Saturday, November 11, 2017

နွားလည်ပင်းမှာသိုင်းတဲ့ အဲ့ဒီကြိုးကို "ဘွဲ့ကြိုး"လို့ ခေါ်ပါသတဲ့။

#နွားလည်ပင်းမှာသိုင်းတဲ့ အဲ့ဒီကြိုးကို "ဘွဲ့ကြိုး"လို့ ခေါ်ပါသတဲ့။

((( ဘွဲ့ကြိုး )))

"အရှင်ဘုရား! B.A, M.A, Ph.D ဘွဲ့တွေနဲ့ လင်္ကာရတွေ ဓမ္မာစရိယတွေ အဘိဝံသတွေ တိပိဋကဓရဘွဲ့တွေ ဘယ်ဘွဲ့တွေက ပိုအဆင့်မြင့်သလဲဘုရား"

ဒီမေးခွန်းကို အရင်က လူပုဂ္ဂိုလ်တွေ မေးလေ့ရှိပါတယ်။ အဲ့ဒီအခါ ကိုယ်ပြန်မေးဖြစ်တဲ့မေးခွန်း တစ်ခုရှိပါတယ်။

" တိုင်းရင်းဆေးနဲ့ သိပ္ပံဆေး ဘယ်ဆေးက ပိုအစွမ်းထက်ပါသလဲ "ဆိုတာပါပဲ။

ဒီလိုမေးတဲ့အခါ တိုင်းရင်းဆေးနဲ့တည့်တဲ့သူက တိုင်းရင်းဆေးက ပိုအစွမ်းထက်တယ်လို့ ဖြေကြမှာဖြစ်ပြီး သိပ္ပံဆေးနဲ့ တည့်တဲ့သူကလည်း သိပ္ပံဆေးက ပိုအစွမ်းထက်တယ်လို့ ဖြေကြမှာပါ။ သေချာတာကတော့ ဘယ်ဆေးဖြစ်ဖြစ် ဆေးတွေရဲ့ ရည်ရွယ်ချက်ကတော့ ရောဂါပျောက်ကင်းဖို့အတွက်ပါ။

ဘယ်လိုဆေးပဲဖြစ်ဖြစ် သောက်ဆေးဆို သောက်မှ ပျောက်မှာဖြစ်ပြီး လိမ်းဆေးဆိုရင်လည်း လိမ်းမှသာ ပျောက်မှာပါ။ အဲ---ထိုးဆေး ဆိုရင်တော့လည်း ထိုးကို ထိုးမှ ပျောက်မှာဖြစ်ပါတယ်။ သောက်ဆေးကို မသောက်၊ လိမ်းဆေးကိုမလိမ်း၊ ထိုးဆေးကို မထိုးဘဲ လိမ်းဆေးနဲ့ ထိုးဆေး ဘယ်ဟာ ပိုကောင်းသလဲလို့ နှိုင်းယှဉ်နေရင်တော့ အဖြေရှိမှာ မဟုတ်ပါဘူး။

ဒီ"ဘွဲ့"တွေကိစ္စဟာလည်း အဲ့ဒီလိုပါပဲ။ အခုနောက်ပိုင်း ရဟန်းတော်အချို့ကပါ ----- အဲ့ဒီဘွဲ့တွေနဲ့ ပတ်သက်ပြီး "ဘယ်သူသာတယ်၊ ဘယ်သူနိမ့်တယ်" နဲ့ ရေးကြီး ခွင့်ကျယ်လုပ်ပြီး ပြောလာကြတာတွေ့ရတော့ စိတ်မကောင်းတောင် ဖြစ်မိပါသေး။

ကိုယ်တွေးမိတာကတော့ ရိုးရိုးပါ။ ဘယ်ကရတဲ့ ဘယ်ဘွဲ့ပဲဖြစ်ဖြစ် သူ့မှာ ကြိုးစားအားထုတ်မှုရှိခဲ့တယ် ဆိုတာတော့ သေချာပါတယ်။

လင်္ကာရဘွဲ့တွေ၊ အဘိဝံသဘွဲ့တွေ၊ တိပိဋကဓရဘွဲ့တွေ ဆိုတာဟာ ကြိုးစားအားထုတ်မှုအပြင် သဒ္ဓါတရားပါ ပေါင်းထည့်မှ အောင်မြင်ရယူနိုင်တဲ့ဘွဲ့တွေပါ။ B.A, M.A, Ph.D ဆိုတာတွေကလည်း အနည်းဆုံး လေးနှစ်၊ အများဆုံး ဆယ်နှစ်လောက်ရင်းပြီး ကြိုးစားအားထုတ်မှ ရနိုင်တဲ့ ဘွဲ့တွေဖြစ်ပါတယ်။ ဒါကို ဘွဲ့တွေရဲ့ မူလတန်ဖိုးလို့ ပြောရင်လည်းရပါတယ်။

ဟုတ်ပြီ။ အဲ့ဒါဆို မေးခွန်းတစ်ခု ထပ်မေးကြည့်။
ဘွဲ့ရပြီး ဘာအလုပ်လုပ်နေသလဲ???

အဲ့ဒီမေးခွန်းရဲ့အဖြေဟာ ဘွဲ့ရပုဂ္ဂိုလ်တစ်ယောက်(တစ်ပါး)ရဲ့ ထပ်တိုးတန်ဖိုးပါပဲ။ သူလုပ်တဲ့အလုပ်ဟာ တန်ဖိုးကြီးမြင့်လေလေ သူရထားတဲ့ဘွဲ့ဟာ တန်ဖိုးကြီးလေလေပါပဲ။သူလုပ်တဲ့အလုပ်ဟာ ဂုဏ်သိက္ခာရှိလေလေ သူရထားတဲ့ ဘွဲ့ဟာ ဂုဏ်သိက္ခာရှိလေလေပါပဲ။

ဓားရှည်နဲ့ဓားမ ဘယ်ဟာဖြစ်ဖြစ် ခုတ်လို့ရတဲ့ ဓားမှသာ အသုံးဝင်ပါတယ်။ ဧည့်ခန်းမှာ ချိတ်ထားတဲ့ စိန်စီဓားဟာ မူလတန်ဖိုးရှိကောင်းရှိနိုင်ပေမယ့် မြက်တစ်ပင်ကိုတောင် ခုတ်လို့မရတဲ့အတွက် ထပ်တိုး တန်ဖိုးအဖြစ် နဂိုကထက် ပိုထက်လာမှာတော့ မဟုတ်ပါဘူး။ ဘွဲ့တွေဟာ အဲ့ဒီဓားတွေလိုပါပဲ။

နောက်တစ်ခု---ဘွဲ့နဲ့ပတ်သက်လို့ စဉ်းစားမိတာ ရှိပါသေးတယ်။
လယ်ထဲမှာ စပါးရိတ် မြက်ရိတ်တဲ့အခါ စပါးထုံးဖို့ မြက်ထုံးဖို့ "ဘွဲ့"ဆိုတာ ရှိပါတယ်။ ကောက်ရိုးတွေထုံးဖို့အတွက်လည်း"ဘွဲ့"ထိုးကြပါတယ်။ အဲ့ဒီဘွဲ့နဲ့ထုံးဖွဲ့ စည်းနှောင်ရခြင်းရဲ့ ရည်ရွယ်ချက်က အထဲမှာပါတဲ့ မြက်တွေ စပါးတွေ ကောက်ရိုးတွေ အစည်းမပြေဖို့၊ ပရမ်းပတာနဲ့ ရှုပ်ပွမနေဖို့၊ သေသေသပ်သပ်နဲ့ ကျစ်ကျစ်လျစ်လျစ် ရှိဖို့ပါ။

ဘွဲ့နဲ့ချည်ထားပါလျက် အစည်းပြေနေသေးတယ်။ ပရမ်းပတာဖြစ်နေတယ်၊ သပ်သပ်ရပ်ရပ် ကျစ်ကျစ်လျစ်လျစ် ဖြစ်မနေဘူးဆိုရင် "ဘွဲ့" ရဲ့ ညံ့ဖျင်းမှု မဟုတ်ဘဲ "ဘွဲ့"ထိုးသူ(ဘွဲ့ပိုင်ရှင်) ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါတယ်။

နောက်တစ်ခု --- လှည်းတွေမှာ နွားက,တဲ့အခါ ထမ်းပိုးကြီးအောက်မှာ နွားကိုသွင်းရပါတယ်။ ပြီးတော့ နွားရဲ့လည်ပင်းကို ထမ်းပိုးလို့ခေါ်တဲ့ တုတ်နှစ်ချောင်းနဲ့ ညှပ်သိုင်းဖို့ ကြိုးတစ်ချောင်းနဲ့ ရစ်ပတ်ထားပါတယ်။ နွားလည်ပင်းမှာသိုင်းတဲ့ အဲ့ဒီကြိုးကို "ဘွဲ့ကြိုး"လို့ ခေါ်ပါသတဲ့။ နွားတွေဟာ လှည်းနဲ့ လှည်းပေါ်မှာပါတဲ့ ဝန်တွေကို ဆွဲတဲ့အခါ ရုန်းနိုင်အောင်၊ ရုန်းတဲ့အခါ လှည်းကနေ လွတ်ထွက်မသွားအောင် အဲ့ဒီဘွဲ့ကြိုးနဲ့ သိုင်းပေးကြရပါတယ်။

ကိုယ်တွေရထားတဲ့ဘွဲ့တွေဆိုတာလည်း အဲ့ဒီ"ဘွဲ့ကြိုး"တွေလိုပါပဲ။ ဘွဲ့တစ်ခုရပြီဆိုရင် ဘွဲ့ကြိုးတစ်ချောင်း လည်ပင်းလာချည်တယ်လို့ တွေးကြည့်လိုက်ပါ။ ဒါဆိုရင် ကိုယ့်အပေါ်မှာ ဝန်တွေပိုတင်ပြီး ပိုရုန်းရတော့မယ်ဆိုတာကိုပါ သတိရသွားပါလိမ့်မယ်။ လှည်းထမ်းပိုးအောက်မှာ ဘွဲ့ကြိုးနဲ့တပ်ထားပါလျက် မဆွဲတဲ့ မရုန်းတဲ့ နွားကိုတော့ နကပ်(နွားကပ်)၊ နပျင်း(နွားပျင်း)၊ နညံ့(နွားညံ့)အဖြစ် သတ်မှတ်ပြောဆိုတတ်ကြတာ ကြားဖူးပါတယ်။

အဓိကပြောချင်တာကတော့
#သင်ယူလေ့လာမှုပုံစံတွေ လမ်းကြောင်းတွေမတူလို့ ဘွဲ့တံဆိပ်တွေကွဲပြားသွားတာကို တမင်လိုက်ခွဲခြားပြီး တန်ဖိုးသတ်မှတ်ရမယ့် အရာတွေမဟုတ်ဘူးဆိုတာကိုပါ။

သိထားရမှာက ဘွဲ့ဆိုတာ အလုပ်တွေကို ဦးဆောင် လုပ်ပေးမယ့်အရာ မဟုတ်ပါဘူး။ အလုပ်တွေ ဦးဆောင်လုပ်နေတဲ့ ကိုယ့်နောက်ကိုသာ ဘွဲ့တွေက လိုက်လာရတာပါ။

"ဘာဘွဲ့တွေရထားသလဲ"ဆိုတာထက်
"ဘာအလုပ်တွေ လုပ်နေသလဲ" ဆိုတာကသာ
တကယ်တန်ဖိုးထားအပ်တဲ့ အရာတွေဖြစ်ပါတယ်။

ကိုယ်တို့ရဟန်းတော်တွေဘက်က ကိုယ့်ဘွဲ့ကို အမှီပြုပြီး ကိုယ့်ဂုဏ်တက်အောင် လုပ်တာထက် ကိုယ့်ကို အမှီပြုပြီး ကိုယ့်ဘွဲ့ဂုဏ်တက်အောင် လုပ်တာက ရေရှည်မှာ ပိုပြီးဂုဏ်သိက္ခာရှိမှာဖြစ်သလို-----------------------
ဒကာ-ဒကာမတွေဘက်ကလည်း
"ဘာဘွဲ့တွေရလို့ ကြည်ညိုတယ်" ဆိုတာမျိုးထက်
"ဘာအလုပ်တွေ လုပ်နေလို့ ကြည်ညိုတယ်"ဆိုတာက
ကိုယ့်သဒ္ဓါတရားကို ပိုခိုင်မြဲစေပါလိမ့်မယ်။

"ဂုဏဝန္တေ ပဿန္တိ ဇနာ"
(ဂုဏ်ရှိသူကိုသာ လူမြင်တယ်) တဲ့။
ဘွဲ့ဂုဏ် အောင်လက်မှတ်ဂုဏ်ထက်
ကြိုးစားအားထုတ်မှုဂုဏ်ကို မြင်အောင်ကြည့်နိုင်ကြပါစေ။

အရှင်ကောသလ္လ(ရေဦး)
၂၂၊ ၅။ ၂၀၁၇။

No comments:

Post a Comment