Saturday, November 11, 2017

ပခုက္ကူနိကာယ နှင့် ပခုက္ကူစာချနည်းစတင်သူ ရေစကြိုဆရာတော် ရှင်ဂန္ထသာရ (1833 - 1914)

ပခုက္ကူနိကာယ နှင့် ပခုက္ကူစာချနည်းစတင်သူ
ရေစကြိုဆရာတော် ရှင်ဂန္ထသာရ (1833 - 1914)

                   ရှင်ဂန္ထသာရသည် သိမ်သမုတ်မှလွဲ၍ သာမှု နာမှု ဆွမ်းစားမလိုက်ဘဲ ပရိယတ္တိစာပေကိုသာ အစဉ်မပျက် ပို့ချခဲ့ရာ တပည့်ရဟန်း သံဃာ ၄၀၀ ခန့် အထိ တိုးပွားလာသည်။ 1896 တွင် ရေစကြိုမြို့
တစ်မြို့လုံး မီးဘေးသင့်ရာ ရဟန်းသံဃာများအတွက် ဆွမ်းကွမ်းခက်ခဲမှု ကြုံတွေ့လာ၍ ပခုက္ကူမြို့သို့ ပြောင်းရွေ့သီတင်းသုံးတော်မူခဲ့သည်။ရှင်ဂန္ထသာရသည် လမ်းခရီးမှာပင် တပည့်ရဟန်းများအား ခေတ္တ နားစဉ် စာပေပို့ချတော် မူခဲ့သည်။

       ပခုက္ကူ သို့ဆိုက် ရောက်လျှင် ဦးရွှေတောင်အမှုးရှိသော ရပ်မိရပ်ဖများကပ န်းစွာ တိုက်ဆရာတော် ရှင်လင်္ကာဒီပ ထံ လျှောက်ထား၍ ပန်း စွာတိုက်တွင် ပရိယတ္တိစာပေ ပို့ချတော်မူခဲ့သည်။ ပန်းစွာတိုက်တွင် စာချနေစဉ်ကာလ ကင်္ခါဝိတရဏီ အဋ္ဌကထာနိသျ နှင့် ကင်္ခါဝိတရဏီ စာစပ် | ပကိဏ္ဏစာစပ်များ ပြုစုတော်မူသည်။

ပန်းစွာတိုက်တွင် စာလိုက်သံဃာ ၂၀၀ခန့်ရှိသည်။ 1903 ခုနှစ်တွင်  ပခုက္ကူမြို့ ဒါယကာ ဒါယိကာမများ စုပေါင်း၍ ကျောင်းတိုက်သစ်ဆောက်လုပ်လှူဒါန်းရာ တပည့်ကြီးများဖြစ်သော ရှင်ပညာ| ရှင်နန္ဒိယ |
ရှင်အဂ္ဂဓမ္မ(အဘယာရာမ ဆရာတော်) ရှင်သူန္ဒရတို့ နှင့်တိုင်ပင်၍ သံဃိက အလှူအဖြစ် လက်ခံသည်။

ကျောင်းတိုက်အမည်ကို သာသနာပိုင်ဆရာတော် ဦးညေယျ၏
တိုက်တော်ကို အမည်ယူ၍ " မဟာဝိသုတာရာမ တိုက်" ဟုခေါ်တွင်စေသည်။

ရှင်ဂန္ထသာရသည် မဟာဝိသုတာရာမတိုက်တွင် ပခုက္ကူစာချနည်း ဖြင့်
ပရိယတ္တိစာပေပို့ချ ခဲ့ရာ စာမေးပွဲကို အားမပေး အောက်တန်းအခြေခံသဒ္ဒါ  အဘိဓာန် ကျမ်းစာများကို အချိန်မယူဘဲ ဘုရားဟောပါဠိတော်များနှင့်တိုက်ရိုက် တွေ့ထိစေသောနည်းဖြစ်သည်။

1903 ခုနှစ်မှာပင် ရေစကြိုမြို့ အောင်မြေသာယာကျောင်း တိုက်အတွင်း၌ ကျောင်းသစ်ဆောက်လုပ်၍ ရှင်ဂန္ထသာရအား လှူဒါန်းရာ လက်ခံယူပြီး တပည့်ရှင်စာရိန္ဒ အား လွဲပြောင်း တာဝန်ယူစေခဲ့သည်။

ရှင်ဂန္ထသာရ၏ ပရိယတ္တိစာပေဂုဏ်ရည်ကြောင့် 1912 တွင် တောင်ခွင်သာသနာပိုင်ဆရာတော်မှတဆင့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ဆက်ကပ်ရန် လျှောက်ထားမှုကိုငြင်းပယ်ခဲ့သည်။

ရှင်ဂန္ထသာရသည် သာသနာပိုင်ရှင်ညေးယျ၏ မိန့်မှာချက် အတိုင်း ပစ္စည်းလေးပါးကို မငဲ့ကွက် ပရိတ်ရွတ်ဆွမ်းစဉ်မလိုက်ဘဲ ပိဋကတ်သုံးပုံ
နိကာယ်ငါးဖြာကို ပခုက္ကူစာချနည်းဖြင့် ပရိယတ္တိသာသနာပြုခဲ့ရာ နောင်အခါ ပခုက္ကူနိကာယ(1936)အမည်ဖြင့် ပေါ်ထွန်းစေခဲ့သည်။

* ""ပခုက္ကူ စာသင်နည်းဆိုသည်မှာ သာသနာပိုင်ရှင်ညေယျ၏ စာပေ ပို့ချနည်းကို အခြေခံ၍ နိကာယ်ငါရပ် ပိဋကတ်ငါးပုံကို ပါဠိ| အဋ္ဌကထာ|
ဋီကာတွဲ၍ ပို့ချသောနည်းဖြစ်သည်။

      ထူးခြားသည်မှာ သင်ရိုးပိဋကတ်ကျမ်းတို့ကိုသာမက ကျမ်းအိပ်နိကာယ်  ကြီးများကိုပါ မချွင်းမချန် သင်ကြားပေး  ခြင်းဖြစ်သည်။**"

ထို့ကြောင့် စာသင်သားရဟန်းလောကတွင် ''ပခုက္ကူ မရောက်သေးလျှင် စာမတတ်သေး ''ဟုဆိုရိုးပြုကြသည်။

ရှင်ဂန္ထသာရသည် ပခုက္ကူ စာချနည်းကို တီထွင်ခဲ့ရုံသာမက ဒီဃနိကာယ် ပါဠိတော်( ၃ )ကျမ်း နိဿ     ယ| မဇ္ဈိမနိကာယ် ( ၃ )ပါဠိတော် နိဿ     ယ|
သံယုတ္တနိကာယ် ပါဠိတော် (၅ )ကျမ်း နိဿ     ယ| အင်္ဂုတ္တရ နိကာယ် ပါဠိတော်(၁၁)ကျမ်း နိဿ     ယ| ပါရာဇိကဏ်ပါဠိတော် နိဿ     ယ| ပါစိတ်ပါဠိတော်နိဿ     ယ| မဟာဝါ ပါဠိတော် နိဿ     ယ| မဇ္ဈိမနိကာယအဋ္ဌကထာ( ၃ )ကျမ်းနိဿ     ယ| ဇာတ်အဋ္ဌကထာ နိဿ     ယ| ပါရာဇိကဏ် အဋ္ဌကထာနိဿ     ယ| ပါစိတ်အဋ္ဌကထာ နိဿ     ယ|ကင်္ခါဝိတရဏီ အဋ္ဌကထာ စာစပ်| ပကိဏ္ဏကစာစပ်တို့ကို ပြုစုတော်မူခဲ့သည်။ ပမာဏအားဖြင့် ပေထုပ်( ၅၀ )ခန့်ဖြစ်သည်။

1914 အောက်တိုဘာ 4 တနင်္ဂနွေနေ့  နေ့လယ် ၂
နာရီတွင် ရှင်ဂန္ထသာရသည် ပခုက္ကူ မဟာဝိသုတာ
ရာမတိုက်၌ တစ်ဘဝတစ်ခန္ဓာ ချုပ်ငြိမ်းခဲ့ပါသည်။
မပျံလွန်မီ နေ့လယ် ၁၂ နာရီတွင် ဝိနည်းမဟာဝါ
ပါဠိတော်ကို အဋ္ဌကထာနှင့်တွဲ၍ ပို့ချတော်မူခဲ့သည်။။
          
                  *****        ***                    *******
#ညွှန်း=မောင်ဇေယျ - ပခုက္ကူနိကာယနှင့် ပခုက္ကူ
            စာချနည်းစတင်သူ ရေစကြိုဆရာတော်
           ရှင်ဂန္ထသာရ  (သူရဇ္ဇမဂ္ဂဇင်း/2004-ဇူလိုင်လ)

No comments:

Post a Comment