ဗုဒ္ဓ၀ါဒဟာ အိန္ဒိယနိုင်ငံမှာ အေဒီ (၇) ရာစုက စတင်ပြီး အရှိန်အ၀ါ ကျဆင်းလာခဲ့ကြောင်း စာပေမှတ်တမ်း အချို့အရ သိရှိကြရတယ်။ ဒီအချက် ကို တရုတ် ခရီးသည် ရဟန်းတော်တွေရဲ့ မှတ်တမ်းတွေကို ကိုးကားပြီး ခန့်မှန်းကြတာဖြစ်တယ်။ အဲဒီ တရုတ် ရဟန်းတော် တွေကတော့ ရဟန်းတော် ဖဟီယန် (အေဒီ ၃၉၉-၄၁၄)၊ ရဟန်းတော် ဆောင်ယွန် (အေဒီ ၅၁ဂ)၊ ရဟန်းတော် ရွှင်ကျန် (အေ ဒီ ၆၂၉ - ၄၅)၊ နဲ့ ရဟန်းတော် အိချင်း (အေဒီ ၆၇၁-၉၅) တို့ဖြစ်ပါတယ်။
အေဒီ (၅) ရာစု အတွင်း အိန္ဒိယနိုင်ငံ ကို ဘုရားဖူးရောက်ရှိခဲ့တဲ့ တရုတ် ရဟန်းတော် ဖဟီယန် ဟာ အိန္ဒိယနိုင်ငံရဲ့ ဒေသများ စွာမှာ ဗုဒ္ဓ၀ါဒ ထွန်းကားဆဲဖြစ်ကြောင်း တွေ့မြင်ခဲ့တယ်။ သို့သော်လည်း ကာညကုခ်ျ၊ ကပိလ၀တ်၊ ရာမဂါမ၊ ဝေသာလီနဲ့ ဂါယာ မှာ တွေ့မြင်ခဲ့ရတဲ့ ဗုဒ္ဓသာသနာ အခြေနေနဲ့ ပတ်သက်ပြီး ဖဟီယန်ဟာ ၀မ်းနည်းပက်လက် ဖြစ်ခဲ့ရပါတယ်။ ကာညကုခ်ျမှာ ထေရ၀ါဒ ဘုန်းကြီးကျောင်း နှစ်ကျောင်းမျှသာ တွေ့ခဲ့ရတယ်။ ကပိလ၀တ်မြို့တော်ကြီးကတော့ အုပ်ချုပ်သူဘုရင်မရှိ၊ ပြည်သူ ပြည်သားတွေ ဆိတ်သုဉ်းလုနီးပါးဖြစ်နေပြီး သံဃာအနည်းငယ်၊ အိမ်လေးငါးဆယ် လုံးနဲ့ တောရိုင်းကြီး ပမာ ဖြစ်နေတာကို သူတွေ့မြင်ခဲ့ရကြောင်း မှတ်တမ်းတင်ထားတယ်။ ရာမဂါမ မှာ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဝေသာလီမှာ လည်း ဘုန်းကြီး ကျောင်း တစ်ကျောင်းမျှသာ ကျန်တော့ပြီး သာဝတ္ထိမြို့ကြီးကတော့ ပျက်စီးတိမ်ကော နေခဲ့ပြီ လို့ ဆိုထားတယ်။
အေဒီ (၆) ရာစု အစောပိုင်းမှာ အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့တဲ့ တရုတ်ရဟန်းတော် ဆောင်ယွန်နဲ့ တောက်ရှန် တို့ဟာ ကာညကု ခ်ျမှာ ဗုဒ္ဓ၀ါဒ ဘုရားကျောင်းများစွာတွေ့ခဲ့ရတယ်။ သို့ပေမဲ့ အဲဒီ ဘုရားကျောင်းတွေမှာ ရဟန်းတော်၊ ရဟန်းမ တစ်ပါးတစ်လေ မှ မတွေ့ရဘူးလို့ မှတ်တမ်း တင်ထားပါတယ်။ ကာညကုခ်ျ ဟာ ဟရ်ရှ မင်းဆက်များ လက်ထက်မှာ အကြီးအကျယ် ဖွံ့ဖြိုးထွန်း ကားခဲ့တဲ့ ဗုဒ္ဓ၀ါဒ ဗဟိုဌာနဖြစ်ခဲ့ပေမဲ့ အဲဒီ ခေတ်ကာလ ကတည်းက ဗြာဟ္မဏ၀ါဒီများစွာနဲ့ နတ်ကိုးကွယ်သူများ စွာလည်း အတူယှဉ်တွဲ နေထိုင်ခဲ့ကြတာဖြစ်တယ်။ အဲဒီ မှာ ဘုန်တော်ကြီးကျောင်းတွေရှိနေပေမဲ့ ဘုရားကျောင်း၊ စေတီအရေအတွက် ဟာ ဘုန်းကြီးကျောင်းအရေအတွက်ထက် သာလွန်များပြားနေတယ်လို့ ဆိုပါတယ်။
ရဟန်းတော် ရွှင်ကျန်ရောက်ရှိခဲ့ချိန် ဝေသာလီမှာ ဗုဒ္ဓသာသနာ တိမ်ကောပျောက်ကွယ် သွားပြီလို့မဆိုနိုင်သေးဘူး။ အဲဒီမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းအတော်များများကို တွေ့နေရဆဲဖြစ်တယ် လို့ဆိုပါတယ်။ သို့ပေမဲ့လို့ အဲဒီ ဘုန်းတော်ကြီးကျောင်း တွေမှာ သုံးလေးကျောင်းက လွဲလို့ အခြားကျောင်းတိုက်တွေဟာ သံဃာများစွာ မတွေ့ရဘူးလို့ ဆိုပါ တယ်။ ပြီးတော့ဟိန္ဒူဘုရား ကျောင်း တွေနဲ့ ဟိန္ဒူ အယူဝါဒ ကိုးကွယ်မူ အမျိုးမျိုးဟာ ဝေသာလီမှာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေတာ ကို သူတွေ့ခဲ့ရတယ်။ဒါ့အပြင် ဒီဂမ္ဘရ ဂျိန်းဝါဒ ကလည်း ဝေသာလီ မှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေပြီး ဖြစ်တယ် လို့ ဆိုတယ်။
အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ ဆွတ် တောင်ကြားမှာတည်ရှိခဲ့တဲ့ ဥဒယာန (ဥဒ္ဒိယာန) ဟာ ဗုဒ္ဓသာသနာရဲ့ အရေးပါတဲ့ ဗဟိုနေရာ တစ်ခု ဖြစ်ခဲ့တယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါင်း (၁၄၀၀၀) ရှိပြီး သံဃာတော်အပါး (၁၈၀၀၀) သီတင်းသုံး နေထိုင်ခဲ့တယ် လို့ ဆိုတယ်။ သို့ပေမဲ့ ရဟန်းတော် ရွှင်ကျန် ရောက်ရှိခဲ့တဲ့ အချိန်မှာ ဘုန်းကြီးကျောင်းတွေ အလွန်နည်းပါးနေပြီး ရဟန်းတော်တွေဟာလည်း ၀ိနည်းစည်းကမ်းနဲ့ အညီ မနေထိုင်ကြတော့ဘဲ ပဉ္စလက်အတတ်တွေ၊ ပျောက်စေ အတတ်တွေကိုသာ လိုက်စားနေကြတယ် လို့ ဆိုတယ်။ ဂန္ဓာရတိုင်းမှာတော့ ဘုန်းကြီးကျောင်း (၁၀၀၀) လောက်ဟာ ပျက်စီးတိမ်ကောနေပြီး သံဃာအနည်းငယ် မျှသာကျန်ရှိတော့ကြောင်း၊ အမြတ်တနိုး ကိုးကွယ်ပူဇော်ခဲ့ကြတဲ့ ဗုဒ္ဓမြတ်စွာရဲ့ သပိတ်တော်လည်း ပျောက်ဆုံးသွားခဲ့ကြောင်း မှတ်တမ်းမှာ ဖော်ပြထားတယ်။ ဘာသာခြား တိတ္ထိတွေကိုလည်း တွေ့ရပြီး ဗုဒ္ဓ၀ါဒ ဟာ ဂန္ဓာရတိုင်း ရဲ့ အရှေ့မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ ဆိတ်သုဉ်းလုနီးပါးဖြစ်နေပြီ လို့ သိရပါတယ်။
တက္ကသီလာ၊ သိင်္ဃပုရနဲ့ ဥရသ မြို့တွေဟာ တခေတ်တခါက ဗုဒ္ဓ၀ါဒ အကြီးအကျယ် ဖွံ့ဖြိုးထွန်းကားရာ မြို့တွေဖြစ်ခဲ့ပေ မဲ့ ၊ ရွှင်ကျန်ရောက်ရှိတဲ့ အချိန်မှာ မှေးမှိန် တိမ်ကောနေပြီ လို့ သိရပါတယ်။ ဘုန်းကြီးကျောင်းတွေများ စွာ ရှိပေမဲ့ သံဃာတွေ ကင်းမဲ့ ဆိတ်သုဉ်းနေပြီ လို့ ဆိုတယ်။ ကသ္မီရ တိုင်းရဲ့ ဒေသများစွာမှာလည်း ဗုဒ္ဓသာသနာဟာ နိမ့်ကျပျက်စီးနေခဲ့ပြီး ရာဇတရင်္ဂိနီ မှတ်တမ်းအရ ဆိုရင် အဲဒီ ဒေသက သံဃာတွေဟာ (၆) ရာစုလောက်က စပြီး အိမ်ထောင်သားမွေးလုပ်ကြတယ် လို့ သိရပါတယ်။
လာလိတ ဒိတျာ ဘုရင် (အေဒီ ၇၃၃-၆၉) ဟာ ဘုန်းကြီးကျောင်းတွေ ၊ စေတီတွေ လှူဒါန်းခဲ့တယ် လို့တွေ့ရပေမဲ့ သူ့နောက်ပိုင်း ဆက်ခံတဲ့ ဘုရင်တွေဟာ ရှီဝ နတ်ဘုရား ကိုးကွယ်တဲ့ ဘုရင်တွေဖြစ်တယ်။ ဆင်းဒ် ဒေသ မှာ ဗုဒ္ဓဘာသာ ၀င် (၁၀၀၀၀)ခန့် နဲ့ ဘုန်းကြီးကျောင်းပေါင်း (၁၀၀) လောက်ရှိတယ် လို့ တွေ့ရတယ်။ သို့ပေမဲ့ အဲဒီ ဗုဒ္ဓဘာသာဝင်တွေ ဟာ ဗုဒ္ဓတရားတော် အဆုံးအမ တွေကို တလေးတစား မလိုက်နာကြတော့ ဘူး လို့ ရွှင်ကျန်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားတယ်။ အာရပ်တွေ ၀င်ရောက် သိမ်းပိုက်ခဲ့တဲ့ ခေတ်ကာလထိ အဲဒီ ဆင်းဒ် ဒေသမှာ ဗုဒ္ဓဘာသာဝင်တွေ ရှိနေဆဲ ဖြစ်တယ်လို့ဆိုပေမဲ့အကြွင်းအကျန်မျှသာ ဖြစ်ပြီးအား
မကောင်းတော့ကြောင်းတွေ့ရတယ်။
ထာနေရွှ ဒေသမှာ ဘုန်းကြီးကျောင်း (၃) ကျောင်းသာ တွေ့ရပြီး နတ်ဘုရားကျောင်းတွေ ရာပေါင်းများစွာရှိနေခဲ့တယ်။ မထုရာ မှာတော့ ဘုန်းကြီးကျောင်း (၂၀) နဲ့ သံဃာ (၃၀၀၀) လောက် သီတင်းသုံးနေ ထိုင်ခဲ့ကြကြောင်း ဖဟီယန်ရဲ့ မှတ်တမ်းမှာ ရေးသားခဲ့ပေမဲ့ ရွှင်ကျန်ခေတ်ကို ရောက်တဲ့ အခါ သံဃာ (၂၀၀၀) မျှသာ ရှိတော့ကြောင်း သိရတယ်။ သုဂန မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း (၅) ကျောင်းမျှသာ ရှိခဲ့ပေမဲ့ နတ်ဘုရားကျောင်းကတော့ (၁၀၀) ကျော်လောက်ရှိနေပြီး ဖြစ်တယ်။ မဏိပူရ မှာ ဘုန်းကြီးကျောင်းက (၁၀) ကျောင်း၊ နတ်ဘုရားကျောင်းက (၅၀)နဲ့ ဗြာဟ္မပုတ္တမှာ ဘုန်းကြီးကျောင်း (၅) ကျောင်း၊ နတ် ဘုရားကျောင်း (၁၀) ကျောင်း စသည်ဖြင့် အဲဒီ ခေတ်က ထင်ရှားတဲ့ မြို့ရွာတိုင်းမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ နည်းပါးနေပြီး ဟိန္ဒူဝါဒ အားကောင်းခိုင်မာနေကြောင်း တွေ့ရပါတယ်။
ဗုဒ္ဓ၀ါဒ ထွန်းလင်းခဲ့တဲ့ ကောသမ္ဗီမှာ ဘုန်းကြီးကျောင်း (၁၀) ကျောင်းရှိနေပေမဲ့ တိမ်ကောပျက်စီးနေကြပြီလို့ ဖော်ပြထားပြီး နတ်ဘုရားကျောင်းတွေကတော့ (၅၀) လောက်ရှိနေခဲ့ပါတယ်။ ၀ိသာခါမှာလည်း ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘုန်းကြီးကျောင်းတွေ မရှိလောက်နည်းပါးနေပြီး သာဝတ္ထိမှာတော့ ဘုန်းကြီးကျောင်းတွေ အားလုံးနီးပါး ပျက်စီးတိမ်ကောနေပြီး နတ်ဘုရားကျောင်း တွေ ရာချီ ရှိနေကြောင်း ရေးသားထားတယ်။ ဗာရာဏသီမှာ ဘုန်းကြီးကျောင်း (၃၀) နဲ့ သံဃာတော်ပေါင်း (၃၀၀၀) ထောင် လောက် သီတင်းသုံးနေထိုင်ကြတယ် ဆိုပေမဲ့ နတ်ဘုရားကျောင်းပေါင်းဟာ (၁၀၀) လောက်ရှိနေပြီး ရှီဝ ၀ါဒီ တွေ (၁၀၀၀၀) လောက် ရှိနေကြောင်းသိရတယ်။
ခုဖော်ပြခဲ့တဲ့ မှတ်တမ်းအချက်လက်တွေဟာ အဲဒီ ခေတ်ကာလ အိန္ဒိယ နိုင်ငံအတွင်း ဒေသ အသီးသီးမှာ ဗုဒ္ဓ၀ါဒ မှေးမှိန် တိမ်ကောလာနေကြောင်းပြသနေပြီး တစ်ချိန်တည်းမှာဘဲ ဟိန္ဒူဝါဒ ဟာ အရှိန်အဟုန်နဲ့ အင်အားကောင်းစွာ ဖွံ့ဖြိုးလာနေ ကြောင်း ဖော်ပြနေပါတယ်။ ဖဟီယန်ရဲ့ မှတ်တမ်းအရ ဗုဒ္ဓ၀ါဒဟာ အိန္ဒိယနိုင်ငံမှာ ခပ်စောစော နှစ်ကာလက စတင်ပြီး အရှိန် အ၀ါ ကျဆင်းလာခဲ့ကြောင်း သိရပြီး ရွှင်ကျန်နဲ့ အိချင်းရဲ့ မှတ်တမ်းတွေကတော့ အေဒီ (၇) ရာစု အိန္ဒိယနိုင်ငံမှာဗုဒ္ဓ၀ါဒအားနည်းယုတ်လျော့နေပြီ ဖြစ်ကြောင်း ပြသနေပါတယ်။ အဲဒီ ခေတ် အိန္ဒိယနိုင်ငံက ဒေသ အတော်တော်များများမှာ ဗုဒ္ဓ၀ါဒဟာ အဓိက ကိုးကွယ်ရာ ဘာသာတရား တစ်ခု မဟုတ်တော့ဘူး လို့ ဆိုရမှာဖြစ်တယ်။
-ဆက်ရန်-
ဘိက္ခု ကေသရ
ref: The Rise and Decline of Buddhism in India
by Kanai Lal Hazra
ပုံ - google
အိန္ဒိယနိုင်ငံ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်း ... ၂
=============================
ယခု ဘာသာပြန်နေတဲ့ စာအုပ်ကို ရေးသားတဲ့ စာရေးဆရာဟာ အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်က ပါဠိ ပါမောက္ခ ဒေါက်တာ ကာနိုင် လာ ဟဇ်ရ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓသာသနာ ကွယ်ပျောက်ခဲ့ရခြင်းရဲ့ အကြောင်းရင်း (၈) ချက်ကို ထုတ်နုတ်တင်ပြထားပြီး တစ်ချက်ခြင်းစီ ကို အဲဒီ ခေတ်ကာလအကြောင်းရေးသားထားတဲ့စာပေတွေကနေ ကောက်ချက်ဆွဲပြထားတယ်။ အဲဒီ ကောက်ချက်တွေကို ဖတ်ရတာ ထိတ်လန့်စ ရာတွေချည်းပါဘဲ။ စာအုပ် ရဲ့ အမည်က ‘‘အိန္ဒိယနိုင်ငံ ဗုဒ္ဓသာ သနာ ပေါ်ထွန်းခြင်းနှင့် ကွယ်ပျောက်ခြင်း’’ ဖြစ်ပြီး ၁၉၉၄ ခုနှစ်က ထုတ်ဝေထားတာဖြစ်တယ်။ သက်ဆိုင်ရာ ကျမ်းဂန်ကိုးကား ချက်တွေကတော့ စာမျက်နှာတိုင်းအပြည့်ဖြစ်တယ်။ ခုပြောမဲ့ သမိုင်းဆရာရဲ့ ကောက်ချက်တွေ မှန်မမှန်ကတော့ ဆက်လက် သုတေသန လုပ်ရမဲ့ ကိစ္စဖြစ်ပါတယ်။ မှန်သည်၊ မှားသည် ထက် ခုပြောတဲ့ သမိုင်းဆရာရဲ့ တင်ပြချက်တွေဟာ ဗုဒ္ဓဘာသာဝင် တွေအတွက် သမိုင်းသင်္ခမ်းစာ ယူသင့်တဲ့အချက်တွေ ပါဝင်နေတယ် လို့ ယူဆပါတယ်။ ဒါကြောင့် အကြောင်းရင်း (၈) ချက်ကို ဖော်ပြလိုက်ပါတယ်။
၁။ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် ရဟန်းမများ ၀ိနည်းစည်းကမ်းလိုက်နာမူ လျော့ရဲလာခြင်း။
၂။ ဗုဒ္ဓ၀ါဒ ဂိုဏ်းများစွာ ကွဲထွက်ခြင်း။
၃။ မဟာယာန၀ါဒ၊ တန္တရ ၀ါဒ ဖွံ့ဖြိုးလာခြင်းနှင့် ဟိန္ဒူဝါဒ
ကိုးကွယ်ပူဇော်မူ ဓလေ့များ ဗုဒ္ဓ၀ါဒတွင် လွှမ်းမိုးစိမ့်ဝင်လာခြင်း။
၎။ ဗြာဟ္မဏ၀ါဒ၏ ဗုဒ္ဓ၀ါဒ အပေါ်ရန်လို တိုက်ခိုက်ခြင်းနှင့် ဗြာဟ္မဏ ဘာသာရေးခေါင်းဆောင်အချို့၏ အယူဆပိုင်းဆိုင်ရာ
အကြီးကျယ် ပြစ်တင်ရူံချ၍ စနစ်တကျ ဝေဖန်တိုက်ခိုက်ခြင်း။
၅။ ဗုဒ္ဓ၀ါဒအပေါ် အဆိုးမြင်ဝါဒ၊ ဒုက္ခ၀ါဒ ဟု ထင်မြင်လာကြခြင်း။
၆။ ဘာသာခြားမင်းတို့၏ ဖိနှိပ် ဖျက်စီးခြင်း။
၇။ မူစလင်များ ဖိနှိပ် ဖျက်စီးခြင်း။
၈။ အုပ်ချုပ်သူဘုရင်နှင့် မင်းစိုးရာဇာတို့၏ အထောက်ပံ့ မရခြင်း။
ဒီ အကြောင်းရင်း တစ်ချက်ခြင်းစီ ကို ဝေဖန်ပြထားတာ၊ ထိတ်လန့်စရာကောင်းပါတယ်။ ဆက်လက်ပြီး အချိန်ရသလောက် ဘာသာပြန် မျှဝေပါ့မယ်။
အားလုံး ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ ..။
ဘိက္ခု ကေသရ
ref: The rise and decline of Buddhism in India by Kanai Lal Hazra
အိန္ဒိယနိုင်ငံ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်း ... ၃
==============================
မဟာယာန ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားလောင်းကိုးကွယ်သူများနဲ့ မဟာယာန သုတ္တံ တရားတွေကို ရွတ်ဖတ်သရဇ္ဈယ်သူတွေ ဖြစ်တယ် လို့ အေဒီ (၇) ရာစု ဗုဒ္ဓ၀ါဒ အခြေနေကို ဝေဖန်တဲ့ သမိုင်းဆရာတွေ က ပြောကြပါတယ်။ မဟာယာန ဗုဒ္ဓ၀ါဒီ တွေဟာ ဗုဒ္ဓ၀ါဒမှာ ရုပ်ဆင်းတု ကိုးကွယ်တဲ့ ဓလေ့တွေ ၊ အန္တာရာယ်ကင်း မန္တာန်တွေ ရွတ်ဖတ်ပူဇော်တဲ့ ဓလေ့တွေ၊ ဘာသာရေး ပူဇော် ပွဲ အခမ်းအနားတွေကို စတင်ကျင့်သုံးခဲ့တယ်။ ဒီ လို ကျင့်သုံးရင်း တဖြည်းဖြည်းနဲ့ မဟာယာန ၀ါဒထဲမှာ ရိုးရာ ယုံကြည်မူတွေ ဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ် အဖြစ် ရောယှက်ဝင်ရောက် သွားခဲ့ပါတယ်။ အိန္ဒိယက ဗုဒ္ဓစာပေ ပညာရှင် လေမနိ ဂျို ရှီ ကတော့ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓ၀ါဒရဲ့ အရှိန်အ၀ါ ကျဆင်းသွားခဲ့ရတာဟာ ဟီနယာန (ထေရ၀ါဒ) ဗုဒ္ဓ၀ါဒ ရဲ့ အားနည်းချက်ကြောင့် ဆိုတာ ထက် မဟာယာန ဗုဒ္ဓ၀ါဒီ တွေရဲ့ ချို့ယွင်းအားနည်းချက်တွေ ကြောင့်ဖြစ်တယ် လို့ သုံးသပ်ထား ပါတယ်။
မဟာယာန ဗုဒ္ဓ၀ါဒ ပေါ်ထွန်းလာတဲ့ အတွက် ဗုဒ္ဓဘာသာဝင် အရေအတွက် တိုးပွားလာခဲ့တာကိုလက်ခံပေမဲ့ ဘာသာတရားရဲ့ အရည်အသွေး၊ ဂုဏ်ရည်လည်း ကျဆင်းသွားခဲ့ရပါတယ် တဲ့။ ဗုဒ္ဓမြတ်စွာ ဟာ ဗုဒ္ဓ၀ါဒ နဲ့ ပတ်သက်ပြီး ဘာသာရေး အခမ်းအနား တွေ တခမ်းတနား ဆင်ယင် ကျင်းပပူဇော်တဲ့ ဓလေ့ကို အမြဲလိုလို ကန့်ကွက် ရူတ်ချကြောင်းတွေ့ရပါ တယ်။ ဒါကြောင့်မို့လို့ အစောပိုင်း ခေတ် ဗုဒ္ဓ၀ါဒမှာ ဘာသာရေးပူဇော်ပွဲ အခမ်းနားတွေဟာ အရေးပါတဲ့ နေရာမှာ မရှိကြောင်း တွေ့ကြရ တာဖြစ်တယ်။ သို့သော် လည်း နှောင်းခေတ် ဗုဒ္ဓ၀ါဒ မှာ ဒီလို ပူဇော်ပွဲတွေဟာ နေရာယူလာပြီး တဖြည်းဖြည်းနဲ့ ဗုဒ္ဓ၀ါဒဟာ ဟိန္ဒူ ၀ါဒနဲ့ နီးစပ်လာခဲ့တယ်။ ဗုဒ္ဓ၀ါဒနဲ့ ဟိန္ဒူ ၀ါဒ ဟာ မကွဲမပြား၊ အရောရော အထွေးထွေးဖြစ် သွားခဲ့ရပါတယ်။ အဲဒီ ခေတ်က လူတွေဟာ ဗိရှနိုးနတ်ဘုရား ကို ကိုးကွယ်တာနဲ့ ဗုဒ္ဓ ကို ကိုးကွယ်တာ ဘာမှ မကွာ ခြားဘူး လို့ တွေးခေါ်လာခဲ့ကြသလို ရှီဝ နတ်ဘုရား၊ အ၀လောကိတ ဘုရားလောင်းနတ်နဲ့ တာရာ၊ ပါရ၀တီ နတ်တွေကို လည်း တတန်းတည်း သဘောထားခဲ့ကြတယ်။
မဟာ ယာန ဗုဒ္ဓ၀ါဒ ဟာ ဗြာဟ္မဏတွေရဲ့ ထောက်ပံ့မူနဲ့ ဖွံ့ဖြိုးအားကောင်းခဲ့တာ ဖြစ်တယ် လို့ အချို့သမိုင်းဆရာတွေက သုံး သပ်ကြပါတယ်။ တိဘက်သမိုင်းဆရာ တာရာနာထ က သူ့ရဲ့ သမိုင်းကျမ်းထဲမှာ ကူရှန်ခေတ် အတွင်းတုန်းက ၀ိဒူ အမည်ရှိ တဲ့ ဗြာဟ္မဏတစ်ယောက်ဟာ ပါဋလိပုတ်မှာ မဟာယာန ကျမ်းစာတွေရဲ့ မူပွားပေါင်း (၁၀၀၀) ကို ကူးယူးဖြန့်ဝေစေခဲ့တယ် လို့ ရေးသားထားတယ်။ ပြီးတော့ သူရသေန တိုင်းမှာ မဟာယန ဗုဒ္ဓ၀ါဒ ထွန်းကားပြန့်ပွားခဲ့ရတာ ဟာ အဓိကအားဖြင့် ကုလိက ဗြာဟ္မဏရဲ့ ပံ့ပိုးကူညီမူကြောင့်ဖြစ်တယ် လို့ ဆိုပါတယ်။ ဗြာဟ္မဏ ညီနောင်နှစ်ဦးဖြစ်တဲ့ သင်္ကရပတိနဲ့ မုဒဂရ တို့ဟာ မဟာယာန ဘုန်းကြီး မဟာဒေ၀ရဲ့ လမ်းညွှန်မူနဲ့ ဗုဒ္ဓ၀ါဒလမ်းစဉ် လွတ်မြောက်မူကို ရှာဖွေခဲ့တယ် လို့လည်း တွေ့ရတယ်။ အဿဃောသ ၊ အာရစတ၊ အာစရိယ ဇေတရိ၊ ရတန ၀ဇီရ၊ သင်္ကရာ နန္ဒ၊ အာစရိယ သီလဗဒြာ၊ ဓမ္မကိတ္တိ စတဲ့ ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓ၀ါဒီ တွေမဟုတ်ကြပါ ဘူး။ ဗြာဟ္မဏ၀ါဒီ တွေသာ ဖြစ်တယ်။ အဲဒီ ပုဂ္ဂိုလ်တွေဟာ မဟာယန၀ါဒ ယုတ္တိဗေဒ ဖွံ့ဖြိုးတိုးတက်အောင် အများကြီး အထောက်အပံ့ပြုခဲ့ကြတယ်။ ရှီဝ ၀ါဒီတွေဟာလည်း ဗုဒ္ဓ၀ါဒ ကို အများကြီး လွှမ်းမိုးခဲ့ကြောင်းတွေ့ကြရတယ်။ ဘာကြောင့်တုန်းဆိုတော့ တရုတ် ခရီးသွားရဟန်းတော် ရွှင်ကျန်ဟာ နာလန္ဒာက ဗုဒ္ဓ၀ါဒီ ဘုန်းတော်ကြီးတွေနဲ့ ရှီ၀၀ါဒီ ရသေ့ တွေဟာ ဘာမှ မကွာခြားသလိုဘဲ လို့ သြရိဿ ပြည်နယ်က ဗုဒ္ဓ၀ါဒီ ရဟန်းတော်တွေ ရဲ့ ဝေဖန်ပြောကြားမူကို ကြားခဲ့ရကြောင်း သူ့ရဲ့ ခရီးသွားမှတ်တမ်း မှာ ရေးသားထားလို့ဖြစ်တယ်။
မဟာယာန ဗုဒ္ဓ၀ါဒရဲ့ ပန်းတိုင်ဟာ ဘုရားလောင်းဖြစ်တယ်။ မဟာယန ဘုန်းတော်ကြီးတွေနဲ့ လူဝတ်ကြောင်တွေဟာ ဘုရား လောင်း ကျင့်စဉ်ကို ကွဲပြားခြားနားမူ မရှိဘဲကျင့်ကြံနိုင်ပါတယ်။ ရွှင်ကျန်၊ ကာလဟဏနဲ့ စစ-နာမ တို့ဟာ ‘‘အိမ်ထောင်သားမွေး’’ လုပ်တဲ့ မဟာယာန ဘုန်းတော်ကြီးတွေကို အဲဒီ ခေတ်မှာ တွေ့ရှိရကြောင်းမှတ်တမ်းတင်ထားတယ်။ ဂျိုရှီကတော့ အဲဒီ ဘုရား လောင်းဝါဒ ဟာ အိမ်ထောင်ပြုတဲ့ ဘုန်းကြီးဂိုဏ်းကို ဖြစ်ပေါ်စေခဲ့ပုံ ရတယ် လို့ သုံးသပ်ပါတယ်။ မဟာယန ဗုဒ္ဓ၀ါဒီတွေဟာ အစောပိုင်းခေတ် ဗုဒ္ဓ၀ါဒမှာ လက်မခံခဲ့တဲ့ အလေ့အထတွေ၊ အယူဝါဒတွေကို စတင်လက်ခံကျင့်သုံးယူဆခဲ့ကြောင်း တွေ့ကြ ရတယ်။ အစောပိုင်းခေတ် ဗုဒ္ဓ၀ါဒမှာ ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မူတွေ၊ တန်ခိုးအစွမ်းနဲ့ ဆိုင်တဲ့ ဘာသာရေး ပူဇော်ပွဲ အခမ်းနားတွေ၊ နတ်သား၊ နတ်သမီးတွေကို အရေးတကြီးကိုးကွယ်မူတွေကို မတွေ့ကြရပါဘူး။ သို့သော်လည်း မဟာယာန ဗုဒ္ဓ၀ါဒီတွေကတော့ ဒီလို အလေ့အထတွေကို ဗုဒ္ဓ၀ါဒရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍအဖြစ် စတင်ကျင့်သုံးခဲ့ကြတယ်။ သူတို့ဟာ ဗုဒ္ဓ၀ါဒကို အကြီးအကျယ် ပြောင်းလဲပစ်လိုက်တယ်။ ဒီလို ပြောင်းလဲကျင့်သုံးမူတွေက ဗုဒ္ဓ၀ါဒကို သာမာန်လူတွေနဲ့ ပိုပြီးနီးစပ်သွားစေတယ်လို့ ဆိုနိုင်ပေမဲ့ ခေတ်ကာလ ရှည်ကြာတဲ့အခါ ဒီကျင့်သုံးမူတွေက ဗုဒ္ဓ၀ါဒရဲ့ မူလသဘောတရား၊ အယူအဆတွေနဲ့ မူလအနှစ်သာရတွေကို ပျောက်ဆုံးသွားစေခဲ့ပါတယ်။
အေဒီ (၈) ရာစုနဲ့ (၉) ရာစုဟာ ဗုဒ္ဓ၀ါဒ မှာ အရေးပါတဲ့ ရာစုနှစ်တွေဖြစ်ပါတယ်။ ဒီရာစုနှစ်တွေကစပြီး နောက်ပိုင်းမှာ ဗုဒ္ဓ၀ါဒ ဟာ အပြောင်းလဲတွေ စတင် ဖြစ်ပေါ်ခဲ့ကြောင်းတွေ့ကြရလို့ဖြစ်တယ်။ မန္တာန်ရွတ်ဖတ်မူတွေ၊ ဓါရဏီဓလေ့တွေ၊ မုဒြာ အယူအဆ တွေ၊ မဏ္ဍလ သဘောတရားတွေနဲ့ အခြား တန္တရ ဓလေ့ထုံးတမ်းတွေကို အဲဒီခေတ် မဟာယာန ဗုဒ္ဓ၀ါဒမှာ စတင်လက်ခံကျင့် သုံးခဲ့တာဖြစ်တယ်။ ခေတ်ကာလ ရှည်ကြာလာတာနဲ့ တန္တရ ကိုးကွယ်မူ ဓလေ့ထုံးတမ်းတွေဟာ မဟာယာန ဗုဒ္ဓ၀ါဒမှာ အရေး ပါတဲ့ အခန်းကဏ္ဍ ဖြစ်လာခဲ့တယ်။ ပြီးတော့ ဗုဒ္ဓ၀ါဒ တစ်ခုလုံးကိုလည်း သိသာစွာ လွှမ်းမိုးခဲ့တယ်။ ဆိုခဲ့တဲ့ တန္တရ၀ါဒ ဓလေ့ထုံး တမ်းတွေကို အဓိက အားပြုလာတဲ့ မဟာယာန ဗုဒ္ဓ၀ါဒ ဂိုဏ်းဟာ တန္တရ မဟာယာန ဗုဒ္ဓ၀ါဒ ဂိုဏ်းအဖြစ် ထင်ရှားလာခဲ့တယ်။
အဲဒီ တန္တရ၀ါဒ ဟာ နှောင်းခေတ်မှာ ပဉ္စလက်ဝါဒ၊ လိင်မူဆိုင်ရာကိုးကွယ်မူ ၀ါဒနဲ့ တဆူတည်းသော ဘုရားသခင်ဝါဒ စသည်ဖြင့် ကိုးကွယ်မူ ၀ါဒ တွေ ရောယှက်ပါဝင်ခဲ့ကြောင်းလည်း တွေ့ကြရတယ်။ အရိုင်းဆန်တဲ့ ကျင့်သုံးမူဓလေ့များစွာနဲ့ စိတ်ကူးပေါက်ရာ အယူအဆတွေလည်း ဗုဒ္ဓ၀ါဒ အတွင်းဝင်ရောက်ခဲ့တယ်။ ဒီလို ဓလေ့၊ အယူတွေဟာ ဗုဒ္ဓ၀ါဒတစ်ခုလုံးကို ထိခိုက်စေခဲ့ရုံတင်မက ဘူး ဗုဒ္ဓ၀ါဒီ ရဟန်းသံဃာတော်တွေရဲ့ ၀ိနည်းစည်းကမ်းလိုက်နာမူကိုလည်း ဆိုးဆိုးဝါးဝါး ပျက်ပြားစေခဲ့တယ်။ ဒါတင်မကဘူးအစောပိုင်းခေတ် ဗုဒ္ဓ၀ါဒရဲ့ မူလ သဘောတရားနဲ့ လိုက်နာကျင့်ကြံမူတွေကိုလည်း အကြီးအကျယ် ပြောင်းလဲသွားစေခဲ့တယ်။
ပါလ မင်းဆက် ခေတ်ကာလ အတွင်း အိန္ဒိယနိုင်ငံက ဗုဒ္ဓ၀ါဒဟာ တန္တရ၀ါဒ အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီ တန္တရ ဗုဒ္ဓ၀ါဒကနေ ထပ်မံပြီး မန္တရယာန ဗုဒ္ဓ၀ါဒ ပေါ်ပေါက်ခဲ့တယ်။ အဲဒီ နောက်တစ်ခါတည်း ၀ဇီရ ယာန၊ သဟဇ ယာန၊ ကာလစကြယာန ဗုဒ္ဓ၀ါဒ စသည်ဖြင့် ၀ါဒ အမျိုးမျိုး ဖြစ်ပေါ် လာခဲ့ပြီး မူလ ဗုဒ္ဓ၀ါဒ ကိုအားနည်းယုတ်လျော့သွားစေခဲ့တယ်။ ဒါကြောင့်မို့ အဲ ဒီ ခေတ်ကာလ မှာ ဗုဒ္ဓ၀ါဒဟာ ကိုးကွယ်သူ နည်းပါးလာခဲ့ပြီး ဗြာဟ္မဏ၀ါဒ ဟာ ထွန်းကားပြန့်ပွားလာခဲ့တာဖြစ်တယ်။
တဖြည်းဖြည်းနဲ့ ဟိန္ဒူဝါဒ ကိုးကွယ်ပူဇော်မူ ဓလေ့ထုံးစံတွေဟာ ဗုဒ္ဓ၀ါဒ မှာ အထူးအရေးပါထင်ရှားလာခဲ့တယ်။ ဒီ အချက်ဟာ မူလ ဗုဒ္ဓ၀ါဒ ကို အားနည်းယုတ်လျော့စေခဲ့ပြီး ဗုဒ္ဓ၀ါဒ ပျောက်ကွယ်ဖို့ အတွက် နိမိတ်ဆိုးဖြစ်စေခဲ့ပါတယ်။ တန္တရ ဗုဒ္ဓ၀ါဒနဲ့ ရှီဝ ၀ါဒ၊ သာကတ တန္တရ ၀ါဒ တွေဟာ ထူးမခြားနား ဖြစ်လာခဲ့တယ်။ တန္တရ ဗုဒ္ဓ၀ါဒီ တွေဟာ ဟိန္ဒူဝါဒီ တွေလိုဘဲ ‘‘သာကတ ပီဌ’’ ဒေသ တွေကို မြင့်မြတ်တဲ့ ဒေသတွေလို့ လက်ခံလာခဲ့ကြတယ်။ ၀ဇီရ ယာန ဗုဒ္ဓ၀ါဒ ဟာ မူလ ဗုဒ္ဓ၀ါဒ နဲ့ ဖြောင့် ဖြောင့်ကြီး ကွဲပြားခြားနား သွားခဲ့ပါတယ်။ ဥပမာ ၀ဇီရ ယာန ကျမ်းဂန်တစ်ခု မှာ လွတ်မြောက်မူကို ယခု မျက်မှောက်ဘ၀ မှာ ဘဲ သံသရာရဲ့ အကူညီနဲ့ ရရှိနိုင်ပြီး အဲဒီ သံသရာ ဟာ နိဗ္ဗာန် ဖြစ်တယ် လို့ ရေးသားထားပါတယ်။ ၀ဇီရယာန မှာ ငါးပါး သီလရဲ့ အခန်းကဏ္ဍ မရှိတော့ပါဘူး။ ‘‘ပဉ္စမကာရ’’ သဘောတရားနဲ့ ဘာသာရေးပူဇော်မူ အခမ်းအနား ငါးရပ် ဟာ ငါးပါးသီလ ရဲ့ နေရာမှာ အစားထိုးဝင်ရောက်ခဲ့ တယ်။ ၀ဇီရယာန ဟာ ‘‘မဟာသုခ’’ သဘောတရားကို အရေးတကြီး ရှေ့တန်းတင်ထားပြီး အဲဒီ မဟာသုခ ကို ယောဂိနိ နဲ့ ဘာသာရေး ဆိုင်ရာ ပေါင်းစပ်ခြင်းအားဖြင့် ရရှိနိုင်တယ် လို့ ဆိုထားပါတယ်။ ဂျို ရှီ ရဲ့ စကားနဲ့ မှတ်ချက်ပြုရ ရင်တော့ အစောပိုင်းခေတ် ဗုဒ္ဓ၀ါဒ ရဲ့ အကြောင်းအကျိုးဆင်ခြင်မူ၊ သဘောအမှန်အတိုင်း ထိုးထွင်းသိမြင်ခြင်းဆိုင် ရာ ပွားများလေ့ကျင့်မူ တွေပျောက်ကွယ်သွားခဲ့ပြီး အယူးသီး တဲ့ မှော်၊ ပျောက်စေ၀ါဒနဲ့ လိင်၊ အာရုံခံစားမူ လျှိုဝှက် ဆန်းကြယ် တဲ့ ကိုးကွယ်မူ ၀ါဒ အဖြစ်ပြောင်းလဲသွားခဲ့တယ်။ ဥပမာ အစောပိုင်း ဗုဒ္ဓ၀ါဒမှာ ရာဂ တရားကို အဆိုးဆုံး မီး အဖြစ်ဟောကြား ထားခဲ့ပေမဲ့ ၀ဇီရ ယာန ဗုဒ္ဓ၀ါဒ ကတော့ အဆင့်မြင့်တဲ့ ချမ်းသာပျော်ရွှင်မူ အဖြစ်လက်ခံယူဆ ထားပါတယ်။ အချုပ်ပြောရရင် တော့ မဟာယာန ဗုဒ္ဓ၀ါဒီတွေဟာ ဗုဒ္ဓ၀ါဒကို လူကြိုက်များစေဖို့အတွက် အစောပိုင်းခေတ် ဗုဒ္ဓ၀ါဒ မှာ လုံးဝ လက်မခံခဲ့တဲ့ ကျင့်သုံးမူတွေကို စတင်လက်ခံ ကျင့်သုံးခဲ့ကြတယ်။
ဗုဒ္ဓ၀ါဒအတွင်းမှာ ဟိန္ဒူ ၀ါဒ ကိုးကွယ်ပူဇော်မူ ဓလေ့တွေကို လက်ခံကျင့်သုံးခြင်းနဲ့ ၀ဇီရယာန ဗုဒ္ဓ၀ါဒီတွေရဲ့ တလွဲကျင့်သုံးမူ၊ ကိုးကွယ်ပူဇော်မူတွေဟာ အစောပိုင်းခေတ် ဗုဒ္ဓ၀ါဒက ဦးတည်ခဲ့တဲ့ ဘာသာရေး ပန်းတိုင်တွေ ပျောက်ဆုံးစေခဲ့ပြီး ဒီအချက်တွေ ဟာ အိန္ဒိယ နိုင်ငံမှာ ဗုဒ္ဓ၀ါဒ ကျဆုံးစေခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုသော အကြောင်းရင်းဖြစ်စေခဲ့တယ်။
-ဆက်ရန်-
ဘိက္ခု ကေသရ
ref: The Rise and Decline of Buddhism in India
by Kanai Lal Hazra
အိန္ဒိယနိုင်ငံ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်း ... ၎
================================
ဗြာဟ္မဏ တွေရဲ့ ဗုဒ္ဓ၀ါဒ အပေါ်ရန်လို အမုန်းထားမူ ဟာလည်း အိန္ဒိယမှာဗုဒ္ဓ၀ါဒကွယ်ပျောက်ခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်။ နှောင်းခေတ် ဗြာဟ္မဏ၀ါဒမှာ ဗုဒ္ဓကို အ၀တာရ ကိုယ်ပွားဘုရား တစ်ဆူအဖြစ် လက်ခံခဲ့တာ မှန်ပေမဲ့ ဗြာဟ္မဏတွေ ဟာဗုဒ္ဓ၀ါဒီတွေကိုရင်းနှီးဖော်ရွေခဲ့တယ်၊ နှစ်သက်ခဲ့ တယ်ဆိုတဲ့ လက္ခဏာမျိုးကိုတော့ မတွေ့ကြရဘူး။ သူတို့ဟာ ဗုဒ္ဓ၀ါဒီ တွေကို အမြဲလိုလို ရန်ရှာ အမုန်းထားခဲ့ကြောင်းသာတွေ့ကြရတယ်။ ဗုဒ္ဓမြတ်စွာ သက်ရှိထင်ရှား ရှိစဉ်ကာလ ကတည်းက စပြီး သူတို့ဟာ ဗုဒ္ဓမြတ်စွာ နဲ့ ဗုဒ္ဓ၀ါဒ ကိုဆိုးဆိုးဝါးဝါး အမုန်းထားကြကြောင်းကျမ်းဂန်မှတ်တမ်းတွေမှာ တွေ့ကြရတယ်။
ခုဒ္ဒကနိကာယ် မှာ ကာသိဘာရဒွါဇ ဗြာဟ္မဏဟာ ဗုဒ္ဓကို မချေမငံ ဆက်ဆံကြောင်းတွေ့ရတယ်။ အဂ္ဂိက ဘာရဒွါဇ ဗြာဟ္မဏက တော့ ဗုဒ္ဓမြတ်စွာကို ‘‘ဇာတ်နိမ့်’’ လို့ နှိမ့်ချ ခေါ်ဝေါ်ကြောင်းလည်း တွေ့ရပါတယ်။ သံယုတ္တနိကာယ်မှာတော့ ဗြာဟ္မဏရွာ ဟာ ဗုဒ္ဓမြတ်စွာကို ဆွမ်း တစ်စေ့မှ မလောင်းလှူဘူး လို့ ဆိုပါတယ်။ ဒီဃနိကာယ် မှာ သောဏဒဏ္ဍ ဗြာဟ္မဏဟာ သူ့ရဲ့ ဗြာဟ္မဏ အသိုင်းဝိုင်းက သူ့ကို ပြစ်တင် ကဲ့ရဲ့မှာ စိုးရိမ်တဲ့အတွက် ဗုဒ္ဓမြတ်စွာကို ဖူးတွေ့ဖို့ တုံ့ဆိုင်းခဲ့ရကြောင်း မှတ်တမ်းတင်ထားတယ်။ ရှင်မောဂ္ဂလာန် ဟာ တိတ္ထိတွေ သို့မဟုတ်ရင် ဗြာဟ္မဏ၀ါဒီတွေရဲ့ သတ်ဖြတ်တာကို ခံခဲ့ရကြောင်း ဓမ္မပဒ အဋ္ဌကထာမှာရေးသားထားတယ်။
ဂေါတမီပုတြ သာတကရာနီ ဘုရင်ဟာ ဗုဒ္ဓ၀ါဒီတွေကို ဆန့်ကျင်နှိမ်နင်းဖို့ ဆောင်ရွက်ခဲ့ကြောင်းတွေ့ရတယ်။ ဒီ ဘုရင်ဟာ အမြဲတမ်း သူ့ကိုယ်သူ အတုမရှိ ဗြာဟ္မဏလို့ ဆိုလေ့ရှိပြီး ခတ္တိယတွေရဲ့ မာနကို နှိမ် ချိုးခဲ့ရုံမျှ မကဘူး ဇာတ်ရောနှောမူကိုလည်း တားမြစ် ပိတ်ပင် ခဲ့တယ်။ ရွှင်ကျန်ဟာ သူ့ရဲ့မှတ်တမ်းထဲမှာ သာတ၀ါဟန ဘုရင်တပါးဟာ ဗုဒ္ဓ၀ါဒ ကျမ်းတတ် ရဟန်းတော် တပါး ဖြစ်တဲ့ နာဂဇုန ကို သတ်ခဲ့တယ် လို့ ရေးသားထားတယ်။ အဲဒီ သတ်ခဲ့တဲ့ ဘုရင်ဟာ ဂေါတမီပုတြာ ဘုရင်ဖြစ်ကြောင်း ဂျိုရှိက ထုတ်ဖော်ရေးသားပြီးဖြစ်တယ်။ ရာမာယဏဇာတ်ထဲက အယောဓယ ကဏ္ဍမှာ ဗုဒ္ဓကို ဘုရားမဲ့ ၀ါဒီ အဖြစ် ရေးသားထား တယ်။ ရာဂျန၀ါလ်ကျ ကျမ်းမှာ တော့ အ၀ါရောင် သင်္ကန်းကို ၀တ်ဆင်ထားတဲ့ ဗုဒ္ဓ၀ါဒီ ရဟန်းတစ်ပါးကို မြင်တွေ့ရခြင်းဟာ အိပ်မက်ထဲ မှာ မြင်တွေ့ရင်တောင် မကောင်းတဲ့ အတိတ် နိမိတ်ဖြစ်ပြီး ဝေးဝေးရှောင်ခြင်းဟာ အကောင်းဆုံးဖြစ်တယ် လို့ ဆို ထားပါတယ်။ ဗြာဟ္မဏာရာဒိယ ပုရာဏ်ကျမ်းမှာတော့ ဗြာဟ္မဏ တစ်ယောက်ဟာ ဘေးအန္တာရာယ်နဲ့ ကြုံတွေ့လို့ ဗုဒ္ဓဘာသာ ၀င်တစ်ဦးရဲ့ အိမ်အတွင်းဝင်ရောက်မိရင်တောင် အပြစ်ကြီးတစ်ခု ကျူးလွန်မိတာ ဖြစ်တယ် လို့ ဆိုထားတယ်။ အဂ္ဂိပုရာဏ် ကျမ်းကတော့ သုဒ္ဓေါဒန ဘုရင်ရဲ့သားဟာ နတ်ဆိုးတွေရဲ့ လှည့်ဖြားမူကြောင့် ဘုရားဖြစ်အောင် ကြိုးစားခဲ့တယ် လို့ ပြောထား တယ်။ သွားက ဖြူဖြူ၊ မျက်လွှချထားလျက်၊ ဦးပြည်း သင်္ကန်းအနီရောင်နဲ့ ဇာတ်နိမ့်တွေဟာ သူတို့ဘာသာရေး အမူတွေကို ဆောက်ရွက်လေ့ရှိတယ် လို့ ၀ါယု ပုရာဏ်ကျမ်းကတော့ ဗုဒ္ဓ၀ါဒီ ရဟန်းတွေကို နှိမ့်ချရေးသားထားတယ်။ ဗိရှနိုး ပုရာဏ်ကျမ်း မှာ ဗုဒ္ဓ ဟာ အကြီးအကျယ်သွေးဆောင်ဖြားယောင်းသူဖြစ်တယ်။ ဒါကြောင့် မဟာမောဟ လို့အမည်ထင်ရှားတယ်။ သူဟာ နတ်ဆိုးတွေကို လှည့်ဖြားပြီး အဟိံသ၀ါဒနဲ့ နိဗ္ဗာန် သဘောတရားတွေကို သင်ကြားခဲ့တယ်။ လူတွေကို ဝေဒ ကျင့်ဝတ်တွေနဲ့ ဝေဒ ဘာသာ တရားကနေ ကင်းကွာအောင် လုပ်ခဲ့တယ်။ မဟာမောဟ ကို ကိုးကွယ်တဲ့ သူတွေဟာ နောက်ဆုံး
No comments:
Post a Comment