စာနုကိုလည်းမချစ်နှင့် သူဇာကိုလည်းမပစ်နှင့်
=======================
ကျွန်တော်တို့ငယ်ငယ်က ရပ်ကွက်စာအုပ်အငှားဆိုင်ကနေ အချစ်ဝတ္ထုတွေငှားဖတ်ရင် ကြီးကြီးတို့ ဒေါ်ဒေါ်တို့က စာအုပ်ကို အတင်းယူကြည့်ပြီး အချစ်ဝတ္ထုတွေမှန်းသိရင်
လွှင့်ပစ်တာမျိုး၊ ဆုတ်ဖြဲပစ်တာမျိုး၊ သိမ်းယူထားလိုက်တာမျိုးတွေလုပ်လေ့ရှိတယ်။ ပြီးတော့ ပြောကြသေးတယ်။
``လူကလေးက လက်တောက်လောက်ရှိသေးတယ်။ ဒါတွေစိတ်ဝင်စားနေပြီလား။ ဘာမှတ်နေသလဲ ´´ တဲ့။
တကယ်တော့လည်း သူတို့သိမ်းသွားတဲ့စာအုပ်က အချစ်အကြောင်းချည်းရေးတဲ့စာအုပ်မျိုး ဟုတ်ချင်မှဟုတ်တာပါ။ ဒါပေမယ့် သူတို့ကတော့ အိမ်ရှေ့ခေါင်းရင်းဘုရားစင်ပေါ်မှာ
တင်ထားရမယ့် ဘုရားရှိခိုးစာအုပ်တို့၊ ဗုဒ္ဓ၀င်စာအုပ်မျိုးတို့၊ ဇိနတ္ထပကာသနီတို့လိုစာအုပ်မျိုးတွေပဲ စာပေလို့ အသိအမှတ်ပြုလေးစားကြတာပါ။
ဒါဟာ ၂၀ ရာစုဦးအထိ စွဲမှတ်လာတဲ့ စာပေနဲ့ပတ်သက်တဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုပါပဲ။
ဒီထက်နည်းနည်းစောစောကိုလှမ်းကြည့်မယ်ဆိုရင်လည်း မြန်မာ့ဝတ္ထုရှည်သမိုင်းမှာ ရှေးရိုးအစဉ်အလာကခွဲထွက်လာတဲ့ လမ်းကြောင်းကို လှမ်းတွေ့ရမှာပါ။ ရှေးအစဉ်အလာ
ဝတ္ထုတို့ရဲ့ သဘောမှာ `` ကာရန်နဘေစာဟန်ရှည်ဖြင့်ရေးသားတတ်ခြင်း၊ ဆုံးမစာများ ၊ ဗဟုသုတရစရာများ ပါဝင်တတ်ခြင်း´´ ဖြစ်ပါတယ်။ ဘာလို့ ဆုံးမစာတွေ၊ ဗဟုသုတတွေ
ပါနေရသလဲဆိုတော့ စာအုပ်ဆိုရင် ဗဟုသုတတစ်ခုခုပေးရမယ်၊ ဒါမှမဟုတ် လောကီလောကုတ် အကျိုးများစေမယ့် ဆုံးမစာတွေပါရမယ်။ အဲလိုတွေ မပါရင်
သံသရာရှည်စေကြောင်း အားပေးတဲ့၊ ချစ်ခန်းကြိုက်ခန်းတွေပါတဲ့၊ လောကီအာရုံကာမဂုဏ်ကို လှုံ့ဆော်တဲ့ ``ဖေတော့ မောင်တော့ ၀တ္ထုတွေ´´လို့သတ်မှတ်ပြီး
အားမပေးကြတော့ပါဘူး။ ဒါကြောင့် ကာလပေါ်ဝတ္ထုတို့ရဲ့အစခရီးမှာ စာဆိုတွေဟာ ရှေးရိုးကိုလည်း လုံးလုံးမပစ်ပယ်ကြသေးဘဲ ဆုံးမစာ၊ ဗဟုသုတရစရာလေးတွေ
ထည့်ဖြစ်အောင်ထည့်ရင်း တစ်ဖက်မှာလည်း ခေတ်ရဲ့အရွေ့နဲ့အညီ လူ့စရိုက်သဘာဝကိုသရုပ်ဖော်အောင်ကြိုးစားခဲ့ကြရပါတယ်။ တဖြည်းဖြည်းနဲ့မှ ရှေးအစဉ်အလာတွေကနေ
ရုန်းထွက်လာနိုင်တာပါ။
အင်းဝခေတ်မှာတော့ စာဆိုအကျော် ရှင်မဟာသီလ၀ံသနဲ့ ရှင်မဟာရဋ္ဌသာရတို့နှစ်ပါးဟာ ပျို့စာပေတွေရေးသားပြီး စာပေပျို့ခေတ်ကြီးကို ထူထောင်တော်မူခဲ့ကြပါတယ်။ ပျို့စာပေ
တွေဟာ အများအားဖြင့် ဘုရားဟောတွေကိုအခြေခံပြီး လင်္ကာသွားနဲ့ ရေးကြတာဖြစ်ပါတယ်။ တရားအဆီအနှစ်နဲ့ပြည့်စုံပြီး နိဗ္ဗာန်ခရီးကို လမ်းညွှန်ပို့ဆောင်ပေးနိုင်ကြပါတယ်။
ဒါပေမယ့် ဒီလိုစာပေတွေရေးသားစီကုံးကြတဲ့ ဆရာတော်နှစ်ပါးကိုပင်လျှင် ရဟန်းတို့နှင့်မအပ်စပ်သော စာပေလင်္ကာစီကုံးဖွဲ့နွဲ့မှုနဲ့မွေ့လျော်ကြလို့ ထေရ်ကြီးဝါကြီးများက သာသနာဝင်
သံဃာစာရင်းမသွင်းကြလို့ဆိုပါတယ်။ ဘုရင်မင်းခေါင် သိမ်သမုတ်တဲ့နေရာမှာ အခြားသံဃာများက`` သာချင်းသည်တို့ပါလျှင် ငါတို့မလာနိုင်ပြီ´´လို့ မိန့်တော်မူတာကြောင့်
သိမ်သမုတ်ရာတွင် မပါဝင်ခဲ့ရလို့ မှတ်သားဖူးပါတယ်။ `` သာချင်း´´ ကို `` သာယောင့်သာယာဖွဲ့ဆိုထားသောသီချင်းကဗျာ´´လို့ မြန်မာအဘိဓာန်က ဖွင့်ထားပါတယ်။ ဒါမျိုးတွေ
ရေးဖွဲ့သူကို ``သာချင်းသည်´´လို့ခေါ်ခြင်းဖြစ်ပါတယ်။
ဒါတွေကတော့ စာနုလို့ သတ်မှတ်ခံရတဲ့ စာပေတွေအပေါ် ရှေးမြန်မာ့လူ့အဖွဲ့အစည်းရဲ့ အမြင်တစ်ချို့လို့ ဆိုနိုင်ပါတယ်။။ ဒါကြောင့် စာနုကိုမချစ်နဲ့လို့ ဆိုကြခြင်းဖြစ်ပါတယ်။
စာနုကို မချစ်ကြဖို့ ဒီလိုတင်းတင်းကြပ်ကြပ်တားမြစ်နေတဲ့ ကြားက စာနုလို့သတ်မှတ်နိုင်တဲ့ ``သူဇာပျို့´´ကိုတော့ ချွင်းချက်ထားပြီး ဖတ်ဖြစ်အောင် ဖတ်ကြည့်ဖို့ တိုက်တွန်း
ခြင်းဖြစ်ပါတယ်။ ဘာလို့တိုက်တွန်းရသလဲဆိုတော့ ရေးသားဖွဲ့နွဲ့ပုံကောင်းလွန်းလို့ဖြစ်ပါတယ်။ သူဇာပျို့ဟာ ၀န်ကြီးပဒေသရာဇာရဲ့အကောင်းဆုံးပျို့လို့ ပညာရှိတို့သတ်မှတ်ခြင်း
ခံရတဲ့ပျို့ဖြစ်ပါတယ်။ ဒီပျို့အကြောင်းကို ဆရာကြီးဦးအောင်သင်းက ``ချစ်သောသူဇာ´´ဆိုပြီး အခန်းဆက်ဆောင်းပါးတွေရေးခဲ့ဖူးပါတယ်။ မျိုးဆက်သစ်အတွက် ဂန္ထ၀င်မိတ်ဆက်
စာအုပ်မှာ ပြန်ပေါင်းထည့်ထားပါတယ်။ ဖတ်ကြည့်ရင် သူဇာပျို့ကို အကဲဖမ်းလို့ရနိုင်မှာပါ။
ဒါကြောင့် ``စာနုကိုလည်း မချစ်နဲ့၊ သူဇာကိုလည်း မပစ်နဲ့ ´´ဆိုတဲ့အဓိပ္ပါ့ယ်ဖွင့်ချက်ကိုမေးရင် `` စာအနုအယဉ်တို့ကို မချစ်ပါနှင့်(မဖတ်ပါနှင့်/မမြတ်နိုးပါနှင့်)၊ သို့သော် သူဇာပျို့ကိုမူ
ပစ်ပယ်မထားပါနှင့်(ဖတ်ဖြစ်အောင်ဖတ်ပါ)´´လို့ ဖြစ်သင့်ပါတယ်။ ဆယ်တန်းအဆင့် ကလေးတွေကို ထည့်မေးတာကိုတော့ သဘောမကျပါ။ မြင့်လွန်းတယ်လို့ထင်ပါတယ်။ သို့သော်လည်း
မေးချင်မေးမှာပါပဲ။ ...
လွဲ၊ ကွဲ၊ မပြည့်စုံ ဖြစ်နေပါက တည့်၊ စပ်၊ ဖြည့် ပေးကြပါရန်။
အောင်ဆန်းလင်း(မြန်မာစာ)
Crd
သိချင်လို့ sts တင်ထားတဲ့ fri အတွက် cmt ပေးမရလို့ post တင်ပေးလိုက်ပါတယ်နော် :-D :-D
No comments:
Post a Comment