မာန၏ သဘော
++++++++++
မာနဟူသော အဓိပ္ပာယ်သည် ထောင်လွှားတက်ကြွ ၀င့်ကြွားတတ်သည့် သဘောဖြစ်သည်။
မည်သည့်အရာကို စွဲ၍ ထောင်လွှားတက်ကြွသနည်း ဟု ဆိုလျှင် မိမိတွင် ရှိသော ပစ္စည်း ဥစ္စာ၊ ငွေကြေး၊ ရာထူး ဂုဏ်သိမ်၊ စည်းစိမ်၊ ပညာ အရည်အချင်း၊ မိမိ၏ အလှအပ စသည် စသည်တို့ အပေါ် စွဲ၍ ဖြစ်ကြပေသည်။
ထိုအရာများကို စွဲ၍ ထိုသူတို့ ပြောတတ်ကြသည်မှာ -
“ငါက အဲဒီ အဆင့် ရှိတာပဲ။ သူက ဘာမို့လို့လဲ” စသည်ဖြင့် မာန စကားများ ရှိနေကြသည်။
ထိုကဲ့သို့ ဆိုလျှင် ငွေကြေး ဥစ္စာ ဆင်းရဲ နွမ်းပါးသောသူများသည် မာန ဟူသော ထောင်လွှားတက်ကြွမှု မရှိနိုင်တော့ပါသလား ဟု မေးလျှင် ထိုသူတို့တွင်လည်း ရှိပါသည် ဟုပင် ဖြေရပေလိမ့်မည်။
မရှိသူများကလည်း မရှိသည်ကိုပင်လျှင် စွဲ၍ မာန ဖြစ်တတ်ကြပြန်သည်။
ထိုပုဂ္ဂိုလ်တို့ ပြောတတ်ကြသည်မှာ
“အောင်မာ… ငါ့ကိုများ ဘာများ အောက်မေ့နေလဲ?”
“ဆင်းရဲတယ်ဆိုပြီး လာမနှိမ်နဲ့၊ ငါလိုကောင်က မခံဘူး”
တစ်ခါတစ်ရံ မိမိတွင် မရှိပေသော်လည်း မိမိ၏ ဆွေမျိုးအသိုင်းအ၀ိုင်းများ အထဲတွင် ရှိနေကြသော ချမ်းသာမှု၊ ကျော်ဇောမှု၊ အာဏာရှိမှု များကို စွဲပြီး မာန တက်တတ်ကြပြန်သေးသည်။
မိမိတွင် ရာထူး မရှိသော်လည်း မိဘတွင် ရှိနေသော သို့မဟုတ် ဆွေမျိုးသားချင်း၊ အပေါင်းအသင်းများတွင် ရှိနေသော ရာထူး အရှိန်အ၀ါ၊ ငွေကြေးများဖြင့် မာန တက်တတ်ကြသည်။
မာန၏ သဘောသည် ပြင်းထန်လာလျှင် မာနမှတစ်ဆင့် မောက်မာသော အဆင့်သို့ ဖြစ်လာတတ်ပေသည်။
ကိုယ်အမူအယာ၊ နှုတ်အမူအယာ တို့သည်လည်း ရိုင်းစိုင်း ကြမ်းတမ်းလာတော့သည်။ ကိုယ်အမူအယာ သည် ယခင်နှင့် မတူတော့ပေ။
နှုတ်မှ ထွက်လာသော စကားများသည်လည်း သူတစ်ပါးကို နှိမ်ချ ဆက်ဆံလာချင်သည်။ငါတော်တယ်။ ငါတတ်တယ်။ ငါသိတယ်။
သူများက ငါ့လောက် မတတ်ဘူး။ ငါ့လောက် မတော်ဘူး။ ငါ့လောက် မသိဘူး။ မိမိကိုယ်ကိုသာ အတော်ဆုံး၊ အတတ်ဆုံး၊ အသိဆုံး၊ အမြတ်ဆုံး ဟု ကိုယ့်ကိုယ်ကို ထင်မှတ်နေတတ်ကြသည်။
ကိုယ်အမူအယာ၊ နှုတ်အမူအယာတို့သည် အပြင်ကို ပြူမထွက်လျှင်တောင်မှ စိတ်ထဲတွင်တော့ ဖြစ်တတ်ကြသေးသည်။ မာန၏ သဘောသည် မိမိနှင့် သူတစ်ပါးကို နှိုင်းယှဉ်တတ်လေသည်။
သူတစ်ပါးတွင် ရှိသည်၊ မရှိသည်နှင့် မိမိတွင် ရှိသည်၊ မရှိသည် တို့ကို နှိုင်းယှဉ်ခြင်း ဖြစ်သည်။ ထို့ကြောင့် အဆင့်အတန်းကို ခွဲခြားသတ်မှတ် လာကြသည်။ မာနသည် သာမာန်အားဖြင့် စိတ်ထဲတွင် ငြိမ်နေတတ်သည်။
အကြောင်းတိုက်ဆိုင်၍ သူတစ်ပါးနှင့် နှိုင်းယှဉ်လာသော အခါတွင် ထင်ရှားလာပေသည်။ အိန္ဒိယနိုင်ငံတွင် မြတ်စွာဘုရား မပွင့်ခင်ကတည်းကပင် ဟိန္ဒူဘာသာ ကြီးစိုးသော ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှုသည် မည်သည့် အချိန်ကတည်းက အမြစ်တွယ်နေခဲ့သည်ကို မည်သူမျှ အတိအကျ မပြောနိုင်ခဲ့သေးပေ။ သို့သော် ယင်းကဲ့သို့ ဇာတ်စနစ်သည် နှစ်ထောင်ချီ ကြာနေခဲ့ပြီး ယခုတိုင် ရှိနေသေးသည်မှာ အထင်အရှားပင် ဖြစ်သည်။
ငါတို့က မြင့်မြတ်တယ်၊ သူတို့က ယုတ်နိမ့်တယ် စသည့်ဖြင့် မာနများဖြင့် လူ့အဆင့်အတန်း ခွဲခြားနေပေသေးသည်။ မြတ်စွာဘုရားသည် ကိုယ်ကျင့်တရားသည်သာ လူ့အဆင့်အတန်း ဟု သတ်မှတ်ခဲ့သည်။
ကြွားဝါခြင်း၊ ဘ၀င်မြင့်ခြင်းသည် မာန ဖြစ်သည်။ ဥပမာ - မိမိတွင် ကားအကောင်းစား ရှိနေလျှင် မိမိ၏ ကားကို သူများ သိစေချင်သည်၊ ကြွားချင်သည်။ သူတကာက မိမိကို မမြင်မိမှာ ကိုပင် စိုးရိမ်နေတတ်သေးသည်။ ထိုကားကို မိမိစီးသည့် အခါတွင်လည်း ဘ၀င်မြင့်နေတတ်သည်။
ဘွဲ့ ဒီဂရီများ ရရှိထားလျှင်လည်း ထို ဘွဲ့ ဒီဂရီများကို သူများ သိစေချင်သည်။ ကြွားချင်သည်။ ထိုနောက် ဘ၀င် မြင့်လာတတ်သည်။ ထို ဘွဲ့များကို စွဲ၍ မာန ဖြစ်လာလေသည်။ ငွေကြေး ဥစ္စာ၊ ရာထူးဂုဏ်သိမ် ရှိသောသူများတွင်လည်း ထိုကဲ့သို့ ဖြစ်တတ်ကြပေသည်။ တန်ဖိုးကြီး လက်ဝတ်တန်ဆာများ ၀တ်ဆင်ထားသော အချိန်နှင့် မ၀တ်ဆင်ထားသော အချိန် မိမိ၏ စိတ်တွင် ဖြစ်နေသော မာန ကို မိမိကိုယ်တိုင် လေ့လာဆန်းစစ်နိုင်သည်။
သို့သော် လူတိုင်းကိုကား မဆိုလိုပေ။ တရားအသိဉာဏ် ပညာတွေ ရှိနေသော သူ အဖို့ကား ဤကဲ့သို့ စိတ်ထားမျိုး ဖြစ်ခဲသည်။ ဖြစ်ခဲ့လျှင်လည်း သတိဖြင့် ထိန်းချုပ်ပြီး ဉာဏ်ပညာဖြင့် ပယ်လိုက်နိုင်သည်။ သို့အတွက်ကြောင့် မိမိရော သူတစ်ပါးပါ ထိခိုက်မှု မရှိတော့ပေ။
မြတ်စွာဘုရားသည် မာန်တက်နေကြသော ဆွေတော်မျိုးတော်များကို တရားပြနိုင်ရန် အတွက် တန်ခိုးအမျိုးမျိုး ပြခဲ့ရသည်။ ထိုအရာသည် မြတ်စွာဘုရားမှ တန်ခိုးတော်များကို ကြွားဝါခြင်းမဟုတ်ပေ။ မိမိတွင် ရှိသော တန်ခိုးတော်များကို အသုံးချ၍ လူအများကို တရားဓမ္မဖြင့် သံသရာ ၀ဋ်ဆင်းရဲတွင်းက ကယ်တင်ရန်ဖြစ်သည်။
ထိုကြောင့် ငွေကြေး ဥစ္စာ၊ ရာထူး ဂုဏ်သိမ်၊ ဘွဲ့ဒီဂရီ များ ရှိနေသော သူများသည် အများကောင်းကျိုးအတွက် ၄င်းတို့ကို အသုံးချသင့်ပေသည်။ ထိုအရာများကို စွဲနေ၍ မာန တက်နေခြင်းကား အကျိုးမရှိသည့်၊ အဓိပ္ပာယ် မရှိသည့် လုပ်ရပ်ပင် ဖြစ်သည်။ နေ့စဉ် လူ့လောကတွင် ကျင်လည်နေကြသော လူများတွင် မာန လုံးဝ မရှိရတော့ဘူးလား ဟု ဆိုလျှင် ရှိသင့်သည့် မာနတော့ ရှိထားရဦးမည်ဟု ဆိုချင်ပါသည်။ မာနသည် ကောင်းသော နေရာတွင် ဖြစ်တတ်သလို။ မကောင်းသော နေရာတွင်လည်း မာန ဖြစ်တတ်သည်။ ကောင်းသော နေရာတွင် ဖြစ်သော မာနသည် အထိုက်အလျောက် အဆင်ပြေနိုင်သော်လည်း မကောင်းသော နေရာတွင် ဖြစ်သော မာနသည်ကား မိမိကို ဒုက္ခဖြစ်စေသည်မှာ အသေအချာပင်။
ဥပမာ - မိမိက ပညာရေးတွင် ရှုံးနိမ့်သဖြင့် အောင်မြင်သော သူများကိုကြည့်ပြီး ငါလည်း သူ့လို ကြိုးစားနိုင်ရမယ်၊ သူကဘာမို့လို့လဲ စသည့် မာနများဖြင့် ကြိုးစားသော သူများသည်လည်း အောင်မြင်မှုများ ရရှိခဲ့ကြသည်။ ထိုကဲ့သို့ မာနကြောင့် အောင်မြင်မှု ရခဲ့သဖြင့် ထိုမာနကို အကောင်းဘက်မှ ရှုမြင်ပေးနိုင်ပေသည်။ အရက်သမားသည် အရက်သောက်သည်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြောနေလျင် မကောင်းသောဘက်တွင် မာန ဖြစ်နေပေသည်။ ဤ မာနကိုကား မည်သို့မျှ အကောင်းမြင် ၀ါဒဖြင့် ရှုနိုင်ဖို့ရာ မဖြစ်နိုင်ချေ။
တချို့လူများ ပြောတတ်ကြသည်မှာ -
“ငါက အရက်ကို ရေမရောဘဲ သောက်နိုင်တယ်ကွ”
“ငါက မကောင်းတာကို ဒီလို လုပ်တတ်တာကွ”
စသည်ဖြင့် ဂုဏ်ယူ၍ ပြောတတ်ကြသည်။
မြတ်စွာဘုရားသည်လည်း နုစဉ် ဘ၀များစွာက မကောင်းမှုများ လုပ်ခဲ့သည်ကို ဇာတ်တော်များဖြင့် နောက်ကြောင်း ပြန်ပြောခဲ့သည်။ သို့သော် မြတ်စွာဘုရားသည် မိမိ အမှား ပြုလုပ်ခဲ့သည်ကို ဂုဏ်ယူ၍ ပြန်ပြောပြခြင်း မဟုတ်။ မိမိ၏ အမှားကို နောင်လူအများ မလုပ်မိစေရန် ၀န်ခံ ဟောကြားခြင်းသာ ဖြစ်သည်။ လောကတွင် မာနကြီးသူများသည် သူတစ်ပါးထံ အောက်ကျို့ရမည်ကို ၀န်လေးနေတတ်သည်။ ပညာလိုချင်လျှင် ဆရာသမားထံတွင် မာနကို ချိုးနှိမ်ကာ သင်ယူဆည်းပူး ကြရသည်။ ဆရာ ဖြစ်သူသည် ဆရာဂုဏ် မာနဖြစ်နေသည်မှာ ပြဿနာ အထွေအထူး မရှိနိုင်သော်လည်း တပည့်လုပ်သူက တပည့်ဂုဏ် မာန ဖြစ်နေလျှင်တော့ ပညာရဖို့ မဖြစ်နိုင်တော့ပေ။
ရဟန်းသံဃာများကို လူများ ရှိခိုးကြသည်မှာ မာနကို လျှော့ချခြင်း ဖြစ်သည်။ မာန လျှော့မှ သာလျှင် သံဃာများ ဟောကြားသော တရားတော်များကို အနှစ်သာရ ပြည့်ဝအောင် ရိုသေလေးစားစွာ နာယူ နိုင်မည်။ မာနလျှော့၍ တရားတော်များ နာယူပြီး ထိုတရားတော်များလည်း စိတ်ထဲတွင် စွဲနေမည် ဖြစ်သည်။ နှလုံးသွင်း မှန်မည်ဖြစ်သည်။ ရဟန်းသံဃာတော်ကို မလေးစား မရိုသေသောသူ၊ မာနကြီးလွန်း သဖြင့် သံဃာတော်များထံတွင် တရားမနာယူချင်သူသည် တရားကို နှလုံးသွင်းမှန်ဖို့ရန် မဖြစ်နိုင်ချေ။ သံသရာကို ချဲ့ထွင်စေတတ်သော ပပဉ္စတရား သုံးမျိုးရှိသည်။ ၄င်းတို့မှာ တဏှာ၊ မာန နှင့် ဒိဋ္ဌိ တို့ပင် ဖြစ်သည်။ ထိုအထဲတွင် ဘ၀သံသရာကို ရှည်စေရန် မာနသည်လည်း အဓိက အခန်း ကဏ္ဍမှ တာဝန်ယူထားပေသည်။ ထိုကြောင့် သံသရာ ဖြတ်လိုသူများသည် မာနကို သတိကြီးစွာဖြင့် ထိန်းသိမ်း ပယ်ဖျောက်နိုင်အောင် ကြိုးစားရမည်။
တရားမှတ်သော အခါတွင်လည်း မိမိ၏ မမြဲသော ခန္ဓာကို ဆ င်ခြင် သုံးသပ်ပြီး ငါ ဆိုသော မာနကို လျှော့ချမှသာ တရားထူး ရဖို့ အခွင့်အလမ်း များပေသည်။ ခန္ဓာငါးပါးကို ငါ့ခန္ဓာပဲ ဆိုပြီး မာန်မာန တက်နေလျှင် တရားထူးနှင့် အလှမ်း ဝေးကွာသွားလိမ့်မည်။ သောတာပန်တွင် ခန္ဓာငါးပါး ကို ငါ ဟု ဆိုတတ်သော သက္ကာယဒိဋ္ဌိ ပြုတ်ထားပြီးသား ဖြစ်သည်။ ထိုသို့ဆိုလျှင် ငါစွဲ ဒိဋ္ဌိ ပြုတ်ထားပြီးသော သောတာပန်သည် မည်ကဲ့သို့ လူ လုပ်နေသေးသနည်း ဟု ဆိုလျှင် မိမိတွင် ရှိသည်၊ မရှိသည်ကို စွဲ၍ မာနဖြင့် လူလုပ်နေပြန်သည်။ အနာဂါမ်တွင် မာန အနုသယ ရှိသေးသည်။ သို့သော် ထိုအနုသယ မာနသည် မည်သူ့ကိုမျှ ဒုက္ခမဖြစ်စေတော့ပေ။
မာနကို မရဏာနုဿတိ ကမ္မဋ္ဌာန်းပွားများဖြင်းဖြင့် နည်းအောင် လုပ်နိုင်သည်။ ထိုကမ္မဋ္ဌာန်းမှ သံဝေဂဉာဏ်များ ရင့်သန်လာလိမ့်မည်။ ထိုသံဝေဂဉာဏ်သည် နိဗ္ဗာန်ကို ပို့ဆောင်ပေးလိမ့်မည်။ သက္ကာယဒိဋ္ဌိ ဖြင့် လူလုပ်နေခြင်း၊ မာနဖြင့် လူလုပ်နေခြင်း၊ မည်သို့သော နည်းဖြင့် လူ လုပ်လုပ် မိမိချစ်လှသော ဤခန္ဓာကိုယ် အတ္တဘောသည် တစ်ချိန်ချိန်တွင် မီးစာသော်လည်းကောင်း၊ မြေစာသော်လည်းကောင်း ဖြစ်ကြရပေမည် ဆိုသည့် သံဝေဂဉာဏ်ကို အချိန်တိုင်း ပွားများပေးနေလျှင် မာနသည် တစ်ဖြည်းဖြည်းချင်း လျှော့နည်းလာပေလိမ့်မည်။
မာနကို လုံးဝ ပျောက်သွားဖို့ကား မဖြစ်နိုင်ချေ။ အဘယ်ကြောင့် ဆိုသော် မာနသည် ရဟန္တာ အဆင့် ရောက်မှသာလျှင် အကြွင်းမဲ့ ပယ်သွားခြင်း ဖြစ်သည်။ သို့ဖြစ်လေရာ မာန၏ သဘော၊ သဘာဝများကို သိရှိခြင်းအားဖြင့် ရဟန်းဖြစ်စေ၊ လူဖြစ်စေ ရိုသမျှ အစွဲများကို လျော့ပြီး မာနကို လျော့နည်းအောင် လုပ်ကြရပေမည်။ ထိုအခါ မာန ကိလေသာ ကင်းစင်သည့် ရဟန္တာ အဆင့်သို့ ရောက်ပြီး သံသရာ လမ်းကြောင်းထဲသို့ နောက်တစ်ကြိမ် ပြန်ဝင်လာစရာ အကြောင်း မရှိတော့ပေ။ ဒုက္ခအေးငြိမ်းရာ နိဗ္ဗာန်သို့ မျက်မှောက် ပြုရပေတော့မည်သာ...
Credit->>> ဓမ္မရတနာ
No comments:
Post a Comment