Monday, January 23, 2017

ကိုယ်ပိုင်စီးပွားရေး စလုပ်မယ့်သူများ သတိထားသင့်တဲ့ အခြေခံ အချက် (၅) ချက်

ကိုယ်ပိုင်စီးပွားရေး စလုပ်မယ့်သူများ သတိထားသင့်တဲ့ အခြေခံ အချက် (၅) ချက်

ကိုယ်ပိုင်စီးပွားရေး တစ်ခုခုလုပ်ဖို့ စဉ်းစားမိနေပြီလား၊ ဝန်ထမ်းဘဝကို စိတ်ကုန်နေပြီပေါ့။ ကောင်းပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် ဒီအချိန်ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒါပေမယ့် ဒီအချက်လေး (၅) ချက်ကိုတော့ သတိထားပေးပါ။ ဒီအချက်လေးတွေဟာ အခြေခံအချက်တွေဖြစ်ပေမယ့် တော်တော်များများ သတိမထားမိဘဲ အမှားလုပ်မိတတ်ကြလို့ပါ။

(၁) ချက်ချင်းအောင်မြင်မယ်လို့ မမျှော်လင့်ပါနဲ့။
ချက်ချင်းလက်ငင်း ဝုန်းဒိုင်းဆိုပြီး ထအောင်မြင်တဲ့လုပ်ငန်းဆိုတာ မရှိပါဘူး။ ဖြည်းဖြည်းချင်း တည်ဆောက်ယူရတာဖြစ်ပါတယ်။ စကားပုံတောင် ရှိသေးတယ်လေ။ ခုရေတွင်းတိုး ခုရေကြည်သောက်လို့ မရဘူး ဆိုတာ.။ တော်တော်များများက စိတ်မရှည်တတ်ကြဘူး။ ခုလုပ်ငန်းတစ်ခုစလုပ်လိုက်တယ် တော်ကြာနေ ချက်ချင်းအောင်မြင်လာမယ်လို့ ထင်ကြတယ်။ မအောင်မြင်ရင် စိတ်ဓာတ်ကျလာကြတယ်။ အဲဒီအချက်လေးကို သတိထားပေးပါ။ လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင်တော့ အောင်မြင်ဖို့ အချိန်တစ်ခုတော့ လိုပါတယ်။

(၂) အေးအေးဆေးဆေးသာနေလိုက်ပါ၊ သူ့ဟာသူ ဖြစ်လာလိမ့်မယ်။
ဆိုပါတော့၊ ကိုယ့်ရဲ့ အိုင်ဒီယာက အရမ်းကောင်းတဲ့ အိုင်ဒီယာတစ်ခုပေါ့။ ဒါမှမဟုတ် ကိုယ်ပေးတဲ့ service က သူများမပေးနိုင်တဲ့ဟာပေါ့။ အရမ်းလိုအပ်ပြီး ရှားတဲ့လုပ်ငန်းမျိုးပေါ့။ ဒီလိုဖြစ်နေမယ်ဆိုရင်တော်တော်များများက အေးဆေးနေရုံနဲ့ အလိုလိုရောင်းရမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့်မဟုတ်ပါဘူး။ ဈေးရောင်းရဖို့အတွက် သင့်မှာ Meeting တွေသွားဖို့လိုတယ်၊ စကားတွေပြောဖို့လိုတယ်၊ ရောင်းဖို့လိုပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ သင်ရှေ့ဆက်ဖို့ ခက်ပါလိမ့်မယ်။

(၃) ပြဿနာသေးသေးလေးတွေကို ဂရုမစိုက်ခြင်း
ပြဿနာသေးသေးလေးတွေ ဆိုတာ ဒီလိုပေါ့။ ဥပမာ - သင့်လုပ်ငန်းနာမည်က Social Media အားလုံးမှာ available ဖြစ်ရဲ့လား။ သင့်လုပ်ငန်းနာမည်နဲ့ ကုမ္ပဏီ register လုပ်ထားတာရှိနေလား၊ သင့်လုပ်ငန်းနာမည်နဲ့ domain name ဝယ်လို့ရရဲ့လား၊ လိုဂို ခပ်ဆင်ဆင်တူတာများ ရှိနေမလား၊ ဒီပြဿနာလေးတွေက စထောင်ကာစမှာတော့ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ အကြီးအကျယ်ခေါင်းခဲလာမယ့် ပြဿနာတွေပါ။ ဒါလေးတွေကို အရင်ကြိုတင်စဉ်းစား ရှင်းလင်းထားသင့်ပါတယ်။

(၄) ရေရှည် plan မရှိခြင်း
တွေ့တာထလုပ် ဆိုတာ လတ်တလောတော့ အဆင်ပြေလောက်ပေမယ့် တကယ်အခြေခိုင်မာတဲ့ လုပ်ငန်းတစ်ခုကို လုပ်တော့မယ်ဆိုရင်တော့ ရေရှည် plan လိုပါတယ်။ သေချာတဲ့ business plan, marketing plan, finance plan အစရှိသဖြင့် ဆွဲထားပါ။

(၅) ခံနိုင်ရည်
Entrepreneur ဆိုတာ ဒီခေတ်မှာ တကယ်ခေါ်လို့ကောင်းတဲ့စကားလုံးပါ၊ ဘယ်သူတွေကတော့ ဘယ်လောက်အောင်မြင်သွားပြီ။ ဘယ်ကုမ္ပဏီကို ဘယ်ကုမ္ပဏီက ဘယ်လောက်နဲ့ ဝယ်သွားသတဲ့ စသဖြင့် ကြားနေရတဲ့အခါ လူတိုင်းက ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဟေ့ ဆိုပြီး ဖြစ်နေကြတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် သေချာစဉ်းစားပါဦး။ သင့်မှာ အိပ်ရေးပျက်တဲ့ညတွေနဲ့ အလုပ်ရဲ့ ဖိအားတွေကို ခံနိုင်ရည်ရှိရဲ့လား၊ တွေ့လာမယ့် အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ကျော်လွှားနိုင်ဖို့ ခံနိုင်ရည်ရှိရဲ့လား၊ ကိုယ့်လုပ်ငန်းက ဝင်ငွေမရသေးလို့ ခေါက်ဆွဲပြုတ်ပဲ စားနေရရင် အဆင်ပြေရဲ့လား၊ ဒါတွေကို ခံနိုင်ရည်ရှိမှ ကိုယ်ပိုင်စီးပွားရေး စလုပ်ဖို့ အကြံပေးပါရစေ။

အောင်မွန်ချမ်း (Myanmar Leaders)
----------
ဤပို့စ်ကို လုပ်ငန်းရှင်များရောင်းဝယ်ရာ www.baganmart.com မှ ပံ့ပိုးကူညီပါသည်။

No comments:

Post a Comment