အဇာတသတ္တုပဒဿ ဝိဂ္ဂဟံ ဒေထ ဘန္တေ အနုကမ္ပံ ဥပါဒါယ။ အဇာတော သတ္တု အဿာတိ အဇာတသတ္တူပိ ယုတ္တံ နု ခေါ ဝါ အယုတ္တံ နု ခေါ ဝါ.ဟူသော အရှင်မြတ်၏ အမေးကို ဉာဏ်မမှီပေမယ့်လည်း တုံးခုလှမ်း၍ ဖြေခွင့်ပြုတော်မူပါဘုရား။
....................................................................
ဤအဇာတသတ္တုဟူသော ပုဒ်၌ အမြင်နှစ်မျိုး ဖြစ်တန်ရာ၏။ ထိုနှစ်မျိုးတို့တွင် သတ္တိရှိသော နိမိတ်ကျွမ်းကျင်သော ပညာရှင်တို့၏ အမြင်ကို ရှေးဦးစွာ လျှောက်ခွင့်ပြုပါဖျား။ ထို့နောင်မှ မင်းလိုလိုက် မင်းကြိုက်ဆောင်သော နိမိတ်ပညာရှင်တို့၏ အမြင် (ဝါ) အဖဖြစ်သူ ဗိမ္ဗိသာရ၏ နှစ်ခြိုက်သော အမြင်ကို လျှောက်ခွင့်ပြုပါဖျား...
"ပထမ အမြင်"
အဇာတောယေဝ.မမွေးဖွားမီကသာ၊ သတ္တု.ရန်သူပါဖျား။ အဇာတသတ္တု. မမွေးဖွားခင်ကသာ ရန်သူဖြစ်တာပါဖျား.လို့ နိမတ်ပညာရှင်များက ဥပါယ်တမျဉ်ဖြင့် လျှောက်ခြင်းဖြစ်သည်ဟု ယူဆလျှင်လည်းကောင်း၊ အဇာတောယေဝ.နောင်ထိုင်သော ဧဝ.သဒ္ဒါသည်လည်း ပဒပူရဏမဟုတ်. အဝဓာရဏတ္ထသာ ဖြစ်သောကြောင့်လည်းကောင်း၊ ဗိမ္ဗိသာရမင်းကြီးသည်လည်း သူတော်ကောင်းမင်း. အေးချမ်းသောမင်းသာ ဖြစ်၍ နိမိတ်ကျွမ်းကျင် ပညာရှင်တို့အနေဖြင့် ဟုတ်တိုင်းမှန်ရာကို လျှောက်ရဲသော သတ္တိသည်လည်း ရှိတန်ရာသည်သာ ဖြစ်သောကြောင့်လည်းကောင်း၊ ထိုအချိန်ကာလ၌ အလောင်းတော်အား ဘုရားဖြစ်ရမည်ဟု နိမိတ်ဖတ်သော ကောဏ္ဍညပုဏ္ဏား၏ ဧကံသဗျာကရဏ အတတ်ပညာသည်လည်း အင်မတန် သတင်းမွှေးလျက်ရှိရာ နိမိတ်ပညာရှင်တို့ အနေဖြင့်လည်း မိမိတို့၏ သမိုင်းမှတ်တမ်းကို စွမ်းစွမ်းတမံ မော်ကွန်းထိုးလိုသောကြောင့်လည်းကောင်း "အဇာတောယေဝ သတ္တု"ဟု လျှောက်တင်ခြင်းမှာ ဖြစ်သင့်သည်ဟု ထင်မြင်မိပါသည်။
ဤသို့သော အလိုရမူ = အဇာတသတ္တုပုဒ်ကို "အဇာတောယေဝ သတ္တု အဇာတသတ္တု"ဟုသာ အဝဓာရဏ ကမ္မဓာရည်းသမာသ် ဝိဂ္ဂဟပြုလိုပါသည်ဖျား။
"ဒုတိယအမြင်"
ဇာတောယေဝ.ဖွားမြင်သော သားသည်သာလျှင်၊ သတ္တု.ရန်သူပါဖျား။ အ.ဇာတသတ္တု. ဖွားမြင်သော သားသည် ရန်သူ မဟုတ်ပါဖျား.ဟု နိမိတ်ပညာရှင်များက မင်းလိုလိုက် မင်းကြိုက်ဆောင်၍ လျှောက်ခြင်းဖြစ်သည်ဟု ယူဆလျှင်လည်းကောင်း၊ အဇာတသတ္တု.၌ အ.သဒ္ဒါကို ပဋိသေဓတ္ထ. ယင်း အ.ကိုအယုတ္တဖြစ်သော သတ္တု.ပုဒ်၌ စပ်၍ ယူရမည်ဟု ကြံဆလျှင်လည်း ဖြစ်နိုင်သောကြောင့်လည်းကောင်း၊ အဖဗိမ္ဗိသာရမင်းကြီးသည်လည်း ဖခင်တို့ သဘောတံထွာ မေတ္တာအားလျော်စွာ သားတော်၏ အမည်ကို အေးချမ်းသော နိမိတ်ကောင်းသာ ဖြစ်စေလိုမည်မှာ ဧကန်ဖြစ်သောကြောင့်လည်းကောင်း၊ ပညာရှင်တို့အနေဖြင့်လည်း ရာဇပရိယာယ်နှင့် မိဘမေတ္တာကို ဟုတ်တိုင်းမှန်စွာ သိသည်သာ ဖြစ်သောကြောင့်လည်းကောင်း၊ ထိုအချိန်ကာလ၌လည်း တိုင်းပြည်၌ မထွန်းကားသေးသော အိမ်ရှေ့စံလောင်းလျာအား နိမိတ်ဖတ်သော ပညာရှိတို့သည်မင်္ဂလာနိမိတ်ကိုသာ ဆောင်၍ ဖတ်ကြားမည်သာ ဖြစ်သောကြောင့်လည်းကောင်း "အဇာတောယေဝ သတ္တု"ဟု လျှောက်တင်ခြင်းမှာလည်း ဖြစ်သင့်သည်ဟု ထင်မြင်မိပါသည်။
ဤသို့သော အလိုရမူ = အဇာတသတ္တုပုဒ်ကို ဇာတောယေဝ သတ္တု ဇာတသတ္တု.ဟု ကမ္မဓာရည်းသမာသ် ဝိဂ္ဂဟပြုပြီးမှသာလျှင်"န ဇာတသတ္တု အဇာတသတ္တု"ဟု အယုတ္တတ္ထ မိဿကတပ္ပုရိသ်သမာသ် ဝိဂ္ဂဟပြုလိုပါသည်ဖျား။
"ဗဟုဗ္ဗီဟိသမာသ်"
အဇာတော သတ္တု အဿာတိ အဇာတသတ္တု။ ဤဝိဂ္ဂဟ၌ အဿ.ဟူသော အညပုဒ်အရ အဇာတသတ်ကို အရကောက်ပြီ ဆိုပါစို့ဖျား။ အဇာတောနှင့် သတ္တုတို့၏ အရသည်လည်း (မမွေးဖွားသေးသော ရန်သူဟု ဆိုသောကြောင့်) အဇာတသတ်ကိုပင် ရ၏။ အဇာတော.သတ္တုနှင့် အညပုဒ်၏ အရသည် အဇာတသတ်မင်းချည်းသာ ရ၍ အရတူနေပါ၏။ အရတူလျှင် ဝိဘတ်ကို အတူထားရမည်သာ ဖြစ်သောကြောင့် "အဇာတော သတ္တု ဧတဿာတိ အဇာတသတ္တု"ဟူသော ဗဟုဗ္ဗီဟိ သမာသ်ဝိဂ္ဂဟ သည် မသင့်ပါဖျား။
အဇာတော. သတ္တုတို့နှင် အညပုဒ်၏ အရတို့သည် အရတူ၍ ဝိဘတ်အတူထားလျက် "အဇာတော သတ္တု ယော ဝတ္တတီတိ အဇာတသတ္တု"ဟု ပထမာဗဟုဗ္ဗီဟိသမာသ် ဝိဂ္ဂဟပြုမည်ဆိုပါစို့။
လယ်တီဆတော်ကြီး၏ နိရုတ္တိဒီပနီကျမ်း၌ အညပုဒ်ကို ပဌမာဝိဘတ်ဖြင့် ထား၍ ဝိဂ္ဂဟပြုရသော ပဌမာဗဟုဗ္ဗီဟိသမာသ်သည်လည်း ၁။ ဥပမာနပုဗ္ဗပဒ ဗဟုဗ္ဗီဟိသမာသ် ၂။ သဟပုဗ္ဗပဒ ဗဟုဗ္ဗီဟိသမာသ် ၃။ သင်္ချောဘယ ဗဟုဗ္ဗီဟိသမာသ် ၄။ ဒိသန္တရာဠတ္ထ ဗဟုဗ္ဗီဟိသမာသ် ၅။ ဗျတိဟာရလက္ခဏ ဗဟုဗ္ဗီဟိသမာသ်အားဖြင့် ၅.ပါးရှိ၏။
အဇာတော သတ္တု ယော ဝတ္တတီတိ အဇာတသတ္တု.ဟု ငသုန်ကြံဆထားသော ဝိဂ္ဂဟသည်လည်း ပထမာ ဗဟုဗ္ဗီဟိသမာသ် ၅.မျိုး၌ မပါဝင်သောကြောင့် မသင့်ပါလေ။
အဇာတသတ္တ.၌ အ.ကို အဘာဝအနက်ဟောကြံဆ၍ "ဇာတောယေဝ သတ္တု ဇာတသတ္တု၊ နတ္ထိ ဇာတသတ္တု ဧတဿာတိ အဇာတသတ္တု"ဟု နနိပါတပုဗ္ဗပဒ ဗဟုဗ္ဗီဟိသမာသ် ဝိဂ္ဂဟပြုမည် ဆိုပါစို့။
"ဧတဿ.ထိုအဇာတသတ်အား (ဝါ) ထိုအဇာတသတ်အတွက်၊ ဇာတသတ္တု.မွေးဖွားမည့် ရန်သူဟူသည်၊ နတ္ထိ.မြူမျှမရှိပါဖျား၊ ဣတိ တသ္မာ. ထို့ကြောင့်၊ အဇာတသတ္တု. အဇာတသတ္တု မည်၏ (ဝါ) မွေးဖွားလာမည့် ရန်သူဟူသမျှ မြူတစ်မှုန်မျှပင် မရှိသော အ.ဇာတသတ်မင်းသား"ဟု အနက်ယောဇနာရမည်။
ဤသို့ ဝိဂ္ဂဟပြု၍ အနက်ယောဇနာသော် သဒ္ဒယုတ္တိလည်းရှိ၊ ဒုတိယအမြင်နှင့်လည်း လိုက်လျောမှုရှိပါ၏။ ထို့ကြောင့် အဇာတသတ္တု ပုဒ်ကို အကယ်တန္တု ဗဟုဗ္ဗီဟိသမာသ် ဝိဂ္ဂဟကြံလိုပါအံ့။ နနိပါတပုဗ္ဗပဒ ဗဟုဗ္ဗီဟိ သမာသ်သာ ဖြစ်တန်ရာ၏ဟု လျှောက်တင်အပ်ပါသည်ဘုရား။
ယခုတင်ပြချက်များ၌ အားနည်းချက်အမှားများကို ရှုမြင်မိသော် ပြင်တော်မူပါဖျား။ ကြည်ညိုခြင်းများဖြင့်.. .
တပည့်ဒကာ.သုန်
No comments:
Post a Comment