Sunday, October 23, 2016

စိတ်ထားမြင့်မြတ်သည့် ရာဇကုမာရ(1)

စိတ်ထားမြင့်မြတ်သည့် ရာဇကုမာရ(1)
*********

        ပုဂံနေပြည်တော်ဟုဆိုအပ်သော အရိမဒ္ဒနပူရ ပေါက္ကံပြည်ကို သမုဒိရာဇ်မင်းက သက္ကရာဇ် ၂၉-၇၄နှစ်များစတင်ပြီးအုပ်ချုပ်ခဲ့သည်။ ပုဂံမင်းဆက်ပေါင်း(၅၅)ဆက်ရှိသည်ဟု သမိုင်းများအရသိရသည်။ ထို(၅၅)ဆက်သောမင်တို့တွင် အနော်ရထာမင်းသည်(၄၂)ဆက်မြောက်မင်းဖြစ်သည်။ သက္ကရာဇ် ၄၀၆-ခုနှစ်မ-၄၃၉-ခုနှစ်အထိနှစ်ပေါင်း(၃၃)နှစ်မထိ အုပ်ချုပ်ခဲ့သည်။
ကမ္ဘာတွင် အစောဆုံးခေတ်မှီဆည်မြောင်းတာတမံများ တည်ဆောက်ပြီးလယ်တွင်းကိုးခရိုင်အဖြစ်ထင်ရှား
ခဲ့သည်။ ထို့ပြင် အကွဲကွဲအပြားပြား ဖြစ်နေသော နယ်မြေဒေသများကို ပေါင်းစည်းကာ နိုင်ငံသစ်ကို ချဲ့ထွင်နိုင်ခဲ့သည်ဖြစ်၍ ပထမမြန်မာနိုင်ငံတော်ကိုတည်ထောင်ခြင်း၊ မြတ်ဗုဒ္ဓ ၏ထေရ၀ါဒ သာသနာတော်ကိုလည်း ကျယ်ပြန့်အောင် တည်ထောင်နိုင် ခဲ့ခြင်းသည် အနော်ရထာမင်းကြီး၏ ဘုန်းကံလည်းဖြစ်၏ မြန်မာနိုင်ငံသားတို့၏ ကံကောင်းခြင်း လက်ဆောင် လည်းဖြစ်၏။ မြန်မာနိုင်ငံ၏စံပြမင်းတစ်ပါးပင်ဖြစ်၍ မြန်မာပြည်သူပြည်သား တို့၏ ကျေးဇူးရှင်လည်းဖြစ်ရသည်။
အနော်ရထာမင်းလွန်တော်မူသောအခါသားတော်စောလူးမင်းသည်သက္ကရာဇ်၄၃၉မှ၄၄၆အထိစိုးစံခဲ့သည်။
ထို့နောင် ကျန်စစ်သားမင်းသည် သက္ကရာဇ် ၄၄၆-မှ-၄၇၄-ခုနှစ်အထိ ပုဂံနေပြည်တော်ထီးနန်းကို(၂၈)နှစ်
တိုင်တိုင် စိုးစံတော်မူခဲ့သည်။ ကျန်စစ်မင်းကြီးသည် ထီးနန်းမစိုးစံမှီ အနော်ရထာမင်းလက်ထက်က သူရဲကောင်းလေးဦးအနက် တစ်ဦးဖြစ်သည်။ အနော်ရထာမင်းထံ ဥဿာပဲခူးမင်းကစစ်အကူအညီတောင်း၍ အနော်ရထာမင်းသည် ကျန်စစ်သားအပါအ၀င် သူရဲကောင်းလေးဦးအား စေလွတ်လိုက်သည်။ စစ်အောင်နိုင်ခဲ့၍ ဥဿာပဲခူးမင်းက သမီးတော်“မဏိစန္ဒာ” ကို အနော်ရထာမင်းကြီးအားဆက်သလိုက်သည်။
ဥဿာပဲခူးမှ ပုဂံသို့အပြန်လမ်းခရီး၌ ကျန်စစ်သားနှင့်  မဏိစန္ဒာတို့ သံယောဇဉ်ငြိတွယ်ခဲ့မှုကြောင့်
ကျန်စစ်သားအား အနော်ရထာမင်းက အမျက်တော်ရှ၍ အရိန္ဒမာလှန်ဖြင့် ပစ်ပေါက်ထိုးလိုက်ရာ ကံကောင်း
ထောက်မစွာဖြင့် ချည်ထားသောကြိုးထုံးကို တည့်တည့် မတ်မတ်ထိမှန်သဖြင့် ကြိုးအထုံးပြေ၍ အရန္ဒမာ
လှန်ကိုယူကာ ထွက်ပြေးသွားတော့သည်။
ထိုသို့ထွက်ပြေးသွားပြီးကြောင်းဖြူအရပ်နှိုက်  နှစ်များအတော်ကြာအောင်နေသောအချိန်၌ အနော်ရထာ
မင်းကြီး နတ်ရွာစံတော်မူသော်လည်း သားတော်စောလူးမင်းက ထီးနန်းကိုဆက်လက်စိုးစံ၍
တောအရပ်မှာပင်အေးချမ်းစွာနေခဲ့သည်။ ထိုစဉ်သမ္ဘူလနှင့် မေတ္တာမျှခဲ့ကြ၍သားတော်ရာဇကုမာရအားမွေးဖွားခဲ့သည်။
ရာဇကုမာရသည် ကျန်စစ်သားနှင့် သမ္ဘူလနှင့်တို့မှ မွေးဖွားခဲ့သည့်တစ်ဦးတည်းသောသားလည်းဖြစ်သည်။
စောလူးမင်းအား ငရမန်ကန်းက စစ်နိုင်အောင်တိုက်ပြီး စောလူးမင်းကိုပါ စစ်သုံ့ပန်းအဖြစ်ခေါ်ဆောင်သွား
ချိန်၌် စောလူးမင်းအား ကျန်စစ်သားကသွားရောက်ကယ်တင်ခဲ့သေးသည်။ သို့သော် စောလူးမင်း၏
အထင်မှားမှုကြောင့် မအောင်မြင်ဘဲရှိခဲ့သည်။ စောလူးမင်းလွန်တော်မူသောအခါ မှူးကြီးမတ်ရာများ၊ တိုင်းသူပြည်သားများ၏ တောင်းပန်မှုဖြင့် ပုဂံနန်းကို ကယ်တင်နုင်ခဲ့ လက်ခံခဲ့သည်။
ကျန်စစ်မင်းကြီးပုဂံထီးနန်းကို အုပ်ချုပ်သောအခါ တိုင်းသူပြည်သားတို့၏အလိုဆန္ဒကို ဦးစားပေး အုပ်ချုပ်သည်။ အနော်ရထာမင်းသည် တိုင်းပြည်ကိုလည်းတည်ထောင်၊ ဗုဒ္ဓသာသနာကိုလည်းတည်ထောင်
ရသူဖြစ်၍ မေတ္တာဖြင့်အုပ်ချုပ်လို့မရသော နေရာတိုကို အာဏာဖြင့်အုပ်ချုပ်ခဲ့ရသည်။
အမှန်တကယ်တော့ အနော်ရထာမင်းသည် မြန်မာပြည်၏လမ်းဖောက်သောသူဖြစ်သည်။ လောက၌
“လမ်းဖောက်သူနှင့် လမ်းလျှောက်သူ”ဟု နှစ်မျိုးရှိသည်။ လမ်းဖောက်သူ၏ဘ၀သည် ခက်ခဲသည်၊ကြမ်း
ထမ်းသည်၊ကြီးကျယ်သောလုံ့လ၀ီရိယရှိရသည်၊ အဝေးကိုမြင်နိုင်သောဉာဏ်မျက်စိရှိရသည်၊ တပည့်ကောင်း၊ နောက်လိုက်ကောင်းရှိရသည်။ ခက်ခဲပင်ပန်းသော်လည်း ထိုလမ်းဖောက်သူတိုင်းကို သမိုင်းကအသိမှတ်ပြုရသည်။
လမ်းလျှောက်သူတို့ကတော့ အရင်ပုဂ္ဂိုလ်၏ချေရာလက်ရာမပျက်အောင်စောင့်ရှောက်ရန်လိုအပ်သည်။
ကြီးပွားတိုးတက်အောင်ပြုရန်လိုအပ်သည်။ သို့မဟုတ်လို့ ဆုတ်ယုတ်ခဲ့လျှင် ပျက်စီးခဲ့လျှင် သမိုင်းတရားခံ
ဖြစ်သွားနိုင်သည်။ ကိုယ့်လက်ထက်ရောက်မှ ကောင်းခြင်းအစဉ်လာများ ပျက်စီးခဲ့လျှင် ကိုယ်ညံ့ရာလည်း
ရောက်ပေလိမ့်မည်။
ကျန်စစ်သားမင်းကြီးသည် ပုဂံနေပြည်တော်စတင်တည်ထောင်ခြင်းတည်းဟူသော လမ်းသစ်ဖောက်စဉ်
ကလည်း စစ်သူကြီးအဖြစ်ဖြင့် ပါဝင်ခဲ့သည်။
ယခုရှင်ဘုရင်ဖြစ်သောအခါပုဂံနေပြည်တော်စတင်တည်ထောင်ခြင်းတည်းဟူသော လမ်းသစ်ဖောက်စဉ်
ကလည်း စစ်သူကြီးအဖြစ်ဖြင့် ပါဝင်ခဲ့သည်။ ယခု ရှင်ဘုရင်ဖြစ်သောအခါ၌လည်း မိမိတာဝန်ကိုနားလည်သူ
ဖြစ်သည်။ ထိုသို့နားလည်ရာ၌ အနော်ရထာမင်းကြီး(၃၃)နှစ်ကြာအောင် ထီးနန်းစိုးစံပြီးဖြစ်၍ တိုင်းပြည်၌
အသားကျတန်သလောက်ကျနေပေပြီ။ အရပ်သူအရပ်သားများနှင့် နှစ်ပေါင်း(၂၀)နီးပါးအတူနေလာခဲ့၍
တိုင်းသူပြည်သားတို့၏ အလိုဆန္ဒကိုလည်းသိသည်။ ထိုကြောင့်ပင် ကျန်စစ်မင်းကြီးသည် ပျော့ပျောင်းစွာ
အုပ်ချုပ်ခြင်း ဖြစ်ပေလိမ့်မည်။
    လူသားတို့သည် အပေါ်မမြင့်သို့ရောက်ခဲ့ကြလျှင် အောက်ချေကိုမမြင်တတ်ကြသူတွေကများသည်။
အောက်ချေလူတန်းစားတို့၏ ခံစားချက်များကို နားမလည်တတ်သူများဖြစ်တတ်ကြသည်။ ကျန်စစ်မင်း
ကြီးသည် ကိုယ်တိုင်အောက်ချေ၌နေခဲ့သူဖြစ်၍ အချေအနေကို ထဲထဲဝင်ဝင်သိမြင်သူဖြစ်သည်။
ထို့ကြောင့်တိုင်းပြည်ကြီးပွားတိုးတက်အောင်လည်းအုပ်ချုပ်တတ်သည်။ တိုင်းသူပြည်သားတို့၏ ချစ်ခြင်း
မေတ္တာကိုရအောင်လည်းအုပ်ချူပ်တတ်သည်။ အထက်နှင့်အောက်(သို့မဟုတ်) အုပ်ချုပ်သူနှင့် အုပ်ချုပ်
ခံသူတို့တစ်သားတည်းဖြစ်အောင် အုပ်ချုပ်ခဲ့သည်ဟုဆိုရပေမည်။ သို့မှလည်း တိုးတက်သောတိုင်းပြည်၊
အေးချမ်းသာရာသောတိုင်းပြည် ဖြစ်လာလိမ့်မည်။
    ကျန်စစ်မင်းကြီးသည်ထီးနန်းအုပ်စိုး၍အသက်ရွယ်ကြီးရင့်လာသောအခါ သားရင်းဖြစ်သူ ရာဇကုမာရအား
ထီးနန်းကိုမပေးဘဲ သမီးဖြစ်သူ ရွှေအိမ်စည်မှမွေးဖွားခဲ့သော မြေးဖြစ်သူအလောင်းစည်သူကို ထီးညွန့်နန်းလျှာ အိမ်ရှေ့ဥပရာဇာအဖြစ်အပ်နှင်းခဲ့သည်။ ရာဇကုမာရအား အမိထံမှ ကျွန်သုံးရွာနှင့် ဓည၀တီ တောင်စဉ်(၇)ခရိုင်အား ပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။ တကယ်တော့ ရာဇကုမာရသည် ကျန်စစ်မင်းကြီးနှင့် တြိလောက၀ဋံသကာဒေ၀ီ မိဖုရားကြီးသမ္ဘူလတို့မှ မွေးဖွားခဲ့သော သားရတနာတစ်ပါးဖြစ်သည်။
ကျန်စစ်မင်းကြီးသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အိုမင်းရင့်ရော်ကာ အိုနာရောဂါပါ စွဲကပ်လာ
သည်။ မင်းကြီးအလွန်မကျန်းမမာ ဖျားနာ၍ နတ်ရွာစံကာနီးသောအခါ ရာဇကုမာရသည် မိမိအားကျွေးမွေးပြုစု စောင့်ရှောက်ခဲ့သော ဖခမည်းတော်မင်းကြီး၏ ဂုဏ်ကျေးဇူးကို အထူးအောက်မေ့သတိရ၍ မိမိပိုင်ရွှေငွေဥစ္စာများဖြင့် ရွှေသားအစစ်ဖြင့်ပြီးသော ဗုဒ္ဓရုပ်ပွားတော်ကို သွန်းပြု ထုလုပ်ပြီးနောက် ရွှေဆင်းတုတော်ကို ပင့်ဆောင်ပြီး
မင်းကြီးထံသို့သိုသွားရောက်ကာ”သားတော်သည် ဖခင်မင်းကြီး၏ အထိမ်းအမှတ်အဖြင့် ရွှေသားအတိဖြင့် သွန်းပြု ထုလုပ်သော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ဖခင်မင်းကြီးအတွက်ပူဇော်ပါကြောင်း”လျှောက်ထားသည်။
ကျန်စစ်မင်းကြီးသည် နှစ်လိုဝမ်းမြောက်လှသည်ဖြစ်၍”ကောင်းလေစွ၊ကောင်းလေစွ၊ ကောင်းလေစွ”ဟုသာဓု
သုံးကြိမ် ခေါ်တော်မူသည်။
တကယ်တော့ အသက်ကြီးသူတို့အတွက် ရုပ်အာဟာရဟူသော ပကတိဆေးလိုအပ်သလို နာမ်အာဟာရ
တည်းဟူသောနာမ်အားဆေးလည်း လိုအပ်လှသည်။ အသက်ကြီးလာသူများသည် ကလေးငယ် တစ်ရောက်လို အနီး၌နေကာ ကြင်နာစွာပြောဆိုခြင်း၊ ပြုစုယုယခြင်း၊ သူတို့ပြောသမျှစကားများကို နားထောင်ပေးခြင်းကို အလွန်အလို ရှိတတ်ကြသည်။
                                           ရင်ဘတ်ထဲက အဆိပ်
လူတို့ရင်ဘတ်ထဲ၌ ဒေါသ၊ ဣဿာ ၊မစ္ဆရိယ၊ ကုက္ကုစ္စ စသော မကျေနပ်မှုအဆိပ်များရှိနေတတ်ကြသည်။
အချို့ပုဂ္ဂိုလ်များ၌မပေါ်လွင်ကြ၊ အချို့ပုဂ္ဂိုလ်များမှာပေါ်လွင်နေတတ်ကြသည်။ မပေါ်သောပုဂ္ဂိုလ်များ၌
ကြောင်းတိုက်ဆိုင်မှုရှိသောအခါ၌ အမူအရာကြည့်ပြီးသိရှိနိုင်ကြသည်။ မကျေနပ်မှုဟူသောအဆိပ်အတောက် များရင်ဘတ်ထဲ ရောက်မလာအောင် စောင့်ထိမ်းသင့်သည်။ လာဘ်လာဘ အခြံအရံအကြော်အစောများကို ရလို့လည်း ရင်ဘတ်ထဲသို့ အဆိပ်အတောက် ၀င်ရောက်
လာတတ်သည်။ မရလို့လည်း ၀င်ရောက်လာတတ်သည်။ မစ္ဆရိယငါးမျိုးဟူသောအဆိပ်သည် ရရှိပြီးဖြစ်သော
ပုထုဇဉ်လူသားအားလုံးဖြစ်တတ်သော သဘောရှိသည်။ မိမိနှင့်ဆက်စပ်သော ပုဂ္ဂိုလ်၊ ပစ္စည်း၊ လာဘ်လာဘ
များအကြောင်းပြုပြီး၍လည်း ရင်ဘတ်ထဲ အဆိပ်များဝင်လာတတ်သည်။ ရသင့်လျှက် မရကောင်းလားဟု
တွေးတော၍လည်း ရင်ဘတ်ထဲ အဆိပ်အတောက် ရောက်လာတတ်သည်။ ထိုအဆိပ်များသည် ပကတိ
အဆိပ်ထက် ရာထောင်မကပြင်းထန်လှသည်။ တစ်ဘ၀ထက်ပို၍ သေဆုံးအောင် မည်သည့် ပကတိအဆိပ်ကမျှ မစွမ်းဆောင်နိုင်ပေ။ အကုသိုလ်တည်းဟူသော အဆိပ်သည်  ဘ၀ပေါင်းများစွာသော ချမ်းသာအမျိုးမျိုး ဆုံးရှုံး သွားအောင်ပြုစွမ်းနိုင်သည်။
မစ္ဆရိယငါးပါး အဆိပ်များသည် အနီးကပ်နေသော သံဃာတော်များကိုဟောကြားထားသော်လည်း လူသား
အားလုံးအတွက် ဘုရားရှင်ဟောကြားထားခဲ့ခြင်းဖြစ်သည်။ သံဃာတော်များသည် မစ္ဆရိယ၏ဆိုးကျိုးကို သိထားသော်လည်း ဆရာကြီးဦးပုည၏”သိလျှက်ကယ်နှင့် ၀ိပါက်ကြမ္မာငင်လို့၊ ရွှေဉာဏ်ရှင်ဝေမခွဲနိုင်ဘု ပွတွေ့အမှား”ဟု ရေးသားသလို သိတော့သိတယ် မလိုက်နာသူကများလှသည်။ တကယ်တော့ အကုသိုလ်အဆိပ်များမရှိလေ ချမ်းသာလေသာဖြစ်သည်။
                                     ဣဿာ  (အိတ်သာ)
    ကျန်စစ်မင်းကြီးသည် သားတော်ရာဇကုမာရကို ထီးနန်းမလွှဲအပ်ဘဲ မြေးတော် အလောင်းစည်သူအားလွဲ
အပ်ခဲ့သော်လည်း ရာဇကုမာရသည် ထီးနန်းကိုရသင့်လျှက်မရသော်လည်းဖခင်မင်းကြီးအပေါ်စိတ်ကွက်ခြင်း
မရှိဘဲ အပြစ်မမြင် ချစ်ခင်ကြင်န်မှုအပြည့်ဖြင့် သေရာညောင်စောင်းလဲလျှောင်းနေသောဖခင်အတွက် အားဆေးဖြစ်ခဲ့သည်။ သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့ဖြစ်ခဲ့သည်။
ရာဇကုမာရသည် မိမိအားထီးနန်းကိုပေးခြင်း၊ မပေးခြင်းအပေါ် မည်သို့မျှမခံစား ရင်ဘတ်ထဲ၌ မကျေနပ်မှု
အဆိပ်မရှိပုံကို သူ၏လုပ်ဆောင်ချက်များက သက်သေပြလျှက်ရှိသည်။ ငယ်စဉ်ကကျွေးမွေးစောင့်ရှောက်ခဲ့
သည့် မိဘကျေးဇူးတရားကိုသာ ကြည့်ရှု့ပြီးကျေးဇူးဆပ်နိုင်သူဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရပါမူ ရင်ဘတ်ထဲ၌ အဆိတ်ကို ထည့်သွင်းမထားသူဟု ဆိုနိုင်သည်။
    ဣဿာဟူသောသဘောသည် ကိုယ့်အိတ်ထက် သူ့အိတ်ကသာလို့ မနာလိုလျှင် “ ဣဿာ”ဟုခေါ်ဆိုရသည်။ ရာဇကုမာရ၏ မိဘထံမှရရှိသော အမွေသည် အလောင်းစည်သူရရှိသည့် ထီးနန်းစည်းစိမ်နှင့်စာလျှင်ဘာမှပြေပလောက်သည်မဟုတ်။ သို့သော်လည်း ရာဇကုမာရ၏အိတ်ထက် အလောင်းစည်သူ၏ ထီးနန်းစည်းစိမ်ဟူေးသာ အိတ်ကသာလွန်သော်လည်း ရာဇကုမာရသည် ရင်ဘတ်ထဲ၌“ ဣဿာ”ဟူသော အဆိပ်ထည့်သွင်းမထားပေ။

                                                 မြစေတီကျောက်စာ
        မြစေတီကျောက်စာကို ကျန်စစ်မင်းကြီးကွယ်ပြီးနောက်နှစ် မြန်မာသက္ကရာဇ် ၄၇၅-ခုနှစ်၊ အေဒီ ၁၁၁၃-ခုနှစ်က ရာဇကုမာရက ကျောက်တုံးပေါ်၌ ရေးထိုးခဲ့သည်။ ယင်းမြစေတီ ကျောက်စာသည် ပုဂံမြို့ မြင်းကမ္ဘာရပ်မြောက်ဘက်ရှိ မြစေတီဘုရား၌တည်ရှိလို့” မြစေတီကျောက်စာ”ဟု ခေါ်ဆိုသည်။ ရာဇကုမာရမင်းသားကကျေးဇူးဆပ်ပြု မြတ်ကောင်းမှုကိုကိုယ်တိုင်ပြု၍ရေးထိုးခဲ့သောကြောင့် ”ရာဇကုမာရကျောက်စာ”ဟူ၍လည်းခေါ်ဆိုကြသည်။ ၎င်းကျောက်စာ လေးမျက်နှာ၌ ပါဠိ၊ ပျူ၊ မွန်၊ မြန်မာလေးဘာသာဖြင့် ရေးထိုးခဲ့သည်။ မြန်မာပြည်၏ အစောဆုံးကျောက်စာလည်းဖြစ်သည်။
ဤကျောက်စာ၏ပုံရိပ်က ရာဇကုမာရ၏မိဘကိုကျေးဇူသိတတ်မှု၊ ကျေးဇူးဆပ်မှု၊လူ့ယဉ်ကျေးမှု နှလုံးသား
အလှသူသည့် “မြင့်မြတ်သောနှလုံးသားပိုင်ရှင်အဖြစ်” ဤကမ္ဘာ့မြေ၌ ‘မြန်မာ’ ဟုတည်ရှိနေသရွေ့ တည်ရှိနေ မည်၏အဖြစ်ကို ပြညွန်းနေသည်။
အကယ်၍ ထီးနန်းရပြီးမှ ဤကဲ့သို့ကျေးဇူးသိတတ်၊ ကျေးဇူးတုံ့ဆပ်ခဲ့လျှင် ဤမျှအထိ ရာဇ၀င်မော်ကွန်း
တစ်ရိုး ထိုးနိုင်လိမ့်မည်မဟုတ်ပါ။ ဤမျှအထိဂုဏ်မြောက်လိမ့်မည်မဟုတ်ပေ။ ရာဇကုမာရ၏ကျောက်စာထိုး၍ ကျေးဇူးသိမှုသည် ရှေးမြန်မာတို၏ စိတ်ထားမြင့်မြတ်မှုဟူသော နှလုံးသား
အလှကို ဖော်ညွန်းပြသခြင်းပင်ဖြစ်သည်။ နှောင်းခေတ်လူသားတို့အားလည်းအမွေကောင်းကိုပေးရာလည်း
ရောက်သည်။ ထို့ကြောင့် ဆရာကြီး ဦးဖေတင်မောင်က “ ကျွန်ုပ်တို့ရဲ့မြန်မာစာပေသမိုင်းဟာ ကျေးဇူးတရားနှင့် အစပြုခဲ့တယ် “ ဟု ဆိုခဲ့သည်။
    (အင်္ဂလန်နိုင်ငံက သူတို့နိုင်ငံ၏စာပေနှင့်စကားတို့ကို ၁၅ရာစုလောက်ရောက်မှ အင်္ဂလိပ်စာဟု အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ကြသည်ဟုဆိုသည်။ သို့ဖြစ်ခဲ့လျှင် မြန်မာတို့၏မြန်မာစာသည်(၁၁)ရာစုက   ပေါ်ထွန်းပြီးနောက် လေးရာစုလောက်ကြာမှအင်္ဂလိပ်စာဖြစ်ပေါ်တည်ရှိသည်ဟု သမိုင်းသုတေသီများကဆိုသည်။)
                      ပဋ္ဌာန်းအလင်းရောင်ဆရာတော် (ပါဠိတက္ကသိုလ် ညောင်းတုန်းတိုက် ဗဟန်း)
  

ဘ၀ဇာတ်ခုံ ပန်းမျိုးစုံ
Monday, July 8, 2013

ကျောက်စာ

          ကျောက်စာဆိုတာ ဘာလဲလို့မေးမယ်ဆိုရင် လွယ်ပါတယ်။ ကျောက်စာဆိုတာ ကျောက်ပေါ်မှာရေး ထားတဲ့စာလို့ ဖြေရမှာပါပဲ။ ဟုတ်ပါတယ်။ ကျောက်စာဆိုမှတော့ ကြောက်လို့ရေးတဲ့စာမဟုတ်သလို စာရွက်ပေါ်မှာရေးတဲ့စာလဲမဟုတ်တာတော့ အသေချာပါပဲ။ ပထမဆုံးအနေနဲ့ အများသိကြတဲ့ အသောက ဘုရင်ရဲ့ ကျောက်စာကို ပြောကြပါစို့။ အသောကဘုရင်သည် ဗုဒ္ဓသာသနာ့သမိုင်းအတွက် တကယ် အားကိုးရတဲ့ မင်းတစ်ပါးဖြစ်ပါတယ်။ သူ့ရဲ့ကျောက်စာတွေသာမရှိခဲ့ရင် ဗုဒ္ဓဘာသာသည် တစ်ခေတ် တစ်ခါက ဘယ်လောက် ကျယ်ပြန့်ခဲ့တယ်စသည်ဖြင့် အတော်လေး အငြင်းအခုံဖြစ်ရမှာ သေချာပါတယ်။ ကဲ ဆက်ကြဦးစို့။
          အသောကမင်းသည် သာသနာနှစ် ၂၀၀-ကျော်၊ သီဟိုဠ်နဲ့မြန်မာတို့အလို ဘီစီ ၃၄၂-၂၆၄၊ အနောက်တိုင်း သုတေသီတို့အလို ဘီစီ ၂၆၄-၂၇၇ မှာ ပေါ်ထွန်းခဲ့တာဖြစ်လို့ သူ့ရဲ့ကျောက်စာတွေကို အဲဒီနှစ်တွေမှာ ရေးခဲ့တာပဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အသောကမင်းကြီးရဲ့ကျောက်စာတွေကို ၁၃၅၁ - ကနေစပြီး အိန္ဒိယသား တွေ ဘယ်သူမှမဖတ်တတ်ကြတော့ဘူး။ အဲဒီလိုနဲ့ အိပ်ပျော်နေတဲ့ အသောက -ကျောက်စာကို အမျိုးမျိုးဖေါ်ထုတ် ကြ၊ အသက်သွင်းကြရာကနေ ခရစ်နှစ် ၁၈၃၈-ခုနှစ်ရောက်တဲ့အခါ အင်္ဂလိပ်လူမျိုး ပညာရှင် ဂျိမ်းပရင့်ဆက် (James Prinsep)က အသောကကျောက်ကို ပထမဆုံးဖတ်နိုင် သူဖြစ်ခဲ့တယ်။ တနည်းပြောရရင် အိပ်ပျော်နေတဲ့ အသောကကျောက်စာကို အသက်ပြန်သွင်းပေးခဲ့သူပေါ့။ အဲဒီကနေစပြီး တစ်ချပ်ပြီးတစ်ချပ် ဖေါ်ထုတ်ကြ၊ အဓိပ္ပာယ်ပြန်ဆိုထုတ်ဝေကြနဲ့ လုပ်လာလိုက်တာ မပျက် မစီးသေးတဲ့ အသောကကျောက်စာ အရေအတွက် ၃၅ (၄၀) ခု ရှိခဲ့တယ်။ ပြောရမယ်ဆိုရင် အသောက -ကျောက်စာတွေက အိန္ဒိယအရှေ့ပိုင်းဒေသ နဲ့ တောင်ဘက်စွန်းဒေသကိုချန်ထား ကျန်အိန္ဒိယနိုင်ငံ အနှံ့ အပြားမှာ တွေ့ရနိုင်ပါတယ်။
          အပေါ်မှာပြောခဲ့သလိုပါပဲ အသောကကျောက်စာရဲ့အကြောင်းအရာ၊ အရွယ်ပမာဏ၊ ကျောက် မျက်နှာပြင် အနေအထားကိုကြည့်ပြီး အမျိုးအစားခွဲတဲ့အခါ -
၁။ကျောက်ဆောင်ကြီး (ကျောက်ပြားကြီး) = ၁၄ ချပ်။
၂။ကျောက်ဆောင်စာငယ် (ကျောက်ပြားငယ်) = ၅ ချပ်။
၃။ကျောက်တိုင်စာကြီး = ၇ မျိုး။
၎။ကျောက်တိုင်စာငယ် = ၇ မျိုး။
၅။လိုဏ်ဂူကျောက်စာ = ၂ မျိုး။ ပေါင်း = ၃၅ မျိုးရှိပါတယ်။
          အရေအတွက်အနေနဲ့ဆိုရင် -
၁။ကျောက်ပြားငယ် = ၅ ချပ်။
၂။ကျောက်ပြားကြီး = ၁၄ ချပ်။
၃။ကလိင်္ဂကျောက်ပြား = ၂ ချပ်။
၎။ကျောက်တိုင် = ၇ လုံး။
၅။ကျောက်တိုင်ငယ် = ၆ လုံး။
၆။ကျောက်ဂူ = ၆ လုံး။ ပေါင်း ၄၀ ရှိပါတယ်။
      ဆက်ပြီးတော့ မြန်မာနိုင်ငံရဲ့ကျောက်စာအခြေနေလေး ပြောပါရစေ။ မြန်မာနိုင်ငံမှာ ကျောက်ပြားပေါ်စာရေး တဲ့ အလေ့က သရေခေတ္တရာခေတ်ကတည်းက ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ သရေခေတ္တရာ မြို့ရိုးတံခါးပေါက်နားမှာ ကျောက်စာတိုင်နှစ်တိုင် တွေ့ရပါတယ်။ ရွှေတံခါးမြို့ပေါက်နားကတိုင်မှာ မင်္ဂလ သုတ်ဂါထာတွေကို တွေ့ရပြီး ကုန်းရိုးရွာနားကတိုင်မှာ ရတနသုတ် ပါဠိတွေ တွေ့ရပါတယ်။ ရေးထားတဲ့ အက္ခရာအနေအထားအရ အေဒီ ၅ ရာစု၊ ၆ ရာစု၊ ၇ ရာစုဖြစ်မယ်လို့ ခန့်မှန်း ရပါတယ်။
          ဘိုးတော်ဘုရားလက်ထက်မတိုင်မီခေတ်ရဲ့ ရေးထိုးတဲ့ကျောက်တွေကို ကြည့်မယ်ဆိုရင် များသော အားဖြင့် ဒေသနဲ့နီးစပ်ရာကျောက် ဒါမှမဟုတ် ထုဆစ်လွယ်တဲ့ကျောက်တွေကို အသုံးများတာတွေ့ရမယ်။ သဲကျောက်တို့ လိပ်သဲကျောက်တို့ကို အသုံးများကြတယ်။ ပုဂံခေတ်ကဆိုရင် ကျောက်ဆည်၊ ဝေဘူတောင် - ကျောက်တွေကို အသုံးများကြတယ်။ ကုန်းဘောင်မင်းဆက်ဖြစ်တဲ့ ဘိုးတော်မင်း (ပဒုံမင်း)လက်ထက် -ရောက်မှသာ မတ္တရာနယ်၊ စကျင်ကျောက်ကို စသုံးတာတွေ့ရတယ်။ မှတ်မှတ်ရရ ဇာတ်လမ်းတစ်ခု ကို ပြောရမယ်ဆိုရင် အရင်က စကျင်တောင်ကို ကျောက်ဖြူတောင်လို့ပဲ ခေါ်ကြတယ်။ တစ်ခါမှာတော့ စကျင်တောင်ကထွက်တဲ့ အရည်သွေးကောင်းတဲ့ ကျောက်နီတွေတွေ့လို့ မင်းတုန်းမင်းကို လာရောက် ဆက်သကြတယ်။ အဲဒီအခါ မင်းတုန်းဘုရင်က သဘောကျလို့ ပတ္တမြားတောင်လို့ နာမည်ပြောင်းခေါ်ခဲ့တဲ့ အမှတ်တရဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ။
          ကျောက်စာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် မြန်မာတို့ရဲ့အသဲနှလုံးဖြစ်တဲ့ ပုဂံကိုပြောရမှာပါပဲ။ ပုဂံပြည်ခေတ်ကောင်းစဉ် ကြီးကျယ်ခန်းနားစဉ်အခါတုန်းက ကျောက်စာအများအပြားကို ရာပေါင်းများစွာ စိုက်ထူထားခဲ့ကြတယ်။ အဲဒီထဲကမှ စိတ်ဝင်စားစရာကောင်းတာကတော့ ယနေ့တိုင်အောင် မြန်မာ့ -ကျောက်စာ ဟေ့-လို့ ပြောလိုက်ရင် နှုတ်ကနေအလိုလို ပြောထွက်နေကြတဲ့ ခရစ်နှစ် ၁၁၁၂-မှာ ရေးထိုး ခဲ့တဲ့ မြစေတီ ကျောက်စာ(ရာဇကုမာရကျောက်စာ) ပဲဖြစ်ပါတယ်။ အဲဒီကျောက်စာက မြန်မာ၊ပျူ၊ပါဠိ၊ မွန် လေးဘာသာနဲ့ ရေးထိုးထားတာကြောင့် အလွန်လဲစိတ်ဝင်စားစရာကောင်းပါတယ်။
          မြန်မာတွေအတွက် နောက်ထပ်ဂုဏ်ယူစရာကောင်းတာ ရှိပါသေးတယ်။ အဲဒါကတော့ ပိဋကတ် သုံးပုံကို ပထမဆုံး ကျောက်ထက်အက္ခရာတင်ခဲ့တာ မင်းတုန်းမင်း ဖြစ်နေတာပါပဲ။ ကျောက်စာချပ်ရေ ၇၂၉-ချပ် ရှိပါ တယ်။ မင်းတုန်းမင်းသည် ၁၂၁၉ (၁၈၅၂)မှာ နန်းတက်ပါတယ်။ ၁၂၂၁၊ ကဆုန်လပြည့် -ကျော် ၆-ရက်နေ့မှာ မန္တလေးရွှေမြို့တော်ကို တည်ထောင်ပါတယ်။ တည်ထောင်တဲ့အခါ နန်းမြို့ကြီး၊ ကျုံး၊ မဟာလောကမာရဇိန်စေတီတော်၊ ပဋ္ဌာန်းဟော ရွှေသိမ်၊ အတုမရှိကျောင်း၊ သုဓမ္မာဇရပ်၊ ပိဋကတ် တိုက်တော်တို့ကို တစ်ပြိုင်နက်ပန္နက်ချပြီး တည်ထောင်ခဲ့ပါတယ်။ ကျောက်စာတွေကိုတော့ ကုသိုလ်တော် -စေတီရဲ့တံတိုင်းသုံးထပ်အတွင်းမှာ ၁၂၂၂၊ တန်ဆောင်မုန်း လဆန်း ၁-ရက် (၁၄-၁၀-၁၈၆၀)မှာ စတင် ထုခဲ့ပြီး ၁၂၃၀၊ကဆုန်လဆန်း ၁၄-ရက် (၄-၅-၁၈၆၈)မှာ ပြီးစီးခဲ့ပါတယ်။ ၇-နှစ်၊ ၆-လနဲ့ ၁၄-ရက်ကြာပါ တယ်။ ဆက်ပြီးတော့ ဖြည့်စွက်ပြောရမယ်ဆိုရင် ပဉ္စမသင်္ဂါယနာတင်တာနဲ့ မင်းတုန်းမင်းရဲ့ကျောက်ထက် အက္ခရာတင်တာ အတူတူမဟုတ်ပါဘူး။ ပဉ္စမသင်္ဂါယနာကို ၁၂၃၃၊ တန်ခူးလပြည့်ကျော်၊၁၁-ရက် ၊ နှစ်ဆန်းတစ်ရက်၊ စနေနေ့ (၁၅-၄-၁၈၇၁)မှာ သံဃာတော် ၂၄၀၀-နဲ့ နေ့ညမစဲ ရွတ်ဖတ်ပူဇော်တာ အဲဒီနှစ် တော်သလင်းလပြည့်ကျော် ၁၄-ရက်၊ အင်္ဂါနေ့ (၁၂-၉-၁၈၇၁)မှာ ပြီးခဲ့ပြီး ၅-လနဲ့ ၃-ရက်ကြာ ပါတယ်။ ပြောရမယ်ဆိုရင် ပဉ္စမသင်္ဂါယနာတင်တာနဲ့ ကျောက်ထက်အက္ခရာတင်တာ ကြားမှာ ၃-နှစ် ကွာဟနေပါတယ်။
          ကျန်ရှိတဲ့ အဋ္ဌကထာ၊ဋီကာတွေကို ရသေ့ကြီးဦးခန္တီက ကနောင်မင်းသားရဲ့သမီးတော် ရန်အောင် -မြင်မြိ့စားမင်းသမီး သုသီရိသင်္ခါဝတီရဲ့ လျှောက်ထားချက်အရ ၁၂၇၅-မှာ စန္ဒာမုနိဘုရားအတွင်း စိုက်ထူ ခဲ့တာဖြစ်ပြီး ကျောက်စာချပ်ရေ ၁၇၇၄-ချပ် ရှိပါတယ်။
          ကုသိုလ်တော်ဘုရားထဲက ကျောက်စာတွေနဲ့ စန္ဒာမုနိဘုရားထဲကကျောက်စာတွေကို နှိုင်းယှဉ် ကြည့် လိုက်တဲ့အခါ ကုသိုလ်တော်ဘုရားကျောက်စာတွေက ပိုပြီးလက်ရာကောင်းတယ်လို့ဆိုပါတယ် ။ ကျောက်စာရဲ့ လက်ရာကောင်း၊မကောင်းကို ကြည့်နည်းကတော့ ကျောက်ပြားကြီးမျက်နှာပြင် ညီ,မညီ၊ ထွင်းထုထားတဲ့စာလုံး အတိမ်အနက်၊ စာနှုတ်ခမ်းအကျဉ်းအကျယ် ညီ,မညီ၊ အဲဒါတွေနဲ့ တိုင်းတာကြပါ တယ်။ အလွယ်သိချင်ရင်တော့ ဖယောင်းနဲ့နှိပ်ပြီး ကြည့်လို့ရပါတယ်။
          ကျောက်စာရေးတာနဲ့ပတ်သက်ပြီး ဗဟုသုတရစရာလေး ပြောပြပါရစေ။ ကျောက်စာချပ်တစ်ချပ် မှာ ကျောရောဝမ်းပါ နှစ်ဖက်ရှိတာကြောင့် နှစ်ဖက်လုံးကို ရေးမယ်ဆိုရင် လက်ရေးကလဲကောင်း မြန် ကလဲမြန်မယ်ဆိုရင် သုံးရက်အချိန်ကြာနိုင်ပြီး လက်ရေးကောင်းပေမယ့် အရေးနှေးရင်တော့ ငါးရက် အချိန်ကြာနိုင်ပါတယ်။ ရေးလို့လည်းပြီးပြီ စာတိုက်လို့လည်းမှန်ပြီဆိုရင် စာလုံးတွေ စတင်ထွင်းထုကြ ပါတယ်။ အဲဒီလိုထွင်းထုတဲ့အခါ စာထုမြန်တဲ့သူက တစ်ရက်ကို ၁၅-ကြောင်း ၁၆-ကြောင်း ထွင်းထုပြီးနိုင်ပေ မယ့် စာထုနှေးတဲ့သူဆိုရင်တော့ ၁၀-ကြောင်းလောက်ပဲ ပြီးနိုင်မှာဖြစ်ပါတယ်။ တစ်မျက်နှာကို စာကြောင်း ၈၀ ကနေ ၁၀၀ ကျော်ထိ ရှိနိုင်ပါတယ်။
          ထွင်းထုထားပြီးပြီဖြစ်တဲ့ အဲဒီစာလုံးတွေပေါ်ကို ရွှေမင်နဲ့ပဲဖြစ်ဖြစ် မင်နက်နဲ့ပဲဖြစ်ဖြစ် ထပ်ပြီးရေးရ ပါတယ်။ ဒါမှသာ ဖတ်လို့မြင်သာထင်သာရှိမှာဖြစ်ပါတယ်။ ယခုလက်ရှိ ကုသိုလ်တော်ဘုရားကျောက်စာ ရဲ့မင်တွေကတော့ မင်နက်ဖြစ်ပြီး စိန်တုံးဆရာတော်ရဲ့ မင်စပ်နည်းနဲ့ စပ်ထားတာဖြစ်ပါတယ်။ မင်ဖျော်ပုံ ကတော့ မန္တလေး၊ကွမ်းခြံရပ်၊ ကျောက်စလင်းမျက်မှန်တိုက် ဆရာထီဆီက ချိပ်တစ်ပိဿာကို တစ်ဆယ် ကျပ်နှုန်းနဲ့ဝယ်ပြီး ချိပ်အစိတ်သားကို ရေတစ်ပိဿာနဲ့ သုံးခွက်တစ်ခွက်တင်ကျိုပါတယ်။ ပြီးတော့ ရေနံ မှိုင်းခံပြီး ကောက်ရိုးပြာရည်နဲ့ရောပြီး ချိပ်ရည်နဲ့မွှေပါတယ်။ အဲဒီနည်းစနစ်နဲ့ အသုံးပြုထားတဲ့ မင်နက်ပဲ ဖြစ်ပါတယ်။

ကိုး = မြန်မာ့စွယ်စုံကျမ်း(အတွဲ-၆)။ ကမ္ဘာ့အကြီးဆုံးစာအုပ်(လူထုဒေါ်အမာ)။ အသောကကျောက်စာများကိုလေ့လာခြင်း Term Paper (အရှင်သုစိတ္တ-ရွှေဘို/လင်းနေ(နမော)။

No comments:

Post a Comment