော်၌ စာသင်နေရာ ယခုအခါ စာတတ်ပြီ ဖြစ်၍ အင်းဝနေပြည်တော်မှ ပြန်ခဲ့၍ မိမိနေရပ်သို့ သွားမည်”

“အရှင်ဘုရား… စာပလွေထဲမှာ ဘာစာများ ပါလာပါသနည်းဘုရား”

“သဒ္ဒါ,သဂြိုဟ်စသော ကျမ်းငယ်များ ပါလာသည်”

“ထိုသဒ္ဒါ,သဂြိုဟ် ကျမ်းငယ်များမှာ အက္ခရာဘယ်မျှစီ ပါရှိပါသနည်းဘုရား”

ဟု မေးရာ ရဟန်းတော်က ပြန်၍ မဖြေနိုင်သဖြင့် “အက္ခရာ(၄၁)လုံးအပြင် ဘာရှိပါဦးမည်နည်းဘုရား”ဟု ပုဂံသူက ဆိုလေသည်။ စာတတ်ပြီ အထင်ရှိသော ရဟန်းတော်သည် ရတနာပူရအင်းဝနေပြည်တော်သို့သာ ပြန်လှည့်ပြီးလျှင် စာပေသင်ကြား၍ နေရပြန်သည်-ဟု ဆိုကြသည်။


Credit -ဦးဇင်းလေး-
            အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

No comments:

Post a Comment