ဇန်န၀ါရီလ ၅ ရက်ထုတ် The Daily Eleven သတင်းစာအယ်ဒီတာ့ အာဘော်
ငွေကြေးနှင့် လူ့အဖွဲ့အစည်း
ငွေကြေးဟူသည် နိုင်ငံတစ်နိုင်ငံအတွင်း သို့မဟုတ် လူမှုစီးပွားအ၀န်းအ၀ိုင်း တစ်ရပ်အတွင်း ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများအတွက် လည်းကောင်း၊ အကြွေးများ ပြန်လည်ပေးဆပ်ရန်အတွက် လည်းကောင်း ပေးချေရန် အထွေထွေသဘောအရ လက်ခံထားသောအရာ သို့မဟုတ် အတည်ပြုထားသော စံတစ်ရပ်ဖြစ်သည်။ သို့မဟုတ်လျှင်လည်း ယင်းကဲ့သို့သော ပုံစံအဖြစ် အလွယ်တကူပြောင်းနိုင်သော အရာဖြစ်သည်။ ကုန်ဖလှယ်ရာ၌ ကြားခံအဖြစ် ဆောင်ရွက်ခြင်း၊ စာရင်းယူနစ်တစ်ရပ်အဖြစ် ဆောင်ရွက်ခြင်း၊ တန်ဖိုးများ သိုလှောင်ထားမှုအဖြစ် ဆောင်ရွက်ခြင်းနှင့် တစ်ခါတစ်ရံ ပေးချေရမည့်အရာနှင့် လျော်ညီသော စံသတ်မှတ်ချက်တစ်ရပ်အဖြစ် ဆောင်ရွက်ခြင်းတို့သည် ငွေကြေး၏ အဓိကလုပ်ငန်းတာဝန်များ ဖြစ်ကြသည်။ မည်သည့်အရာ သို့မဟုတ် မည်သည့်အတည်ပြုထားသော စံမဆို ဖော်ပြပါ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပါက ငွေကြေးဟု ခေါ်ဆိုနိုင်သည်။
သမိုင်းဦးအစတွင် လူတို့သည် မိမိတို့ဘာသာ စိုက်ပျိုး၊ မိမိတို့ဘာသာ အမဲလိုက်၊ မိမိတို့ဘာသာ တိရစ္ဆာန်များ မွေးမြူစားသောက်နေရာမှ “အလုပ်ခွဲခြားလုပ်ကိုင်ခြင်း” ပေါ်ပေါက်လာသည်။
စိုက်ပျိုးရေးသမား၊ မွေးမြူရေးသမား၊ မုဆိုး၊ ဆားချက်သမား၊ တံငါသည် စသည်ဖြင့် အလုပ်များကို သီးသန့် လုပ်ကိုင်လာကြသည်။ ထိုအခါ မိမိ၌ ပိုလျှံနေသော ပစ္စည်းကို မိမိအလိုရှိရာပစ္စည်းနှင့် လဲလှယ်ရန် လိုအပ်လာသည်။ ထို့ကြောင့် မူလအစ၌ ကုန်ပစ္စည်းချင်း တိုက်ရိုက်လဲလှယ်ကြသည်။ ထို့နောက် ကုန်ပစ္စည်းချင်း လဲလှယ်ရာတွင် ပိုမိုလွယ်ကူစေရန် ကြားခံတစ်ရပ်ကို တီထွင်ရာမှ “ငွေကြေး” ဟူ၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မိမိတို့ နေထိုင်နေသော လူ့အဖွဲ့အစည်းသည် မည်ကဲ့သို့သော အမျိုးအစားဖြစ်သည်ဟူသော ပျမ်းမျှသဘောအပေါ် မူတည်၍ ငွေကြေးက လူ့အဖွဲ့အစည်းအပေါ် ကောင်းခြင်း သို့မဟုတ် ဆိုးခြင်းကို ဖြစ်ပေါ်လာစေသည်။ ငွေကြေးသည် လူသားတို့အချင်းချင်း ချစ်ကြည်ရင်းနှီးခြင်းကို ဖြစ်စေနိုင်သကဲ့သို့ မုန်းတီးခြင်းကိုလည်း ဖြစ်စေနိုင်သည်။ လူသားအချင်းချင်း အားကျမှုကို ဖြစ်စေနိုင်သကဲ့သို့ မနာလိုဝန်တိုမှုကိုလည်း ဖြစ်စေနိုင်သည်။ ငွေကြေးကြောင့်ပင် လူသားများ တစ်ဦးကိုတစ်ဦး သတိပြုမိပြီး သတိထားနေကြရသည်။ ငွေကြေးက လူ့အဖွဲ့အစည်းအပေါ် သက်ရောက်နိုင်သော သို့မဟုတ် ရိုက်ခတ်ချက်ရှိသော ဆုံးဖြတ်ချက်များကို ချနိုင်သည့် “ပါဝါ” ဟုခေါ်သောအရာကိုလည်း လူသားတို့ကို ပေးသည်။ ငွေကြေးချမ်းသာကြွယ်ဝလာသူ တစ်ဦးအနေဖြင့် “ပါဝါ” ရှိလာနိုင်သည်။
ငွေကြေးသည် လူသားတို့အား အလုပ်ကြိုးစားလိုသည့် ဆန္ဒနှင့် ယုံကြည်မှုကို ပေးသောကြောင့် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းက ပို၍ တိုးတက်စည်ပင်လာရသည်။ လူသားတစ်ဦးချင်း အလုပ်ကြိုးစားမှုက ၎င်းတို့၏ လူ့အဖွဲ့အစည်းကို တိုးတက်လာစေသည်။ ငွေကြေးဖြင့် လူ့အဖွဲ့အစည်းကို အပြုသဘောဆောင်သော တည်ဆောက်မှုများ ပြုလုပ်နိုင်သည်။
သို့သော် ငွေကြေးရှိခြင်း၊ မရှိခြင်းက လူ့အဖွဲ့အစည်းအတွင်း လူတန်းစားအလွှာများကို ဖန်တီးလိုက်သည်။ လူသားအချင်းချင်း တန်းခွဲလာကြသည်။ ငွေများများ ရှိသူများက ငွေမရှိသူများထက် ပို၍ အဆင့်အတန်းမြင့်သည်ဟု ယူဆလာကြသည်။ ၎င်းအပြင် ငွေကြေးက လူ့အဖွဲ့အစည်းအား မကောင်းမှုများအပေါ် တိမ်းညွတ်သွားစေနိုင်ပြီး လူ့အဖွဲ့အစည်းကို ပျက်စီးယိုယွင်းစေနိုင်သည်။ ခြစားမှုများ၊ အလွဲသုံးစားမှုများ၊ မူးယစ်ဆေး မှောင်ခိုကုန်သွယ်မှုများနှင့် လူကုန်ကူးမှုများ ... အစရှိသည်တို့ အားလုံးကို ငွေကြေးချမ်းသာလိုခြင်းကြောင့် ပြုလုပ်ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ငွေကြေးသည် “သက်မဲ့”ဖြစ်ပြီး လူသည် “သက်ရှိ” ဖြစ်သောကြောင့် လူတို့အနေဖြင့် ငွေကြေး၏ ခိုင်းစေရာနောက် ကောက်ကောက်ပါအောင် မလိုက်ဘဲ လူ့အဖွဲ့အစည်း တိုးတက်စည်ပင်စေရေးအတွက် ငွေကြေးကို ကောင်းစွာအသုံးချတတ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
Website link - - -- >http://news-eleven.com/editorials/30343
No comments:
Post a Comment