Friday, July 15, 2016

ရေဒါနတွက် အသက်စွန့်သူ

ရေဒါနတွက် အသက်စွန့်သူ
==============
   ဘုရားရှင်သည် ကောသလတိုင်းအတွင် ဒေသစာရီ လှည့်လည်ကာ သာသနာပြုနေစဉ်အတွင်း ထူဏမည်သော ပုဏ္ဏားရွာကြီးတစ်ရွာသို့ ကြွရောက်ရန် အလှည့်ကျလေ၏။ ထိုရွာသည် ဧရာဝတီတိုင်းအတွင်းမှ ရွာကြီးများကဲ့သို့ ဖြစ်ဟန်တူသည်။ အကြောင်းကား ထိုရွာထဲသို့ ရောက်ရန် မြစ်ကို ဖြတ်ကူးရသောကြောင့်ပင် ဖြစ်သည်။

   တစ်ရွာလုံး ဗြဟ္မဏအယူကို ယူသူများဖြစ်၍ ဘုရားရှင်နှင့် တပည့်သံဃာတော်များကို ယုတ်ညံ့သောသူများဟု သတ်မှတ်ကြသည်။ ဗြဟ္မဏအနွယ်ဝင် ပုဏ္ဏာများသည် ဗြဟ္မာကြီး၏ ပါးစပ်မှ ပေါက်ဖွားလာ၍ လူ့လောကတွင် အမြတ်ဆုံးဖြစ်သည်။ ဘုရားရှင် အပါအဝင် ရဟန်းများသည် ဗြဟ္မာကြီး၏ ခြေဖမိုးမှ ပေါက်ဖွားလာ၍ အယုတ်နိမ့်ဆုံးဖြစ်သည်ဟု သတ်မှတ်ကြသည်။

   ထို့ကြောင့်လည်း ထူဏရွာကြီးမှ ပုဏ္ဏားများသည် ဘုရားရှင်နှင့် သံဃာတော်များကို သူတို့ရွာသို့ မလာစေလိုခြင်းဖြစ်သည်။ ပုဏ္ဏားတို့သည် ဘုရားရှင်အပေါ် အထင်မှားနေသော အချက်တစ်ချက်ရှိသည်။ ထိုအချက်ကား ဘုရားရှင်သည် တရားနာယူလာသော ဘာသာခြားများအား ဗုဒ္ဓဘာသာထဲဝင်အောင် လှည့်ပတ်ဖျားယောင်းသော ဝဉ္ဇနာခေါ် မာယာအတတ်ကို တတ်မြောက်သည်ဟူ၍ ယူဆချက်ပင်ဖြစ်သည်။

   သူတို့ထင်မည်ဆိုလျှင်လည်း ထင်သင့်ပေသည်။ အိန္ဒိယနိုင်ငံတွင် ဟိန္ဒူဘာသာဝင်(၁၀၀) ရာခိုင်နှုန်း ရှိနေသောအချိန်တွင် ဗုဒ္ဓဘာသာ၌ ဘုရားရှင်တစ်ပါးတည်းသာ ရှိပေသည်။ ထိုဘုရားရှင်တစ်ပါးထဲမှ တရားဟောရာ နာယူသူတိုင်း ဗုဒ္ဓဘာသာထဲသို့ ပြောင်းအောင် ဟောကြားပေးရာ နှစ်နှစ်ဆယ်ကျော်အတွင်း ဗုဒ္ဓဘာသာဝင်ဦးရေက ဗြဟ္မဏဘာသာဦးရေထက် သုံးပုံနှစ်ပုံခန့် ရှိလာသည် မဟုတ်ပါလော။

   အမှန်ကား ဘုရားရှင်သည် မေတ္တာစိတ်ကို အသုံးပြုခြင်းသာဖြစ်သည်။ ဗုဒ္ဓဘာသာရဟန်းတော်မှန်သမျှ ဘုရားရှင်ပေးခဲ့သောနည်းအတိုင်း မေတ္တာဓာတ်ဖြင့် သာသနာပြုလျှင် အောင်ပွဲရမည်သာ ဖြစ်သည်။ မြတ်စွာဘုရား ဟောတော်မူတိုင်း အကျွတ်တရားရသွားခြင်းတွင် အကြောင်းတရားလေးချက် တွေ့ရသည်။

   ပထမအချက်မှာ မေတ္တာရှေ့ထားပြီး ဟောကြားခြင့်ကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ကျွတ်နိုင်၊ မကျွတ်နိုင်ကို ကြိုတင်သိပြီးမှ ဟောခြင်းကြောင့် ဖြစ်သည်။ တတိယအချက်မှာ မည်သည့်တရားနှင့် ကျွတ်မည်ကို သေချာသိသောကြောင့် ဖြစ်သည်။ စတုတ္ထအချက်မှာ ကထာလေးချက်ကို အစဉ်အတိုင်း စိတ်ရှည်ရှည်ဖြင့် ညလုံးပေါက် ဟောကြားခြင်းကြောင့် ဖြစ်သည်။

   ကထာလေးချက် အစဉ်အတိုင်း ဟောရပုံကို ဆရာကြီး ဦးရွှေအောင်က ဓမ္မပဒစာ ၉၄ တွင် ယခုကဲ့သို့ အကျယ်ဖွင့်ပြခဲ့သည်။

ဗုဒ္ဓဟောစဉ်တရား
****************
   တရားဒေသနာသည် တရားနာယူသည့် ပုဂ္ဂိုလ်တို့၏ ဣနြေ္ဒအနုအရင့်ကိုလိုက်၍ လေးဆင့်ရှိ၏။ ထိုလေးဆင့်တို့မှာ အောက်ပါအတိုင်း ဖြစ်၏။

   ၁။ ဒါနကထာ
   ၂။ သီလကထာ
   ၃။ သဂ္ဂကထာ
   ၄။ မဂ္ဂကထာ

   စာသင်ကျောင်းများ၌ စာသင်သားပုဂ္ဂိုလ်တို့၏ အတန်းအစား အလိုက် သင်ခန်းစာများကို အလွယ်နှင့် အခက် စီစဉ်သည့် သဘောမျိုးဖြစ်၏။ လှူဒါန်းမှုနှင့်စပ်သော တရားစကား ဒါနကထာသည် ပြုလုပ်ရလွယ်ကူသဖြင့် ပထမဦးဆုံး ပြုလုပ်တတ်ကြသောကြောင့် ရှေးဦးစွာ ဟောအပ်သော တရားစကားဖြစ်၏။

   ဒါနဟူသည် ပြုလုပ်ရလွယ်ကူသော်လည်း အသိဉာဏ်ရှိသူများအတွက် ကြီးမားသော အကျိုးအာနိသင်ရှိ၏။ ဒါနသည် နှမြောခြင်း မစ္ဆရိယကို ကျော်လွန်ပြီး လိုချင်ခြင်း လောဘကို ပယ်သတ်နိုင်မှသာ ပေးလှူနိုင်ခြင်းဖြစ်သဖြင့် ပါရမီဆယ်ပါးတွင် ပထမဦးဆုံးလာသော ပါရမီဖြစ်၏။ အမှန်အားဖြင့် လောဘကို အောင်နိုင်လျှင် လောကကို အောင်နိုင်သူဖြစ်၏။

   သမုဒယသစ္စာဟူသည် လောဘပင်တည်း။ လောဘကို အောင်ရန် လွယ်ကူသည်မဟုတ်။ ကိုယ်ကျင့်သိက္ခာ ကောင်းသူများသာ အောင်နိုင်ကြ၏။ ထို့ကြောင့် ကိုယ်ကျင့်သိက္ခာ ကောင်းသူများဖြစ်လာကြစေရန် သီလနှင့် စပ်သော တရားစကား သီလကထာကို ဟေားကြားရသည်။

   ဒါနလည်း ရှိပြီ၊ သီလလည်း ရှိပြီဆိုလျှင် ထိုပုဂ္ဂိုလ်များအတွက် စည်းစိမ်ချမ်းသာဟူသည် ပြေးမလွတ်တော့။ ပစ္စုပ္ပန်၌လည်း ဒါနကြောင့် လောဘကင်းသဖြင့် ချမ်းသာ၏။ တမလွန်၌လည်း လူချမ်းသာ၊ နတ်ချမ်းသာကို မလွဲမသေရမည်ဖြစ်၏။ ထို့ကြောင့် နတ်ပြည်နှင့်စပ်သော တရားစကား သဂ္ဂကထာကို ဟောရ၏။

   ထိုအခါ တရားနာပရိသတ်၏ စိတ်သည် နူးညံ့၏။ သိမ်မွေ့၏။ သဒ္ဓါတရား ထက်လာ၏။ လောဘ၊ ဒေါသ၊ ဒိဋ္ဌိ၊ မာနစသော ကိလေသာများ အထိုက်အလျှောက် ကင်းစင်သွားသဖြင့် ဇမ္ဗူရာဇ်ရွှေစင်ပမာ ဆွဲတိုင်းတင်၊ ငင်တိုင်းရသကဲ့သို့ သစ္စာတရားလေးပါး နက်နဲသော တရားကို ခံယူနိုင်လောက်သော အနေအထား၌ ရှိ၏။ ထိုအခါ သစ္စာလေးပါး နှင့်စပ်သော တရားစကား မဂ္ဂကထာကို ဟောတော်မူ၏။

   သစ္စာလေးပါးတရားကို ဟောတော်မူရာ၌ တိုက်ရိုက်ဟောကြားရသည်မဟုတ်။ သစ္စာသိဟူသည် တိုက်ရိုက်ဟောကြားရုံ၊ တိုက်ရိုက်နာကြားရုံမျှနှင့် သိသည်မဟုတ်၊ နာကြားသူ၏ သန္တာန်၌ ဝိပဿနာဉာဏ်ကို ဖြစ်စေပြီးမှ ဝိပဿနာ၏အဆုံး၌ သူ့ဟာသူ ထိုးထွင်း၍ သိလာသော အသိတစ်မျိုးသာ ဖြစ်၏။

   ထို့ကြောင့် လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာဟူသမျှတို့သည် လောကီကုသိုလ်ကံကြောင့် ဖြစ်ရ၏။ လောကီကုသိုလ် ဟူသမျှတို့သည် အဝိဇ္ဇာကြောင့် ဖြစ်ရ၏။ သို့ဖြစ်၍ လောကီချမ်းသာ ဟူသမျှသည် အပြစ်နှင့်တကွဖြစ်၏။

   စင်စစ်အားဖြင့် ချမ်းသာဟုဆိုရသော်လည်း အရိယသစ္စာအားဖြင့် ဆင်းရဲအစုအဝေးသာတည်းဟူ၍ ကာမဂုဏ် ချမ်းသာတို့၏ သဘောကို အမှန်အတိုင်း မြင်လာအောင် ဟောရ၏။ ထိုအခါ ယထာဘူတဉာဏ်ဖြစ်ပေါ်လာလျှင် လောကီစည်းစိမ်တို့၏ အပြစ်ကို မြင်လာ၏။

   လောကီစည်းစိမ်တို့၏ မပြစ်ကို မြင်လာလျှင် ထိုစည်းစိမ်တို့မှ ထွက်မြောက်မှု အကျိုးအားနိသင်ကို မြင်လာ၏။ ထိုအခါမှစ၍ သစ္စာလေးပါးကို ကိုယ်တိုင်မျက်မှောက် ပြုနိုင်ရေးအတွက် လုံလောက်သော ရုပ်နာမ်ခန္ဓာ အသိသည် ဖြစ်ပေါ်လာ၏။ အနိစ္စဉာဏ်၊ ဒုက္ခဉာဏ်၊ အနတ္တဉာဏ်သည် ထင်ရှားလာ၏။ ထို့နောက် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်သည် ဖြစ်ပေါ်လာ၏။

   ထို့ကြောင့် သစ္စာလေးပါးနှင့် စပ်သော တရားစကား မဂ္ဂကထာကို ဟောတော်မူတိုင်း စည်းစိမ်ချမ်းသာတည်းဟူသော ရုပ်နာမ်ဓမ္မ သင်္ခါရတို့၌ ဝိပဿနာအမြင် ဖြစ်ပေါ်နိုင်စိမ့်သောငှာ ကာမဂုဏ်တို့၏ အပြစ်နှင့် စပ်သော တရားစကားကို လည်းကောင်း၊ ကာမဂုဏ်စည်းစိမ်တို့မှ လွတ်မြောက်မှု၏ အကျိုးအာနိသင်နှင့် စပ်သော တရားစကားကို လည်းကောင်း ဟောကြားတော်မူခြင်းဖြစ်၏။
   (ဦးရွှေအောင်)

   ဤကား ကထာလေးပါး အစဉ်အတိုင်း ဟောရခြင်း၏ အကြောင်းကို ရှင်းပြခြင်းတည်း။ ထူဏရွာကြီးအကြောင်း ပြန်ဆက်အံ့။ ထူဏရွာသားများသည် အစည်းအဝေးခေါ်ပြီး ဘုရားရှင်နှင့် သံဃာများ ဤရွာသို့ ကူးမလာနိုင်ရန် မြစ်အတွင်းမှ လှေများ၊ ဖောင်များကို ကြိုတင်ဖျက်ဆီးကြရန် တိုင်ပင်ကြကာ-

   ရွာသို့လာသော တံတားများကိုလည်း ဖျက်ဆီးကြသည်။ အကယ်၍ တန်ခိုးသုံးပြီး ရွာထဲရောက်ခဲ့လျှင် ရေမလှူရ၊ ဆွမ်းမလှူရ၊ ခရီးဦး မကြိုဆိုရဟု အမိန့်ထုတ်ထားသည်။

   ရွာတွင်းမှ ရေတွင်းရေကန်များထဲသို့ မြက်များ၊ ဖွဲများ၊ အမှိုက်များ ထည့်၍ သုံးမရအောင် လုပ်ပစ်ကြသည်။ သူတို့ရွာသုံးဖို့ တွင်းတစ်တွင်းသာ အကောင်းချန်ထားသည်။ ချန်ထားသောတွင်းသည်လည်း ချောင်အကျဆုံး နေရာမှ တွင်းဖြစ်သည်။ သူတို့ရွာသားများမှ တစ်ပါး ဘေးလူများ မသိနိုင်သောနေရာမှ တွင်းဖြစ်သည်။

   ဘုရားရှင်ကား ထိုရွာသားများ တရားရမည့်အရေးကို ကြိုတင်မြင်တော်မူသည်။ ထို့ကြောင့် ကောင်းကင်ခရီးမှ ကြွလာပြီး ရွာထိပ်သစ်ပင်ကြီးအောက်တွင် သီတင်းသုံးတော်မူသည်။ ထိုအချိန်တွင် ရွာထဲမှ ပုဏ္ဏားမလေးများသည် ရေခပ်ရန် ဘုရားရှင် သီတင်းသုံးရာ သစ်ပင်ကြီးကို ဖြတ်သွားကြရသည်။

ကျွန်ဘဝမှ လွတ်လမ်း
*******************
   ရေခပ်ပြီး အပြန်တွင် တခြားပုဏ္ဏားမလေးများက ဘုရားရှင်နှင့် သံဃာတော်များကို ကျောခိုင်းသွားသော်လည်း ကျွန်မလေးတစ်ယောက်ကာ ဘုရားရှင်ကို ဖူးမျှော်မိသည်နှင့် ရေမလှူရ မနေနိုင်အောင် ဖြစ်လာသဖြင့် ရပ်ပြီး ကျန်ခဲ့သည်။ သူမ စဉ်းစားသည်-

   ``ငါဟာ အတိတ်ဘဝက ဘာဒါနမှ မရှိခဲ့လို့ သူတစ်ပါးအိမ်မှာ ကျွန်မဖြစ်နေရတယ်။ အခုကြည့်စမ်း တစ်လောကလုံးမှာ အမြတ်ဆုံး အလှူခံဖြစ်တဲ့ ဘုရားရှင်နဲ့ ရဟန္တာအရှင်မြတ်တွေကို ဖူးတွေ့နေရပြီ။ တစ်သက်မှာ တစ်ခါ ဖူးတွေ့ရဖို့ဆိုတာ မလွယ်ဘူး``

   ``ဒီလို အမြတ်ဆုံး အလှူခံတွေနဲ့ တွေ့ရဲ့သားနဲ့ မလှူဖြစ်ဘူးဆိုရင် ငါဟာ ကျွန်ဘဝက ဘယ်သောအခါမှ လွတ်မှာမဟုတ်တော့ဘူး။ ဘုရားရှင်နဲ့ သံဃာတွေကို ရေလှူလို့ ငါ့သခင်ပုဏ္ဏားကြီးနဲ့ ရွာသားတွေက ငါ့ကို သတ်လျှင်လည်း သတ်ပါစေ၊ ငါလှူဖြစ်အောင် လှူတော့မည်``

   ထိုအတွေးနှင့်အတူ ရေအိုးကို အောက်ချကာ ဘုရားရှင်နှင့် သံဃာတော်များကို ဦးချပြီး ခပ်လာသော ရေကို ကပ်လှူလေသည်။ ဘုရားရှင်သည် အမျိုးသမီးလေး၏ သဒ္ဓါတရားကို ချီးမြှောက်သောအားဖြင့် ရေကို ရေစစ်ဖြင့် စစ်ယူကာ သောက်သုံးတော်မူသလို ခြေလက်များကိုလည်း ဆေးကြောတော်မူသည်။

   ထို့အတူ ကြွလာသမျှ ရဟန္တာအရှင်မြတ်အားလုံးက မိန်းကလေး၏ ရေကို သောက်သုံးတော်မူကြသည်။ ဘုရားရှင်၏ တန်ခိုးတော်ကြောင့် အိုးထဲမှ ရေသည် မလျှော့ပေ။ မိန်းကလေးသည် ဝမ်းသာရွှင်မြူးစွာဖြင့် အိုးကို ရွက်ပြီး အိမ်သို့ပြန်လေသည်။ အိမ်ဝိုင်းထဲဝင်သည်နှင့် သခင်ဖြစ်သူ ပုဏ္ဏားကြီးသည် မိန်းကလေး၏ပါးကို အားဖြင့် လွှဲရိုက်လိုက်ရာ အိုးလည်းကျကွဲပြီး မိန်းကလေးလည်း မြေကြီးပေါ် လဲကျလေသည်။

   ``အယုတ်တမာမ နင့်ကြောင့် ငါ့ကို တစ်ရွာလုံး ကဲ့ရဲ့ကြတော့မယ်``

   စသည်ဖြင့် ကြိမ်းမောင်းဆဲဆိုကာ မိန်းကလေး၏ ရင်ဝကို ဖနောင့်နှင့် ဆက်ကာဆက်ကာ ပေါက်လေရာ မိန်းကလေးမှာ ပါးစပ်မှ သွေးများအန်ထွက်ပြီး သေပွဲဝင်ရှာသည်။ အသက်စွန့်ကာ ရေလှူရသော ကုသိုလ်ကြောင့် လူသတ်ဖြင့်တွက်လျှင် နှစ်ပေါင်း သုံးကဋေခြောက်သန်း အသက်ရှည်သော တာဝတိံသာ နတ်ဘုံသို့ နတ်သမီးအဖြစ် ရောက်ရသည်။

   မည်သည့်နတ်ဘုံသို့ ရောက်ရောက် နတ်သားဆိုလျှင် အသက်နှစ်ဆယ်အရွယ်၊ နတ်သမီးဆိုလျှင် ဆယ်ရှစ်နှစ်အရွယ်တန်းဖြစ်သည်။ သက်တန်းကုန်သည်အထိ ထိုအသက်အရွယ်အတိုင်းသာ ဖြစ်သည်။ နာမ်အားဖြင့် အိုသော်လည်း ရုပ်အားဖြင့် အိုမသွားပေ။

   သူမအတွက် နေစရာ ဗိမာန်နှင့် မြစ်ကြီးတစ်မြစ်ပါ တစ်ခါတည်း ပါလာသည်။ နတ်မှန်သမျှ စားချိန်ကျလျှင် အနားသို့ အလိုလိုရောက်လာသော နတ်သြဇာကို အသင့်စားရုံသာဖြစ်သည်။ အညစ်အကြေး စွန့်ရခြင်း၊ ရောဂါဖြစ်ခြင်းမရှိချေ။ သားသမီး မွေးဖွားဖို့အတွက် လူသားများကဲ့သို့ ကိုယ်ဝန်မဆောင်ရချေ။

   မိမိတို့၏ သာသမီးဖြစ်မည့်သူများသည် မိမိတို့၏ ရင်ခွင်အနီးတွင် ဖြတ်ခနဲလာဖြစ်ကြသည်။ ထင်ရှားသော အိုခြင်း၊ နာခြင်း မရှိသောကြောင့် သေခါနီးအချိန် ရောက်ပြီဆိုလျှင် ချိုင်းကြားမှ ချွေးယိုခြင်း၊ ပန်ထားသော ပန်းများညှိုးနွမ်းလာခြင်း၊ ကိုယ်ရောက်ညှိုးမှိန်ခြင်း၊ မပျော်မွေ့တော့ခြင်း၊ မျက်တောင်ခတ်ခြင်း ဟူသော အခြင်းအရာငါးမျိုးအနက် တစ်မျိုးမျိုး ပေါ်လာတတ်သည်။

   ဘုရားရှင်သည် အရှင်အာနန္ဒာကို ရေတွင်းတစ်တွင်းမှ ရေကိုသွာယူခိုင်းသည်။ အရှင်အာနန္ဒာက ရွာသားတွေ ဖျက်ဆီးထားသောကြောင့် ရေမရနိုင်ကြောင်း ပြန်လျှောက်ထားသော်လည်း ဘုရားရှင်က သုံးကြိမ်တိုင်တိုင် ယူခိုင်းသောကြောင့် သပိတ်နှင့် ရေစစ်ကိုယူကာ ရေတွင်း ရှိရာသို့ ကြွသွားသည်။

   ထိုသို့ ကြွသွားသည်နှင့် ရေတွင်း၊ ရေကန်အတွင်းမှ ရေများသည် စက်နှင့် ပန်းထုတ်သကဲ့သို့ ပန်းထွက်လာကြရာ ပိတ်ဆို့ထားသော မြက်များ၊ ဖွဲများ၊ အမှိုက်များသည် ရေနှင့် အတူ မျောပါသွားတော့သည်။ ရေလုံးများသည် ကြီးလွန်းရကား ထူဏရွာကြီး တစ်ရွာလုံးကို ဖုံးလွှမ်းသွားတော့သည်။

   ထိုအခါကျမှ ရွာသားများသည် သူတို့၏ အပြစ်ကို မြင်ကာ ဘုရားရှင်ရှိရာ အရောက်လာပြီး သူတို့၏အပြစ်များကို ဝန်ချကာ တောင်းပန်ကန်တော့ကြသည်။ ထိုအခါကျမှ တက်လာသော ရေများသည် ချက်ချင်းပြန်ဆင်းသွားသည်။ ဘုရားရှင်၏ တရားကို နာယူကာ ထူဏရွာကြီးတစ်ရွာလုံး အကျွတ်တရား ရကြလေသည်။

   မည်သည့်တရားမှ အားမထုတ်ဘူးသေးသော ထူဏရွာမှ ကျွန်မလေးသည် ရတနာသုံးပါးအတွက် အသက်ကိုစွန့်ပြီး သောက်ရေလှူဒါန်းရဲသေးရာ ဘင်္ဂဉာဏ်ရပြီးသော ယောဂီကားပို၍ လှူရဲစရာသာရှိ၏။

   ထိုကဲ့သို့ လှူရဲသောစိတ်ရှိ၊ မရှိ မိမိကိုယ်တိုင် ဝိပဿနာစာမေးပွဲကို ဖြေကြည်ရပေမည်။

မေတ္တာရှင်-ရွှေပြည်သာ

ဝိပဿနာစာမေးပွဲ စာအုပ်မှ
ကူးယူဖော်ပြပါသည်။

No comments:

Post a Comment