Thursday, August 11, 2016

တိတ်တခိုးချစ်တာ အပြစ်လား

တိတ်တခိုးချစ်တာ အပြစ်လား

**************************

မေး။ကျွန်တော်သည် အိမ်ထောင်ရှိ အမျိုးသမီး တစ်ဦးကို တိတ်တခိုး ရင်ထဲမှ ချစ်နေမိပါသည်။ သူ့အမျိုးသား နှင့်လည်း အလုပ်အတူတူ လုပ်ရ သဖြင့် ညီအကိုရင်းပမာ ရင်းနှီးပါသည်။

သူတို့အိမ်သွားလည်လျှင် စားသောက်ဖွယ်ရာ များနှင့် ဧည့်ခံကျွေးမွေးသည်ကို ကျွန်တော့် ရင်ထဲမှာ ကြည်နူးပီတိ ဖြစ်နေပါသည်။ ကိုယ်ထိ လက်ရောက်တော့ ပြစ်မှားခြင်း မရှိပါ။ မိမိဘာသာ ချစ်နေမိပါသည်။ ဘယ်လိုအပြစ်မျိုး ဖြစ်နိုင်ပါသလဲ။ မနောကံထိုက်ပါသလား။ ဒု သ န သော အပြစ်ကော ဖြစ်ပါသလားခင်ဗျာ။

ဖြေ။မောင်ရင့်မေးခွန်းမှာ ပါတဲ့အတိုင်း ဖြေရရင် မောင်ရင်ဟာ ချောက်ထဲကျဖို့ လက်နှစ်လုံး လောက် သာ လိုတော့တယ် ဆိုတာမျိုးလို ဖြစ် နေတာပဲ။ ချောက်နှုတ်ခမ်းပေါ် လျှောက်နေတာ ပဲ။ နည်းနည်းလေး အနေအထား ပျက်တာနဲ့ နည်းနည်း လေး ရှေ့တိုးလိုက်တာနဲ့ ချောက်ထဲ ကျတော့မှာပဲ။

ကိုယ်ထိလက်ရောက် မပြစ်မှားသေးသော်လည်း
စိတ်နဲ့တော့ပြစ်မှားနေပြီပဲ။ မေထုန်ဆိုတာ ကာယကံ မြောက်ပြုကျင့်မှ မဟုတ်ဘူး။ စိတ်ထဲ ဖြစ်နေတဲ့ မနောကံမှုမျိုးကိုလည်း မေထုန်မှုလို့ ခေါ်တယ်။

မနောကံ မေထုန်မှု ခုနှစ်မျိုးရှိတယ်။ မေထုန်ငယ် ခုနှစ်ပါး လို့ခေါ်တယ်။ ၎င်းတို့မှာ-

၁။မိန်းမတို့က နှိပ်နင်း,ဆုပ်နယ် ပွတ်တိုက်ပေး တာကို သာယာခြင်း။
၂။မိန်းမတို့နှင့် ပြုံးကာရယ်ကာတို့ကာဆိတ်ကာ နေရသည်ကို သာယာခြင်း။
၃။မိန်းမတို့နှင့် မျက်နှာခြင်းဆိုင်ထိုင်၍ ကြည့်ရှု နေရသည်ကို သာယာခြင်း။
၎။မျက်ကွယ်ရာ အနီးအနားက မိန်းမတို့ ပြောဆိုသံ ရယ်မောသံကို ကြား၍ သာယာစွာ နားထောင်ခြင်း။
၅။ရှေးအခါက မိန်းမတို့နှင့် ပျော်ပျော်ပါးပါး နေထိုင် ပြုကျင့်ခဲ့ဘူးသော အမူအရာများကို ပြန်ပြောင်းတွေးတော သာယာခြင်း။
၆။သူတပါး ဇနီးမောင်နှံတို့ ပျော်မြူးရွှင်လန်းစွာ စံစား နေကြသည်ကို မြင်၍ သာယာခြင်း။
၇။ယခုဘဝ၌ ပြုစုအားထုတ်ရသော သီလကုသိုလ် ကြောင့် လူမင်း နတ်မင်း စသည် ဖြစ်ရမှုကို သာယာခြင်း။

အဲဒီခုနှစ်မျိုးမှာ မောင်ရင်ဟာ ဘယ်နှစ်မျိုးကို ကျူးလွန်မိပြီလဲ ဆိုတာ ကိုယ့်ဟာကိုယ် ဝေဖန်ကြည့်ပါ။

မောင်ရင်ဟာ သည်အခြေအနေက နောက် မဆုတ်ရင် မကြာခင် ချောက်ထဲကျမှာ သေချာ သလောက်ဖြစ်နေပြီး ဒါမျိုးဆိုတာ သောက်လေ သောက်လေ ငတ်မပြေသည့် ဆားငန်ရေကျင်း နွားတသင်း" ဆိုတဲ့အတိုင်း နောက်ဆုတ်ရိုးမရှိ ရှေ့သို့သာတိုးလေ့ရှိတယ်။ ရှေ့တိုးလိုက်တာနဲ့ တပြိုင်ထဲ ချောက်ထဲကျပြီး မေထုန်ကြီးဖြစ်သွား ပြီ။ သစ္စာဖောက်ဖြစ်သွားပြီ။ လောကမှာလည်း မကောင်း သံသရာမှာလည်း မကောင်းပါဘူး။ ဒါကြောင့် ကင်းကင်းရှင်းရှင်းနေတာ ကောင်းပါတယ်။

မနောကံ ထိုက်-မထိုက်ဆိုတာ တိတ်တခိုး ချစ်နေမှု ရင်ထဲမှာ ကြည်နူးနေမှုဟာ ဘယ်အတိုင်း အတာထိ ရှိတယ်ဆိုတဲ့ပုံ မူတည် ပါတယ်။ ချစ်နေရုံ ကြည်နူးနေရုံဆိုရင် မနောကံ မထိုက်သေးပါဘူး။ ငါ့အဖော်မွန်ကလေးဖြစ်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲ ဆိုတဲ့အထိ ကြံစည်မိတဲ့ ကြည်နူးမှုမျိုး ဆိုရင်တော့ အဘိဇ္ဈာ မနောကံ ထိုက်ပြီလို့ ဆိုရပါမယ်။ ကျမ်းဂန်မှာ တိုက်ရိုက်အဆို မတွေ့ရတဲ့အတွက် ထစ်ထစ်ချ ဧကန်တော့ မပြောနိုင်ပါ။

ကံမထိုက်ဘူးဆိုတိုင်း အပြစ်မကြီးဘူးလည်း မထင်နဲ့။ တချို့အမှုမျိုးဟာ ကံမထိုက်ပေမယ့် ကံထိုက်တဲ့ အပြစ်ထက်တောင် အကျိုးပေးတာ ရှိတယ်။ ဒါကြောင့် ကံထိုက်မထိုက်ကို စီစစ်မနေဘဲ ကိုယ့်ရဲ့ချစ်ကြည်နူးမှုဟာ မိဘနဲ့ သားသမီး ညီအစ်ကို မောင်နှမ ဆိုတဲ့ " ဂေဟဿိတပေမ" လူသားတိုင်းမှာ ဖြစ်တဲ့ အချစ်မျိုးဆိုရင် ပြောပလောက်တဲ့ အပြစ်မျိုး မဟုတ်တဲ့အတွက် ဆက်လက်ဝင်ထွက်သွားလာ နေထိုင်ခြင်းဖြင့် အကျိုးယုတ်စရာ မရှိလောက်ပါ။ ဒီထက်ပိုလာမယ်ဆိုရင်တော့ စောစောကပြော သလို ဖိနပ်တန်းမရောက်ခင် ရပ်တန်းက ရပ်လိုက်တာ အကောင်းဆုံး ပဲလို့ ဖြေကြားလိုက် ပါတယ်။

မေး။ညီညီလွင်,ဥသျှစ်ပင်,ပန်းတောင်းမြို့, ပဲခူးတိုင်း။
ဖြေ။ဟံသာသီရိ။

Donated by # ဓမ္မနှစ်သက်သူ #

No comments:

Post a Comment