Friday, December 16, 2016

မောင်းတော သတင်းက သက်သေပါ

မောင်းတော သတင်းက သက်သေပါ

○○○○○○○●●●●●●●●○○○○○○

ဘုရားရှင်တောင်ဝဋ်လိုက်တယ်ဆိုရင်

ဝဋ်ကြွေးရှိရင်တော့ ဆပ်ပါမယ်

ချေးတာဆိုရင်လည်း ပေးလိုက်ပါတယ်

တစ်ခွန်းတော့ မှာလိုက်ပါမယ်

သံသရာမှာပြန်တွေ့ခဲ့သော်လည်း

ငါကတော့ ပြန်မတောင်းပါဘူး

ငါလို ခံစားချက်မျိုး

မင်းတို့ကို မကြုံစေချင်ဘူး

ရာထူးအားဏာ လုပ်ပိုင်ခွင့်ဆိုတာ

အတိုးပေါ် အတိုးဆင့်မြဲပါနော်-----

@@@@@@@@@
"ဓားပြတိုက်ခံလိုက်ရတဲ့ သာသနာပြုရဟန်းငယ်များ"
       -----------------------------------------------------

     မောင်စန္ဒိမာတို့ ဦးအာစိန်တို့ Share-ပြီး Tag-တွဲပေးထားလို့ ဘွဲ့ယူစာရင်းမှာ ကိုယ့်နာမည်ကို တွေ့ခဲ့ရတယ်။ ဒါပေမယ့် သူငယ်ချင်းတစ်ချို့ ပါမလာတော့ မပျော်ဘူး။ အဲဒီထဲမှာ တစ်ပါးက ဘူးသီးတောင်ဖက်မှာ တာဝန်ကျနေတဲ့ ဘ.က-ကျောင်းအုပ်။ လစဉ် အစီရင်ခံစာတွေ တင်နေရတဲ့သူကို "ဌာနကင်းကွာမှု"နဲ့ Fail-ချတာ တကယ့်ကို ရင်နာစရာပါပဲ။ သမိုင်းတွေကို ပြန်ဖော်ရရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်လိမ့်မယ်။

     ဘွဲ့စာသင်နှစ်(၄)နှစ်၊ သာသနာပြု(၂)နှစ်အပြင် ထပ်တိုး (၁)နှစ်တင်လိုက်တဲ့အခါ ဘီအေဘွဲ့အတွက် ပေးဆပ်မှုက   (၇)နှစ်ဖြစ်သွားတယ်။ သာသနာပြုဆိုတဲ့ ဂုဏ်ပုဒ်ကြီးအောက်မှာ ဒီရဟန်းငယ်လေးတွေ ဘယ်အထိများ အနှိမ်ခံနေရဦးမှာလဲ။ အမေတွေရဲ့ ရင်ထဲကနေ ဝင်ကြည့်ပေးကြပါ-"မေတ္တာတရားထွန်းကားပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာရဲ့ အဖွဲ့ချုပ်ကြီးမှာ မေတ္တာတရားတွေ ခေါင်းပါးနေပြီလား………"။

     သိတယ်……… သာသနာပြုဌာနဆီ တကယ်မသွား,ဝါမဆိုဘဲ ပေးစာကမ်းစာနဲ့ နားလည်မှုလုပ်ထားတဲ့ ဒေါင်ဒေါင်မြည်ကြီးတွေက လွတ်တယ်။ တကယ်သွားပြီး ဝါဆိုနေတဲ့ ရောဂါသည်တွေကျတော့ အရေးယူတယ်။ ဒီစကားအတွက်လည်း ငါတာဝန်ယူတယ်။ "အထက်ကို စာတင်ပါလား……"တဲ့။ အဲဒီအထက်ကိုယ်တိုင်က ယောင်ဝါးဝါး ဖြစ်နေတဲ့အခါ ဘယ်သူ့နား ပြေးကပ်ရမှာတုန်း။

     "သာသနာရေးမှူးများသည်လည်း သာသနာပြုဌာနများသို့ သွားရောက်ပြီး လိုအပ်သည်များကို ထောက်ပံ့လှူဒါန်းနေပါသည်……"တဲ့။ တော်ရုံတန်ရုံ အရှက်နည်းမှုနဲ့တော့ ဒီလိုမျိုး လိမ်ညာဝံ့မယ်မထင်ဘူး။ သိသိကြီး အလိမ်ခံနေရတာ ရင်ထဲမှာ မီးတောက်နေပြီ။ မျောက်ပြပြီး ဆန်တောင်းတယ်။ ဒါပေမယ့် အဲဒီဆန်တွေကို မျောက်ကမစားရဘဲ ခွေးတွေ ဝင်စားသွားတယ်။

     ဒေါင်းဖြူတို့ တက္ကသိုလ် စတက်တဲ့နှစ်မှာ သာသနာပြုရဟန်းတော် အရှင်သုန္ဒရ[မြိုင်] ပျံတော်မူတယ်။ စာမေးပွဲအောင်မြင်ပြီး သာသနာပြုတာဝန်ထမ်းဆောင်ရင်း ပျံတော်မူတာမို့ ဘွဲ့ဆက်ကပ်ဖို့ ပြောတဲ့အခါ သာသနာရေးဌာန ဘာပြောတယ်မှတ်လဲ---"အစဉ်အလာ မရှိဘူး……"တဲ့ဗျာ။ အဲဒီမှာ ဘုန်းကြီးဦးမာဃဝ-က "အစဉ်အလာရှိအောင် သေပေးပြီးသွားပြီ။ ဒါတောင် မလုံလောက်သေးဘူးလား……"လို့ စောဒကတက်ပြီး အကြိတ်အနယ် ဆွေးနွေးရတယ်။ နောက်ဆုံး မတက်သာလို့ ဘွဲ့ပေးရပေမယ့် အခန်းအနားမှာ ပေးခွင့်မရှိဘူး-ဆိုတာကြောင့် ဘွဲ့လက်မှတ်ကို ဒီအတိုင်းပဲ အရှင်သုန္ဒရ[မြိုင်]ရဲ့ မယ်တော်ကြီးဆီ ပေးလိုက်ရတယ်။ မယ်တော်ကြီးခမျာ သားဖြစ်သူရဲ့ ဘွဲ့လက်မှတ်ကို ကိုင်ပြီး ငိုရှာတယ်။ ဒါ……တကယ့်အဖြစ်အပျက်ပါ။

     အမှန်ဆို တောင်တန်းသာသနာပြုလုပ်ငန်းက လူကြီးတွေ လုပ်သင့်တာပါ။ အခုတော့ အရွယ်မမယ် လူငယ်တွေရဲ့ ပခုံးထက်ကို မနိုင်ဝန်ကြီး တင်ပေးထားကြတယ်။ သာသနာပြုရဟန်းတော်လို့ ခေါင်းစဉ်တင်ထားပေမယ့် တစ်ချို့ဆို အသက်(၂၁,၂၂)တွေတောင် ပါသေးတယ်။ ဘာသာခြား,လူမျိုးခြား,ရေခြား,မြေခြားဆီ ဒီကိုယ်တော်လေးတွေကြွတာကို ဘယ်လိုအမေတွေက ရင်အေးကြမှာလဲ။ သွေးမတော်,သားမစပ်တဲ့ ခင်မင်ရင်းနှီးသူတွေတောင် စိတ်မချတာ အမေတွေဆို………… အို……… ဗုဒ္ဓဘာသာ အမှားကုဋေကုဋာလား………။

     စစ်တွေကထိန်မှာ နေခါးခါးနဲ့ ဆုံတယ်။ သူ့ခမျာ နေ့လည်ခင်းကြီး ငှက်ဖျားပိုးထလာလို့ သွေးစစ်ခဲ့ရသေးတယ်။ မျက်လုံးတွေလည်း နီရဲနေရှာတယ်။ ဒီကြားထဲ အခု ဘွဲ့ယူစာရင်းမှာ ချန်လှပ်ခံရတယ်။ နာလှန်မထူနိုင်တဲ့ ရောဂါသည် သူငယ်ချင်းတွေဆီ ဒီလိုကံကြမ္မာဆိုးတွေ ပို့လွှတ်လိုက်တဲ့ စေတန်တွေကို မုန်းတယ်။

     ကိုယ်တိုင် တောင်တန်းမရောက်ဖူးသူတွေရဲ့ ပလ္လင်ပေါ်က ထုတ်တဲ့အမိန့်လေ။ တိုင်တဲ့သူ ရှိလို့ အရေးယူတာ-တဲ့။ ထုချေခွင့်တောင် မပေးကြဘူး။ တိုင်တိုင်း အရေးယူစတမ်းဆို ဌာနတွေအားလုံး လာဘ်စားနေတာကျတော့ရော………။ ဦးသန်းရွှေကို တိုင်မယ်…… ဘယ်သူအရေးယူမှာလဲ။ ကွင်းဆင်းလေ့လာ စစ်ဆေးမှုမရှိဘဲ တစ်ဖက်သက် အာဏာရှင်ဆန်တာမျိုးဟာ ရွံစရာပါ။ သေချာတာတစ်ခုက မြန်မာပြည်မှာ တို့ဗုဒ္ဓဘာသာရဟန်းတော်တွေ ဒီမိုကရေစီမရသေးဘူး။

     လူမစုံတဲ့ ဘွဲ့ယူခန်းမကို တက်ပြီး ပြုံးပြုံးကြီး ဘွဲ့ယူဝံ့တဲ့သတ္တိ မရှိတာကို ဝန်ခံပါတယ်။ တောင်တန်းအတွက် အသက်မသေရုံတမယ် ပေးဆပ်ခဲ့တဲ့ သူငယ်ချင်းတွေမပါတဲ့ ဒီခရီး မချိတင်ကဲ တောက်ခေါက်သံတွေ ဆူညံနေမှာ အသေချာပဲ။ ကိုယ့်လောက်မှ သာသနာကိုမချစ်တဲ့သူတွေဆီက သာသနာချစ်ကြောင်း ထောက်ခံစာကို မျှော်နေရတာလောက် အသည်းပေါက်စရာကောင်းတာ မရှိဘူး။

     အဖြူထည်သာသနာကြီးကို လိုသလို ဆေးဆိုးနေတဲ့ လက်တစ်ဆုပ်စာကြောင့် သာသနာလည်း သာသနာမမည်တော့ဘူး။ "ဌာနကင်းကွာ"တဲ့။ ကင်းမှာပေါ့။ ဌာနကပေးတဲ့ ထောက်ပံ့ကြေး (၃၃၀၀၀)လောက်နဲ့က သာသနာပြန့်ပွားရေးအတွက် အသာထားလို့ မုဆိုးမအိမ်က ကြွက်အိုကိုတောင် နပ်မှန်အောင် ကျွေးလို့မရဘူး။ မဝရေစာလေး ပေးထားတာမို့ သာသနာပြုနိုင်ဖို့ ပြည်မကို ပြန်လာပြီး မျက်နှာငယ်နဲ့ အလှူခံရမှတော့ ဌာနကင်းကွာပြီပေါ့။ မကင်းကွာစေချင်ရင် လုံလုံလောက်လောက် ပေးထားရမှာလေ။ တကယ်လို့ အဲဒီ(၃၃၀၀၀)နဲ့ လောက်ငတယ်ထင်ရင် သာသနာရေးက ပုဂ္ဂိုလ်တွေ ဘယ်သူသွားမလဲ……? နှစ်ဆ(၆၆၀၀၀)တောင် ပေးလိုက်ဦးမယ်။

     သူငယ်ချင်းတွေ ဘွဲ့မရလို့ စိတ်မကောင်းဖြစ်တာ မဟုတ်ဘူး။ သူတို့သမိုင်းမှာ အမည်းစက် စွန်းထင်းသွားလို့ ဝမ်းနည်းတာ။ မိသားစုတွေကလည်း "ငါတို့ဦးဇင်း ဒီနှစ်ဘွဲ့ယူမှာ……… သူလိုက်မယ်…… ငါလိုက်မယ်…… ဘယ်လိုသွားမယ်"ဆိုပြီး စိတ်ကူးယဉ်နေရှာမှာ။ အခုတော့ ဘွဲ့မရတဲ့အပြင် ဂုဏ်သိက္ခာပါ အဆစ်ကျရတယ်။ အဆိုးဆုံးက နောင်နှစ် သာသနာပြုကြွမယ့် ရဟန်းတော်တွေကို သြဝါဒပေးပွဲမှာ-"မနှစ်က ဘယ်သူတွေ ဘယ်လိုနေတဲ့အတွက် ဘွဲ့မရဘူး။ ကိုယ်တော်တို့လည်း အဲ့ဒီလို မနေနဲ့"လို့ လူဆိုးစာရင်းတင်ပြီး ဥပမာပေးလိမ့်မယ်။ ဒီပွဲမှာ ဖြူစင်မှုတွေ ဓားပြတိုက်ခံလိုက်ရတယ်။

     ငါတို့တတွေ သာသနာတော်ကို အရမ်းချစ်ကြတယ်။ အဲ……… ဒီလိုပြဿနာတွေ ကြုံရတဲ့အခါ သာသနာကို ချစ်တဲ့စိတ်ကနေ သာသနာကို စိတ်ပျက်တဲ့စိတ်ကို ပြောင်းလဲသွားတယ်။ ငါတို့က သူတို့လိုသလိုလှည့်ဖို့ စကောထဲက ဇီးဖြူသီးတွေလား။ လုပ်ထားကြပါ သံသရာဆိုတာ ဘယ်တော့မှ တစ်လမ်းမသွားဘူး။ ရဟန်းငယ်တွေရဲ့ အခက်အခဲပေါ် နည်းနည်းမှ စာနာမှုမပေးကြဘဲ စာအုပ်ကြီးတွေနဲ့ ကိုင်ပေါက်နေကြတယ်။ အထက်ကလည်း သံဃာအချင်းချင်း ဖေးမတာမျိုး မရှိခဲ့ဘူး။ ငါတို့ကို ဘယ်သူကာကွယ်ပေးကြမှာလဲ။ ငါတို့ဘက်က ဘယ်သူရပ်တည်ပေးကြမှာလဲ။

     ရဟန်းငယ်တွေအပေါ် ညှာညှာတာတာ ဆက်ဆံတာကို ဘယ်သူကမှ တရားမစွဲပါဘူး။ ပြင်းထန်တဲ့ အမိန့်တွေကို ခေတ်ဆိုးမှာ ထားခဲ့ကြပေမယ့် တို့အသိုင်းအဝိုင်းမှာတော့ စနစ်ဆိုးက ခုမှစတယ်။ ငါတို့ရဲ့ ပေးဆပ်မှုတွေက ဒီဘွဲ့နဲ့ မထိုက်တန်သေးဘူးလား။ B.A-ဘွဲ့ကို ကိုယ့်အိပ်ထဲက စိုက်ပေးရသလို ထောက်ခံဖို့ လက်တွန့်နေတာ သဘာဝတော့ မကျပေဘူး။ အခြားသူတွေကို ပါးစပ်နဲ့တောင် မသထာတတ်ရင် တမလွန်မှာ ပြိတ္တာဖြစ်မှာ အသေအချာပဲ။ ကြားဖူးမှာပါ-"Closed hand can not receive."လေ။

     တာဝန်ကျတာက ဘူးသီးတောင်,မောင်တော။ တကယ့်ကို စရိုက်ကြမ်းတဲ့ ဒေသ။ ရဲကိုတောင် လည်လှီးခဲ့သူတွေ မင်းမူနေတဲ့ နယ်။ အဲဒီနေရာမှာ အချိန်ပြည့်နေဖို့ အမိန့်ပေးတဲ့ အထက်က ပုဂ္ဂိုလ်တွေရဲ့ လူသားချင်း စာနာထောက်ထားမှုကတော့ သြချလောက်စရာပါပဲ။ မထူးပါဘူး သေမင်းနယ်မြေကို လွှတ်မယ့်အစား ပြည်မကို ပြန်ခေါ်ပြီး သေဒဏ်သာ ပေးလိုက်ကြပါ။ အဲဒါက သက်သာလိမ့်မယ်။

     ဖြစ်သင့်တာက တာဝန်ကျကိုယ်တော်တွေကို ခေါ်ပြီး နေခြင်း/မနေခြင်းရဲ့ အခြေအနေနဲ့ အကြောင်းပြချက်ကို မေးမြန်းရပါမယ်။ နေလို့မဖြစ်တဲ့ ကိစ္စမျိုးရှိခဲ့ရင် အနီးအပါးရှိ တာဝန်ထမ်းဆောင်နေတဲ့ ကိုယ်တော်နဲ့ တွဲဖက်ပြီး အန္တရာယ်ကင်းတဲ့နေရာမှာ အတိုင်းအတာတစ်ခုထိ နေ။ အခြေအနေတည်ငြိမ်တဲ့အခါ မူလကိုနေ ပြန်…… ဒီလို ပါဝင်ဆွေးနွေးမှုလေးတွေ လုပ်ပြီး သာသနာပြု ရဟန်းတော်များရဲ့ သာသနာချစ်စိတ်ကို မေတ္တာရိပ်လွှမ်းတဲ့ နှလုံးသားနဲ့ နှိုးစွပေးရမှာဖြစ်ပါတယ်။

     ဒါပေမယ့် ပစ္စက္ခကြုံနေရတာက အာဏာရှင်ဆန်တဲ့ အမိန့်တွေပဲ။ ဒေါင်းဖြူတို့ တောင်တန်းဒေသမှာ သာသနာပြုစဉ်ကာလအတွင်း အထက်ကပို့တဲ့ စာလွှာတွေရဲ့ အဆုံးသက်တိုင်းမှာ-"အမိန့်ထုတ်ပြန်လိုက်သည်"ဆိုတာချည်းပဲ။ မသိတဲ့သူဆို တောင်တန်းသာသနာပြုရဟန်းတော်တွေကို တရားခံလို့တောင် ထင်သွားနိုင်ပါတယ်။ ကိုယ့်အိပ်ထဲက စိုက်ထုတ်ရတာ မဟုတ်တာတောင် သာသနာပြုကိုယ်တော်တွေအပေါ် နူးနူးညံ့ညံ့ ဆက်ဆံဖို့ ဘာလို့များ ခက်ခဲနေကြတာလဲ--- တွေးမရခဲ့ဘူး။

     နပသ(ရန်ကုန်)က Fail-ထိတဲ့ (၂)ပါးကို ခွဲခြမ်းစိတ်ဖြာရရင် တစ်ပါးက "ဘ.က-ကျောင်းအုပ်"။ လစဉ် ပညာရေးမှူးရုံးနဲ့ အဆက်အသွယ်လုပ်နေရတာ။ ဒီကြားထဲ သက်မှတ်ထားတဲ့ သင်တန်းတွေကို သွားရောက် တက်ရသေးတဲ့အပြင် ကျောင်းမှာရှိတဲ့ ဆရာ,ဆရာမတွေကို လစာပေးဖို့အတွက်လည်း ပြည်မဒေသကို ခဏပြန်လာပြီး မျက်နှငယ်နဲ့ အလှူခံရသေးတယ်။ ဒီဒုက္ခတွေကို ထုတ်ဖော်ချီးကျူးဖို့ တွေဝေနေပေမယ့် အရေးယူဖို့ကျ တယ်လက်သွက်တာ သာမန်စကေးတော့ မဟုတ်လောက်ဘူး။

     သာသနာပြုကိုယ်တော်တွေ ပြည်မကို အလည်ပြန်လာတာဟာ အားတိုင်းယားတိုင်း အလေလိုက်ဖို့ ပြန်လာကြတာမဟုတ်ပါဘူး။ တာဝန်ကျတဲ့ နေရာကို မြှင့်တင်ပေးဖို့ ပြည်မက ဒကာ,ဒကာမတွေဆီမှာ အလှူလာခံတာပါ။ သာသနာရေးကသာ လုံလုံလောက်လောက် ထောက်ပံ့ပေးနေရင် ဒီပြဿနာ တက်စရာကို မရှိဘူး။ အခုတော့ သူတို့ကိုယ်တိုင်က မသထာရေစာလေးကျွေးထားပြီး မတန်မရာအလုပ်တွေ ခိုင်း၊ ဂိုဏ်းတူတွေက တောင်းဆိုတော့ ရှေ့နောက်မကြည့်ဘဲ အရေးယူ…… ဒီအချိုးနဲ့တော့ သာသနာပြုလုပ်ငန်း အောင်မြင်ပါလိမ့်မယ် (နှစ်သံသရာ စောင့်ကြည့်)။

     "သာသနာရေးဌာနမှာ ဘက်ဂျက်မရှိလို့ အရှင်ဘုရားတို့ကို မထောက်ပံ့နိုင်တာပါ……"ဆိုပြီး ဆင်ခြေပေးခွင့် ရှိပါတယ်။ ငွေမထောက်ပံ့လို့ ချိုသာတဲ့အားပေးစကားများ ပြောသလားဆို Never…ပါပဲ။ ပါးစပ်လေးနဲ့ ထောက်ပံ့ဖို့အရေးလေးကို လက်တွန့်နေသူတွေဆီမှာ တောင်တန်းသာသနာပြုရဟန်းတော်တွေကို ပေးဖို့ "စာနာမှု"-မရှိတာ သေချာပါတယ်။

     နောက်တစ်ပါးက ငှက်ဖျားရောဂါသည်။ ဦးနှောက်ပိုး ငှက်ဖျားမိထားလို့ "အသက်အန္တရာယ်ရှိတဲ့အတွက် အဲဒီနေရာမှာ ဆက်လက်မနေသင့်ကြောင်း"ဆရာဝန်က ထောက်ခံထားရသူ။ မယုံရင် လာကြည့်ပါ! ဒေါင်းဖြူဆီမှာ အဲဒီစာရွက် မိတ္ထူရှိပါတယ်။ "တာဝန်က တာဝန်ပဲ နေရမှာပေါ့"ဆိုချင်သူရှိရင် ရိုးရိုးလေးပါပဲ သာသနာက သာသနာပါ။ လူသတ်ကွင်းမဟုတ်ဘူး။

     ဒေါင်းဖြူအနေနဲ့ အခုလို ရေးနေပေမယ့် သူတို့ကတော့ ဒီနှစ်မှာ ဘွဲ့ရမှာမဟုတ်ပါဘူး။ ဒါဆို ဘာလို့ရေးလဲ……… တောင်တန်းသာသနာပြုရဟန်းတော်တွေ နှစ်ပေါင်းများစွာ အနှိမ်ခံခဲ့ရတာကို လူတွေအားလုံး သိစေချင်လို့ပါ။ တကယ်လို့များ ဒီပြဿနာအတွက် ဌာနဆိုင်ရာတွေက တွေ့ဆုံဆွေးနွေးလိုတယ်ဆိုရင်လည်း ကြိုဆိုပါတယ်။
နောက်ဆုံးအနေနဲ့ပြောရရင် ဒေါင်းဖြူရဲ့ သူငယ်ချင်းတွေဟာ ဘွဲ့မရတာ မဟုတ်ပါဘူး။ သူတို့ရမယ့်ဘွဲ့ကို ဓားပြတိုက် ခံလိုက်ရတာပါ။

(ညီတော်,နောင်တော်များနှင့် ထပ်တူ ကြေကွဲဝမ်းနည်းစွာဖြင့်-
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
15.12.2016

No comments:

Post a Comment