Thursday, March 31, 2016

ကိုယ်သိသမျှ သီဟိုဠ်ပညာရေးအကြောင်း

((( ကိုယ်သိသမျှ သီဟိုဠ်ပညာရေးအကြောင်း )))

" သီဟိုဠ်ကိုပညာသင်သွားတယ်လည်းဆိုသေးရဲ့ ရေးလိုက်တဲ့အကြောင်းက ပညာရေးအကြောင်း တစ်ခုမှမပါသေးဘူး " တဲ့။

ဟုတ်တော့ ဟုတ်သားပဲ။ ကိုယ်လည်း ရောက်ကတည်းက ဟိုအကြောင်း ဒီအကြောင်းတွေသာ ပြောနေတာ၊ ပညာရေးနဲ့ ပတ်သက်တာ တစ်ခုမှမပြောရသေးဘူး။

ဟုတ်ပါတယ်။ မြန်မာပြည်က ရဟန်းသံဃာတွေ သီရိလင်္ကာကိုကြွကြတယ်ဆိုတာ "ပညာရေး" ဆိုတဲ့ အချက်တစ်ခုတည်းကြောင့်လို့ပဲ ကောက်ချက်ချ ချင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ သီရိလင်္ကာဆိုတာ ကိုယ်တို့နိုင်ငံရဲ့အခြားတစ်နေရာမို့ "နိုင်ငံခြား"လို့ ဆိုရပေမယ့် ဘာသာစကားနဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းကလွဲရင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာနဲ့ လူနေမှုဘဝပုံစံတွေဟာ ကိုယ့်နိုင်ငံနဲ့ မတိမ်းမယိမ်းပါပဲ။

အပြင်တစ်နေရာရာသွားလို့ သူတို့ရဲ့နိုင်ငံသူ နိုင်ငံသား ကျားမ ကြီးငယ်တွေကိုကြည့်လိုက်ရင် ဝတ်ကောင်းစားလှဆိုတာ မဝတ်သလောက်ပါပဲ။

နောက်ပြီး မျက်နှာပေါ်မှာ မိတ်ကပ်ဘာညာ
လိမ်းခြယ်အလှပြင်တာ၊ ဆံပင်တွေထိုးထိုး
ထောင်ထောင်၊ ကွေးကွေးကောက်ကောက်နဲ့ မိုးကြိုးမျှော်ကေ လုပ်ထားတာမျိုးတွေဟာ အတော်ကိုတွေ့ရခဲပါ တယ်။

(သူတို့အမြင်အရတော့ အဲ့လိုမျက်နှာကို မိတ်ကပ်ဘာညာနဲ့ လိမ်းခြယ်ပြင်ဆင်ထားသူကို အပျက်တွေ၊ အဆင့်အတန်းမရှိသူတွေလို့ မြင်ကြပါသတဲ့။)

မြန်မာပြည်ထက် သေချာပေါက်သာတဲ့အချက်က ပညာရေးစနစ်ပါပဲ။

ကိုယ်နေတဲ့ကိုလံဘိုမြို့မှာကိုပဲ ကိုလံဘိုတက္ကသို လ်အပြင် ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေက လာဖွင့်ထားတဲ့ အောက်စဖို့ကောလိပ်၊ ကိန်းဘရစ်ကောလိပ်၊ ဘောလ်တန်ကောလိပ်၊ လက်စတာကောလိပ် စသည်ဖြင့် ကောလိပ်တွေလာဖွင့်ထားတာ
တွေ့ရပါတယ်။

ဒီကောလိပ်တွေ တက္ကသိုလ်တွေမှာ (ဆေးတက္ကသိုလ်အပါအဝင်) စိတ်ဝင်စားသူ ဘယ်ကျောင်းသားမဆို(ရဟန်းတွေအပါအဝင်)
ငွေကြေးတတ်နိုင်မှုအလိုက် ရွေးချယ်တက် ရောက်နိုင်ကြပါတယ်။

နောက်ထပ်ထူးခြားတာတစ်ခုကတော့ ဘာသာရေးကောလိပ်တွေပါပဲ။

ဗုဒ္ဓဘာသာအမျိုးသမီးများကောလိပ်၊ ဟိန္ဒူအမျိုးသမီးများကောလိပ်၊ မွစ္စလင်အမျိုးသမီးများကောလိပ်နဲ့ ခရစ်ယာန်အမျိုးသမီးများကောလိပ်ဆိုပြီး ကောလိပ်တွေ ဖွင့်ထားတာတွေ့ရတယ်။

မြန်မာရဟန်းတော်တွေကတော့ ကေလနိယတက္ကသိုလ်၊ သီရိလင်္ကာဗုဒ္ဓဘာသာနှင့်ပါဠိတက္ကသိုလ်(Buddhist and Pali University of SriLankar)၊ ပေရာဓနိယတက္ကသိုလ် စတဲ့ ဘာသာရေးအထူးပြုသင်ကြားတဲ့တက္ကသိုလ်တွေမှာ တက်ရောက်သင်ကြားကြတာများပါတယ်။

ဒီတက္ကသိုလ်တွေမှာ မလေးရှား၊ဘူတန်၊ ဗီယက်နမ်၊ နီပေါ၊ သီရိလင်္ကာ၊ မြန်မာ စတဲ့ နိုင်ငံတွေက ရဟန်း၊ ဆရာလေး ကျောင်းသားပေါင်းစုံနဲ့အတူ လူပုဂ္ဂိုလ်(ကျား/မ)တွေကိုပါ တွေ့ရတယ်။

ကျောင်းသားလေးတစ်ယောက်ကို

"ဘာဖြစ်လို့ ဒီမှာလာတက်တာလဲ"

လို့ မေးကြည့်တော့ သူက "ဒီမှာလာတက်ရတဲ့ အကြောင်းရင်းနှစ်ခုရှိတယ်"လို့ ဖြေတယ်။

နံပတ်တစ်အချက်ကတော့

"ကိုယ်ကိုးကွယ်တဲ့ ဘာသာအကြောင်းကို ကောင်းကောင်းသိထားဖို့ လိုတယ်ထင်လို့ပါ၊ ဒါမှ ကိုယ်ကိုယ်တိုင်တန်ဖိုးထားတတ်ပြီး သူတစ်ပါးကလာမေးရင်လည်း ကောင်းကောင်းရှင်းပြနိုင်မှာ" တဲ့။

နံပတ်နှစ်အချက်ကတော့ ရှင်းပါတယ်။ "လက်မှတ်လိုချင်လို့ပါ" တဲ့။ ဒီနိုင်ငံမှာနေရင် ဒီလက်မှတ်ဟာ အသုံးဝင်ပါတယ်၊ အလုပ်တွေ ဘာတွေလျှောက်တဲ့အခါအထောက်အကူဖြစ်ပါတယ် " တဲ့။

ဒါဟာ အတုယူစရာကောင်းတဲ့အချက်တွေပဲ လို့ စိတ်ထဲမှာတေးမှတ်ထားပြီး သူ့ရဲ့ရည်ရွယ်ချက် ကိုလည်း ချီးမွမ်းမိပါတယ်။

သူတို့နဲ့ယှဉ်တော့ ကိုယ်တို့ဆီက ဓမ္မစကူးလ် သင်တန်းတွေ၊ ယဉ်ကျေးလိမ္မာ သင်တန်းတွေ ဟာ တကယ့်မျိုးစေ့အဆင့်ပဲ ရှိသေးပါလား ဆိုတာ သိရတယ်။

အခုကိုယ်တို့တက်နေတဲ့M.Aတန်းမှာ ဘာသာရပ် ခြောက်မျိုးသင်ရတယ်။ ပထမတစ်ခုက

( 01 ) Early Buddhism တဲ့။ "ခေတ်ဦးဗုဒ္ဓဘာသာ" လို့ပဲဆိုပါစို့။ အဲ့ဒီမှာ ဘာတွေလေ့လာရလဲဆိုတော့

၁)ဗုဒ္ဓဘာသာကိုအဘိဓမ္မာအခြေပြု၍ လေ့လာ ချဉ်းကပ်ခြင်း

၂) ဗုဒ္ဓဘာသာဂိုဏ်းကွဲတွေဆီမှ ထွက်ပေါ်လာ သော အမြင်(ရှုထောင့်)များကိုလေ့လာခြင်း

၃) ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး ခေတ်သစ်သုတေတနများမှရလာတဲ့ ရလဒ် အယူအဆတွေကို လေ့လာခြင်း

ဆိုပြီး ခေါင်းစဉ်သုံးမျိုးပါတယ်။

နောက်တစ်ဘာသာကတော့

( 05 ) ဗုဒ္ဓဘာသာနှင့် ခေတ်ပြိုင်ဘာသာရေး
(Buddhism and Contemporary
Religions) ပါ။

ဒါကတော့ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့အတူ အခြားဘာသာရေးတွေရဲ့
- အယူအဆတွေ
- အခြေခံကျင့်ဝတ်တွေ
- ဂိုဏ်းကွဲတွေ
- လူသားနဲ့ ဘုရားဝါဒအကြောင်းတွေ၊
- ဘုရားသခင်နဲ့ စကြဝဠာအကြောင်း
- ကံနဲ့ ကံရဲ့အကျိုးဆက်အကြောင်း
- လွတ်လပ်သောအတွေးအခေါ်အယူအဆနှင့်    ဘာသာရေး၊
- နိုင်ငံရေးနဲ့ ဘာသာရေး
- ကိုယ်ကျင့်တရားနှင့် ဥပဒေ

စတဲ့ အကြောင်းအရာတွေကို ဘာသာကြီးတွေရဲ့
အခြေခံမူတွေနဲ့ နှိုင်းယှဉ်လေ့လာရတဲ့ ဘာသာရပ်ပါ။

နောက်တစ်ခုကတော့

( 06 )ဗုဒ္ဓဘာသာ၏ လူမှုရေးအယူအဆ ဆိုင်သော ကျင့်ဝတ်များ ( Principles of Buddhist Social Philosophy )တဲ့။

ဒီမှာတော့
- လူမှုအဖွဲ့အစည်းတွေရဲ့သဘောတရားတွေ
- လူမှုကျင့်ဝတ်နှင့် ဗုဒ္ဓဘာသာ၏သဘောထား
- အမျိုးသမီးများအပေါ် ဗုဒ္ဓဘာသာ၏သဘောထား
- လူမှုဘဝတွင် ဗုဒ္ဓနည်းကျ ခေါင်းဆောင်ခြင်း
- အပြစ်ပေးခြင်း၏ ကျင့်ဝတ်နှင့် ဥပဒေ
- လူမှုအဖွဲ့အစည်းများတွင်ပါဝင်သော သံဃာတော်တို့၏ အခန်းကဏ္ဍ
-----စတဲ့ ခေါင်းစဉ်ငယ်လေးတွေနဲ့ လေ့လာရ တယ်။

နောက်တစ်ခုကတော့
( 08 ) ဘုရားလောင်းကျင့်စဉ်နှင့် အယူအဆ
( The Philosophy and Practice of Bodhisattva ) တဲ့။

ဒါကတော့ ဘုရားလောင်းနဲ့ ပတ်သက်တဲ့ ကျင့်စဉ်တွေ၊ အယူအဆတွေကို ထေရဝါဒ၊ မဟာယာန၊ မဟာသင်္ဃိက စတဲ့ ဂိုဏ်းကွဲ မျိုးမျိုးရဲ့ ယူဆချက်တွေ၊ ကျမ်းစာတွေကနေ ထုတ်နုတ် နှိုင်းယှဉ်ပြီး လေ့လာရတာမျိုးပါ။

နောက်တစ်ဘာသာက

( 09 ) ဗုဒ္ဓဘာသာနှင့် ခေတ်သစ်ကမ္ဘာတို့ရဲ့ လူမှုရေးအတွေးအခေါ် ( Social Philosophy of Buddhism and the Modern World ) ဖြစ်ပါတယ်။

ဒီမှာတော့

- ဗုဒ္ဓဘာသာကို သိပ္ပံနည်းကျလေ့လာခြင်း
- လူတို့လိုအပ်ချက်နှင့်ဗုဒ္ဓဘာသာအထောက်အပံ့
- ကမ္ဘာ့လူသားယဉ်ကျေးမှုအတွက် အခြေခံလိုအပ်ချက်ဖြစ်သော ဗုဒ္ဓဘာသာ

စတဲ့ ခေါင်းစဉ်ငယ်လေးတွေပါဝင်ပါတယ်။

နောက်ဆုံးတစ်ခုကတော့

( 15 ) သီရိလင်္ကာရှိ ဗုဒ္ဓဘာသာဆိုင်ရာ အနုပညာနှင့် ဗိသုကာလက်ရာများ
( Buddhist Art and Architecture in Sri Lankar) ပါ။

ဒါက သူတို့ ပြည်တွင်းကျောင်းသားတွေကိုပဲ အထူးပြုသင်ပေးတဲ့ ဘာသာရပ်ပေါ့။ ကိုယ့်နိုင်ငံက အနုပညာလက်ရာတွေကို တန်ဖိုးထားမြတ်နိုးတတ်အောင်ရည်ညွှန်းပုံရပါတယ်။

ဒီဘာသာရပ်မှာတော့

သီရိလင်္ကာနိုင်ငံက ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦးတွေမှာရှိတဲ့ အနုပညာလက်ရာတွေ၊ ဗိသုကာလက်ရာတွေ၊ ပန်းချီ ပန်းပုတွေ၊ ရုပ်ပွားတော် စေတီတော်တွေရဲ့ ဖြစ်ပေါ်လာရာ ကာလတို့ ခေတ်တို့ တည်ဆောက်ပုံနည်းစနစ်တို့အပြင် ဘယ်နေရာမှာ ဘယ်လိုပုံစံကို ဘာကြောင့်သုံးရတယ် ဆိုတာမျိုးပါ
လေ့လာ ကြရတဲ့သဘောရှိပါတယ်။

အပေါ်မှာ ပြောခဲ့တဲ့ ဘာသာရပ်တိုင်းမှာ သူ့ခေါင်းစဉ်နဲ့ဆိုင်တဲ့စာအုပ်တွေနဲ့ စာရေးဆရာတွေကို ညွှန်းထားပါတယ်။ စာကြည့်တိုက်တွေမှာ ကိုယ်တိုင်ရှာဖွေလေ့လာဖို့ပါ။

ဒါကတော့ ကိုယ်တက်တဲ့ BPU(Buddhist and Pali University of Sri Lankar) တက္ကသိုလ်မှာ M.A တန်းအတွက် ပြဌာန်းထားတဲ့ ဘာသာရပ်တွေပါ။ အခြားတက္ကသိုလ်တွေနဲ့ တူလား မတူလားတော့ မပြောတတ်ပါဘူး။

နောက်ကျမှ ဘယ်လိုတွေ လေ့လာရတယ်ဆိုတာ တွေကို ဆက်လက်မျှဝေပါဦးမယ်။

အရှင်ကောသလ္လ (ရေဦး)

၁၊ ၄၊ ၂၀၁၆။

No comments:

Post a Comment