Saturday, November 11, 2017

ဦးပုည နှင့် ဆြာဖေတို့၏ စာပေတိုက်ပွဲ

ဦးပုည နှင့် ဆြာဖေတို့၏
   စာပေတိုက်ပွဲ
  ==========

.

စာပေပရိယာယ်သိပ်ကြွယ်ဝလါလျှင် မှားသည်မှန်သည့်အရေးထက် စာပေပိဋကတ်အားကိုးဖြင့် အမှန်တရားကို (မင်းတုန်းချသော့ခတ်ကာ )စကားလက်တလုးံခြားဖောက်ထွက်တတ်သူ
တို့ပုံပမာလို

ဦးပုည နှင့် ဆရာဖေ
(စာ​ပေတိုက်​ပွဲ)
----------------------- 

တိုက်ပွဲအစ မယင်းတော်က --

        မင်းတုန်းမင်းတရားကြီးလက်ထက် ၌  ဦးပုညသည် ရွာစည်ရွာစား မင်းလှသင်္ခယာဘွဲ့နှင့် အမှုတော်ထမ်းရင်း စလေဦးပုည ဟူသော
အမည်ဖြင့် နန်းတော်ထဲမှာ စန်းထနေချိန်တွင်  ဆရာဖေမှာ အချုပ်တန်းအရပ်၌ မိသားစုနှင့် အေးဆေးစွာ နေထိုင်ရင်း ကဗျာစာပေများ ဖွဲ့ဆို နေခဲ့သည် ။
        နန်းတွင်း၌ ကပြရသော ဇာတ်များအနက် ယင်းတော်မလေး၏ဇာတ်သည် ဆရာဖေ၏ ဇာတ်စာများဖြင့် အတော်နာမည်တက်လာသည် ။
         ယင်းတော်မလေးသည် ဆရာဖေ၏ မိခင်နှင့်လည်း ဆွေရိပ်မျိုးရိပ် မကင်းသူဖြစ်သည် ။ အဆိုအက အလွန်ပိုင်သည် ။
         မယင်းတော်အတွက် ဇာတ်စာများ၊ ငိုချင်းစာများကို ဦးပုညကလည်း ရေးပေးသည် ။ ဆရာဖေကလည်း ရေးပေးသည် ။
        တစ်ခါသော်  --
ကြင်ဖော်ကွဲ ငိုချင်းတစ်ပုဒ်ကို ပိုင်ပိုင်နိုင်နိုင် စပ်ဆိုပေးပါရန် မယင်းတော်က တောင်းပန်သဖြင့် ဆရာဖေက အောက်ပါအတိုင်း စပ်ဆိုပေးခဲ့သည် ။ 

ကြင်ဖော်ကွဲ ငိုချင်း
----------------------
သည်ဘဝ
သည်မျှနှင့် တန်ရပေ ၊

နောင်ဘဝ သော်မှ
မောင်လှကို ပိုလို့ချစ်မယ် (ကွယ် ) မျိုးချစ်တဲ့ဆွေ ။

ဗုဒ္ဓဟေ
ညောင်ရွှေကွဲ့ သဖန်း ။

ပွင့်ဝတ်ကယ် ညှာတံကြွေမှ
လွဲသွေကြ စတမ်း ။     ။  

           ( ဆရာဖေ ) 

   အထက်ပါ ငိုချင်းကို မယင်းတော်က
သူ၏ ဇာတ်ပွဲတွင် သီဆိုရာ အဆိုကလည်း ပိုင်နိုင်လှသဖြင့် ဇာတ်ပွဲကြည့်သူ မိန်းမများက များစွာ အားပေးကြသည် ။ မယင်းတော်လည်း
အလွန်နာမည်ကြီးသွားသည်။
   ယင်းကို ဦးပုညက မနာလိုဟန်တူသည်။ အထက်ပါငိုချင်းကိုဖျက်၍ခပ်ရိုင်းရိုင်း
စကားလုံးများကိုသုံးကာ အောက်ပါအတိုင်းရေးစပ်လိုက်လေသည် ။

ကြင်ဖော်ကွဲ ငိုချင်း
----------------------
သည်တစ်ည
ညီမနှင့် တန်ရလေ ။

နောင်တစ်ည ခါမှ
အစ်မကို ပိုလို့ချစ်မယ် ( ကွယ် ) စိုးရစ်နဲ့ဆွေ ။

ရှုပ်ပလေ
မင်းအမေက တစ်ခန်း ။

ရင်ဝတ်ဟာ အတန်ကြေမှ
ဖွားအေကိုဖမ်း ။     ။   

( ဦးပုည )

   အထက်ပါငိုချင်းကိုဦးသာဗျော၏
ရုပ်သေး သဘင်တွင်သီဆိုစေသောအခါ
ဇာတ်သဘင်လောက၌ ပွဲဆူ
သွားခဲ့သည် ။ မဟုတ်မခံစိတ်ရှိသော ဆရာဖေက တောက်တစ်ချက်ခေါက်လိုက်ခါ ရိုင်းလိုက်ပလေကွာ ဟု ညည်းညူရသည်အထိဖြစ်ခဲ့သည် ။
     ဆရာဖေ၏ စိတ်ထဲတွင်လည်း ဦးပုညကို မမုန်းခဲ့ပေမယ့် အတေးအမှတ်တော့ ရှိထားခဲ့သည် ။
     အဘယ့်ကြောင့်ဆိုသော် ဦးပုညသည် မင်းပေါက်စိုးပေါက် ဖြစ်၍ သူဤစာများသည် နန်းတော်ထဲတွင် အလွန်ထင်ရှားသည် ။ ရှင်ဘုရင် မိဖုရား များ နားအထိ ပေါက်ရောက်သည် ။
       ဆရာဖေ၏ စာများမှာ ဇာတ်သဘင်လောကသားများနှင့်
သာမန် မင်းမှုထမ်းများကြား၌သာ ထင်ရှားခဲ့ရသည် ။ 
         ဆရာဖေ ရေးစပ်သော ဘုန်းတော်ဘွဲ့တေးထပ်တစ်ပုဒ်ကို  ရှင်ဘုရင်က ချီးမွမ်းခန်းဖွင့်ရာတွင်  (သည်တေးထပ် မောင်ပုည စပ်သည်ထင့် )ဟု အမိန့်တော်ရှိခဲ့ရာ ဆရာဖေအဖို့ ရင်ကွဲပက်လက် ဖြစ်ခဲ့ရသည့်  အကြောင်းရင်းလည်းရှိခဲ့ဖူးသည် ။ 
         မင်းတုန်းမင်း နန်းတက်စအချိန်တွင် စင်တော်ကြီး  စင်တော်ကလေးတို့ဖြင့်
ဘုန်းတော်ဘွဲ့ သီချင်းတို့ကို သီဆိုပွဲထွက်ကြရာ စင်တော်ကြီးမင်းသား ဦးသာဗျောသည် ဦးပုည ရေးစပ်ပေးသော အောက်ပါ ဘုန်းတော်ဘွဲ့ လူးတားညှပ် ရှစ်ဆယ်ပေါ်တေးထပ်ကို သီဆိုပွဲထွက်ရာတွင် လူကြိုက်များ၍ နာမည်ရခဲ့သည် ။  

ဦးပုည ရေးစပ်သော ဘုန်းတော်ဘွဲ့ လူးတားညှပ် ရှစ်ဆယ်ပေါ်တေးထပ် --

သုံးသိန်း -သုံးသောင်း -လေးထောင်ထိပ်
နှစ်ကျိပ်ရှစ်ဆက် မဟာဝင်
အတိတ်ဖြစ်ပျက် ကမ္ဘာတွင်အောင်
ဘယ်ရာဇာပင် မစံမြန်း ။
လေးဆယ့်ရှစ်ရပ် ပြဿဒ်ရံသည်
နတ်ဝိသုကံ ဖန်ဆင်းလေသည့်နန်း ။

လူးတား-
( ရှစ်သောင်းလေးထောင် -နှစ်ပြန်ဆောင်သား
ရန်အောင်ဗဟို-  မြမြင့်မိုရ်ဝယ် 
ရေညိုခွေချပ် - ဂဟေထပ်လျက်
မြေစပ်ခန်းဝါ-  ကဲ့ပမာသို့
မန္ဒာဘူတပတ် -မြေဥက္ကဌ်လည်း
လူနတ်ချီးပင့် -ပလ္လင့်သဏ္ဌာန်
ဘုံဗိမာန်ဝယ်   -ဝေယန်ကြငှန်း
သိကြားနန်းသို့  -တစ်သန်းခြည်ရောင်
သုံးတိုက်လောင်သည်
-အခေါင်သေဋ္ဌ မန်းတည့်လေး   ။     ။
ဝိသုဒ္ဓိပွင့်ပန်း တည်သည့်နန်း ။     ။) 

ရေယာဉ်နဝရတ်  နှုန်းတန္တီလို
ရွှေကျုံး ဂမ္ဗီကာရန်သန်း ။
ပြည်ကြီးမွန်အောင် လောင်ကမန်းနှင့်
ရွှေဆောင်ရွှေနန်း အထွေထွေ ။
ရွှေလောင်း ရွှေလှေ ရွှေပေရွက်
တေဇာတွေဖက် ရေလင်္ကျာရစ်ခွေ ။

ရတနာဘုမ္မိ တိုင်းဌာနေမှာ 
သမိုင်းစာခွေ ထိန်ထိန်သစ်လို့
နေဣန္ဒာရစ်  နတ်ရှင့်ခေတ်ပေ
သာမျိုးစုံစွာထွေ ။
ရွှေနန်းစံဆက် မဂ္ဃဒေလို
ပုံတောင်းစက်ရွှေ ဆိုက်ပွဲခံမို့လေး   ။  ။

                                                ဦးပုည

           ဤတေးထပ်ကို သီဆိုလိုက်သော မင်းသားဦးသာဗျောသည် ရွှေသိုင်းနှစ်ချက်အချီးမြှင့်ခံရပြီး ဝင်းစင်( အရပ်သားစင်)မှ စင်တော်ကြီးအဖြစ် တိုးတက်မြှောက်စားခံရသည် ။   
        ဤကဲ့သို့ ဦးသာဗျောမှာ ဦးပုည၏ တေးထပ်ဖြင့် မျက်နှာပွင့်နေသည်ကို လည်းကောင်း၏ ပြိုင်ဘက်ဖြစ်သော မင်းသားဦးသာဇံက မခံချင်၍ ဆရာဖေထံ အပူကပ်ခါ ထို့ထက်သာသော ဘုန်းတော်ဘွဲ့တေးထပ်တစ်ပုဒ်ကို ရေးစပ်စေ၍ သီဆိုခဲ့သည် ။

ဆရာဖေရေး၍ ဦးသာဇံဆိုသောတေးထပ် ----------------------------------------
နန်းဘုံ -ဆန်းစုံ -ပန်းခုံမြင့်
စန်းယုံငွေသွင့် မခြားအသွင် ။
မြန်းလှုံဗွေဆင့်  ပတ္တမြားပလ္လင်ဝယ်
နှစ်ပါး အရှင်  ပြိုင်စံထွန်း ။
(ဝေရောစန - ရဝေသောမ )
ပရမေစောလှ နတ်နှစ်ဆူမှာ
မြတ်ပါရဂူ ဆုကြီးရွယ်လို့ ညွှန်း ။  

(မဟီမြေတနှံ့  - ဝသီနေရဗန့် )
မဒ္ဒီဝေသန့်  ခုငြမ်းဆင်သည်
ဥဒါန်းရာဇဝင် နောင်မော်ကွန်း ။
ဌာနီ -ရာသီ -ပါရမီ မွှန်းပါလို့
သဒ္ဓါစည်ရွမ်း  အောင်မောင်းသံ  ။
နတ်ဒေဝါဟ္မာအံ့
မဟာနဘံ့   ကောင်းချီးသာဓုခံ   ။  

( ကြငှန်းဆင့်ဆင့် -အလျှမ်းစွင့်စွင့် )
အဆန်းတင့်တင့် နန်းမြင့်ယံမှာ
စန်းပွင့်ရှင်ထံ  ခိုလှုံခလို့
ဗိုလ်ပုံသကလ စွေတိုးဝေဖြိုးစွာ
ရွှေမိုး ငွေမိုးရွာ  ။
(  လောကိအာသဘ - စောဝိနာယက )
ဗောဓိလျာဘုရာ့  အလှူသဒ္ဓါသည်
ဇမ္ဇူပထဗျာ   မြေလုံးတုန်ရလေး  ။

(ရွှေနန်းဆောင်မြင့် -ငွေဆန်းရောင်ပွင့်)
နေဝန်းပြောင်မင့် သိကြားဆွေမှာ
ဗြဟ္မာ့ကျက်သရေ တက်ဖြိုးဝေလို့လေး။ ။

(အချုပ်တန်းဆရာဖေ   )

                 အထက်ပါ ဆရာဖေ၏ တေးထပ်သည် သုတိအလွန်သာသည် ။
စာအလွန်နုသည် ။ အက္ခရာ တစ်လုံးစီ တစ်လုံးစီ
အပေါ်ကာရန်ထပ်၍ ယူထားပုံမှာ မန်ကျည်းရွက်ကလေးများကို တစ်ခုအပေါ် တစ်ခုထပ်၍ တင်ထားသလိုရှိခြင်းကြောင့် မန်ကျည်းရွက်ထပ် ကာရန် နဘေညီသော ကဗျာမျိုးဖြစ်သည် ။ နန်းတော်ပွဲကြည့်ဆောင်တွင် မင်းတရားကြီး၏ ရှေ့တော်မှောက်၌ ဦးသာဇံသည် ဤရှစ်ဆယ်ပေါ်တေးထပ်ကို သီဆိုရင်းထွက်လာရာ တစ်နန်းတော်လုံး ခြိမ်းခြိမ့်သဲသဲ ဖြစ်သွားလေသည် ။ သည်တေးထပ် ဘယ်သူစပ်တာပါလိမ့်ဟူသော အမေးများထွက်လာသည် ။
              မင်းတရားကြီးကိုယ်တိုင်က ( သည်တေးထပ် မောင်ပုည စပ်သည်ထင့်)
  ဟု အမေးတော်ရှိသည် ။    
ဆရာဖေအဖို့ ရင်ကွဲပက်လက်ဖြစ်မည်ဆိုလည်း ဖြစ်လောက်ဖွယ်ရာပေတကား ။   
                                                       ဤသို့ဖြင့်
ဆရာဖေရေးသောစာအချို့ကိုဦးပုညရေးသည်ဟုပင်အထင်ရောက်ကြလေရာ 
         (စာကောင်းလျှင်မအေပေးတွေက
          စလေရေးထင်ကြတယ် ။) ဟုပင် ဆရာဖေ့မှာညည်းညူခဲ့ရလေတော့သည် ။

           ဆရာဖေသည် သူ၏ ကဗျာကို
လှောင်ပြောင်၍ စာချိုးခဲ့သော ဦးပုည၏
အားနည်းချက် အချို့ကို တွေ့ရှိခဲ့သည် ။
ဦးပုညသည် မွေးကတည်းကပင် ညာလက်တစ်ဖက်မှာ မသန်စွမ်း၍ စာရေးသောအခါ ဘယ်လက်ဖြင့် ရေးရသည်။နောက်ပြီး ဦးပုညလို ရွာစည်ရွာစား မင်းမှုထမ်းတစ်ယောက်အနေဖြင့် လည်းကောင်း ၊ ဆရာ အခေါ် ခံနေသူတစ်ယောက်အနေဖြင့်လည်းကောင်း  ဤကဲ့သို့သော ညစ်ညမ်းသည့် ကဗျာလှောင် မျိုးကို မရေးသင့်ကြောင်း ရေးမိလျင်လည်း လက်ကို ဖြတ်ပစ်သင့်ကြောင်း ၊ ယခုတော့ မွေးရာပါ လက်တစ်ဖက် ချို့ယွင်း၍ ဖြတ်ပစ်စရာ မလိုတော့ကြောင်း၊ဦးပုညသည်  ဆရာအတုအယောင်သာဖြစ်ကြောင်း  စသည်ဖြင့် ပြောဆို၍ အောက်ပါ ကဗျာကို ရေးကာ ဦးပုညကို နှိပ်ကွပ်လေတော့သည် ။   
         
လောကေ ဟတ္ထေချို့လျှင်ဖြင့်
လူဖို့ မကောင်း ။

မန်းကနက်မှာလ
စန်းလက် ဇာတာပြောင်လို့
ကဗျာလှောင် နဘေတေးကို
ဆရာယောင် စလေက ရေးတယ်တဲ့ဗျာ
တွေးဆသင့်ကြောင်း ။  

                              (  ဆရာဖေ )

               ဦးပုညသည် ဆရာဖေက မိမိ၏ အားနည်းချက်ကို ထိုးနှက်တိုက်ခိုက်လာသောအခါ   အောက်ပါတေးထပ်ကို ရေး၍ ပြန်တိုက်လေတော့သည် ။   

ခါးတောင်းကျိုက် ပိတုန်းပိတ်ကယ်နှင့်
ကျုံးထိပ်က ငဖေ ။
ကုန်းပိတ္တ တစ္ဆေလို
အသရေ ဟိတ်နွမ်း ။ 
အသွင်နှင့် အမြင်မှန်တယ်
ဘဝင်ခံ မဲတဲ့စိတ်နှမ်း ။  

မနှိုင်းအပ် မယှဉ်ရာ
နင်ဘာပြု ဟော့ရမ်း ။ 
ဝင်ကာခု သော့သွမ်းလို့
ကြော့ကြမ်းလိုက်လေတယ် ။
ကြောင်းမတန် စောင်းမာန်ခက်
ပြောင်းပြန်ရှက် ၊ ရှက်ရချေမယ် ။

ဆီးစေ့နှင့်  မြင့်မိုရ် ရွယ်သလို
ခင်းဆိုဘွယ် ကြောင် ကျားနှင့်
ဖား ခြင်္သေ့ ၊ ရွှေဟင်္သာ
ကျီးနက် ပြိုင်လာ ။
နဂါးနှင့် တီပမာလို
ရီစရာ စောက်ရူးမို့လေး ။      ။

                                       ( ဦးပုည )

(  အထက်ပါတေးထပ်၏ ပထမ အပိုဒ်တွင်
ခါးတောင်းကျိုက် ပိတုန်းပိတ်ရယ်နှင့် -- ဟူ၍ ဆရာကြီး ဦးချမ်းမြ၏ စာအုပ်ထဲတွင် ပါသည့်အတိုင်းရေးလိုက်ရပါသည်။အခြားစာအုပ်တစ်အုပ်ထဲတွင် ထိုအပိုဒ်ကို
ဖျင်ခါသာ ပိတုန်းပိတ်ရယ်နှင့် -- ဟုရေးထားသည်ကို မှတ်သားရပါသည် ။)

        ဦးပုညနှင့် ဆရာဖေတို့၏ စာပေတိုက်ပွဲကား ၊ တစ်စ တစ်စ  ပြင်းထန်လာချေပြီ။ ပြင်းထန်လာရသည့်
အကြောင်းရင်းကလည်း ရှိသည် ။ ၄င်းမှာ နောက်ကွယ်မှ မြှောက်ထိုးပင့်ကော် လုပ်နေကြသော ၊
သူ့ဘက် ကိုယ့်ဘက် နောက်လိုက်တပည့်များ ဖြစ်လေသည် ။
              တပည့်များသည် မြှောက်ပင့်ပေးရုံ မျှမက ၊ တစ်ဖက်လူ၏ အားနည်းချက်ကိုလည်း ရှာဖွေစုဆောင်း၍ သာသာထိုးထိုး ပံ့ပိုးပေးကြလေသည် ။ 
           တပည့်များ၏ ပြောပြချက်အရ ၊ ဦးပုညသည် ဥပဓိရုပ် ချို့ငဲ့သူ ဖြစ်သည် ။ ယာဖက်လက်မှာ ကုပ်ခွင်သေးသိမ်၍ ဘယ်လက်ဖြင့်သာ စာရေးရသည် ။ လူရှေ့သူရှေ့တွင် သူ၏ မသန်သောလက်အား အင်္ကျီ လက်ရှည်ကို ဖာလျားချ၍ ဖုံးအုပ်ထားရသည်  ။
ီကိုယ်ခန္ဓာချို့ယွင်း၍ ဘုရင်မင်းမြတ်ရှေ့တော်တွင် အခစား မဝင်ရဲပဲ ၊
    နန်းတော်အပြင်ဘက် ထားဝယ်ဆောင်တွင် နေရကာ  လက်ဖက်ရည်တော် တည်ပေးရသူသာဖြစ်သည် ဟု ဆရာဖေက သိရသည် ။ ထို့ကြောင့် ဦးပုညအား အောက်ပါ အတိုင်း စာချိုး၍ ထိုးနှက်ပြန်သည် ။

ကဗျာစီ မောင်ပုည
ဆောင်ဂုဏ်ပြ ထုတ်လျှင်
တောင်ချုံက ပုတ်သင်လို
ကုပ်ခွင်သိမ် လက်သေး ။
မင်းမြှောက်လို့ သင်းလောက်ကျော်သည်
ထွင်းဖောက်ကော် ဥာဏ်မျိုးနှင့်ဝေး ။

                                         ( ဆရာဖေ )

( အထက်ပါ တေးထပ်သည် ခြောက်ပိုဒ်သာ ရှာဖွေတွေ့ရှိ၍ တစ်ဆယ့်နှစ်ပိုဒ် ပျောက်နေကြောင်း ဆရာကြီးဦးချမ်းမြ က ရေးသားထား ပါသည် ။ )
            ဆရာဖေသည် ဤမျှနှင့် အားမရသေး ။ ဦးပုည ဘက်မှ မည်သည့် အသံမှ မထွက်လာခင် အောက်ပါတေးထပ်ဖြင့် ထမ်မံ တိုက်ခိုက်ပြန်သည် ။ 

ဇစ္စန္ဓာဧဠ
စလေက ပုညံ
အခြေက ဂုဏ်ခံသော်
ပုံသဏ္ဌာန်ဆိုပြ ။
ကုသလ ဥပေက္ခာ
လူဖြစ်လာ သန္တီရဏ ။

သန္ဓေချင်း မတူပါ
အယူမှာ ကွာလှ ။
နမူနာ စာအရ ကိုတော့
ကမ႓ ၻာက အသိပါ ။
ဝိပါတ်မှာ မဟာထပ်ပါလို့
လာကပ်တဲ့ မန်းမြို့ဆရာ ။

သန္ဓေချင်း ဒါလောက်ကွာတယ်
ဝါမောက်ကာ ဆိုင်မတုချင်နဲ့
ပြိုင်ပြုက  မနုဿ ဌာနီ
မုချကွာမည် ။ 
ဥက္ကဋ္ဌ အာဇာနည်ကို
စာပလီ ရေးလာနှင့်လေး ။  ။ 

                                      ( ဆရာဖေ )

          ဦးပုညသည် သူ၏အားနည်းချက်ကို ငယ်ကျိုးငယ်နာဖေါ်၍ ဆရာဖေက ရေးလာသောအခါ နန်းတော်သူ နန်းတော်သားတို့ အလယ်တွင် လွန်စွာ အရှက်ရသွားသည် ။
           ဦးပုည က သူ၏ လက်တစ်ဖက် သိမ်နေရခြင်းမှာ ဆရာဖေရေးသကဲ့သို့ မွေးရာပါ ချို့ယွင်းချက် မဟုတ်ဘဲ သူကျောင်းနေစဉ်အရွယ်က ဖခင်နှင့် အတူအိပ်နေစဉ် ဖခင်ဖြစ်သူက ယောင်ရမ်း၍တွန်းချမိကာ အိပ်ယာထက်မှ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ ဆေးကုသသော်လည်း ပြန်မကောင်းတော့ဘဲ ညာလက်တစ်ဖက် သိမ်သွားရခြင်းသာဖြစ်ကြောင်း ဤသည်ကို ဆရာဖေက မွေးရာပါ အားနည်းချက်အဖြစ် တိုက်ခိုက်ရေးသာလာသည့်အတွက် ဆရာဖေသည် လူလိမ် လူညာတစ်ယောက်သာဖြစ်ကြောင်းကို အောက်ပါတေးထပ်ကို ရေး၍ ပြန်ချေပပါသည် ။

တရုဏီ  ရွယ်ကာလ
ငယ်ခါက ကျောင်းနေ
ဘယ်ညာချ စောင်းအနေမှာ
လောင်းကဝေ ငါ့အား ။ 
အိပ်ပျော်ခိုက်  ဘ-အလာမှာ
မ-ကာသာ တွန်းချလေငြား ။

သို့အတွက် လက်ယာသိမ်သည်
ငါကဝိန် လူအား  ။
ဘာအလိမ် လူ့ငနွားရယ်က
အရှု့မှား လေတယ် ။
ငဖေရယ် စလေတုပေမယ့်
မေယုနှင့် မြင့်မိုရ်ကွာမယ် ။

သူရာနှင့် သိကြားနှယ်
ဘုရားဝယ် မာန်နတ်တို့
စာတတ်နှင့် အ သူပမာ ။
အဲ သည်လောက်ကွာ
ကေဝဋ်နှင့် မဟော်သဓာလို 
အတော်ကွာ ခြားတာမို့လေး ။ 

                  (  ဦးပုည )     

       ဆရာကြီးဦးပုညသည် ဤမျှနှင့် အားမရသေးဘဲ  ဒုတိယမြောက်တေးထပ်တစ်ပုဒ်ကို ထပ်ရေး၍ ဆရာဖေအား အလဲထိုးရန်ကြိုးစားပြန်သည် ။

စေတီယ မင်းလက်ထက်
ဖွားဖက်တော်ရဲဗိုလ်
မဟုတ်မှ သူဆိုတယ်
သူ့တစ်ကိုယ် မုသား
အလွဲများ ဘုရင်တွင်သည်
အလိမ်တွင် မင်းတရဖျား   ။  

အမှားမျာ့ ဥသျှောင်ငယ်
အကောက်တောင်ပိုင်စား  ။
သင်္ဘောပါ  မှန်များကိုသော်မှ 
မှားခေါ်လို့ရောင်းစေ    ။ 
မှန်ခေါ်လျှင် အာကိုဖဲ့မယ်ဟု
မောင်းလှည့်မည့်  လူစားပါပေ ။ 

တစ်မိုးအောက် လူ့ပြည်မှာ
သည်မောင်ဖေ တစ်ပါးဟာဖြင့် 
မုသားစောင်လိုခြုံ     
ပိန်းပိတ်လို့ မှုန်   ။  
မျက်လှည့်ကြီး ဥာဏ်မျိုးစုံရယ်    
လှည့်စားပုံ ဆန်းပါလှလေး   ။     ။

                              (  ဦးပုည )   

                 ထိုမျှ မကသေး ဆရာကြီးဦးပုညသည် နောက်ဆုံးပွဲသိမ်းတေးထပ်တစ်ပုဒ်ကို အပြင်းထန်ဆုံး အကြမ်းတမ်းဆုံး ယုတ်ညံ့သေးသိမ်းဆုံး စကားလုံးများသုံးကာ ရေးစပ်ပြီး ဆရာဖေအား ပြန်မလှန်နိုင်အောင် ထိုးနှက်လိုက်ပါတော့သည်

ဂျပ်ကောင်နှယ် ဖင်ကြားက
သန်းစကား သူဝါ
ရမ်းကား၍ တုလာလျှင်
ဥပမာ ဆိုစို့ ။
ချေးပုံနှင့် မြင်းမိုရ်တောင်
ခင်းဆိုယောင် ပြုကြသည်သို့ ။

သေးကွက်ကို ပင်လယ်
နင်တကယ်ထင်လို့ ။
သဘင်ဝယ် ယှဉ် မတို့လာနှင့်
သခင်တို့ ဦးချီ ။
အုံးမှုတ်လို အနေစားငယ်နှင့်
ရွှေဖလား မနှိုင်းတန်သင့်ပြီ ။

ဥတုနှင့် ပုစွန်ဆီ
ဒွန်ပီပီ ယှဉ်တွဲလို့
စပ်ဖဲ အတွင်းခံ
ရိုင်းမိုက်တဲ့ဥာဏ် ။
မိုးကြိုးနှင့် အီးသံလို
ခရီးမှန် ကွာလှမ်းလှလေး ။

                 ( ဦးပုည )

      ဆရာကြီးဦးပုညက ဤတေးထပ်ကို ရေးပြီးနောက်ပိုင်း ဆရာဖေ့ထံမှ မည်သည့် အသံမျှ ထွက်မလာတော့ချေ ။
လေးစားဖွယ်ရာကောင်းသည်မှာ တစ်ဦးနှင့်တစ်ဦး ပုရပိုက်ပေါ်တွင် မီးကုန်ယမ်းကုန် တိုက်ခိုက်နေသော်လည်း အငြိုးအတေး အာဃာတ မထားကြချေ ။
       ထိုအချိန်တွင် ဆရာဖေသည် မက္ခရာမင်းသားကြီး၏ အဆောင်ကိုင်စစ်သားဘဝဖြင့် အမှုတော်ထမ်းနေရပြီး တေးကဗျာစပ်ဆိုခြင်းကို နားထားဟန်တူသည် ။
        ထို့နောက်ဦးပုည
သည်လည်း မြင်ကွန်းညီနောင်တို့ ပုန်ကန်သောအမှုတွင် အခါပေးသည်ဟုဆိုကာ အဖမ်းခံခဲ့ရသည် ။
         အကျဉ်းကျနေစဉ်အတွင်း ဆရာကြီးဦးပုညသည် သူ့အားမနာလို မရှု့စိမ့်ဖြစ်နေသော မြို့ဝန်ဦးသာအိုး၏ လက်ချက်ဖြင့် ဇီဝိန်ကြွေခဲ့ရရှာသည် ။
       ဦးသာအိုးလက်ချက်ဖြင့် ဆရာကြီးဦးပုည အသတ်ခံရသောသတင်းသည် တစ်မြို့တော်လုံးပြန့်နှံ့သွားပြီး
လူကိုခွေးသတ်လေခြင်းဟူ၍ နှမြောတသ ယူကျုံးမရ ဖြစ်ကြရသူများထဲတွင် ဆရာဖေလည်း တစ်ယောက်အပါအဝင်ဖြစ်သည် ။ ဆရာဖေသည် ဆရာကြီးဦးပုည၏ နီးရာဓားကြောက်နေရသောအဖြစ်ကို သံဝေဂယူရင်း စိတ်မကောင်းခြင်းကြီးစွာဖြင့် အောက်ပါတေးထပ်ကို ဖွဲ့ဆိုလိုက်လေသည် ။

ဟုတ်သလို ပြန်မမြွက်သာဘု
တုတ်တပြက် ဓားပါ ။
ရုတ်တရက်ခြားမကွာသည်
အနားမှာ လက်ငင်း ။
ကြောက်စရာ့ အကြောင်းမျှော်လျှင်
ခေါင်းမဖော် ပြားလို့ဝပ်ဆင်း ။

လျာမဲ့လို့ နားဗလာ
စက္ခုမှာ အရှင်း ။
ဖက်ပြုကာ မြူမကင်းတာမို့
လူ အ ဖျင်းလုပ်ကာ
အမှုတွေ ပွေတဲ့ကိန်းဟာမို့
ရွှေချည်တိမ်း ရှောင်ရသည်သာ။

သတိနှင့်ပညာကို
စဉ်မကွာ မှန်ထားမှ
ရန်ပါးမည့် ခုခါ
နှောဖို့သင့်စွာ
သဘောလိုက် မပြောသာသည်
ယောဆရာ လုပ်စမ်းချင့်လေး ။

                    ( ဆရာဖေ )

့ ဆရာကြီးဦးပုညနှင့်ဆရာဖေတို့၏ စာများကိုနှိုင်းယှဉ်ခြင်း 

        ဦးပုည၏စာများသည် ထိုအခါက နန်းတော်ထဲတွင်သာမက တစ်တိုင်းပြည်လုံးကျော်ကြားသည် ။ ဦးပုညက စာကိုစုံအောင်ရေးသည် ။ သူရေးသည့်စာများသည် အများနှင့်ဆိုင်သော စာများဖြစ်၍ အများကနှစ်သက်ကြသည် ။
          ဆရာဖေသည်စာစုံအောင် မရေး ၊တေးထပ်၊လေးချိုးများသာ ရေးပြီး သူရေးသည့်စာမှာ တစ်ဦး တစ်ယောက်ကောင်းအတွက်သာဖြစ်သည်။သဘင်သည်များကသာ ဆရာဖေကို နှစ်သက်သည်။ ထို့ကြောင့်သူ၏စာကို လူသိနည်းသည် ။ 
          ဦးပုညမှာ မင်းတရားကြီးမြှောက်စားထားသူလည်းဖြစ်၊နန်းတော်ထဲဝင်ထွက်နေသူလည်းဖြစ်၍ သူ၏စာများသည် မင်းညီမင်းသား ၊မိဖုရားများထံသို့အရောက် အပေါက်များခြင်းဖြစ်သည်။   
        ထို့ကြောင့် ကဗျာကောင်းစာကောင်း တစ်ပုဒ်ထွက်ပေါ်လာလျှင် အများက ဦးပုည၏ စာဟုသာထင်နေကြသည်။
          ဤသည်ကို ဝန်စာရေးဦးသာ အစရှိသောပုဂ္ဂိုလ်များကပင် မခံချင်ဖြစ်၍ အောက်ပါအတိုင်းစာချိုး၍ ကလိဘူးသည် ။

ဝန်စာရေးဦးသာ၏ လွမ်းချင်း

စာမကုံးချင်ဘု
လုံးလုံးကြီးစိတ်နာ ။
ခုအခါ တို့သူငါသေအောင်ကောင်းစေတော့ ရှေးကြောင်းရင်းကုသိုလ်ဖန်
နိုင်ငံမှာ ကိုပုညတဲ့
သူမှသာစာပြောင်
ပြည်ဘောင်အံ့ဘွယ်မင်းပေလေး။

စီပြန်ပါသည်
သည်စာဘယ်က ကိုပုညတဲ့
ဖြစ်ရတော့သာ
လွန်ကျော်စောတဲ့ သာဗျော ဟာ
ဆိုရှာသမျှ ကိုပုညတဲ့
ယင်းတော်၊ခြူးအုံ
ကမျိုးစုံတဲ့ ပုံတစ်ပဲသာ
အမူတုံးတို့ သုံးပြန်ရှာ
ဆရာစလေ သူ့နှုတ်ထွက်
သူ့ချက်ပေဟု ၊တည်နေဝန့်ရှင်
ချီးမွမ်းပုံတင်ကြ
ဟိုအရင်ကစာတွေ
ဆရာစလေ သူစီကုံးတယ်လား
ရွှေနန်းသူအမူတုံးတို့ရယ်
ငြင်းအုံးကွယ်လေး ။ 

              ( ဝန်စာရေးဦးသာ ) 

         ( အထက်ပါ လွမ်းချင်းကို ဆရာဖေရေးသည်ဟု စာအုပ်တော်များများတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။)   

           ဝန်စာရေးဦးသာသည် ထိုတေးထပ်ကို ရေးသားရာတွင် ဦးပုညကို မုန်း၍ ရေးသာခြင်းမဟုတ်ဘဲ သူ့အမြင်ကိုတင်ပြထားခြင်းသက်သက်သာဖြစ်သည်။
      ဆရာဖေသည်လည်း ဝန်စာရေးဦးသာကဲ့သို့ပင် စိတ်ထဲတွင် ကြိတ်ခဲမရဖြစ်ကာ အောက်ပါတေးထပ်ကို ရေးစပ်ခဲ့သေးသည်။

စလေဥာဏ် တောပါးစပ်က
ပြောစမှတ် နန်း မူ ၊
လောကဓာတ် ဗလန်းဆူုပြီ
မန်းပြည်သူ အများ၊
နဘေက ခြေ -မပါတယ်
စလေစာ ကြိုက်ကြလေငြား။

ဆန်း အနု ယှဉ်ရာတွင်
ပညာရှင် အများ ၊
လင်္ကာယဉ် စာသွားကိုတော့
မညှာအား နှိပ်နယ်။
စာကောင်းရင် မအေပေးတွေက
စလေရေးဆိုကြပြန်တယ်  ။

တို့များဖြင့်  မှန်တကယ်
ဥာဏ်မငယ်  ကံစောင်းလို့
ပြန်ပြောင်းလို့. မပြောချင်
ဟော-ခုခေတ်တွင် 
တောပါးစပ်  ရိုင်းမယဉ်ကို 
မနှိုင်းချင်  ပြီဘူးကွဲ့လေး  ။ 

           ( ဆရာဖေ )

      ဤတေးထပ်တွင်ဆရာဖေက ဦးပုညရေးသော စာများထက် သူရေးသောစာများက ပို၍ ဆန်း၊
ပို၍နု ၊ ပို၍ယဉ်သော်လည်း  ပညာရှင်များက မသိဟန်ဆောင်ကာ သူ့အား မညှာ မတာ နှိမ်ကြသည်ဟု ရင်ဖွင့်ထားခြင်းဖြစ်ပါသည် ။
        အထူးမှတ်သားစရာမှာ ( နဘေက ခြေ မပါတယ်)ဟူသော စကားပင်ဖြစ်သည်။
        ဦးပုညရေးသော ကဗျာများသည် ပါဒတိုင်း၊ ပါဒတိုင်းတွင် တစ်ခုပေါ်တစ်ခု နဘေကာရန်ထပ်ပုံ မညီ ၊နဘေကာရန်များသည် တစ်းလုံးနှင့်တစ်လုံး မန်ကျည်းရွက်ကလေးများ စီထပ်ထားသကဲ့ သို့၊ ကာရန်တူ အသံတူ စကားလုံးများကို တစ်ထပ်တည်းကျအောင် မစပ်နိုင်၊  ကာရန်လွတ်သည်ဟု ဆရာဖေက ယူဆသည်။   
     ဆရာဖေယူဆသည့်အတိုင်းသူတို့နှစ်ဦး၏ ကဗျာများကို နှိုင်းယှဉ်ကြည့်ကြပါစို့၊၊

ဆရာကြီးဦးပုည၏ နိဗ္ဗိန္ဒတေးထပ်

မုလေးရုံ တောအစ
ဒေါနလမ်းမြေညီ ။
လျောကျစမ်း ရေခင်းကြည်တယ်
ရွှေနှင်းဆီ ကန်ချောင်း ။
လွမ်းမတတ် စကားဝါငူမှာ
နံသာဖြူ လေးမောင့်စံကျောင်း။

စပယ်ချပ် သရဖီချောင်
ခွာညိုတောင် ခိုအောင်း ၊
မွှေးနံသာစုပေါင်းတဲ့
နုညောင်စောင်းထက်မှာ
ပဒုမ္မာ ကြာသင်္ကန်း
ခါဆင်မြန်း တောမွေ့ပျော်ရာ ။

ပန်းသော်က တံတိုင်းကာသည်
ဇီဇဝါ မုခ်ခြားလို့
တံခါးက ချရားကြိုင်
သင်းတဲ့ဂနိုင်၊
ယုဇန မဟာမြိုင်မှာ 
ကမ္ဘာတိုင် မှီးမယ်ပလေး ။ ။

            ( ဆရာကြီး ဦးပုည )

      အထက်ပါတေးထပ်တွင် အတ္တာလင်္ကာရ အနက်အဓိပ္ပါယ်အားဖြင့် ကောင်းသော်လည်း၊ ဆရာဖေ ပြောသကဲ့သို့ မန်ကျည်းရွက်သပ် နဘေမထပ်ပဲ အခြေမပါသော နဘေများကို တွေ့ရပါမည် ။

၎င်းတို့မှာ-

စပယ်ချပ်သရဖီချောင် နှင့်
ခွာညိုတောင် ၊

ပန်းသော်က တံတိုင်းကာသည်
ဇီဇဝါ မုခ်ခြားလို့ ။

စသည်ဖြင့် နဘေမထပ်ဘဲ ကာရန်ချိတ်မိရုံ ယူထားသည်ကို တွေ့ရမည်။

ဆရာဖေ၏ နိဗ္ဗိန္နတေးထပ်

နန်းသပြေ ပင်ညွန့်
စမ်းရေကွန့် ရိပ်ပျံ ၊
ပန်းဟေဝန့် ဗိမာန်မှာ
အဓိဋ္ဌာန်ဆင်မြန်း ။
ပင်လုံးကျွတ် ပွင့်ဝေဖြာတယ်
ကျင့်ဧကစာ သုံးတဲ့ သင်္ခန်း ။

မြက်နွယ်ညွန့် တည့်တည်ရာမှာ
လှည့်လက်ျာ ခွေသန်း။
စည့်မျက်နှာ မြေကြငှန်းငယ်သို့
ခြွေမြန်းဖို့စိတ်သာ။
တင်စလွယ် ဆင်ခြယ်သ
အဋ္ဌင်္ဂ သုံးဆောက်တည်ရာ။

တစ်ကိုယ်တည်း ဆိတ်ငြိမ်ရာဝယ်
နိဗိန္နာ ကြည်ဇောနှင့်
သည်တောပ မြိုင်ဝေဘူ
ပန်းစုံကကြူ၊
ကမ္မဋ္ဌာန်းရ အုတ်ဂူမှာ
ရုက္ခမူ ပျော်ဆုံးပလေး။   ။

             ( ဆရာဖေ )

အထက်ပါ တေးထပ်တွင် မန်ကျည်းရွက်ထပ် နဘေများ အားကောင်းသည်ကို တွေ့ရပါမည် ။

စမ်းရေကွန့် - ပန်းဟေဝန့်
ပွင့်ဝေဖြာ - ကျင့်ဧကစာ
လှည့်လက်ျာ - စည့်မျက်နှာ
မြေကြငှန်း - ခြွေမြန်း
ဆိတ်ငြိမ်ရာ - နိဗ္ဗိန္ဒာ
အုတ်ဂူ - ရုက္ခမူ   ။    ။ 

     ဆရာကြီးဦးပုညသည် စကားလုံးအားကောင်းမှုနှင့် အဓိပ္ပါယ် လေးနက်မှုကို အသားပေးပြီး ၊ ဆရာဖေက ကာရန်နဘေလှပမှုနှင့်အနု၊အယဉ်တို့ကို အသားပေးသည်ဟု ထင်မြင်မိပါသည် ။

ဆရာကြီးဦးပုည၏ ကာရန်များ

ပြသာဒ်ရံသည် - နတ်ဗိသုကံ
ကာရန်ဆန်း - လောင်ကမန်း
ပွေပွေရှက် - တေဇာတွေဖက်
မဂ္ဃဒေ - ပုန်တောင်စက်ရွှေ ။

ဆရာဖေ၏ ကာရန်များ

ပတ္တမြားအသွင်- နှစ်ပါးအရှင်
နတ်နှစ်ဆူ- မြတ်ပါရဂူ
ခုငြမ်းဆင် - ဥဒါန်းတွင်
ပါရမီမွှန်း - သဒ္ဓါစည်ရွမ်း
အလှူသဒ္ဓါ - ဇမ္ဗူပထဗျာ ။
       
          မည်သို့ပင်ဆိုစေ ဆရာကြီးနှစ်ဦး၏ စာပေတိုက်ပွဲမှ
ကျွန်တော်တို့အတွက် သင်ခန်းစာယူစရာများ၊ကဗျာနှင့်ပတ်သက်၍ ဗဟုသုတများ၊သံဝေဂ ရစရာများ၊
များစွာ ရရှိလိုက်ပါသည်။

( ဆရာကြီးဦးချမ်းမြ၏ အချုပ်တန်းဆရာဖေ စာအုပ်မှ ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။ )    
Crd

No comments:

Post a Comment