Monday, November 6, 2017

(ဓမ္မဒါန အလှူတော်)


(ဓမ္မဒါန အလှူတော်)
============

ဆရာတော်ဦးဝီရသူ မန္တလေး၊ အိုးဘိုတက္ကသိုလ်(မော်စကို)မှာ ရေးသားခဲ့သော သာသနာ့ မိခင်ကြီး အမည်ရှိသော ပရိယတ္တိ သာသနဟိတအသင်းကြီး ဂုဏ်ပြုဆောင်းပါးကို စာအုပ်အဖြစ် ထုတ်ဝေရန် မန္တလေးမြို့၊ မန်းမြို့ဈေး၊ ရွှေမန်းမေအထည်ဆိုင် ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ မိသားစုက အလှူငွေ (၁)သိန်းကျပ် ဆက်ကပ်လှူဒါန်းစဉ်။ (22.11.2016)
အလှူရှင်မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည်
ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။

သာသနာ့မိခင်ကြီး စာအုပ်လေးကို မနက်ဖြန် အမျိုးသားနေ့ (24.11.2016)မှာ ကျင်းပမည့် ဂုဏဝိသိဋ္ဌ အဘိဝံသဘွဲ့ရဆရာတော်များ ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားမှာ ဓမ္မဒါနအဖြစ် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
အွန်လိုင်းပရိသတ်ကြီးအားလည်း ဝေမျှပေးလိုက်ပါတယ်။
----------------------------------------------------------------------------------------------------------

“သာသနာ့ မိခင်ကြီး ”

လူ့အဖွဲ့အစည်းတစ်ခု (သို့မဟုတ်) လူသားမျိုးနွယ်စုတစ်ခု အဓွန့်ရှည် တည်တန့်နိုင်ဖို့အတွက် လူတစ်ဦးတစ်ယောက်ချင်းအနေဖြင့် ကျန်းမာဖို့ အသက်ရှည်ဖို့ မျိုးဆက်ပွားဖို့ လိုအပ်ပါသည်။
လူသားကျန်းမာရေး
လူသားအားလုံးကျန်းမာမှသာ အသက်ရှည်နိုင်မည်ဖြစ်ပြီး ကျန်းမာမှသာ မျိုးဆက်သစ်များ မွေးဖွားပေးနိုင်မည် ဖြစ်ပေသည်။ ကျန်းမာရေးသည် လူသားမျိုးနွယ်ကြီးတစ်ခုလုံးအတွက် အခြေခံကျသော အချက်တစ်ခုဖြစ်သကဲ့သို့ အရေးကြီးသည့် အချက်တစ်ချက်လည်း ဖြစ်ပေသည်။ ဤသည်ကို ရည်ရွယ်၍ W.H.O (Word Health Organization) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း လူသားတို့ကျန်းမာရေးအတွက် တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
လူသားအသက်ရှည်ရေး
လူသားမျိုးနွယ်အတွက် ကျန်းမာခြင်းသည် အရေးကြီးသကဲ့သို့ အသက်ရှည်ခြင်းသည်လည်း အရေးကြီးလှပေသည်။ ကျန်းမာသော်လည်း အသက်မရှည်ခဲ့ပါမူ ပျူလူမျိုးတို့ကဲ့သို့ လျင်မြန်စွာ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်ပေသည်။ တရုတ်နိုင်ငံ၏ ကျန်းမာရေးစစ်တမ်းတွင် အသက် ၄၀ ၀န်းကျင် လူရွယ်လူလတ်များ အသေအပျောက်များနေသည်ကို တွေ့ရှိရသဖြင့် W.H.O မှ သမားတော် ပါမောက္ခကြီးများကွင်းဆင်း၍ အသက်ရှည်စွာအနာမဲ့ရေး ကျန်းမာရေးအသိပညာပေး ဟောပြောမှုများ ပြုလုပ်နေရပေသည်။ မျက်မှောက်ကမ္ဘာပေါ်တွင် ပျမ်းမျှအသက်ရှည်ဆုံးလူမျိုးမှာ ဂျပန်လူမျိုးဖြစ်သည်ကို တွေ့ရှိရပေသည်။ ဂျပန်လူမျိုးများ၏ အသက်ရှည်နည်းများကို W.H.O က သုတေသနပြုလေ့လာပြီး ကမ္ဘာ့နိုင်ငံများသို့ လက်ဆင့်ကမ်း ကုသိုလ်ပြုနေကြောင်းလည်းသိရပါသည်။ သို့ဖြစ်၍ အသက်ရှည်ခြင်းနှင့် ကျန်းမာခြင်းသည် လူသားအားလုံးအတွက် အမြဲတန်း ဒွန်တွဲနေရမည့် ဆုလာဘ်ကြီးတစ်ခုဖြစ်ပေတော့သည်။
လူသားမျိုးဆက် ပြန့်ပွားရေး
ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်းသည် ခွဲခြား၍မရကောင်းသော အရေးကြီးသော အင်္ဂါရပ်များဖြစ်သကဲ့သို့ မျိုးဆက်သစ်တို့မွေးဖွားနိုင်ခြင်းသည်လည်း လူ့အဖွဲ့အစည်းတစ်ခု၊လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံအတွက် မဖြစ်မနေရှိနေရမည့် အရေးကြီးသော အင်္ဂါရပ်တစ်ခုဖြစ်လေသည်။ကျန်းမာပါလျက် အသက်မရှည်ခြင်းသည် မျိုးသုဉ်းပျောက်ကွယ်စေနိုင်သကဲ့သို့
အသက်ရှည်ပါလျက် မကျန်းမာခြင်းကလည်း မျိုးဆက်ပြန့်ပွားမှုကို ဆုတ်ယုတ်စေပါသည်။ထို့အတူ အသက်ရှည်စွာ ကျန်းမာပါလျက် မျိုးဆက်သစ်တို့မမွေးဖွားနိုင်ပါကလည်း အဆိုပါ လူမျိုးနွယ်စုအား အနှေးနှင့်အမြန် မျိုးသုဉ်းပျောက်ကွယ်သွားစေနိုင်ပါသည်။
ယနေ့ကမ္ဘာ၌ နိုင်ငံအများစုသည် မျိုးဆက်သစ်တို့ မွေးဖွားနှုန်းကျဆင်းမှုနှင့် ရင်ဆိုင်နေရပေသည်။ ဥရောပအစိုးရများက မွေးဖွားနှုန်းနိမ့်ကျမှုကို ပြောင်းပြန်လှန်ပစ်ရန် ဧရာမကြိုးပမ်းမှုများ ပြုလုပ်နေသည်ကို တွေ့ရှိရပေသည်။ ထိုသို့ကြိုးပမ်းသည့် နိုင်ငံများတွင် အာရှမှ ဂျပန်နှင့် အရှေ့တောင်အာရှမှ စင်္ကာပူတို့လည်းပါဝင်သည်ကို တွေ့ရှိရပေသည်။ ထိုနိုင်ငံများနှင့် ထိုလူမျိုးများ အဓွန့်ရှည်စွာရပ်တည်နိုင်ဖို့အတွက် သက်ဆိုင်ရာအစိုးရများအနေဖြင့် “ခေါင်းကိုက်” လျက်ရှိပေသည်။ထိုဘေးရန်ကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ကိုယ်ဝန်ဆောင်မိခင်များအား အထူးအခွင့်အရေးပေးခြင်း၊ဆုငွေများ ထိုက်တန်စွာချီးမြှင့်ခြင်း၊မွေးကင်းစကလေးများ၏ အထူးဂရုစိုက်စောင့်ရှောက်ခြင်း၊ကလေးငယ်များ၏ ကုန်ကျစရိတ်ကို နိုင်ငံတော်ကတာဝန်ယူခြင်းဖြင့် အနာဂတ်၏မျိုးဆက်သစ်များကို မွေးမြူနေကြရပေသည်။

သာသနာ့ မိခင်ကြီး
မြန်မာနိုင်ငံ၏ ပရိယတ္တိ၊ပဋိပတ္တိနယ်ပယ်၌ ထင်ရှားစွာသာသနာပြုနေသည့် ဆရာတော်အများစုမှာ “သကျသီဟ အသင်းကြီး”ဟု အများသိနေကြသော “ပရိယတ္တိသာသနဟိတအသင်းကြီး” က မွေးထုတ်ပေးလိုက်သော သားကောင်းဇာနည်များဖြစ်သည်ကို တွေ့ရှိရပေသည်။ ပရိယတ္တိသာသနဟိတ အသင်းကြီးသည် ကျနုပ်တို့၏ မိခင်ကြီးဖြစ်၏။ ကျနုပ်တို့ “အဘိဝံသ”(မျိုးဆက်သစ်) များကို နှစ်စဉ်မွေးထုတ်ပေးနေသော “သာသနာ့မိခင်ကြီး” ဖြစ်၏။ ကျနုပ်တို့ “အဘိဝံသ” (မျိုးဆက်သစ်ရဟန်းတော်) များသာမက နိကာယ်ဆောင် ရဟန်းတော်များ၊ “သာမဏေ အလင်္ကာရ”(သာသနာ့ပျိုးပင်လေး) များကိုပါ နှစ်စဉ်မွေးထုတ်ပေးနေသော မိခင်ကြီးဖြစ်၏။ ထိုမိခင်အသင်းကြီးသည် ထေရ၀ါဒသာသနာ၏ မူလချက်မသဖွယ်ဖြစ်သော မြန်မာနိုင်ငံ၏ အသက်သွေးကြောသဖွယ် အရေးပါအရာရောက်သော အသင်းကြီးတစ်သင်းပင်ဖြစ်ပါသည်။

မိခင်အရေးသုံးပါး
ထိုမိခင်ကြီး သာသနာ့အာဇာနည်များ စဉ်ဆက်မပြတ် ဆက်လက်မွေးထုတ်ပေးနိုင်ဖို့အတွက် မိခင်ကြီး၏ ကျန်းမာရေး၊အသက်ရှည်ရေး၊မျိုးဆက်ပြန့်ပွားရေးတို့ကို ကျနုပ်တို့အားလုံးက တာဝန်ယူရမည်ဖြစ်ပေသည်။ မိခင်ကြီးကျန်းမာဖို့အတွက် အသင်းဥက္ကဋ္ဌကြီး ဦးဟန်ထွန်းမှစ၍ သင်းမ လူကြီးများ၊ စာရေးစာချီများတိုင်အောင်သော အဖွဲ့ဝင်အားလုံး ညီညွတ်ဖို့လိုအပ်လှပေသည်။ ညီညွတ်ခြင်းသည် ကိုယ်၏ညီညွတ်ခြင်း ကာယသာမဂ္ဂီ၊ စိတ်၏ ညီညွတ်ခြင်း စိတ္တသာမဂ္ဂီ၊ကိုယ်စိတ်နှစ်ပါးတို့၏ ညီညွတ်ခြင်း ဥဘယသာမဂ္ဂီ ဟူ၍ (၃)မျိုးရှိပေသည်။ ကိုယ်အားဖြင့်ညီညွတ်ခြင်းနှင့် စိတ်အားဖြင့်ညီညွတ်ခြင်း ကာယသာမဂ္ဂီ၊စိတ္တသာမဂ္ဂီတို့ကို “ညီညွတ်ခြင်း” ဟု ခေါ်ဆို၍ ကိုယ်စိတ်နှစ်ပါးလုံး ညီညွတ်ခြင်းကို “စည်းလုံးခြင်း”ဟုခေါ်ပါသည်။ ညီညွတ်ခြင်းသည် ခွန်အားနည်းခြင်း “ဒုဗ္ဗလ လက္ခဏာ” ရှိ၍ စည်းလုံးခြင်းသည် ခွန်အားကြီးခြင်း “ဗလ၀ လက္ခဏာ” ရှိပါသည်။
အသင်းဝင် ဦးရေပေါင်းအယောက် (၁၀၀) ရှိရာတွင် အစည်းအဝေးကျင်းပသည့်အခါတိုင်း၌ (၇၅) ယောက်သာ တက်ရောက်ကြပြီး ကျန် (၂၅) ယောက်က အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်သမျှကို သဘောတူပါကြောင်း ဆန္ဒပေးပြီး အစည်းအဝေးမတက်ကြပါမူ ၄င်းတို့သည် စိတ္တသာမဂ္ဂီများသာ ဖြစ်ပါသည်။ စိတ်အားဖြင့် သဘောတူပြီး ကိုယ်အားဖြင့် အစည်းအဝေး မတက်ရောက်သူများဖြစ်ပါသည်။ အသင်းဝင်ဦးရေ (၁၀၀) ယောက်လုံး တက်ရောက်ဆွေးနွေးကြရာတွင် အယောက် (၅၀) က ထောက်ခံပြီး အယောက် (၅၀) က ကန့်ကွက်လျှင်မူ ၄င်းတို့ကို ကာယသာမဂ္ဂီဟူ၍သာ ခေါ်ရပါသည်။ ကိုယ်အားဖြင့် တက်ရောက်ကြပြီး စိတ်အားဖြင့် သဘောထားမတိုက်ဆိုင်ကြသူများ ဖြစ်ပါသည်။ အစည်းအဝေး တက်ရောက်သူများ အယောက် (၁၀၀) လုံးက တညီတညွတ်တည်း စိတ်တူကိုယ်တူ သဘောတူစွာ ဆုံးဖြတ်ကြပါမူ ကိုယ်စိတ်နှစ်ပါးလုံး ညီညွတ်ကြသူများဟု ခေါ်ဆိုရပါမည်။ ထို့ကြောင့် ကိုယ်ရောစိတ်ပါ ညီညွတ်ခြင်း ဥဘယသာမဂ္ဂီကို စည်းလုံးခြင်းဟု ခေါ်ခြင်းဖြစ်ပါ၏။ ယင်းစည်းလုံးခြင်းသည် ခွန်အားကြီးခြင်း၊(အားရှိခြင်း) ဟု ဆိုလိုခြင်းဖြစ်ပါသည်။
ကာယသာမဂ္ဂီဖြစ်ပါလျက် စိတ္တသာမဂ္ဂီမဖြစ်၍ ငှက်မုဆိုးလက်တွင်းသို့ကျရောက်ရသော ငုံးငှက်အပေါင်းကိုလည်းကောင်း၊ စိတ္တသာမဂ္ဂီဖြစ်ပါလျက် ကာယသာမဂ္ဂီမဖြစ်၍ အစည်းအဝေးမထမြောက်သော အသင်းအဖွဲ့များ၊ ကျရှုံးရသော စီးပွားရေးကုမ္ပဏီများကိုလည်းကောင်း၊ ဥဘယသာမဂ္ဂီဖြစ်၍ ငှက်မုဆိုးလက်အတွင်းမှ လွတ်မြောက်ခဲ့ကြသော ငုံးငှက်အပေါင်းကိုလည်းကောင်း တွေ့ရှိကြရပေမည်။

ဝိသမ၀ါဒီ မညီညွတ်ခြင်း၊ မျိုးဆွေသင်းတို့၊ ချင်းချင်းမမျှ၊ ကွဲပြားကြလည်း၊ ရှေးကငုံးပေါင်း၊ ပျက်စီးကြောင်းတည့်၊ ထုံးဟောင်းမှတ်ယုံ၊ ရေးပုံတ၀၊ ရွှေဥာဏ်ဆ၍၊ သားလှသည်းအူ၊ သတိမူလော့။
(မဃ၊ ၂၁၉) (ဧကနိပါတ်၊ ကုလာဝက၀ဂ်၊ သမ္မောဒမာနဇာတ်)
မေတ္တာရှေ့ထား၊ မရငြားသော်၊ ကျားနှင့်ဆိတ်မ၊ စိတြဂီဝါ၊ များစွာခိုသင်း၊ ငုံခပင်းတို့၊ မကြွင်းကိုယ်စီ၊ ပိုက်ကိုချီသို့၊ ညီညီညာညာ၊ သက်စွန့်ရာ၏။
(မဃ-၂၂၁) (ဧကနိပါတ်၊ ကုလာဝက၀ဂ်၊ သမ္မောဒမာနဇာတ်)

အသင်းလူကြီးများ ခွန်အားရှိမှ အသင်းကြီးကျန်းမာမည် ဖြစ်သည်။ အသင်းကြီးကျန်းမာရေးအတွက် အသင်းလူကြီးများ အမြဲတမ်း စည်းလုံးနေရပေမည်။ ထင်းချောင်းများ၏ စည်းလုံးခြင်းစွမ်းအားကြောင့် ထင်းအစည်းလိုက်ဆိုလျှင် အလွယ်တကူ အချိုးမခံရနိုင်လောက်အောင် စည်းလုံးခြင်း၌ ခွန်အားရှိသည်ကို သဘောပေါက်ထိုက်ပေသည်။ အသင်းကြီးများ အမြဲတမ်းစည်းလုံးရန်အတွက် အသင်းလူကြီးတစ်ဦးချင်း၊ တစ်ယောက်ချင်း၌ တာဝန်သိစိတ်ကိုယ်စီ ကိန်းဝပ်နေရပေမည်။ လုပ်ငန်းပြီးမြောက်အောင်မြင်လိုစိတ် တစ်ခုတည်းသာ ရှိရမည်။ ပုဂ္ဂိုလ်ရေးရာ ပြဿနာများကို ခန်းမထဲသို့ ယူမလာဘဲ ဓမ္မဋ္ဌာန်ကျကျ ဆောင်ရွက်နိုင်ရပေမည်။

မိခင်ကြီး အသက်ရှည်ရေး
သာသနာ့မိခင်ကြီး မည်တွင်သော ကျွန်ုပ်တို့၏ အသင်းကြီးက အသက်ရှည်ဖို့အတွက် အပရိဟာနိယတရား(၇) ပါးကို လက်ကိုင်ထားရပေမည်။ အပရိဟာနိယ ဟူသည် မဆုတ်ယုတ်ကြောင်း  မကျရှုံးကြောင်း ၊ ထာဝရတည်မြဲကြောင်း၊ စဉ်ဆက်မပြတ် ရပ်တည်ရှင်သန်ကြောင်း တရားဖြစ်ပေသည်။

ထိုတရားများမှာ
သန္နိပါတော သမဂ္ဂေါစ၊ ပညတ္တိပဋိပဇ္ဇနံ ။
သုဝေစော စ အသယှေစ၊ ဗလိဂုတ္တိ စ သတ္တိမေ ။
(၁) သန္နိပါတ - အစည်းအဝေး မပြတ်ကျင်းပ၍ ဆွေးနွေးတိုင်ပင်ခြင်း ။
(၂) သမဂ္ဂ - ဘေးထိုင် ဘုပြောသူမရှိဘဲ ကိုယ်ရောစိတ်ပါ ညီညွတ်ခြင်း ။
(၃) ပညတ္တိပဋိပဇ္ဇနံ - ရှေးထုံးကို မပယ်ခြင်း၊ 
(ရှေးသူဟောင်း သူကောင်း ပညာရှိတို့ ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း ဆောင်ရွက်ခြင်း )
(၄) သုဝစ - ဆိုဆုံးမ လွယ်ခြင်း ။
(၅) အသယှေ - ကြီးနိုင် ငယ်ညှဉ်း (အနိုင်ကျင့်)မှု မရှိခြင်း ။
(၆) ဗလိ - တရားနှင့်အညီ ဗလိနတ်စာပေးခြင်း။ သမ္မုတိနတ်ကို ပူဇော်ခြင်း။
(၇) ဂုတ္တိ - ရဟန်းသံဃာကို တရားနှင့်အညီ စောင့်ရှောက်ခြင်းဟူ၍  ဖြစ်ပါသည်။
တစ်နည်းအားဖြင့် အပရိဟာနိယတရား (၇) ပါးဟူသည်မှာ
(၁) ဗုဒ္ဓဂါရ၀တာ - ဘုရား၌ ရိုသေခြင်း ။
(၂) ဓမ္မဂါရ၀တာ - တရား၌ ရိုသေခြင်း ။
(၃) သံဃဂါရ၀တာ - သံဃာ၌ ရိုသေခြင်း ။
(၄) သိက္ခာဂါရ၀တာ - သိက္ခာ၌ ရိုသေခြင်း ။
(၅) သမာဓိဂါရ၀တာ - သမာဓိ၌ ရိုသေခြင်း ။
(၆) ကလျဏမိတ္တတာ - မိတ်ဆွေကောင်း ရှိခြင်း ။
(၇) သောဝစဿတာ - ဆိုဆုံးမ လွယ်ကူသူဖြစ်ခြင်းတို့ ဖြစ်ပါသည်။

ဤအပရိဟာနိယတရားကို အမြဲတမ်း လိုက်နာသူများသည် အသင်းအဖွဲ့ဖြစ်လျှင်လည်း မည်သည့်အခါမှ မပျက်စီးပေ၊ စီးပွားရေးသမား ဖြစ်လျှင်လည်း မည်သည့်အခါမှ မကျရှုံးပေ၊ ခေါင်းဆောင်တစ်ယောက်ဖြစ်လျှင်လည်း မည်သည့်အခါမှ အရေးမနိမ့်ပေ။ ထို့ကြောင့် အသင်းကြီးထာဝရ ရပ်တည် ရှင်သန်နိုင်ရေးအတွက် အသင်းလူကြီးများအနေဖြင့် အပရိဟာနိယတရား (၇) ပါးကို လက်ကိုင်ကျင့်သုံးရပေမည်။

အသက်ရှင်ပါလျက် မကျန်းမာပြန်လျှင်လည်း မျိုးဆက်မပွားနိုင်သကဲ့သို့ ကျန်းမာပါလျက် အသက်မရှည်ပြန်လျှင်လည်း မျိုးဆက်ပြုန်းတီးသွားနိုင်ပေသည်။ အသက်ရှည်ခြင်းနှင့် ကျန်းမာခြင်း၊ ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်းသည် ကျွန်ုပ်တို့၏ မိခင်ကြီးဖြစ်သော ဤအသင်းကြီးအား အညမည သဘောတရားဖြင့် အပြန်အလှန် ကျေးဇူးပြုနေဖို့ လိုအပ်လှပေသည်။

မိခင်ကြီးမွေးဖွားနိုင်ရေး
အသက်ရှည်ခြင်း၊ ကျန်းမာခြင်းနှင့် ပြည့်စုံသော်လည်း တစ်ခါတစ်ရံတွင်မူ မထင်မှတ်သောနေရာမှ အမှတ်မထင်ဝင်လာတက်သော ဘေးရန်များနှင့်လည်း တွေ့ကြုံရတတ်ပါသည်။ ထိုအခါမျိုး၌ သက်ရှည်ကျန်းမာပါလျက် မျိုးဆက်သစ် သာသနာ့အာဇာနည်များ မွေးဖွားဖို့ အခက်ကြုံရသည်လည်း ရှိတတ်ပါသည်။ ထိုအခါမျိုးတွင် ဆရာနှင့်ဒကာ ညီညာစွာလက်တွဲ၍ လူလည်းလူအလျောက် လူနှင့်ပတ်သက်သည့် ကျင့်ဝတ်များ၊ ရဟန်းလည်း ရဟန်းအလျောက် ရဟန်းနှင့်ပတ်သက်သည့် နည်းစနစ်များကို ကျင့်သုံးခြင်းအားဖြင့်လည်းကောင်း အားထုတ်ရမည်ဖြစ်ပေသည်။

ထို့သို့ အားထုတ်ရာတွင် တယောဓမ္မဇာတ်တော်လာ
(က) ဒက္ခ - ပညာနှင့်ယှဉ်သော မြတ်သော လုံ့လ
(ခ) သူရ - ရဲရင့်ခြင်း
(ဂ) ပညာ - ထိုးတွင်းမြင်သိပညာရှိခြင်းဟူသော ရန်အောင်ကြောင်း တရား(၃)ပါးကို ကျင့်သုံးဖို့ လိုအပ်ပါသည်။
လိမ္မာရဲခြင်း၊ ထိုးထွင်းပညာဉ်၊ မြဲယှဉ်အပြား၊ ဤသို့အားဖြင့်၊ တရားသုံးဖြာ၊ ရန်အောင်ရာ၏။
( ဇာ၊ ၁၄ ၊ ဋ္ဌ ၊ ၁ ၊ ၂၉၈ ၊ မဃ ၊၂၀၉ )
ထို့အပြင်
(က) သစ္စာ - တော်မှန်ခြင်း၊
(ခ) ဓမ္မ - တရားကျွမ်းကျင်သိမြင်ခြင်း၊
(ဂ) ၀ီရိယ - အားထုတ်ခြင်း၊
(ဃ) စာဂ - ကိုယ်နှင့်တန်လျှင် ကိုယ်ကိုစွန့်ခြင်း၊ ဥစ္စာနှင့်တန်လျှင် ဥစ္စာကိုစွန့်ခြင်းဟူသော ရန်အောင်ကြောင်း တရား(၄)ပါးကို လိုက်နာပြုလုပ်ဖို့ လိုအပ်လှပေသည်။သစ္စံဓမ္မ၊ ၀ီရိယနှင့်၊ စာဂဟူသည်၊ ရန်သူအောင်ကြောင်း၊ ကျင့်ကောင်းလေးပါး၊ စသည့်အားဖြင့်၊ တရားမလစ်၊ မင်းမူရစ်လော့၊ မင်းစစ်ဓမ္မတာ၊ မချွတ်ရာဘူး။
(၀ါနရိန္ဒဇာတ်၊ဇာ၊၁။၁၄။ဋ္ဌ။၁။၂၉၆။မဃ။၂၂၂)

ထို့အပြင် တစသာရဇာတ်တော်နှင့်အညီ မန်လည်ဆရာတော် လမ်းညွန်တော်မူသော အောက်ပါစကားဖြင့်လည်း အမှုကိစ္စအောင်မြင်အောင် ဆောင်ရွက်ရမည်။
လူ၏အလျောက်၊ ရံခါဖောက်၍၊ မျက်မှောက်ဘေးရန်၊ ဖြစ်ခဲ့ပြန်သော်၊ မန္တန်စုပ်ဘိ၊ ပညာရှိနှင့်၊ နှိုင်းညှိတိုင်ပင်၊ ချစ်ခင်စရာ၊ သာယာစကား၊ ပဏ္ဏာဖြား၍၊ ပေးငြားတံစိုး၊ ဆွေမျိုးဆက်နွယ်၊ဤငါးသွယ်ဖြင့်၊ ကိုယ်ဝယ်ရောက်လာ၊ မှုရေးရာ၌၊ ချမ်းသာရမြဲ၊ မလွဲမှန်လှ၊ သို့မရမူ၊ ကမ္မသကာ၊ ငါ့ကံသာဟု၊ ကြမ္မာကိစ္စ၊ ကံကိုချလော့။
(ပဉ္စကနိပါတ်၊ ၀ဏ္ဏာရောဟ၀ဂ်၊ တစသာရဇာတ်၊ ဇာ၊၁။၁၃၁။ဋ္ဌ။၃။၁၉၀။မဃ။၂၈၃)

အဿတိုရ်မြင်းသည် မီးဖွားပြီးလျှင်သေရ၏။ အသက်သေမှာကြောက်၍ ကိုယ်ဝန်မလွယ်ပါက အဿတိုရ်မြင်းမျိုး တိမ်ကောသွားနိုင်သည်။ ဤသို့လျှင် အသေခံ၍ မျိုးဆက်များထားခဲ့သော အဿတိုရ်မြင်းမျိုးကို အားကျထိုက်ပေသည်။

ထို့အတူ နောက်လိုက်မျောက်အပေါင်း ချမ်းသာရေးအတွက် အသက်စွန့်၍ ကယ်တင်ခဲ့သော ကျနုပ်တို့၏ ဗုဒ္ဓလောင်းလျာ ကပိရာဇာကိုလည်း ကြည်ညိုထိုက်နည်းယူထိုက်ပေသည်။ ကျနုပ်တို့သည် ဘုရားသားတော်များဖြစ်သည့်အားလျော်စွာ အသက်သွေးပေါင်း အသင်္ချေ့ အသင်္ချေကို စတေးပြီး တည်ထောင်ခဲ့သော မြတ်စွာဘုရား၏ သာသနာတော်ကို ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ ကာကွယ်ထိုက်လှပါသည်။ သာသနာ့မိခင် အသင်းကြီးမှ သာသနာ့အာဇာနည်မျိုးဆက်များ မွေးဖွားပေးနိုင်ဖို့အတွက် ဘုရားလောင်းမျောက်မင်းလို ခေါင်းဆောင်ကောင်းပီသဖို့ လိုအပ်ပါသည်။

အယူမထောင့်၊မှန်စွာဖြောင့်၍၊ဖြောင့်ဖြောင့်သားသား၊မထွေပြားဘဲ၊ခါးနှင့်နွယ်ဆက်၊မြစ်တစ်ဘက်သို့၊အသက်စွန့်ကာ၊သတ္တ၀ါကို၊ချမ်းသာဆောင်ငြား၊မျောက်မင်းလားသို့။
( သတ္တကနိပါတ်၊ ဂန္ဓာရ၀ဂ်၊ မဟာကပိဇာတ်။ မဃ။၂၈၂)

ကိုယ်အား၊ဥာဏ်အား၊အသက်အားဖြင့်၊စွမ်းအားအလျောက်၊မပျက်ပျောက်အောင်၊စောင့်ရှောက်ထိုက်လှပေသတည်း။

ကိုယ်ကျင့်သိက္ခာကို အခြေခံ၍ မြန်မာ့သာသနာ၌ -
ထူးချွန်သော အာဇာနည်များ
ထက်မြက်သော အာဇာနည်များ
ထင်ရှားသော အာဇာနည်များ
ကျော်ကြားသော အာဇာနည်များ
ရဲရင့်သော အာဇာနည်များ
စွမ်းနိုင်သော အာဇာနည်များ
စွန့်စားသော အာဇာနည်များကို နှစ်စဉ်မွေးဖွားပေးနေသော “ပရိယတ္တိသာသနဟိတအသင်းကြီး”
အမည်တွင်သော ကျနုပ်တို့၏ သာသနာ့မိခင်ကြီးသည် သက်ရှည်၊ကျန်းမာ၊ဘေးရန်ကွာ၍၊အာဇာနည်များ၊ စဉ်လာအားဖြင့် မွေးဖွားပေးနိုင်ပါစေသတည်း။
(၀ီရသူ)မစိုးရိမ်
ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
မန္တလေး အိုးဘိုထောင်တွင် ရေးသားသည်။

အသင်းကြီးရာပြည့်ပွဲအမီ ရေးသားခဲ့သည့်စာမူကို ၁၃၇၈ ခု၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ 24.11.2016 အမျိုးသားနေ့မှာကျင်းပမည့် ပရိယတ္တိသာသနဟိတအသင်းကြီး(သာသနာ့မိခင်အသင်းကြီး)၏ ၀ဋံသကာနှင့် အဘိဝံသ ဂုဏ၀ိသိဋ္ဌ (ထပ်ဆင့်) ဂုဏ်ပြုပူဇော်ပွဲ အထိမ်းအမှတ်အဖြစ် ထုတ်ဝေဖြစ်ပါသည်။

“နယုန်လ သီးခြားစာအောင် သံဃာတော်များ”
၁၂၆၀-ခုနှစ်၊ အသင်းကြီးတည်ထောင်ပြီးနောက် နယုန်လ စာလျှောက်မေးခမ်း စာမေးပွဲကို ၁၂၆၅-ခုနှစ်မှစ၍ ကျင်းပခဲ့ရာ ယခု ၁၃၇၈-ခုနှစ်အထိ အကြိမ်ပေါင်း (၁၁၀)အတွင်း
သီးခြားစာချတန်းအောင် အဘိဝံသဘွဲ့ရ ၃၉၈-ပါး၊
သီးခြားစာသင်တန်းအောင် ၆၅၄-ပါး၊
စုစုပေါင်း သာသနာ့အာဇာနည် ၁၀၅၂-ပါး ပေါ်ထွန်းခဲ့ပါသည်။

ပရိယတ္တိသာသနဟိတအသင်းကြီးကို ၁၂၆၀ (1899) ခုနှစ်မှာ တည်ထောင်ခဲ့ပါသည်။
၁၃၆၀ (1999) ခုနှစ်မှာ ရာပြည့်အခမ်းအနား ကျင်းပခဲ့ပါသည်။
၁၂၆၅ (1903) ခုနှစ်မှာ ပရိယတ္တိသာသနဟိတ စာမေးပွဲကြီး စတင်ကျင်းပခဲ့ပါသည်။
၁၃၆၅ (2003) ခုနှစ်မှာ စာမေးပွဲကျင်းပခြင်း ရာပြည့်အထိမ်းအမှတ် ကျင်းပခဲ့ပါသည်။
ယခုနှစ် ၁၃၇၈ 2016 ခုနှစ်မှာ စာမေးပွဲအကြိမ်ပေါင်း (၁၁၀)ပြည့်ခဲ့ပြီ ဖြစ်ပါသည်။
စတင်ကျင်းပသည့် ၁၂၆၅ (1903)ခုနှစ်မှ စတင်ရေတွက်လျှင် (၁၁၃) ကြိမ်မြောက် အရေအတွက် ပြည့်ရမည် ဖြစ်သော်လည်း စစ်ဘေးကြောင့် ရပ်နားခဲ့ရသဖြင့် (၁၁၀)ကြိမ်သာ ကျင်းပခဲ့ရပါသည်။

အဆိုပါ စာမေးပွဲအကြိမ်ပေါင်း (၁၁၀)မှာ
သီးခြားစာသင်တန်းအောင်မြင်သူ ၆၅၄-ပါးရှိသော်လည်း
သီးခြားစာချတန်းအောင် အဘိဝံသဘွဲ့ရသူမှာ ၃၉၈-ပါးသာ ရှိသည်ကိုထောက်သဖြင့် နှစ်ပေါင်း ၁၁၀ အတွင်းမှာ စာသင်တန်းအောင်ပြီး စာချတန်းမအောင်သူ ၂၅၆ ပါး ရှိကြောင်း တွေ့ရှိရပါသည်။
သတ်မှတ်ထားသည့် အသက်ပြည့်သဖြင့် မအောင်မြင်ခြင်း၊
ဆက်လက်မဖြေဆိုတော့သဖြင့် မအောင်မြင်ခြင်း၊
ပရိသုဒ္ဓပြုသွားသဖြင့် ဆက်လက်မဖြေတော့ခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။

အကြောင်းအမျိုးမျိုးကြောင့် ဆက်လက် မဖြေဆိုတော့သူများအတွက် ပြောစရာမရှိသော်လည်း ဤအသင်းကြီးမှ ဆက်ကပ်သော ပရိယတ္တိသာသနဟိတ (သကျသီဟ) ဓမ္မာစရိယ- အဘိဝံသ ဘွဲ့တံဆိပ်တော်ကို အမြတ်တနိုးတန်ဖိုးထားလျက် အလေးအနက် တစိုက်မတ်မတ် ကြိုးစားအားထုတ်ကြကုန်သော အရှင်ကောင်းအရှင်မြတ်တို့ ကျမ်းပြီးအောင်မြင်ခြင်းမရှိသဖြင့် အဘိဝံသဘွဲ့ မရရှိဘဲ ဤအသင်းကြီးမှ ပျောက်ဆုံးသွားသည်မှာ လွန်စွာ နှမြောတသ ဖြစ်ခဲ့ရပါသည်။
သာသနာတော်အတွက် ကြီးမားသော ဆုံးရှုံးမှုကြီးပင်တည်း။   ။

“ဝဋံသကာ ရွှေတံဆိပ်ဆုရ ဆရာတော် (၉)ပါး”
၁။ ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ (မင်းကွန်းဆရာတော်) (၁၂၉၆/၁၉၃၅-ခုနှစ်၊ ၃၁-ကြိမ်မြောက်)
၂။ ဘဒ္ဒန္တဥတ္တမာဘိဝံသ (၁၂၉၉/၁၉၃၇-ခုနှစ်၊ ၃၄-ကြိမ်မြောက်)
၃။ ဘဒ္ဒန္တလက္ခဏာဘိဝံသ (၁၃၀၉/၁၉၄၇-ခုနှစ်၊ ၄၄-ကြိမ်မြောက်)
၎။ ဘဒ္ဒန္တသုမနာဘိဝံသ (၁၃၁၄/၁၉၅၂-ခုနှစ်၊ ၄၉-ကြိမ်မြောက်)
၅။ ဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်မော်ဆရာတော်) (၁၃၁၅/၁၀၅၃-ခုနှစ်၊ ၅၀-ကြိမ်မြောက်)
၆။ ဘဒ္ဒန္တသုနန္ဒာဘိဝံသ (၁၃၁၅/၁၉၅၃-ခုနှစ်၊ ၅၀-ကြိမ်မြောက်)
၇။ ဘဒ္ဒန္တနာရဒါဘိဝံသ (၁၃၁၅/၁၉၅၃-ခုနှစ်၊ ၅၀-ကြိမ်မြောက်)
၈။ ဘဒ္ဒန္တကစ္စာယနာဘိဝံသ (၁၃၁၇/၁၉၅၇-ခုနှစ်၊ ၅၂-ကြိမ်မြောက်)
၉။ ဘဒ္ဒန္တကေသရာလင်္ကာရာဘိဝံသ(အောင်ချမ်းသာဆရာတော်) (၁၃၄၈/၁၉၈၆-ခုနှစ်၊ ၈၃-ကြိမ်မြောက်)

No comments:

Post a Comment