မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့ ခေမာသီဝံစာသင်တိုက်/ရန်ကုန်တိုင်းဒေသကြီး-မြောက်ဥက္ကလာပမြို့နယ်-ခေမာသီဝံကျောင်းတိုက်/လှည်းကူးမြို့နယ် ဣစ္ဆာသယရန်ကင်းကျောင်းတိုက်တို့၏ အဓိပတိမဟာနာယက ဆရာတော် ဘဒ္ဒန္တခေမိန္ဒမထေရ်မြတ်၏ သက်တော် (၇၀)ပြည့် မွေးနေ့ ဝိဇာတမင်္ဂလာနှင့် ဝိမုတ္တိရသကျောင်းဆောင် ရေစက်ချ အလှူတော်မင်္ဂလာပွဲ၌ ဟောကြားခဲ့သည့်----
ဘာ အကောင်းဆုံးလဲ? တရားတော်
*********************************************
သဗ္ဗဒါနံ အစတည်ထား ဒေသနာတရားကို ဒေဝါသိကြား နတ်အများက ပြဿနာလေးစု တောင်းပန်မှုကြောင့် ကြင်နာ သနား ပညာအားဖြင့် ဟောကြားလေရာ မြတ်ဗုဒ္ဓါ။
ဒေဝါအများ ပေါင်းစုငြား မှတ်သား တနေ့မှာ။
ပုစ္ဆာလေးဖြာ အဖြေရှာ ညီညာ ဆွေးနွေးရာ။
ပုစ္ဆာလေးချက် အဖြေခက် မေးလျက် နတ်ဒေဝါ။
နှစ်ပေါင်းမျာစွာ အဖြေရှာ မှန်စွာ မသိပါ။
လေးဖြာနတ်ထံ ချဉ်းကပ်ပြန် အမှန် မရပါ။
နတ်တို့သနင်း သိကြားမင်ထံ ဝင်ရောက်ပြန် တဖန် မေးလေတာ။
ဘုရားမှတပါး မသိငြား ခေါ်သွား ကျောင်းတော်သာ။
ဗုဒ္ဓရှေ့မှောက် နတ်တို့ရောက် မေးလျှောက်လေးရာ ပြဿနာ။
ပြဿနာလေးပါး အဖြေများ ဟောကြား မြတ်ဗုဒ္ဓါ။
မေး ဖြေ နှစ်တန် အကြောင်းကံ သုံးတန်တွဲမှတ်ပါ။
လိုက်နာမှတ်သား ကျင့်ကြံပွား အကျိုးများမည်သာ။
ထို့ကြောင့် များစွာ သူသူငါ သေချာမှတ်ကြပါ။
***************************************
မေး။ များစွာ ပေါင်းစု ဒါနမှုတွင် မည်သည့် ဒါန မွန်မြန်ပါသလဲ?
ဖြေ။ အလှူဒါန ရှိသမျှထက် ဓမ္မလှူသာ မွန်မြတ်ပါ၏။
အကြောင်း။ တရားစကား ကြားရမှသာ ပြုလာအလှူ ရယူဖိုလ်မဂ် ဤအချက်ကြောင့် မွန်မြတ်ပါ၏။
မေး။ လွန်စွာများပြား အရသာများတွင် မည်သည့် အရသာ မွန်မြန်ပါသလဲ?
ဖြေ။ လူ့ပြည်နတ်ရပ် ကောင်းအမြတ်ဟု သတ်မှတ်ထား ပါ အလုံးစုံသော အရသာထက် တရားအရသာ မွန်မြတ်ပါ၏
အကြောင်း။ ဗောဓိပက္ခိယ မြတ်ဓမ္မနှင့် မဂ္ဂဖလာ အရသာကား ကြားနာရုံပင် ကင်းစင်နီဝရဏ သမထနှင့် ဝိပဿနာ မြတ်ချမ်းသာကို ရရှိစေတတ် ဂုဏ်သကတ်နှင့် သံသရာဝဋ် ကျွတ်လွတ်စေတတ် ဂုဏ်သကတ်ကြောင့်သာ မွန်မြတ်ပါ၏။
မေး။ များစွာပေါင်းစု ပျော်ရွှင်မှုတွင် မည်သည့်အပျော် အမြတ်ခေါ်သလဲ?
ဖြေ။ -သားနှင့် သမီး ဇနီးမယား စီးပွားဥစ္စာ တူရိယာစသား ဝတ္ထုများဖြင့် ပျော်ပါးလွန်မင်း အလုံးစုံသော မွေ့လျော်ခြင်းထက်
တရားဟော တရားနာ ကျမ်းစာပို့ချ မြတ်ဓမ္မနှင့် သမထ.ဝိပဿနာ တရားနှစ်ပါး ကျင့်ကြံပွားသည့် များဘိပုဂ္ဂိုလ် လူထိုထို၏ ပျော်ပါးလွန်မင်း တရားတော်နှင့် မွေ့လျော်ခြင်းသာ မွန်မြတ်ပါ၏။
အကြောင်း။ တရားဟော တရားနာ ကျမ်းစာပို့ချ မြတ်ဓမ္မနှင့် သမထ.ဝိပဿနာ တရားနှစ်ပါး ကျင့်ကြံပွားကြောင့် ဖြစ်ရလေဘိ ထိုပီတိကား အရဟတ်ဆို ဆုံးမဂ်ဖိုလ်ကို ရရှိစေတတ် ဂုဏ်သကတ်ကြောင့်သာ မွန်မြတ်ပါ၏
မေး။ ကုန်ခြင်းများစွာ ရှိသည့်ဟာထက် တဏှာဟုဆို ကုန်ခြင်းကိုကား အမြတ်ခေါ်ဆို ဘယ်လိုကြောင့်လဲ?
ဖြေ။ ကုန်ခြင်းများစွာ ရှိသည့်ဟာထက် တဏှာခေါ်မှတ် ကုန်ခြင်းမြတ်ကား ထိုထိုဒုက္ခ ဟူသမျှကို တစမကျန် ပယ်လှန်သုတ်သင် အောင်ပွဲဆင်တတ် ဂုဏ်သကတ်ကြောင့်သာ မွန်မြတ်ပါ၏။
*********************************************
သိကြား အမေး
ကတရံ ဒါနံ ဒါနေသု သေဋ္ဌံ
ကတရော ရသော ရသေသု
ကတရာ ရတိ ရတီသု
တဏှာက္ခယောဝ ကသ္မာ သေဋ္ဌော
၁။ ဒါနေသု-ကြွင်းမဲ့ချက်ကုန် အလုံးစုံသော အလှူဒါနတို့တွင်
ကတရံ-အဘယ်သို့ သဘောရှိသော
ဒါနံ-အလှူဒါနသည်
သေဋ္ဌံ-အကောင်းဆုံးဖြစ်ပါသနည်း?
၂။ ရသေသု-လူ့ပြည်နတ်ရပ် ကောင်းအမြတ်ဟု သတ်မှတ်ထားပါ အလုံးစုံးသော အရသာတို့တွင်
ကတရော-အဘယ်သို့ သဘောရှိသော
ရသော-အရသာသည်
သေဋ္ဌော-အကောင်းဆုံးဖြစ်ပါနည်း?
၃။ ရတီသု-သားနှင့်သမီး ဇနီးမယား စီးပွားဥစ္စာ တူရိယာစသား ဝတ္ထုများဖြင့် ပျော်ပါးလွန်မင်း အလုံးစုံသော မွေ့လျော်ခြင်းတို့တွင်
ကတရာ-အဘယ်သို့ သဘောရှိသော
ရတိ-မွေ့လျော်ဖွယ်သည်
သေဋ္ဌာ-အကောင်းဆုံးဖြစ်ပါသနည်း?
၎။ တဏှာက္ခယောဝ-ကုန်ခြင်းများစွာ ရှိနေပါလျက် တဏှာခေါ်ငြား ကုန်ခြင်းတရားသည်သာလျှင်
သေဋ္ဌော-အကောင်းဆုံးဖြစ်ရပါသနည်း?
ရှင်တော်ဘုရား အဖြေ
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
သဗ္ဗရသံ ဓမ္မရသော ဇိနာတိ
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ
တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ
သဗ္ဗဒါနံ-ကြွင်းမဲ့ချက်ကုန် အလုံးစုံသော ဒါနထက်
ဓမ္မဒါနံ-တရားသဘော ဟောပြောကြည်ဖြူ တရားအလှူသည်
ဇိနာတိ-တရားစကား ကြားရမှသာ ပြုလာအလှူ ရယူဖိုလ်မဂ် ဤအချက်အကြောင့်သာ မွန်မြတ်ပါ၏။
သဗ္ဗရသံ-လူ့ပြည်နတ်ရပ် ကောင်းအမြတ်ဟု သတ်မှတ်ထားပါ အလုံးစုံသော အရသာထက်
ဓမ္မရသော-ဗောဓိပက္ခိယ မြတ်ဓမ္မနှင့် မဂ္ဂဖလာ တရားတည်းဟူသော အရသာသည်
ဇိနာတိ-ကြားနာရုံပင် ကင်းစင်နီဝရဏ သမထနှင့် ဝိပဿနာ မြတ်ချမ်းသာကို ရရှိစေတတ် ဂုဏ်သကတ်ကြောင့် မွန်မြတ်ပါ၏။
သဗ္ဗရတိံ-သားနှင့် သမီး ဇနီးမယား စီးပွားဥစ္စာ တူရိယာစသား ဝတ္ထုများဖြင့် ပျော်ပါးလွန်မင်း အလုံးစုံသော မွေ့လျော်ခြင်းထက်
ဓမ္မရတိ-တရားဟော တရားနာ ကျမ်းစာပို့ချ မြတ်ဓမ္မနှင့် သမထ.ဝိပဿနာ တရားနှစ်ပါး ကျင့်ကြံပွားသည့် များဘိပုဂ္ဂိုလ် လူထိုထို၏ ပျော်ပါးလွန်မင်း တရားတော်နှင့် မွေ့လျော်ခြင်းသည်
ဇိနာတိ- တရားဟော တရားနာ ကျမ်းစာပို့ချ မြတ်ဓမ္မနှင့် သမထ.ဝိပဿနာ တရားနှစ်ပါး ကျင့်ကြံပွားကြောင့် ဖြစ်ရလေဘိ ထိုပီတိကား အရဟတ်ဆို ဆုံးမဂ်ဖိုလ်ကို ရရှိစေတတ် ဂုဏ်သကတ်ကြောင့်သာ မွန်မြတ်ပါ၏။
တဏှက္ခယော-ကုန်ခြင်းများစွာ ရှိသည့်ဟာထက် တဏှာခေါ်မှတ် ကုန်ခြင်းမြတ်ကား
သဗ္ဗဒုက္ခံ-ထိုထိုဒုက္ခ ဟူသမျှကို
ဇိနာတိ-တစ မချန် ပယ်လှန်သုတ်သင် အောင်ပွဲဆင်တတ် ဂုဏ်သကတ်ကြောင့်သာ မွန်မြတ်ပါ၏။
*********************************************
ဒါနသည် အာမိသဒါန/ဓမ္မဒါနဟူ၍ နှစ်မျိုးရှိသည်။ ထိုတွင် အာမိသဒါနဟူသည်---
(က) ဝိနည်းဒေသနာတော်အရ အာမိသဒါန
၁။ ဆွမ်း
၂။ သင်္ကန်း
၃။ ကျောင်း
၎။ ဆေး-ပစ္စည်းလေးပါးတို့ကို လှူဒါန်းခြင်း
(ခ) သုတ္တန်ဒေသနာတော်အရ အာမိသဒါန
၁။ စားဖွယ်အမျိုးမျိုး
၂။ ဖျော်ရည်အမျိုးမျိုး
၃။ သိမ်/ ကျောင်း/ ဇရပ် စသည်
၎။ အဝတ်အထည် အမျိုးမျိုး
၅။ စီးစရာ ယာဉ်အမျိုးမျိုး
၆။ ပန်းအမျိုးမျိုး
၇။ လိမ်းချယ်စရာ နံ့သာအမှုန့်အမျိုးမျိုး
၈။ နံ့သာရည်အမျိုးမျိုး
၉။ ကုတင်/ညောင်စောင်း/အိပ်ရာခင်းစသည်
၁၀။ မီး အလင်းရောင်-တို့ကို လှူဒါန်းခြင်း
(ဂ) အဘိဓမ္မာဒေသနာတော်အရ အာမိသဒါန
၁။ ရူပါရုံ - ပန်းအလှ စသည် လှူဒါန်းခြင်း
၂။ သဒ္ဒါရုံ -ပရိတ်တော်များ ရွတ်ဖတ်ခြင်း
၃။ ဂန္ဓာရုံ - နံ့သာ အမျိုးမျိုး လှူဒါန်းခြင်း
၎။ ရသာရုံ -စားဖွယ် သောက်ဖွယ်အမျိုးမျိုး လှူဒါန်းခြင်း
၅။ ဖောဋ္ဌဗ္ဗာရုံ-အဝတ်အထည် အခင်း/သင်္ကန်း စသည် လှူဒါနခြင်း
၆။ ဓမ္မာရုံ-
၁။ သြဇဒါန -ပျားရည် ထောပတ်စသည် လှူဒါန်းခြင်း
၂။ ပါနဒါန -ဖျော်ရည် အမျိမျိုး လှူဒါန်းခြင်း
၃။ ဇီဝိတဒါန- ဆေးလှူဒါန်းခြင်း/ဘေးမဲ့လွှတ်ခြင်း
***************************************
ဓမ္မဒါနန္တိ ဓမ္မဒေသနာ
၁။ နိဗ္ဗာန်ရောက်ရန် ကျင့်စဉ်မှန်ကို
ဟောပြောပေးတတ်
ကုသိုလ်မြတ် ခေါ်အပ် ဓမ္မဒါ( ဓမ္မဒါန)
၂။ ပါဠိဘာသာ သင်ပေးတာ မှန်စွာ ဟောသည်မည်
အနက်မြန်မာ ဖွင့်ပြတာ မှန်စွာ ဟောသည်မည်
မေးခွန်းပုစ္ဆာ ဖြေပြတာ မှန်စွာ ဟောသည်မည်
ကမ္မဋ္ဌာန်းရှုရာ သင်ပေးတာ မှန်စွာ ဟောသည်မည်
တရားနာကြွပါ ဖိတ်ကြားတာ မှန်စွာ ဟောသည်မည်
၃။ အပြစ်မကင်း ကဲ့ရဲ့ခြင်းနှင့် ဆိုးကျိုးများစွာ
ဖြစ်စေရာ ခေါ်ပါ အကုသိုလ်
အပြစ်လည်းကင်း ချီးမွမ်းခြင်းနှင့် ကောင်းကျိများစွာ
ဖြစ်စေရာ ခေါ်ပါ ကုသိုလ်မည်
အကုသိုလ်ရှောင် ကုသိုလ်ဆောင်စေ
ဤနှစ်ထွေ ခေါ်လေ ဓမ္မဒါနမည်။
***************************************
အာမိသဒါနထက် ဓမ္မဒါနသာ အကောင်းဆုံး
**-***-**-**-**-**-**-**-**-**-**-**-**-**-
တရားတော် နာခွင့်ရမှသာလျှင်
၁။ ဒါန သီလ ဘာဝနာ တရားများကို ပြုလုပ် ဆည်ပူး အားထုတ်နိုင်ခြင်း
၂။ အရိယာမဂ်ကို ရရှိစေနိုင်ခြင်း-ဟူသော အကြောင်းကြောင့် အခြားအလှူထက် တရားအလှူက အကောင်းဆုံး ဖြစ်ရပေသည်။
*********************************************
အခြား အရသာထက် တရားအရသာသည် အကောင်းဆုံး
လူ့ပြည်ထင်ရှား ရှိနေငြားသည့် ဆန်းပြားအရသာ အဖြာဖြာနှင့် ဒေဝါအများ သုံးဆောင်ငြားသည့် သုဓာခေါ်ရာ အရသာသည် သံသာဆင်းရဲ ဝဋ်ငရဲတွင် ကျဆင်းစေကြောင်း အရသာပေါင်းတည်း။
ဗောဓိပက္ခိယ မြတ်ဓမ္မနှင့် မဂ္ဂဖလာ အရသာကား
သံသရာဝဋ် ကျွတ်လွတ်စေကြောင်း အရသာကောင်းတည်း။
နတ်သုဓာ (နတ်သုဒ္ဓါ)
နတ်တို့ သုံးဆောင်ခံစားကြသည့် နတ်သုဓာသည်
၁။ ခရုသင်းကဲ့သို့ ဖွေးဖွေးဖြူခြင်း
၂။ ကြည့်မဝ ရှုမဝဖြစ်ရခြင်း
၃။ အလွန် သန့်ရှင်း စင်ကြယ်ခြင်း
၎။ အလွန် ရနံ့ကောင်းခြင်း
၅။ ချစ်ဖွယ်သော အဆင်းရှိခြင်း တည်းဟူသောဂုဏ်တို့နှင့် ပြည့်စုံပေသည်။
ထိုနတ်သုဓာသည် ပမာဏအားဖြင့် သဖန်းသီးပမာဏရှိ၍ လက်တဆုပ်ခန့်သာ ကြီးမားသည်။
အဆိုပါ နတ်သုဓာကို သုံဆောင်ပြီးလျှင်-
၁။ ထမင်းဆာလောင်ခြင်း
၂။ ရေငတ်ခြင်း
၃။ မပျော်ရွှင်ခြင်း
၎။ ကိုယ်ပူပန်ခြင်း
၅။ စိတ်ပင်ပန်ခြင်း
၆။ အမျက်ဒေါသဖြစ်ခြင်း
၇။ ရန်ညှိုးဖွဲ့ခြင်း
၈။ ချောပစ်ကုန်းတိုက်ခြင်း
၉။ ငြင်းခုန် ခိုက်ရန်ဖြစ်ခြင်း
၁၀။ အေးလွန်းခြင်း
၁၁။ ပူလွန်ခြင်း
၁၂။ ပျင်းရိခြင်း တည်းဟူသော ပါပဓမ္မတို့ကို ပယ်ဖျောက်နိုင်သော စွမ်းအင်းသတ္တိအထူးရှိပေသည်။
*********************************************
အခြားအရာတွေနဲ့ ပျော်တာထက် တရားနဲ့ ပျော်တာ အကောင်းဆုံး
ဇနီး မယား သမီး သားနှင့် စီးပွား ဥစ္စာ
ကပွဲ သဘင် သီဆို တီးမှု အစုစုသည်
သံသာရှည်ကြောင်း အပျော်ပေါင်းတည်း။
တရားဟော တရားနာ ကျမ်းစာပို့ချ မြတ်ဓမ္မနှင့် သမထ.ဝိပဿနာ များစွာပေါင်းစု မွေ့လျော်မှုကား သံသရာတစ်ဘက်ကမ်း နိဗ္ဗာန်နန်းသို့ ပို့ဆောင်စေကြောင်း အပျော်ကောင်းတည်း။
ထို့ကြောင့်များစွာ သူသူငါတို့ သံသရာတစ်ဘက်ကမ်း နိဗ္ဗာန်နန်းသို့ ပို့ဆောင်ပေးတတ် ဂုဏ်သကတ်ကြောင့် တရားဟော တရားနာ ကျမ်းစာပို့ချ မြတ်ဓမ္မနှင့် သမထ ဝိပဿနာ မြတ်ဓမ္မာကို မကွာနေ့ည အားထုတ်ကြလော့။
*********************************************
တဏှာကုန်ရင် သံသရာစက်ဝန်း အပြီးရပ်တယ်
သတ္တဝါတွေကို သံသရာ ဝဲဂယက်မှာ ကြိမ်ဖန်များစွာ ကျင်လည်စေသော တရားခံမှာ တဏှာဖြစ်ပေသည်။ တဏှာကြောင့် ဒုက္ခများစွာ ဖြစ်ပေါ်လာရပေသည်။ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ ဟောကြားထားသည့်မှာ တဏှာဦးဆောင်သော ပစ္စုပ္ပန် အကြောင်းတရားငါးပါး(တဏှာ ဥပဒါန် ကမ္မဘဝ အဝိဇ္ဇာ သင်္ခါရ)ကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အနာဂတ် အကျိုးတရားဖြစ် ဆက်လက်ဖြစ်ပေါ်လာရသည်ဟု ဟောကြားထားပေသည်။
သို့ဖြစ်ရာ တဏှာသည် သံသရာကို ရှည်ကြာစေသော အရင်းခံ အကြောင်းတရားဖြစ်ပေသည်။
တဏှာ မကုန်သေးသမျှ သံသရာမှာ ကျင်လည်နေရဦးမှာ ဖြစ်ပေသည်။
သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်လိုသူတိုင်းသည် တဏှာကုန်ကြောင်း အကျင့်မြတ်ကို ကျင့်ကြံအားထုတ်ရမည်ဖြစ်ပေသည်။
"တဏှာကုန်ရန် သတိပဋ္ဌာန် ဧကန်ကျင့်ရမည်"ဟူသော စကားအရ တဏှာကုန်ဆုံးဖို့ရာ သတိပဋ္ဌာန် အကျင့်မြတ် ကျင့်စဉ်ကို အားထုတ်ရပေမည်။
***************************************
ကာယ ဝေဒနာ စိတ် ဓမ္မာ လေးဖြာရှုဖွယ်တွေ-----
၁။ ကိုယ်အမူအရာ ဖြစ်တိုင်းမှာ မှန်စွာရှုရမည်
(ကာယာနုပဿနာသတိပဋ္ဌာန်)
၂။ ကောင်း ဆိုး လတ်ပါ ဝေဒနာ မှန်စွာရှုရမည်
(ဝေဒနာနုပဿနာသတိပဋ္ဌာန်)
၃။ စိတ်အမူအရာ ဖြစ်တိုင်းမှာ မှန်စွာရှုရမည်
(စိတ္တာနုပဿနာသတိပဋ္ဌာန်)
၎။ သဘောတရာ ဖြစ်ပေါ်ငြား မှတ်သားရှုရမည်
(ဓမ္မာနုပဿနာသတိပဋ္ဌာန်)
၁။ ဝိပဿနာ ဥာဏ်ဆိုတာ ဘယ်ဟာရှု၍ဖြစ်သနည်း
၂။ စွဲလမ်းနိုင်ရာ ငါးခန္ဓာ မှန်စွာ ရှု၍ဖြစ်သတည်း
၃။ ဘယ်အကျိုးငှာ ထိုခန္ဓာ ဘယ်ခါ ရှုရပါသနည်း
၎။ မစွဲဖို့ရာ ဖြစ်ဆဲပါ မှန်စွာ ရှုရပါသတည်း
၅။ ဖြစ်ခိုက်မရှု ရုမ်နာမ်စု စွဲမှုဝင်ရောက်သည်
၆။ မြဲတယ် ကောင်းတယ် ငါကောင်းနှယ် တကယ်ထင်တတ်သည်
၇။ ဖြစ်ခိုက်မှတ်ရှု ရုပ်နာမ်စု စွဲမှုကင်းပျောက်သည်
၈။ မမြဲ ဆင်းရဲ သဘောပဲ ဥာဏ်ထဲရှင်းတော့သည်
၉။ စွဲမှုကင်းပျောက် မဂ်လမ်းပေါက် ဆိုက်ရောက်နိဗ္ဗာန်ပြည်
No comments:
Post a Comment