Monday, March 28, 2016

သို့/ သားမောင်ဦးဇင်း

သို့/

သားမောင်ဦးဇင်း

သမုဒယက မိမိကိုယ်တိုင်မွေးမြူခဲ့တာမို့ သားဆိုတဲ့ကြိုး
တစ်ချောင်းအတွက် စိုးရိမ်စိတ်က ဖျောက်မရသေးပါဘူး သား။
မှတ်မိပါသေး/သတိရပါသေး သားရေ။
သားလေးကို ရှင်ပြုပေးတုန်းကပေါ့။
ရွာဦးကျောင်းကျန်နေခဲ့တဲ့ သားကိုရင်လေး
ညစာများ ဆာနေလေမလား၊အိမ်ပြန်ချင်လို့ ငိုနေလေမလား၊
စောင်တွေကောလွတ်နေလေမလား၊အိပ်ယာပြောင်းမို့ သေး
ပေါက်ချလေမလား အမေတွေးပူမိခဲ့ပါတယ်။
အမေသားလေး တစ်ဝါရတော့ "မပျော်တော့ဘူး အမေရေ သား
ကိုရင်ထွက်တော့မယ်"လို့ပြောလေမလား စိုးရိမ်မိပြန်ပါတယ်။
အမေ့သားလေး မြို့စာသင်တိုက်စာသင်သွားတော့လေ
မြို့ဆိုတာ မနက်အစောကြီးထဆွမ်းလောင်းဓမ္မာရုံကြွရသတဲ့
ကလေးဆိုတော့ကွယ်
အစောကြီးထ အိပ်ရေးမ၀လို့ သပိတ်ကလေးပိုက်လမ်းလျှောက်
ရင်းအိပ်ငိုက်နေလေမလား၊နေဆွမ်းရပ်သွားရင်း ရွယ်တူကလေး
တွေလမ်းဘေးဆော့တာငေးမိလို့ခလုတ်တိုက်ပြီး သပိတ်လွတ်
ကျလေမလား၊ည၀ါက၁၀နာရီအထိဆိုတော့စာဝါလိုက်ရင်း
အိပ်ပျော်နေလေမလား အမေစိတ်ပူမိခဲ့ပါတယ်ကွယ်။
မိုးများသည်းတဲ့နေ့ဆို အမေ့သားဆွမ်းခံကြွရင်း သင်္ကန်း
တွေစိုရွှဲနေလောက်ပြီ။ကျောင်းရောက်ရင်နွေးနွေးထွေးထွေး
နေပါ့မလား၊
နွေရာသီ နေအရမ်းပူချိန်မှာ ဖိနပ်မပါဘဲ ဆွမ်းခံကြွရရှာတာ
ဆွမ်းဖိတ်ထားတဲ့အိမ်တွေက အဝေးကြီးများလား၊
နှင်းကျတဲ့ဆောင်းရောက်ပြန်တော့ နှင်းတောထဲ အရုဏ်ဆွမ်း
ခံကြွရင်နှာစေးချောင်းဆိုးများဖြစ်လေမလား
အမေတွေးပူပန်ခဲ့ပါတယ် သားရယ်။
အလတ်တန်းရောက်တော့အမေ့သားကလူပျိုပေါက်ဖြစ်လာ
ပြီလေ။ကျောင်းပိတ်ရက် ရွာအလည်လာတော့ ငယ်သူငယ်ချင်း
စာဥမတွေနဲ့ ခင်ခင်မင်မင်ရင်းရင်းနှီးနှီးနေပြန်တော့ သံယောဇဉ်
ယှက်တွယ်သွားမှာ အမေစိတ်ပူမိပြန်တာပေါ့ကွယ်။
အကြီးတန်းလည်းရောက်ရော အမေသားကဖုန်းကိုင်ချင်
်ပြန်သတဲ့။အမြဲကိုင်ရတာမဟုတ်ပါဘူးအမေရယ်အဖိတ်/ဥပုသ်ဘဲကိုင်ခွင့်ရှိတာပါတဲ့။ငါ့သားရဲ့ပညာရေးများ ထိခိုက်သွားလေ
မလား၊viberတွေ fbတွေသုံးရင်း မိန်းခလေးတွေနဲ့ခင်လွန်း
သွားလေမလား အမေစိုးရိမ်တာပေါ့သားရယ်။
အခု အမေသားက စာချတန်းတက်နေပြီနော်။
သီလ သမာဓိ ပညာ နဲ့ပြည့်စုံတဲ့သားလို့ အမေယုံကြည်ပါတယ်
သားရယ်။သို့သော်လည်း သားရေ အသိကော သတိကောရှိနေတဲ့ကြားက စိတ်ကလေးလွှင့်ပြန့်သွားမှာ အမေစိတ်ပူပါတယ်။
Onlineဆိုတာ အသုံးချတတ်သူအတွက် ဗဟုသုတရှာမှီးရာ
ဖြစ်သလို အသုံးမချတတ်ရင် မကောင်းမူအတွက်ဆိတ်ကွယ်
ရာလည်းဖြစ်သွားတတ်သတဲ့၊
ခုခေတ်မိန်းခလေးအချို့က မမြင်ဝံ့စရာတွေဝတ်၊မတင်သင့်
တဲ့ပုံတွေတင် ဒီလိုfriendတွေများ လက်မခံလေနဲ့သားရေ၊
တစ်ချို့ကျပြန်တော့cbဆိုလားချက်ဘောက်ဆိုလားမသိပါဘူး
ကွယ် ဘာစာမှလည်းမတင် သူများတင်တာလည်းမဖတ်
ရဟန်းဖြစ်ဖြစ် လူဖြစ်ဖြစ် လိုက်ဟိုင်းပြီး စကားလိုက်ပြောနေတာတဲ့ကွယ်။
မာတု/၀တ္ထု ဤနှစ်ခုကရဟန်းတို့ပျက်စီးခြင်းအကြောင်းတဲ့
သတိမလွတ် စိတ်မပြန့်ပါလေနဲ့သားရေ။
အမေထက်ပိုသိပိုတတ်ပိုတော်ပိုမြင့်မြတ်တဲ့အမေ့သားကို
စာပြန်ချနေတာမဟုတ်ပါဘူးကွယ်။အမေဆိုတော့အမေ့
နှလုံးသားနဲ့အမေစကားပြောမိတာ သားလေး နားလည်ပေးနိုင်ပါစေ။
အမေသား ချမ်းသာစွာသာသနာအကျိုး
ဆတိုးထမ်းဆောင်နိုင်ပါစေ။

မေတ္တာဖြင့်
(အမေ)
တမူးအရှင်အား ပူဇောပါ၏ဘုရား

No comments:

Post a Comment