** ပါရမီသတ္တိဖြင့် ရှင်သန်ပါ **
--
ရဟန်းတော်များ လူထွက်ခြင်းနဲ့စပ်ပြီး တင်မိတဲ့ အောက်
ဖော်ပြပါ ပို့စ်လေးမှာ ရာချီပြီး ဝင်ရောက်ဆွေးနွေး
သွားကြတာ တွေ့ရတယ်။
ထူးခြားချက်က လူပုဂ္ဂိုဟ်များ ဆွေးနွေးချက်အများစုဟာ
ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် လူမထွက်ဖို့ဖြစ်သလို
ဘဝတူရဟန်းတော်များ ဆွေးနွေးချက်အများစုကတော့
ပို့စ်ရဲ့ပဓာနအာဘော်အတိုင်းပါပဲ။
သာသနာ့ဝန်ထမ်းလောကမှာ ရဟန်းတော်အများစု
ကန့်လန့် ကန့်လန့်ဖြစ်ရတဲ့ ပြဿနာ( ၃ )ချက် ရှိပါတယ်။
အဲဒါတွေက-
၁။ သာသနာမှာ သင်္ကန်းဝတ်နဲ့ မပျော်မွေ့ဘူး
၂။ မပျော်မွေ့ပေမယ့်လို့ ငဲ့စရာ ပြုစရာတွေကြောင့်
လူထွက်လို့လဲ မဖြစ်ပြန်ဘူး
၃။ လူမထွက်ပေမယ့် ဝိနည်းဥပဒေတော်တွေကို တင်းပြည့်
ကြပ်ပြည့် မလိုက်နာနိုင်ဘူး။ ဝိနည်းဥပဒေ လိုက်နာမှုမှာ
ကိုယ့်ကိုယ်ကို အားမရဘူး။
တစ်ချို့ကတော့ သာသနာမှာ မပျော်မွေ့ဘူး။
ဝိနည်းဥပဒေတော်တွေကိုလဲ တင်းပြည့်ကြပ်ပြည့်
မလိုက်နာနိုင်ဘူး။ ဒီအကြောင်း( ၂ )ချက်ကို ကိုင်၊
ကိုယ့်သံသရာ အရေးကိုသာ ငဲ့ပြီး လူထွက်ကြတာ ရှိတယ်။
အကျိုးရလာဘ်ကတော့ သူနဲ့ သက်ဆိုင်တဲ့ မိဘ
ဆွေမျိုးတွေ၊ ဒါယကာ ဒါယိကာမ ပရိသတ်တွေ
ဝမ်းနည်းပက်လက် ဖြစ်ကြရတာပါပဲ
လူထွက်တဲ့ ရဟန်းဟာ သာသနာတော်မှာ အလုပ်လုပ်ရင်
လုပ်သလောက်၊ ထင်ရှားကျော်ကြားသူဖြစ်ရင် ထင်ရှား
ကျော်ကြားသူဖြစ်သည့်အလျှောက် အကျိုးရလာဘ်ကလဲ
ကြီးမားသွားပါတယ်။
နမူနာအနေနဲ့ ပြောရရင် မနှစ်က (အမည်မဖော်ပြလိုတဲ့)
နာမည်ကြီး ဓမ္မကထိကဆရာတော်တစ်ပါး ကျမ်းမာရေး
အကြောင်းပြချက်နဲ့ လူထွက်သွားပါတယ်
နီးစပ်တဲ့ သူ့တပည့်တွေရဲ့ ပြောပြချက်အရ သူရဟန်းဘဝနဲ့
ရှိစဉ်က ဦးဆောင်နေတဲ့ သာသနာပြုလုပ်ငန်းတွေ၊
ပရဟိတတွေ အကုန်ရပ်တန့်ကုန်တယ်တဲ့
သူကို မှီပြီး ဖြစ်ပေါ်နေတဲ့ ဒါယကာ ဒါယိကာမတွေရဲ့
သဒ္ဓါတရားတွေလဲ ပျက်စီးကုန်တယ်တဲ့
ဒါ့အပြင် အဲ့ဒီဓမ္မကထိက လူထွက်တာကို အကြောင်းပြုပြီး
ရဟန်းသံဃာများအပေါ် စိတ်ပျက်သူ စိတ်ကုန်သူ
သာသနာအပေါ်အထင်သေးသူများလဲ ရှိကောင်းရှိသွား
နိုင်တယ်လို့ မိမိယူဆမိပါတယ်
အဲဒီလို ရှိသွားခဲ့မယ်ဆို ကိုယ့်သံသရာရေးအတွက်နဲ့
သာသနာတော်နဲ့ ကိုယ့်ညီတော်နောင်တော် သံဃာတော်
များကို ထိခိုက်သွားစေမှုလို့ ဆိုရမယ်
မိမိဘဝနဲ့ နှိုင်းယှဉ်ပြီး ပြောရရင်တော့ ရဟန်းဘဝမှာ
ယနေ့အထိ မိမိမြဲနေခြင်းရဲ့ အဓိကအကြောင်းရင်းဟာ
မိဘနှစ်ပါးကြောင့်ပါ၊
မိဘနှစ်ပါးအနေနဲ့ မိမိတို့ ခုလို ရဟန်းဘဝနဲ့ ရှိနေခြင်းကို
တော်တော်လေး ဂုဏ်ယူကြရှာပါတယ်။
မိမိတို့ လူများထွက်လိုက်မယ်ဆို မိဘနှစ်ပါးအနေနဲ့
သေမတတ် ခံစားရလိမ့်မယ်၊ ဒါကို ငဲ့ပြီး ရဟန်းဘဝမှာ
မိမိ ဖျစ်ညှစ်နေထိုင်နေတယ်လို့ ပြောလို့ ရပါတယ်။
ဝိနည်းဥပဒေကြောင်းအရ မကြည့်ပဲ တစ်ဖက်က ကြည့်ပြော
ရရင်တော့ ဒါဟာ မိဘကျေးဇူးဆပ်နေခြင်းလို့ ယုံကြည်
ပါတယ်။
ဘုရားဟောအရတော့ ရဟန်းတစ်ပါးဟာ အာပတ်(အပြစ်)
တန်းလန်းနဲ့ သေရင် မုချ အပါယ်သွားရမှာပါ။
သံသယ ဖြစ်စရာ မရှိပါဘူး။
ဒါပေမယ့် ဝိနည်းဥပဒေတိုင်း တင်းပြည့်ကြပ်ပြည့်မနေနိုင်လို့
အပါယ်ဘေးကို ကြောက်ပြီး ကိုယ်လူထွက်လိုက်လို့
ကိုယ့်ကိုမှီပြီး ဖြစ်ပေါ်နေတဲ့ သာသနာပြုလုပ်ငန်းစတဲ့
ပရဟိတတွေ ယုတ်လျော့သွားမယ်၊ ရပ်တန့်သွားမယ်၊
ဒါယကာ ဒါယိကာမတွေရဲ့သဒ္ဓါတရားတွေ ပျက်စီးသွားမယ်၊
သာသနာတော်နဲ့ ရဟန်းသံဃာများကို အထင်သေး
သွားမယ်၊ စိတ်ကုန်သွားမယ်။
သက်ဆိုင်ရာ မိဘဆွေမျိုးတွေက ဝမ်းနည်းပူဆွေးရမယ်
ဆိုရင် လူမထွက်တော့ပဲ ဘုရားအလောင်းတို့ထုံး
နှလုံးမူပြီး ကိုယ့်ဘဝသံသရာကို ဘာဖြစ်ဖြစ် စတေးပစ်
လိုက်ဖို့ပါပဲ
ဘုရားအလောင်းဟာ ပါရမီဖြည့်စဉ်ကာလမှာ ငုံး ခါ ကြက်
ဝက် ဆင် မြင်း စတဲ့ တိရစ္ဆာန်ဘုံဘဝတွေ ကျရောက်ခဲ့ရ
ကြောင်း လူတိုင်း အသိပါ။ ငြင်းမရတာကတော့
တိရစ္ဆာန်ဆိုတဲ့ အပါယ်ဘုံဘဝရောက်ရခြင်းဟာ အကုသိုလ်
ကြောင့်ပါ၊ အဲဒီအကုသိုလ်ဟာလဲ အများကို ရှုငဲ့ပြီး ဖြစ်ရတဲ့
အကုသိုလ်ပါ။ ကိုယ့်ဘဝသံသရာကို ဖြစ်ချင်ရာ ဖြစ်
စတေးပြီး အများအတွက်ပဲ ရှုငဲ့ခြင်းဟာ ဘုရားအလောင်း
တို့ရဲ့ ပါရမီလမ်းစဉ်ပါ။
ဆိုချင်တာက ဘာသာ သာသနာအတွက်၊ အများအတွက်
ငဲ့စရာရှိရင် ဘုရားအလောင်းနည်းတူ ကိုယ့်ဘဝသံသရာကို
စတေးပြီး ပါရမီသတ္တိဖြင့် ရဟန်းဘဝမှာ ဆက်လက်ရှင်သန်
သွားဖို့ပါပဲ။
ဒီစကားရပ်များဟာ
၁။ သာသနာမှာ သင်္ကန်းဝတ်နဲ့ မပျော်မွေ့ဘူး
၂။ ဝိနည်းဥပဒေတော်များကိုလဲ တင်းပြည့် ကြပ်ပြည့်
မလိုက်နာနိုင်ဘူးဆိုတဲ့ မိမိလို ယက်ကန် ယက်ကန်
သာမညရဟန်းတော်များအတွက် အဖြေပါပဲ။
မှန်ကန်တဲ့ ဆွေးနွေးဖလှယ်မှုများကိုပဲ မျှော်လင့်ပါတယ်။
--
လေးစားစွာဖြင့် Ashin AthaKa
27.3.2016
#လူထွက်ခြင်းနှင့်စပ်သည့်_ယခင်ပို့စ်
ရဟန်းတစ်ပါး လူထွက်ချင်တယ်/ လူထွက်တယ်ဆို
အများက မိန်းမကြောင့်ပဲလို့ လွယ်လွယ်သတ်မှတ်
ပြောဆိုကြတယ်။
အမှန်က ဒီထက်မက ပိုတဲ့ ကြီးမားတဲ့
အကြောင်းတရားတွေ များစွာ ရှိပါတယ်။
အရွယ်လည်း ရောက်၊ ကိုယ်ပိုင် အသိဉာဏ်ပညာလည်း
အသင့်အတင့် ရှိပြီးတဲ့ ရဟန်းတော်အများစု ကြုံရတတ်တဲ့
သဘာဝကတော့-
၁။ ဝိနယကုက္ကုစ္စဖြစ်ခြင်း နဲ့
၂။ ကိုယ်လျှောက်နေတဲ့ ဘဝလမ်းကြောင်းအပေါ်
ငြီးငွေ့ပြီး ပြောင်းလဲလိုခြင်းပါပဲ။
အချုပ်ကတော့ သဒ္ဓါတရား လျော့နည်းသွားခြင်းပါပဲ
ဒီအကြောင်းက မိန်းမဆိုတဲ့ အကြောင်းထက် များစွာ
အရေးပါပါတယ်
#ဒီအကြောင်းနဲ့_ယှဉ်ရင်_မိန်းမဆိုတဲ့အကြောင်းက
#သာမညပါ။ အမျိုးသမီးထုကို အားမနာပါးပနာ ပြောရရင်
မိန်းမတစ်ယောက်အတွက်နဲ့တော့ ရဟန်းဘဝကို
မရင်းလောက်ပါဘူး။
ရင်းရလောက်လောက်အောင်လည်း လုံးဝကို မတန်ပါဘူး။
(ဟဲ ဟဲ ဆွမ်းတော့ မလောင်းပဲ မနေကြနဲ့နော်) =D
နောက်တစ်ချက်က ဝိနည်းပါဠိတော်မှာ
ရဟန်းတစ်ပါးဟာ အာပတ်(အပြစ်)တန်းလန်းနဲ့
သေမယ်ဆို မုချအပါယ်သွားရမယ်လို့ တိတိလင်းလင်း
မြတ်စွာဘုရား ဟောကြားထားပါပဲ
ဖားအောက်တောရဆရာတော်ကြီး မိန့်သလို
ရဟန်းဘဝနဲ့ ကုပ်ကုပ်ကပ်ကပ်နေပြီး သေတဲ့အခါ
အပါယ်သွားရမယ်ဆို လုံးဝ မတန်တာတော့ အမှန်ပါပဲ
ကြောက်စရာလည်း ကောင်းလှပါတယ်
မိမိအတွက် လူထွက်ခြင်း/မထွက်ခြင်းကိစ္စဟာ
ဒီအကြောင်းအပေါ်မှာပဲ မူတည်ပါတယ်
ကိုယ့်ဘဝကိုယ် ချစ်သူတိုင်းဟာ ကိုယ့်ရဲ့ပကတိ
အခြေအနေနဲ့ ကိုယ့်လျှောက်ရဦးမယ့် သံသရာကို
မဖြစ်မနေ တိုင်းတာတွက်ချက်ပြီး လိုအပ်လာရင် ရဲရင့်တဲ့
ဆုံးဖြတ်ချက်မျိုး ရှိကို ရှိနိုင်ရမယ်လို့ ယူဆပါတယ်
ဒီလို ပြောလို့ အဓိပ္ပါယ်ကောက် မလွှဲသွားစေသလို
အကြောင်းပြချက်ပေးတာလို့လဲ အထင်မရောက်စေလိုပါ
ရဟန်းဘဝဟာ ရခဲတယ်၊ တန်ဘိုးကြီးတယ်ဆိုတာ
မိမိ ကောင်းစွာ သိပါတယ်၊ သိလို့လဲ ရဟန်းဘဝနဲ့
သာသနာတော်ကို နစ်နစ်ကာကာ ချစ်မြတ်နိုးပါတယ်။
အလွန်လဲ လေးစားပါတယ်။
ချစ်မြတ်နိုးလေးစားလို့လဲ ၁၁-နှစ် အရွယ်ကတည်းက
စပြီး ယခုအသက်အရွယ်အထိ သာသနာတော်မှာ
ခုလို သင်္ကန်းဝတ်လေးနဲ့ မားမားမတ်မတ် ရှိနေတာပါ။
ဒါပေမယ့် ဒါက တစ်ပိုင်းပါ။
ကိုယ်လျှောက်ရဦးမယ့် သံသရာအရေးက တစ်ပိုင်းပါ။
ဒီစာကို မိမိလို ဘဝတူ သာမညရဟန်းတော်များအတွက်
အဓိက ရည်ရွယ်ရေးပါတယ်။ ရွှေထုပ်ကြီး လည်ပင်း
အသေဆွဲပြီး အနစ်မြှုပ်ခံမလား
(သို့မဟုတ်) အနစ်မြှုပ်မခံပဲ ရွှေထုပ်နဲ့အတူ ကြိုးစား
ကူးခတ်ပြီး ရှင်သန်မလားဆိုတဲ့ စေတနာတွေ ပါပါတယ်
လွန်တာရှိသွားရင်တော့ ဝန္ဒာမိပါ။
--
လေးစားစွာဖြင့် - Ashin Athaka
26.1.2016
No comments:
Post a Comment