Thursday, March 31, 2016

မုသားမပြောတတ်တဲ့ နိုင်ငံရေးသမားအဖို့ မိန့်ခွန်းကို အရှည်ကြီး ပြောဖို့ မလိုပါဘူးကွာ

“ #မုသားမပြောတတ်တဲ့ နိုင်ငံရေးသမားအဖို့
မိန့်ခွန်းကို အရှည်ကြီး ပြောဖို့ မလိုပါဘူးကွာ ”
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
မင်းတို့ အမေရိကန် ပထမဆုံး သမ္မတ သိလား၊ ဘယ်သူတဲ့တုန်း?
(လင်ကွန်းပါဘုရား)၊

တောက်တီး တောက်တဲ့နဲ့၊ (၁၆)ယောက်မြောက်မှ လင်ကွန်းပဲ၊ ဒါ ကျောင်းဆရာ တဲ့ ။
ဟိုကောင် ၀ါရှင်တန်ပေါ့ကွ၊ အမေရိကန်မှာ ပထမဆုံး သမ္မတဖြစ်တာ ၀ါရှင်တန်ကွ။

အဲဒီ ၀ါရှင်တန် ငယ်စဉ်က သူတို့ အိမ်နောက်ဖေးမှာ ခြံရှိတယ်ပေါ့ကွာ၊ အဲဒီခြံထဲက သစ်ပင်တွေကို ၀ါရှင်တန်က ကလေးအရွယ်ဖြစ်မှာပေါ့ကွာ၊ ဓားတချောင်းနဲ့ လျှောက်ခုတ်တယ်၊ ပြတ်အောင်လဲ မခုတ်ဘူး၊ ပြတ်ခါနီး ထားခဲ့၊ နောက် တပင်ခုတ် ပြတ်ခါနီး ထားခဲ့၊ အဲဒီလို ကလေးဘာဝ လက်ဆော့တယ်၊ အဲဒါ သူခုတ်ပြီး မကြာခင်ပဲ
သူ့အဖေက ခြံထဲ ရောက်လာတယ်၊ ကလေးကလဲ ၀ါရှင်တန်တယောက်ထဲ ရှိတယ် ခြံထဲမှာ။

ဒီတော့ သူ့အဖေက ခေါ်တယ်၊
“ ဟေ့ ၀ါရှင်တန် လာစမ်း၊ ဒီမှာကွ ကိုင်းတွေ ဓားနဲ့ ခုတ်ထားတယ်၊ ဆော့တာ ကလေးတွေ ငါ့သားကတော့ မဟုတ်ပါဘူး၊ ဒိပြင်အိမ်က ကလေးတွေ နေမှာပါ”။လိမ်ပြောအောင်လို့ စကားလွှဲပေးတာ၊

အဲဒီတော့ ၀ါရှင်တန်ကလဲ ထစ်အထစ်အနဲ့
အဖေအဖေနဲ့ သူကလဲ လိမ်မပြောချင်ဘူးပေါ့လကွာ၊
နောက်ဆုံးကျတော့ ၀ါရှင်တန်က
“ အဖေ ဒိပြင်အိမ်က ကလေးတွေ မဟုတ်ဘူး ကျနော်လုပ်တာ၊ အပြစ်ပေးချင်ရင် ကျနော့်ကို အပြစ်ပေးပါ”
ဝါရှင်တန်က ၀န်ခံလိုက်တယ်၊
အဲဒါ သူ့အဖေက သိပ်သဘောကျတယ်။

အေး “ ငါ့သား မှတ်ထား၊ လူဆိုတာ ရိုးသားရတယ်။ ကိုယ်လုပ်ရင် လုပ်တယ်လို့ ၀န်ခံရတယ်၊ မလိမ်ရဘူး၊ မညာရဘူး”၊ အဲသလို ဆုံးမတဲ့အတွက် ၀ါရှင်တန်က သမ္မတဖြစ်သည်အထိ အင်မတန်ကို ရိုးသားတယ်။

သူ ပထမဆုံး သမ္မတဖြစ်တော့ ထုံးစံပေါ့ကွာ သမ္မတ မိန့်ခွန်းပေးတယ်၊ သူ့မိန့်ခွန်းက တမိနစ်ခွဲလောက်ပဲ ကြာတယ်ပေါ့ကွာ၊ ဘယ်လောက်မှ မကြာဘူး၊
မိန့်ခွန်းတိုတိုလေး၊ ဒီတော့ မိန့်ခွန်းပေးပြီးတော့ သူ့သူငယ်ချင်းတွေက

“ ဟ သမ္မတကြီး မင်း မိန့်ခွန်းက တိုလှချည်လားကွ ”
လို့ ပြောကြတယ်။

ဒီတော့
ဝါရှင်တန်က ဘာပြောလဲ ဆိုတော့
“ မုသားမပြောတတ်တဲ့ နိုင်ငံရေးသမားအဖို့
မိန့်ခွန်းကို အရှည်ကြီး ပြောဖို့ မလိုပါဘူးကွာ ” တဲ့၊

ဟေ့ ဘယ်လောက်ကောင်းတုန်း ?

အေး ““ မုသားမပြောတတ်တဲ့ နိုင်ငံရေးသမားအဖို့
မိန့်ခွန်းကို အရှည်ကြီး ပြောဖို့ မလိုပါဘူးကွာ ” တဲ့၊၀ါရှင်တန်က အဲသလိုပြောသတဲ့ကွ၊

ဝါရှင်တန်ဟာ သူ့ရဲ့ မိဘရဲ့ အဆုံးအမကို ငယ်စဉ်ကတည်းက ရရှိတဲ့အတွက်
သမ္မတဖြစ်သည်အထိ ရိုးသားတယ်၊

အေး ဒို့ ဆီက အဲသလို မရိုးသားကြဘူး၊
တိုင်းပြည်ကို အုပ်ချုပ်တဲ့ပိုဂ္ဂိုလ်တွေ မရိုးသားတဲ့အတွက်
ဗမာပြည် မတိုးတက်ဘူးကွ၊ ဟုတ်လား၊

ရိုးသားရင် တိုးတက်မယ်၊
မင်းတို့ ဗမာပြည် အလားအလာ သိပ်ကောင်းတယ်၊ အဲဒါ မှတ်ထား။

ဂုဏပူဇာမော်ကွန်း
-----------------
ကျေးဇူးတော်ရှင်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
မစိုးရိမ်တိုက်သစ် မဟာအောင်မြေမြို့နယ် မန္တလေး တိုင်း

No comments:

Post a Comment