Friday, March 18, 2016

ရှင်ပြုပွဲဟာ ဘုရားရှင်ရဲ့ပညတ်တော်နှင့် ညီမညီ သိလိုပါတယ်ဘုရား။

သာမဏေဘုံရောက်အောင် ဘုရားရှင်လက်ထက်တော်က ဘယ်လို ချီးမြှောက်ကြပါသလဲ။ ယခုခေတ်ပြုကြတဲ့ ရှင်ပြုပွဲဟာ ဘုရားရှင်ရဲ့ပညတ်တော်နှင့် ညီမညီ သိလိုပါတယ်ဘုရား။
   မေးခွန်းရှင်   ကိုကျော်သောင်းမကြင်မြိုင်၊ အမှတ်၎ သင်္ဂီရပ်ကွက်၊ ကသာမြို့။

     လောကမှာ ပညတ်တရား၊ ပရမတ်တရားရယ်လို့ တရားနှစ်မျိုးရှိသလို ပကာသနတရားနှင့် သဘာဝတရား ရယ်လို့လည်း တရားနှစ်မျိုးရှိတယ်။ အဲဒါကို သစ်ပင်နှင့် ဥပမာပေးရလျှင် သစ်ပင်ရဲ့အပြင်အပ အကာက ပကာသနဖြစ်ပြီး အတွင်းအနှစ်က သဘာဝဖြစ်ပါတယ်။ ပကာသနနှင့် သဘာဝနှစ်မျိုးအနက် ပကာသနဟာ အစစ်မဟုတ်ဘူး၊ သဘာဝကသာ အစစ်ဖြစ်တယ်။ သို့သော်လည်း မျက်စိအမြင်မှာ ပကာသနက လှပပြီး သဘာဝက မြှုပ်ကွယ်နေတယ်။ ဒါကြောင့် လူတွေက ပကာသနကိုသာ အထင်ကြီးတတ်တယ်။ ဥပမာ စေတီတစ်ဆူ ဆိုပါစို့၊ "ရွှေမရှိတဲ့ဘုရား အများမရိုသေ"တဲ့ ဆိုတတ်ကြတယ်။ ရွှေဆိုတာ ပကာသနပဲ၊ သဘာဝက စေတီအတွင်း ထည့်သွင်းမြှုပ်နှံ ဌာပနာထားတဲ့ဓာတ်တော်၊ ဓာတ်တော်ကို မမြင်ပဲ မြုပ်ကွယ်နေတတ်တယ်။ အဲဒီဥပမာ အတိုင်း ရှင်ပြုပွဲရဲ့အနှစ်သာရက ရှင်သာမဏေအဖြစ် အောင်မြင်ခြင်း မဟုတ်လား။
     သို့သော်လည်း ရှင်ပြုတယ်ဆိုလျှင် အဲဒီအနှစ်သာရကို မွန်းမံတဲ့ ရှင်လောင်းလှည့်တို့ ဧည့်ခံပွဲတို့ ကျွေးပွဲမွေးပွဲဆိုတဲ့ ပကာသနက ဖုံးလွမ်းနေလို့ အစစ်အမှန် ရှင်ပြုမှုဟာ ပျောက်ကွယ်နေတယ်။ ဘယ်အထိ ပျောက်ကွယ်နေသလဲ ဆိုလျှင် အချို့သာမဏေအတွက် သင်္ကန်း၊ သပိတ်၊ သင်ဓုန်း စတဲ့ ပရိက္ခရာတွေဟာ အတုသော်လည်းကောင်း၊ သုံးမဖြစ်တာတွေနှင့်သော်လည်းကောင်း ဖြစ်နေတတ်ပြီး ပကာသနအတွက်တော့ ရွှေမဏ္ဍကြီးတွေ၊ အငြိမ့်ဇာတ်ပွဲ ကြီးတွေနှင့် ခြိမ့်ခြိမ့်သဲ မွမ်းမံနေတတ်ကြတယ်။ ပြီးတော့ ကျွေးခန်း၊မွေးခန်း၊ ပျော်ရွှင်ခန်းတွေမှာ ကျွက်ကျွက်ဆူအောင် စည်ကားနေသလောက် အမှန်တကယ် ရှင်ပြုတဲ့အချိန်၊ ရေစက်ချတဲ့အချိန်မှာတော့ အလှူရှင်လောက်သာ အနိုင်နိုင် ကျန်ရစ်တာကို တွေ့ကြရတယ်။ ဒီတော့ မသိတဲ့သူတွေက ဪရှင်ပြုတယ်ဆိုတာ ဒီလို စားကြသောက်ကြပျော်ရွှင်ကြ တာကိုးလို့ အထင်မှားသွားတတ်တယ်။
     ယခုပြဿ      နာဟာ အဲဒီလို အရိုးပေါ် အရွက်ဖုံးတာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ပြဿ      နာလို့ယူဆတယ်။ အမှန်တကယ်က ရှင်ပြုတယ်ဆိုတာဟာ အဲဒီအသိုင်းအဝိုင်း ပကာသနတွေနှင့် မဆိုင်ပါဘူး။ အင်္ဂါ ၃ချက်နှင့် ညီညွတ်ခဲ့ လျှင် ရှင်သာမဏေ ဖြစ်တာပါပဲ။
     အင်္ဂါ၃ချက်မပြောမီ ရှင်သာမဏေသမိုင်းကို ပြောရလျှင် ကောင်းလိမ့်မယ်ထင်တယ်။ဝိနယ မဟာဝဂ်ပါဋ္ဌိတော်အစ မှာ မဟာခန္ဓကလို့ အခန်းကြီးတစ်ခန်းပါတယ်။ အဲဒီမဟာ ခန္ဓက အခန်းကြီးဟာ ရှင်၊ရဟန်းဖြစ်ပေါ်လာပုံ သမိုင်း အခန်းကြီးပဲ။ အဲဒီအခန်ကြီးကို အတိုချုပ်ပြောပြမယ်။
     မဟာသက္ကရာဇ် ၁၀၃ခုနှစ်ဖြစ်တဲ့  အဲဒီပထမဝါဆိုကို ဘုရားရှင်ဟာ မိဂဒါဝုန်တောမှာ ဝါဆိုတော်မူတယ်။ ဝါဆို တော်မူပြီး ဝါတွင်း၃လအတွင်းမှာ ပဉ္စဝဂ္ဂီ၅ပါး၊ ယသသူဌေး သား၊ ယသရဲ့မိတ်ဆွေ၎ဦး၊ ယသရဲ့သူငယ်ချင်းငါးကျိပ် အားဖြင့် ရဟန်ပေါင်း၆၀ဖြစ်ပွားလာနယ်။ ဝါကျွတ်တော့ ဘုရားရှင်က ရဟန်းခြောက်ကျိပ်တို့ကို ခေါ်တော်မူပြီး "ရဟန်း တို့ ငါသည် ကိလေသာကျော့ကွင်းက လွတ်ပြီ၊ သင်တို့လည်း လွတ်ကြပြီ၊ များစွာသောလူတို့ ချမ်းသာ တိုးပွား အကျိုးများ အောင် ခရီးတစ်ကြောင်းတည်း နှစ်ပါး မသွားမူ၍ ခရီးလှည့် ကြ၊ တရားမသိသေးသူတို့အား တရား သိလွယ်ရန် ဟော ပြောကြ" လို့ မိန့်တော်မူပြီး ရသေ့ညီနောင် ရှင်တစ်ထောင် တို့ကို တရားဟောရန်အတွက် ဥလုဝေလတောကိုကြွတော် မူတယ်။
     ရဟန်းတို့ဟာ ဘုရားရှင်ရဲ့ အမိန့်အတိုင်း ခရီးထွက်၊ တရားဟောကြတော့ သာသနာတော်အတွင်း ရှင်အဖြစ်၊ ရဟန်းအဖြစ် ဝင်ရောက်လိုသူတွေ ပေါ်လာတယ်။ အဲဒီရှင်လောင်း ရဟန်းလောင်းတွေကို ကိုယ်တိုင် ရှင်ပြု၊ ရဟန်းပြုပေးဖို့ ခွင့်ပြုချက်မရှိလို့ ဘုရားရှင်ရှိရာ ခေါ်လာကြ ရတယ်။ အဲဒီလိုခေါ်လာကြတဲ့အတွက် ရှင်လောင်း၊ ရဟန်း လောင်းများရော၊ ရဟန်းများရော အလွန်ပင်ပန်းကြတယ်။
     ဒါကြောင့်ဘုရားရှင်က ရဟန်းတော်များကို ခေါ်တော်မူ ပြီး "ရဟန်းတို့ သင်တို့ကိုယ်တိုင် ရှင်လောင်း၊ ရဟန်း လောင်းများကို ရှင်၊ ရဟန်းပြုပေးကြ" လို့ ခွင့်ပြုတော်မူပြီး ရဟန်းတို့ " ဤသို့ ရှင်၊ ရဟန်းပြုပေးကြရမည်။
   (၁) ရှေးဦးစွာ ဆံ၊ မုတ်ဆိတ်ကို ပယ်စေရမယ်။
    (၂) ဖန်ရည်ဆိုးသော သင်္ကန်းကိုဝတ်စေ၍ ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်စေရမည်။
     (၃) သရဏဂုံကို ပီသစွာ ရွတ်ဆိုစေရမည်။
ဤအင်္ဂါ ၃ချက်ဖြင့် ရှင်၊ ရဟန်းအဖြစ် ခွင့်ပြုတော်မူတယ်" လို့ မိန့်တော်မူတယ်။
     ဓမ္မပဒ ပဏ္ဍိတဝဂ်မှာ ရာဓဝတ္ထုရှိတယ်။ အဲဒီရာဓဆိုတာ က သာဝတ္ထိမြို့က ဆင်းရဲတဲ့ပုဏ္ဏားအိုကြီးပဲ။ ပုဏ္ဏားကြီးဟာ ရှင်ရဟန်းဖြစ်ချင်လွန်းလို့ မစားနိုင် မသောက်နိုင် ပိန်ကြုံပြီး နေရှာတယ်။ ဒီအကြောင်း ဘုရားသခင်က သိတော်မူတဲ့ အတွက် ရဟန်းအများထဲက ဒီပုဏ္ဏားအိုကြီးရဲ့ ကျေးဇူး တရားအမှတ်ရသူ ရှိလားလို့ မေးတော်မူတော့ ရှင်သာရိပုတ္တရာက "ဒီပုဏ္ဏားအိုဟာ တပည့်တော်ကို ဆွမ်းတယောက်မ လှူဒါန်းဖူးပါတယ်"လို့ လျှောက်ထား တယ်။ ဘုရားရှင်က " ကျေးဇူးတုံ့ပြန်အပ်သည်ကို သိသော အားဖြင့် ဒီပုဏ္ဏားကြီးကို ရှင်သာမဏေပြုပေးလိုက် ရဟန်း လဲခံပေးလိုက်"လို့ မိန့်တော်မူတယ်။ ရဟန်းများကို ခေါ် တော်မူပြီး
"ရဟန်းတို့ သရဏဂုံ၃ပါးဖြင့် ငါခွင့်ပြုခဲ့တဲ့ပဉ္စင်းခံခြင်းကို ယနေ့မှစပြီး ဖျက်သိမ်းလိုက်ပြီ။ ဉတ်လျှင်လေးချက်မြောက် ဥပသမ္ပဒကမ္မဝါစာဖြင့် ပဉ္စင်းခံရန် ခွင့်ပြုတယ်"လို့ မိန့်တော်မူတဲ့အတွက် သိမ်အတွင်း ဥပသမ္ပဒကမ္မဝါစာဖြင့် ရဟန်းခံခြင်းဖြစ်ပေါ်လာပါတယ်။ ရှင်သာမဏေကတော့ မူလက ခွင့်ပြုချက်အတိုင်း
(၁) ဆံ မုတ်ဆိတ်ကိုပယ်ခြင်း၊ (၂) လူဝတ်ကိုပယ်၍ သင်္ကန်းဝတ်ခြင်း၊ (၃) သရဏဂုံကို ပီသစွာရွတ်ဆိုခြင်း  ဒီအင်္ဂါသုံးချက်နှင့် ညီညွတ်လျှင် ဘုရားရှင်ရဲ့ပညတ်တော်နှင့် ညီညွတ်တဲ့ ရှင်သာမဏေ ပြုခြင်းဖြစ်တယ်လို့ မှတ်သင့်တယ်။

   ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ (၄)
   တည်တောဆရာတော်

No comments:

Post a Comment