Monday, February 22, 2016

ကိုယ်တိုင်ဖျက်ကဗျာ

Thursday, March 26, 2009
ကိုယ်တိုင်ဖျက်ကဗျာ
ဂျီတော့မက်ဆေ့ခ်ျမှာ ကျမက စိတ်ထဲပေါ်လာသမျှ သီချင်းလေး၊ ကဗျာလေး ရေးလေ့ရှိပါတယ်။ အဲ့မှာ ခုတလော ရှေးကဗျာလေးတွေကို လျှောက်ဖျက်ပြီး ရေးတင်ပါတယ်။ အဲဒါကလည်း ကျမက ရှေးက ကဗျာဆရာကြီးတွေကို ပြောင်လှောင်ချင်တဲ့ သဘောမဟုတ်ပါဘူး။ တကယ်က အဲဒီမူရင်း ကဗျာ လေးတွေကို ကျမ သိပ်ကို ချစ်ပါတယ်။ အဲဒီကဗျာလေးတွေကို ချစ်လွန်းလို့ သတိတရ ရွတ်ဆိုမိနေတာနဲ့ ကိုယ့်ဘာသာ လျှောက်လုပ်မိတာပါ။

အဲဒါတွေကို ဂျီတော့ မက်ဆေ့ခ်ျ (ကိုယ့်ပိုင်နက်ထဲ) တင်မိတော့ သဘောကျတဲ့သူတွေက ယူရေးကြပါတယ်။ တကယ်က ဒါ တခုတ်တရ ပြောရမယ့်ကိစ္စမဟုတ်ပါဘူး။ သို့သော် ဒီမနက်မှာတော့ ကျမရဲ့အရင်ပို့စ်က ကွန်မန့်ထဲမှာ “အန်တီချမ်း” က ဝင်ရေးထားတာလေး တွေ့လို့ စိတ်ကူးပေါ်ပြီး ဒီစာကိုရေးဖြစ်တာပါ။

ကျမက ဆရာကြီး မင်းသုဝဏ်ရဲ့ လယ်တောကအပြန် ကဗျာကို ဖျက်ပြီး ရေးထားမိတယ်။


လယ်တောကအပြန်

စားချင်တယ် ကျော်စံကေး ဆိုလို့

မောင်ရိုက်ကာပေး

မနက်တုန်းဆီက

ကျော့ဆုံးကို မောင်မြင်တော့

သူ့စားပွဲမှာ ဟမ်ဘာဂါနဲ့

ဂုဏ်တင့်တယ်လေး .. ။ ။ ဆိုပြီး ရေးတင်ထားတာပါ။

အဲဒါကို ညီမတော် ဆုမွန်ကတွေ့ပြီးသဘောကျတယ်နဲ့ တူပါရဲ့ .. သူ့မက်ဆေ့ခ်ျမှာ တင်ထားပြန်ရော။ အဲဒါကို ခုနင်က အန်တီချမ်းက တွေ့ပြီး သဘောထပ်ကျပြန်တယ်။ အဲဒါသူက ကျမဘာသာ စပ်ထားတာ ထင်ပြီး သူ့စာ မျက်နှာပေါ်တင်ဖို့ လာခွင့်တောင်းပါတယ်။

အပေါဂိုဏ်းချုပ်ထိပ်ခေါင် မမတူးတူးသာ ခင်ဗျား
ဒီနေ့ နေ့လယ်က မဆုမွန် က သူ့ဂျီတော့ခ် ရဲ့ မက်စေ့ခ်ျ မှာ အမ ရေးထားတယ်ဆိုတဲ့ စာလေး တပိုင်းတစ ကိုတင်ထားပါတယ် အဲဒါလေးကို ကျတော် က မြင်ပြီးသကာလ ဘာမှန်းမသိ ညာမှန်းမသိ နဲ့ ကောက်ပြီးလက်တန်းလေး ဒီလိုဆက်စပ်ထားပါတယ် အစကတော့ ဦးမွန် (မဆုမွန် ကိုကျတော်ခေါ်တာပါ) ရေးတာထင်လို့ပါ ပြီးတော့ ဆက်စပ်ပြီးမှ ဦးမွန်က မဟုတ်ဘူးအမ ရေးထားတာ လို့ပြောပြပါတယ် အဲဒါလေး ကျတော် ပေ့ဂ်ျ မှာတင်ချင်တာ အမ ရဲ့ ခွင့်ပြုချက်လိုချင်လို့ပါ ကဗျာ က ဒွေးချိုးလိုလို ဘာလိုလို ဖြစ်သွားပါတယ် အမ သဘောမတူရင်တော့ မတင်ပါဘူးခင်ဗျာ... (ဒါက သူရေးထားခဲ့တဲ့အတိုင်း မူရင်းပါ)

အဲဒီမှာ ကျမတခုစဉ်းစားမိတယ်။ သူတို့ ဒီကဗျာ မူရင်းလေးကို မသိဘူး ထင်တယ် … သိချင်လည်း သိကြမယ်။ ဒါပေမယ့် မသိတဲ့ မောင်ညီမလေးတွေပါ သိရအောင် ကျမ တင်ပေးသင့်တယ်ဆိုတဲ့ အတွေးပါ။


လယ်တောကအပြန်

ပန်ချင်တယ် ခရေဖူးဆိုလို့

မောင်ခူးကာပေး

မနက်တုန်းဆီက

ကျော့ဆုံးကို မောင်မြင်တော့

သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့

ဂုဏ်တင်တယ်လေး .. ။ ။ ဆိုတဲ့ အချစ်ကဗျာလေးပါ။ တူတော်မောင် ထူးမြတ်စကားနဲ့ ပြောမယ် ဆိုရင် ဓနရှင် ဘက်ကို အလေးသာသွားတဲ့ ချစ်သူကို ထေ့တာပေါ့။

အင်း .. အဲဒါနဲ့ မပြီးဘူး .. ကျမဘာရေးရေး ဘာလုပ်လုပ် အမြဲကောင်းတယ် ဆိုပြီး မြှောက်ပေးနေကျ မောင်လေး သင်ကာကလည်း (ဒင်းက ရီဆာ့ချာ လုပ်ချင်သူထင်ပါ့ .. ဘာမေးမေးရတဲ့ ဗဟုသုတ ဟင်းလေးအိုးပေါ့) ကျမဆီ ဒီကဗျာနဲ့သက်ဆိုင်တဲ့ ကဗျာလေး တပုဒ်ပို့ပေးပြန်တယ်။ အဲသဟာကတော့ ကျမလည်း လုံးဝမသိပါဘူး။ ကျမ အလွန့်အလွန်လေးစားအတုယူ ချစ်ခင်ရတဲ့ ဆရာကြီး သွေတာဆော် (သော်တာဆွေ) က ကျမမမွေးခင် ကတည်းက ဒီကဗျာကို ဖျက်ပြီးနေတာပါ။ အဲဒါကို သင်ကာကောင်ပြောမှပဲ ကျမသိတယ်။ အဲဒီ ကဗျာလေး ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

လယ်တောကပြန်
အန်ချင်တယ် ထန်းရည်ဗူးလွယ်လို့
မောင်မူးတယ်လေး
မနက်တုန်းဆီက
ချက်ကြီးကယ်မြင်တော့
ဝက်နံကင်ရယ်နှင့်
မြည်းလိုက်ချင်သေး။ ။

ဆရာကြီးကလည်း အဲဂလို ကဗျာတွေကို အတော်များများ ဖျက်ဖူးတယ်လို့ ဆိုပါတယ်။ ကျမနဲ့ စိတ်ကူးတူနေလို့ အရမ်းကို ဂုဏ်ယူရပါတယ်။ ကျမကလည်း သူများပဲဖျက်ဖျက် ကိုယ့်ဘာသာပဲဖျက်ဖျက် .. ဖျက်ရရင်ကို ကြိုက်တာ ဆိုတော့လေ .. ။ အဲလိုလုပ်လို့ ကဗျာဆရာတွေကို စော်ကားခြင်း ပြောင်လှောင်လိုခြင်း အလျင်း မရှိဘူး ဆိုတာ ကြိမ်တွယ်ပြောရဲပါတယ်။ တကယ်လို့ အဲဒီစကားမှန်ခဲ့ရင် သော်တာဆွေလောက် စာရေး ကောင်းပါစေ :P နောက်လည်း ထပ်ဖျက်ဖို့ စီစဉ်ထားတာတွေရှိလို့ ကြိုပြောထားတာပါ။ ရေးရင်းနဲ့တောင် တခုသတိရသွားပြီ ....။

ချိုးနှစ်ကောင်

ထနောင်းပင်ညီနောင်က လွမ်းအောင် ကူချွဲ

ဂွကိုရှာ

မဆလာနိုင်နိုင်အုပ်ပါလို့

ဘီယာနဲ့ ဟဲ ..။ ။

စကားကြုံလို့ ပြာလောင်ကာတွန်းထဲက ရှာဖွေတွေ့ရှိတဲ့၊ ဖျက်ထားတဲ့ ကဗျာလေးတပုဒ်ပါ အဆစ်ထည့် ပေးလိုက်ပါတယ်။ ဒီကဗျာလေးက သူငယ်တန်း သင်ရိုးထဲက ကဗျာလေးပါ။ ဘယ်သူရေးလည်းတော့ မသိပါ။

တောင်တောရယ်သာ

မာလာက နုထွတ်

တပင်ကိုနှစ်ပင်ရွှတ်တယ်

ငှက်တွေက ပြွတ် .. ။

အဲဒီကဗျာလေးဆိုရင် ကြိုက်လွန်းလို့ မူရင်းတောင်မေ့နေပြီ :P

tututha at Thursday, March 26, 2009

19 comments:

pandoraMarch 27, 2009 at 9:55 AM
အနော်ကြားဖူးတဲ့ ဆရာသော်တာဆွေ ဗားရှင်းက နည်းနည်းလေးကွဲတယ်

လယ်တောကပြန်
အန်ချင်တယ် ထန်းရည်ဗူးလွယ်လို့
မောင်မူးတယ်လေး
မနက်ခင်းဆီက
ချက်ပုလင်းမြင်ပြန်တော့
ဝက်နံကင် ဘဲကင်ကြီးရယ်နှင့်
မြည်းလိုက်ချင်သေး။

Reply

အန်တီချမ်းMarch 27, 2009 at 10:26 AM
ဒေါ် တုရေ

၁) သွေတာဆော် ကို တီ ကလဲ သိပ်သိပ်သိပ် ကြိုက်
၂) အဖျက်သမားချင်းတူ (လေးဖြူရှိုးလာကြည့်ရင် နတ်တွေ ဂန်းတွေ လက်ပစ်တွေ ယူခဲ့နော် ဆော်မယ် ဟိ)
၃) နောက်အပုဒ်များလဲ ဆက်လက်၍ အားကြိုးမာန်တက် အားသွန်ခွန်စိုက် ဖက်ဆီးမည် ဖြစ်ကြောင်း ကတိပေးရင်း
တင်ပြီဗျား...................
ချစ်ချမ်း

ဖြုတ်ပေးဖြုတ်ပေး ဖြုတ်ပေး ဆို နော် နော် နော် နော်

Reply

ကိုဇေယျာMarch 27, 2009 at 11:32 AM
"ငှက်တွေက ပြွတ်" ကို မှတ်မိနေတယ် ...
ချစ်စရာကောင်းတယ် .. ကာတွန်းကိုတော့ သေခြာတော့ မမှတ်မိဘူး။

အဟား ... ပြာလောင် ကတွန်းတွေ ပြန်ဖတ်ချင်လိုက်တာ .. :D

Reply

ဖိုးဂျယ်March 27, 2009 at 12:36 PM
တွေပါတယ်ဂျ
မတူးမှာရော မဆုမွန်မှာရော

Reply

Phyo MawMarch 27, 2009 at 1:39 PM
:D

Reply

ရွာသားလေးဝိုင်တီယူMarch 27, 2009 at 1:47 PM
တောင်တောရယ်သာ
မာလာကငုံဖူး
တစ်ပင်ကို နှစ်ပင်ယှက်တယ်
ကျေးငှက်ကမြူး
လို့ထင်တာပဲဗျ
ဖျက်ထားတာဖတ်ရင်း မူရင်းတောင် ၀ါးတားတားဖြစ်သွားတယ်ဗျာ

Reply

mgngeMarch 27, 2009 at 5:00 PM
မျက်ရည်တောင် ကျ သွားတယ်...။

ရီ လို့ 
:P

Reply

JulyDreamMarch 27, 2009 at 10:56 PM
တောင်တောရယ်သာ
မာလာကငုံဖူး
တစ်ပင်ကို နှစ်ပင်ယှက်တယ်
ကျေးငှက်ကမြူး...

အဲဒီ မူရင်းကဗျာပါပဲ။ ရွာသားကြီးပြောတာ မှန်ပါတယ် ခင်ဗျ။

ကျွန်တော် ပြောမယ့်ဟာကို သူ အရင် ပြောသွားလို့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ထုံးစံအတိုင်း ထောက်ခံအပ်ပါသည် ခင်ဗျာ လို့ မအော်ချင်တာနဲ့ ပြန်ကူးရေးလိုက်ပါတယ်။

Reply

tuneMarch 28, 2009 at 1:04 AM
အစ်မရေ
seriously အပြစ်ပေးသင့်ပါတယ်။
ဘယ်လို တောင်းပန်ရမှန်း မသိဘူး။
အခု အစ်မကို တကယ် မှတ်မိပြီ။

ကျွန်မက သီချင်းဖျက်တာတွေကို ပိုအားသာတယ်။
သူများတွေ ဖျက်ထားတဲ့ စာသားတွေလဲ မှတ်မိတယ်။
" အိမ်ပြန်စရာ ကားခ မရှိတော့လိုပါ" တို့
" ကိုယ့်ကို ငါးဆယ်ချေးပါ ကလေးရယ်" တို့။
ဆရာသစ္စာနီရဲ့ မူယာပုံပြောမယ်ရဲ့ fan ပေါ့။

အခု ကဗျာဖျက်တာလေးကိုလဲ အားပေးပါတယ်။
ဆက်ပြီး များများ ဖျက်ပေးပါအုံး:P.

Reply

အောင်သာငယ်March 29, 2009 at 2:18 AM
ပန်ပန် ပြောတာ အမှန်ပါပဲ ...
ရွာသားလေး ပြောတာလည်း အမှန်ပါပဲ...
ဖျက်တာတွေများတော့ မူရင်းကို သိပ်မမှတ်မိကြတော့ဘူး...း)
အဖျက်သမားတွေက ပိုအောင်မြင်တယ်ဆိုတဲ့ သဘောပေါ့လေကွယ်...း)

Reply

Nya LayMarch 29, 2009 at 2:30 PM
တောင်တောရယ်သာ
မာလာက ငုံဖူး
တစ်ပင်ကို နှစ်ပင်ယှက်တယ်
ကျေးငှက်ကမြူး။

ဒါက နောက်ဆုံးကဗျာရဲ့ မူရင်းပါ။ ရေးသူတော့ မသိဘူး။
အဲလေ ရေးပြီးတော့မှ အပေါ်က ကော်မက်တွေ ဖတ်မိတယ်။ ရေးထားပေးပြီးကြပြီပဲ။
ဒါပေမယ့် ဖျက်တော့ပါဘူးနော်.

Reply

Htoo MyatMarch 30, 2009 at 10:11 AM
အဲဒီ ကျော်စံကေးနဲ့ မထိုက်တန်တဲ့ ဓနရှင် ချစ်သူ ဟမ်ဘာဂါ စားပြီး ဝတုတ်ပြဲကြီး ဖြစ်သွားတာပဲ ကောင်းပါတယ်။ :D

Reply

tututhaMarch 30, 2009 at 11:34 AM
တကယ်က တောင်တောရယ်သာ ကဗျာကို မှတ်မိပါတယ် :P .. ဂလိုပဲ ဝိုင်းရေးကြအောင်လို့ ဖွင့်ထားလိုက်တာ .. ဖွတာပေါ့လေ .. ဟီဟိ။ သို့သော် .. ခုလို ဝင်ပြီးရေးပေးတဲ့သူတွေကို ကျေးဇူးအထူး တင်ပါတယ်။ အထူးသဖြင့် ပန်ပန့်ကို ကျေးဇူး။ ကျွန်းလည်း ဘာမှ စိတ်မကောင်းမဖြစ်နဲ့ မလွဲသော စာရေးဆရာ တဲ့ :P

Reply

ကောင်းကင်ကိုMarch 30, 2009 at 2:06 PM
ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ :D

Reply

Han Thit NyeimMarch 31, 2009 at 2:35 AM
ဒါကြောင့်လည်း နာယကဂျီးလို့ နာမည်ကျော်တာကိုး...။

Reply

mamaMarch 31, 2009 at 4:42 PM
မိုက်တယ်ကွာ..
တင်ထားတာတွေကို
သွားရည် တဖြန်းဖြန်းကျအောင်ဘဲ အားကျတယ်..
အဲယ်...သွားရည်က ဘယ်နဲ.တဖြန်းဖြန်းမှာလည်းနော်.
သွားရည် တရှလွတ် တရှလွတ်ဖြစ်အောင် အားကျတယ်..
အရမ်းဖတ်လို.ကောင်းတယ်.
ကေလာမမ

Reply

ကလိုစေးထူးApril 2, 2009 at 11:39 AM
အဖျက်လဲတော် အဖွလဲတော်တဲ့ တော်တော်သာလို့တောင် နာမည်ပြောင်းရမယ်ထင်တယ်။ :D

Reply

ပုံရိပ် / Pon YateApril 6, 2009 at 3:45 AM
လယ်တောကပြန် တဲ့ကဗျာကို ကြိုက်သွားပြီ။ ဟမ်ဘာဂါကဗျာကလည်း မူရင်း ဆိုလိုချက်ကိုမှ မပျက်စေဘဲ။

Reply

No comments:

Post a Comment