Monday, December 26, 2016

ဆရာ/ဆရာမတိုင်း လေ့လာသင့်တဲ့ CCA (copy)

ဆရာ/ဆရာမတိုင်း လေ့လာသင့်တဲ့ CCA
(copy)

C C A-ဆောင်ပုဒ်တို့၏ အဖြေများ
၁။-ဆရာသည် ပြုံးချိုသော မျက်နှာအမူအရာ ရှိရပါမည်။
     -ဆရာ၏ အသံသည် ချိုသာနွေးထွေးမှု ရှိရပါမည်။
      -ဆရာသည် ကလေးများအပေါ် အလေးထားဆက်ဆံရပါမည်။
-ဆရာသည် အတန်းတွင်းရှိ ကျောင်းသားများအားလုံးအပေါ် ဂရုတစိုက် ကြီးကြပ်ကြည့်ရှုရပါမည်။
၂။-ဆရာသည် ကလေးများနှင့် စကားပြောသည့်အခါ မိမိမျက်စိနှင့် မိမိစကားပြောသည့် ကလေး၏ မျက်စိကို တစ်တန်းထဲ (eye level) တွင်ရှိနေသည့် ခန္ဓာကိုယ်အနေအထားဖြင့် ပြောဆိုဆက်ဆံရမည်။
-သင်ယူမှုလုပ်ငန်းတွင် မပါဝင်သော။ စိတ်ဝင်စားမှုမရှိသော ကလေးများအား ပါဝင်လာအောင် လှုံ့ဆော်အားပေးရမည်။
-အတန်းတွင်း ကျောင်းသားအချင်းချင်း မေးမြန်းဆွေးနွေးရန်  အားပေးတိုက်တွန်းရမည်။
၃။-ဆရာသည် မေးခွန်းမေးပြီးနောက် ကလေးများအား ဖြေဆိုနိုင်ရန် စဉ်းစားချိန် လုံလောက်စွာ ပေးရမည်။
-ကလေးတိုင်း အလှည့်ကျဖြေဆိုနိုင်ရန် စီစဉ်ပေးရမည်။
ဖြေဆိုချင်သော ကျောင်းသားအား  ဖြေဆိုခွင့်ပေးရမည်။
၎။-ကလေးများ၏ ထင်မြင်ယူဆချက်များကို လက်ခံရမည်။
-မရှင်းလင်းသည်များကို ဆရာအား မေးမြန်းစေရန် အားပေးရမည်။
-ကလေးက မရှင်းလင်း၍မေးသော မေးခွန်းများအား ကျေနပ်သည်အထိ ဖြေကြားပေးရမည်။
၅။ဆရာသည်
-သင်ခန်းစာကို နိဒါန်းပျိုးရာတွင် သင်ယူသူများ စိတ်ဝင်စားမှုရှိအောင် လှုံ့ဆော်နိုင်ရမည်။
-စဉ်းစားတွေးခေါ်ရသည့် မေးခွန်းများမေးရမည်။
-အုပ်စုလုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်ပေးရမည်။
-ကျောင်းသားများအား စဉ်းစားခွင့်၊ ပြောကြားခွင့်ပေးရမည်။
၆။-ကျောင်းသားအားလုံး ပါဝင်ခွင့်ပေးရမည်။
-ကျောင်းသားများကိုယ်တိုင် လုပ်ဆောင်စေရမည်။
-သင်ယူမှုလုပ်ငန်းနှင့် သင့်တော်သော သင်ထောက်ကူကို အသုံးပြုရမည်။
၇။ဆရာသည် ကူညီပံ့ပိုးရမည်။
-ဆရာတွင် နှစ်လိုဖွယ်ရာ အမူအရာရှိရမည်။
-ကျောင်းသားအားလုံးကို အာရုံစိုက်ရမည်။
-ကျောင်းသားများ၏ တွေ့ရှိချက်ကို တင်ပြခွင့်ပေးရမည်။
၈။-အဓိကအချက်များကို သင်ပုန်းပေါ်၌ ရေးသားရမည်။
-သင်ခန်းစာ၏ အဓိကအချက်ကို ရ-မရ ကျောင်းသားအချို့အား မေးခွန်း မေးမြန်းရမည်။
၉။ကလေးများအား အတန်းအပြင်သို့ ထွက်စေခြင်း၊ သဘာဝအနေအထားများကို ကွင်းဆင်းလေ့လာစေခြင်းသည် ကလေးဗဟိုပြုချဉ်းကပ်နည်း၏ သိသာထင်ရှားသော သင်ပြနည်းများ ဖြစ်သည်။
၁၀။ ရုပ်ပုံကားချပ်များ အသုံးပြု၍ သင်ပြခြင်းဖြင့် ကလေးသည် သင်ခန်းစာကို လွယ်ကူစွာ နားလည်စေသည်။ ထိရောက်သော သင်ကြားနည်းတစ်ခုမှာ ကျောင်းတက်စ ပထမအချိန်၌ ပုံပြင်ဖတ်ပြခြင်း ဖြစ်သည်။
၁၁။ဆရာ့မေးခွန်း၏ အဖြေကို စိတ်ကူးတွင် အဆိုပြု၍ အဖြေကို ကိုယ်တိုင်ရှာဖွေပြီး အဆိုပြုချက် မှန်မမှန် ဆန်းစစ်ရမည်။ ဥပမာ 'စက္ကူဘူးခွံတစ်ခုတွင် ရေထည့်ပြီး ထိုစက္ကူဘူးကို ဖယောင်းတိုင်မီးနှင့် အပူပေးပါက စက္ကူဘူးမီးစွဲလောင်မလား'ဟူသော မေးခွန်းကို ဖြေကြားရန် ကလေးများသည် စက္ကူဘူးမီးစွဲလောင်မည်၊ မလောင်မည်ကို ပထမဦးစွာကြိုတင်မှန်းဆ၍ ဖြေကြရပေမည်။ ထို့နောက် လက်တွေ့စမ်းသက်ချက်ပြုလုပ်၍ အဖြေကို အတည်ပြုရပေမည်။
၁၂။ကလေးများအား ဘာသာရပ်၊ ခေါင်းစဉ်၊ စိတ်ဝင်စားမှုအပေါ်မူတည်၍ အုပ်စုများဖွဲ့စေပြီး ယင်းတို့၏ အယူအဆများ၊ စိတ်ကူးသစ်များကို ဖလှယ်စေခြင်း၊ စုပေါင်းကြိုးစား၍ ရှာဖွေတွေ့ရှိစေခြင်းသည် အသုံးဝင်သော သင်နည်း ဖြစ်သည်။
၁၃။ ကလေးဗဟိုပြုချဉ်းကပ်နည်းတွင် ဆရာသည် ကူညီပံ့ပိုးသူ၊ အကြံပေးသူ ဖြစ်သည်။
၁၄။ကလေးများအား မြစ်ဆိပ်၊ ပင်လယ်ကမ်းခြေ၊ တောင်ပေါ်သို့ ခေါ်သွားခြင်းဖြင့် ကလေးများ၏ အဆုံးမရှိသော တွေးတောစိတ်ကူးခြင်းကို ဖြစ်စေသည်။
၁၅။ ဆရာသည် ဖြည့်ဆည်းပံ့ပိုးပေးသူ၊ ဦးဆောင်လမ်းပြသူသာလျှင် ဖြစ်ရပါမည်။
၁၆။ ကလေးများနှင့် ဆရာတို့သည် တစ်ဦးနှင့် တစ်ဦးအပြန်အလှန် ယုံကြည်မှုထားရှိရန်နှင့် ကောင်းမွန်သော ဆက်ဆံမှုကို တည်ဆောက်ရန် လိုအပ်ပါသည်။
၁၇။ ကောင်းမွန်သော စာသင်ခန်းအခြေအနေတစ်ခုကို ဖြစ်ပေါ်စေရန်မှာ ပြုံးရွှင်၍ ကြင်နာစွာ၊ ချစ်ခင်ရင်းနှီးစွာ ဆက်ဆံပြုမူရန် အရေးကြီးပါသည်။
၁၈။ သင်ယူမှုဝန်းကျင်ကောင်းတစ်ခုကို လုပ်ဆောင်ရန်အတွက် စာသင်ခန်းတွင်း၌ လူသားဆန်စွာ ပြုမူရန် အရေးကြီးပါသည်။ တစ်နည်းဆိုရသော် ကလေးများနှင့် တိုက်ရိုက်ပြောဆိုဆက်သွယ်၍ ဆရာများသည် မိမိတို့၏ သဘာဝဖြစ်သော စိတ်လှုပ်ရှားမှု၊ ဝမ်းနည်းမှု၊ ပူပန်စိုးရိမ်မှု-စသည့်ခံစားမှုများကို ဖော်ထုတ်ပြသရမည် ဖြစ်သည်။
၁၉။တစ်စုံတစ်ယောက်သည် ကျွန်ုပ်တို့ကို မျက်လုံးချင်းမဆုံအောင် ရှောင်လွှဲ၍ အသံနိမ့်မြင့်တက်ကျမရှိသော လေသံဖြင့် ဟောပြောပို့ချမှု တစ်ခုကို ပြုလုပ်ခဲ့လျှင် ကျွန်ုပ်တို့သည် ပျင်းရိငြီးငွေ့လာပြီး သူပြောသည်ကိုလည်း အာရုံစိုက်နိုင်မည် မဟုတ်ပေ။ အချို့မှာလည်း အိပ်ပျော်သွားနိုင်ပါသည်။ အခြားတစ်ဘက်တွင်မူ တစ်စုံတစ်ဦးသည် ကျွန်ုပ်တို့အား အမူအရာဖြင့် မကြာခဏမျက်လုံးဆုံပြီး စိတ်အားထက်သန်စွာ ပြောဆိုနေသောအခါတွင် ကျွန်ုပ်တို့သည် သူ့အား အာရုံစိုက်၍ စကားပြောနေသည်ကို နားထောင်ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်စုံတစ်ရာကို ရှင်းလင်းပြောကြားသောအခါတွင် ကလေးများနှင့် တိုက်ရိုက်ပြောဆိုဆက်သွယ်ရမည်ဆိုသည်ကို ထည့်သွင်းစဉ်းစားရပေမည်။
၂၀။လှည့်လည်ကြည့်ရှုခြင်းဖြင့် ကလေးတစ်ဦးစီအား လေ့လာကြည့်ရှုရမည်။ဆရာများသည် ကလေးတစ်ဦးစီအား ၎င်းတို့တစ်ဦးချင်း၏ သင်ယူမှုအခြေအနေကို စစ်ဆေးရန်နှင့် ၎င်းတို့၏ ယုံကြည်မှုခံစားချက်အား ပိုမိုအားကောင်းလာစေရန် ဂရုစိုက်ရန် အလွန်ပင်အရေးကြီးပါသည်။ ကျွန်ုပ်တို့သည် အတန်းရှေ့တွင် တောက်လျှောက်မတ်တပ်ရပ်နေလေ့ရှိပါသည်။ သို့ရာတွင် ကလေးဗဟိုပြု ချဉ်းကပ်နည်းတွင် သင်ခန်းစာသင်ကြားချိန်အတွင်း လုပ်ငန်းအမျိုးမျိုးကို အသုံးပြု၍ ၎င်းတို့၏ သင်ယူမှုဖြစ်စဉ်ကို  သေချာစွာ လေ့လာကြည့်ရှုသင့်ပါသည်။ ကလေးတစ်ဦးသည် သူဘာလုပ်သင့်သည်ကို နားမလည်သည်ကို တွေ့ရပါက
ကြင်နာစွာဖြင့် ထပ်မံညွှန်ကြားပြသပေးရပါမည်။ အချို့ကလေးများသည် အခြားကလေးများထက်စော၍ ၎င်းတို့၏ လုပ်ငန်းကို ပြီးစီးနေသည်ကို တွေ့ရသောအခါ နောက်တစ်ကြိမ်ပြန်သုံးသပ်စစ်ဆေးရန် အကြံပေးခြင်း နောက်ထပ်လုပ်ငန်းတစ်ခုပေးခြင်းတို့ကို ပြုလုပ်သင့်ပါသည်။ ကလေးများ တစ်ဦးချင်းလုပ်ငန်းဖြစ်စေ၊ အုပ်စုလုပ်ငန်းဖြစ်စေ လုပ်ကိုင်နေသော အချိန်သည် ကျွန်ုပ်တို့အတွက် နားရန်အချိန်မဟုတ်ပေ။ ကလေးများ၏ နားလည်မှုအဆင့်နှင့် သင်ယူမှုအခြေအနေကို သိရှိရမည်ဖြစ်၍ ဤအချိန်သည် ကျွန်ုပ်တို့အတွက် အလွန်အလုပ်များသော အချိန် ဖြစ်ပါသည်။
၂၁။ ကလေးများအား မေးခွန်းများမေးရန် တိုက်တွန်းအားပေးရမည်။မေးခွန်းမေးခြင်းသည် သင်ယူမှု၏ အခြေခံပင် ဖြစ်သည်။ သင်ယူမှုတိုင်းသည် မေးခွန်းမှ စတင်သည်။ "ကမ္ဘာကြီးက လုံးသလား" "ဘာကြောင့်အပင်မှ ပန်းသီးကြွေကျရသနည်း" "ဤလောကကြီးထဲတွင် လူသားများ မည်ကဲ့သို့ ပေါ်ပေါက်လာသနည်း"။ ယနေ့မျက်မှောက်ကာလမှ သိပ္ပံဆိုင်ရာအချက်အလက်များအားလုံးသည် လွန်ခဲ့သော အချိန်အတော်ကြာက ယင်းကဲ့သို့သော ရိုးစင်းသည့်မေးခွန်းများမှ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ မေးခွန်းမေးခြင်းသည် တစ်ဦးတစ်ယောက်က အကြောင်းအရာတစ်ခုအား အမှန်တကယ် စိတ်ဝင်စားမှုရှိသည်ကို ဖော်ပြနေသည်။ အခြားတစ်ဘက်တွင်မူ မေးစရာမေးခွန်းမရှိခြင်းသည် စိတ်ဝင်စားမှုမရှိခြင်း သို့မဟုတ် နားမလည်သည်ကို ဆိုလိုပေသည်။ ကျွန်ုပ်တို့သည် ကလေးများအား ၎င်းတို့၏ နေ့စဉ်နေထိုင်မှုဘဝ၌ မေးခွန်းများ ထုတ်ရန်နှင့် ကျွန်ုပ်တို့အား နောက်တွန့်ခြင်းမရှိဘဲ မေးမြန်းရန် တိုက်တွန်းအားပေးရမည်။ ဤသည်ကား အမှန်တကယ် သင်ယူမှု၏ အစခြေလှမ်းပင် ဖြစ်သည်။
၂၂။ ကလေးများအား လေးလေးနက်နက်စဉ်းစားရန် တိုက်တွန်းအားပေးရမည်။နက်နဲစွာ စဉ်းစားခြင်းသည်လည်း သင်ယူမှု၏ အခြေခံပင် ဖြစ်သည်။ နက်နဲစွာ စဉ်းစားခြင်းမရှိဘဲ မည်သည့်အရာကိုမှ မှန်မှန်ကန်ကန် ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ပေ။ လေးလေးနက်နက် စဉ်းစားခြင်းဖြင့် လူတို့သည် အသစ်အဆန်းများကို ရှာဖွေတွေ့ရှိနိုင်ပြီး ယင်းတို့ကို ကောင်းစွာ နားလည်နိုင်သည်။ လူတို့သည် သဘာဝအလျောက် နက်နက်နဲနဲ စဉ်းစားနေသည့်အခါ အမျိုးမျိုးသော မျက်နှာအမူအရာများကို ပြသကြသည်။ ဥပမာ လူတို့သည် ပြဿနာတစ်ခုနှင့် ကြုံနေသောအခါတွင် မျက်နှာမသာမယာ ဖြစ်ပေါ်နေသည်။ ပြဿနာအဖြေကို ရှာတွေ့သွားသောအခါတွင် ပျော်ရွှင်နေသော မျက်နှာဖြစ်သွားသည်။ သူတို့သည် မမျှော်လင့်သော အခြေအနေတစ်ရပ်ကို ကြုံတွေ့ရသည့်အခါတွင် အံအားသင့်သော အမူအရာပေါ်လာသည်။ သင်ခန်းစားများ သင်ကြားနေစဉ်အတွင်း ကလေးများတွင် မျက်နှာအမူအရာအမျိုးမျိုး ဖြစ်ပေါ်နေစေရန် လုပ်ဆောင်ရပေမည်။
၂၃။ကလေးများသည် နေ့လည်မုန့်စားဆင်းချိန်နှင့် ကျောင်းဆင်းပြီး ချိန်များတွင် ကစားကွင်း၌ ကစားနေစဉ်တွင် ဆရာသည် အချိန်ရပါက ၎င်းတို့နှင့် ရောနှောပါဝင် ကစားသင့်သည်။
၂၄။'U' ပုံသဏ္ဌာန်ဖွဲ့စည်းပုံကဲ့သို့ မတူညီသော ဖွဲ့စည်းနေရာချထားမှုများကိုလည်း လုပ်ဆောင်နိုင်ပါသည်။ စာရေးခုံများ စီစဉ်နေရာချထားပုံတစ်ခုစီသည် အားသာချက်၊ အားနည်းချက်များရှိပါသည်။ အသင့်လျော်ဆုံးသော ဖွဲ့စည်းမှုပုံစံကို သေချာစွာ ရွေးချယ်ရန် လိုအပ်ပါသည်။
၂၅၊၂၆၊၂၇။ ဥပမာ- အခန်းတစ်ခန်းတွင် အဘိုး၏ ဓာတ်ပုံကို ချိတ်ဆွဲထားသည်။ နောက်တစ်ခန်းတွင် စင်ပေါ်၌ ထောင်ထားသော ဆုတံဆိပ်များနှင့် လက်မှတ်များစွာရှိသည်။ ကလေး၏ အခန်းတွင်းတွင် ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များ၏ ရုပ်ပုံများစွာကို နံရံပေါ်တွင် ချိတ်ဆွဲထားသည်။ ထိုအလှပြင်ဆင်မှုများက လူတို့၏စိတ်တွင် ပိုင်ဆိုင်မှုနှင့် အိမ်အပေါ်တွင် တွယ်တာမှုကို ပို၍ ထက်သန်လာစေပါသည်။ အလားတူပစ္စည်းများသည် ကျောင်းတွင်လည်း ရှိသင့်သည်။ ကလေးများ သင်ယူမှုကို သက်တောင့်သက်သာဖြင့် လုပ်ဆောင်နိုင်မည့် ဝန်းကျင်ကောင်းကို စာသင်ကျောင်းနှင့် စာသင်ခန်းများတွင် ဖန်တီးပေးရပါမည်။ တိတိကျကျ ပြောရမည်ဆိုလျှင် ကလေးများဆွဲထားသော ရုပ်ပုံကားချပ်များနှင့် ၎င်းတို့၏ လုပ်ဆောင်ထားသော အရာများကို နံရံများပေါ်နှင့် စင်များပေါ်တွင် ခင်းကျင်းပြသထားရန် လိုအပ်ပါသည်။ ကောင်းမွန်သော အလှဆင်ခြယ်သမှုသည် ကလေးများ၏ သင်ယူရန် စိတ်ပါဝင်စားမှုများကို လှုံ့ဆော်ပေးပြီး စိတ်အား ပိုမို ထက်သန်လာစေပါသည်။
၂၈၊၂၉။ကလေးတို့အချင်းချင်း နှင့် ဆရာတပည့်အကြား အပြန်အလှန် ဆွေးနွေး မေးမြန်းခွင့်ပေးခြင်း၊ တိကျမြင်သာသော ဥပမာများပေးစေခြင်း၊ သုံးသပ်အကဲဖြတ်စေခြင်း စသည်တို့ကို အားပေးသော ကလေးဗဟိုပြုသင်ယူမှု ချဉ်းကပ်နည်းကသာ ကလေးတို့၏ ပြဿနာဖြေရှင်းတတ်မှု စွမ်းရည်နှင့် တီထွင်ဖန်တီးတတ်မှု စွမ်းရည်တို့ကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။
၃၀။ မိဘပြည်သူများ၏ စိတ်ပါဝင်စားမှု၊ ရေရှည်ကြိုးပမ်းအားထုတ်မှုနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်မှု စသည့်အချက်များသည် CCA ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အရေးကြီးသော အချက်များပင် ဖြစ်သည်။
၃၁။ လစဉ် သရုပ်ပြသင်ကြားမှုများပြုလုပ်ခြင်းနှင့် ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခြင်းများသည် ရေရှည်ကြိုးပမ်း အားထုတ်မှုအတွက် နမူနာကောင်းများ ဖြစ်ပါသည်။
၃၂။ ထို့အပြင် မြို့နယ်ပညာရေးမှူး၊ လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် ကျောင်းများရှိသင်ကြား၊သင်ယူမှုလုပ်ငန်းများကို အစဉ်အမြဲလမ်းညွှန် ကြီးကြပ်ရန် လိုအပ်ပေသည်။ ၎င်းတို့၏ အားပေးထောက်ပံ့ကူညီပံ့ပိုးမှုသည် ကျောင်းများတွင် ကလေးဗဟိုပြုသင်ယူမှုချဉ်းကပ်နည်းကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် မရှိမဖြစ် လိုအပ်ချက် ဖြစ်သည်။
၃၃။"CCAသည် မြန်မာနိုင်ငံ ပညာရေးကဏ္ဍအတွက် တကယ်အရေးကြီးပါသည်။အဘယ့်ကြောင့်ဆိုသော် CCA သည် ကလေးများကိုယ်တိုင် နားလည်သဘောပေါက်မှုကို အခြေခံပြီး ကလေးတစ်ဦးချင်း ပြဿနာဖြေရှင်းနိုင်ရန်နှင့် သူတို့ကိုယ်တိုင် တီထွင်ဖန်တီးတတ်ရန် လုပ်ဆောင်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။
၃၄။ယခုခေတ် ကလေးများသည် သင်ခန်းစာများကို အလွတ်ကျက်မှတ်ရသည့်အတွက် နက်နက်နဲနဲ စဉ်းစားဝေဖန်တွေးခေါ်နိုင်မှု အလွန် အားနည်းပါသည်။ သူတို့၏ ဝေဖန်ပိုင်းခြားနိုင်မှုနှင့် တီထွင်ဖန်တီးနိုင်မှုတို့သည်လည်း တဖြည်းဖြည်း အားနည်းလာပါသည်။ထိုကဲ့သို့သော ပြဿနာများကို CCA က ဖြေရှင်းပေးနိုင်မှာ ဖြစ်သောကြောင့် CCA သည် အားလုံးအတွက် အရေးကြီးပါသည်။
၃၅။သဘာဝအားဖြင့် ကလေးများသည် ဆရာ၊ ဆရာမများနှင့် ခင်မင်ရင်းနှီးချင်ကြပါသည်။ စကားပြောချင်ကြပါသည်။ ဆရာ၊ ဆရာမတို့၏ ဂရုစိုက်အလေးထားခြင်းကို ခံယူချင်ကြပါသည်။ CCA ဖြင့် သင်ကြားရာမှာ ဆရာ၊ ဆရာမများက ကလေးများကို ပံ့ပိုးကူညီပေးပြီး သူတို့နှင့် အပြန်အလှန်ပြောဆို ဆက်သွယ်မှုရှိသည့်အတွက် ကလေးများသည် သင်ခန်းစာများ သင်ယူသောအခါ စိတ်ဝင်တစား တက်တက်ကြွကြွ နဲ့ ပျော်ရွှင်စွာ သင်ယူကြပါသည်။
၃၆။သရုပ်ပြသင်ခန်းစာများကို လေ့လာကြည့်သောအခါ ဆရာက သင်ခန်းစာများကို ကလေးများ၏ နေ့စဉ်လူနေမှုဘဝနှင့် ဆက်စပ်ပြီး သင်ကြားပေးသည့်အတွက် ကလေးများသည် ထိုအသိပညာများကို နေ့စဉ်လုပ်ငန်းများ၌ အသုံးချနိုင်ပြီး ကျောင်းစာများကို မည်သည့်အခါမှ မေ့ပျောက်တော့မည် မဟုတ်ပါ။
၃၇။ အုပ်စုလိုက်လုပ်ငန်းလုပ်ဆောင်ခြင်း၊ သင်ခန်းစာပါ အကြောင်းအရာများကို ဆွေးနွေးစေခြင်း၊ ကလေးများကိုယ်တိုင် ဆုံးဖြတ်ချက်ချစေခြင်း နှင့် ပြဿနာဖြေရှင်းနိုင်ခြင်းတို့ကြောင့် သင်ခန်းစာသင်ယူရာတွင် ပိုမိုသဘောပေါက်နားလည်စေပါသည်။
၃၈။ကလေးများသည် ၎င်းတို့၏ တွေ့ရှိချက်များနှင့် အတွေ့အကြုံ ဗဟုဿုတများကို အချင်းချင်းမျှဝေခံစားနိုင်ကြပါသည်။
၃၉။ ကလေးများသည် သင်ယူလိုက်သော သင်ခန်းစာများကို လက်တွေ့ဘဝတွင် အသုံးချတတ်လာပါသည်။
၄၀။ ကလေးဗဟိုပြုချဉ်းကပ်နည်းသည် ကလေးများတွင် မွေးရာပါ တုန့်ပြန်နိုင်စွမ်း၊ ကန့်သတ်မဲ့ဗီဇများနှင့် စွမ်းရည်များရှိသည်ဟူသော အချက်ပေါ်တွင် အခြေခံသည်။
၄၁။ ဆရာသည် ကလေးများအပေါ်တွင် အဖြစ်နိုင်ဆုံး လေးနက်ပြည့်ဝသော နားလည်မှုထားရှိရပါမည်။
၄၂။ပညာပေးသူ ဆရာ/ဆရာမများသည် ကလေးများ၏ မိဘ၊ ၎င်းတို့နေထိုင်သော ရပ်ရွာစသည်တို့နှင့် ဆက်သွယ်မှုရှိရန် လိုအပ်ပါသည်။
၄၃။ ကလေးများသည် သင်ယူမှုတွင် စိတ်ဝင်စားလာမည်။ကလေးများသည် တီထွင်ဖန်တီး၍ နက်ရှိုင်းစွာ စဉ်းစားတွေးခေါ်တတ်လာမည်။
၄၄။ နားလည်ရန်လွယ်ကူသည်၊ ဆွဲဆောင်မှုရှိသည်၊ လက်တွေ့ကျသည်။
၄၅၊၄၆။ ဆရာနှင့် ကလေးများ အပြန်အလှန်ဆက်ဆံရေး၊ ဆရာနှင့် ကလေးများအကြားကောင်းမွန်သော ဆက်ဆံရေး၊ ရုပ်မြင်အကူပစ္စည်းများ အသုံးပြုမှု၊လက်တွေ့အတွေ့အကြုံများအသုံးပြုမှု။နှင့် အုပ်စုလုပ်ငန်းများသည် ကလေးများ၏ ရှုထောင့်အမြင်ကို အခြေခံထားသော သင်ယူမှုနည်းလမ်းများ ဖြစ်သည်။
၄၇။ (က)ကလေးများသည် သင်ယူမှုတွင် ပျော်ရွှင်လာမည်။
       (ခ)ကလေးများသည် သင်ယူမှုတွင် စိတ်ပါဝင်စားလာမည်။
(ဂ) ကလေးများသည် တက်ကြွစွာ သင်ယူလာမည်။
(ဃ)ကလေးများသည် သင်ယူရာ၌ ယုံကြည်မှုများ ရရှိလာမည်။
(င) ကလေးများသည် သူတို့၏ သင်ယူရရှိမှုများကို နေ့စဉ်လူနေမှုဘဝ၌ အသုံးချတတ်လာမည်။

၄၈။ ကလေးများနှင့် ဆရာ အပြန်အလှန် ဆက်သွယ်မှုရှိခြင်းဖြင့် ကလေးများ၏ နှုတ်မှုစွမ်းရည်ကို မြင့်မားစေသည်။ ကလေးများကိုယ်တိုင် အုပ်စုဖွဲ့ ဆွေးနွေးခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ပါဝင်သရုပ်ဆောင်ခြင်း၊ စူးစမ်းလေ့လာခြင်းတို့ကြောင့် အတွေးအခေါ်ရင့်သန်စေပြီး ပြဿနာများကို ဖြေရှင်းနိုင်လာသည်။ ကလေးများကိုယ်တိုင် ပါဝင်လုပ်ဆောင်ရခြင်းဖြင့်လည်း သင်ခန်းစာကို ကောင်းစွာ နားလည်သဘောပေါက်ကာ တစ်သက်တာတွင် စွဲမြဲစွာ မှတ်မိစေနိုင်သည်။ ကလေးများသည် ၎င်းအသိပညာကို အခြေအနေအမျိုးမျိုးတွင် အသုံးချနိုင်သည်။
၄၉။(၁)ကျောင်းစီမံခန့်ခွဲအုပ်ချုပ်ရေး၊(၂) သင်ယူမှုပတ်ဝန်းကျင်၊(၃)သင်ကြားမှုအထောက်အကူပစ္စည်းများ၊(၄)ဆရာ၏ စိတ်နေသဘောထား(၅) ကျောင်းပြင်ပမှ ပံ့ပိုးကူညီမှုနှင့် နားလည်သဘောပေါက်မှုများသည် သင်ယူမှု၌ ပါဝင်သော ကဏ္ဍ ငါးမျိုး ဖြစ်သည်။
၅၀။ ကျောင်းအုပ်ကြီးသည် ကလေးများ၏ ပညာရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သည်။ ကျောင်းအုပ်ကြီးသည် သင်ပြမှုပတ်ဝန်းကျင်ကောင်း ဖန်တီးရန်အတွက် ဆရာ ဆရာမများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သည်။ ဆရာများသည် သင်ခန်းစာကောင်းများ ဖန်တီးရန်အတွက် သူတို့၏ အတွေးအခေါ် အယူအဆများကို မကြာခဏ ဖလှယ်ကြသည်။ ကျောင်းသည် ပန်းခြံ၊ တိရစ္ဆာန်ငယ်များ မွေးမြူရန်စသည်ဖြင့် ကလေးများ၏ ပညာရေးအတွက် များစွာသော ပံ့ပိုးကူညီမှုများကို ဖန်တီးပေးပါသည်။
၅၁။ စာသင်ခန်းများသည် ကလေးများ၏ လုပ်ဆောင်မှုများဖြင့် အစဉ်အမြဲ မွမ်းမံခြယ်မှုန်းထားသည်။ သင်ခန်းစာရည်ရွယ်ချက်အပေါ် မူတည်၍ အတန်းပြင်ဆင်မှုများကို ပြောင်းလဲသည်။ ကလေးများသည် ကြည့်ရှုလေ့လာခြင်း၊ ကွင်းဆင်းခြင်း၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်း ကဲ့သို့သော လုပ်ငန်းမျိုးစုံတို့တွင်အစဉ် ပါဝင်နေရသည်။ ကလေးများသည် လုပ်ဆောင်ခြင်း၊ စိတ်ကူးခြင်း၊ တွေးခေါ်ခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်းတို့တွင် တက်ကြွစွာ အစဉ် ပါဝင်နေရသည်။ ကလေးများနှင့် ဆရာအကြား မကြာခဏ အပြန်အလှန် ဆက်သွယ်မှုများ ရှိသည်။
၅၂။ သင်ထောက်ကူပစ္စည်းများသည် သင်ကြားမှု အကြောင်းအရာများပေါ်တွင် အခြေခံသည်။ ဆရာများသည် သင်ထောက်ကူပစ္စည်းများကို ယင်းတို့ ကိုယ်တိုင် ဖန်တီးသည်။ ကလေးများအား ဆွဲဆောင်မှုရှိပြီး စိတ်ဝင်စားဖွယ် ဖြစ်သည်။ သင်ထောက်ကူပစ္စည်းများသည် လက်တွေ့ဖြစ်နိုင်မှုရှိသည်။ သင်ထောက်ကူပစ္စည်းများသည် ကလေးများအား သင်ခန်းစာပါအကြောင်းအရာကို နားလည်စေရန်ကူညီသည်။
၅၃။ ဆရာများသည် ကလေးများနှင့် ရင်းနှီးသော ဆက်ဆံရေးကို ဖန်တီးသည်။ ဆရာများသည် အတန်းတွင်း၌ ကလေးတစ်ဦးချင်းအား သေချာစွာ လေ့လာကြည့်ရှုသည်။ ဆရာများသည် အတန်းတွင်း၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ရေးအတွက် ကလေးများအား အစဉ်အမြဲအားပေးသည်။ ဆရာများသည် ကလေးများအား ၎င်းတို့နားလည်သော အကြောင်းအရာနှင့် နားမလည်သော အကြောင်းအရာများကို သိရှိသဘောပေါက်စေရန် ကူညီသည်။ ဆရာများသည် သင်ခန်းစာကောင်းများကို ကလေးများနှင့်အတူ ဖန်တီးပြုစုသည်။
၅၄။ မိဘများ၏ ပံ့ပိုးကူညီမှုများသည် အလွန်လိုအပ်ပါသည်။ ရပ်ရွာအသိုင်းအဝိုင်း၏ ပံ့ပိုးကူညီမှုများသည် အလွန်လိုအပ်ပါသည်။
၅၅။ ကလေးဗဟိုပြုချဉ်းကပ်နည်းသည် ကလေးများ၏ စွမ်းရည်ကို အစွမ်းကုန်အသုံးချစေသည်။
၅၆။ ကလေးများ၏ စိတ်ဝင်စားမှုနှင့် မျှော်လင့်ချက်များကို သေချာစွာ စဉ်းစား၍ သင်ခန်းစာကို ကောင်းစွာ ပြင်ဆင်ထားလျှင် ယင်းသင်ခန်းစာသည် ကလေးဗဟိုပြုချဉ်းကပ်နည်း သင်ခန်းစာ ဖြစ်သည်။
၅၇။ဆရာသည် ပုံပြင်တစ်ပုဒ်ကို အတန်းထဲတွင် ပြော၍ ကလေးများ ငြိမ်သက်စွာ နားထောင်ခြင်း၊ ဤစာသင်ခန်းတွင် ဆရာသည် ပုံဝတ္ထုအပြင် လုပ်ငန်းများ၊ သင်ကြား/သင်ယူမှု အထောက်အကူပစ္စည်းများ ပြင်ဆင်ထားခြင်းမရှိပေ။ အကယ်၍ ပုံပြင်သည် ကလေးများ၏ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များအရ စဉ်းစား၍ ကောင်းစွာ ပြင်ဆင်ထားလျှင် ဤသင်ခန်းစာသည် ကလေးဗဟိုပြု ချဉ်းကပ်နည်း သင်ခန်းစာ ဖြစ်ပေသည်။ သင်ခန်းစာတစ်ခုသည် များစွာသော လုပ်ငန်းများနှင့် သင်ထောက်ကူပစ္စည်းများ မလိုပေ။ အကယ်၍ လုပ်ငန်းများနှင့် သင်ထောက်ကူပစ္စည်းများသည် ကလေးများ၏ နားလည်မှုနှင့် စိတ်ဝင်စားမှုအဆင့်ကို မစဉ်းစားဘဲ ပြင်ဆင်ထားပါက ထိုသင်ခန်းစာသည် ကလေးများကို စိတ်ရှုတ်ထွေးစေမည်။ ယင်းသင်ခန်းစာမျိုးသည် ကလေးဗဟိုပြုသင်ခန်းစာ မဟုတ်ပေ။
၅၈။ကျောင်းတွင် မည်သည့်အရာမှ မရှိသော်လည်း ဆရာ၏ တီထွင်ကြံဆမှုဖြင့် ကလေးဗဟိုပြုချဉ်းကပ်နည်းဖြင့် သင်ကြားနိုင်သည်။
၅၉။ သင်ခန်းစာအစတွင် ဆရာသည် ရုပ်ပုံပြ၍ ပုံပြောခြင်း၊ စာအုပ်ဖတ်ခြင်းနှင့် တူရိယာပစ္စည်းများဖြင့် စတင်သင်ကြားနိုင်သည်။
၆၀။ သူငယ်တန်းကလေးများအား ယင်းတို့၏ စိတ်ကူးကို ဖော်ထုတ်ခြင်းကဲ့သို့သော အရိုးရှင်းဆုံး၊ အလွယ်ကူဆုံးလုပ်ငန်း သုံးပေးပါ။

၆၁။ ပထမတန်းကလေးများကို ယင်းတို့၏ စိတ်ကူးအကြံဉာဏ်များကို ရေးစေပါ။
၆၂။ဒုတိယတန်းကလေးများကို အုပ်စုလိုက် ပြဿနာကို ဆွေးနွေးဖြေရှာပြီး တင်ပြစေပါ။ အခြားအတန်းများစဉ်းစားပုံ၊ ခံစားပုံကို ကလေးများသိစေခြင်းဖြင့် တစ်ဦးနှင့် တစ်ဦးနားလည်မှုရရှိစေသည်။ ဤသင်ခန်းစာသည် အတန်းတွဲသင်ကြားရာ၌ ကလေးဗဟိုပြုချဉ်းကပ်နည်းသင်ခန်းစာ၏ အထိရောက်ဆုံး နမူနာသင်ခန်းစာ ဖြစ်သည်။
၆၃။ကျောင်းသားများသော စာသင်ခန်းတွင် ဆရာသည် ကလေးဗဟိုပြုချဉ်းကပ်နည်း သင်ခန်းစာကို သင်ကြားရာ၌ သင်ကြားနည်းများ၊ သင်ယူမှုလုပ်ငန်းများကို သေချာစွာ ရွေးချယ်ရန် လိုအပ်ပေသည်။ ဥပမာ အုပ်စုလိုက်လုပ်ငန်းပေးခြင်းသည် ထိရောက်သော သင်ကြားနည်းတစ်ခု ဖြစ်သည်။ ဆရာသည် အုပ်စုအသီးသီးကို ခေါင်းစဉ်များ ပေး၍ ကလေးများကို ဆွေးနွေးစေပါ။ ကလေးများဆွေးနွေးနေစဉ် ဆရာသည် အုပ်စုများကို ကြည့်ရှုလေ့လာ၍ လိုအပ်လျှင် အကြံဉာဏ်များနှင့် အရိပ်အမြွက်များ ပေးပါ။ ဆွေးနွေးပြီးသောအခါ အုပ်စုခေါင်းဆောင်များအား ယင်းတို့၏ ဆွေးနွေးချက်များကို တင်ပြခိုင်းပါ။
၆၄။ကလေးများ မည်သည့်အကြောင်းအရာကို သိချင်သည်၊ မည်သည့်အကြောင်းအရာကို စိတ်ဝင်စားသည်ကို ဆရာသည် သေချာစွာ စဉ်းစား၍ သင်ခန်းစာကို မိမိစိတ်ကူးဖြင့် ထူးခြားစွာ တီထွင်ကြံဆ၍ ပြင်ဆင်ပါက ယင်းသင်ခန်းစာသည် စိတ်ဝင်စားဖွယ်ဖြစ်ပေမည်။ ယင်းသင်ခန်းစာကို အတန်းထဲတွင် ထိရောက်စွာ သင်ကြားလျှင် ကလေးဗဟိုပြုသင်ယူနည်းသင်ခန်းစာ ဖြစ်ပေမည်။
၆၅။ သင်ခန်းစာကို သင်ပြနေစဉ်၌ ဆရာသည် ပျော်ရွှင်နှစ်ခြိုက်စွာ သင်ကြားရမည်။ ထိုသို့သင်ပြနေစဉ် ကလေး၏ မျက်နှာအမူအရာသည် စိတ်ဝင်စားမှုကို ဖော်ပြနေပြီဆိုပါက ဆရာသည် ကလေးဗဟိုပြုချဉ်းကပ်နည်း၏ လှေကားထစ်ကို စတင်တက်လှမ်းရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
၆၆။ ဆရာသည် ကလေးများကို စိတ်ဝင်စားရန် လိုအပ်သည်။ 'ကလေးများ ဘာတွေးနေသလဲ၊ ဘာကို စိတ်ဝင်စားကြသလဲ၊ ဘာကို သိချင်ကြသလဲ'ဆိုသည်ကို အမြဲမပြတ် အကဲခတ်နေရမည်။ ဆရာသည် ကလေးကို ပို၍ နားလည်လေ ကလေးဗဟိုပြုချဉ်းကပ်နည်း၏ ပထမလှေကားထစ်ကို တက်လှမ်းလာပြီ ဖြစ်သည်။
၆၇။ ဆရာသည် မိမိသင်ကြားမည့် သင်ခန်းစာကို ကလေးများ စိတ်ဝင်စားစေရန် ခွဲခြမ်းစိတ်ဖြာ စိစစ်နိုင်ရမည်။ ဤသို့ ပြုလုပ်နိုင်ပြီဆိုပါက ဆရာသည် ဒုတိယလှေကားထစ်ကို တက်လှမ်းလာပြီ ဖြစ်သည်။
၆၈။ ဆရာသည် စိတ်ကူးစိတ်သန်းကောင်း၍ တီထွင်ဖန်တီးနိုင်စွမ်းရှိရမည်။ မိမိ၏ စိတ်ကူးဉာဏ်ကို သုံး၍ သင်ခန်းစာကို စိတ်ဝင်စားဖွယ်ဖြစ်ရန် ကြိုးစား တီထွင်ဖန်တီးရမည်။ သင်ပြမှုပုံစံရေးဆွဲပြီးသောအခါ ထပ်ကာတလဲလဲ ပြန်လည် ဖတ်ရှုပါ။ စိတ်ဝင်စားဖွယ်ကောင်းသော သင်ခန်းစာ၏ အဓိကသော့ချက်မှာ ဆရာ၏ စိတ်ကူးစိတ်သန်းနှင့် တီထွင်ဖန်တီးမှုပင် ဖြစ်သည်။
၆၉။ ဆရာသည် သရုပ်ဆောင်ကောင်းတစ်ဦးကဲ့သို့ ပီပြင်စွာ သရုပ်ဆောင်ပြနိုင်ရမည်။ ဆရာသည် အတန်းထဲတွင် ကလေးများကို ကြည့်၍ ပြောဆိုရန်နှင့် အသံအနိမ့်အမြင့်၊ ကိုယ်ဟန်အမူအရာဖြင့် ပြောဆိုရမည်။ ဆရာသည် ဇာတ်စင်ပေါ်မှ သရုပ်ဆောင်တစ်ဦးကဲ့သို့ မျက်နှာအနေအထားအမျိုးမျိုးနှင့် ပြောဆိုတတ်ရမည်။ အထက်ဖော်ပြပါ အရည်အသွေးများနှင့် ပြည့်စုံပြီဆိုပါက ဆရာသည် စတုတ္ထမြောက်လှေကားထစ်သို့ ရောက်ရှိသွားပြီ ဖြစ်၍ အပေါ်ဆုံးလှေကားထစ်နှင့် များစွာ မဝေးကွာတော့ပေ။
၇၀။ကလေးများအား ကြင်နာစွာ ပြောဆိုခြင်း၊ကလေးများစကားကို ဂရုစိုက်၍ နားထောင်ခြင်း၊ကလေးများအား ရယ်ရွှင်ဖွယ်ရာ(ရွှင်လန်းအောင်)ရှင်းပြခြင်း-တို့သည် ဆရာဆရာမတို့၏ တာဝန်  ဖြစ်သည်။
၇၁။ မိဘများအား အသိပေးနိုင်သော နည်းလမ်းတစ်ခုမှာ ရက်တစ်ရက် သတ်မှတ်၍ ကျောင်းသို့ မိဘများအား ခေါ်ယူပြီး ကလေးများ၏ သင်ကြား/သင်ယူမှုလုပ်ငန်းများကို ကြည့်ရှုလေ့လာစေခြင်း ဖြစ်သည်။
၇၂။ အခြားနည်းတစ်နည်းမှာ မိဘများအား အစည်းအဝေး ခေါ်ယူ၍ ကလေးများနှင့် ပတ်သက်သော ပြဿနာများကို ဆွေးနွေးရမည်။
၇၃။ နောက်တစ်နည်းမှာ ကလေးများ၏ နေအိမ်များသို့ ဆရာက လည်ပတ်၍ ကလေးများ၏ နေ့စဉ်နေထိုင်မှုဘဝကို လေ့လာကြည့်ရှုနိုင်သည်။
၇၄။ အရေးကြီးသည့်အချက်မှာ ဆရာနှင့်မိဘ မကြာခဏ ဆက်သွယ်၍ တတ်နိုင်သမျှ အသိချင်းဖလှယ်ကြရန် ဖြစ်သည်။
၇၅။ ဆရာသည် သင်ခန်းစာတွင် ကလေးဗဟိုပြုသင်နည်းဖြင့် သင်ကြားမည်ဆိုလျှင် သင်ခန်းစာပြင်ဆင် ရေးဆွဲခြင်းလုပ်ငန်းမှ စတင်ရမည်။
၇၆။ သင်ယူမှုဦးတည်ချက်များကို နှစ်ပိုင်း ခွဲထားသည်။ ယေဘုယျဦးတည်ချက်နှင့် အသေးစိတ် ဦးတည်ချက်များ ဖြစ်သည်။ ယေဘုယျဦးတည်ချက်များမှာ သင်ခန်းစာတစ်ခုလုံး သင်ပြနေစဉ်အတွင်း ရရှိလာမည့် ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ အသေးစိတ်ဦးတည်ချက်များမှာ သင်ခန်းစာ တစ်ခုချင်း၏ ပြီးမြောက်မှုရလဒ်ကို ဖော်ပြခြင်း ဖြစ်သည်။ ဆရာသည် ဦးတည်ချက်နှစ်မျိုးလုံးကို အလေးအနက် ထား၍ ကြိုတင် ပြင်ဆင်ထားသင့်သည်။ ထို့ပြင် သင်ခန်းစာ၏ ရည်မှန်းချက်ပန်းတိုင်ကို နားလည်၍ မည်သည့် အချက်အလက်များ သင်ပြရန်လိုအပ်သည်ကိုလည်း သိထားရမည်။ ဆရာသည် သင်ခန်းစာတစ်ခုလုံးကို ခြုံ၍ စဉ်းစားရမည်။
၇၇။ဆရာ၏ သင်ခန်းစာပုံဖော်မှုပေါ် အခြေခံ၍ ၎င်းသင်ခန်းစာနှင့် ဆက်စပ်နေသော အချက်အလက်များကို စဉ်းစားပါ။ ဤအဆင့်တွင် ဆရာ၏ယူဆချက်များကို မှန်းဆရေးချထားရမည်။ စိတ်ကူးတွင် ပေါ်လာသော မည်သည့်အချက်အလက်ကိုမဆို ရေးသားသင့်သည်။ အကယ်၍ မိမိအား ဤသင်ခန်းစာခေါင်းစဉ်သင်ပေးမည်ဆိုပါက မည်သည့်အကြောင်းအရာကို မိမိသိလိုပါသနည်းဟု ဆရာက စဉ်းစားထားသင့်သည်။ ဥပမာ ကျွန်ုပ်တို့ကျေးရွာခေါင်းစဉ်ဖြစ်ပါက ဤခေါင်းစဉ်ကို လေ့လာခြင်းဖြင့် သင် မည်သည့်အရာများကို သိလိုပါသနည်း။ "ရွာကို ဘယ်အချိန်က စတင် တည်ထောင်ခဲ့သနည်း၊ လူဦးရေ မည်မျှရှိသနည်း၊ ရုပ်မြင်သံကြားစက် မည်မျှရှိသနည်း၊'စသည်တို့ ဖြစ်နိုင်ပါသည်။
၇၈။ သင်ခန်းစာကို သင်ကြားရန် အရေးကြီးသော အချက်များကို ရွေးချယ်ရမည်။
၇၉။ဆရာသည် အချက်အလက်များကို သင်ကြားရန် နည်းအမျိုးမျိုးနှင့် လုပ်ငန်းအမျိုးမျိုးကို အုပ်စုဖွဲ့ခြင်း၊ အချင်းချင်း ဆက်သွယ်ဆောင်ရွက်ခြင်း၊ နှစ်ယောက်တစ်တွဲ ဆောင်ရွက်ခြင်း၊ ပုံဆွဲခြင်း၊ ပြန်လည်တင်ပြခြင်း စသည်တို့ဖြင့် ပြုလုပ်နိုင်သည်။
၈၀။ စာသင်ခန်းတွင် သင်ကြားမည့် သင်ခန်းစာသင်ပြမှုပုံစံတစ်ခုကို စဉ်းစားရမည်။ သင်ခန်းစာပါ အချက်အလက်များ ရွေးချယ်ပြီး သတ်မှတ်ချိန်အတွင်း သင်ပြနိုင်ရန် စီစဉ်ဆောင်ရွက်ရမည်။ မူလတန်းအောက်ဆင့် သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းတို့အတွက် သင်ချိန်မိနစ် (၃၀)နှင့် မူလတန်းအထက်ဆင့် တတိယတန်းနှင့် စတုတ္ထတန်းတို့အတွက် သင်ချိန် (၃၅)မိနစ် ဖြစ်သည်။
၈၁၊၈၂။ သင်ချိန်တစ်ချိန်ကို သုံးပိုင်းပိုင်းရမည်။ နိဒါန်း (အစပျိုးခြင်း) သင်ယူရမည့်လုပ်ငန်းများ (သင်ကြားခြင်း)၊ နိဂုံး (ပြန်လည်သုံးသပ်ခြင်း)တို့ ဖြစ်သည်။
၈၃။နိဒါန်းပိုင်းတွင် သင်ခန်းစာအသစ်ကို ကလေးများသင်ယူလိုစိတ် ဖြစ်ပေါ်လာစေရန် နှိုးဆွပေးခြင်းသည် အရေးကြီးသည်။ ဥပမာ ဤအပိုင်းတွင် ဆရာသည် ကလေးများအတွက် မမျှော်လင့်သော ကျေနပ်ဖွယ်ကောင်းသည့် အကြောင်းအရာ အချက်အလက်များကို ပြင်ဆင်ထားပါက ကလေးများ၏ စိတ်ပါဝင်စားမှု အပြည့်အဝရရှိပြီး သင်ကြားမှုမှာလည်း အောင်မြင်နိုင်သည်။
ဒုတိယသင်ကြားခြင်းအပိုင်းသည် သင်ခန်းစာ၏ အဓိကအပိုင်း ဖြစ်သည်။ ဆရာက ကလေးများအား အရေးကြီးသော အချက်အလက်များကို သင်နိုင်သည်။ အချက်အလက်များတွင် ကလေးများ၏ နားလည်တိုးတက်မှုရှိစေရန် အချို့ကို သင်ယူမှုလုပ်ငန်းများ ပေးခြင်းဖြင့်  ပိုမို တတ်မြောက်စေပါသည်။ ဤသို့ လုပ်ငန်းပေး ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်မှာ ကလေးများ၏ နားလည်သဘောပေါက်မှု တိုးတက်စေရန် နှိုးဆွပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ဆရာသည် လုပ်ငန်းများကို သေချာစွာ စဉ်းစား၍ အစီအစဉ်တကျ ပေးရန် လိုအပ်သည်။
နိဂုံးပိုင်းသည် နောက်သင်ပြမည့်သင်ခန်းစာနှင့်လည်း ဆက်စပ်နေရမည်။ အထူးသဖြင့် သင်ခဲ့ပြီးသော သင်ခန်းစာများကို ပြန်လည်ဆန်းစစ်ခြင်းပြုလုပ်နိုင်သကဲ့သို့ ထင်မြင်ချက်များကိုလည်း မေးမြန်းနိုင်သည်။ ဆက်လက်သင်မည့် သင်ခန်းစာနှင့် ပတ်သက်၍လည်း ကြိုတင်မေးမြန်းနိုင်သည်။
၈၄။စာသင်ခန်းတွင် အုပ်စုလိုက်ဆောင်ရွက်မည့် လုပ်ငန်းများ ပါမည်ဆိုပါက အုပ်စုတွင်း ဆွေးနွေးခြင်း၊ အုပ်စုလိုက် လေ့လာခြင်း၊ အုပ်စုလိုက် လုပ်ငန်းပြင်ဆင်ခြင်း၊ အုပ်စုလိုက် တင်ပြခြင်းများအတွက် အသင့်တော်ဆုံး အစီအစဉ်ကို ပြုလုပ်သင့်သည်။ ရုပ်ပုံကားချပ်များ ပြသခြင်း၊ ဗီဒီယိုပြသခြင်း စသည်တို့ သင်ခန်းစာတွင် ပါဝင်လာပါက "U" ပုံသဏ္ဌာန် ခုံစီခြင်းက အကောင်းဆုံး ဖြစ်သည်။ အုပ်စုလုပ်ငန်းများ၊ ဗီဒီယိုပြခြင်းများ တစ်ပြိုင်နက်တည်း ပြုလုပ်ပါက ယပ်တောင်ပုံ စီခြင်းသည် အသင့်တော်ဆုံး ဖြစ်သည်။
၈၅။ကလေးတို့တွင် သင်ယူလိုစိတ်  ဖြစ်ပေါ်အောင် စီမံဖန်တီးပေးရမည်။ စိတ်ဝင်စားစရာကောင်းပြီး နားလည်သဘောပေါက်လွယ်သော သင်ခန်းစာ ဖြစ်အောင် ဖန်တီး ပေးရမည်။ ကလေးတို့ကို အားပေး တိုက်တွန်းရမည်။
၈၆။ "အတန်းတွင်းလေ့လာ အကဲခတ်ခြင်းနှင့် စီကုံးရေးသားမှုအပေါ် အကဲဖြတ်ခြင်းနည်းများ"ကို အသုံးပြု၍ သင်ယူမှုဖြစ်စဉ်ကို အကဲဖြတ်ရမည်။ "တတ်မြောက်မှုစစ်ဆေးခြင်းနည်း"ကို အသုံးပြု၍ သင်ယူမှုရလဒ်ကို အကဲဖြတ်ရမည်။
၈၇။-သင်ယူသည့် အသိသညာ၊ တတ်ကျွမ်းမှုနှင့် စိတ်နေစိတ်ထားကောင်းများ ကလေးတို့တွင် ဖွဲ့စည်းဖြစ်ပေါ်ခြင်း ရှိ၊ မရှိ ဆရာများ အချိန်ကိုက်သိရှိနိုင်ရန်၊
-ထိုသို့သိရှိခြင်းမှ တစ်ဆင့် အချိန်မီ သုံးသပ်အကြံပြုချက်များပေး၍ ကလေးတို့၏ သင်ယူမှုကို မြှင့်တင်ပေးနိုင်ရန်နှင့်
-မိဘများအပါအဝင် သက်ဆိုင်သူအားလုံးသို့ ကလေးတို့၏ ပညာရည်တိုးတက်မှုကို အချိန်မီ အစီရင်ခံခြင်း ပြုလုပ်နိုင်ရန် စစ်ဆေးအကဲဖြတ်ရပါမည်။

၈၈။ (၁) စာသင်ခန်းတွင်းလေ့လာအကဲခတ်ခြင်း (Classroom Observation)
(၂) စီကုံးရေးသားဖော်ပြချက်ကို အကဲဖြတ်ခြင်း (Essay Test)
(၃) လပတ်စာမေးပွဲများ စစ်ဆေးခြင်းဖြင့် အကဲဖြတ်ခြင်း (Monthly Test)တို့ကို အသုံးပြုရပါမည်။

၈၉။ (၁) စိတ်ဝင်စားမှု
(၂) နားလည်သဘောပေါက်မှုနှင့်
(၃) ပါဝင်ဆောင်ရွက်မှု စသည်တို့ကို လေ့လာအကဲခတ်ရပါမည်။

၉၀။ ဦးစွာပထမ ကလေးတို့၏ စိတ်ဝင်စားမှုကို လေ့လာအကဲခတ်ရန်နည်းလမ်းနှင့် သင်ခန်းစာတွင် စိတ်ဝင်စားမှု လျော့ပါးနေသော ကလေးတို့နှင့် စပ်လျဉ်း၍ မည်သို့ဆောင်ရွက်သင့်သည်တို့ကို ဆက်လက်ဆွေးနွေးမည် ဖြစ်ပါသည်။ ထိုကလေး၏ အမည်ကို ခေါ်၍ သင်ခန်းစာတွင် ပြန်လည် အာရုံစူးစိုက်စေသင့်ပါသည်။ ယခုသင်နေသော သင်ခန်းစာနှင့် သက်ဆိုင်သော မေးခွန်းများ မေးမြန်းကြည့်သင့်ပါသည်။ထိုကလေး၏ အခြေခံ အသိကို ဖော်ထုတ်၍ သင်ခန်းစာအသစ်နှင့် ပြန်လည်ဆက်စပ်ပေးသင့်ပါသည်။ ကလေး၏ အခြားပြဿနာများဖြစ်သော စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လူမှုရေး အခြေအနေ တစ်ခုခုကြောင့် ဟုတ်၊ မဟုတ် ဆန်းစစ်သင့်ပါသည်။ဆရာက မိမိ သုံးစွဲနေသော စကား အသုံးအနှုန်းကို ပြန်လည် ဆန်းစစ်သင့်ပါသည်။
*အသစ် စပ်ကာ၊ပြန်ကာ ရှင်းပြ၊လွယ်လှ ဥပမာ၊သင်ကူပါသုံး၊ကိုယ့်အသုံး စစ်အုံး ပြန်လှန်ကာ။
*ထိုကလေး၏ အခြေခံအသိကို ဖော်ထုတ်၍ သင်ခန်းစာအသစ်နှင့် ပြန်လည်ဆက်စပ်ပေးသင့်ပါသည်။ ဆရာက ပြန်လည်ရှင်းပြသင့်ပါသည်။ ပိုမိုလွယ်ကူ ရှင်းလင်းသော ဥပမာများ၊ သင်ကြား-သင်ယူမှု အထောက်အကူ ပစ္စည်းများကို အသုံးပြုသင့်ပါသည်။ ဆရာက မိမိ သုံးစွဲနေသော စကား အသုံးအနှုန်းကို ပြန်လည် ဆန်းစစ်သင့်ပါသည်။
၉၁။ ထိုကလေး၏ အခြေခံ အသိကို ဖော်ထုတ်၍ သင်ခန်းစာ အသစ်နှင့် ပြန်လည်ဆက်စပ်ပေးသင့်ပါသည်။အုပ်စုဆွေးနွေးမှု/အုပ်စုလုပ်ငန်းတွင် ပါဝင်လာစေရန် တိုက်တွန်းသင့်ပါသည်။ အုပ်စုဆွေးနွေးမှု/အုပ်စု လုပ်ငန်းတွင် အလှည့်ပေး ဆွေးနွေးကြမှသာ မျှတမှု ရှိကြောင်း ကလေးတို့ ကိုယ်တိုင် သိအောင် ပြောပြသင့်ပါသည်။ တစ်ဦး၏ အကြံဉာဏ်ကို တစ်ဦးက အလေးထားသင့်ကြောင်း ကလေးတို့ကိုယ်တိုင် သိအောင် ပြောပြသင့်ပါသည်။
၉၂။ ကလေးများ၏ စိတ်ဝင်စားမှုနှင့် ရှိပြီးအတွေ့အကြုံဗဟုဿုတကို အခြေခံ၍ သင်ခန်းစာကို ကြိုတင် ပြင်ဆင်သင့်ပါသည်။
၉၃။ သင်ယူနေစဉ် ကလေးများအား သင်ယူရန် နှိုးဆွပေးသင့်၊ အားပေးသင့်ပါသည်။ ကလေးများ၏ သင်ယူမှုကို သေချာစွာ ကြည့်ရှုလေ့လာသင့်ပါသည်။
သင်ခန်းစာ၏ ဦးတည်ချက်ကို ကလေးများ နားလည်အောင် ရှင်းပြသင့်ပါသည်။ ကလေးများ၏ အတန်းတွင်း ကြည့်ရှုလေ့လာမှုရလဒ်ကို အားဖြည့်ပေးသင့်ပါသည်။
၉၄။ သင်ခန်းစာ သင်ကြားပြီးနောက် ကလေးများ၏ သင်ယူတတ်မြောက်မှုကို အကဲဖြတ်သင့်ပါသည်။ ကလေးများကို ပြန်လည်သုံးသပ်သင့်ပါသည်။ သင်ခန်းစာကိုလည်း ပြန်လည်သုံးသပ်သင့်ပါသည်။ကလေးများ၏ သင်ယူမှုလုပ်ငန်းမှ ထွက်ပေါ်လာသည့်ရလဒ်များကို ကလေးများအား ပြသသင့်ပါသည်။
၉၅။ ကလေးများအား ရင်းနှီးချစ်ခင်မှုဖြင့် ကြင်နာသော အပြုအမူ ရှိရမည်။ ကလေးများနှင့် ဆက်သွယ်ပြောဆိုမှု ရှိရမည်။ သင်ယူမှုပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ရန် ရည်ရွယ်လျက် ကလေးများအား မေးခွန်းမေးရန်နှင့် နက်နဲစွာ စဉ်းစားတတ်ရန် အားပေးရမည်။
၉၆။ ဆရာသည် ပြဋ္ဌာန်းစာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်မှ သင်ပြမှုပုံစံကို ကျေညက်စွာ ဖတ်ရှုလေ့လာပြီး၊ သင်ခန်းစာ၏ အရေးအကြီးဆုံးအချက်များနှင့် ဦးတည်ချက်များကို နားလည်အောင် ကြိုးစားရမည်။
၉၇။ ထို့ပြင် သင်ပြသင်ယူမှု အထောက်အကူပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပြီး၊ ဆီလျော်စွာ အသုံးပြုနိုင်ရပါမည်။
၉၈။ အချို့သော ဘာသာရပ်များတွင် စမ်းသပ်ချက်များ၊သို့မဟုတ် လုပ်ငန်းများကို အတန်းတွင်း၌ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားသင့်သည်။
၉၉။ဆရာတစ်ယောက်အနေဖြင့် မိမိသင်ကြားရမည့် သင်ခန်းစာ၏ ရည်ရွယ်ချက်ပေါက်မြောက်မှု ရှိ-မရှိကို အမြဲတစေ သိရမည်။ လုပ်ငန်းများ၊ စမ်းသပ်ချက်များနှင့် သင်ထောက်ကူပစ္စည်းများကို မည်မျှပင် ကောင်းအောင် ပြင်ဆင်ထားစေကာမူ သင်ခန်းစာရည်ရွယ်ချက် မပေါက်မြောက်ပါက အချည်းနှီးပင် ဖြစ်သည်။ ကလေးများ သင်ယူလိုစိတ်ရှိရန် ဆရာက လှုံ့ဆော် အားပေးရမည်။ သင်ယူနေစဉ် ကလေး၏သင်ယူမှု အခြေအနေကိုလည်း ဆရာက ကြည့်ရှုလေ့လာနေရမည်။ သင်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာ ရှိလျှင် သို့မဟုတ် စာကို စိတ်မဝင်စားလျှင် အကြောင်းရင်း စိစစ်၍ လိုအပ်သည့်ပံ့ပိုးမှုကို ပေးရန် လိုအပ်သည်။
၁၀၀။ ပထမအဆင့်အနေဖြင့် စိတ်ဝင်စားမှု၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် နားလည်သဘောပေါက်မှု-စသည့် ကျောင်းသား၏ ဆောင်ရွက်ချက်ကို ကြည့်ရှုလေ့လာရန် လိုအပ်ပြီး၊ လိုအပ်သည့်အခါတိုင်း ပြန်လည်ကုစားပေးရမည်။
၁၀၁။ဒုတိယအဆင့်အနေဖြင့် သင်ခန်းစာ အကြောင်းအရာကို ကလေးများ ခြုံငုံမိခြင်း ရှိ-မရှိနှင့် ကိုယ်ပိုင်အတွေးအခေါ် ခံစားချက်၊ စိတ်ကူး စသည်တို့ကို ဖော်ပြနိုင်ခြင်း ရှိ-မရှိကို  CCA သဘောတရားနှင့် ကိုက်ညီသည့် စီကုံးရေးဖြေမေးခွန်းများကို အသုံးပြု၍ စစ်ဆေးရမည်။
၁၀၂။ တတိယအဆင့်အနေဖြင့် မှတ်မိခြင်းထက် နားလည်ခြင်းနှင့် အသုံးချခြင်းကို အလေးပေးသော အခန်းဆုံးစစ်ဆေးခြင်းများ ပြုလုပ်ရမည်။
၁၀၃။ ဆရာသည် ခင်မင်နှစ်လိုဖွယ် အမူအရာမျိုးရှိရမည့် အပြင် ကလေးများနှင့် ဆက်သွယ်ပြောဆိုခြင်း၊ ကလေးများအား မေးခွန်းမေးရန်နှင့် စဉ်းစားရန် အားပေးခြင်းမျိုးလည်း ရှိရပေမည်။
၁၀၄။မိဘပြည်သူများကို ဖိတ်ကြား၍ ကြည့်ရှုလေ့လာစေခြင်းဖြင့်လည်းကောင်း၊ ကွင်းဆင်းလေ့လာခြင်း၊ ဇာတ်ဟန်ခင်းကျင်းခြင်း အစရှိသော သင်ပြမှုလုပ်ငန်းများတွင် မိဘများအား ပါဝင်စေခြင်းဖြင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။
၁၀၅။ သင်ကြားမှု အရည်အသွေး တိုးတက်မြင့်မားရေးအတွက် ကျောင်းအခြေပြု (သို့) ကျောင်းအုပ်စုအခြေပြု CCA ပုံစံဖြင့် သရုပ်ပြသင်ကြားခြင်းနှင့် ဆွေးနွေးပွဲများကို အပတ်စဉ် (သို့) လစဉ် ပြုလုပ်သင့်သည်။ ၎င်းဆွေးနွေးပွဲများတွင် ဆရာများသည် သင်ခန်းစာများကို အလှည့်ကျ သရုပ်ပြသင်ကြားခြင်း၊ သရုပ်ပြသင်ခန်းစာနှင့် ဆက်စပ်၍ ဆွေးနွေးခြင်း၊ သင်ကြားမှုအတွေ့အကြုံများနှင့် သင်ထောက်ကူများ ဖလှယ်ခြင်း၊ ကြုံတွေ့ရသည့် သင်ကြားမှုပြဿနာများကို မည်သို့ ရင်ဆိုင်ဖြေရှင်းရမည်ကို ဖလှယ်ခြင်း-စသည်တို့ကို ပြုလုပ်နိုင်သည်။
၁၀၆။ မြို့နယ်ပညာရေးမှူး၊ လက်ထောက်မြို့နယ် ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် ကျောင်းများရှိ သင်ကြားသင်ယူမှု လုပ်ငန်းများကို အစဉ်အမြဲ လမ်းညွှန်ကြီးကြပ်ရန် လိုအပ်သည်။ ၎င်းတို့၏ အားပေး ထောက်ပံ့ ကူညီပံ့ပိုးမှုသည် ကျောင်းများတွင် CCA ပုံစံဖြင့် အကောင်အထည် ဖော်ရာတွင် မရှိမဖြစ် လိုအပ်ချက် ဖြစ်သည်။
၁၀၇။ CCA ပုံစံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးကောလိပ်များရှိ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ မြို့နယ်ပညာရေးမှူးများနှင့် လက်ထောက်မြို့နယ်ပညာရေးမှူးများ၊ ထက်၊ လက်၊ မူ ကျောင်းအုပ်ကြီးများ၏ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု လိုအပ်ပါသည်။ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုဖြင့် တွေ့ကြုံရသည့်အခက်အခဲ ပြဿနာများကို လျော့နည်းပပျောက်သွားအောင် ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
၁၀၈။ နိဒါန်းပျိုးခြင်းသည် ကျောင်းသားများအား သင်ယူမှုဖြစ်စဉ်တွင် ပါဝင်လာအောင် လှုံ့ဆော်၊ ဆွဲဆောင်ခြင်းပင် ဖြစ်ပါသည်။
၁၀၉။ နိဒါန်းပျိုးခြင်း ၂ မျိုးရှိပါသည်။ ၎င်းတို့မှာ သင်ခန်းစာအသစ်ကို အစပျိုးခြင်းနှင့် ယခင်နေ့များက သင်ပြီးသော သင်ခန်းစာကို ဆက်လက်၍ သင်ကြားသည့်အခါ သိပြီးအသိကို နှိုးဆွခြင်းတို့ ဖြစ်ပါသည်။
၁၁၀။ သင်ခန်းစာအသစ်အတွက် ကျောင်းသား/ကျောင်းသူများ၏ စိတ်ဝင်စားမှုကို ရယူရန် ရုပ်ပုံပြခြင်း၊ ပုံပြင်ပြောခြင်း (လိုအပ်ပါက CCA Project မှ ဖြန့်ဝေထားသော ရုပ်ပုံကားချပ်များကို အသုံးပြုရန်)၊ ဉာဏ်စမ်းမေးခွန်း မေးခြင်း၊ ကစားခြင်း၊ ကလေးများကို ၎င်းတို့၏ အတွေ့အကြုံများကို ပြောပြစေခြင်းတို့ဖြင့် နိဒါန်းပျိုးနိုင်သည်။
၁၁၁။ ယခင်နေ့က သင်ပြီးခဲ့သော သင်ခန်းစာကို ဆက်လက်သင်ကြားသည့်အခါ ပြီးခဲ့သော သင်ခန်းစာနှင့် သက်ဆိုင်သည့် မေးခွန်းများမေးခြင်း၊ သင်ခန်းစာ၏ အကျဉ်းချုပ်ကို ပြန်လည်ပြောပြစေခြင်းတို့ဖြင့် နှိုးဆွသင်ကြားနိုင်ပါသည်။
၁၁၂-၁၂၀။ သင်ခန်းစာ၏ ရည်ရွယ်ချက် ပေါက်မြောက်စေရန် ဆရာက သင်ပြ/သင်ယူမှုလုပ်ငန်းများ ပေးရပါမည်။ လေ့လာဆွေးနွေးမှု လုပ်ငန်းများဖြင့် ကလေးတို့၏ နားလည်သဘောပေါက်မှုများ တိုးတက်လာစေရန် အောက်ပါအတိုင်း လုပ်ဆောင်ပေးရန် ဖြစ်ပါသည် -
(၁) ကျောင်းသားများအား ဆရာမှ တစ်ဦးချင်းလုပ်ငန်း၊ အုပ်စုလုပ်ငန်း (ကြည့်ရှု လေ့လာခြင်း၊ ဆွေးနွေးခြင်း၊ လက်တွေ့ပြုလုပ်ခြင်း၊ ကွင်းဆင်းလေ့လာခြင်း)၊ နှစ်ယောက်တွဲလုပ်ငန်း (ဆွေးနွေးခြင်း)၊ တစ်တန်းလုံးနှင့် ပတ်သက်သည့်လုပ်ငန်း (ဆွေးနွေးခြင်း)များ ပေးခြင်း၊
                    (၂) ဆရာသည် သင်ခန်းစာနှင့် သင့်လျော်သော သင်ထောက်ကူပစ္စည်းများသုံးခြင်း၊ (Project မှ ပေးသော ကားချပ်များ သို့မဟုတ် ဆရာကိုယ်တိုင် တီထွင်ထားသည့်အရာများ)၊
(၃) သင်ယူမှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဆရာက ရှင်းလင်းသော ညွှန်ကြားမှုများ ပေးခြင်း၊
(၄) ကလေးများ သင်ယူမှုလုပ်ငန်းများ လုပ်ဆောင်နေစဉ် အတန်းတွင်း (သို့) အုပ်စုတစ်ခုချင်းဆီသို့ လှည့်လည်၍ ကြီးကြပ်ခြင်း၊
                    (၅) ကလေးများ သင်ယူမှုလုပ်ငန်းများ လုက်ဆောင်ရန် လုံလောက်သော အချိန်ပေးခြင်း၊
(၆) သင်ထောက်ကူပစ္စည်းများ သင်ထောက်ကူ ကားချပ်များအား ကလေးများကို ကိုယ်တိုင်တိုင်တွယ် ကြည့်ရှုလုပ်ဆောင်စေခြင်း၊
             (၇) လုပ်ငန်းလုပ်ဆောင်မှု၏ တွေ့ရှိချက် (သို့) အဖြေကို ကလေးများကိုယ်တိုင် ရှာဖွေဖော်ထုတ်စေခြင်း၊
              (၈) ကလေးများ၏ ရှာဖွေတွေ့ရှိချက်များအား ၎င်းတို့ကိုယ်တိုင် ရှင်းပြ၍ ဖြေဆိုစေခြင်း၊
                (၉) ဆရာက အောက်ပါမေးခွန်းများကဲ့သို့ နမူနာထား မေးမြန်းနိုင်ပါသည်-
ကလေးများ၏ ဝေဖန်သုံးသပ်မှုစွမ်းရည် ရင့်သန်လာစေမည့် စဉ်းစားတွေးခေါ်မှု ပါသည့် မေးခွန်းများ (ဥပမာ- ရှေးရှေးက ဗမာတို့သည် ပုဂံကို ၎င်းတို့၏ မြို့တော်အဖြစ် အဘယ်ကြောင့် ရွေးချယ်ခဲ့သည်ဟု သင်ထင်ပါသနည်း။)
အဖြေတစ်ခုတည်း ရရှိသည့်မေးခွန်း (ဥပမာ- ငါးသည် မည်သည့်အရာဖြင့် အသက်ရှူပါသနည်း။)
အဖြေအမျိုးမျိုး ရနိုင်သည့် မေးခွန်းများ (ဥပမာ-သင် မုန့်ဖိုးအများကြီး ရရှိခဲ့ပါက မည်သို့ သုံးစွဲမည်နည်း။)
                  (၁၀) ကလေးများ ဖြေကြားနိုင်ရန် ဆရာမှ ထောက်ကူပေးခြင်း၊ အစဖော်ပေးခြင်း၊
(၁၁) ဖြေဆိုနိုင်သော ကလေးများအား ဆရာက အသိအမှတ်ပြုပေးခြင်း၊
                  (၁၂) ဆရာသည် မေးခွန်းများ မေးနေစဉ်တွင် ဖြေဆိုရန် နှောင့်နှေးတုံ့ဆိုင်းနေသော ကလေးများအား လေ့လာ၍ ဖြေဆိုရန် အားပေးခြင်း၊
                   (၁၃) ကလေးဆီမှ အဖြေမှန် မရရှိပါက ဆရာသည် ပိုမို ရှင်းလင်းလွယ်ကူသော မေးခွန်းများ ထပ်မံ မေးခြင်းဖြင့်လည်းကောင်း၊ မေးပြီးသား မေးခွန်းကိုပင် လွယ်ကူသော ဝေါဟာရအသုံးအနှုန်းဖြင့် စိတ်ရှည်စွာ ထပ်မံ မေးမြန်းခြင်းဖြင့်လည်းကောင်း အဖြေမှန် ရရှိလာအောင် အားပေးခြင်း။
၁၂၁။သင်ခန်းစာ၏ နိဂုံးပိုင်း၌
(၁) ဆရာသည် ကျောင်းသားများထံမှ သင်ခန်းစာ၏ အဓိကအချက်များကို ဖော်ထုတ်ယူရပါမည်။
(၂) ရရှိလာသည့် အဓိကအချက်များကို ကျောက်သင်ပုန်းပေါ်တွင် အနှစ်ချုပ် ရေးသားပြရပါမည်။
(၃) ဆရာသည် ကျောင်းသားများအား သင်ခန်းစာမှ အဓိကအချက်များကို ၎င်းတို့ကိုယ်တိုင် အကျဉ်းချုပ် ထုတ်နှုတ်စေရပါမည်။ (သို့မဟုတ်) ဆရာက သင်ခန်းစာမှ အဓိကအချက်များကို အကျဉ်းချုပ် ထုတ်နှုတ်ပေးရပါမည်။
၁၂၂။ စစ်ဆေးအကဲဖြတ်ပိုင်း၌  သင်ခန်းစာ၏ ဦးတည်ချက် ပေါက်မြောက်အောင် ဆရာက သင်ကြားနိုင်ခြင်း ရှိ မရှိ၊ ကလေးများက ရရှိသွားခြင်း ရှိ-မရှိကို အကဲဖြတ်ရပါမည်။

                       စိန်ရတနာဆရာတော်

No comments:

Post a Comment