Monday, December 5, 2016

မျက်မှောက်ခေတ် မြန်မာကဗျာစစ်တမ်း (သစ္စာနီ )

ကဗျာဆောင်းပါး

မျက်မှောက်ခေတ် မြန်မာကဗျာစစ်တမ်း (သစ္စာနီ )

မကြာခင်က ကျွန်တော်တို့ရှိတဲ့ ၃၆ လမ်းက လက်ဖက်ရည်ဆိုင်ကို ကဗျာဆရာ တောင်တွင်းယဉ်မင်းကြိုင် ရောက်လာတယ်။ သူက ကျွန်တော်တို့နဲ့ တစ်ခေတ်တည်း ကဗျာရေးလာခဲ့တဲ့ ကဗျာဆရာအိုကြီး တစ်ယောက်ပေါ့။ ကဗျာမရေးတာကြာပြီ။ ဒါပေမယ့် အခုတလော ကျွန်တော် သတိထားထားမိသလောက်၊ ကဗျာနဲ့ ပတ်သက်တဲ့  အခမ်းအနားလေးတွေ၊ ကဗျာအလုပ်ရုံ ဆွေးနွေးပွဲလေးတွေမှာ သူ့ကို မကြာမကြာ တွေ့နေရတယ်။ သူက “ခင်ဗျားနဲ့ ကျွန်တော် အေးအေးဆေးဆေးတွေ့ပြီး ကဗျာအကြောင်း စကားပြောဦးမယ်” လို့ စရံသတ်တယ်။ ဒီမှာ သူပြောသွားတဲ့ စကားတစ်ခွန်းကို မှတ်သားစရာမို့ ဖောက်သည်ချချင်ပါတယ်။

သူက…

“အခု ကျွန်တော် ကဗျာပြန်ရေးဖို့ ကြိုးစားနေတယ်။ ဒါကြောင့် အခုခေတ်ကဗျာတွေကို ဖတ်တယ်။ ဒီကဗျာတွေက ကျွန်တော့်ကို ဆွဲဆောင်ရင် ကျွန်တော်လည်း နစ်မျော။ ကဗျာ ဈာန်ဝင်ပြီး ကဗျာရေးနိုင်အောင်လို့ပေါ့။ ဒါပေမယ့် ကဗျာတွေက ကျွန်တော့်ကို မဆွဲဘူး။ မဆွဲတဲ့အပြင် ကန်တောင် ကန်နေတယ်။ ကျွန်တော် ဘယ်ကဗျာကိုမှ သုံးကြောင်းထက် ပိုမဖတ်နိုင်ဘူး။ အဲဒါဘာကြောင့်လဲ”လို့ပြောတယ်။


သိပ်ရိုးသားတဲ့လူပါ။ သူကြုံနေရတဲ့ အခက်အခဲကို ရိုးရိုးသားသား တင်ပြသွားတာပါ။ ဇန်နဝါရီလ (၇) ရက်နေ့ကလုပ်တဲ့ ကျွန်တော့်ရဲ့ Post poetry စာတမ်းဆွေးနွေးပွဲလည်း သူတက်ရောက်ခဲ့တာ (ဓါတ်ပုံထဲမှာပြန်ကြည့်မှ) တွေ့ရတယ်။ ဒီနေ့ ကဗျာအယူအဆ အမျိုးမျိုးဟာ တော်ရုံကဗျာဆရာကို ခေါင်းခဲစေမှာ အမှန်ပါပဲ။ ဒါတောင် အွန်လိုင်းကဗျာဆရာ အတော်များများကို သူထိတွေ့ဖူးဟန်မတူပါဘူး။ အွန်လိုင်း ကဗျာအုပ်စုတွေကလည်း အများကြီး။ တချို့ကဗျာတွေဆို ကျွန်တော်တို့ကိုတောင် ရှော့ခ် (Shock)  ဖြစ်စေတယ်။


လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်၊  ကျွန်တော်တို့ ကဗျာရေးကာစ၊ ကြီးကြီးကျယ်ကျယ် ပေါရာဏဒီပနီတို့၊ ကဗျာသာရတ္တသင်္ဂြိုဟ် (အဲဒါက ရွှေတောင်ဆရာလွန်း အမည်ခံ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရေးတာလို့ ထင်ပါတယ်) တို့ ကဗျာရေးနည်း စာအုပ်ကြီးတွေဖတ်ပြီး၊ လန့်သွားဖူးတယ်။ သူ့တို့ စာအုပ်ကြီးတွေက ညွှန်းဆိုတဲ့ ကဗျူပဒေသအတိုင်း ကဗျာရေးဖို့ဆိုတာ၊ လွယ်တာမှမဟုတ်ပဲ။ ဂုဏ်တဲ့၊ လင်္ကာတဲ့၊ ဂိုဏ်းတဲ့၊ ဂိုဏ်းယှဉ်နက္ခတ်နဲ့၊ ဂိုဏ်းစောင့်နတ်သမီးဆိုတာ ရှိသေးတယ်။ ဒေါသကလည်းရှိသေးတယ်။ ဒေါသသင့်ရင် ကဗျာရေးတဲ့သူဟာ မျက်စိကွယ်နိုင်တယ်။ စီးပွားပျက်နိုင်တယ်။ မီးဘေးသင့်နိုင်တယ်။ ဆန်းတဲ့။ ရသတဲ့။ ပိဋကတ်သင်္ချာနည်းနဲ့ ကဗျာစစ်ဆေးတာက ရှိသေးတယ်။ အဲဒါတွေနဲ့ ညီညွတ်အောင်ရေးခဲ့နိုင်တယ်ဆိုတဲ့ ရှေးစာဆိုကြီးတွေကို ဦးညွတ်မိပါတယ်။


တစ်ခုတွေးမိပြန်တာက၊ အဲဒီရှေးစာဆိုကြီးတွေသာ အသက်ပြန်ရှင်လာပြီး ဒီနေ့ ကဗျာဝါဒ အမျိုးမျိုးနဲ့ ကဗျာအယူအဆ အမျိုးမျိုးကို မြင်တွေ့ရရင်ရော၊ ဘယ်လိုရှိလေမလဲဆိုတာပဲ။ အနည်းဆုံး သူတို့လည်း ခေါင်းစားသွားနိုင်ပါတယ်။ အခု လောလောဆယ် ခေါင်းစားနေကြတာကတော့၊ ဒီနေ့ လက်ရှိကဗျာရေးနေကြတဲ့ ကဗျာဆရာတွေပေါ့ (အယူအဆမတူလို့ အပြန်အလှန် ပုတ်ခတ်တိုက်ခိုက်တဲ့ အသံတွေတော့ အတော်အတန် ငြိမ်သက်သွားပါတယ်။ ဒါလည်းဝမ်းသာစရာပါပဲ)။ ဒီနေ့ ကဗျာအယူအဆနဲ့ ဝါဒတွေကို ကိုယ့်ထောင့်ကနေ ကိုယ်အမြင်နဲ့ ရှင်းလင်းဖို့ ကြိုးစားနေတဲ့သူတွေလည်း အများကြီးပါပဲ။ ဇေယျာလင်း၊ ဆရာ ဇော်ဇော်အောင်၊ ငြိဏ်းဝေ၊ မင်းခက်ရဲ၊ အောင်ရင်ငြိမ်းတို့ကအစ သူရနီတို့၊ ဝိုင်ချိုတို့ မိုးဝေးတို့၊ စေတတို့ အထိ ကဗျာဆောင်းပါးတွေ  ရေးလာတာလဲ ကြိုဆိုရမှာပဲ။ ကဗျာနဲ့ ပတ်သက်ပြီး တိတ်ဆိတ်နေတာထက်စာရင် အသံစုံကြားနေရတာ ပိုကောင်းပါတယ်။ ကျွန်တော်တို့ ကြိုက်တာကို ယူပြီး မကြိုက်တာကို ပယ်ရုံပေါ့။

ဒါပေမယ့် တစ်ခုရှိတာက ကျွန်တော်တို့ဟာ ရှင်းရင်းရှုပ်နေသလိုပဲ ဖြစ်နေတယ်။ ဒါက ဆောင်းပါးရေးတဲ့ သူတွေ ကိုယ်တိုင်ကလည်း “ဆန်စင်ရာ ကျည်ပွေ့လိုက်” ဖြစ်နေတာကြောင့်လည်း ပါတယ်။ ကျွန်တော်ကိုယ်တိုင် ကိုငြိမ်းဝေရဲ့ “ဂဃနဏ” ကဗျာစာအုပ်နဲ့ ပတ်သက်ပြီး ကွန်ဆက်ချုရယ် အယူအဆ အကြောင်းကိုတော့ “စရဏ” မဂ္ဂဇင်းမှာ ရေးလိုက်တယ်။ သည်မော်နိုင်ရဲ့ “လှော်တက်ကိုနှစ်” ကဗျာစာအုပ်နဲ့ ပတ်သက်တဲ့ အယူအဆသစ်အကြောင်းကိုတော့ ရနံ့သစ်မှာ ရေးလိုက်တယ်။ အခုသူတို့ဆီမှာ ခေတ်စားလာတဲ့ Flarf poetry ကဗျာအကြောင်းကိုတော့ စပယ်ဖြူမှာရေးလိုက်တယ်။ Icon က ကဗျာပြားပြီ ဆောင်းပါးမှာလည်း ကဗျာအယူအဆအသစ်တွေ အကြောင်း တင်ပြခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၇)ရက်နေ့ ကတော့ ဆရာဇော်ဇော်အောင်ရဲ့ ကဗျာစစ်တမ်းကို Poetry workshop မှာဆွေးနွေးကြတယ်။ ထုံးစံအတိုင်းပဲ Anti-Art Anti-poetry နဲ့ ပတ်သတ်လို့ မကျေလည်တဲ့သူက မကျေလည်ကြပြန်ဘူး။ ဒီဆောင်းပါးမှာတော့  ဒီနေ့ကဗျာအခြေအနေကိုတင်ပြဖို့ တတ်နိုင်သလောက် ရှင်းရှင်းလင်းလင်း ရှိမယ့် ဇယားလေးတစ်ခု ကျွန်တော်ဆွဲပြချင်ပါတယ်။

အဓိက ကဗျာအမျိုးအစားက (၂)မျိုးပဲရှိပါတယ်။

    (၁) ခေတ်ပေါ်ကဗျာ (ပင်မရေစီး)  Main Stream ဟာ ခံစားမှုကို အားပြုတဲ့ကဗျာဖြစ်ပြီး အနုပညာဆိုတာ ခံစားမှုကို ဖော်ထုတ်ပြတဲ့အရာလို့ ခံယူတယ်။ (Art is expression)

    (၂) ခေတ်ပြိုင်ကဗျာ (ရေစီးသစ်) New Stream ကတော့ စိတ်ကူးထည်နဲ့ ဥာဏ်အသိကို အခြေခံပြီး၊ အနုပညာ ဆိုတာ ခံစားမှုကိုဖော်ပြတဲ့အရာဖြစ်တယ်ဆိုတာကို လက်မခံဘူး။ (Art is Idea)


ခေတ်ပေါ်ကဗျာ က ဖန်တီးမှုလို့ သုံးပေမယ့်၊ ခေတ်ပြိုင်ကဗျာကတော့ ပြုလုပ်ခြင်း၊ တီထွင်ခြင်းလို့ သုံးတယ်။ (Uncreation is new creation)


Non-expression လို့ဆိုနိုင်တဲ့ ခေတ်ပြိုင်ကဗျာ အမျိုးအစားထဲမှာ Cyber-poetry, Language poetry, Conceptual poetry, Anti-poetry, Flarf  poetry, Visual poetry စသည်ဖြင့် ပါပါတယ်။

ဇေယျာလင်းကတော့  သူ့ရဲ့ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာ ချဉ်းကပ်လေ့လာချက် (မတ် ၂၁-၂၀၀၁) စာတမ်းမှာ ဒီလို ကဗျာအမျိုးအစားကို လက်လှမ်းမီသလောက်ဆိုပြီး (၂၇) မျိုး တင်ပြထားတာ တွေ့ရပါတယ်။


ဖော်ပြထားတဲ့ ဇယားကို ကြည့်ရင်တော့၊ အတော်အတန် ရှင်းလင်းမှုရှိမယ်ထင်ပါတယ်။ အခုလောလောဆယ် ကျွန်တော် တွေ့မြင်နေရတဲ့ ကဗျာအများစုကတော့  အယူအဆ နှစ်မျိုးရောနေတဲ့ Hybird poetry ဗန္ဓတ်ကဗျာ (သို့မဟုတ်) မိဿက ကဗျာ အမျိုးအစားတွေဖြစ်နေတာတွေ့ရပါတယ်။ ကိုယ်ဟာ ဘယ်လို ကဗျာအမျိုးအစားတွေ ရေးနေသူလဲ၊ ဘယ်ကဗျာအမျိုးအစားထဲပါလဲ ဆိုတာက ကိုယ်တိုင်ခွဲခြားရမှာဖြစ်ပါတယ်။ ဒီလောက်နဲ့တော့ မရှင်းနိုင်သေးဘူးဆိုရင်လည်း ဟုတ်ပါတယ်။နောက်ထပ်ရှင်းလင်းစရာတွေလည်း များစွာရှိနေပါသေးတယ်။ ဟောရင်း ပျံတော်မူ သွားရှာတဲ့ ဆရာတော်ကြီးတွေကို ဒီနေရာကနေ ကန်တော့ပါတယ်။

အခုအချိန်ထိ ကျွန်တော်တို့ မကျွတ်မလွတ်နိုင်သေးတာက...
ကျွန်တော်တို့ ကိုယ့်ဒိဌိ ကိုယ်မခွာနိုင်ကြလို့ပဲ ဖြစ်ပါတယ်။


သစ္စာနီ
(ခရမ်းရိပ်မဂ္ဂဇင်း၊ ဇန်န၀ါရီလ ၂၀၁၂)

No comments:

Post a Comment