ပိုလ်အယူအဆများ
========
❆ ဒွတိံ္တသပလဂုလပိဏ္ဍပရိမာဏော(ကင်္ခါ.၈၉၊၀ိ၃ဋ္ဌ-၃၁၉)၌ပါသော ပလ-ပိုလ်အရ ယူပုံအမျိုးမျိုး(အလေးချိန်အမျိုးမျိုး)ရှိသည်။
❆ ၃၂-ပိုလ်အရ
ဤ၌၃၂-ပိုလ် တင်လဲခဲပမာဏဟူရာဝယ် နိမိတ်ကျောက်တုံးသည်၊ ၃၂-ပိုလ်လေးလျှင် အပ်သည်ဟုဆိုလိုသည်မဟုတ်၊ ၃၂-ပိုလ်ချိန်ရှိသော တင်လဲခဲနှင့်အရွယ်တူသော ကျောက်ခဲဟုသာ ဆိုလိုရင်း ဖြစ်လေသည်။
၃၂-ပိုလ်ဟူရာ၌ "ပိုလ်"နှင့်ပတ်သက်၍ အယူအဆ အမျိုးမျိုးရှိသည်ကို တွေ့ရသည်၊ ဝိနယသာရဂဏ္ဌိ(၃၂၀)၌ ရွှေဥမင်ဆရာတော်ဘုရားကား ၁-ပိဿာကို ၁-ပိုလ်ဟူ၏။ ဆရာတို့ကား အကျပ်၅၀-ဆယ်ကို ၁-ပိုလ်ဟူကုန်၏။ကေစိတို့ကား၅-ကျပ်ကို ၁-ပိုလ်ဟူကုန်၏။ အညေတို့ကား အကျပ်လေးဆယ်ကို တစ်ပိုလ်ဟူကုန်၏။"ဟု ဝါဒအမျိုးမျိုးတို့ကို ထုတ်ဖေါ်ပြ၍ ``အလုံးစုံသော ဝါဒ၌ပင် ဝိပတ္တိဖြစ်ခြင်း၏ အကြောင်းမထင်´´ဟု ဆုံးဖြတ်ချက် ချတော်မူလေသည်။
ယခုခေတ် ဆရာတော်အများကမူ ဤပိုလ်မှာ အိန္ဒိယနိုင်ငံ အသုံးအနှုန်းဖြစ်၏။ "ထို့ကြောင့် အိန္ဒိယကျမ်းတို့၌လာသော အဆိုအမိန့်ကို ဂရုပြုရမည်ဖြစ်၏။ အိန္ဒိယသက္ကတကျမ်းတို့၌လည်း တစ်ပိုလ်လျှင် ဒင်္ဂါးကျပ်ချိန် ၄ိသားရှိကြောင်း၊(အမရကောသ၁၉-၈၆နှင့်ဝါစပ္ပတိစသည်) ယင်းလည်း ရှေးကျမ်းဂန်များအလို ၄-တိုလာ´ဆေးကျမ်းအလို၈တိုလာ´လောကသုံးအားဖြင့် ၃တိုလာ၂ပဲ၈ရွေးရှိသည်ဟု သတ်မှတ်သင့်ကြောင်း၊ သို့မဟုတ် အမှတ်ရလွယ်ရန် ၄ိ-ဟု သတ်မှတ်သင့်ကြောင်း မိန့်ဆိုကြသည်၊ (ပိုလ်အဆုံးအဖြတ်အကျယ်ကို တိပေဋက ဝိနိစ္ဆယကျမ်း ပဌမတွဲ၊ အဘိဓာန်နိဿယသစ်တို့မှာ ကြည့်ပါရန်)။
ပိုလ်အရ ၁-ပိဿာဟူသည်ကို နှစ်သက်သော ဆရာတော်တို့အလို ၃၂ပိဿာ အလေးချိန်ရှိသော တင်လဲခဲပမာဏ ရှိရမည်ဖြစ်၍ လူ၎ယောက်၊ ၅ယောက်ထက် မနည်းချီမ´ရလောက်အောင်လေးသော ကျောက်တုံးကြီးမျိုးသာ နိမိတ်လောက်သည်ဟု ယူရန်ဖြစ်ပါသည်။ ၄ိသားဟုယူသော ဆရာတော်တို့အလိုမူ တင်လဲ၁၂၈ိသား ပမာဏရှိရမည်ဖြစ်၍ ယခုအခါ သုံးလေ့သုံးထရှိသော နိမိတ်မှတ်တိုင်လုပ်သည့် ကျောက်တိုင်များ ကျောက်နိမိတ်လောက်သည်ဟု မှတ်ယူရန်ဖြစ်တော့သည်။
"မန်လည်ဆရာတော်ဘုရားကြီးသည် မိုးတားမြို့ ဘုရားကြီးကျောင်းတိုက် သိမ်ကိုရေနိမိတ်ဖြင့် သမုတ်ရာ တွင်းတစ်ခု ရေမနေ၍ ယခုရောင်းချသော သိမ်ကျောက်တိုင်မျိုးကိုပင် ကျောက်နိမိတ်ပြုလုပ်၍ သမုတ်တော်မူဖူးသည်၊ ထိုဆရာတော်ဘုရားကြီးသည်ပင်လျှင် ရွှေဂူမြို့ အင်ကြင်းတောရသိမ်ကို ရေနိမိတ်ဖြင့်သမုတ်ရာ တွင်းတစ်ခုရေမနေ၍ ဓားသွေးသည့် ကျောက်တုံးကိုစိုက်၍ ကျောက်နိမိတ်ဖြင့်ပြုလုပ် သမုတ်တော်မူဖူးသည်" ဟုလည်း နဘက်ဆရာတော်ကြီး အမိန့်ရှိသည်ကို မှတ်သားထားသော စစ်ကိုင်းတောင် ကျစွာချောင်ဆရာတော်ကြီးမှတ်တမ်းအရ သိရသည်။ မဃဒေဝလင်္ကာသစ်၌လည်း မန်လည်ဆရာတော်ဘုရားကြီးသည် တစ်ပိုလ်လျှင် "လေးကျပ်မျှ" ရှိကြောင်း မိန့်တော်မူပါသည်။
"လူ့ဘောင်ခေါ်ရေး၊ ကျမ်းလာရှေးက၊ လေးရွေးတစ်ပဲ၊ ထိုပဲနှစ်ဆယ်၊ မှတ်ဖွယ်တစ်ကျပ်၊ တစ်ရပ်လည်းကောင်း၊ ရွေးပေါင်းစင်စစ်၊ သုံးဆယ့်နှစ်မူ၊ ခေါ်လစ်နာမ၊ ကလဉ္စမှန်၊ ဆယ်ပြန်ကလဉ္စ၊ လေးကျပ်မျှဖြင့်၊ မဂဓပိုလ်(ပိုဒ်ရေ-၃၀၅)
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ´အဋ္ဌသာလိနီအဋ္ဌကထာတို့၌အာရုပ္ပအခန်းဝယ် အရူစိတ်တို့အဆင့်ဆင့်သိမ်မွေ့သွားပုံကို ပြရာ၌ အလျားအနံတူ ၄ပိုလ်စီး၊ ၃ပိုလ်စီး၊ ၂ပိုလ်စီး၊၁ပိုလ်စီး ပုဆိုးတို့ဖြင့် ဥပမာပြုသည်ကို တွေ့ရ၏၊ ထို၌`သာဋိကာ´ဟု ဆိုသဖြင့်လည်းကောင်း၊ အလျားအနံတူဟု ဆိုသဖြင်လည်းကောင်း၊ ပိတ်အုပ်မဟုတ်နိုင်၊ ပိတ်အပိုင်းအစသာဖြစ်ရာ ထိုအဝတ်အစသည် ၄ပိဿာ ၃ပိဿာ ၂ပိဿာ ၁ပိဿာ လေးသည်ဟု ယူရလျှင် ဖြစ်နိုင်ဖွယ်မရှိ၊ ၁၆ကျပ်သား ၁၂ကျပ်သား ၈ကျပ်သား ၄ကျပ်သား ရှိသည်ဟု ယူမှသာ ယုတ္တိရှိရာသည်။
(ယထာစ ဧကာယ ဣတ္ထိယာ တန္တိတထူသဏှသဏှတရတဏှတမသုတ္တာနံ စတုပလတိပလဒွိပလဧကပလသာဋိကာ အဿု အာယာမေန´ဝိတ္ထာရေန စ သမပ္ပမာဏာ၊ ဘိဋ္ဌ၁-၂၅၅)။
ထို့အပြင် ဝေဿန္တရာဇာတ်၊ တိဿတ္ထေရဂါထာတို့၌ ရွှေပိုလ်ချိန်တစ်ရာဖြင့် ပြုလုပ်အပ်သောခွက်ဖြင့် စားသောက်ခဲ့ဖူးသည်ကို ဆိုရာဝယ် ပိုလ်အရ ပိဿာဟုယူဆလျှင် စားခွက်သည် ပိဿာတစ်ရာ အလေးချိန်ရှိနေမည်ဖြစ်၍ မဖြစ်နိုင်သောကြောင့်လည်း တစ်ပိုလ်လျှင် ၄ကျပ်သားခန့်ယူသော ဝါဒသည်သာ၍ သင့်မြတ်ဖွယ်ရှိသည်ဟု ယူသင့်ပါသည်။
များစွာသော ဆရာတို့ကား ပိုလ်အရ ၄ကျပ်သားယူသည်ကို နှစ်သက်ကြ၏၊ သို့သော် ကျောက်နိမိတ်လုပ်ရာ၌ကား အများသံသယကင်းရှင်းစေရန်လည်းကောင်း၊ လိုသည်ထက်ပို၍ကြီးသော်လည်း အပြစ်မရှိနိုင်သောကြောင့်လည်းကောင်း ကြီးမားသောကျောက်တုံးကြီးများကိုပင် ကျောက်နိမိတ်ပြုလုပ်တော်မူကြလေသည်၊ ကျောက်နိမိတ်အရာ၌ ကျောက်ခဲ သံတွေခဲများသာဆိုခဲ့ပြီး ပမာဏရှိလျှင် နိမိတ်လောက်သည်၊ အုတ်ခဲကား ကြီးသော်လည်းမအပ်၊ နိမိတ်မလောက်သော၊ သေးငယ်သောကျောက်ခဲများကို စုပုံထားလျှင်လည်း နိမိတ်မလောက်ပင်၊ မြေမှုန့်ပုံ သဲပုံတို့ကား ဆိုဖွယ်ပင်မရှိ၊ နိမိတ်မလောက်သာဟု မှတ်အပ်၏။
(သိမ်သင်တန်း၊ နှာ-၂၉၊ အရှင်သီလာနန္ဒာဘိဝံသ)
❆ မြန်မာအဘိဓာန်(၄၄၇)၌ ၅-ကျပ် =၁-ပိုလ် ဟူ၍တွေ့ရသည်။
❆ ပိုလ်- လေးကျပ်သား ရှိသောဝန်
``လရေးတပိုင်၊ သက်တင်ကိုင်းတည့်၊ ကွန့်လှိုင်းစက်ရှိန်၊ ပိုလ်ထောင်ချိန်ဖြင့်´´အာသံ- ၂၄။
လူ့ရွာခေါ်ရေး၊ ငါးရွေးတစ်ပဲ၊ ဆယ့်ခြောက်ပဲမူ၊ မှတ်ယူတစ်ကျပ်၊ လေးကျပ်တစ်ပိုလ်၊ ယင်းပိုလ်တစ်ထောင်၊ တင်ဆောင်ပိုက်ထွေး၊ ဆရာလေးဖြင့်၊ မဃ၊၄၄၆။
တပိုလ်ဟူသည် လေးအသပြာရှိသည်၊ တသပြာဟူသည်ကား ဒင်္ဂါးတပြားပင်တည်း။ ဥတု-၈၉။
စားတော်ခေါ်ရာဖြစ်သော ရွှေလင်းပန်းသည် ရွှေစင်အချိန်ပိုလ်တစ်ရာရှိ၏။(ဇဇာတ်-၆၇)။ တင်ပြီးသော လေးညှို့အလယ်၌ နှစ်ထောင်ပိုလ်လေးဘာရကိုချည်၍ လေးရိုးကိုချီလတ်သော် လေးညှို့အလယ်နှင့် လေးရိုးအလယ်ကြားသည် မြားနှင့်ရှည်ခွင်လည်းကျယ်အံ့၊ ဘာရလည်းမြေမှမကြွအံ့၊ ဤလေးသည် ဒွိသဟဿထာမမည်၏(အဋ္ဌ၊ဒု၊ ၁၇၇)ဤသို့ပိုလ်ချိန်နှစ်ထောင်တင်သောလေးကိုသာ ဒဠှဓနုဒွိသဟဿထာမဟူ၍ တွေ့ဘူးချေသည်။ သဟဿထာမမှာ လူဗိုလ်ခြေအရေအတွက် တထောင်လည်းတစ်ချက် လူတထောင်ဆောင်အပ်သောဝန်ကို ဆောင်နိုင်သည်လည်းတစ်ချက် နှစ်နည်းလာသည်။
(သမန်း၊ပ၊၃၄။ ပါ-ပလ)
(ဦးထွန်းမြင့်၊ ပါဠိသက်ဝေါဟာရအဘိဓာန်၊၁၇၄)
❆ လောကဿ၊ လူအပေါင်း၏၊ ဝိမတိံ၊ တွေးတောခြင်းကို၊ ပလတိ၊(ဘူဝါဒိ)ပါလေတိ၊(စုရာဒိ) စောင့်ရှောက်တတ်၏၊ ဣတိ ပလော-(ပိုလ်)မည်၏။ ထိုပိုလ်သည် ဧကပလံနာမ ဒသကာဠဉ္စန္တိ ဝဒန္တိ= တစ်ပိုလ်လျှင် ဆယ်ကာဠဉ္စရှိ၏ဟု ဋီကာဆို၏။ တစ်ကာဠဉ္စကို မည်မျှရှိ၏ဟု မပြခဲ့၊ လောကီကျမ်းတို့၌ကား"တစ်ပိုလ်သည် အချိန်လေးကျပ်သားရှိ၏" ဟု တညီတညွတ်တည်းဆို၏။
၃၂-ပိုလ်ဟူသည် ၁၂၈ကျပ်သား အချိန်ရှိ၏။ ထိုမျှအချိန်စီးသော ထန်းလျက်(ကြံသကာ)အခဲကို "ဒွတိံ္တသပလဂုဠပိဏ္ဍ"ဟုဆိုသည်။ ထိုသကာခဲနှင့်အရွယ်ညီမျှသော ကျောက်တုံးသံတုံးသည် အငယ်ဆုံး ကျောက်တိုင် နိမိတ်တည်း။ ထိုအရွယ်မှစ၍ ဆင်လောက်မကြီးသေးသမျှကျောက်သည်၊ ကျောက်နိမိတ်တွင် ပါဝင်နိုင်၏။ "ဆင်လောက်ကြီးလျှင် တောင်နိမိတ်ဖြစ်သွားသည်"ဟူလို၊ ကျောက်တုံးမဟုတ်ဘဲ ကျောက်ဖျာဖြစ်မူ အလွန်ကြီးသော်လည်း တောင်မဟုတ်တော့ရကား ကျောက်နိမိတ်တွင် ပါဝင်ရလေသည်။ သို့ရာဝယ် ကျေက်ာဖျာတစ်ပိုင်းကို သိမ်တွင်းသွင်းလိုလျှင် ထိုကျောက်ဖျာကို နိမိတ်မလုပ်ရ။
(ကင်္ခါဘာဋီ=ပ/၄၉)
❆ ပလ၊န၊(ပလ+အစ်)၊ကောတ္ထုဘ။ လောကဿ ဝိမတိံ ပါလေတိ ဆိန္ဒတိ သောစေတိစာတိ ပလ၊(ဓာတွတ္ထ)။ ပိုလ်၊ လေးကျပ်သားအလေးချိန်။(ဓာတွတ္ထပန်းကုံး၊ ၃၁၄)
❆ ဒွတိံ္တသပလဂုဠပိဏ္ဍပရိမာဏောဟူသော စကား၌ ဩဋ္ဌဇတတိယက္ခရာဗနှင့် ဗလဟုရှိသည်ကား မသင့်၊ ဩဋ္ဌဇပထမက္ခရာပနှင့် ပလဟုရှိသည်သာ အသင့်ဖြစ်သတည်း။ ထို့ကြောင့် ဓာတုမာလာ စုရာဒိဂိုဏ်း လကာရန္တဓာတ်(၃၄၄)၌ ပလမူလလ၀နပဝနေသု။ လ၀နံဆေဒနံ ပ၀နံ သောဓနံ၊ ပါလေတိ ပါလယတိ၊ ပလံ။ ပလံနာမ၊ မာနဝိသေသော။ လောကဿ ဝိမတိ ပါလေတိ လုနာတိသောဓေတိစာတိ ပလံဟု မိန့်အပ်၏။ အဘိဓာန်ဋီကာ(၄၈၀)၌လည်း ပလ ပထေစ ဂတိမှိဟု မိန့်အပ်၏။ ဒွတိံ္တသပလတွင် တစ်ခုသောပလဟူသည်ကား ကာကဏိကမတ္တံနာမ ဒိယဍ္ဎဝီဟီတိ ဝဒန္တိဟု ကင်္ခါဋီကာသစ် နိဿဂ္ဂိယပတ္တ၀ဂ်ပထမသိက္ခာပုဒ်အဖွင့်လာရှိသည်နှင့်အညီ သာလိယေဝ ဂေါဓုမကင်္ကုဝရကကုဒြူသက=ဤစပါးခြောက်မျိုးမှကြွင်းသော ဝီဟိမည်သော စပါးတစ်လုံးနှင့် တစ်ဝက်တစ်ခြမ်းသည် ကာကဏိကတစ်ချင်းရွေးမည်၏၊ ကာကဏိကဟူသည် ရွေးနီကြီးတည်း။ ဤရွေးနီကြီးနှစ်လုံးသည် တစ်မာသကတစ်ပဲတည်း။ ပဲတစ်ဆယ်သည် အက္ခတစ်ခုတည်း၊ အက္ခရှစ်ခုသည် ဓရဏတစ်ခုတည်း။ ဓရဏဆယ်ခုတို့သည် ပလတစ်ခုတည်း၊ တစ်ပိဿာတည်း။
အဘိဓာန်(၄၇၉)၌ကား စတ္တရော ဝိဟယော ဂုဉ္ဇာ ဒွေဂုဉ္ဇာ မာသကော ဘဝေဟာသော စကားဖြင့် စပါးလေးလုံးသည် တစ်ဂုဉ္ဇတစ်ချင်းရွေးမည်၏ဟုပြ၏။ ဤနှစ်ဝါဒတို့တွင် ဝိနည်းအရာဖြစ်၍ ဂရုက၌တည်သင့်ရကား ကင်္ခါဋီကာသစ်လာဝါဒကိုသာလျှင် မှတ်ယူကြရာသတည်း။
ဒွတိံ္တသပလဂုဠပိဏ္ဍပ္ပမာဏတာ တုလတာယ ဂဟေတဗ္ဗာ န တုလဂဏနာယ(တေရသကဏ်ဋီကာ)၊ တုလတာယ- ချိန်အပ်သောဝန်၏အဖြစ်ဖြင့်ဟုအနက်ပေး၊
ထို့ကြောင့် ဝိမတိဝိနောဒနီ၌ တေရသကဏ်ဋီကာ၏အဓိပ္ပါယ်ကိုပြသောအားဖြင့် ဒွတိံ္တသပလဂုဠပိဏ္ဍပ္ပမာဏတာ သဏ္ဌာနတော ဂဟေတဗ္ဗာ ဟုမိန့်အပ်၏။ သဏ္ဌာနတော တင်လဲဆိုင်သဏ္ဌာန်အားဖြင့်။
(စလင်းဂဏ္ဌိ၊ ဒု၊ ၄၄၁)
ဗဟုသုတရကြပါစေ။
No comments:
Post a Comment