Friday, March 18, 2016

ဘုရားထုလုပ်ပုံ စနစ်တော်ကျမ်း


မင်းကွန်း တိပိဋကဓရ ဓမ္မနာဒ ဆရာတော်ဘုရားကြီး ညွှန်ပြသော တောင်ဖီလာ ဆရာတော်ဘုရားကြီး၏ ဘုရားထုလုပ်ပုံ စနစ်တော်ကျမ်း
------------//--------//--------

တော်ဖီလာဆရာတော်မှာ စစ်ကိုင်းကောင်းမှုတော်ကြီး ဘုရားဒါယကာ သာလွန်မင်းတရားလက်ထက် အထူးထင်ရှားသော ဆရာတော်တပါး ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ မြုပ်ကွယ်နေသော ရွှေစက်တော်နှစ်ဆူ (မြတ်စွာဘုရား၏ ခြေတော်ရာနှစ်ဆူ) ကို ပြန်လည်ရှာဖွေ ဖော်ထုတ်ခဲ့သော ကျေူးးရှင် ဆရာတော်ကြီးလည်း
ဖြစ်ပါတယ်။ မာတုဂါမနှင့် သံသယ အရှိခံရစဉ်တွင် မိမိသီလကို သစ္စာသက်သေ တည်သောအားဖြင့် ဓားမကို ရေတွင်ပစ်ချလေရာ ဓာမလည်း ငါးတကောင်ကဲ့သို့ ရေတွင် ကူးပြလေရာ ဓားမကူး ဆရာတော်အဖြစ်လည်း ကျော်ကြားတော်မူပါတယ်။

တောင်ဖီလာဆရာတော်ဘုရားကြီးရဲ့ ဘုရားထုလုပ်သော စနစ်တော်ကျမ်းဟာ ပေမူမှ လက်နှိပ်စက်မူ ဖြစ်လာအောင် ကျေးဇူးရှင် မင်းကွန်းတိပိဋကဓရ ဓမ္မနာဒ ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် တည်းဖြတ်သုတ်သင် တော်မူခဲ့ပါတယ်။ အဲဒီစာမူကို ရွှေဥမင်ဆရာတော်ဘုရားကြီးရဲ့ ဌာပနာပုံကျမ်းနဲ့ တွဲဖက်ပြီး ၁၉၉၄-ခု ဇူလိုင်လမှာ ပုံနှိပ်ကာ တိ-နိ ဥပဋ္ဌာက သာသနာပြုအဖွဲ့၊ မိုးမိတ်ကုန်းမြေ စစ်ကိုင်းတိုင်းက ထုတ်ဝေခဲ့ပါတယ်။

ဘုရားရုပ်တု ဆင်းတု လုပ်နည်း စားနည်း ထုနည်းကား---
ပဉ္စဒိသာ ပဉ္စဟတ္ထာ၊
ဒွါဝိသဉ္စေဝ ဝိဒတ္ထိ၊
တြိယော ဒသမုဋ္ဌိဉ္စ၊
အင်္ဂုလံ အဋ္ဌဝီသာနိ၊
ပဉ္စဒသ မုယောဓညံ၊
အဋ္ဌာရသ သတဋ္ဌာနံ၊
ဗုဒ္ဓရူပံ စနတ္တဉ္စ၊
ပဏ္ဍိတေဟိ ဝိဓာ မတံ။
ပဉ္စဒိသာ-အရှည်ငါးပါး၎င်း၊ ပဉ္စဟတ္ထာ-အတောင်ငါးပါး၎င်း၊ ဒွါဝိသဉ္စေဝ ဝိဒတ္ထိ-ထွာတော်အပြား
နှစ်ဆစ့်နှစ်ပါး၎င်း၊ တြိယောဒသမုဋ္ဌိဉ္စ-မိုက်ပေါင်းအပြား တဆယ့်သုံးပါး၎င်း၊ အင်္ဂုလံ-လက်သစ်တော်သည်၊ အဋ္ဌဝီသာနိစ-နှစ်ဆယ့်ရှစ်ပါး၎င်း၊ ပဉ္စဒသမုယောဓညံ-မုယောအစု တဆယ့်ငါးပါးတို့၎င်း၊ (ဣတိ-ဤသို့) ဗုဒ္ဓရူပံ-ဘုရားဆင်းတုတော်ကို၊ ဝိဓာ-ထုလုပ်စီရင် ကျင်လည်စိမ့်သောငှါ၊ အဋ္ဌာရသ သတဋ္ဌာနံ-တရာ့တဆယ့်ရှစ်ဖြာ အရာရှိသော၊ စနတ္တဉ္စ-စနစ်တော်ကိုလည်း၊ ပဏ္ဍိတေဟိ-ပညာအမြော်အမြင် ဆင်ခြင်ထောက်ထား ဘုရားထုလုပ်ကုန်သောသူတို့သည်၊ မတံ-သိမှတ်အပ်၏။

ထွာတော်လက်သစ်မုယော---
ထက်ဝယ်တော်ကို လိုတိုင်းတည်၍ ထက်ဝယ်တော်ကို သုံးစု,စု၊ တစုသည် ထွာတော်ဖြစ်၏။
ထွာတော် သုံးစု,စု၊ တစုသည် လေးသစ်၊(လက်သစ်) ဖြစ်၏။
လက်တသစ်ကို လေးစု,စု၊ တစုသည် မုယောဖြစ်၏။
ဤသို့ ထက်ဝယ်တော်ကို လိုတိုင်းတည်ပြီးလျှင် တောင်တာမိုက်လက်သစ်မုယောဖွဲ့ပြီးလျှင် ဆင်းတုတော်ကို တိုင်းထွာ၍ ထုလုပ်ရာသည်။ သို့မှ သနစ်တော်နှင့်သင့်၍ သပ္ပာယ်တင့်တယ် လျှောက်ပတ်ရှိမည်။

အတိုင်းအထွာ အရေအတွက် အရှည်ငါးပါး---
ထက်ဝယ်တော်တပြန်ယူ၍ ထက်ဝယ်တော်နှင့် တိုင်းသည်ကား
ပလ္လင်ကသည် နှာသီးဖျားတွင်ယူ၊
ခေါင်းတော်လုံးပတ်လည်း တပြန်ယူ၊
ခါးတော်လုံးပတ်လည်း တပြန်ယူ၊
အောက်တင်ဆုံကသည် အထက် ဆံရင်းထိလည်း တပြန်ယူ၊
ဤသည်ကား ပဉ္စဒိသာ အရှည်ငါးပါးတည်း။

အတောင်ငါးပါးဟူသည်ကား---
ရင်ဝတော် တတောင်၊
ပုဆစ်ဝ ဒူးဝန်းကသည် နောက်တင်ဆုံတွင်၍ တဖက် တတောင်ယူ၊
ဒူးဖျားကသည် ဖနောင့်တွင်၍ တဖက် တတောင်ယူ၊
ဤသည်ကား ပဉ္စဟတ္ထ-အတောင်ငါးပါးတည်း။

ထွာတော်အပြား ၂၂-ပါး---
ပလ္လင်ကသည် ချက်တွင်၍ တထွာ၊(ပလ္လင်မှ ချက်တော်သို့ တထွာ)။
ချက်ကသည် နို့တွင်၍ တထွာ၊
နို့ကသည် နှာသီးဖျားတွင်၍ တထွာ၊
နှာသီးဖျားကသည် ခေါင်းတော်အဆုံးတွင်၍ တထွာ၊
ခေါင်းတော်ဦးကင်းမှစ၍တွင် အကန့်တထွာ၊
မျက်နှာတော်တွင်  အလျားတထွာ၊
သားမြတ်တော်နှစ်ခုအကြား တထွာ၊
နို့သီးကသည် ပခုံးဖျားတွင်၍ တဖက်တထွာ၊
လက်ကတီးကသည် တတောင်ကွေ့တွင်၍ တဖက်တထွာ၊
တံတောင်ကွေ့ကသည် လက်ကောက်ဝတ်တွင်၍ တဖက်တထွာ၊
လက်ကောက်ဝတ်ကသည် လက်ဖျားတွင်၍ တဖက်တထွာ၊
သိဇိစောင်း(ငါးစိစောင်း) တဖက်တထွာ၊
ဝမ်းတော်အစုထု တထွာ၊
အကန့်တထွာ၊
ဖဝါးတော် နှစ်ဖက်အလယ် တဖက်တထွာ၊
နောက်တင်ဆုံလယ် အကန့် တဖက်တထွာ၊
ဤသည်ကား ဒွါဝိသဉ္စေဝဝိဒတ္ထိ-ထွာတော်အပြား ၂၂-ပါး ဖြစ်သတည်း။

မိုက်အပေါင်းစု ၁၃-ခု---
နားတော်အလျား တဖက် တမိုက်၊
နှာခေါင်းတော်သည် နားရင်းတွင်၍ တဖက်တမိုက်၊
လည်တော် အချင်း တမိုက်၊
ပခုံးတဖက်တမိုက်၊
ရင်ကြားကသည် လက်ဆံဖျားတွင်၍ တဖက်တမိုက်၊
လက်ဆက်ကသည် နို့သီးတွင်၍ တဖက်တမိုက်၊
ပေါင်တော်အထု တဖက်တမိုက်၊
ဤသည်ကား တြိယောဒသမုဋ္ဌိဉ္စ-မိုက်ပေါင်းအပြား ၁၃-ပါး ဖြစ်သတည်း။

လက်သစ်တော်အစု ၂၈-ပါး---
မေးဖျားတော်ကသည် နှာသီးတွင်၍ လေးသစ်၊
နှာသီးဖျားကသည် မျက်မှောင်ကြားတွင်၍ လေးသစ်၊
မျက်မှောင်ကြားကသည် သင်းကျစ်တွင်၍ နှစ်သစ်ခွဲ၊
သင်းကျစ်တော် တသစ်ခွဲ၊
ဆံကျင်တော်ကသည် ဦးခေါင်းတော် အဆုံးတွင်၍ နှစ်သစ်ခွဲ၊
မဏိတော်တရစ် နှစ်သစ်၊
မှန်ကင်းတော်အထွတ် လေးသစ်၊
မျက်နက်တော်အလျား တဖက်တသစ်၊
နှာရောင်တော်ကသည် မျက်ခွက်တော် လေးသစ်၊
မျက်ခွက်တော်ကသည် နှာရင်းတော် လေးသစ်၊
မျက်စိတော် အလျားလေးသစ်၊
အထက်မျက်ခမ်းတော်ကသည် မျက်မှောင်တော်တွင်၍ တဖက်သုံးသစ်၊
ခံတွင်းတော် အလျားလေးသစ်၊
နှာခေါင်းတော်အပွ နှစ်သစ်ခွဲ၊
နားခွက်တော် အလျား တဖက်ငါးသစ်၊
နားသားတော် အလျား တဖက် သုံးသစ်၊
နားခွက်တော်ဗြက် တဖက် သုံးသစ်၊
နားသားတော်ဗြက် တဖက် နှစ်သစ်၊
နားခွက်တော် နောက်အစောင်းတဖက် နှစ်သစ်၊
လက်မောင်းတော်လုံးပတ်လည် တဆယ့်ခြောက်သစ်၊
လက်ဖဝါးတော်ထု နှစ်ဖက် ခြောက်သစ်၊
အလျားလည်း တဖက် ခြောက်သစ်၊
ဖနောင့်တော် တဖက် ငါးသစ်၊
ဖမိုးတော် အလျား တဖက် ခြောက်သစ်၊
ခြေသန်းတော် အလျား တဖက် နှစ်သစ်ခွဲ၊
ဤသည်ကား အင်္ဂုလိအဋ္ဌဝီသဉ္စ-လက်သစ်တော်အစု နှစ်ဆယ့်ရှစ်ပါး ဖြစ်သတည်း။

မုယောအပြား ၁၅-ပါး---
မျက်မှောင်တော် အပျက် တဖက် နှစ်မုယော၊ လဆန်းငါးရက်ကဲ့သို့ ရှိစေ။
မျက်စိတော်အတွင်း တဖက် သုံးမုယော၊
မျက်နက်တော်အလျား တဖက် နှစ်မုယော၊
မျက်နက်တော် အချင်း တဖက် သုံးမုယော၊
နှာသီးတော်အပွ တဖက် နှစ်မုယော၊
နှုတ်ခမ်းတော် လေးသစ်အဆုံးတွင် ပြုံးတော်မူဟန် တဖက် တမုယော၊
အောက်အထက် နှုတ်ခမ်းတော် အစောက်တဖက် တမုယောစီ လမြင်သကဲ့သို့ ရှိစေ။
ဤသည်ကား ပဉ္စဒသမုယောဓညံ-မုယောအပြား ၁၅-ပါး ဖြစ်သတည်း။

အဖြိုး ၇-ပါး---
ဖမိုး နှစ်ဖက်၊ ပခုံးတော် နှစ်ဖက်၊ လည်ကုပ်တော်၊ မျင်စိတော်နှစ်ဖက် ပေါင်းသော် အဖြိုး ၇-ပါး ဖြစ်သည်။

ဖြိုးသောလက္ခဏာ ၂၃-ပါး---
၁။ မေးတော်သည် ခြင်္သေ့မင်းမေးကဲ့သို့ တည့်တည့်ဝန်းဝန်း မချွန်သော မေးတော်ရှိစေရမည်။
၂။ ပါးစောင်တော် နှစ်ဖက်လည်း မေးတော်ကသည် အရင်းတိုင်အောင် လဆတ်း ၁၂-ရက် လဝန်းကဲ့သို့ တည့်တည့်ဖြိုးဖြိုး ရှိစေရမည်။
၃။ နဖူးတော်အပြင်ကသည် စမြုံ့တော်တိုင်အောင် နှစ်ဖြိုးသောလက္ခဏာ ရှိစေရမည်။
၎။ ပါးတော်နှစ်ဖက်လည်း ပြည့်ဖြိုးသော လက္ခဏာ ရှိစေရမည်။
၅။ မေးတော်ကသည် ပါးစောင်နှစ်ဖက်၊ စမြုံ့တော်နှစ်ဖက်၊ နဖူးတော်တိုင်အောင် လပြည့်ဝန်းကဲ့သို့ ဝန်းဝန်းဖြိုးဖြိုး ရှိစေရမည်။
၆။ လက်တော်ကလည်း မုရိုးစည် ရွှေကြည်သဏ္ဍာန် လုံးလုံးဖြိုးဖြိုး ရှိစေရမည်။
၇။ လည်တော် အကန့်တစုကို သုံးစုစု၍ အလျားအရေး သုံးတန့်ပြည့်ဖြိုးသော လက္ခဏာ ရှိစေရမည်။
၈။ လက်တော်ကသည် ရင်ရပ်တိုင်အောင် သီဟဥရ-ခြင်္သေ့မင်း၏ ရင်ဖုံးကဲ့သို့ ဖြိုးဖြိုးရှိစေရမည်။
၉။ ရင်ဖုံးကသည် ရင်မြင်သော်လည်း ဥသဘမုခ နွားလားဥသဘ မျက်နှာကဲ့သို့ ဖြိုးဖြိုး ရှိစေရမည်။
၁၀။ ကျောပြင်တော်လည်း
၁၁။ နို့သီးတော်လည်း နွားလားဥသဘ မျက်လုံးကဲ့သို့ လုံးလုံးဖြိုးဖြိုး ရှိစေရမည်။
၁၂။ ဝမ်းတော်လည်း နွားလားဥသဘ နှာခေါင်းကဲ့သို့ လုံးလုံးဖြိုးဖြိုး ရှိစေရမည်။
၁၃။ ခါးဆစ်နှစ်ဖက်လည်း နွားလားဥသဘ နှာရောင်ကဲ့သို့ လျောလျော ရှိစေရမည်။
၁၄။ ပေါင်တော်နှစ်ဖက်လည်း ဖြောင့်စင်းမရှိစေနှင့်၊ ဖြိုးဖြိုးရှိစေရမည်။
၁၅။ လက်မောင်းတော် နှစ်ဖက်လည်း လက်ကောက်ဝတ်တိုင်အောင် ဆဒ္ဒန်ဆင်မင်း၏ နှာမောင်းကဲ့သို့ လုံးလုံးဖြိုးဖြိုး ရှိစေရမည်။
၁၆။ လက်ဖမိုးတော်နှစ်ဖက်လည်း ဖြိုးဖြိုးရှိစေရမည်။
၁၇။ လက်ဖဝါးတော်နှစ်ဖက်လည်း ပြည့်ပြည့်ကြံ့ကြံ့ ဖြိုးဖြိုးရှိစေရမည်။
၁၈။ လက်ချောင်းတော် ဆယ်ခုလည်း ညီညီလုံးလုံး ရှိစေရမည်။
၁၉။ ခြေချောင်းဆယ်ခုလည်း ညီညီလုံးလုံး ရှိစေရမည်။
၂၀။ နှာခေါင်းတော်လည်း ရွှေချွန်းတောင်ကဲ့သို့ ဖြိုးဖြိုး ရှိစေရမည်။
၂၁။ မြင်းခေါင်းတော် နှစ်ဖက်လည်း ဧဏီမည်သော သလုံအလွန်လှသော တောင်ဆိတ်နက်၏ မြင်းခေါင်းကဲ့သို့ လုံးလုံးဖြိုးဖြိုး ရှိစေရမည်။
၂၂။ ရွှေသလုံးတော် နှစ်ဖက်လည်း စပါးဖုံးကဲ့သို့ ဖြိုးဖြိုးရှိစေရမည်။
၂၃။ ပခုံးတော်နှစ်ဖက်လည်း ရွှေလိပ်ခုံးကဲ့သို့ ဖြိုးဖြိုး ရှိစေရမည်။
ဤသည်လျှင် ဖြိုးသောလက္ခဏာ ၂၃-ပါးတည်း။

ဤသို့သော စနစ်တော်ပါဌ်အနက် အဓိပ္ပါယ်အထွက် ရှိသည်နှင့် လျော်ညီစွာ တိုင်းထွာ၍ ထုလုပ်ရမည်။ သို့မှလည်း ကိုယ်တော်၏ ရုပ်တုသဏ္ဍာန်တော် ပီသ၍ ညီညွတ်တင့်တယ် သပ္ပယ် လျောက်ပတ် ကိုးကွယ်ကျိုးနပ်ကြမည်။ တောင်ဖီလာဆရာတော်သည် ကျမ်းဂန်မှ ထုတ်၍ စီရင်ထားသည်။

တောင်ဖီလာ ဆရာတော်ကြီးရဲ့ ဘုရားထုလုပ်သော စနစ်တော်ကျမ်းကို မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးက သုတ်သင်တည်းဖြတ် အတည်ပြုပေးထားခဲ့ပါသည်။ တပည့်များက ပုံနှိပ်မူဖြစ်အောင် လုပ်ဆောင်တဲ့အခါ ဆရာဒဂုန်ဦးထွန်းမြင့်ရဲ့ သတ္ထုရူပက ဝိလာသနီကျမ်းနဲ့ ညှိနှိုင်းတိုက်ဆိုင်ပေးထားပါသည်။ ဒဂုန်ဦးထွန်းမြင့်က ပုဂံမြို့ ဗူးဘုရား အရှေ့မျက်နှာ၌ နေထိုင်သော ပန်းပုဆရာကြီး စိတ္တနဝဘွဲ့ခံ ဦးရှမ်းဖြူ စီရင်သောကျမ်းကို ဆက်လက်ဖော်ပြ ညွှန်းဆိုထားသည်လို့ ဆိုပါသည်။ ဦးရှမ်းဖြူရဲ့ ကျမ်းဟာ ဆင်းတုတော် ရုပ်ပွားတော်များကို လက်သမားတို့ ထုလုပ်ရာ စည်းစနစ်ကို ပြသောကျမ်း ဖြစ်သည်၊ စာမျက်နှာ ရှစ်မျက်နှာသာ ပါရှိသော်လည်း သတ္ထုရူပက ကျမ်းရဲ့ အစဟု ယူဆလျှင် ယူဆနိုင်ကြောင်း မှတ်ချက်ပေးထားပါသည်။

မောင်သွေးချွန်
ညွှန်း-၁၉၉၄-ခု ဇူလိုင်လထုတ် မင်းကန်းတိပိဋကဓရ ဓမ္မနာဒဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ တည်းဖြတ်သော ဌာပနာပုံကျမ်း။

(သူရဇ္ဇ ၂၀၀၃-ခု စက်တင်ဘာလ)

credit: http://www.mawluu.com/2011/07/blog-post_20.html?m=1

No comments:

Post a Comment