Saturday, August 12, 2017

ဒေါ်အောင်ဆန်းစုကြည် ပေးစာ

ဒေါ်အောင်ဆန်းစုကြည် ပေးစာ
*****
ကြာခဲ့ပါပြီ။ သို့သော် အနှစ်သာရ ပြည့်ဝနေဆဲ ဖြစ်သောကြောင့် ပြန်တင်ပေးလိုက်ပါသည်။ သင့်တော်သောလမ်းကို ကောင်းစွာ လျှောက်လှမ်းနိုင်ပါစေဟု လည်း ဆန္ဒပြုပါ၏။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဟုမ္မလင်းမြို့နယ်မှ ရဟန်းတော်တစ်ပါး၏ အိတ်ဖွင့်ပေးစာ

သို့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်

“မင်္ဂလာပါ’’ ဟု ရှေးဦးစွာ နွေးထွေးလှိုက်လှဲစွာဖြင့် နှုတ်ခွန်းဆက်သလိုက်ပါသည်။ ကြီးပွားတိုးတက်ခြင်း၏ အကြောင်းတရားတို့ကို မင်္ဂလာဟု ဆိုသဖြင့် နိုင်ငံတော်ကြီးပွားတိုးတက်ရေးအတွက် နယ်ပယ်အနှံ့ ခရီးဆန့် ဟောပြောနေသော ကြီးပွားတိုးတက်ခြင်း၏ အခြေခံအကြောင်းတရားတို့ကို သယ်ဆောင်လာသော ဒကာမကြီးသည် မင်္ဂလာတရားတို့ကို သယ်ဆောင်လာသည်ဟု ဆိုနိုင်သဖြင့်  “မင်္ဂလာပါ”ဟု နှုတ်ခွန်း ဆက်သလိုက်ခြင်းဖြစ်ပါသည်။

လွတ်လပ်ရေး ပိသုကာ အမျိုးသားခေါင်းဆောင်ကြီးဖြစ်သော ဒကာမကြီး၏ ဖခင်သည် ဤအထက်ချင်းတွင်း ခရီးစဉ်သို့ လာမည်ဟု ကြံရည်ပြီး အကြံအစီ အထမမြောက်ဖြစ်ခဲ့ရပါ၏။ ယခုတော့ ဖခင်အထမမြောက်ခဲ့သည့် ခရီးစဉ်ကို သမီးဖြစ်သူက ဖြည့်ဆည်းပေးခဲ့ရပြီ။ နယ်သူနယ်သားတို့လည်း ဒကာမကြီးနှင့် တွေ့ခွင့်ရခဲ့ရပေပြီ။ ရှမ်းလူမျိုးတို့ အများစုနှင့် အခြားချင်း ၊ နာဂ (အနည်းစု)တို့နေထိုင်ရာ အထက်ချင်းတွင်းဒေသ(ဟုမ္မလင်းခေါ် ညောင်ပိန္နဲမြို့တော်)မှ နွေးထွေးလှိုက်လှဲစွာပင် ကြိုဆိုပါ၏။

အခက်အခဲပေါင်းများစွာကို ကြံ့ကြံ့ခံလျက် ဒီမိုကရေစီရေးကို လက်မလျှော့တမ်း တတ်စွမ်းသမျှ ကြိုးစားအားထုတ် လျက်ရှိခြင်း ၊ မြန်မာ့ဝတ်စုံဖြင့် မြန်မာအမျိုးသမီးတို့၏ တင့်တယ်ခြင်းကို (အဆင်းရော အချင်းပါပြည့်စုံစွာဖြင့်) ကမ္ဘာပေါ်တွင်ထင်ရှားပေါ်လွင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း စသည်တို့အတွက်ကြောင့်လည်း ဒကာမကြီးအား လွန်စွာကျေးဇူးတင်မိသလို ဂုဏ်ယူဝမ်းမြောက်မိပါ၏။

ဦးဇင်းသည် ၁၉ ဝါရ ရှမ်းအမျိုးသား ရဟန်းတော်တပါးဖြစ်ပြီး ယခုကာလတွင် အချို့သောသူတို့ အသံပင်မကြားချင် လောက်အောင် ဖြစ်နေသည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ဝင်တစ်ပါးလည်း ဖြစ်ပါသည်။ ၂၀၁၀ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ကာလတွင် အုတ်တချပ် သဲတပွင့်အနေဖြင့် အကူအညီရလိုရငြား “ဗုဒ္ဓဝါဒနှင့် ဒီမိုကရေစီ”ဟူသော စာစဉ်ကိုပြုစုလျက် လွတ်တော်သို့ အုပ် ၇၀၀ လှူဒါန်းခဲ့ဖူးသည်။ ဒကာမကြီးထံသို့လည်း ရုံးချုပ်မှတဆင့် ပေးပို့ခဲ့ဖူးပါသည်။ (ရောက်မရောက်တော့မသိ) မြန်မာ့ယဉ်ကျေးမှု၏ ရေခံမြေခံဖြစ်သော ဗုဒ္ဓဝါဒနှင့် နိုင်ငံရေးစနစ်တို့တွင် လူကြိုက်များရေပန်းစားလှသည့် ဒီမိုကရေစီစနစ်တို့ကို ဥာဏ်မီသမျှ ဆက်စပ်လျက် ဗုဒ္ဓဝါဒလာ မည်သို့သော အခြေခံစိတ်ဓာတ်တို့ဖြင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီစနစ်ကို (အခြေခံစိတ်ဓာတ်နှင့် တကွသော ဒီမိုကရေစီစနစ်ကို) တည်ဆောက်သင့်ကြောင်း တင်ပြထားသည့် စာစဉ်ဖြစ်ပါသည်။ ပထမအကြိမ် ဒကာမကြီး အမေရိကန် ခရီးစဉ်သွားခါနီးကာလတွင် ဒကာမကြီးနှင့် တွေ့ဆုံခွင့်ရရန် ကြံရွယ်ခဲ့ဖူးသော်လည်း အထမမြောက်ခဲ့ပါ။

ယခုအခါ ကြုံတောင့်ကြုံခဲ ဒကာမကြီး ဦးဇင်းတို့ မြို့နယ်သို့ ရောက်လာခိုက်တွင် လက်ရှိမြန်မာနိုင်ငံ၏ စိတ်ရှုပ်ထွေးဖွယ်ရာ နိုင်ငံရေး ဘာသာရေး ရောထွေးနေမှုပြဿနာတို့ကို သာသနာဝန်ထမ်း ရဟန်းတော်တစ်ပါး အနေဖြင့် လည်းကောင်း ၊ ပြည်သူ တစ်ဦးအနေဖြင့် လည်းကောင်း အနည်းငယ်တင်ပြပါဦးမည်။ ရဟန်းတော်တစ်ဦးက ကြီးလေးလှသည့်တာဝန်တို့ကို ထမ်းဆောင်နေသည့် ဒါယိကာမကြီး တစ်ဦးအား သူ၏ ထင်မြင်ယူဆချက်တို့ကို အကြံပြုခြင်းများဟု ဆိုနိုင်သကဲ့သို့ ပြည်သူတစ်ဦးက ခေါင်းဆောင်တစ်ဦးအား သူအမြင်ကို တင်ပြခြင်းကဲ့သို့လည်း မှတ်ယူနိုင်ပါသည်။

မြန်မာနိုင်ငံ ကြုံတွေ့နေရသော ပြဿနာတို့သည် (၁) အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲနေသော ပြဿနာ (၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲနေသော ပြဿနာ (၃) ဗုဒ္ဓယဉ်ကျေးမှုနှင့် အစ္စလာမ်ယဉ်ကျေးမှုတို့ စတင်တိုးတိုက် အားပြိုင်နေခြင်း ပြဿနာဟူ၍ ဦးဇင်းတို့က ရှုမြင်ပါသည်။ ယဉ်ကျေးမှုတိုးတိုက်ခြင်း ပြဿနာကို အချို့သော နိုင်ငံရေး သမားတို့က အသိအမှတ်မပြုပါ။ ပြဿနာအဖြစ်လက်မခံပါ။ သို့သော် ဟားဗတ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဟန်တင်တန်တို့ကဲ့သို့သော ပညာရှင်များကတော့ ကမ္ဘာပေါ်တွင် ယဉ်ကျေးမှုတိုးတိုက်ခြင်းပြဿနာသည် ရှေ့တန်းသို့ ရောက်လာနိုင်ကြောင်း အထောက်အထား အကိုးအကား အပြည့်အစုံနှင့် ကျမ်းတစ်စောင်ပေတစ်ဖွဲ့ပြုစုကာ လွန်ခဲ့သော နှစ်များစွာကပင် တင်ပြခဲ့ဖူးပါသည်။ သို့သော် အံ့သြစဖွယ်ကောင်းလောက်အောင် ခုထိ ထိုပြဿနာကို ပြဿနာအဖြစ် ရှုမြင်ခြင်း မရှိသူတို့ များစွာ ရှိနေပါသေးသည်။ ထိုယဉ်ကျေးမှုတိုးတိုက်ခြင်း ပြဿနာသည် နိုင်ငံရေးနှင့် ဘာသာရေးကို ရှုပ်ထွေးအောင် ခွဲရခက်အောင် တွန်းပို့ခဲ့သော ပြဿနာဖြစ်ခဲ့သည်။

ဗုဒ္ဓယဉ်ကျေးမှုသည် အစ္စလာမ်ယဉ်ကျေးမှုနှင့်တွေ့ထိတိုင်း အမြဲတန်း အရှုံးပေး နောက်ဆုတ်ခဲ့ရသည့် ခါးသီးသော သမိုင်းကြောင်း ရှိခဲ့သည်။ ရခိုင်အရေးအခင်းထဖြစ်တော့ အတိတ်သမိုင်း၏ ခြိမ်းခြောက်မှုကိုခံရသော ရဟန်းတော်တို့ ယဉ်ကျေးမှုတိုးတိုက်ခြင်း ရှုထောင့်မှ လွန်စွာအထိတ်တလန့် ဖြစ်ခဲ့ရသည်။ ဦးဇင်းတို့က ရခိုင်အရေးကို နယ်မြေလု ပြဿနာသက်သက်ဟု မမြင်ပါ။ ယဉ်ကျေးမှု ပြဿနာနှင့်ပါ တွဲ၍ မြင်ပါသည်။ ပြင်ပခိုးဝင်လာ၍ နယ်မြေတို့ကို သိမ်းပိုက်ထားသည် ဖြစ်စေ ၊ အတွင်း၌ ရှိနေသောသူတို့က ပေါက်ဖွားမှုအားကောင်း၍ နယ်မြေတို့ကို တဖြည်းဖြည်း သိမ်းသွားသည်ဖြစ်စေ ယဉ်ကျေးမှုရှုထောင့်မှ အစ္စလာမ်ယဉ်ကျေးမှု၏ ဗုဒ္ဓယဉ်ကျေးမှုနယ်မြေတို့ကို လွှမ်းမိုးအနိုင်ယူသွားခြင်းဟုသာ သတ်မှတ်ပါသည်။ ထို့ကြောင့် ယဉ်ကျေးမှုတိုးတိုက်ခြင်းပြဿနာကို ကာကွယ်နိုင်ရန် အမျိုးစောင့်ဥပဒေကိစ္စကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ရခိုင်အရေးအခင်းပင် ကောင်းစွာမပြီးသေးပါ။ အားကိုးတကြီးချည်းကပ်သည်က ဒကာမကြီးတို့ NLD ပါတီကိုသာ ဖြစ်သည်။ မန္တလေးတွင် ဒေါ်ဝင်းမြမြ ၊ ဦးထွန်းထွန်းဦး(တင်ထွန်းဦးလော၊ထွန်းထွန်းဦးလော သေချာမမှတ်မိ)တို့နှင့်တွေ့၏။ ထိုဒကာမကြီးနှင့် စကားပြော၍ အပေးမယူ သိပ်မတည့်။ ဦးထွန်းထွန်းဦးမှ လှမ်းချိတ်ပေးသဖြင့် ရုံးချုပ်တွင် ဥပဒေတာဝန်ခံ လွတ်တော်အမတ် ဦးအုန်းကြိုင်နှင့်တွေ့၍ ဆွေးနွေးပါသည်။ အဘဦးဝင်းတင် ရှိပါသေး၏။ အဆင်မပြေ။

သို့နှင့် ကိုယ့်နည်းကိုယ်ဟန်ဖြင့်သာ ဆောင်ရွက်လျက် ဥပဒေအကြံပြုချက်အနေဖြင့် နိုင်ငံတော်သမတ၊ ပြည်သူ့လွတ်တော် ၊အမျိုးသားလွတ်တော်တို့ထံတင်သည်။ နိုင်ငံတော်သံဃမဟာနာယကထံသို့လည်း သံဃာတော်များ၏ လျှောက်ထားချက်အနေဖြင့် သီးခြား တင်ပါသည်။ ပြည်သူ့လွတ်တော်မူကို တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ထံသို့လည်း မိတ္တူပို့ ပါသည်။ ၁၁ .၇ . ၂၀၁၂ ရက်စွဲဖြင့် ဖြစ်သည်။ ထိုစဉ်က အများပြည်သူမသိလိုက်ကြပါ။ ထိုကြိုးစားချက် အရာမထင်သဖြင့် ၂၀၁၃ တွင် ထပ်မံကြိုးစားကြသောအခါ အငြင်းပွားဖွယ်တို့ ပါဝင်လာလျက် ငြင်းခုန်မှုတို့ ဖြစ်ပေါ်လာပါတော့သည်။ ဦးဇင်းတို့စတင်ကြိုးစား စဉ်အခါက နိုင်ငံရေးကစားရန်ဟူသည် ယောင်၍ပင် မတွေးမိခဲ့ပါ။ ယဉ်ကျေးမှုတိုးတိုက်ခြင်းရှုထောင့်မှ ပြဿနာတို့ကို ကာကွယ်နိုင်ရန်သာ ရည်မှန်းခဲ့သည်။ ယဉ်ကျေးမှု တိုးတိုက်ခြင်းကို ပြဿနာအဖြစ် ရှုမြင်သူတို့က ထိုရှုထောင့်အတွက် ဥပဒေတို့လိုအပ်သည်ဟု ရှုမြင်ချိန်တွင် ယဉ်ကျေးမှုတိုးတိုက်ခြင်းကို ပြဿနာအဖြစ် မရှုမမြင်သူတို့က ထိုဥပဒေတို့ မလိုအပ်ဟု ယူဆခြင်းသည် သဘာဝကျသော ဝိရောဓိများသာ ဖြစ်ပါသည်။ ထိုဝိရောဓိများ၏ အသင့်တော်ဆုံးသော အဖြေကို ခုထိ ဆွေးနွေး ညှိနှိုင်းနိုင်ခြင်းမရှိသေးပါ။

ဦးဇင်းတို့အနေဖြင့် ယဉ်ကျေးမှုတိုးတိုက်ခြင်းကို ဘာသာသာသနာ ကွယ်ပျောက်သွားစေနိုင်သော လွန်စွာကြောက်ဖွယ် ကောင်းသော အရေးကြီးသည့် ပြဿနာအဖြစ် ရှုမြင်ပါသည်။ ဘာသာတရားကိုအခြေခံလျက် ဖြစ်ပေါ်သော မတူညီသော ယဉ်ကျေးမှုများသည် ၊ လက်ထပ်မှုဟူသော လူမှုရေးနယ်ပယ် ၊ ဘာသာကူးပြောင်းမှုစသော ဘာသာရေးနယ်ပယ် ၊ ကူးသန်း ရောင်းဝယ်မှု ဟူသည့် စီးပွားရေးနယ်ပယ်စသည်တို့၌ တိုးတိုက်ပြီး နောက်ဆုံး နိုင်ငံရေးနယ်ပယ်အထိ တိုးတက်ကျယ်ပြန့်လျက် တိုးတိုက်တတ်သည်ဟု အခိုင်အမာ ယူဆပါသည်။

ထိုပြဿနာတို့ကို ကာကွယ်ရန် ယာယီဖြေဆေးအနေဖြင့် ရှိသင့်ရှိထိုက်သော သင့်လျှော်လျောက်ပတ်သည့် ဥပဒေတို့ရှိသင့်သည်ဟု ယူဆလျက် အမျိုးစောင့်ဥပဒေကို ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြခြင်းဖြစ်ပါသည်။ အချို့ထင်သကဲ့သို့ အစိုးရက နိုင်ငံရေးကစားနိုင်ရန် သံဃာတော်များကို အသုံးချခြင်းမဟုတ်ပါ။ သံဃာတော်များက ဘာသာသာသနာကာကွယ်နိုင်ရန် အစိုးရကို အသုံးပြုခြင်း အစိုးရ၏ အားကိုယူခြင်းသာဖြစ်ပါသည်။(တဖက်၏ အကြိုက်အကွက်ဆိုက်သွားသည်လည်း ဖြစ်နိုင်ပါသည်။)ထိုအမျိုးစောင့် ဥပဒေကိစ္စနှင့်ပတ်သက်ပြီး ဒကာမကြီးတို့ အဖွဲ့၏ ရပ်တည်ချက်များကို ကြည့်ပြီး ဆရာတော် သံဃာတော်များက များစွာယုံမှားသံသယ ဝင်သွားခဲ့ကြပါသည်။ “ငါတို့ အားကိုးတကြီးရှိခဲ့တဲ့ အဖွဲ့အစည်းက ဒီလိုကြီးရပ်တည်ပါလား” ဟုလည်း များစွာစိတ်မကောင်းတော်မူကြပါ။ အချို့ကတော့ အမျိုးစောင့်ဥပဒေ ကြိုးစားချက်သည် စောသေးသည်။ အခါမဟုတ်သေး။ ဒီမိုကရေစီရေးကို ကြိုးစားပြီးမှ အမျိုးစောင့်ဥပဒေကို ဆောင်ရွက်သင့်သည် ဟု ဆိုကြသည်။ အမျိုးစောင့်ဥပဒေဟူသော အသံကိုပင် နားခါးသူတို့လက်ထက်တွင် ထိုဥပဒေအကောင်အထည် ဖေါ်ဖို့ လွန်စွာခက်ခဲလိမ့်မည်မှာ သေချာပါသည်။

မြန်မာ့နိုင်ငံရေး၏ လမိုက်ည သန်းခေါင်ကာလတွင် ဒကာမကြီးနှင့် ဒကာမကြီးတို့၏ အဖွဲ့သည် နိုင်ငံသူ နိုင်ငံသားများ ဆရာတော် သံဃာတော်များတို့၏ တောက်ပြောင်သော ကြယ်အလင်းရောင်များ ဖြစ်ခဲ့ကြပါသည်။ ဒကာမကြီးသည်လည်း ဦးဇင်းတို့ အားလုံး၏ မျော်လင့်ချက်ရောင်ခြည်ပင်ဖြစ်ခဲ့သည်။ သို့သော် တကယ်လက်တွေ့တွင် အမျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ဆန့်ကျင်ဘက်များအဖြစ် အလိုအလျောက်ရပ်တည်မိလျက်သား ဖြစ်ရသည်မှာ လွန်စွာစိတ်မကောင်း ဝမ်းနည်းစဖွယ်ကြီး ဖြစ်ပါတော့သည်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့မှ ဆရာတော်ကြီးများဆိုလျှင် ဒကာမကြီးနှင့်အဖွဲ့အပေါ် အတော်သံယောဇဉ် ရှိတော်မူကြပါသည်။ အင်းစိန်ရွာမဆရာတော်ကြီးဆိုလျှင် ကိုယ်တော်တိုင် လက်မှတ်ထိုးလျက် သုံးကြိမ်တိတိ ဆွေးနွေးညှိနှိုင်းရန် ဖိတ်ခေါ်ဖူးသည် ဆိုပါသည်။ ဒကာမကြီးထံ ရောက်မရောက် မသိရပါ။ ယခုနှစ်တွင် ကျင်းပပြီးစီးသွားသည့် နှစ်ပတ်လည်ညီလာခံ မတိုင်ခင်တွင်လည်း အဖွဲ့မှ ဒကာကြီးအချို့ကို ခေါ်လျက် ဒကာမကြီးထံမှ အခြားစကား ပြောရခက်လျင်ပင် “ ဆရာတော်တို့ ဘာမျှ မစိုးရိမ်ကြပါနဲ့ ဘုရား”ဆိုသည့် လျောက်ထားသည့် စကားလေး  ကြားချင်ကြောင်း ၊ ထိုမျှလေး ကြားရလျှင် ကျေနပ်ပြီဖြစ်ကြောင်း ခေါ်၍ မိန်တော်မူကြသေးသည်ဟု တိပိဋကဆရာတော်ဘုရားမှ ညီလာခံတွင် မိန့်ကြားတော်မူပါသည်။ သို့သော် ထိုစကား ဒကာမကြီးထံ မရောက်၍လား ၊ အဘယ်အကြောင်းကြောင့် မှန်းမသိ မကြားရဖြစ်ခဲ့ရသည်။ ထိုအခါ ဆရာတော်တို့မှ သံသယကြီးသွားပုံရပါသည်။ (အင်းစိန်ဆရာတော်ဘုရားကြီး၏ ဒကာမကြီးတို့အပေါ် အရင်က သဘောထားကို ဒကာမကြီးတို့ သိပြီးဖြစ်ပါသည်။ တိပိဋက မော်ကျွန်းဆရာတော်ဆိုလျှင် ကျောင်းတွင် ဒကာမကြီး၏ ပုံများချိတ်ဆွဲထားသဖြင့် ရောက်လာသော ဒေါ်ကြိုင်ကြိုင်ပင် မျက်နှာပျက်ရသည်ဟူ၏။ ဦးဝီရသူ၏ ကျောင်းတွင် ဒကာမကြီး၏ ခန်းလုံးပြည့် ပုံများပင် ရှိသည်။တစ်ပုံတည်းပင် မဟုတ်။ ခုတော့ မရှိတော့ပါ)

ဦးဇင်းကတော့ “ဒကာမကြီးက နိုင်ငံရေးအတွက် ဘာသာရေုးကို အသုံးပြုသလိုဖြစ်သည်”ဟု စိတ်မလုံသောကြောင့် ဆရာတော်များကို တွေ့ဆုံခြင်း မပြုခြင်းလား ၊ သို့မဟုတ် ထိုစကား မရောက်၍လား ဟု နှစ်မျိုးတွေးပါသည်။ အဘက်ဘက်မှ အကြပ်အတည်း တွေ့နေရသော ကာလတွင် ထိုအကြပ်အတည်းကို ပြေလည်စေနိုင်ရေးအတွက်၊ အားလုံးအဆင်ပြေရေး ချမ်းသာရေးအတွက် မည်သူနှင့်မဆို တွေ့သင့်သည်ဟု ထင်မြင်ယူဆပါသည်။ ထိုသို့တွေ့ခြင်းကြောင့် နိုင်ငံရေးအတွက် ဘာသာရေးကို အသုံးပြုခြင်းဟု လုံးဝဆို၍ ကဲ့ရဲ့၍ မဖြစ်ပါ။ သင့်တော်သော ပြဿနာဖြေရှင်းနည်းဟုသာ ဆိုရပါမည်။

တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြဿနာ၏ အဖြေကို မရှာနိုင်ခဲ့ကြခြင်းကြောင့် တဖက်နှင့်တဖက် အမြင်စောင်းမှု ၊ သံသယကြီးမှုတို့သည် ပို၍ တိုးပွားလာရတော့သည်။ လူမှုကွန်ယက်လောကသို့ တစ်ချက်လောက်တက်ကြည့်စေချင်ပါသည်။ တဖက်နှင့်တဖက် ပြောဆိုရေးသား နေကြမှုများသည် လွန်စွာဆိုးရွားလှတော့သည်။ ဆရာတော်သံဃာတော်များကို ဆဲဆိုရန်၊ တိုက်ခိုက်ရန်လည်း ဝန်လေးခြင်းမရှိကြတော့ပါ။ ထိုသို့ သံဃာတော်များကို တိုက်ခိုက်နေသူတို့သည် ကြားအဖွဲ့တစ်ခုမှ လှည့်စားတိုက်ခိုက်ခြင်းလည်း ရှိနိုင်ပါသည်။ သို့သော် ဒကာမကြီးတို့၏ အဖွဲ့အစည်းမှ ( သို့) NLD ထောက်ခံသော အဖွဲ့များမှ ပိုများမည်ဟု ဦးဇင်းတို့ ခန့်မှန်းပါသည်။ ဥပမာ ဆရာထင်လင်းဦးဆိုလျှင် ပါတီ၏ ခေါင်းဆောင်ပိုင်းလောက်တွင်ပင် ရှိနေပါသည်။ ထိုအခါ ဆရာတော် သံဃာတော်များ၏ ရင်ထဲတွင် “NLD ဆိုလျှင် ဆရာတော်သံဃာတော်များကို ဆဲဆိုဝေဖန်တိုက်ခိုက်ရန် ဝန်မလေးသော အဖွဲ့၊ နိုင်ငံတော်တိုးတက်ရေးကို လက်ညှိးထိုး၍ ဘာသာရေးကို ထိုးကျွေးဖို့ ဝန်မလေးသော အဖွဲ့များ”အဖြစ် ရင်ထဲ မှတ်ယူ ခံစားလာရသော အနေအထားသို့ တဖြည်းဖြည်း ရောက်ရှိလာပါတော့သည်။ NLD ဆိုလျှင် သံဃာများအား ဆန့်ကျင်နေသည့် အဖွဲ့အဖြစ်မြင်သော အမြင်များပင် ဖြစ်ပေါ်လာရသည်။ လွန်စွာဆိုးရွားလှသော အနေအထားဖြစ်သည်။ ဒကာမကြီးတို့အဖွဲ့က တိုက်ခိုက်သည် မတိုက်ခိုက်သည် ဆန့်ကျင်ဘက်ပြုသည် မပြုသည်ဆိုခြင်းထက် သံဃာတော်များ၏ ဒကာမကြီးတို့ အပေါ်ပြောင်းလဲလာသော အမြင်ကို တင်ပြခြင်းဖြစ်ပါသည်။(ဒကာမကြီး၏ ရခိုင်အရေးနှင့် ပတ်သက်၍ ရပ်တည်ပြောဆိုချက်တို့သည် ရခိုင်သားတို့ မျက်ရည်ပင် တောက်တောက် ကျရသည်ဟူ၏။)

ဦးဇင်းဆိုလျှင် တော်တော်အလယ်အလတ်ကျကျ မြင်တတ်အောင် ကြိုးစားကြည့်ပါသည်။ သို့သော် တဖြည်းဖြည်းနှင့် ဦးဇင်း၏ ဒကာမကြီးတို့အဖွဲ့အပေါ်မြင်သော အမြင်များသည် အရင်ကနှင့် မတူတော့ကြောင်း သတိပြုမိလာသည်။ “ငါတို့တတွေ စစ်အစိုးရ လက်ထက်တုန်းက ထောင်ထဲ မနေခဲ့ရဖူးဘူး။ ဒါပေမယ့် သူတို့လက်ထက်ကျမှ ထောင်ထဲနေရမလားမသိဘူး”ဟု ပင် စိတ် ဖြစ်မိပါသည်။ သူငယ်ချင်းတွေနှင့်ပင် ပြောမိကြသည်။ ထိုသို့ခံစားရသူ တော်တော်များများ ရှိပါသည်။ ဦးဇင်းတို့ အတွေး၊ ခံစားချက် မှားကောင်း မှားနိုင်ပါသည်။ သို့သော် ခံစားရသည့် အနေအထားအမှန်ကို ဒကာမကြီးတို့ သိသင့်သောကြောင့် ထိုအချက်ကို တင်ပြခြင်းဖြစ်သည်။

အမျိုးစောင့်ဥပဒေ လွတ်တော်တွင် မဲခွဲစဉ်ကာလ ဒကာမကြီးတို့အဖွဲ့၏ ရပ်တည်ချက်များသည် အတော်ပင် ရဲတင်းလွန်းသည် သူတပါးတို့၏ ခံစားချက်(သံဃာတော်များ၏ ခံစားချက်)ကို အလေးပေးမှုအားနည်းလွန်းခဲ့သည်ဟု ထင်မြင်ယူဆရပါသည်။ ဦးဇင်းတို့ အနေဖြင့် ထိုသို့ရပ်တည်လိမ့်မည်ဟုမထင်ခဲ့ပါ။ လိမ္မာပါးနပ်စွာဖြင့် ကြားနေလိမ့်မည်ဟု မျော်လင့်ခဲ့သည်။ ပိုဆိုးသည်က လွတ်တော်ကိုယ်စား လှယ်တစ်ဦး နှစ်ဦး၏ ကိုယ်ပိုင်ဆုံးဖြတ်ရပ်တည်ချက် အသွင်မဆောင်ပဲ အဖွဲ့တစ်ခုလုံး၏ ရပ်တည်ချက်အသွင်ဆောင်သွားခြင်းဖြစ်သည်။ အမျိုးစောင့်ဥပဒေအတည်ပြုပြီးနောက်ပိုင်း APP Newတွင်ဖော်ပြခဲ့သည် ဆိုသော သတင်းကလည်း ဦးဇင်းတို့အတွက် အန္တရာယ် အချက်ပေး ခေါင်းလောင်းသံပမာ ဖြစ်ခဲ့သည်။(သာသာသာသနာ ကာကွယ်ရေးအတွက် အထူးရေးဆွဲထားသော ဥပဒေကို NLD လွတ်တော်အမတ်များ လွတ်တော်တွင် ဆွေးနွေးနိုင်ရန် လေ့လာတင်ပြဖို့ ဦးကိုနီအား ခေါင်းဆောင်အဖြစ်တာဝန်ပေးခြင်းသည်လည်း သတိပြုသင့်သော အချက်ဖြစ်သည်။ အစ္စလာမ်ဘာသာဝင်တစ်ယောက်သည် ဗုဒ္ဓဘာသာဝင်ကဲ့သို့ တွေးမည်မဟုတ်ပါ။)

ရဟန်းတော် အတော်များများက ဒကာမကြီးတို့အဖွဲ့အာဏာရလာလျှင် အစ္စလာမ်နှင့် ယဉ်ကျေးမှုတိုးတိုက်မှုမျက်နှာစာ ဘယ်လို ပြောင်းလဲသွားမလဲဟု အတော်တွေးကြသည်။ မိမိတို့ဘက် အားမသာဘဲ တဖက်က ပို၍အခွင့်အလမ်း သာသွားလေမည်လား ဟူသော စိုးရိမ်စိတ် ကိုယ်စီ ရှိတော်မူကြပါသည်။ အဘယ်ကြောင့် ဆိုသော် ဒကာမကြီးတို့က ယဉ်ကျေးမှုတိုးတိုက်ခြင်းကို တကယ့်အရှိ ပြဿနာအဖြစ် လက်ခံခြင်းမပြုဟု ယူဆကြသောကြောင့် ဖြစ်သည်။ ထိုသို့ ဆိုလျှင် ဦးဇင်းတို့၏ အရေးကြီးလှသည်ဟု သတ်မှတ်သော ပြဿနာကို ဒကာမကြီးတို့က “ဘာမျှအရေးပါသော ပြဿနာမဟုတ်။ မရှုပ်ရှုပ်အောင်လုပ်နေတာသက်သက် ။ အစွန်းရောက်သက်သက်”ဟု မြင်မည်မှာသေချာလှတော့သည်။ အစိုးရအဖွဲ့အစည်း တစ်ခုသည် အခြားအဖွဲ့တစ်ခုကို မရှုပ်ရှုပ်အောင် အပိုအလုပ်လုပ်နေသည် ဘာသာရေးအစွန်းရောက်ဖြစ်နေသည် ဟု ထင်မြင်ယူဆလျှင် ထိုအဖွဲ့သည် နိုင်ငံတော်ကြီးပွားတိုးတက်ရေးအတွက် သေချာပေါက် အဟန့်အတားဖြစ်နေပြီဟု သတ်မှတ်မည်ဖြစ်၏။ ထိုအခါ  လျှစ်လျူရှုထား၍ မရ။ နှိမ်နင်းရတော့မည်ဖြစ်သည်။ နောက်ပြီး ကမ္ဘာဆန်လွန်းသော အမြင်များ ရပ်တည်ချက်များသည် ယဉ်ကျေးမှုတိုးတိုက်မှုမျက်နှာစာ၌ အစ္စလာမ်ယဉ်ကျေးမှုပိုအားကောင်းအောင် တွန်းအားဖြစ်လာနိုင်လောက်သည် ဟု မြင်ပါသည်။ ထိုအချက်တို့ကို ဦးဇင်းတို့ စိုးရိမ်သည်။ ထိုစိုးရိမ်စိတ်ကြောင့် အချို့ အရှင်များသည် ဗြောင်ပင် ဒကာမကြီးတို့အဖွဲ့အား ဆန့်ကျင်သည့် စကားလုံးများကို နှုတ်ဟလာကြတော့သည်။ ထိုသို့နှုတ်မဟလျှင်တောင်မှ အားပေးအားမြောက်ပြုရန် သူသူကိုယ်ကိုယ် ရွံ့လာကြတော့သည်။

ဒါတွေအားလုံးက တရားဥပဒေစိုးမိုးမှု မရှိလို့ပါဘုရားဟု ဆိုကောင်းဆိုပါလိမ့်မည်။ ဆိုနေကြပါ၏။ ဥပဒေဟူသည် ပြဿနာ တစ်ရပ်ကို ကာကွယ်ရန် (သို့) ဖြေရှင်းရန် ပြုထားရခြင်းဖြစ်သည် ။ ဥပဒေအသီးသီးသည် အနာရောဂါအသီးသီးကို ကာကွယ်နိုင်သော ၊ပျောက်ကင်းအောင် ကုသနိုင်သော ဆေးဝါးတို့နှင့်တူပါ၏။ သူ့ရောဂါနှင့် သူ့ဆေးနှင့်ဖြစ်သည်။ ကင်ဆာရောဂါကို အခြား ရိုးရိုးနာဖျားဆေးများနှင့် ပျောက်ကင်းစေရန် မစွမ်းနိုင်သကဲ့သို့ ယဉ်ကျေးမှုခြင်းတိုးတိုက်မှုဟူသော ကင်ဆာကို အခြားဥပဒေတို့ မည်မျှစိုးမိုးမှု ရှိသည်ဖြစ်စေ ကာကွယ်နိုင်မည်မဟုတ်ပါ။ အခြားဥပဒေစိုး မိုးမှု ဟူသော ဆေးဝါးတို့သည် သူ့အတွက်ဆေးဝါးမဟုတ်။ သူ့ဆေးနှင့် သူမှသာ ထိုပြဿနာကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ (ဥရောပသည် တရားဥပဒေအတော်စိုးမိုးပါသည်။ သို့သော် ယဉ်ကျေးမှုတိုးတိုက်ခြင်းကိုမကာကွယ်နိုင်ပါ။ ခုဆိုလျှင် ဥရောပနိုင်ငံ အတော်များများ၌ အစ္စလာမ်ယဉ်ကျေးမှု အတော်လွှမ်းမိုးလာပါပြီ။ နောင်ရာစုဝက်တွင် အခြေအနေ ပြောင်းလဲသွားနိုင်သည့် အနေအထားတွင် ရှိနေပါပြီ။ တရားဥပဒေ စိုးမိုးမှု လုံးဝကင်းမဲ့သလိုဖြစ်နေသော မြန်မာအတွက်ဆို ပိုဆိုးပါမည်။(ကိုယ်ခံအား သိပ်ကောင်းသူတို့အတွက် ဆေးဝါးမလိုပါ။ ထို့အတူ နိုင်ငံသူနိုင်ငံသားအားလုံး အသိဥာဏ်တို့ ရင့်ကျက် ပြည့်စုံနေကြလျှင် ဥပဒေဟူသည်လုံးဝမလိုအပ်တော့ပါ။ ခုတော့ လိုအပ်နေဆဲဖြစ်ပါသည်)

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အသင်းကြီးမှ ဆောင်ရွက်နေသော အမျိုးစောင့်ဥပဒေကိစ္စသည် အခြားသော နိုင်ငံတိုးတက်ရေးဥပဒေများဖြစ်သည့် စီးပွားရေး ကျမ္မာရေး ပညာရေး စသောဥပဒေများနှင့်မတူ။ သူသည်ဖွဲ့ဖြိုးတိုးတက်ရေး ဥပဒေမဟုတ်။ ဘာသာယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်သော ဥပဒေမျှသာဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်မှဆိုလျှင် သူသည် ဘာမျှတန်ဖိုးမရှိ။ သို့သော် ဘာသာသာသနာကာကွယ်ရေး ရှုထောင့်မှဆိုလျှင် သူသည် အတော်အတန် အားကိုးလောက်သော တံတိုင်းကြီးအဖြစ် ယူဆနိုင်လိမ့်မည်။ တန်ဖိုးသိမှ တန်ဖိုးရှိ၏ဟူသော စကားကဲ့သို့ ဗုဒ္ဓယဉ်ကျေးမှု၏ အနှစ်သာရကို သိသူတို့က ဗုဒ္ဓယဉ်ကျေးမှုကို ဘာနှင့်မျှမလဲနိုင်။ ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ရန် ကြိုးစားမည်ဖြစ်သော်လည်း ဗုဒ္ဓယဉ်ကျေးမှုကို အခြားယဉ်ကျေးမှုတို့နှင့် မထူးမခြားရှုမြင်သူတို့က ဘာသာတရားအားလုံးဟာ အတူတူပါပဲဟု ပေါ့ပေါ့နေမည်သာဖြစ်သည်။ အထူးအလေးထား ကာကွယ်စောင့်ရှောက်ရန် ကြိုးစားမည်မဟုတ်။ အပိုအလုပ်ဟု လုံးဝမှတ်ယူမည်ဖြစ်၏။ နိုင်ငံတော်တိုးတက်ရေးသာ ပိုအရေးကြီး၏ဟု ဆိုမည်ဖြစ်၏။ သတ်မှတ်သော စံနှုန်းမတူသောကြောင့် ရပ်တည်ချက် မတူကြခြင်းဖြစ်သည်။(ဘာသာ၏ အနှစ်ကို သိသော်လည်း ဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့်ကိုသာ တဖက်သတ်ကြည့်လျက် ယဉ်ကျေးမှုတိုးတိုက်ခြင်းအန္တရာယ်ရှုထောင့်ကို မေ့ထားသူတို့သည်လည်း ထိုသို့ပင် နှလုံးသွင်း ကြပါလိမ့်မည်)

အမျိုးစောင့်ဥပဒေကို အချို့ အပြစ်အမျိုးမျိုးပြော တိုက်ခိုက်နေကြသော်လည်း ကမ္ဘာကတော့ တဖြည်းဖြည်းလေ့လာလာကြပါလိမ့်မည်။ ထို့ပြင် လူ့ယဉ်ကျေးမှုကို ကာကွယ်ရေးအတွက် အမျိုးစောင့်ဥပဒေကဲ့သို့ (သို့)ထိုထက်ကောင်းသော လူ့ယဉ်ကျေးမှုကာကွယ်ရေး ဥပဒေတို့ကို ပြဋ္ဌာန်းနိုင်ရန် ကြိုးစားလာကြမည်မှာလည်းသေချာသည်။ ထိုကဲ့သို့ အကာအကွယ်မပြုက ဘာသာရေးဝတ်ရုံအောက်တွင် ကြောက်စရာ ကောင်းလောက်အောင် ကြီးထွားလာနေသည့် ဘာသာရေးနှင့်တွဲစပ်ထားသော အကြမ်းဖက်ဝါဒသည် လူ့ယဉ်ကျေးမှုတစ်ခုလုံးကို ဖျက်ဆီးသွားလိမ့်မည်ဖြစ်သည်။ နိုင်ငံရေးသမားတို့သည် ဘာသာရေးဝတ်ရုံအောက်မှ ကြီးထွားလာသည့် ဘာသာရေးအကြမ်းဖက်ဝါဒကို တားဆီးကာကွယ်ရန် တာဝန်ရှိသကဲ့သို့ လူ့ယဉ်ကျေးမှုကို တိုးတက်မြင့်မားစေသော ဘာသာအယူဝါဒများကိုလည်း ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပေသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ဘာသာရေးဖိနှိပ်ခြင်းမဟုတ်။ မျက်နှာလိုက်ခြင်းမဟုတ်။ လောကလူသားများကို စောင့်ရှောက်ခြင်း လူ့ယဉ်ကျေးမှုကို ကာကွယ်ခြင်းသာဖြစ်သည်။ ဦးဇင်းတို့သည် ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားလှသည့် ဗုဒ္ဓဝါဒကို နိုင်ငံလွတ်လပ်ရေးကဲ့သို့ပင် ကာကွယ်ကြရမည်ဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးထက်ပင် တန်ဖိုးထား၍ ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ “ဒါသည် ဘာသာရေးပါ နိုင်ငံရေးနှင့် မဆိုင်”ဆိုသူသည် ဗုဒ္ဓဝါဒထွန်းကားသော နိုင်ငံ၌ နိုင်ငံရေးလုပ်ခြင်းငှါ မထိုက်တော့ဟုပင် ပြတ်ပြတ်သားသား ဆိုရပါတော့မည်။

ယခုဆိုလျှင် ဦးဇင်းတို့နိုင်ငံ၏ ပြဿနာများကို သုံးသပ်လျှင် ယဉ်ကျေးမှုတိုးတိုက်ခြင်းပြဿနာမှ ပေါက်ဖွားလာသော အမျိုးဘာသာစောင့်ရှောက်ရေးကို အလေးပေးသောအဖွဲ့နှင့် (ထိုအဖွဲ့ သံဃာတော်များက ရှေ့တန်းမှဖြစ်သည်)နိုင်ငံတော်တိုးတက်ဖို့ ဒီမိုကရေစီရဖို့ကိုသာ အလေးပေးသော ဒီမိုကရက်တို့၏ သဘောထားကွဲလွဲမှု ပြဿနာသည် အရေးတကြီးဖြေရှင်းသင့်သော ပြဿနာ ဖြစ်နေတော့သည်။ ထိုပြဿနာ၌ နိုင်ငံရေးအဖွဲ့နှင့် ဘာသာရေးအဖွဲ့များပါ ပါဝင်နေသဖြင့်  နိုင်ငံတော်တိုးတက်ရေး အတွက်ရော ဘာသာသာသနာ တိုးတက်ရေးအတွက်ပါ ကောင်းစွာ အန္တရာယ်ပြုနိုင်သည်မှာ သေချာသည်။ ပြုလည်း ပြုနေပါပြီ။ ရေကြောင့် ဖြစ်သောနွံကို ရေဖြင့်ပင် သန့်ရှင်းအောင် ဆောင်ရွက်နိုင်သကဲ့သို့ ဘာသာရေးနိုင်ငံရေး ရောထွေးဖြစ်ပေါ်နေသော ပြဿနာကို ဘာသာရေးနိုင်ငံရေး ပေါင်းစပ်ဖြေရှင်းခြင်းဖြင့်သာ ပြေလည်စေနိုင်ပါလိမ့်မည်။ ထိုပြဿနာကို နိုင်ငံရေး ရှုထောင့်တစ်ခု တည်းမှ ဖြေရှင်းခြင်းငှာ စွမ်းနိုင်မည် မဟုတ်ပါ။ ထိုပြဿနာကို ဘာသာရေး နိုင်ငံရေးမရောထွေးရဟူသော စည်းဘောင်အတွင်းမှ ဖြေရှင်း၍ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ပြဿနာ၏ အရင်းအမြစ်သည်ပင် ဘာသာရေးနိုင်ငံရေးတို့ကို ခွဲမရအောင် ရောစပ်ထားသော ထူးခြားသော အယူဝါဒကို အခြေခံလာခြင်းကြောင့်တည်း။(ထိုသို့ ဆိုလိုက်သဖြင့် ဦးဇင်း၌ ဘာသာရေးနိုင်ငံရေး ရောထွေးသင့်၏ဟူသော အတွေးအခေါ်ရှိသည်ဟု မမှတ်ယူစေလိုပါ။ ထိုသို့အတွေးအခေါ်မရှိပါ။ ဘာသာရေး နိုင်ငံရေး ရောထွေးလျှင် ဘာသာရေး၏ မူလစံနှုန်းများ ပျက်စီးသွား နိုင်ပါသည်။)

သို့သော် ထိုအမျိုးဘာသာ အဖွဲ့နှင့် ဒီမိုကရက်တို့၏ပြဿနာသည် သံဃာတော်အရှင်မြတ်များနှင့် ဒကာမကြီးတို့ ကောင်းစွာတွေ့ဆုံ ဆွေးနွေး ညှိနှိုင်းအဖြေရှာကြလျှင် ကောင်းစွာဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ သံဃာတော်အရှင်မြတ်များသည် အချို့ထင်မြင်ယူဆ စွပ်စွဲသကဲ့သို့ အစွန်းရောက်များမဟုတ်ပါ။ သူတပါးဘာသာအား မတရားဖိနှိပ်ရန်လည်း ရည်ရွယ်ချက် ရှိတော်မမူကြပါ။(သို့သော် ဘာသာရေး ဝတ်ရုံအောက်မှ အကြမ်းဖက်ဝါဒ မြန်မာပြည်၌ အားကောင်းလာမည်ကိုတော့ အမှန်စိုးရိမ်တော်မူကြသည်) ကိုယ့်ဘာသာ သာသနာကာကွယ်ရေးကိုသာ အဓိကလေးပေးတော်မူကြပါသည်။ ထို့ကြောင့် ဒကာမကြီးတို့အနေဖြင့် တဖက်သားတို့အား ထိခိုက်နှစ်နာခြင်း မရှိစေဘဲ သာသာသာသနာ ကာကွယ်ရေးကိစ္စကို အားပေးနိုင်သည်ပင်ဖြစ်၏။ ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းသည် အခြားသူအား စော်ကားခြင်းမဟုတ်ပါ။ အခြားသူတို့အား ဖိနှိပ်ခြင်းမရှိဘဲ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါသည်။ ယဉ်ကျေးမှုတိုးတိုက်ခြင်းကို ပြဿနာတရပ်အနေဖြင့် ဒကာမကြီးတို့ ယူဆလိုက်သည်နှင့် အလယ်အလတ်ကျကျ ရပ်တည်နိုင်သည့် လမ်းကြောင်းတို့ ရှင်းလင်းစွာ ပေါ်ထွက်လာမည်မှာ သေချာလှတော့သည်။

ဒကာမကြီးတွင် အများနှင့်မတူ လူချစ်လူခင်များသော ၊ သူတပါးအား လွှမ်းမိုးနိုင်သော သြဇာတို့ရှိ၏။ ထိုသြဇာကို အသုံးပြုလျက် သံဃာတော်များနှင့် ဒီမိုကရက်တို့၏ ဝိရောဓိကို ဖြေရှင်းခြင်းငှါ ဖြစ်နိုင်ပါ၏။ အဆဲအဆိုခံနေရ အတိုက်ခိုက်ခံ နေရသော သံဃာတော်များအား ဒကာမကြီး၏ သြဇာကို အသုံးပြုလျက် ဟန့်တားလျှင် ဖြစ်နိုင်လောက်ပါ၏။ ဦးဇင်းတို့ ဤသို့ မျော်လင့်ပါ၏။ သို့သော် ခုချိန်အထိ ဒကာမကြီးက သံဃာတော်တို့အား ဝေဖန်တိုက်ခိုက်ခြင်းမပြုရန် ကိုယ့်လူကိုယ် ဟန့်တားမှု မရှိခြင်းကို ဦးဇင်းတို့ နားမလည်နိုင်အောင်ပင် ဖြစ်ရပါသည်။ “ဘာကြောင့် တစ်ခွန်းမှ မပြောတာလဲ” ဟု အဖန်ဖန်တွေးမိပါသည်။ “သံဃာတွေကို NLD အဖွဲ့ဝင်အများစုက ဝေဖန်ပုတ်ခတ်နေတာ ဒကာမကြီး မသိတာတော့ မဟုတ်လောက်ပါဘူး”ဟုလည်း တွေးမိပါသည်။ ရံခါ ဆိတ်ဆိတ်နေခြင်းသည် သဘောတူခြင်းဟူသော အဓိပ္ပါယ်ကို ဖော်ပြတတ်သဖြင့် ဒကာမကြီးအနေဖြင့် ဆိတ်ဆိတ်မနေသင့်ပါ။ သံဃာတော်အရှင်မြတ်များ မှားနေလျှင်တောင်မှ ဒကာမကြီးအနေဖြင့် သာသနာမိခင်နေရာမှနေ၍ သံဃာတော်များအား ကာကွယ်ကာ သိမ်မွေ့ပါးနပ်စွာ လျှောက်ထားလျက် လမ်းမှန်လမ်းကောင်းပြသင့်သည်။ သံဃာတော်များက ဝမ်းမြောက်တော်မူကြမည်မှာ သေချာပါသည်။ ရဟန်းသံဃာလောကသည် ဒကာမကြီးအား ချစ်ခင်ရင်းစွဲစိတ်ထား ရှိတော်မူကြပါသည်။

ဒကာမကြီးတို့နှင့် ဦးဇင်းတို့သည် တဖြည်းဖြည်းနှင့် ဝေးကွာလာရခြင်းဆိုသည်မှာ မဖြစ်သင့်မဖြစ်ထိုက်သော အနေအထားဖြစ်၏။ ဝမ်းနည်းစရာလည်းကောင်းလှ၏။ ထိုသို့ဖြစ်ရခြင်းသည် ဒကာမကြီး၌ ပြည့်စုံလုံလောက် မှန်ကန်သော သတင်းအချက်အလက်တို့ ရရှိမှု အားနည်းနေ၍လော ဟု တွေးမိသည်။ ဒကာမကြီးနားသို့ ရောက်သွားသော သတင်းတို့သည် တဖက်သတ် သတင်းများချည်း ဖြစ်နေ၍လည်း ဖြစ်နိုင်ပါသည်။ နောက်ပြီး ပါတီတွင်းတွင် ဒကာမကြီး၏ ပုဂ္ဂိုလ်ရေး သြဇာလွှမ်းမိုးမှု ကြီးမားလှသဖြင့် ဒကာမကြီးမနှစ်သက်ဟု ထင်သည်တို့ကို မတင်ပြရဲကြ၍လော ဟုလည်းတွေးမိသည်။ ထိုသို့ဆိုလျှင် ပါတီတွင်း၌ ဒကာမကြီးအမြင်နှင့် ဆန့်ကျင်ဘက်အမြင် အယူအဆများကို ရဲရဲဝံ့ဝံ့တင်ပြနိုင်သော အလေ့အကျင့်တို့ ထွက်ပေါ်လာရန် ဆောင်ရွက်ဖို့ လိုလာမည်ဖြစ်သည်။ သို့မှသာ ဒကာမကြီး အနေဖြင့် ရှုထောင့်စုံမှ သတင်းအချက်အလက်စုံတို့ကို ရရှိနိုင်ပြီး မှန်ကန်သော လမ်းကြောင်းကို ပို၍ ရွေးချယ်လာနိုင်လိမ့်မည်ဖြစ်၏။ နောက် အတွေးတစ်ခုမှာ ဒကာမကြီးအပေါ် တစ်စုတစ်ခုသော ဆန့်ကျင်ဘက်သြဇာ သက်ရောက်လွှမ်းမိုးနေမှု ရှိသလောဟူ၍ ဖြစ်သည်။ ထိုသို့ မဖြစ်ပါစေနှင့်ဟုတော့ အဖန်ဖန် ဆုတောင်းမိပါသည်။

အထူးတိုက်တွန်းလိုသည်မှာ သံဃာတော်အရှင်မြတ်များနှင့် သဟဇာတ ပြန်ဖြစ်ရေးကို အလေးပေးရန် တိုက်တွန်းလိုပါသည်။ မြန်မာ့မြေပေါ်တွင် ဘာသာရေးအင်အားစုသည် ခိုင်မာနေဆဲ ဖြစ်ပါသည်။ (သံဃာအင်အားစုသည် အမျိုးစောင့်ဥပဒေလှုပ်ရှားမှုတွင် ပိုချိတ် ဆက်မိလာ ပိုစုစည်းမိလာသည်) နောက်ပြီး အစ္စလာမ်နှင့် ယဉ်ကျေးမှုတိုးတိုက်ခြင်း အန္တရာယ်ကလည်း လီဆယ်ဇာတ်လမ်းများမဟုတ်။ အဟုတ်အမှန် အရှိတရားဖြစ်သည်။ ထိုအန္တရာယ်ကို မည်သည့်နည်းနှင့် ကာကွယ်ရ ကာကွယ်ရ ကာကွယ်နိုင်ရန် ကြိုးကို ကြိုးစားရမည်ဟု သံဃာတော်များက အခိုင်အမာခံယူထားသည်။ နောက်ပြီး သံဃအဖွဲ့အစည်းသည် သီးခြားလွတ်လပ်စွာ တည်ရှိသော အဖွဲ့ကြီးဖြစ်သည်။ ခေတ်အဆက်ဆက်တွင် ယုံကြည်ရာရပ်တည်လျက် လွတ်လပ်စွာတည်ရှိခဲ့သော သံဃအဖွဲ့အစည်းကို အဘယ်အစိုးရ ၊ အဘယ်အဖွဲ့အစည်းမှ မထိန်းချုပ်နိုင်ခဲ့ပါ။ လိုရာခိုင်း၍ မရခဲ့ပါ။ ဤသည်ပင်လျှင် သံဃအဖွဲ့ အစည်းကြီး၏ ထူးခြားချက် ဖြစ်တော့သည်။  အမျိုး ဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့သည် အချို့ကထင်သကဲ့သို့ သာမန်ကလေကချေများဖြင့် ဖွဲ့စည်းထားသည်မဟုတ်။ အစ္စလာမ်နှင့် ယဉ်ကျေးမှုတိုးတိုက်မှု ပြဿနာကို ကာကွယ်ဖြေရှင်းနိုင်ရန် မျိုးချစ် ဘာသာချစ် သာသနာချစ်စိတ်အပြည့်ရှိကြသည် သံဃာတော် အရှင်မြတ်များက ဖွဲ့စည်းတည်ထောင်ခဲ့သော ဂိုဏ်းပေါင်းစုံ ပါဝင်သည့် သံဃအဖွဲ့ကြီးဖြစ်ပါသည်။(ဖွဲ့စည်းပုံအားဖြင့် သံဃအဖွဲ့မဟုတ်သောလည်း သဘာဝအားဖြင့် ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့ဖြစ်နေသည်) ထိုသဘောကို နှလုံးမသွင်းမိဘဲ မ ဘ သ ၊ မ ဘ သ စသည်ဖြင့် အလွယ်တိုက်ခိုက်ကြခြင်းသည် တွေးမိလျှင်ပင် ဝန်လေးဖွယ် ကောင်းလှပါတော့သည်။(နောက်ပြီး အချို့ထင်သကဲ့သို့ မ ဘ သ အဖွဲ့သည် ဆရာတော်ဦးဝီရသူ၏ နောက်လိုက်အဖွဲ့မဟုတ်။ ဆရာတော် ဦးဝီရသူသည် ဗဟိုဦးဆောင်ဆရာတော်များတွင် တစ်ပါးအပါအဝင်မျှသာ ဖြစ်ပါသည်။)

နိုင်ငံရေးရေစီးကြောင်းသွက်လက်စွာ စီးဆင်းနိုင်ရန် အားကောင်းနေဆဲဖြစ်သော ဘာသာရေးအဖွဲ့အစည်းတို့နှင့် ထိပ်တိုက်ရင်မဆိုင်ရေး နည်းဗျူဟာသည် မဖြစ်မနေ ချမှတ်သင့်သော နည်းဗျူဟာတရပ်ဖြစ်သည်။ မဖြစ်မနေ ဦးစားပေး လိုက်နာသင့်သော နည်းဗျူဟာဟု ဆိုရမည်။ အကယ်၍ ဒကာမကြီးတို့၌ ထိုနည်းဗျူဟာ ရှိခဲ့သော် ခုနေခါတွင် မြန်မာ့နိုင်ငံရေး ရေစီးကြောင်းသည် အားကောင်းစွာဖြင့် သွက်လက်စွာ စီးဆင်းနေလောက်ပါပြီ။ အားလုံးလည်းပဲ ပျော်တပြုံးပြုံး ဖြစ်နေလောက်ပါပြီ။ သို့သော် ခုတော့ အခြေအနေက စိတ်မကောင်းစဖွယ် ဖြစ်နေပါသည်။ ထိုသို့ ဖြစ်ရခြင်းကို ဦးဇင်းတို့ အနေဖြင့် လုံးဝစိတ်မကောင်းပါ။ အရင်က အနေအထားကို ပြန်မျှော်မိပါသည်။ ခုရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၌အခြားအားကိုးစရာ လောက်လောက်လားလား ပါတီမရှိသေးသဖြင့် ဒကာမကြီးတို့အဖွဲ့သာ အနိုင်ရဖို့ များပါလိမ့်မည်။ ပြည်သူလူထုအနေဖြင့် စစ်အစိုးရ၏ အရိပ်အငွေ့ကို ခါးစီးခံခဲ့ရပြီး ခါးသီးလှပါပြီ။လွတ်မြောက်ချင်လှပါပြီ။ တဖက်ကို မုန်းပြီး ဒကာမကြီးတို့အဖွဲ့အား ပြုံးပြသူတို့လည်း တပုံတပင်ရှိနိုင်သောကြောင့် နိုင်ချေများပါလိမ့်မည်။ သို့သော် အဖွဲ့၏ ဘာသာရေးနှင့် ပတ်သက်သော နည်းဗျူဟာတို့ ပြောင်းလဲခြင်းမရှိခဲ့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေးရေစီးကြောင်းသည် သွက်လက်စွာ စီးဆင်းနိုင်လိမ့်ဦးမည်မဟုတ်ပါ။ ထိုအချက်ကတော့ သေချာလှသည် ထင်ပါသည်။

တပ်မတော်သည်လည်း မြန်မာနိုင်ငံတွင် အခိုင်မာဆုံး အားအကောင်းဆုံးသော အဖွဲ့ကြီးအဖြစ် တည်ရှိနေဆဲဖြစ်ပါသည်။ တပ်မတော်ကို အနိုင်ယူရန် နည်းလမ်းနှစ်မျိုးသာရှိမည်။ တစ်မျိုးက သူ့ထက်အားကောင်းသော စစ်တပ်ကို တည်ထောင်၍ အမာကို သူ့ထက်မာသော အမာဖြင့် လွှမ်းမိုးအနိုင်ယူခြင်း။ နောက်တမျိုးက ရိုးသားမှုနှင့် ပါးနပ်မှုကို အတွဲညီစွာအသုံးပြုလျက် ပို၍ကောင်းသော လမ်းကြောင်းပေါ် တင်ပေးခြင်း ။ ထိုနှစ်နည်းသာရှိသည်။ နိုင်ငံရေးအင်အားစုတို့သည် ဘာသာရေးအင်အားစု ၊ လက်နက်ကိုင် အင်အားစုတို့နှင့် ပွတ်တိုက်ခြင်းကို ရှောင်နိုင်သမျှရှောင်လျက် လိုက်လျောညီထွေ အဆင်ပြေစွာတွဲချိတ်ကာ နိုင်ငံတော်ယန္တရားကြီးကို မောင်းနှင့်နိုင်ရန် သူသူကိုယ်ကိုယ် ကြိုးစားကြရမည်သာ ဖြစ်သည်။ မှန်ခြင်းမှားခြင်း ပေတံတို့သည် ရံခါ အဆင်ပြေစွာလက်တွဲနိုင်ရေးကို အဟန့်အတား ဖြစ်စေတတ်သည်ကိုလည်း သတိပြုရမည်။ အဘယ်ကြောင့်ဆိုသော လောက၏ အမှန်တရားများဟူသည် နှိုင်းရအမှန်တရားများချည်း ဖြစ်သောကြောင်းတည်း။ ထို့ကြောင့် မှန်ခြင်းမှားခြင်းကို ပေတံမဖြစ် ပုံသေမထားဘဲ လိုက်လျောညီထွေ အဆင်ပြေခြင်းကိုသာ စံနှုန်းထားသင့်သည်။ သိုမှ ပို၍ အဆင်ပြေသော လမ်းကြောင်းကို လျောက်လှမ်းရန် လွယ်ကူချောမွေ့တတ်၏။ “ခေါင်းဆောင်ဟူသည် ပို၍ အဆင်ပြေသော လမ်းကို ဦးဆောင်လျောက်လှမ်းတတ်သူ” ဟူ၏။

နောက်ပြီး ဒကာမကြီး၏ စိတ်အနေအထားကို အနည်းငယ် ဝေဖန်ချင်ပါသည်။ အိမ်ထောင်ရေးနှင့်ပတ်သက်၍ ဒကာမကြီးတွင် ဦးနှောက်နှင့် နှလုံးသားတို့ လွန်ဆွဲမှု ကြီးစွာဖြစ်ပေါ်ခဲ့ပြီး နှလုံးသားက အနိုင်ရခဲ့သည်။ ဦးနှောက်နှလုံးသား ပဋိပက္ခ က မသိစိတ်အတွင်း အထုံးအဖွဲ့တို့ကို ဖြစ်ပေါ်စေတတ်သည်။ မသိစိတ်တွင်း အထုံးအဖွဲ့တို့သည် လမ်းကြောင်းရွေးချယ်မှုအပေါ် သက်ရောက်တတ်၏။ သူက သာယာဖြောင့်ဖြူးသောလမ်းနှင့် အဖုအထစ်များခက်ခဲကြမ်းတမ်းသောလမ်း နှစ်မျိုးဆိုလျှင် အဖုအထစ်လမ်းကို အလိုအလျောက် ရွေးချယ်မိရန် မသိစိတ်က ကြိုးကိုင်တတ်သည်။မသိစိတ်တွင်း အဖုအထစ်နှင့် လမ်းအဖုအထစ် ထိုနှစ်ခုသူ့ဟာသူ အံကျဖြစ်လျက် ကျေနပ်စိတ်ဖြစ်တတ်သည်။ ခက်ခဲကြမ်းတမ်း ပင်ပန်းလွန်းသော်လည်း ငါဟာ နိုင်ငံအတွက်ပေးဆပ်နေတာပဲဟု ကျေနပ်တတ်သည့် သဘောဖြစ်သည်။ အာပတ်ဖြေလိုသူတို့၏ စိတ်ထား။ ဝိဘဝတဏှာ၏ သဘာဝဟုလည်း ဆိုရပါမည်။ ဒကာမကြီး၌ ထိုစိတ်ထားရှိနေသဖြင့် ခက်ခဲသော လမ်းတို့ကို အလိုအလျောက်ရွေးချယ် မိနေသည်ဟု ဦးဇင်းထင်သည်။ ပင်ပန်းခက်ခဲ ဆင်းရဲလေ ကိုယ့်ကိုယ်ကို နိုင်ငံအတွက် ပေးဆပ်နေရခြင်းဟု ကျေနပ်လေဖြစ်တတ် သည်။ သို့သော် ရေရှည်တွင်မကောင်းပါ။ထိုဖြစ်စဉ်မှ ထွက်မြောက်ရန်လိုပါမည်။

တင်းမာပြတ်သားခြင်းသည် မသိစိတ်၏ အာပတ်ဖြေလိုမှုစိတ်ကို အခွင့်ပေးတတ်သဖြင့် တင်းမာပြတ်သားသော ဆုံးဖြတ်ချက်များသည် ဒကာမကြီးနှင့် သင့်လျော်ခြင်းမရှိပါ။ မိမိ၏ဖြစ်စဉ်ကို စဉ်းစားသုံးသပ်လျှက် ဖွင့်ဟဝန်ခံခြင်း ၊ တင်းမာပြတ်သားသော လမ်းကြောင်း အတိုက်အခံလမ်းကြောင်းကို လုံးဝပယ်စွန့်လျက် သည်းခံခြင်း ခွင့်လွတ်ခြင်း မေတ္တာကရုဏာအပြည့်ဖြင့် ပျော့ပြောင်း သိမ်မွေ့သော လမ်းကြောင်းကိုသာ ရွေးချယ်လျောက်လမ်းခြင်း စသည်တို့ဖြင့် ထိုဖြစ်စဉ်မှ ထွက်မြောက်နိုင်ပါသည်။

ဒကာမကြီးအနေဖြင့် အတိုက်အခံခေါင်းဆောင်ဆိုသည့် စကားလုံးကိုပင် ပယ်စွန့်ရန် တိုက်တွန်းလိုပါသည်။ ထိုစကားလုံးသည် ဒကာမကြီး၏ အာပတ်ဖြေလိုမှုစိတ်ထား၏ အကြိုက်ဖြစ်နေသည်။ ထိုစကားလုံးကို စွဲယူထားလျင် ခက်ခဲကြမ်းတမ်းသော လမ်းကြောင်းများကိုသာ မသိစိတ်က ရွေးချယ်မိနေရန် အခွင့်ရနေပါမည်။ အတိုက်အခံလုပ်နေရမှ ခက်ခဲကြမ်းတမ်းနေမှ စိတ်က(ကျေနပ်မှန်းမသိ)ကျေနပ်နေတတ်သည်။ အမြဲမပြတ် တစ်ခုခုနှင့် အဖုအထစ်ဖြစ်နေရမှ မသိစိတ်က ကျေနပ်တတ်သည်။ အစိုးရနှင့် မဟုတ်လျင် ၊ ပါတီတွင်း ၊ မဟုတ်လျှင် ပြည်သူနှင့်ပင် အတိုက်အခံ ဖြစ်နိုင်ချေရှိတတ်သည်။

ဒကာမကြီး၏ အသက်အရွယ်စသော အနေအထားတို့အရ တည်ငြိမ်ရင့်ကျက်စွာဖြင့် နိုင်ငံ၏ မိခင်ကြီးနေရာ ၊ တပ်မတော်၏ မိခင်ကြီးနေရာ ၊ သာသာနာ့မိခင်ကြီးနေရာတွင်သာ ရှိနေသင့်တော့သည်။ တပ်မတော်ကို စိမ်ခေါ်ခြင်းထက် သနားစဖွယ် တပ်မတော်သားများကို သည်းခံခြင်း ခွင့်လွတ်ခြင်း ၊ မေတ္တာ ကရုဏာမိုးများသွန်းဖြိုးပေးခြင်းဖြင့် မိခင်သည် သားငယ်ကိုစောင့်ရှောက်သကဲ့သို့ ဖြစ်သင့်သည်။ တပ်မတော်သားများသည် ဒကာမကြီးကို တပ်မတော်အား ဝေဖန်အပြစ်ပြောနေခြင်းထက် တပ်မတော်သားတို့၏ မိခင်ကြီးနေရာကို ပို၍ မျော်လင့်တောင့်တကြပါလိမ့်မည်။

သံဃာတော်အရှင်မြတ်များသည်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ ရှင်ရဟန်းတို့၏ မိခင်ကြီးပမာ မိခင်ကြီးအရာတွင် နေလျက် ရင်းနှီးကျွမ်းဝင်စွာဖြင့် အပြစ်တွေ့လျင်လည်း ပွင့်လင်းစွာဆုံးမ ၊အမြဲမပြတ် သံဃာကို သာသနာကို ကြည့်ရှုစောင့်ရှောက် နေသည့် သာသနာ့မိခင်ကြီးနေရာ ရှိစေချင်လှပါ၏။ ထိုအနေအထားကို ဦးဇင်းတို့ အမြဲမပြတ်မျှော်လင့်ပါ၏။ ထိုအနေအထားကို တွေးကြည့်လျှင်ပင် ဝမ်းမြောက်ကြည်နူး စဖွယ်ကောင်းလှပါတော့သည်။

အစိုးရအဖွဲ့စသည်ကိုလည်း အပြစ်တင်ဝေဖန်ခြင်းထက် သိမ်မွေ့စွာလမ်းကြောင်းပြခြင်းက ဒကာမကြီးအတွက် ပိုတင့်တယ်သော လမ်းကြောင်းဟု ထင်မြင်ယူဆပါသည်။ ထိုသို့ဆိုလျင် ခက်ခဲကြမ်းတမ်းသော နိုင်ငံရေးခရီးလမ်းကို အဆုံးသတ်လျက် လွန်စွာချောမောပြေပြစ်သော လမ်းကြောင်းသစ်ဖြစ်ပေါ်လာလိမ့်မည်မှာ သေချာပါသည်။ ထိုအခါ အားလုံးဝမ်းမြောက် ပျော်ရွှင်ကြရပါလိမ့်မည်။

မေတ္တာတရားတို့လွှမ်းခြုံထုံမွမ်းလျက် အားလုံး၏ မိခင်ကြီးနေရာသည် ဒကာမကြီးအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။ ထိုနေရာ သည်ဒကာမကြီးနှင့် ထိုက်တန်ပါ၏။ စိတ်ထားအနည်းငယ်ပြောင်းလိုက်သည်နှင့် ဖြစ်နိုင်ပါ၏။ အခြားသူတစ်ယောက် ဆိုလျှင် ဖြစ်နိုင်ဖို့ မလွယ်ပါ။

ဒကာမကြီးရေ ဦးဇင်းစာ အတော်ရှည်သွားပါသည်။ ဒကာမကြီးအား စိတ်အနှောင့်အယှက်ပြုရန် ရည်ရွယ်ချက်ဖြင့် ယခုစာကို ရေးသည်မဟုတ်ပါ။ ဝမ်းမြောက်ဖွယ် မကောင်းသော လက်ရှိအခြေအနေကို ကျော်လွှားနိုင်ရန် ဖြစ်နိုင်လောက်သည်ဟု ဦးဇင်းထင်မြင် ယူဆချက်အချို့ကို တင်ပြခြင်းသာ ဖြစ်ပါသည်။ ဒကာမကြီးအား ကူညီလိုပါသည်။ ဒကာမကြီးက ဒကာမကြီးအား ချစ်ခင်လေးစားစိတ်ရှိသူ ဦးဇင်း၏ သွားလေသူ မယ်တော်ကြီးနှင့်သက်တူ ရွယ်တူလောက်ဖြစ်ပါသည်။ (ဒကာမကြီးက လပိုင်းလောက် ကြီးနိုင်လောက်သည်) ထို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သော် မိခင်သည် သားငယ်ကို ခွင့်လွတ်သကဲ့သို့ အသိဥာဏ် မပြည့်စုံသေးသော သားငယ်အရွယ်  ဦးဇင်းတပါးအား ခွင့်လွတ်ပါဟု တောင်းပန်လိုပါသည်။

ယခုစာကို ဒကာမကြီးပြီးဆုံးအောင်ဖတ်သည်ဆိုလျှင် အထူးကျေးဇူးတင် ဝမ်းမြောက်ပါပြီ။ ထိုထက် သံဃာတော်များနှင့် သဟဇာတဖြစ်ရေး လမ်းကိုဦးတည်လျှောက်လှမ်းပြီဆိုလျှင် ဦးဇင်းတို့ သံဃာတော်အရှင်မြတ်များက အထူးကြည်နူးဝမ်းမြောက်ကြပါ လိမ့်မည် ။ပြည်သူလူထုကလည်း တပြုံးပြုံးနှင့် ပျော်မဆုံး ဖြစ်ကြလိမ့်မည်မှာ သေချာပါသည်။

ဒကာမကြီးတွင် ရှိသော အားစွမ်းတို့ဖြင့် ဆရာတော် သံဃာတော် အရှင်မြတ်များနှင့်တကွ ပြည်သူလူထု တရပ်လုံး၏ ဝမ်းမြောက် ပျော်ရွှင်မှုကို ပေးစွမ်းပါလော့။ပေးစွမ်းနိုင်ပါစေသတည်း။

သံဃာတော်အရှင်မြတ်များ၏ မေတ္တာဓာတ်သည် ဒကာမကြီးအပေါ် လွှမ်းမိုးကျရောက်ပါစေသတည်း။

တပ်မတော်သားများ၏ မေတ္တာသည်လည်း ဒကာမကြီးအပေါ် ရွာသွန်းဖြိုးပါစေသတည်း။

ပြည်သူလူထု၏ အလုံးစုံသော မေတ္တာဓာတ်တို့သည်လည်း ဒကာမကြီးအပေါ် ဆက်လက်သွန်းဖြိုးနေပါစေသတည်း။

အားလုံး၏ မေတ္တာဓာတ်ကို ခံယူလျှက် ကျမ္မာချမ်းသာခြင်း တည်ငြိမ်အေးချမ်းခြင်းအပြည့်ဖြင့် အားလုံး၏ မိခင်ကြီးနေရာမှ နိုင်ငံတော်ကို သာသနာတော်ကို အထက်တန်းရောက်အောင် ကောင်းစွာစောင့်ရှောက်နိုင်ပါစေ ဟု လှိုက်လှဲစွာ ဆန္ဒပြုအပ်ပါ သတည်း။

နှလုံးစိတ်ဝမ်းငြိမ်းချမ်းပါစေ အညတရ၀န၀ါသီအရှင်ပညာဗလဓမ္မအေးရိပ်တောရ
၂၆ - ၉ - ၂၀၁၅

No comments:

Post a Comment